အခန်း ၅၆
Vol. 3 Ch. 56
အပိုင်း(၅၆) စစ်မှန်သော ကမ္ဘာပျက်ကပ် ပစ်ကပ်ကား
"ထယ်ရှီး အသစ်ရထားတဲ့ ကျောင်းကားက ပြဿနာတချို့ ရှိနေပုံရတယ်... သူ့ယာဉ်တန်းထဲက အဆင့်မမီတဲ့ စက်ပြင်သမားကလည်း အဲဒါကို မဖြေရှင်းနိုင်ဘူး"
"ထယ်ရှီးက ချန်းရီကို လာရှာပြီး သူ့ကားကို ကူပြင်ပေးဖို့ မျှော်လင့်ခဲ့ပေမယ့် ဝမ်းနည်းစရာက ချန်းရီက ငြင်းလိုက်တာပဲ"
"သူက သူ့ရဲ့ သုံးဘီးဆိုင်ကယ်ကို အရင်ဦးစားပေးပြီး အဆင့်မြှင့်တင်ချင်နေတာကိုး"
"တကယ်ကို တစ်ကိုယ်ကောင်းဆန်တဲ့ လူငယ်လေးပဲ"
တဲအတွင်း၌ ခိုးနားထောင်သည့် ရေဒီယိုက ချန်းရီက ထယ်ရှီးကို ငြင်းဆန်ခဲ့သည့် အပြုအမူနှင့် ပတ်သက်၍ သူ၏ ထင်မြင်ချက်ကို ထုတ်ဖော်ပြောဆိုနေ၏။
ယာဉ်တန်းတစ်ခုလုံးသည် ခိုးနားထောင်သည့် ရေဒီယို၏ စောင့်ကြည့်နားထောင်မှုအောက်တွင် ရှိနေသည်။
တစ်ခါတစ်ရံတွင် ထိုရေဒီယိုက အချို့သော ကိစ္စရပ်များနှင့် ပတ်သက်၍ သူ၏ ကိုယ်ပိုင်အမြင်များကိုပင် ထုတ်ဖော်ပြောဆိုတတ်သေးသည်။
အများအားဖြင့် ထိုသို့ပြောဆိုလာသည့်အခါ ၎င်း၏အမြင်များက အလွန် ရက်စက်ကြမ်းတမ်းတတ်သည်။
"ဟင့်အင်း... ငါကတော့ အဲဒီလို မထင်ပါဘူး"
"ကမ္ဘာပျက်ကပ်ကြီးထဲမှာ တရားမျှတမှုကသာ အဖိုးတန်ဆုံးပဲ"
"ချန်းရီက သူ့ကိုယ်သူ ဦးစားပေးတာဟာ ငါ့အမြင်မှာတော့ သိပ်ကို တရားမျှတတဲ့ လုပ်ရပ်တစ်ခုပါပဲ"
ခေါင်းဆောင်ချူက လက်ဖက်ရည်တစ်ခွက်ကို ကိုင်မြှောက်ကာ ဖြည်းညင်းစွာ တစ်ငုံသောက်လိုက်ပြီးနောက် သာယာကြည်နူးနေသည့် မျက်နှာအမူအရာကို ပြသလိုက်သည်။
ယခုအခါ ခေါင်းဆောင်ချူသည် လက်ဖက်ရည်သောက်ချင်သည့် အချိန်များတွင် လူအများရှေ့၌ ပေါ်ပေါ်ထင်ထင် သောက်လေ့မရှိတော့ပေ။
ထိုအစား သူ၏ကားထဲတွင်ဖြစ်စေ သို့မဟုတ် အနားယူချိန် တဲထဲတွင်ဖြစ်စေ တစ်ယောက်တည်း ခိုး၍ အရသာခံသောက်လေ့ရှိသည်။
ခေါင်းဆောင်ချူ၏ အမြင်တွင် သူ၏ လက်ဖက်ရည်ကောင်းများကို ထိုလူတစ်စုအား တိုက်ကျွေးခြင်းသည် နွားကို ပလာတာကျွေးသကဲ့သို့ အလဟဿဖြစ်စေသည်ဟု ယူဆထား၏။
……
[စနစ်၏ ဘက်စုံအကဲဖြတ်မှုအရ ပိုင်ရှင်အနေဖြင့် ယခု ချေးယူနိုင်သော သတ်ဖြတ်မှတ် ပမာဏမှာ ၁၀၀၀၀ မှတ် ဖြစ်ပါသည်။]
သတ်ဖြတ်မှတ် တစ်သောင်းမှတ် ဟုတ်လား။
ဤအဖြေကို ရရှိလိုက်သောအခါ ချန်းရီ၏ မျက်နှာပေါ်တွင် ဝမ်းသာအံ့ဩသွားသည့် အမူအရာ ပေါ်လာသည်။
ဒါက သတ်ဖြတ်မှတ် တစ်သောင်းတောင် ဖြစ်ရာ ကြီးမားသည့် ကိစ္စရပ်များစွာကို လုပ်ဆောင်နိုင်မည် ဖြစ်သည်။
ယခင်က ကျန်ရှိနေသေးသော သတ်ဖြတ်မှတ် လေးထောင်နှင့် ပေါင်းလိုက်လျှင် ယခုဆိုလျှင် သူ၏လက်ထဲတွင် သတ်ဖြတ်မှတ် စုစုပေါင်း တစ်သောင်းလေးထောင် ရှိနေပြီ ဖြစ်သည်။
သုံးဘီးဆိုင်ကယ်ကို ကမ္ဘာပျက်ကပ် ပစ်ကပ်ကား အဖြစ်သို့ အဆင့်မြှင့်တင်ရန် မဖြစ်နိုင်သေးသော်လည်း အခြားသော အရာများစွာကိုမူ လုပ်ဆောင်နိုင်နေပြီ ဖြစ်၏။
ဥပမာအားဖြင့် ယခင်ကတည်းက စိတ်ဝင်စားနေခဲ့သော ထူးဆန်းသည့် ပစ္စည်းများပင် ဖြစ်သည်။
သတ်ဖြတ်မှတ် ငါးထောင်ကို ဖယ်ချန်ထားမည် ဆိုလျှင်တောင် ကိုးထောင် ကျန်ရှိနေဦးမည် ဖြစ်သည်။
ဤသို့ဖြစ်ရခြင်းမှာ အဓိကအားဖြင့် သူ၏ ယခင်က ကပ်စေးနှဲခဲ့မှုများကြောင့် အကျိုးကျေးဇူး ခံစားရခြင်းပင်။
လူအင်အားဖြင့် လုပ်ဆောင်၍ ရနိုင်သော မည်သည့်ကိစ္စကိုမဆို စနစ်မှ သတ်ဖြတ်မှတ် တစ်မှတ်ကိုမျှ အလဟဿ ဖြုန်းတီးခွင့် မပြုခဲ့ပေ။
ချန်းရီက စနစ်၏ အဆင့်မြှင့်တင်ရေး အစီအစဉ်ကို နောက်တစ်ကြိမ် ပြန်လည် မွမ်းမံပြင်ဆင်လိုက်သည်။
ရိုးရိုးရှင်းရှင်း ပြောရလျှင် စနစ်၏ ဒီဇိုင်းပုံစံထဲမှ သတ်ဖြတ်မှတ်များကို လျှော့ချပစ်ခြင်းပင် ဖြစ်၏။
သို့မဟုတ်ပါက သတ်ဖြတ်မှတ် ကိုးထောင်ဖြင့် ကမ္ဘာပျက်ကပ် ပစ်ကပ်ကားကို အဆင့်မြှင့်တင်နိုင်ရန် လုံးဝ မဖြစ်နိုင်ပေ။
ချန်းရီ ပထမဆုံး ဖယ်ရှားပစ်လိုက်သည်မှာ ကမ္ဘာပျက်ကပ် ပစ်ကပ်ကား၏ ဘီးရှစ်ဘီးပါဝင်သော ဒီဇိုင်းပင် ဖြစ်သည်။
ဤဒီဇိုင်းသည် ကြည့်ကောင်းပြီး အသုံးဝင်မှုတွင်လည်း မဆိုးလှဟု ဆိုနိုင်၏။
သို့သော် သတ်ဖြတ်မှတ်များကို အလွန်အကျွံ ကုန်ကျစေလွန်းသည်။
ထို့အပြင် ဆီစားနှုန်းကလည်း များစွာ မြင့်တက်သွားပေလိမ့်မည်။
လျှပ်စစ်မော်တာဖြင့် မောင်းနှင်သည့် စနစ်တွင်ပင် ဘီးရှစ်ဘီးကို ဆွဲနိုင်မည် မဟုတ်ဟု စိုးရိမ်ရသည်။
ချန်းရီက ဘီးရှစ်ဘီးပါသော ဒီဇိုင်းကို ပြင်ဆင်လိုက်၏။
ဘီးရှစ်ဘီးမှ ဘီးလေးဘီးအဖြစ်သို့ ပြောင်းလဲသွားသည်။
ဂျစ်ကားပေါ်မှ ဖြုတ်ယူလာခဲ့သော မြေပြင်အမျိုးအစားစုံသုံး တာယာလေးလုံးကိုသာ ချန်လှပ်ထားခဲ့သည်။
ထိုတာယာမျိုးက အလွန် လိုအပ်လှသည်။
တစ်နေ့နေ့တွင် ကတ္တရာလမ်းမများပေါ်မှ ခွဲခွာရသည့်အခါ ထိုတာယာများ၏ အသုံးဝင်မှုက ပေါ်လွင်လာမည် ဖြစ်သည်။
ယခင်က လိုအပ်နေသော သတ်ဖြတ်မှတ် နှစ်သောင်းကျော်သည် ရုတ်တရက် ၂ ဂဏန်းမှ ၁ ဂဏန်း အစသို့ ပြောင်းလဲသွားခဲ့သည်။
ဒါက သတ်ဖြတ်မှတ်များစွာကို ချက်ချင်း သက်သာသွားစေသည်။
ချန်းရီက ဒီဇိုင်းပုံစံကို နောက်တစ်ကြိမ် ပြန်လည် စစ်ဆေးကြည့်လိုက်သည်။
ရှော့ဘား အဆင့်မြှင့်တင်မှု ပါဝင်နေသေးသည်ကို မြင်တွေ့လိုက်ရ၏။
စနစ်၏ ဒီဇိုင်းပုံစံအရ ဤရှော့ဘားအစုံသည် ယာဉ်မောင်းသူအား ကားအတွင်း၌ ကောင်းမွန်သော မောင်းနှင်မှု အတွေ့အကြုံကို အာမခံပေးနိုင်ပြီး ကြမ်းတမ်းသော လမ်းအခြေအနေများတွင် အလွန် လိုအပ်မည် ဖြစ်သည်။
ချန်းရီ ခေတ္တမျှ တွေဝေသွားပြီးနောက် ရှော့ဘား အဆင့်မြှင့်တင်မှုကို မဖယ်ရှားဘဲ ပိုမို ဈေးသက်သာသော ပုံစံဖြင့် အစားထိုးလိုက်သည်။
နောက်တစ်ဆင့်မှာ ကားဘောင်နှင့် အောက်ခံကိုယ်ထည် ပြဿနာပင် ဖြစ်သည်။
ထိုအရာနှစ်ခုအတွက် စနစ်မှ တောင်းခံထားသော ကုန်ကျစရိတ်များကို မြင်လိုက်ရသောအခါ ချန်းရီတစ်ယောက် ရင်နာသွားရသည်။
ယခင်က ကြီးမားသည့် ယာဉ်တိုက်မှုဖြစ်ပွားရာ နေရာတွင် ရောက်နေစဉ်ကတည်းက ချန်းရီသည် ကားဘောင်နှင့် အောက်ခံကိုယ်ထည် တစ်စုံကို ဖြုတ်ယူချင်နေခဲ့ခြင်း ဖြစ်သည်။
သို့သော် ခေါင်းဆောင်ချူက ရုတ်တရက် ခရီးဆက်ရန် ဆုံးဖြတ်လိုက်သဖြင့် သူ၏ အစီအစဉ်များ ပျက်စီးသွားခဲ့ရသည်။
စနစ်၏ အဆင့်မြှင့်တင်ရေး အစီအစဉ်ကို ပြန်ကြည့်လိုက်သည်။
ထိုအရာနှစ်ခုက သတ်ဖြတ်မှတ် ထောင်ဂဏန်းမျှ ကုန်ကျနေသည်။
ချန်းရီ မည်မျှပင် နှမြောနေပါစေ ဤအရာနှစ်ခုကို အဆင့်မြှင့်တင်ရန်မှာ ရှောင်လွှဲ၍ မရနိုင်ပေ။
ယခင်က သုံးဘီးဆိုင်ကယ်ဖြစ်၍ ရိုးရိုးရှင်းရှင်းသာ အသုံးပြုနိုင်ခဲ့သော်လည်း ယခုအခါ ကမ္ဘာပျက်ကပ် ပစ်ကပ်ကား ဖြစ်လာပြီဖြစ်ရာ ဤအရာများ မပါဝင်လျှင် အဆင်မပြေနိုင်တော့ပေ။
သို့သော် သတ်ဖြတ်မှတ် အချို့ကို လျှော့ချရန် နည်းလမ်း မရှိသည်တော့ မဟုတ်ပေ။
စနစ်၏ အကြံပြုချက်အောက်တွင် ပုံမှန် မောင်းနှင်မှုကို မထိခိုက်စေမည့် အခြေအနေမျိုး၌ ချန်းရီက ဒီဇိုင်းကို တတ်နိုင်သမျှ အကျဉ်းချုံးလိုက်သည်။
နောက်တစ်ဆင့်မှာ ကားနောက်ခန်းပင် ဖြစ်သည်။
ယခင်ကားနောက်ခန်းကို အဆင့်မြှင့်တင်ထားပြီး ဖြစ်သည်။
ယခုတစ်ကြိမ် အဆင့်မြှင့်တင်မှုက ပိုမို ပြည့်စုံကောင်းမွန်လာမည် ဖြစ်၏။
ကားနောက်ခန်း တစ်ခုလုံးကို သံပြားများဖြင့် ပြောင်းလဲတပ်ဆင်ထားပြီး ကားအမိုးကိုပင် သံပြားများဖြင့် ဖုံးအုပ်ထားသည်။
ယခင်က ဆက်ထားသော ကားအမိုးထက် များစွာ ပိုမို ခိုင်ခံ့ရုံသာမက မိုးဒဏ်ကိုပင် ကာကွယ်ပေးနိုင်မည် ဖြစ်သည်။
ချန်းရီက ယခင် ဆက်ထားသည့် ပုံစံကိုသာ မဆိုင်းမတွ ပြန်လည် အစားထိုးလိုက်သည်။
ယခုအခါ ချန်းရီ၏ရှေ့တွင် ပေါ်လာသော ဒီဇိုင်းပုံစံက သိပ်တော့ အရုပ်ဆိုးမနေပေ။
ကမ္ဘာပျက်ကပ် ပစ်ကပ်ကား ဟူသည့် နာမည်နှင့် ပို၍ လိုက်ဖက်သွားသည်ဟုသာ ဆိုရမည်။
ယခင်က ကမ္ဘာပျက်ကပ် ပစ်ကပ်ကားသည် ကမ္ဘာပျက်ကပ်ထဲမှ သူဌေးသားတစ်ဦး၏ ကစားစရာနှင့် တူနေခဲ့၏။
သို့သော် ယခုအခါတွင်မူ အမှန်တကယ် စစ်မှန်သော ကမ္ဘာပျက်ကပ် ပစ်ကပ်ကား တစ်စီးနှင့် တူနေလေပြီ။
လေဒဏ်မိုးဒဏ်များကို အလူးအလဲ ခံထားရသည့် ကမ္ဘာပျက်ကပ် ပစ်ကပ်ကား တစ်စီးပင်တည်း။
နောက်ဆက်တွဲ ဒီဇိုင်းများတွင်လည်း ချွေတာနိုင်သမျှ ချွေတာခဲ့သည်။
ကားအတွင်းခန်းက အဲယားကွန်းလား။
သတ်ဖြတ်မှတ် ငါးရာတောင် ပေးရမယ် ဟုတ်လား။
မဖြစ်ဘူး... ဖျက်ပစ်။
ဝေါ်ကီတော်ကီ ပါသေးတယ်လား။
မဖြစ်ဘူး... အဲဒါလည်း ဖျက်ပစ်။
ရေဒီယိုလား။
ဖျက်ပစ်။
အလိုအလျောက် ထိုင်ခုံ ဟုတ်လား။
ဖျက်ပစ်... လက်လှည့်နဲ့ပဲ အစားထိုးမယ်။
ဆီနဲ့ လျှပ်စစ် အလိုအလျောက် ပြောင်းလဲသည့် စနစ်ကိုပင် ချန်းရီက လက်ဖြင့် ပြောင်းရသော စနစ်အဖြစ် ပြင်ဆင်လိုက်သည်။
ဤစနစ်သည် အဓိကအားဖြင့် ဆီတိုင်ကီထဲတွင် ဆီကုန်သွားသည့်အခါ ကားက လျှပ်စစ်စနစ်သို့ အလိုအလျောက် ပြောင်းလဲပေးမည် ဖြစ်သည်။
သတ်ဖြတ်မှတ်များ ချွေတာနိုင်ရန်အတွက် ချန်းရီက လက်ဖြင့် ပြောင်းရသော စနစ်သို့ တိုက်ရိုက် ပြင်ဆင်ပစ်ခဲ့ခြင်း ဖြစ်၏။
နောက်ပိုင်းတွင် ချန်းရီ ဤကားကို မောင်းနှင်သည့်အခါ ဆီကုန်သွားပါက ကားကို ရပ်တန့်ပြီးမှသာ လျှပ်စစ်စနစ်သို့ လက်ဖြင့် ပြောင်းလဲရတော့မည် ဖြစ်သည်။
အသက်ရှင်သန်မှုကို မထိခိုက်စေသရွေ့ သတ်ဖြတ်မှတ် တစ်မှတ်လောက် ချွေတာနိုင်လျှင်ပင် ချန်းရီက မဆိုင်းမတွ ပြင်ဆင်ပစ်မည်သာ ဖြစ်သည်။
ဘီးလေးဘီးကိုပင် ချန်းရီက ဖြုတ်ချထားလိုက်သည်။
စနစ်ကို တပ်ဆင်ခိုင်းမည် ဆိုပါကလည်း သတ်ဖြတ်မှတ် ဆယ်ဂဏန်းခန့် ကုန်ကျဦးမည် ဖြစ်သည်။
ထို့ကြောင့် ချန်းရီက မိမိဘာသာ တပ်ဆင်ရန်သာ ဆုံးဖြတ်လိုက်သည်။
ထိုသံမဏိအင်ဂျင် နှလုံးသားကိုပင် ချန်းရီက တပ်ဆင်ရမည့် နေရာကိုသာ ချန်လှပ်ထားခဲ့ပြီး ကျန်သည့် တပ်ဆင်ရေး လုပ်ငန်းစဉ်များကို ကိုယ်တိုင် ပြုလုပ်ရန် ဆုံးဖြတ်ခဲ့သည်။
စနစ်၏ ညွှန်ကြားမှုအောက်တွင် ဤကမ္ဘာပျက်ကပ် ပစ်ကပ်ကားသည် အခြေခံ မောင်းနှင်မှုအတွက် ပြဿနာ တစ်စုံတစ်ရာ မရှိနိုင်ကြောင်း အာမခံထားသည်။
သို့သော် သက်တောင့်သက်သာ ရှိမှုအကြောင်းကိုတော့ ထည့်မပြောတာက အကောင်းဆုံးပင်။
ချွေတာနိုင်သည့် လုပ်ဆောင်ချက်မှန်သမျှကို အကုန် ချွေတာထားခဲ့သည်။
နာရီဝက်ခန့် ကြာပြီးနောက် ချန်းရီ အသစ်ပြန်လည် ဒီဇိုင်းဆွဲထားသည့် ဤကမ္ဘာပျက်ကပ် ပစ်ကပ်ကားသည် ထွန်စက်တစ်စီးထက် များစွာ သာလွန်မနေတော့ပေ။
ချန်းရီက စနစ်မှ ထုတ်ပေးသော ကုန်ကျစရိတ်ကို ပြန်ကြည့်လိုက်ရာ သတ်ဖြတ်မှတ် ခြောက်ထောင် လိုအပ်နေသေးသည်ကို တွေ့လိုက်ရ၏။
"ဟူး... ထပ်ပြီး လျှော့ချလို့ မရတော့ဘူး... ဒီလောက်နဲ့ပဲ ကျေနပ်ရတော့မယ်"
ချန်းရီက စနစ်မျက်နှာပြင်ပေါ်တွင် အဆင့်မြှင့်တင်ရေး အစီအစဉ်ကို အတည်ပြုလိုက်သည်။
သဲနာရီ ရေတွက်စနစ် တစ်ခုက သုံးဘီးဆိုင်ကယ်၏ အထက်တွင် ပေါ်လာသည်။
"၀၉:၅၉:၅၉"
ဆယ်နာရီ ဟုတ်လား။
လက်ခံနိုင်သေးပါတယ်။
မနက်ဖြန် မနက် ခုနစ်နာရီလောက်ဆိုရင် အဆင့်မြှင့်တင်မှု ပြီးဆုံးတော့မည် ဖြစ်သည်။
သတ်ဖြတ်မှတ် တစ်သောင်းလေးထောင်တွင် ခြောက်ထောင် သုံးလိုက်ရာ ရှစ်ထောင် ကျန်ရှိနေသေးသည်။
သဘာဝလွန်ပစ္စည်းကို အဆင့်မြှင့်တင်ရန် ငါးထောင် ထပ်မံ ကုန်ကျဦးမည်။
သုံးထောင်သာ ကျန်တော့မည် ဖြစ်၏။
ယခင်က တစ်သောင်းလေးထောင် ရှိခဲ့ရာမှ မျက်တောင်တစ်ခတ်အတွင်းမှာပင် သုံးထောင်သာ ကျန်တော့သည်။
ချန်းရီသည် သတ်ဖြတ်မှတ် သုံးထောင်သာ ကျန်ရှိတော့သည့်အတွက် နောက်တစ်ကြိမ် စိုးရိမ်ပူပန်လာရပြန်သည်။
သုံးဘီးဆိုင်ကယ်ကို အဆင့်မြှင့်တင်သည့် ပြဿနာ ပြေလည်သွားခဲ့ပြီ ဖြစ်သည်။
ချန်းရီက မတ်တတ်ထရပ်လိုက်ပြီး တင်ပါးပေါ်မှ သဲများကို ခါချလိုက်ကာ ထယ်ရှီး၏ အဝါရောင် ကျောင်းကားရှိရာသို့ လျှောက်သွားလိုက်သည်။
အဆက်မပြတ် လင်းလက်နေသော ဓာတ်မီးရောင်ကို ကြည့်ခြင်းအားဖြင့် သူတို့ လက်မလျှော့ကြသေးကြောင်း သိနိုင်လေသည်။
ဆက်ရန်...