အခန်း ၂၁၈
Vol. 11 Ch. 218
အပိုင်း(၂၁၈) မုန်တိုင်းမလာမီ တိုက်ခတ်လာသော လေပြင်းများ
တင်းတုံ ထိုသို့ပြောလိုက်သည်ကို ကြားသောအခါ။
ကျိုးရှောင်ရှောင်က ခေါင်းကို အဆက်မပြတ် ခါယမ်းလိုက်၏။
"အမတင်းတုံ... ကျွန်မ အဲဒီလို သဘောမထားပါဘူး... ကျွန်မ... ကျွန်မ... မလုပ်ရဲပါဘူး"
ထိုသို့ပြောနေစဉ် ကျိုးရှောင်ရှောင်၏ ခန္ဓာကိုယ်လေးက အနည်းငယ် တုန်ယင်သွားသည်။
ယခင်က လမ်းစဉ် သဘာဝလွန်အစွမ်း ဆိုသည်မှာ မည်သည့်အရာကို ကိုယ်စားပြုကြောင်း သူမ နားမလည်ခဲ့ပေ။
သို့သော် ဤရက်ပိုင်းအတွင်း သာမန်လူများနှင့် အစွမ်းပိုင်ရှင်များကြားတွင် ကျော်ဖြတ်၍မရနိုင်သော ကြီးမားသည့် ကွာဟချက်ကြီး တစ်ခု ရှိနေကြောင်းကို သူမ အလွန် ရှင်းလင်းစွာ သိရှိနားလည်နေခဲ့ပြီ ဖြစ်သည်။
တင်းတုံက သက်ပြင်းတစ်ချက်ချကာ ပြောလိုက်၏။
"တကယ်တော့ ချန်းရီနဲ့ နင်တို့ကြားမှာ ဘာရန်ငြိုးမှ မရှိပါဘူး... နင်တို့ကိစ္စကို ငါ အကြမ်းဖျင်းတော့ သိထားတယ်... အဲဒီအချိန်က အခြေအနေမျိုးမှာ ငါသာဆိုရင်လည်း နင့်အမကို ကယ်မှာ မဟုတ်ဘူး"
"အဲဒီလို အခြေအနေမျိုးမှာ သူ ပြန်သွားမယ်ဆိုရင် သူ့အသက်ကို သူ တာဝန်မယူရာ ကျသွားမှာပေါ့"
"သူက နင်တို့ ညီအမနဲ့ သူငယ်ချင်းလည်း မဟုတ်သလို ဆွေမျိုးလည်း မဟုတ်ဘူး... နင်တို့ ညီအမအပေါ် ဘာအကြွေးမှလည်း တင်မနေဘူး... ဒါကြောင့် နင့်အမကို ကယ်ရမယ့် တာဝန် သူ့မှာ မရှိဘူး"
"လမ်းစဉ်အစွမ်းပိုင်ရှင် ဖြစ်နေရင်တောင် အဲဒီလို သဘာဝဘေးအန္တရာယ်ကြီးရှေ့မှာ သေသွားနိုင်တာပဲ"
တင်းတုံက ဤမျှအထိ ပွင့်လင်းစွာ ပြောဆိုလိမ့်မည်ဟု သူမ မထင်မှတ်ထားခဲ့ပေ။
ကျိုးရှောင်ရှောင်က ခေါင်းကို အောက်သို့ အတော်ကြာအောင် ငုံ့ထားလိုက်ပြီး လက်ချောင်းများက အင်္ကျီစကို လိမ်ချိုးနေမိသည်။
လန့်ဖြန့်နေသော ငုံးငှက်လေးတစ်ကောင်အလား သူမ၏ နှုတ်ခမ်းဖျားမှ တိုးညင်းသော အသံလေးဖြင့် ထပ်တလဲလဲ ရေရွတ်နေ၏။
"ကျွန်မ အဲဒီလို မလုပ်ပါဘူး... ကျွန်မ အဲဒီလို မတွေးခဲ့ပါဘူး"
"ကျွန်မက အစွမ်းပိုင်ရှင် တစ်ယောက်ပဲ ဖြစ်ချင်ခဲ့တာပါ"
"ကျွန်မသာ အစွမ်းပိုင်ရှင် ဖြစ်လာခဲ့ရင် နောက်နောင် ဒီလိုကိစ္စမျိုးတွေ ထပ်ဖြစ်လာတော့မှာ မဟုတ်ဘူး"
"ကျွန်မသာ လမ်းစဉ်အစွမ်းပိုင်ရှင် ဖြစ်လာခဲ့ရင် ကျွန်မ... ကျွန်မ ပြန်သွားပြီး အမကို ရှာမယ်... တွေ့အောင် ရှာမှာ"
"ကျွန်မရဲ့ အမက... သေချင်မှ သေဦးမှာပါ"
ဤစကားက ကျိုးရှောင်ရှောင် ကိုယ့်ကိုယ်ကိုယ် လှည့်စားနေခြင်းသာ ဖြစ်ကြောင်း အလွန် သိသာထင်ရှားနေ၏။
ထိုကဲ့သို့သော အခြေအနေမျိုးတွင် သာမန်လူတစ်ယောက် ဆိုသည်မှာ ပြောစရာပင် မလိုတော့ချေ။
အစွမ်းပိုင်ရှင် ဆိုလျှင်ပင် အသက်ရှင်ကျန်ရစ်နိုင်ရန် မဖြစ်နိုင်ပေ။
"ကျွန်မ သိပါတယ်..."
"သေသွားခဲ့ရင်တောင်... ကျွန်မက... အမရဲ့ အလောင်းကိုတော့ တွေ့ချင်သေးတယ်"
"အရင်တုန်းက ကျွန်မ ဘာမှ မသိတတ် နားမလည်သေးလို့ အမကပဲ ကျွန်မကို အမြဲတမ်း ဂရုစိုက်ခဲ့တာ... ဒါပေမဲ့ ကျွန်မက အမအတွက် ဘာတစ်ခုမှ မလုပ်ပေးခဲ့ဖူးဘူး"
"ကျွန်မ... ကျွန်မက..."
ကျိုးရှောင်ရှောင်က ခေါင်းကို ငုံ့ထားသဖြင့် သူမ၏ မျက်နှာပေါ်ရှိ အမူအရာကို ရှင်းလင်းစွာ မမြင်ရသော်လည်း သူမ၏ အသံလေးကမူ တဖြည်းဖြည်းနှင့် ပို၍ တိုးဝင်သွားလေတော့သည်။
ပဲစေ့ခန့်ရှိသော ကြည်လင်နေသည့် မျက်ရည်ပေါက်ကြီးများက မြေပြင်ပေါ်သို့ တစ်ပေါက်ပေါက် ကျဆင်းလာ၏။
မြေပြင်ပေါ်ရှိ နေရာအချို့ကို စိုစွတ်သွားစေကာ အရောင်ရင့်ရင့် အကွက်လေးများ ဖြစ်ပေါ်သွားစေသည်။
မှန်ပေသည်။ ကမ္ဘာပျက်ကပ် မတိုင်မီက ဖျော်ဖြေရေးလောကသည် မည်မျှ မှောင်မိုက်ပြီး ရွံရှာဖွယ် ကောင်းကြောင်း၊ လူစားမျိုးစုံ ရှိနေကြောင်းကို အမြဲ ကြားခဲ့ရဖူးသည်။
သို့သော် သူမကမူ တစ်ကြိမ်တစ်ခါမျှ မကြုံတွေ့ခဲ့ဖူးချေ။
ယခင်က သရုပ်ဆောင်ပေါက်စလေးများသည် စကားတစ်ခွန်းသာ ပါဝင်ရသော ဇာတ်ကောင်နေရာလေး တစ်ခုအတွက် ဆေးရုံတွင် အစာအိမ်ဆေးရသည်အထိ အရက်သောက်နိုင်ကြသည်ဟု ကြားဖူးခဲ့သည်။
အချို့သူများဆိုလျှင် ဤလောကထဲသို့ ဝင်ရောက်လာသည်မှာ ဆယ်နှစ်ကြာသည့်တိုင်အောင် မိမိဝမ်းကိုပင် မကျောင်းနိုင်ကြဟုလည်း ကြားခဲ့ရဖူးသေး၏။
ထိုအချိန်က ကျိုးရှောင်ရှောင်သည် ထိုလူများက သနားစရာကောင်းအောင် ဟန်ဆောင်နေကြခြင်းသာ ဖြစ်သည်ဟု ထင်မှတ်ခဲ့သည်။
သူတို့ကိုယ်တိုင် ကြိုးစားအားထုတ်မှု မလုံလောက်ခြင်းအတွက် ဆင်ခြေရှာနေကြခြင်းသာ ဖြစ်သည်ဟု မြင်ခဲ့၏။
သူမသည် ပွဲဦးထွက် မလုပ်ရသေးမီမှာပင် သူမထံသို့ ဇာတ်ကောင်နေရာများစွာက အလုအယက် ရောက်ရှိလာခဲ့ကြသည်။
ထိုအချိန်က ကျိုးရှောင်ရှောင်သည် သူမ၏ အမဖြစ်သူက သူမအတွက် ကိစ္စရပ်ပေါင်း မည်မျှကို ဖြေရှင်းလုပ်ဆောင်ပေးခဲ့ရသည်ကို လုံးဝ ဂရုမစိုက်ခဲ့မိပေ။
သူမ၏ အမဖြစ်သူ ထိုသဲမုန်တိုင်းကြီးထဲတွင် ပျောက်ဆုံးသွားချိန် ရောက်မှသာ...
ကျိုးရှောင်ရှောင် တစ်ယောက် လောကဓံ၏ ခက်ခဲကြမ်းတမ်းမှုများကို နက်ရှိုင်းစွာ ခံစားနားလည်သွားခဲ့ရသည်။
ဤမျှ သေးငယ်လှသော ယာဉ်တန်းလေးထဲတွင်ပင် အချင်းချင်း အကောက်ကြံ တိုက်ခိုက်မှုများက နည်းပါးလှသည် မဟုတ်ပေ။
ခေါင်းဆောင်ချူသာ တရားမျှတမှု ဟူသော စည်းမျဉ်းကို အမြဲတစေ ဆုပ်ကိုင်ထားခြင်း မရှိခဲ့ပါက ဤနေရာလေးသည် လောကငရဲဘုံအဖြစ်သို့ ပြောင်းလဲသွားသည်မှာ ကြာပြီဖြစ်ပေလိမ့်မည်။
သူမ၏ အဆုံးသတ်သည်လည်း ယခုထက် အဆတစ်ရာမက ပိုမို ဆိုးရွားနေမည်မှာ သေချာလှသည်။
တဝူမြို့တွင် ရောက်ရှိနေစဉ်က ညတစ်ညကို သူမ ထာဝရ မှတ်မိနေမည် ဖြစ်သည်။
အမျိုးသားတစ်ဦးက သူမ၏ အနီးသို့ တိတ်တဆိတ် ချဉ်းကပ်လာပြီး သူမအား တစ်ခုခု ပြုလုပ်ရန် ကြံစည်ခဲ့သည်။
ဘေးပတ်ဝန်းကျင်မှ လျစ်လျူရှုထားသော မျက်လုံးတစ်စုံစီက ကျိုးရှောင်ရှောင်အား ယခုအချိန်အထိ ပြန်တွေးမိတိုင်း ငရဲဘုံသို့ ရောက်ရှိနေသကဲ့သို့ ခံစားရစေဆဲပင်။
ထိုစဉ်က ထယ်ရှီးသာ အချိန်မီ ရောက်မလာခဲ့ပါက အကျိုးဆက်သည် တွေးကြည့်ရဲစရာပင် မရှိတော့ချေ။
ကျိုးရှောင်ရှောင်က... ကျိုးလန်ကို အလွန် လွမ်းဆွတ်နေမိသည်။
တင်းတုံက ကျိုးရှောင်ရှောင်၏ ဤကဲ့သို့သော အခြေအနေကို မြင်တွေ့လိုက်ရသောအခါ တစ်ခဏမျှ စိတ်ပျော့သွားမိသည်။
"နင်က ငါ့ကို ဆရာတင်ချင်တယ် ဆိုပေမဲ့ ငါ့မှာ နင့်ကို သင်ပေးစရာ ဘာရှိလဲဆိုတာ ငါတကယ်ကို မသိတာပါ"
"နင် အစွမ်းပိုင်ရှင် ဖြစ်ချင်တယ်ဆိုတဲ့ နင့်ရဲ့ ခံစားချက်ကို ငါ နားလည်ပါတယ်... ဒါပေမဲ့ ငါကိုယ်တိုင်တောင် အစတုန်းက အစွမ်းပိုင်ရှင် တစ်ယောက် ဘယ်လိုဖြစ်လာခဲ့လဲဆိုတာ သေချာ မသိဘူး"
"ဒါက ကံတရားကြောင့်လည်း ဖြစ်နိုင်သလို ငါ သိုင်းကျင့်ခဲ့တာကြောင့်လည်း ဖြစ်နိုင်တယ်... ဒါမှမဟုတ် နှစ်ခုလုံးကြောင့်လည်း ဖြစ်နိုင်တာပဲ"
"နင် နားလည်လား"
ကျိုးရှောင်ရှောင်က ခေါင်းကို ဖြည်းညင်းစွာ မော့လာပြီး သူမ၏ မျက်ဝန်းများထဲတွင် မျှော်လင့်ချက် ရောင်ခြည်လေးများ သန်းလာ၏။
"အမတင်းတုံ..."
တင်းတုံက လက်ကိုမြှောက်ကာ ကျိုးရှောင်ရှောင် ဆက်ပြောမည့် စကားကို တားဆီးလိုက်သည်။
"ငါ နင့်ကို တပည့်အဖြစ် လက်ခံပေးလို့ ရတယ်... သိုင်းပညာလည်း သင်ပေးလို့ ရတယ်... ငါ သိထားသမျှ အရာအားလုံးကိုတောင် နင့်ကို သင်ပေးလို့ ရတယ်"
"ဒါပေမဲ့... နင် လမ်းစဉ်ကို နိုးကြားလာပြီး အစွမ်းပိုင်ရှင် သေချာပေါက် ဖြစ်လာမယ်ဆိုတာကိုတော့ ငါ အာမမခံနိုင်ဘူး"
"ဒါကို နင် သဘောပေါက်လား"
"သဘောပေါက်ပါတယ်... သဘောပေါက်ပါတယ်... ဆရာ"
ထိုသို့ပြောပြီးနောက် ကျိုးရှောင်ရှောင်က ဒူးထောက်ချလိုက်ပြီး တင်းတုံကို ဦးသုံးကြိမ် တင်းတင်းကျပ်ကျပ် ချလိုက်လေသည်။
သူမ၏ နဖူးလေးမှာ ပြာနှမ်းသွား၏။
အမှန်တကယ်တော့ တင်းတုံသည် ကျိုးရှောင်ရှောင်ထက် အသက်ဆယ်နှစ်ခန့် ပိုကြီးသဖြင့် ဆရာဟု ခေါ်ဆိုရခြင်းမှာ သူမအတွက် နစ်နာစရာ မရှိပေ။
......
နောက်ပိုင်းရက်များတွင် ကျိုးရှောင်ရှောင်သည် ကိုယ့်ကိုယ်ကိုယ် ညှဉ်းပန်းနှိပ်စက်သည့်အလား ပြင်းပြင်းထန်ထန် ကြိုးစားအားထုတ်တော့သည်။
နေ့စဉ်နေ့တိုင်း သူမ၏ တစ်ကိုယ်လုံး ချွေးများ ရွှဲနစ်ကာ အားအင်ကုန်ခမ်းသွားသည်အထိ မလေ့ကျင့်ရပါက သူမ လုံးဝ လက်လျှော့မည် မဟုတ်ပေ။
တင်းတုံကိုယ်တိုင်လည်း သဘာဝလွန်လမ်းစဉ်ကို မည်သို့ နိုးကြားလာစေရမည်ကို မသိချေ။
ယခင်က သူမ ကိုယ်တိုင် သိုင်းပညာကို မည်သို့ လေ့ကျင့်ခဲ့သနည်း၊ ယခုလည်း ကျိုးရှောင်ရှောင်ကို ထိုနည်းအတိုင်း သင်ကြားပေးနေခြင်းသာ ဖြစ်သည်။
ချန်းရီက ဤကောင်မလေးကို အကြိမ်များစွာ မြင်တွေ့ခဲ့ရရာ ထိုအချိန်တိုင်းတွင် ကောင်မလေးသည် မြင်းထိုင်ကို အမှားအယွင်းမခံဘဲ တိကျသေချာစွာ လေ့ကျင့်နေသည်ကိုသာ တွေ့ရ၏။
ဟုတ်ပေသည်။ မြင်းထိုင်ကို လေ့ကျင့်နေခြင်းပင် ဖြစ်သည်။
ကောင်မလေး၏ အင်္ကျီပေါ်မှတစ်ဆင့် ချွေးပေါက်များက မြေပြင်ပေါ်သို့ တောက်တောက်ကျနေသည်။
သူမ၏ ခြေထောက်နှစ်ချောင်းလုံး လိပ်ပြာတောင်ပံများအလား တုန်ရီနေသည်မှာ သိသာထင်ရှားလှသည်။
သို့တိုင်အောင် ဤကောင်မလေးက လက်မလျှော့သေးပေ။
နောက်ဆုံးတွင် တင်းတုံက ဤကောင်မလေး လေ့ကျင့်မှု လွန်ကဲကာ ဒဏ်ရာရသွားမည်ကို စိုးရိမ်သဖြင့် ဝင်ရောက် တားဆီးခဲ့ရသည်။
ယခင်ကလည်း ယာဉ်တန်းထဲတွင် ရည်မှန်းချက်ကြီးမားသော မိန်းကလေးတစ်ဦး ရှိခဲ့ဖူးပြီး ပန်းရောင် ဆံပင်နှင့် ဖြစ်သည်။
ယခုတော့ ယာဉ်တန်းထဲတွင် နောက်ထပ် တစ်ယောက် တိုးလာခဲ့ပြီ ဖြစ်၏။
အရူးနောက်တစ်ယောက် တိုးလာခြင်းပင်။
နှမြောစရာကောင်းသည်မှာ ကျိုးရှောင်ရှောင်၌ ထိုပန်းရောင်ဆံပင်နှင့် မိန်းကလေး၏ ကံကောင်းမှုမျိုးနှင့် ပင်ကိုယ်စွမ်းရည်မျိုး မရှိခြင်းပင် ဖြစ်သည်။
ထိုပန်းရောင်ဆံပင်နှင့် မိန်းကလေးသည် အတော်လေး တော်သည်ဟု ဆိုရပေမည်။
ညဘက်များတွင် ထိုကောင်မလေး တိတ်တဆိတ် လေ့ကျင့်မှုများ ပြုလုပ်ပြီးနောက် အခန်းသို့ ပြန်လာသည်ကို ချန်းရီက အကြိမ်ပေါင်းများစွာ မြင်တွေ့ခဲ့ရဖူးသည်။
သို့သော် ဤကျိုးရှောင်ရှောင်ကိုမူ အခန်းထဲသို့ ပြန်ဝင်သွားသည်ကို ချန်းရီ တစ်ခါမျှ မမြင်ခဲ့ရချေ။
တင်းတုံ စိုက်ပျိုးထားသော ရိက္ခာမျိုးစေ့ ပန်းအိုးများကို ကူညီပြုစုပေးနေခြင်း မရှိပါက မြင်းထိုင်ကိုသာ လေ့ကျင့်နေတတ်သည်။
အမှန်တကယ်တော့ ကျိုးရှောင်ရှောင်၏ အသက်အရွယ်သည် အနည်းငယ် ကြီးနေပြီ ဖြစ်ကာ ယခုအချိန်မှာ သိုင်းလေ့ကျင့်ရမည့် အချိန်မဟုတ်တော့ပေ။
သို့သော် ဤကောင်မလေးမှာမူ လက်လျှော့မည့် အစီအစဉ် ရှိပုံမပေါ်ချေ။
"တကယ်တော့ နင်က အခုမှ စလေ့ကျင့်တာလေ... ကိုယ့်ကိုယ်ကိုယ် အဲဒီလောက်ကြီး ဖိအားပေးစရာ မလိုပါဘူး"
တင်းတုံက နောက်ဆုံးတွင် မနေနိုင်တော့ဘဲ ဝင်ပြောလိုက်သည်။
ကျိုးရှောင်ရှောင်က ခေါင်းယမ်းလိုက်၏။
"ဆရာ... ကျွန်မ မပင်ပန်းပါဘူး... အခုမှ သိုင်းစကျင့်တာ အချိန်နည်းနည်း နောက်ကျနေပြီဆိုတာ ကျွန်မ သိပါတယ်... အဲဒီတော့ မကြိုးစားဘူးဆိုရင် ဘယ်တော့မှ အစွမ်းနိုးကြားလာမှာ မဟုတ်တော့ဘူးလေ"
ပုံမှန်အားဖြင့် စကားနည်းလှသော ဤမိန်းကလေးအကြောင်းကို တင်းတုံသည် ဤရက်ပိုင်းအတွင်း ကောင်းစွာ သဘောပေါက် နားလည်လာခဲ့သည်။
အစွမ်းပိုင်ရှင် တစ်ယောက် ဖြစ်လာရေးသည် သူမ၏ စိတ်ဝိညာဉ်ကို လွှမ်းမိုးထားသော နတ်ဆိုးတစ်ကောင်အဖြစ်သို့ ပြောင်းလဲနေခဲ့ပြီ ဖြစ်သည်။
တင်းတုံကိုယ်တိုင်ပင်လျှင် ဤကဲ့သို့ ပူလောင်နေသော ကန်စွန်းဥပူပူကြီးကို လက်ခံမိခဲ့ခြင်းအတွက် အနည်းငယ် နောင်တရနေမိ၏။
အကယ်၍သာ သူမ အစွမ်းကုန် ကြိုးစားပြီးသည့်တိုင် အောင်မြင်မှု မရရှိခဲ့ပါက...
"ကြိုးစားပြီး သိုင်းကျင့်တိုင်းလည်း အစွမ်းပိုင်ရှင် ဖြစ်လာမယ်လို့ တပ်အပ်ပြောလို့ မရဘူး... ရှောင်ရှောင်... ဒါကို နင် သိထားဖို့ လိုတယ်..."
ကျိုးရှောင်ရှောင်က အံကြိတ်လိုက်ပြီး သူမ၏ မျက်နှာပေါ်တွင် တောက်ပသော အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။
"ဆရာ... ကျွန်မမှာ လျှောက်စရာ ဒီလမ်းတစ်လမ်းပဲ ရှိတော့တာပါ... အစွမ်းပိုင်ရှင်သာ မဖြစ်လာဘူးဆိုရင် တစ်နေ့ကျရင် ကျွန်မလည်း သေသွားရမှာပဲ မဟုတ်လား"
တင်းတုံမှာ မည်သို့ ဆက်ပြောရမည်ကို မသိတော့ဘဲ တိတ်ဆိတ်သွားတော့သည်။
ကျိုးရှောင်ရှောင် တစ်ယောက် သူမ၏ စိတ်ဝိညာဉ် အားလုံးကို သိုင်းလေ့ကျင့်ခြင်းအပေါ်တွင်သာ အာရုံစိုက် နှစ်မြှုပ်ထားချိန်မှာပင်။
နတ်ဆင်ရွာတွင်လည်း ပြောင်းလဲမှုများစွာ ဖြစ်ပေါ်လာခဲ့သည်။
ရွာထဲရှိ လေထုမှာလည်း ပိုမို တင်းမာလာခဲ့၏။
ယခင်က လူတိုင်းသည် မျက်နှာတွင် သွေးဆုတ်ကာ ပိန်လှီနေကြသော်လည်း အနည်းဆုံးတော့ ပြုံးပြုံးရွှင်ရွှင် နှုတ်ဆက်နိုင်ခဲ့ကြပြီး တစ်ခါတစ်ရံ အိမ်တံခါးဝတွင် ထိုင်ကာ စကားစမြည် ပြောဆိုနိုင်ခဲ့ကြသေးသည်။
ချန်းရီတို့ကဲ့သို့သော အစွမ်းပိုင်ရှင်များကို မြင်တွေ့ရလျှင်ပင် ရပ်တန့်ကာ လေးလေးစားစား နှုတ်ဆက်တတ်ကြ၏။
ယခုအခါတွင်မူ ချန်းရီ မြင်တွေ့ရသော ရွာသူရွာသား အများစုမှာ ခေါင်းငုံ့ကာ အလျင်စလို သွားလာနေတတ်ကြသည်။
ညမကျမီမှာပင် အိမ်တံခါးမကြီးများကို လုံခြုံစွာ သော့ခတ်ထားတတ်ကြ၏။
မုန်တိုင်းမလာမီ တိုက်ခတ်လာသော လေပြင်းများ၏ ခံစားချက်မျိုးက နတ်ဆင်ရွာ၏ နေရာအနှံ့အပြားသို့ ထိုးဖောက် ဝင်ရောက်လျက်ရှိနေတော့သည်။
ဆက်ရန်...