အခန်း ၆၂
Vol. 4 Ch. 62
အပိုင်း(၆၂) ကမ္ဘာပျက်ကပ်သုံး ပစ်ကပ်ကား အဆင့်မြှင့်တင်မှု ပြီးစီးခြင်း
ယခင်က ထိုအရေခွံနီကို စစ်ဆေးရန်အတွက် သတ်ဖြတ်မှတ် (၁၀၀) သုံးစွဲခဲ့ရသည်။
ဤမိုးမခကိုင်းအတွက်လည်း နောက်ထပ် သတ်ဖြတ်မှတ် (၁၀၀) ထပ်မံသုံးစွဲရန် ချန်းရီ စိတ်ပိုင်းဖြတ်ထားပြီး ဖြစ်သည်။
ရင်ထဲတွင် သွေးထွက်မတတ် နှမြောနေသော်လည်း ချန်းရီက စစ်ဆေးရန် ဆုံးဖြတ်လိုက်သည်။
သို့သော် စနစ်မှ သတ်ဖြတ်မှတ် (၁၀) မှတ်သာ လိုအပ်ကြောင်း ပြသလာသောအခါ ချန်းရီမှာ အနည်းငယ် စိတ်ပျက်သွားသလို တစ်ဖက်တွင်လည်း ဝမ်းသာသွားရသည်။
သတ်ဖြတ်မှတ် (၁၀) မှတ်သာ တန်သော ပစ္စည်းသည် သေချာပေါက် ပစ္စည်းကောင်းတစ်ခု ဖြစ်မလာနိုင်ဟု တွေးမိသဖြင့် စိတ်ပျက်သွားခြင်း ဖြစ်သည်။
ဝမ်းသာသွားရသည်မှာ သတ်ဖြတ်မှတ် (၁၀) မှတ်သာ ကုန်ကျသွားသောကြောင့် ဖြစ်၏။
စနစ်က အဖြေကို လျင်မြန်စွာ ဖော်ပြလာသည်။
[ပစ္စည်းအမည် - မရဏမိုးမခပင်၏ သစ်ကိုင်း]
[အမျိုးအစား - သဘာဝလွန်ပစ္စည်း ကုန်ကြမ်း၊ သဘာဝလွန်ပစ္စည်းများ ဖန်တီးရာတွင် အသုံးပြုနိုင်သည်]
[မူလဇစ်မြစ် - ဤအရာသည် အမည်မသိ လူတစ်ယောက်က မရဏမိုးမခပင်မှ ခုတ်ထစ်ယူဆောင်လာသည့် သစ်ကိုင်းတစ်ကိုင်းသာ ဖြစ်သည်။ ဤကဲ့သို့သော သစ်ကိုင်းမျိုး မရဏမိုးမခပင်တွင် အများအပြား ရှိနေသေးသည်။]
[သုံးသပ်ချက် - ဤအရာသည် ရှားပါး သဘာဝလွန်ပစ္စည်း ကုန်ကြမ်း အမျိုးအစားတွင် ပါဝင်သော်လည်း သာမန် သဘာဝလွန်ပစ္စည်း ကုန်ကြမ်းတစ်ခုသာ ဖြစ်သည်။]
ချန်ရှုရွာက မိုးမခပင်ကြီး၏ နာမည်က မရဏမိုးမခပင်ဟု ခေါ်တာကိုး။
ဤအမည်က တကယ်ကို လိုက်ဖက်သည့် အမည်တစ်ခုပင်။
ထိုမိုးမခပင်ကြီးအောက်ရှိ ရုပ်သေးအလောင်း တစ်လောင်းချင်းစီက မရဏ ဝိညာဉ်များပင် မဟုတ်ပါလော။
နေပါဦး... အမည်မသိ လူတစ်ယောက်ဆိုတာက ဘာကို ပြောချင်တာလဲ။
ဒီစနစ်က လူကိုတောင် လှောင်ပြောင်တတ်သေးတာလား။
ယခင်က အရေခွံဆုတ် တစ္ဆေ၏ ဦးရေပြားကို စစ်ဆေးစဉ်ကဆိုလျှင် နံပါတ်စဉ် (၂၀၀၀) အတွင်းရှိ သဘာဝလွန်ပစ္စည်း တစ်ခုကို ဖန်တီးနိုင်ကြောင်း စနစ်က သုံးသပ်ချက် ပေးခဲ့သေးသည်။
ယခုတစ်ကြိမ်တွင်မူ စနစ်က ထိုကဲ့သို့သော အရိပ်အမြွက်မျိုး လုံးဝ ပေးမထားပေ။
ကြည့်ရသည်မှာ ဤမရဏမိုးမခပင်၏ သစ်ကိုင်းသည် အရေခွံဆုတ် တစ္ဆေ၏ ဦးရေပြားထက် များစွာ အဆင့်နိမ့်နေပုံရသည်။
သို့သော် ချန်းရီ၏မျက်နှာက မှောင်မည်းနေသည့်တိုင် ထိုသစ်ကိုင်းကို သေချာစွာ သိမ်းဆည်းလိုက်သည်။
လက်ရှိတွင် စနစ်၌ အဆင့်မြှင့်တင်ရေး တာဝန် ရှိနေသေးသဖြင့် စနစ် အဆင့်မြှင့်တင်မှု ပြီးဆုံးမှသာ နောက်ထပ် တာဝန်တစ်ခုကို ဆက်လက် လုပ်ဆောင်နိုင်မည် ဖြစ်သည်။
စနစ်၏ အဆင့်မြှင့်တင်ရေး တာဝန်မှာ တစ်ခုသာ လက်ခံနိုင်ပြီး အဆင့်မြှင့်တင်ရေး တာဝန် နှစ်ခုကို တစ်ပြိုင်နက်တည်း လုပ်ဆောင်၍ မရနိုင်ပေ။
သို့သော် ဤကဲ့သို့ စစ်ဆေးခြင်း သို့မဟုတ် အမေးအဖြေ တာဝန်မျိုးကိုမူ ခွင့်ပြုထားသည်။
စနစ်က ချက်ချင်း အဖြေပေးနိုင်သော တာဝန်များသည် များသောအားဖြင့် စနစ်၏ အဆင့်မြှင့်တင်ရေး ကန့်သတ်ချက်ထဲတွင် မပါဝင်ပေ။
သဘာဝလွန်ပစ္စည်းကို အဆင့်မြှင့်တင်လိုပါက မနက်ဖြန် မနက် ခုနစ်နာရီနောက်ပိုင်းအထိ စောင့်ဆိုင်းရမည် ဖြစ်သည်။
ဆေးလိပ်တစ်လိပ်ကို မီးညှိလိုက်ရာ မှိန်ဖျော့ဖျော့ မီးရောင်လေးက ကားမိုးအောက်တွင် အနည်းငယ် လင်းထိန်သွားစေပြီး ဘယ်ဘက်မျက်လုံးရှိ ပုံမှန်မဟုတ်သော အဖြူရောင် သူငယ်အိမ်က အမှောင်ထုထဲတွင် ပေါ်တစ်လှည့် ပျောက်တစ်လှည့် ဖြစ်နေသည်။
ချန်းရီ၏ အတွေးများက လျင်မြန်စွာ လွင့်မျောနေ၏။
တစ်ခဏမျှ ကမ္ဘာပျက်ကပ် မတိုင်မီ အချိန်ဆီသို့ တွေးမိသွားသည်။
ကမ္ဘာပျက်ကပ် မတိုင်မီက ချန်းရီသည် သာမန်လူတစ်ယောက်သာ ဖြစ်သည်။
နေ့စဉ် အလုပ်သွား၊ အလုပ်ဆင်း၊ အားလပ်ချိန်တွင် ဗီဒီယိုတိုလေးများ ကြည့်ကာ အချိန်ဖြုန်းခဲ့သည်။
ထို့နောက် လက်ရှိအခြေအနေဆီသို့ အတွေးများ ရောက်ရှိသွားပြန်သည်။
ဥပမာအားဖြင့် ယခု ယာဉ်တန်းလေးအကြောင်းပင်။
ယာဉ်တန်းထဲရှိ ခေါင်းဆောင်ချူသည် အပေါ်ယံကြည့်လျှင် အထက်တန်းကျသော လူငယ်တစ်ယောက်နှင့် တူသော်လည်း လက်တွေ့တွင်မူ ကပ်စေးနှဲကာ လဘက်ရည်ကို ခိုးသောက်တတ်ပြီး သူတစ်ပါးကို မဝေမျှလိုသူ ဖြစ်သည်။
ထို့ထက်ဆိုးသည်မှာ သူသည် ခိုးနားထောင်သည့် ရေဒီယိုကို အသုံးပြုကာ သူတစ်ပါး၏ ကိုယ်ရေးကိုယ်တာများကို ခိုးနားထောင်ရသည်ကို နှစ်သက်သော ရူးကြောင်ကြောင် ကောင်မျိုးပင် ဖြစ်သည်။
တစ်ခါတရံ၌ ထိုခိုးနားထောင်သည့် ရေဒီယို၏ သစ္စာဖောက်မှုကြောင့် လူလုံးမပြရဲအောင် ရှက်ကွဲရတတ်သေးသည်။
ပြီးတော့ အရက်သမား အထက်တန်းကျောင်းသူ၊ ပန်းရောင်ဆံပင်နှင့် ခြေတံရှည်ကောင်မလေးလည်း ရှိသေးသည်။
ယခင်က ထိုမိန်းကလေး အရက်ကြိုက်မှန်း မသိခဲ့သော်လည်း ယခုရက်ပိုင်းအတွင်း အရက်ရလာသောအခါ တစ်နေကုန် မူးရူးနေတော့သည်။
ထို့အပြင် စိတ်နှစ်မျိုးရှိသော လူသန်ကြီးလည်း ရှိသေးသည်။ ပုံမှန်ဆိုလျှင် တုံးအအဖြစ်နေတတ်သော်လည်း တိုက်ခိုက်ချိန်၌ အလွန်အမင်း ရမ်းကားတတ်ကာ အခြားလူတစ်ယောက်ကဲ့သို့ ပြောင်းလဲသွားတတ်သည်။
ပရိယာယ်များသော ရှုလီနာ၊ မိန်းမဆန်မှု အပြည့်ရှိသော ဤမိန်းမက မိမိထံ ချဉ်းကပ်လာခြင်းသည် သေချာပေါက် သူမ၏ ကိုယ်ပိုင် အကြံအစည်များ ရှိနေ၍ပင် ဖြစ်သည်။
တရားမျှတမှုကို လွန်ကဲစွာ ကိုင်စွဲထားတတ်သော တက္ကသိုလ်ကျောင်းသား ရှောင်ဖူ၊ ထိုလူသည် ကြည့်လိုက်သည်နှင့် သက်တမ်းမရှည်နိုင်မှန်း သိသာသည်။
မိမိကိုယ်မိမိ အထင်ကြီးနေတတ်သော ကျိုးရှောင်ရှောင်၊ ရင့်ကျက်တည်ငြိမ်သော နာမည်ကြီး မင်းသမီး ကျိုးလန်။
ပြီးတော့... ဆေးလိပ်စွဲနေသည့် မိမိကိုယ်တိုင်...
ဒီယာဉ်တန်းလေးက တကယ်ကို စိတ်ဝင်စားဖို့ ကောင်းလှသည်။ လူတိုင်းမှာ ကိုယ်ပိုင် စရိုက်လက္ခဏာတွေ ရှိနေကြတာပဲ။
ဘယ်ဘက်မျက်လုံး၏ အမြင်အာရုံက တဖြည်းဖြည်း ပိုဆိုးလာနေပြီး တစ်နေ့နေ့တွင် လုံးဝ ကန်းသွားနိုင်ချေ ရှိသည်။
အဆင့်မြှင့်တင်ရေး စနစ်ကို ပိုင်ဆိုင်ထားမှတော့ ကုသပျောက်ကင်းနိုင်မှာပါ။
တွေးရင်းတွေးရင်းဖြင့် ချန်းရီ၏ အတွေးများက တဖြည်းဖြည်း မှုန်ဝါးလာပြီး မျက်ခွံများလည်း ပိုမို လေးလံလာတော့သည်။
အချိန်များ လျင်မြန်စွာ ကုန်ဆုံးသွား၏။
အဆင့်မြှင့်တင်မှု ပြီးစီးသွားသည့် ခဏမှာပင် ချန်းရီ မျက်လုံးများ ပွင့်လာခဲ့သည်။
ဤကမ္ဘာပျက်ကပ်သုံး ပစ်ကပ်ကားနှင့် ပတ်သက်၍ ချန်းရီသည် အချိန်ကြာမြင့်စွာကတည်းက မျှော်လင့်စောင့်စားနေခဲ့ခြင်း ဖြစ်သည်။
ထို သုံးဘီးဆိုင်ကယ်ကို သူ ငြီးငွေ့နေသည်မှာ ကြာပြီဖြစ်သည်။
အကယ်၍ ဘီးလေးဘီးပါသော ကားတစ်စီးသာ ရှာမတွေ့ခဲ့လျှင် ချန်းရီက သုံးဘီးဆိုင်ကယ် စီးပြီး ကမ္ဘာပျက်ကပ်ထဲ ဖြတ်သန်းသွားလာနေမည် မဟုတ်ပေ။
ကားနောက်ခန်းထဲတွင် လှဲလျောင်းနေရုံဖြင့် ချန်းရီက ခြားနားမှု တစ်ချို့ကို ခံစားလိုက်ရသည်။
ကားက မြင့်တက်လာခြင်း မဟုတ်ဘဲ နိမ့်ကျသွားခြင်း ဖြစ်သည်။
ကားကို မြေပြင်ပေါ်သို့ တိုက်ရိုက် ချထားလိုက်သကဲ့သို့ ဖြစ်နေ၏။
ကားနောက်ခန်းထဲမှ တွားသွားထွက်လာသောအခါ မနေ့ညက အေးစက်လှသော အပူချိန်မှာ လုံးဝ မရှိခဲ့သကဲ့သို့ပင်။
ရွှေဝါရောင် နေမင်းကြီးက ထိုထူးဆန်းကျောချမ်းဖွယ် သွေးရောင်လမင်းကြီး၏ နေရာကို အစားထိုး ဝင်ရောက်လာခဲ့ပြီ ဖြစ်သည်။
နေ့စဉ် နံနက်ခင်းတိုင်း၏ နေရောင်ခြည်က ကမ္ဘာပျက်ကပ်၏ မှုန်မှိုင်းသော အငွေ့အသက် တစ်စိတ်တစ်ပိုင်းကိုလည်း ဖယ်ရှားပေးလေ့ရှိသည်။
ခေါင်းဆောင်ချူမှလွဲ၍ ယာဉ်တန်းထဲရှိ အခြားလူများအားလုံးမှာ တစ်ခါတရံ ကမ္ဘာပျက်ကပ်ကြီး မဟုတ်တော့သကဲ့သို့ ထင်ယောင်ထင်မှား ဖြစ်တတ်ကြသည်။
ယခုအချိန်တွင် ချန်းရီ၏ မျက်စိရှေ့၌ မြင်တွေ့နေရသည်မှာ ခံ့ညားထည်ဝါသော ကမ္ဘာပျက်ကပ်သုံး ပစ်ကပ်ကားကြီး တစ်စီးပင် ဖြစ်သည်။
ကားဘီးများ မပါရှိသော်လည်း ဤကား၏ ခံ့ညားမှုကို သိသာထင်ရှားစွာ ပြသနေဆဲ ဖြစ်သည်။
ထိုစဉ်က သတ်ဖြတ်မှတ်များကို ချွေတာရန်အတွက် ချန်းရီက စနစ်ကို ကားဘီးများ တပ်ဆင်ပေးရန် မခိုင်းစေခဲ့ပေ။
ချွေတာနိုင်သလောက် ချွေတာရမည် မဟုတ်ပါလော။
ယခင်က ကားခေါင်းပိုင်းမှာ အလွန်တိုတောင်းပြီး မီနီဘတ်စ်လေး တစ်စီးနှင့်ပင် ဆင်တူလှသည်။
သို့သော် ယခု ကားခေါင်းပိုင်းမှာမူ အလွန် ရှည်လျားနေသည်။
ဈေးကွက်ထဲတွင် ခေတ်စားနေသော ကြမ်းတမ်းသည့် လမ်းကြမ်းမောင်း ကားကြီးများနှင့် ဆင်တူနေ၏။
ဤကမ္ဘာပျက်ကပ်သုံး ပစ်ကပ်ကားကို ပုံစံထုတ်စဉ်က ချန်းရီသည် ရှေ့ပိုင်းတွင် အင်ဂျင်ခန်း ပါရှိရန် ပုံစံထုတ်ခဲ့သည်။
ကားပြတင်းပေါက် အစိတ်အပိုင်းကိုလည်း ပိုမို ကြီးမားအောင် ပြုလုပ်ထားပြီး ၎င်းမှာလည်း ချန်းရီက ပုံစံထုတ်စဉ်ကတည်းက တမင်သက်သက် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။
ယခင်က သစ်သားပြားများဖြင့် ဆက်စပ်ထားသော ကားမိုးမှာ ယခုအခါ ကားခေါင်းပိုင်းနှင့် ပြီးပြည့်စုံစွာ ဆက်စပ်နေပြီး ကြည့်ရသည်မှာ လုံးဝ အမြင်မရိုင်းတော့ပေ။
ထိုစဉ်က အိပ်စက်ရန်အတွက် သုံးဘီးဆိုင်ကယ်၏ နောက်ခန်းကို ချန်းရီက အနည်းဆုံး (၈) ပေခန့် အရှည်ရှိအောင် ပုံစံထုတ်ခဲ့သည်။
မူလက (၁၀) ပေခန့်သာ ရှည်လျားသော်လည်း ရှေ့ပိုင်း အင်ဂျင်ခန်းကို ထပ်မံ ရှည်လျားအောင် ပြုလုပ်လိုက်သဖြင့် ကားတစ်စီးလုံး၏ အရှည်မှာ မျက်မှန်းတန်းကြည့်လျှင် (၁၃) ပေကျော်ခန့် ရှိနေသည်။
ထိုအပေါ်တွင် (၈) ပေ အရှည်ရှိသော ကားနောက်ခန်းကို ထပ်ပေါင်းလိုက်လျှင် ကားတစ်စီးလုံး၏ အရှည်မှာ (၂၁) ပေခန့် ရှိမည်ဟု ထင်ရသည်။
သာမန် လမ်းကြမ်းမောင်း ကားကြီးများထက်ပင် အတော်အတန် ပို၍ ရှည်လျားနေသည်။
ဤကဲ့သို့သော ကားမျိုးသည် မြို့ထဲတွင် မောင်းနှင်ရန် ခက်ခဲနိုင်သော်လည်း ဤကဲ့သို့သော ကမ္ဘာပျက်ကပ် အခြေအနေမျိုးနှင့်မူ အလွန် သင့်တော်လှပေသည်။
ချန်းရီသည် သတ်ဖြတ်မှတ်များကို သုံးစွဲရာတွင် အလွန် ကပ်စေးနှဲလှသည်။
သို့သော် တာဝန်ကို အတည်ပြုလိုက်သည်နှင့် စနစ်က သေချာစွာ ပြီးမြောက်အောင် လုပ်ဆောင်ပေးလေသည်။
ကားဆေးရောင်မှာ အနည်းငယ် စုတ်ပြတ်နေသယောင် ရှိပြီး အချို့နေရာများတွင် မူလ သတ္တုသားများပင် ပေါ်နေသည်။
၎င်းမှာလည်း သတ်ဖြတ်မှတ်များကို ချွေတာလိုက်ခြင်း၏ ရလဒ်ပင် ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ယခုအချိန်သည် ကမ္ဘာပျက်ကပ်ကြီး ဖြစ်ရာ ကားဆေးရောင် စုတ်ပြတ်နေခြင်းက အသက်ရှင်သန်ရေးကို မထိခိုက်နိုင်ပေ။
ဤကဲ့သို့သော ကားမျိုးမှသာ ကမ္ဘာပျက်ကပ်၏ နောက်ခံနှင့် လိုက်ဖက်ပေလိမ့်မည်။
ချန်းရီသည် သူ့ရှေ့မှ ကမ္ဘာပျက်ကပ်သုံး ပစ်ကပ်ကားကြီးကို ကြည့်ကာ အတိုင်းမသိ ကျေနပ်နေမိသည်။
အနည်းဆုံးတော့ နောင်တွင် ယာဉ်တန်း၏ နောက်ချန်ရစ်သူ ဖြစ်မနေတော့ပေ။
နောက်တစ်ဆင့်မှာ မြေပြင်အနေအထားစုံ မောင်းနှင်နိုင်သော တာယာလေးလုံးကို တပ်ဆင်ရန် ဖြစ်သည်။
ဤတာယာများကို ယခင်က ရန်းဂလာ လမ်းကြမ်းမောင်းကားပေါ်မှ ဖြုတ်ယူလာခဲ့ခြင်း ဖြစ်ပြီး တာယာတစ်လုံး ပေါက်နေသော်လည်း အဆင့်မြှင့်တင်ပြီးနောက် စနစ်က ထိုတာယာကိုပါ ဖာထေးပေးခဲ့သည်။
ချန်းရီက ကားနောက်ခန်းထဲမှ ဂျိုက်ကို ထုတ်ယူကာ တာယာများကို စတင် တပ်ဆင်တော့သည်။
ဂျိုက်ဖြင့် ကားကို အပေါ်သို့ မတင်လိုက်ပြီး ချန်းရီက တာယာကို ထမ်းကာ တိုက်ရိုက် တပ်ဆင်လိုက်သည်။
အဆင့်မြှင့်တင်ထားသော ခန္ဓာကိုယ်ကြောင့် လူသန်ကြီးလောက် မယုံနိုင်စရာ မကောင်းသော်လည်း ဤအလုပ်များကို ပြီးမြောက်ရန်မှာမူ မခက်ခဲလှပေ။
ထို့အပြင် ပုံစံထုတ်စဉ်က အလွန် ရိုးရှင်းစွာ ပြုလုပ်ထားသဖြင့် အင်ဂျင်ပင် မတပ်ဆင်ရသေးသော ဤကားမှာ သိပ်မလေးလှပေ။
တာယာကို နေရာတကျ တပ်ဆင်ပြီး၍ လက်ကို မြှောက်လိုက်ချိန်တွင် သူ၏ ဘေး၌ ချစ်စရာကောင်းသော မျက်နှာလေးတစ်ခု ရပ်နေသည်ကို မြင်လိုက်ရသည်။
ထိုမျက်နှာလေးမှာ မိတ်ကပ်ပါးပါးလေး လိမ်းထားပုံရပြီး သန့်ရှင်းသော လက်ရှည်အင်္ကျီ တစ်စုံကိုလည်း လဲလှယ်ဝတ်ဆင်ထားကာ မနေ့ညက ကောက်ညှင်းထုပ်ကဲ့သို့ ထုပ်ပိုးထားသည်ထက် များစွာ ပို၍ ကြည့်ကောင်းနေသည်။
ထိုမိန်းမမှာ အခြားသူ မဟုတ်ပေ။
ယာဉ်တန်းထဲရှိ နံပါတ်တစ် ဆွဲဆောင်မှုအရှိဆုံး မိန်းမချောလေး ရှုလီနာ ပင် ဖြစ်သည်။
ရှုလီနာက လက်ထဲတွင် ဆဋ္ဌဂံပုံ ဂွတံတစ်ခုကို ကိုင်ထားပြီး အသံကို အနည်းငယ် တွန့်ဆုတ်တွန့်ဆုတ်ဖြင့် ပြောလာသည်။
"ချန်းရီ... ကျွန်မ... ရှင် အလုပ်များနေတာ တွေ့လို့"
ချန်းရီက မိန်းမဖြစ်သူ စကားပြော၍ မဆုံးမီမှာပင် လက်လှမ်းကာ ဂွတံကို ယူလိုက်ပြီး ဝက်အူများကို စတင် တပ်ဆင်လိုက်သည်။
ဤမိန်းမ ဘာအကြံအစည် ရှိနေသလဲဆိုတာကို ချန်းရီ သဘာဝကျကျ ခန့်မှန်းမိပါသည်။
သို့သော် မိမိ၏ ဇာတ်လိုက်မင်းသမီး ဖြစ်လာရန်ကတော့ အိပ်မက်သာ မက်နေလိုက်ပါ။
ယခုအချိန်က ကမ္ဘာပျက်ကပ်ကြီး ဖြစ်ရာ ကမ္ဘာပျက်ကပ်ထဲတွင် ဝန်ထုပ်ဝန်ပိုး တစ်ခုကို ချန်းရီ မသယ်ဆောင်သွားလိုပေ။
ထိုဝန်ထုပ်ဝန်ပိုးလေးက အလွန် လှပနေလျှင်တောင်မှ ချန်းရီက သူ၏ အတွေးကို ပြောင်းလဲမည် မဟုတ်ပေ။
အကယ်၍ အန္တရာယ် ရှိလာခဲ့ပါက ဤပန်းအိုးလေးကို ဓားစာခံအဖြစ် အသုံးပြုရန်လည်း ချန်းရီ ဝန်လေးမည် မဟုတ်ပေ။
ရှုလီနာက ချန်းရီ၏ စိတ်ထဲမှ အတွေးများကို မသိရှာပေ။ ထို့ထက် ချန်းရီက သူမကို နှင်မလွှတ်သောကြောင့် သူမမှာ အနည်းငယ်ပင် ဝမ်းသာနေသေးသည်။
သို့သော် ထိုဝမ်းသာမှုလေးကို သူမက အလွန် နက်ရှိုင်းစွာ ဖုံးကွယ်ထားခဲ့လေသည်။
ဆက်ရန်...