အခန်း ၁၉၃
Vol. 10 Ch. 193
အပိုင်း(၁၉၃) ယာဉ်တန်း၏ ကိုယ်ကျင့်တရား အဆင့်သတ်မှတ်ချက်
ယခင်က မြူခိုးမြို့တော်တွင် ရှိနေစဉ်ကပင် ချူချယ်နှင့် ချန်းရီတို့သည် မထွက်ခွာမီ ရိက္ခာအချို့ စုဆောင်းရန် စီစဉ်ခဲ့ကြသည်။
သို့သော် စီစဉ်ထားသည်များက အပြောင်းအလဲများကို မမီလိုက်ချေ။
ထိုစဉ်က မြူခိုးမြို့တော် တစ်ခုလုံးတွင် မြူခိုးကျွန်များဖြင့် ပြည့်နှက်နေခဲ့သည်။
အရူးမဟုတ်လျှင် မြူခိုးမြို့တော်တွင် တစ်ခုခု ဖြစ်ပျက်တော့မည်ကို လူတိုင်း သိနိုင်ပေသည်။
ထို့ကြောင့် ပန်းရောင်ဆံပင်နှင့် ကောင်မလေးနှင့် တင်းတုံတို့ကို တွေ့ဆုံပြီးနောက် မြူခိုးမြို့တော်မှ ကမန်းကတန်း ထွက်ခွာလာခဲ့ကြသည်။
ထို့ကြောင့် ထိုအချိန်က ရိက္ခာများ စုဆောင်းရန် အချိန် လုံးဝ မရလိုက်ပေ။
သို့သော် ကံကောင်းသည်မှာ ချူချယ်က အရည်အချင်းပြည့်ဝသော ခေါင်းဆောင်တစ်ဦး ဖြစ်နေခြင်းပင်။
သူက ဆုတ်လမ်းကို ကြိုတင် စီစဉ်ထားခဲ့ပြီး ဖြစ်သည်။
ရုံမြို့တွင် ရှိနေစဉ်က ချူချယ်သည် ညတိုင်း အပြင်ထွက်ခဲ့ပြီး အကြောင်းရင်းမှာ ခိုးနားထောင်သည့် ရေဒီယို မှတစ်ဆင့် ဝူကျန့်ရှန်း၏ ရည်ရွယ်ချက်ကို ခိုးနားထောင်ရန် ဖြစ်သည်။
ဝမ်းနည်းစရာကောင်းသည်မှာ ဝူကျန့်ရှန်းက အလွန် ကောက်ကျစ်စဉ်းလဲလွန်းပြီး တစ်ယောက်တည်း စကားပြောတတ်သည့် အကျင့် လုံးဝ မရှိသည့်အပြင် သူ၏ အစီအစဉ်ကိုလည်း မည်သူ့ကိုမျှ မပြောပြခဲ့ပေ။
သူ၏ လက်အောက်ငယ်သားများရှေ့တွင်ပင် ထိုအကြောင်းကို တစ်ခါမျှ မပြောဆိုခဲ့ချေ။
ထို့ကြောင့် ချူချယ်အနေဖြင့် သူ၏ မည်သည့် အစီအစဉ်ကိုမျှ မကြားခဲ့ရခြင်း ဖြစ်သည်။
သို့သော် အခြားသော မရဏနတ် ဂိုဏ်းသားများ၏ ပါးစပ်မှတစ်ဆင့် သဲလွန်စအချို့ကိုတော့ ကြားသိခဲ့ရသည်။
ထိုသတင်းများက ဝူကျန့်ရှန်း၌ မကောင်းသော ရည်ရွယ်ချက်များ ရှိနေနိုင်သည်ဟု ချူချယ်ကို ကောက်ချက်ချနိုင်စေခဲ့သည်။
ထို့ကြောင့် ထွက်ခွာရန်အတွက် စတင် စီစဉ်ခဲ့တော့သည်။
ယာဉ်တန်းက မူလတန်းကျောင်းသို့ ရောက်ရှိချိန်တွင် ကားပေါ်၌ ရိက္ခာအချို့ ရှိနေသေး၏။
မူလတန်းကျောင်းတွင် ဝူကျန့်ရှန်းက ယာဉ်တန်း၏ စားသောက်ရေးကိစ္စကို သူတို့ တာဝန်ယူမည်ဟု ရက်ရက်ရောရော ပြောဆိုခဲ့သည်။
သို့သော် ကားပေါ်ရှိ အစားအသောက် အတော်များများကိုမူ အောက်သို့ ချထားခဲ့ရသည်။
အကယ်၍ ထွက်ပြေးခဲ့ရလျှင် ကားပေါ်တွင် ကျန်နေသည့် ထိုရိက္ခာအနည်းငယ်ဖြင့် လုံးဝ လောက်ငမည် မဟုတ်ပေ။
ထို့ကြောင့် ချူချယ်က ဦးလေးအားပေါင်၊ ရှောင်ဝမ်၊ ရွှီနန်၊ ရှောင်ဖူ၊ ရှုလီနာ နှင့် ကျိုးရှောင်ရှောင် အစရှိသော ယာဉ်တန်း၏ အဓိက အဖွဲ့ဝင်များကို ဆက်သွယ်ခဲ့သည်။
ဦးလေးအားပေါင်၏ သြဇာလွှမ်းမိုးမှုကြောင့် ထိုသို့ လုပ်ဆောင်နိုင်ခဲ့ခြင်း ဖြစ်သည်။
ထိုစဉ်က အသက်ရှင်ကျန်ရစ်သူ အများအပြားလည်း ပါဝင်ခဲ့ကြသည်။
အချို့က အခြေအနေကို စောင့်ကြည့်ပေးပြီး အချို့ကမူ မရဏနတ် ဂိုဏ်းသားများကို လှည့်စားရာတွင် ကူညီပေးခဲ့ကြသည်။
ဤလှုပ်ရှားမှုတွင် အစအဆုံး ပါဝင်ခဲ့သူ လူဆယ်ဦးကျော် ရှိခဲ့သည်။
၎င်းက ရိက္ခာခိုးထုတ်မှု အောင်မြင်ရခြင်း၏ အကြောင်းရင်းများထဲမှ တစ်ခုလည်း ဖြစ်သည်။
မူလတန်းကျောင်းမှ ရိက္ခာများကို ကားပေါ်သို့ တိတ်တဆိတ် သယ်ဆောင်ခဲ့ကြသည်။
ထယ်ရှီးကို ဘာကြောင့် အကူအညီ မတောင်းခဲ့သလဲ ဆိုလျှင် ဤသို့ ဖြစ်သည်။
ထိုအချိန်က ထယ်ရှီးသည် ဝူကျန့်ရှန်းကို သူ၏ ဘထွေးဟု ထင်မှတ်ထားဆဲ ဖြစ်သောကြောင့်ပင်။
၎င်းက ချန်းရီ၏ ကားပေါ်တွင် ရိက္ခာအချို့ ကျန်ရှိနေရခြင်း၏ အကြောင်းရင်းလည်း ဖြစ်သည်။
သေချာပေါက် တင်းတုံ၏ ကုန်တင်ကားလေးပေါ်တွင် ရိက္ခာ အများဆုံး ရှိနေသည်။
ယခင်က စုဆောင်းထားခဲ့သော ဓာတ်ဆီများသာမက ခေါင်းဆောင်ချူက သူ့လူများကို ခေါ်ယူကာ ပြုလုပ်ထားခဲ့သော ခိုးထုတ်ထားသော ရိက္ခာများလည်း ပါဝင်နေသည်။
အားလုံးမှာ ထိုကုန်တင်ကားလေးပေါ်တွင် ရှိနေသည်။
အဓိက အကြောင်းရင်းမှာ ကုန်တင်ကားလေး၏ ယာဉ်နောက်တွဲ တစ်ခုလုံးသည် အလုံပိတ်ထားသောကြောင့် ဖြစ်သည်။
အတွင်းတွင် ပစ္စည်းမည်မျှ တင်ဆောင်ထားသည်ကို သာမန်လူတစ်ယောက်က အလွယ်တကူ မြင်နိုင်မည် မဟုတ်ပေ။
၎င်းက ချူချယ်သည် တင်းတုံကို ထွက်ခွာခိုင်းစဉ် ထိုကုန်တင်ကားလေးကို မောင်းသွားရန် အတတ်နိုင်ဆုံး ကြိုးစားစေခဲ့သည့် အကြောင်းရင်းလည်း ဖြစ်သည်။
လွန်ခဲ့သော ရက်အနည်းငယ်က အခြားသူများကို ရှာတွေ့ပြီးနောက် ရိက္ခာအချို့ သွားရောက်စုဆောင်းမည်ဟု ချူချယ်က ချန်းရီကို ဘာကြောင့် ပြောခဲ့ရသနည်းဆိုလျှင် ဤအချက်များကြောင့် ဖြစ်သည်။
ပထမအချက်မှာ ထိုစဉ်က အခြေအနေ ရှုပ်ထွေးနေသဖြင့် တင်းတုံသည် ကုန်တင်ကားလေးကို မောင်းမထွက်လာနိုင်မည်ကို ချူချယ်က စိုးရိမ်ခဲ့သောကြောင့် ဖြစ်သည်။
ဒုတိယအချက်မှာ သူတို့နှစ်ဦး လမ်းခရီးတွင် ပြဿနာ တစ်စုံတစ်ရာ ကြုံတွေ့ရမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။
တတိယအချက်မှာ ကမ္ဘာပျက်ကပ်တွင် ရိက္ခာ များလွန်းသည်ဟု မည်သူကမျှ ငြင်းပယ်မည် မဟုတ်ဘဲ မည်သို့ပင်ဖြစ်စေ ရောက်လာပြီဖြစ်ရာ ပိုမိုစုဆောင်းနိုင်လျှင် အမြဲတမ်း ပိုကောင်းသောကြောင့် ဖြစ်သည်။
ချူချယ်က သူ၏ မူလအစီအစဉ်ကို အစအဆုံး အကုန်အစင် ပြောပြလိုက်သည်။
စကားပြောအပြီးတွင် ခေါင်းဆောင်ချူက စားပွဲပေါ်ရှိ အေးစက်နေသော လက်ဖက်ရည်ခွက်ကို ဖြည်းညှင်းစွာ မယူလိုက်ပြီး အလွန် အေးအေးလူလူဖြင့် တစ်ငုံ သောက်လိုက်သည်။
သူ၏ ဟန်ပန်မှာ အသက်ဝင်နေသော ကျူးကော့လျန် တစ်ယောက်နှင့်ပင် တူနေတော့သည်။
ငှက်မွေးယပ်တောင်လေး တစ်ချောင်းလောက်သာ လိုတော့သည်။
(ကျူးကော့လျန် ဆိုတာ နာမည်ကျော် တရုတ်စစ်ဗျူဟာမှုးဖြစ်ပါတယ်)
သို့သော် ခေါင်းဆောင်ချူ၏ နားရွက်များက ထောင်နေပြီး သူ၏ ဘေးထောင့်အမြင်ဖြင့် အခြားသူများ၏ မျက်နှာအမူအရာများကို ခံစားကြည့်ရှုနေ၏။
၎င်းက "ငါ ဒီလောက် ကြီးကျယ်တဲ့ အလုပ်ကို လုပ်ခဲ့တာတောင်... မင်းတို့က ဘာစောင့်နေကြတာလဲ... ငါ့ကို မချီးကျူးကြတော့ဘူးလား" ဟု ပြောနေသကဲ့သို့ပင်။
ပထမဆုံး စိတ်ခံစားမှုတန်ဖိုးကို ထုတ်ဖော်ပေးသူမှာ သေချာပေါက် ပန်းရောင်ဆံပင်နှင့် ကောင်မလေးပင် ဖြစ်သည်။
"ခေါင်းဆောင်... ရှင်က တကယ်ကို တော်တာပဲ... ရှင် ခေါင်းဆောင်လုပ်တာကို ကျွန်မ တစ်သက်လုံး သဘောတူတယ်... ရှင်က ကျွန်မရဲ့ ထာဝရ ခေါင်းဆောင်ပဲ"
ထယ်ရှီးက ရိုးအအဖြင့် ပြောလိုက်သည်။
"ဟီးဟီး... ခေါင်းဆောင်... မင်းက တကယ်ကို တော်တာပဲ... ငါသာဆိုရင်... ငါသာဆိုရင်... "
တင်းတုံ၏ အနည်းငယ် အေးစက်နေသော မျက်နှာပေါ်တွင်လည်း အပြုံးတစ်ခု ထွက်ပေါ်လာပြီး ချူချယ်အပေါ် အသိအမှတ်ပြုကြောင်း ဖော်ပြလိုက်သည်။
ချန်းရီအတွက်ကမူ ဤသို့ပင် ဖြစ်သည်။
ဝန်ခံရလျှင်... ချူချယ်တွင် ဤကဲ့သို့သော လက်ကွက်မျိုး ရှိနေလိမ့်မည်ဟု ချန်းရီ တကယ်ကို တွေးမထားခဲ့ပေ။
အကယ်၍ သူကိုယ်တိုင်သာ ဤခေါင်းဆောင်နေရာတွင် ဆိုပါက ဤမျှ ဂရုတစိုက် ရှိမည်မဟုတ်ဘဲ ဤမျှ ပြည့်စုံစွာ တွေးတောနိုင်မည် မဟုတ်သည်မှာ သေချာသည်။
"ခေါင်းဆောင်ချူ... တကယ်မိုက်တယ်"
ချန်းရီက ချူချယ်ကို လက်မထောင်ပြလိုက်သည်။
ဤတစ်ကြိမ်တွင်မူ ချန်းရီသည် ချူချယ်အပေါ် တကယ်ကို လေးစားသွားကြောင်း ပြသလိုက်ခြင်း ဖြစ်သည်။
ချန်းရီက ခံစားချက်ကို ဖွင့်ဟပြရန် လုံးဝ ဝန်လေးတတ်သူ မဟုတ်ပေ။
သို့သော် ချန်းရီ၏ စကားလမ်းကြောင်းက ရုတ်တရက် ပြောင်းသွားပြီး ထပ်ပြောလိုက်သည်။
"ဒါပေမဲ့ မဟုတ်သေးဘူးလေ... ခေါင်းဆောင်ချူ"
"မင်း အရင်က ပြောဖူးတယ်လေ... အဲဒီခေါင်းဆောင်နဲ့ မင်းက ဆက်ဆံရေး အကောင်းဆုံးဆို... သူသာ မရှိရင် မင်း သေနေလောက်ပြီဆို... သူက မင်းရဲ့ ညီအစ်ကိုအရင်းလိုပဲဆို"
"အဲဒီတုန်းက မင်းက ဝူကျန့်ရှန်းရဲ့ စိတ်ရင်းမှန်ကိုတောင် မသိသေးဘူးလေ"
"အခုလို လုပ်တာက ညီအစ်ကိုကို သစ္စာဖောက်တာ မဟုတ်ဘူးလား"
"မင်း လုပ်ရပ်က နည်းနည်းတော့ လွန်မနေဘူးလား"
"မင်းက သစ္စာဖောက် တစ်ယောက် မဟုတ်ဘူးလား"
ချန်းရီ၏ ထိုစကားအနည်းငယ်ကြောင့် ချူချယ်၏ မျက်နှာမှာ ချက်ချင်း နီမြန်းသွားတော့သည်။
"မဟုတ်ဘူးလေ... စကားကို အဲဒီလို ပြောလို့ ဘယ်ရမလဲ"
ချန်းရီက ချူချယ်၏ စကားကို တိုက်ရိုက် ဖြတ်ပြောလိုက်ပြီး အခြားသူများကို လှည့်ကြည့်ကာ ပြောလိုက်သည်။
"မင်းတို့အားလုံးက ငါ့ကို ကိုယ်ကျင့်တရား နိမ့်ကျတယ်လို့ ပြောကြတယ်မလား... အခုတော့ ငါတို့ ယာဉ်တန်းမှာ ဘယ်သူက ကိုယ်ကျင့်တရား အနိမ့်ဆုံးလဲ ဆိုတာ သိပြီမလား"
"မင်းတို့ နောက်ဆို ငါ့ကို အထင်သေးတဲ့အခါ... ခေါင်းဆောင်ချူကိုပါ ထည့်တွက်ဖို့ မှတ်ထားကြ"
ချန်းရီ၏ ဤကဲ့သို့ ခွဲခြမ်းစိတ်ဖြာမှုကို ကြားလိုက်ရပြီးနောက်တွင်မူ ယခင်အခြေအနေနှင့် ကွဲပြားသွားသည်။
ယခင်က ချူချယ်အပေါ် လေးစားအားကျနေခဲ့သော အကြည့်များအားလုံး တဖြည်းဖြည်း ငြိမ်ကျသွားကြသည်။
ပိုဆိုးသည်မှာ အထင်သေးသော အရိပ်အယောင်များပင် ပါဝင်လာခဲ့သည်။
ချူချယ်က ချန်းရီကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။
"မင်း... တောက်... "
အကယ်၍ တရားမျှတရေး ယာဉ်တန်း ၏ အဖွဲ့ဝင်များ၏ ကိုယ်ကျင့်တရား အဆင့်အတန်းကို အကဲဖြတ်ရမည် ဆိုလျှင် အဖြေက ရှင်းနေသည်။
အောက်ဆုံးမှ ပထမနေရာသည် သေချာပေါက် ချန်းရီပင် ဖြစ်သည်။
အောက်ဆုံးမှ ဒုတိယနေရာသည် ချူချယ်မှလွဲ၍ အခြားမရှိပေ။
အောက်ဆုံးမှ တတိယနေရာအတွက်ကမူ အနည်းငယ် အငြင်းပွားစရာ ရှိနေသေးသည်။
မည်သို့ပင်ဖြစ်စေ ထယ်ရှီး၏ ကိုယ်ကျင့်တရား အဆင့်အတန်းသည် အောက်ဆုံးမှ ပဉ္စမနေရာတွင် ရှိနေသင့်သည်။
သေချာပေါက် ဉာဏ်ရည်ကတော့ အောက်ဆုံးမှ ပထမနေရာတွင်ပင် ရှိသည်။
ဤကိစ္စကို ဘာမှ တတ်နိုင်မည် မဟုတ်ပေ။ တိုက်တန် လမ်းစဉ် က ဦးနှောက်ထိုင်းမှိုင်းရန် ဖြစ်တည်လာသည်ကို မည်သူက တားဆီးနိုင်မည်နည်း။
အထင်သေးသည်မှာ အထင်သေးခြင်းသာ ဖြစ်သော်လည်း ရိက္ခာများကိုမူ မယူဘဲ နေ၍မရပေ။
ကုန်တင်ကားလေး၏ တံခါးကို ဖွင့်လိုက်သောအခါ အားလုံးမှာ အံ့သြသွားကြသည်။
အတွင်းတွင် တင်ဆောင်ထားသော ရိက္ခာများက လူများကို အလွန် အံ့အားသင့်သွားစေသည်။
ယာဉ်နောက်တွဲ တစ်ခုလုံးတွင် အပြည့်အကျပ် ပြည့်နှက်နေသည်။
တံခါးကို ဖွင့်လိုက်ချိန်တွင် ထုပ်ပိုးထားသော အိတ်အတော်များများ မြေပြင်ပေါ်သို့ ပြုတ်ကျလာသည်။
အသက်ရှင်ကျန်ရစ်သူ အများအပြားလည်း လာရောက် ဝိုင်းအုံကြည့်ရှုကြသည်။
တစ်ခဏချင်းမှာပင် မရေမတွက်နိုင်သော အံ့သြသံများ ထွက်ပေါ်လာတော့သည်။
"ဟာ... အများကြီးပဲ"
"အမလေး... အဲဒါ အစပ်ချောင်းတွေပဲ... ငါ အစပ်ချောင်း မစားရတာ လပေါင်းများစွာ ကြာနေပြီ... စားချင်လိုက်တာ"
"သက်တမ်းကုန်နေတာ ကြာပြီ"
"ဘယ်အချိန်ရောက်နေပြီလဲ... သက်တမ်းကုန်တာ မကုန်တာတွေ ဂရုစိုက်နေဦးမှာလား"
"အဲဒါက... အိုရီအိုဘီစကွတ် ပြီးတော့ ချီဝေ ဘီစကွတ်တွေပဲ... အာလူးကြော်တွေလည်း ပါသေးတယ်"
"ဘုရားရေ... ကိုလာတွေလည်း ပါတယ်... "
"ဂလု..."
"ငါ ကိုလာ မသောက်ရတာ နှစ်ဝက်တောင် ရှိနေပြီ"
"ယုန်ဖြူကြီး နို့သကြားလုံးတွေ... အမလေး"
တစ်ခဏချင်းမှာပင် ပတ်ဝန်းကျင်မှ အသံများ အလွန် ဆူညံသွားပြီး အများအပြားမှာ ရူးသွပ်မတတ် တံတွေးများ မျိုချနေကြသည်။
ထိုအရာများထဲမှ အတော်များများသည် ကမ္ဘာပျက်ကပ် မတိုင်မီက အလွန် သာမန်ဖြစ်သော ပစ္စည်းများသာ ဖြစ်ကြသည်။
သို့သော် ယခု လူများ၏ အမြင်တွင်မူ ထိုအရာများသည် ရွှေထက်ပင် တန်ဖိုးကြီးသည်ဟု ဆိုလျှင် မှားမည်မဟုတ်ပေ။
"ခေါင်းဆောင်ချူ... မင်း ဝူကျန့်ရှန်းရဲ့ ဂိုဒေါင်ကို အပြောင်ရှင်းလာတာလား"
ချန်းရီက တီးတိုးရေရွတ်လိုက်သည်။
"တိတ်စမ်း... မင်းတို့က ဝူကျန့်ရှန်း ရိက္ခာတွေ ထားတဲ့ စာသင်ခန်းထဲ မရောက်ဖူးကြလို့... ဒီပစ္စည်းနည်းနည်းလေးက သူ့ဆီမှာ ရှိတဲ့ ဆယ်ပုံတစ်ပုံတောင် မရှိဘူး"
"အကုန်မရလိုက်တာ တကယ် နှမြောဖို့ကောင်းတယ်"
ဆက်လက်၍ ရိက္ခာ ခွဲဝေရမည့် အချိန် ရောက်လာသည်။
ဤတစ်ကြိမ်တွင် အားအစိုက်ရဆုံးသူများမှာ သေချာပေါက် တင်းတုံနှင့် ချူချယ်တို့ပင် ဖြစ်သည်။
အကယ်၍ ချူချယ်၏ ကြိုတင် အစီအစဉ်ချမှုသာ မရှိခဲ့လျှင် ယခုလို ဖြစ်လာမည် မဟုတ်ပေ။
အကယ်၍ တင်းတုံက အသက်စွန့်ပြီး ကားကို လုယူမလာခဲ့လျှင်လည်း အရာထင်မည် မဟုတ်ပေ။
ဤရိက္ခာများသည် ဤနေရာတွင် လုံးဝ ပေါ်လာမည် မဟုတ်ပေ။
ထို့အပြင် တင်းတုံသည် ဤရိက္ခာများကြောင့် လက်တစ်ဖက်ပင် ဆုံးရှုံးခဲ့ရသည်။
သူတို့နှစ်ဦး၏ ကျေးဇူးကို မည်သူက ပိုကြီးမားသည်ဟု ပြောရန် ခက်ခဲလှသည်။
သို့သော် ပေးဆပ်မှုကို ပြောရလျှင် လက်တစ်ဖက် ဆုံးရှုံးခဲ့ရသည့် တင်းတုံ၏ ပေးဆပ်မှုက ပိုများကြောင်း သိသာထင်ရှားလှသည်။
တတိယ ကျေးဇူးအကြီးဆုံးသူမှာ ပန်းရောင်ဆံပင်နှင့် ကောင်မလေးပင် ဖြစ်သည်။
အကယ်၍ ပန်းရောင်ဆံပင်နှင့် ကောင်မလေး၏ လမ်းတစ်လျှောက် အစောင့်အရှောက်သာ မရှိခဲ့လျှင် တင်းတုံသည် လမ်းတွင် သေဆုံးနေလောက်ပြီ ဖြစ်သည်။
ချန်းရီနှင့် ထယ်ရှီးအတွက်ကမူ အခြေအနေက ရှင်းနေသည်။
ထိုနှစ်ဦးမှာ နောက်ဆုံးအဆင့်တွင် ရှိနေသည်။
သို့သော် ပန်းရောင်ဆံပင်နှင့် ကောင်မလေးနှင့် တင်းတုံတို့ကို ရှာဖွေတွေ့ရှိခြင်းကလည်း ကျေးဇူးရှိနေပေသည်။
ရိက္ခာ ခွဲဝေရာတွင် ထိုနှစ်ဦး၏ ရိက္ခာဝေစုမှာ သေချာပေါက် အနည်းဆုံးပင် ဖြစ်သည်။
သေချာပေါက် ထိုနှစ်ဦး၏ အနောက်တွင် ယခင်က ဒုတိယ မူလတန်းကျောင်း၌ ရိက္ခာခိုးထုတ်ရာတွင် ချူချယ်ကို ကူညီပေးခဲ့သော အသက်ရှင်ကျန်ရစ်သူများ ရှိနေသေးသည်။
ရွှီနန်က အသက်ရှင်ကျန်ရစ်သူများကို ကားပေါ်ရှိ ရိက္ခာများ အောက်သို့ သယ်ချရန် စီစဉ်ပေးလိုက်သည်။
မီးပုံဘေးရှိ မြေကွက်လပ်တွင် တောင်ပူစာလေး တစ်ခုအလား အပုံလိုက်ကြီး ဖြစ်သွားတော့သည်။
အနောက်ဘက်သို့ ဆက်သယ်လာသောအခါ ကားပေါ်တွင် ဆန်နှင့် ဂျုံမှုန့်များ အများအပြား ရှိနေသေးသည်ကို တွေ့လိုက်ရသည်။
ချန်းရီက အကြမ်းဖျင်း တွက်ဆကြည့်လိုက်ရာ အနည်းဆုံး အိတ်တစ်ရာကျော် ရှိပေသည်။
အိတ်တစ်ရာ မရှိလျှင်တောင် သိပ်မကွာလောက်ပေ။
ဆန်နှင့် ဂျုံမှုန့်များသည် ကမ္ဘာပျက်ကပ်တွင် အမြဲတမ်း အကောင်းဆုံး စုဆောင်းသင့်သည့် ရိက္ခာများ ဖြစ်သည်။
ထိုစဉ်က ချူချယ်သည် ဤဆန်နှင့် ဂျုံမှုန့်များကို အဓိကထား ယူဆောင်ခဲ့ခြင်း ဖြစ်သည်။
အသက်ရှင်ကျန်ရစ်သူများကြားတွင် ချက်ချင်း ဆူညံသွားတော့သည်။
ဆက်ရန်...