အခန်း ၂၀၆
Vol. 11 Ch. 206
အပိုင်း(၂၀၆) တစ်ဖန်ပြန်လည် နိုးကြားလာသော လောဘစိတ်
ခေါင်းကြီးရွာသူကြီး၏ ပြောစကားအရ သူတို့အဖွဲ့သည်လည်း မြူခိုးမြို့သို့ သွားရောက်ခဲ့ကြခြင်း ဖြစ်၏။
ထိုစဉ်က သူတို့သည် အသက်ရှင်ကျန်ရစ်သူ အယောက်နှစ်ဆယ်ကို ခေါ်ဆောင်ကာ မြူခိုးမြို့သို့ ရိက္ခာအချို့ သွားရောက်ရှာဖွေခဲ့ကြသည်။
သွားစဉ်က လူနှစ်ဆယ် ဖြစ်သော်လည်း နေ့တစ်ဝက်မျှသာ ကြာလိုက်ပြီး နောက်ဆုတ် ပြန်ထွက်လာခဲ့ရ၏။
ထိုနေ့တစ်ဝက်အချိန်လေး အတွင်းမှာပင် အသက်ရှင်ကျန်ရစ်သူ ဆယ့်ငါးယောက်ကို ဆုံးရှုံးလိုက်ရခြင်း ဖြစ်သည်။
သူတို့နှစ်ဦးသည် မြူခိုးကျွန်များနှင့် ပတ်သက်၍ အပြန်အလှန် ဆွေးနွေးပြောဆိုလိုက်ကြ၏။
မြူခိုးကျွန်များ၏ တိုက်ခိုက်ပုံ တိုက်ခိုက်နည်းများနှင့် ပတ်သက်၍လည်း ထင်မြင်ယူဆချက် အချို့ ရှိနေခဲ့ကြသည်။
"အင်း... မြူခိုးတွေရဲ့ အနက်ရှိုင်းဆုံး နေရာမှာ အခြားကမ္ဘာတစ်ခုဆီကို သွားတဲ့ တံခါးပေါက် ရှိနေမယ်လို့ ကျွန်တော်တော့ ထင်တယ်... ဒါမှမဟုတ်ရင် ဒီမြူခိုးကျွန်တွေက ဘာလို့များ မကုန်မခန်းနိုင်အောင် ထွက်လာနေတာလဲဆိုတာ ရှင်းပြလို့ မရနိုင်ဘူး"
"ဆွဲခေါ်ခံလိုက်ရတဲ့ လူတွေက မြူခိုးကျွန်အသစ်တွေ ဖြစ်သွားရတာဟာ သူတို့က အဲဒီအခြားကမ္ဘာက အရိပ်အယောင်တွေ သက်သက်ဖြစ်သွားလို့နေလိမ့်မယ်"
၎င်းမှာ ခေါင်းကြီးရွာသူကြီး၏ ခန့်မှန်းချက်ပင် ဖြစ်၏။
ခေါင်းကြီးရွာသူကြီးက မြူခိုးမြို့တွင် ဖြစ်ပျက်ခဲ့သမျှကို အစအဆုံး အသေးစိတ် ပြန်လည်ပြောပြလေသည်။
နောက်ပိုင်းတွင် မြူခိုးမြစ်မှ မြွေကြီး ထွက်ပေါ်လာခဲ့ပြီး နတ်ဆင်ရွာမှ အသက်ရှင်ကျန်ရစ်သူများကိုပင် ရန်မူရန် ရည်ရွယ်ခဲ့သေး၏။
ကံကောင်းသည်မှာ နတ်ဆင်ရွာသည်လည်း အလွယ်တကူ အနိုင်ကျင့်၍ရသော နေရာမဟုတ်သဖြင့် မြူခိုးမြစ်မြွေကြီးကို နောက်ဆုတ်သွားအောင် ဖိအားပေးနိုင်ခဲ့ကာ အေးဆေးစွာ ဆုတ်ခွာနိုင်ခဲ့ခြင်း ဖြစ်သည်။
ထိုဖြစ်စဉ်ကို ခေါင်းကြီးရွာသူကြီးက ရင်ဖိုထိတ်လန့်ဖွယ် ကောင်းအောင် ပြောပြနေခဲ့၏။
ခေါင်းဆောင်ချူကလည်း စိတ်ဝင်တစားဖြင့် အလိုက်သင့် နားထောင်ပေးနေခဲ့သည်။
အရေးကြီးသော အချက်များတွင် တစ်ခွန်းနှစ်ခွန်း ဝင်ရောက်မေးမြန်းပေးသဖြင့် ခေါင်းကြီးရွာသူကြီးမှာ ပို၍ပင် အားပါးတရ ပြောဆိုနေတော့၏။
ဤကဲ့သို့ အသက်အန္တရာယ်နှင့် နီးကပ်လှသော အခြေအနေမျိုးကို ချန်းရီ တစ်ယောက် အကြိမ်ကြိမ် ကြုံတွေ့ခဲ့ဖူးသဖြင့် ရွာသူကြီး ပြောပြနေသည်ကို နားထောင်ရသည်မှာ သာမန်မျှသာ ဖြစ်နေခဲ့သည်။
ကံကောင်းသည်မှာ ချူချယ်က ဤအခြေအနေမျိုးကို ဝင်ရောက်ထိန်းကျောင်းပေးနေသဖြင့် သူကတော့ ကိုယ့်ဘာသာ အေးအေးဆေးဆေး စားသောက်ကာ လွတ်လွတ်လပ်လပ်ပင် ရှိနေ၏။
"ဒါနဲ့... ခင်ဗျားတို့ မြူခိုးမြို့မှာ မီးရောင်အောက်က မိစ္ဆာကိုရော တွေ့ခဲ့သေးလား"
ခေါင်းဆောင်ချူ ထုတ်ပေးခဲ့သော ရိက္ခာများကြောင့် ယနေ့ညစာစားပွဲမှာ သိပ်ပြီး ဆင်းရဲနွမ်းပါးမနေခဲ့ပေ။ ထို့ကြောင့် ခေါင်းကြီးရွာသူကြီးမှာ အရက်အနည်းငယ် ဝင်သွားပြီးနောက် စကားပြောဆိုချင်စိတ်များ ပိုမို တက်ကြွလာခဲ့သည်။
"မီးရောင်အောက်က မိစ္ဆာ..."
"အင်း... ဒီကိစ္စကိုတော့ တာအိုဆရာကျန့်ကိုပဲ ပြောပြခိုင်းလိုက်ပါမယ်"
လူအများသည် ပွယောင်းယောင်း ဝတ်ဆင်ထားသော တာအိုဆရာထံသို့ အကြည့်များ ရောက်ရှိသွားကြ၏။
တာအိုဆရာက တစ်စုံတစ်ခုကို သတိရသွားပုံပေါ်ကာ သူ၏ မျက်နှာအမူအရာမှာလည်း ပို၍ လေးနက်တည်ကြည်သွားလေသည်။
"မီးရောင်အောက်က မိစ္ဆာဆိုတာ ကျွန်တော်တို့ မြူခိုးမြို့မှာ ကြုံတွေ့ခဲ့ရတာပါ... အပြင်ပန်း အမျိုးအစားကတော့ မီးရောင်အောက်မှာ ရပ်နေတဲ့ မိန်းမတစ်ယောက်ပဲ... ယောက်ျားတစ်ယောက်လည်း ဖြစ်နိုင်တယ်... သူ့ရဲ့ စည်းမျဉ်းတွေကတော့ တော်တော်လေး ထူးဆန်းတယ်"
"ဒါပေမဲ့ ဒီထူးဆန်းတဲ့ မိစ္ဆာက မြူခိုးကျွန်တွေထက် တိုက်ခိုက်နိုင်စွမ်း ပိုမြင့်တယ်... ကိုယ်နဲ့ ရင်းနှီးတဲ့သူတွေရဲ့ အသံ ဒါမှမဟုတ် ရုပ်သွင်ကို တုပနိုင်ပြီးတော့ ကိုယ်က တစ်ခွန်းလေး ပြန်ထူးလိုက်တာနဲ့ အဲဒီ မီးရောင်အောက်က မိစ္ဆာက ကိုယ့်ကို ချက်ချင်း တွယ်ကပ်သွားလိမ့်မယ်... မသေမချင်းကို လိုက်နှောင့်ယှက်တော့မှာပဲ"
"အဲဒီတုန်းက ကျွန်တော်တို့လည်း အဲဒီ မီးရောင်အောက်က မိစ္ဆာနဲ့ တိုးခဲ့လို့ လူတွေ အများကြီး ဆုံးရှုံးခဲ့ရတာ"
"ကံကောင်းလို့ ကျွန်တော့်ဆီမှာ မိုးကြိုးငါးပါး အဆောင် ရှိနေခဲ့တာ... မဟုတ်ရင် ကျွန်တော်ကိုယ်တိုင်တောင် အသက်ရှင်လျက် ပြန်ထွက်လာနိုင်မှာ မဟုတ်ဘူး"
"တကယ်လို့ ခင်ဗျားတို့သာ မီးရောင်အောက်က မိစ္ဆာနဲ့ တွေ့ခဲ့ရင် မှတ်ထားပါ... ဘာအသံကြားကြား လုံးဝ ပြန်မထူးနဲ့... မဟုတ်ရင် ဘုရားတောင် ခင်ဗျားတို့ကို ကယ်နိုင်မှာ မဟုတ်ဘူး"
ဤသို့ ပြောဆိုနေစဉ် ထိုပွယောင်းယောင်း တာအိုဆရာ၏ မျက်နှာပေါ်တွင် ထိတ်လန့်ကြောက်ရွံ့နေသည့် အရိပ်အယောင်များ ပထမဆုံးအကြိမ်အဖြစ် ပေါ်လာခဲ့၏။
ထိုစဉ်က အခြေအနေမှာ သူပြောသလောက် ရိုးရှင်းလွယ်ကူခြင်း မရှိခဲ့သည်မှာ သိသာထင်ရှားလှသည်။
နောက်ဆုံး စကားတစ်ခွန်းကတော့ ဤပွယောင်းယောင်း တာအိုဆရာ၏ ကြွားလုံးထုတ်ခြင်းသာ ဖြစ်၏။ ဘုရားပင် မကယ်နိုင်ပါဟု ဆိုသော်လည်း သူက လူငါးယောက်ကို ခေါ်ဆောင်ကာ အသက်ရှင်လျက် ပြန်လာနိုင်ခဲ့သေးသည် မဟုတ်ပါလော။
ဘေးနားရှိ ဘုန်းကြီးမှာမူ နှုတ်ဆိတ်နေပြီး မျက်နှာအမူအရာမှာလည်း မည်သို့မျှ ပြောင်းလဲခြင်း မရှိပေ။
ချန်းရီကတော့ ယခင်က မြူခိုးမြို့ အပြင်ဘက်တွင် ကြုံတွေ့ခဲ့ရသော ထူးဆန်းသည့် အရာများကို သတိရသွားပြီး ထိုအထဲတွင် ဆင်တူသည့် အရာမျိုး ပါဝင်နေခဲ့ပုံရသည်။
သို့သော် ထိုစဉ်ကတော့ မီးရောင်ကို မတွေ့ခဲ့ရချေ။
သို့ရာတွင် ချူချယ်ကတော့ အလွန် သေချာစွာ နားထောင်နေခဲ့၏။
သူသည် ယနေ့ ကြားသိခဲ့ရသမျှကို နားခိုရာသို့ ပြန်ရောက်သည်နှင့် သူ၏ မှတ်စုစာအုပ်ထဲတွင် ရေးမှတ်ထားရန် ရည်ရွယ်ထားသည်။
"ဖြောင်း... ဖြောင်း"
ခေါင်းကြီးရွာသူကြီးက လက်ခုပ်တီးလိုက်သဖြင့် လူအားလုံး၏ အာရုံစိုက်မှုက သူ၏ဆီသို့ ရောက်ရှိလာပြီး သူက ချန်းရီတို့ကို ပြုံးဖြီးဖြီးဖြင့် ကြည့်လိုက်၏။
"ပါမောက္ခလျှိုက မကြာသေးခင်ကမှ ဟင်းစားပင် မျိုးစေ့အသစ်တချို့ကို ပျိုးထောင်နိုင်ခဲ့တယ်... တိုက်တိုက်ဆိုင်ဆိုင် ဧည့်သည်တော်တွေလည်း ရောက်နေကြတာဆိုတော့ အားလုံးပဲ အကြံဉာဏ်လေးများ ပေးကြမလား"
ရိက္ခာ မျိုးစေ့ ဟုတ်လား။
အကြံဉာဏ် ပေးရမယ်ပေါ့။
ချန်းရီက အနည်းငယ် အံ့အားသင့်သွား၏။ သူကိုယ်တိုင်က စိုက်ပျိုးရေး ကျွမ်းကျင်သူမှ မဟုတ်ဘဲ ရိက္ခာ မျိုးစေ့အသစ်အတွက် အကြံဉာဏ် ပေးခိုင်းနေခြင်း ဖြစ်သည်။
ဒါက ပေါက်ကရတွေ မဟုတ်ပါလော။
သို့သော် ချန်းရီသည် လက်မခံကြောင်း ဖွင့်ဟပြောဆိုခြင်း မပြုဘဲ တိတ်ဆိတ်ငြိမ်သက်စွာဖြင့်သာ စောင့်ကြည့်နေလိုက်၏။
စွန်းချန်းချန်းနှင့် ထယ်ရှီးတို့၏ မျက်နှာများပေါ်တွင်ပင် နားမလည်နိုင်သော အမူအရာများ ပေါ်လွင်နေကြသည်။
သူတို့ တွေးနေသည်မှာလည်း ချန်းရီနှင့် အတူတူပင် ဖြစ်လောက်မည်။
မကြာမီမှာပင် ယခင် ရှောင်ကျန်းဟုခေါ်သော လူငယ်လေးက ဗန်းတစ်ချပ်ကို အလွန် ဂရုတစိုက် ကိုင်ဆောင်ကာ ဝင်ရောက်လာ၏။
ဗန်းပေါ်တွင် အနီရောင် အဝတ်စတစ်ခုကိုလည်း ဖုံးအုပ်ထားသေးသည်။
ထိုလူငယ်လေး၏ ဂရုတစိုက် ဖြစ်နေသော အမျိုးအစားကို ကြည့်ခြင်းအားဖြင့် ဗန်းထဲရှိ ပစ္စည်းမှာ အလွန် တန်ဖိုးကြီးမားကြောင်း သိသာထင်ရှားနေ၏။
ခေါင်းကြီးရွာသူကြီးက သူတို့အဖွဲ့ကို တစ်ချက်ကြည့်လိုက်ပြီး နှုတ်ခမ်းထောင့်တွင် ဂုဏ်ယူဝင့်ကြွားနေသော အပြုံးတစ်ခု ပေါ်လာသည်။
အနီရောင် အဝတ်စကို ဖယ်ရှားလိုက်သောအခါ ဗန်းပေါ်တွင် ပစ္စည်းနှစ်ခုသာ ရှိနေ၏။
တစ်ခုမှာ ခုနက သူတို့စားခဲ့သော မီးဖုတ်အာလူးမျိုး ဖြစ်သည်။ သေချာသည်မှာ ဤအာလူးက မီးဖုတ်ထားခြင်း မဟုတ်ဘဲ မျက်နှာပြင်ပေါ်တွင် ရွှံ့မြေများပင် ကပ်ကျန်နေသေး၏။
အခြားတစ်ခုမှာ ဆလတ်ရွက် တစ်ဝက်ဖြစ်ပြီး ထိုဆလတ်ရွက်၏ မျက်နှာပြင်တွင်လည်း ရွှံ့မြေများ အများအပြား ရှိနေသည်။
လူအများက နားမလည်နိုင်စွာဖြင့် ခေါင်းကြီးရွာသူကြီးကို ကြည့်လိုက်ကြ၏။
ခေါင်းကြီးရွာသူကြီးက ပြုံးဖြီးဖြီးဖြင့် ရှေ့သို့ ခြေနှစ်လှမ်းမျှ တိုးသွားကာ ဗန်းဘေးသို့ ရောက်သောအခါ ရယ်မောလျက် ပြောလိုက်သည်။
"မိတ်ဆွေတို့... ဒါက သာမန် အာလူးနဲ့ ဆလတ်ရွက်ပဲလို့ ခင်ဗျားတို့ တွေးနေလောက်တယ်... ကမ္ဘာပျက်ကပ် မတိုင်ခင်ကဆို အလွယ်တကူ ရနိုင်တဲ့ဟာတွေမို့ ဘာများ ထူးဆန်းစရာ ရှိလို့လဲပေါ့"
"ဒါပေမဲ့ ကျွန်တော် ပြောချင်တာက... ဒါဟာ ကျွန်တော်တို့ရဲ့ ပါမောက္ခလျှို နောက်ဆုံး ပျိုးထောင်အောင်မြင်ထားတဲ့ အကောင်းဆုံး ရိက္ခာ မျိုးစေ့တွေပါပဲ"
"ကျွန်တော် နည်းနည်း မိတ်ဆက်ပေးပါရစေ... ပါမောက္ခလျှိုက အရင်က စိုက်ပျိုးရေးတက္ကသိုလ်က ပါမောက္ခ တစ်ယောက်ပါ... ကမ္ဘာပျက်ကပ် ရောက်ပြီးနောက်မှာ အပင်ကျွမ်းကျင်သူ လမ်းစဉ်ကို နိုးထလာခဲ့တာ... အခုဆိုရင် သူက လမ်းစဉ် အဆင့် (၃) ဖြစ်နေပြီ... သူ့ရဲ့ လမ်းစဉ်နာမည်ကတော့ နတ်လယ်သမားလေးတဲ့"
နတ်လယ်သမားလေး ဟုတ်လား။
ဤလမ်းစဉ်နာမည်က အတော်လေး စိတ်ဝင်စားစရာ ကောင်းနေသည်။
နေဦး... မဟုတ်သေးဘူး။
နတ် ဆိုပါလား။
သာမန် လမ်းစဉ်နာမည်မျိုးက ဤကဲ့သို့သော နာမည်ကို သုံးစွဲရဲမည်လား။
ဒီနာမည်မှာ တစ်ခုခုတော့ ပြဿနာ ရှိနေပြီ။
ချန်းရီ ထပ်မံ တွေးတောချိန်ပင် မရလိုက်ဘဲ မျက်နှာချင်းဆိုင်ရှိ ပြုံးဖြီးဖြီး လုပ်နေသော ခေါင်းကြီးရွာသူကြီးက ဆက်လက် မိတ်ဆက်နေလေ၏။
"ဒီအာလူးကို ပါမောက္ခလျှိုက ရာစုသစ် အမျိုးအစား (၇၂) အာလူး နံပါတ် (၁) လို့ နာမည်ပေးထားတယ်... လွန်ခဲ့တဲ့ ခြောက်လလောက်ကမှ ပါမောက္ခလျှို ပျိုးထောင်အောင်မြင်ခဲ့ပြီး အလွန် ရှားပါးတယ်"
"ဒီဆလတ်ရွက် တစ်ဝက်ကိုတော့ ပါမောက္ခလျှိုက ရာစုသစ် အမျိုးအစား (၃၆) ဆလတ်ရွက် နံပါတ် (၁) လို့ နာမည်ပေးထားတယ်... ဒါကတော့ လွန်ခဲ့တဲ့ လေးလလောက်ကမှ ပျိုးထောင်အောင်မြင်ခဲ့တာပါ... ပါမောက္ခလျှို ပြောတာကတော့ မတော်တဆ ပျိုးထောင်မိရင်း အောင်မြင်သွားတာတဲ့... ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ဒီစိုက်ပျိုးရေး ထွက်ကုန်နှစ်ခုက ကျွန်တော်တို့ နတ်ဆင်ရွာကို အကျိုးကျေးဇူးတွေ အများကြီး ရရှိစေခဲ့ပါတယ်"
ချန်းရီက အနည်းငယ် ထွက်သွားချင်နေပြီ ဖြစ်၏။ သူက ဤအပင်ပညာရှင် လမ်းစဉ် အဆင့် (၃) ဖြစ်သော နတ်လယ်သမားလေးကို မလေးစား၍ မဟုတ်ဘဲ သူပြောနေသည်များကို နားမလည်နိုင်၍သာ ဖြစ်သည်။
ဤခေါင်းကြီးရွာသူကြီးက ရှားရှားပါးပါး ထူးဆန်းသည့် အရာတစ်ခုခုကိုများ ထုတ်ပြလာမည်ဟု သူ ထင်မှတ်ထားခဲ့မိ၏။
နောက်ဆုံးတော့ ဒါပဲလား။
သို့သော် ချန်းရီသည်လည်း လူကြီးတစ်ယောက် ဖြစ်နေပြီဖြစ်ရာ ဤမျှလောက် သည်းခံနိုင်စွမ်းတော့ ရှိနေပါသေးသည်။
ထို့နောက်တွင်တော့ ခေါင်းကြီးရွာသူကြီးက ဤရိက္ခာ မျိုးစေ့ဟု ဆိုသော အရာနှစ်ခုအကြောင်းကို ဆယ်မိနစ်ခန့် အချိန်ယူ၍ မိတ်ဆက်ရှင်းပြနေခဲ့၏။
နားထောင်လေလေ ချန်းရီ၏ ပါးစပ်က ဟောင်းလောင်း ပွင့်လာလေလေ ဖြစ်သည်။
နားထောင်လေလေ ချန်းရီမှာ ပို၍ အံ့အားသင့်လာရလေလေ ဖြစ်၏။
နားထောင်လေလေ ချန်းရီ၏ ရင်ထဲမှ လောဘစိတ်များကလည်း ပိုမို ကြီးထွားလာလေလေ ဖြစ်တော့သည်။
ပြီးခဲ့သော ကုလားအုတ်ယာဉ်တန်းကို အနိုင့်ကျင့်လုယက်ခဲ့သည့် ဖြစ်စဉ်ပြီးနောက် ယခုတစ်ကြိမ်တွင်လည်း သူတစ်ပါးကို အနိုင့်ကျင့်လုယက်ချင်သော စိတ်ကူးက ချန်းရီ၏ စိတ်ထဲတွင် တစ်ဖန် ပြန်လည် ပေါ်ပေါက်လာခဲ့ပြီ ဖြစ်၏။
ချန်းရီက ဆေးလိပ်တစ်လိပ်ကို မီးညှိလိုက်သည်။ လွင့်ပျံ့နေသော ဆေးလိပ်ငွေ့များကြားတွင် နေကာမျက်မှန်အောက်ရှိ သွေးရောင်မျက်လုံးများက အဆက်မပြတ် တလက်လက် တောက်ပနေပြီး အန္တရာယ်များလှသော အလင်းရောင်များကို ထုတ်လွှတ်နေလေ၏။
ထိုအချိန်တွင် ချန်းရီမှာ နတ်ဆင်ရွာကို မည်သို့ ဝါးမျိုရမည်နည်း ဆိုသည်ကို ကြံစည်တွက်ချက်နေပြီ ဖြစ်သည်။
ချူချယ်သည်လည်း စိတ်လှုပ်ရှား တက်ကြွနေခဲ့သော်လည်း သူ အစိုးရိမ်ဆုံးမှာ ချန်းရီကိုပင် ဖြစ်၏။ ဤအချိန်၌ ချန်းရီ ရုတ်တရက် အကြမ်းဖက်လိုက်မည်ကို သူ စိုးရိမ်နေမိသည်။
ထို့ကြောင့် ခေါင်းဆောင်ချူက မသိမသာဖြင့် ချန်းရီ၏ အရှေ့တွင် ဝင်ရောက် ကာကွယ်လိုက်၏။
ချူချယ်၏ စိတ်ထဲတွင်တော့ ကြိမ်းဝါးဆဲရေးနေပြီ ဖြစ်သည်။
ဒီလိုလူကများ ရွာသူကြီး လုပ်နေသေးတယ်။
ခင်ဗျား ဦးနှောက်များ မကောင်းလို့လား။
ဒီလိုပစ္စည်းမျိုးကို အပြင်ထုတ်ပြတာ... ခင်ဗျား တမင်သက်သက် လုပ်နေတာတော့ မဟုတ်ပါဘူးနော်။
တမင်သက်သက် သူများလာလုအောင် မြှူဆွယ်နေတာလား။
ချန်းရီ... ဒီအရူးကောင်... ဒီအချိန်မှာတော့ ထပြီး အကြမ်းမဖက်လိုက်ပါနဲ့ကွာ။
ငါကိုယ်တိုင်လည်း အရမ်းလိုချင်နေတယ်... ရူးမတတ်ကို လိုချင်နေတာ... ဒါပေမဲ့ ကိစ္စတွေကို ဒီလို ရှင်းလို့မရဘူးလေ...
ပန်းရောင်ဆံပင်နှင့် ကောင်မလေးသည်လည်း တစ်ခုခုကို သတိထားမိသွားပုံပေါ်ကာ ဤဒဏ္ဍာရီလာ ရိက္ခာ မျိုးစေ့နှစ်ခုကို ရှေ့တိုးကြည့်ရှုမည့် အကြောင်းပြချက်ဖြင့် ချန်းရီ၏ ညာဘက်ခြမ်းကို သေချာစွာ ပိတ်ဆို့ထားလိုက်၏။
တင်းတုံကလည်း ကိစ္စ၏ ကြီးလေးမှုကို နားလည်သဘောပေါက်သဖြင့် ကြည့်ရှုမည့် အကြောင်းပြချက်ကို အသုံးချကာ ရှေ့သို့ တက်လာပြီး ချန်းရီ၏ ဘယ်ဘက်ခြမ်းကို တင်းကြပ်စွာ ပိတ်ဆို့လိုက်သည်။
သူတို့သုံးယောက်က ချန်းရီကို အလယ်တွင် သေချာစွာ ညှပ်ထားလိုက်ကြ၏။
ချန်းရီကို တိုက်ခိုက်ရန် ရည်ရွယ်၍တော့ မဟုတ်ပေ။
ချန်းရီ၏ လက်ပါလာမှုကို တားဆီးရန်သာ ဖြစ်သည်။
ကိစ္စတွေကို ဤသို့ ဖြေရှင်း၍ မဖြစ်ချေ။
ဤကမ္ဘာကြီးတွင် လူဆို၍ အလွန် နည်းပါးနေပြီဖြစ်ရာ လူသားအချင်းချင်း ပြန်လည် သတ်ဖြတ်နေ၍ မဖြစ်နိုင်တော့ပေ။
သူတို့သုံးယောက်သည် ချန်းရီ လှုပ်ရှားနိုင်ခြေရှိသော လမ်းကြောင်းမှန်သမျှကို အသေအချာ ပိတ်ဆို့ထားလိုက်ကြ၏။
ဤကဲ့သို့သော ရတနာပစ္စည်းမျိုးကို ချန်းရီ၏ ရှေ့တွင် လာထားခြင်းက မည်မျှ အန္တရာယ်ကြီးမားကြောင်း သူတို့ကိုယ်တိုင်သာ အသိဆုံး ဖြစ်သည်။
ထယ်ရှီး တစ်ယောက်သာလျှင် ဤအံ့ဖွယ် ရိက္ခာ မျိုးစေ့နှစ်ခုကို အူကြောင်ကြောင်ဖြင့် ကြည့်နေပြီး သူ၏ မျက်နှာပေါ်ရှိ အံ့အားသင့်မှုနှင့် ချီးကျူးလေးစားမှုတို့မှာတော့ တကယ့် အစစ်အမှန်ပင် ဖြစ်လေသည်။
ဆက်ရန်...