← Chapters

အခန်း ၁၇၅

Vol. 9 Ch. 175

အခန်း ၁၇၅

Vol. 9 Ch. 175

အပိုင်း(၁၇၅) နောက်ဆုံး မိုင်ဝက်

ချန်းရီက ဤမိန်းကလေးမှာ အတော်လေး စိတ်ဝင်စားစရာကောင်းသည်ဟု တွေးမိလိုက်သည်။

ချန်းရီကို စတင်တွေ့ရှိချိန်က သူမသည် ဤအသက်ရှင်ကျန်ရစ်သူစခန်း၏ ခေါင်းဆောင်တစ်ယောက်နှင့် တူနေခဲ့သည်။ ကြင်နာတတ်ပုံရသော်လည်း အထက်စီးမှ နေတတ်သည့်ပုံစံကို အမြဲတမ်း ဖမ်းထားလေ့ရှိ၏။

အခြားသော အသက်ရှင်ကျန်ရစ်သူများကလည်း သူမအပေါ် အလွန်တရာ ရိုသေလေးစားကြသည်။

နောက်ပိုင်းတွင် ချန်းရီက သူ၏ ခွန်အားနှင့် ရက်စက်မှုများကို ထုတ်ဖော်ပြသလိုက်သောအခါ မိန်းကလေးက သနားစရာကောင်းသည့်ဟန် ဖမ်းလာပြန်သည်။ သူမသည် အသက်ဘေးမှ လွတ်မြောက်နိုင်ရန်အတွက် ချန်းရီထံတွင် အနည်းငယ်သာ ကျန်ရှိတော့သော ကိုယ်ချင်းစာတရားကိုပင် နှိုးဆွပေးရန် ကြိုးစားခဲ့သေးသည်။

ယခုအချိန်တွင်မူ မိန်းကလေးက တည်ငြိမ်သွားပြီး အရာအားလုံးကို လက်လွှတ်အရှုံးပေးလိုက်ပုံရသည်။

သူမသည် အရာရာကို အေးအေးဆေးဆေး ရင်ဆိုင်နိုင်သည့်အလား အလွန်တရာ တည်ငြိမ်နေမှုကို ပြသနေပြီး သေဆုံးရမည်ကိုပင် လုံးဝ ကြောက်ရွံ့နေခြင်း မရှိတော့ပေ။

ဤမိန်းကလေးတွင် ဟန်ဆောင်မှုအလွှာများ အလွန်များပြားလှသည်ဟုတော့ ဝန်ခံရပေမည်။

အရင်က ထိုလူစုငယ်လေးထဲတွင် သူမ ခေါင်းဆောင် ဖြစ်လာခဲ့သည်မှာလည်း အံ့သြစရာတော့ မဟုတ်ပေ။

မိန်းကလေး၏ မေးခွန်းနှင့် ပတ်သက်၍ ချန်းရီက ဘာမျှ ပြန်လည်ဖြေကြားခြင်း မရှိခဲ့ချေ။

မိန်းကလေးက စိတ်မမှန်သူတစ်ယောက်လို တတွတ်တွတ် စတင် ပြောဆိုလာသည်။

"ရှင်နဲ့ မတွေ့ခင်တုန်းက... အစွမ်းပိုင်ရှင်တွေ အားလုံး ရှပေါ်နဲ့ တူမယ်လို့ ကျွန်မ ထင်ခဲ့တာ"

"သူက အစွမ်းထက်တဲ့ စွမ်းရည်တွေ ရှိနေလျက်နဲ့... နောက်ဆုံးတော့ ကျွန်မတို့လို သာမန်လူတွေရဲ့ လက်ထဲမှာ အလွယ်တကူ ရှုံးနိမ့်သွားခဲ့တာ"

"ရှပေါ်က လူကောင်းတစ်ယောက်ပါ... သူသာမရှိခဲ့ရင် ကျွန်မ သေနေတာ ကြာလှပြီ"

"အဲဒီနေ့ မနက်က ကျွန်မ ထမင်းမစားရတာ သုံးရက်ရှိနေပြီ... ဗိုက်ဆာလွန်းလို့ တစ်ကိုယ်လုံးလည်း အားမရှိတော့ဘူး... အဲဒီအချိန်မှာ ရှပေါ်က သူ့ဆီမှာ နောက်ဆုံးကျန်တဲ့ ပေါင်မုန့်တစ်တုံးကို ကျွန်မကို ပေးခဲ့တာ"

"တကယ်တော့... သူလည်း ကျွန်မလိုပဲ သုံးရက်လုံးလုံး ဘာမှ မစားရသေးတာပါ"

"ကမ္ဘာပျက်ကပ်ကြီးသာ မဖြစ်ခဲ့ရင်... ကျွန်မ သူ့ကို လက်ထပ်မိမှာ သေချာတယ်"

"ဒါပေမဲ့ နှမြောစရာကောင်းတာက... သူ အရမ်း သဘောကောင်းလွန်းနေတာပဲ"

"သူ ကယ်တင်ခဲ့လို့ အသက်ရှင်သွားတဲ့လူက အနည်းဆုံး ဆယ်ယောက်ကျော်လောက် ရှိတယ်"

"ကျွန်မတို့ ပတ်ဝန်းကျင်မှာ ရိက္ခာရှာလို့ရနိုင်တဲ့ နေရာတိုင်းကို အကုန်ရှာဖွေခဲ့ကြတယ်... ဒါပေမဲ့ ရိက္ခာက မလောက်ငှသေးဘူး"

"တစ်ရက်ကို တစ်နပ်ပဲ စားရတော့မယ်လို့ ရှပေါ် ပြောလိုက်တဲ့အချိန်မှာ လူတော်တော်များများက မကျေမနပ် ဖြစ်ခဲ့ကြတယ်... ဒါပေမဲ့ ရိက္ခာ မလောက်တော့ဘူးဆိုတာကိုတော့ အားလုံးက နားလည်ထားကြပါတယ်"

"ဒါတောင်မှ... တစ်ယောက်ယောက်က သွေးထိုးလှုံ့ဆော်လိုက်တာနဲ့ ဒီလူတွေအားလုံး မျက်လုံးတွေရဲလာကြတော့တာပဲ"

"အဲဒီလူတွေက ရှပေါ်ရဲ့ အခန်းထဲကို အတင်းဝင်သွားကြပြီး... သူ့ကို အဲဒီအခန်းထဲမှာပဲ ရိုက်သတ်ပစ်ခဲ့ကြတယ်"

"သူ ကယ်တင်ခဲ့ဖူးတဲ့လူတွေထဲက တစ်ယောက်မှ သူ့အတွက် ဝင်ပြီး မပြောပေးကြဘူး"

"နောက်ပိုင်းဖြစ်သွားတဲ့ ကိစ္စတွေကိုတော့... ရှင်လည်း ခန့်မှန်းမိမှာပါ"

"တကယ်တော့... အဲဒီအချိန်တုန်းက ကျွန်မလည်း ပါခဲ့ပါတယ်... အစွမ်းပိုင်ရှင်ရဲ့ အသားကို စားရင် သဘာဝလွန်အစွမ်းတွေ ရနိုင်တယ်လို့ တစ်ယောက်က ပြောတယ်လေ"

"ဟက်... အဲဒီ လူလိမ်ကောင်"

မိန်းကလေး၏ နှုတ်ခမ်းဖျားမှနေ၍ ကျောချမ်းဖွယ်ကောင်းသော စကားလုံးများ ထွက်ကျလာသည်။

ချန်းရီက ဆေးလိပ်ကို ကိုက်ထားရင်း ကားမောင်းနေကာ အရှေ့ဘက်မှ မှောင်မည်းနေသော မြင်ကွင်းကိုသာ စိုက်ကြည့်နေသည်။

ခေါင်းဆောင်ချူက ညလုံးပေါက် ခရီးဆက်ရန် ပြောထားသောကြောင့် ယခုအခါ ချန်းရီသည် အနည်းငယ် အိပ်ချင်မူးတူး ဖြစ်နေပြီဖြစ်သည်။

ပုံပြင်တစ်ပုဒ် နားထောင်ရသည်ကလည်း မဆိုးလှပေ။

သို့သော် ဤပုံပြင်က အနည်းငယ်တော့ အမှောင်လွှမ်းနေ၏။

ကမ္ဘာပျက်ကပ်ကြီးထဲတွင် ဤကဲ့သို့သော ဇာတ်လမ်းမျိုးမှာ နေရာတိုင်း၌ ရှိနေတတ်သဖြင့် ချန်းရီအတွက်တော့ ကြာလေ ရိုးလေပင် ဖြစ်နေခဲ့ပြီဖြစ်သည်။

မိန်းကလေးက ဆက်ပြောလာသည်။ "တကယ်တော့... ရှင်နဲ့ကျွန်မက အတူတူပါပဲ... ရှင် လူသတ်တာက အသက်ရှင်ဖို့အတွက်... ကျွန်မ အဲဒီကိစ္စတွေကို လုပ်ခဲ့တာကလည်း အသက်ရှင်ဖို့အတွက်ပဲ"

"ကျွန်မတို့ကြားမှာ ဘာကွာခြားချက်မှ မရှိပါဘူး"

ချန်းရီက ဆေးလိပ်ငွေ့များကို မှုတ်ထုတ်လိုက်ရင်း ပြောလိုက်သည်။ "ကွာခြားချက် ရှိတာပေါ့... ငါက အသက်ရှင်ဖို့အတွက် လုပ်တာ... မင်းကတော့ ဟုတ်ပုံမရဘူး... ပြီးတော့ ငါ့မှာ အခြေခံစည်းမျဉ်းရှိတယ်... ငါ့ရဲ့ စည်းမျဉ်းက နိမ့်ကျနေရင်တောင် အဲဒါက စည်းမျဉ်းပဲ"

"ပြီးတော့... မင်းလုပ်ခဲ့တဲ့ အဲဒီကိစ္စမျိုးတွေကို ငါ ဘယ်တော့မှ လုပ်မှာ မဟုတ်ဘူး"

မိန်းကလေးက လှောင်ပြုံး ပြုံးလိုက်သည်။ "ဟက်ဟက်... ရှင်က လူတွေ အများကြီး သတ်ခဲ့ပြီးတော့... ရှင့်မှာ အခြေခံစည်းမျဉ်းရှိတယ်လို့ ပြောရဲသေးတယ်ပေါ့... ရှင်က ကျွန်မကို ရယ်ပြီးသေအောင် လုပ်နေတာလား"

ချန်းရီက လေးနက်စွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။ "ဟုတ်တယ်လေ... အဲဒီလူတွေက သေသင့်တဲ့လူတွေချည်းပဲ... ကမ္ဘာပျက်ကပ်ကြီး မဖြစ်ခင်ကဆိုရင်တောင်... အဲဒီလူတွေက သေဒဏ်ကနေ ပြေးလွတ်မှာ မဟုတ်ဘူး"

မိန်းကလေးက ရုတ်တရက် စိတ်လှုပ်ရှားလာသည်။ "ဒါဆိုရင် ရှင့်မှာ ကျွန်မတို့ရဲ့ အသက်ကို ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်လို့ ဘာကို အားကိုးပြီး တွေးနေတာလဲ... ဘာကို အားကိုးတာလဲ"

"ရှင်က ရှင့်ကိုယ်ရှင် ဘယ်သူလို့ ထင်နေတာလဲ... တရားဥပဒေ စိုးမိုးရေးသမားလား... ဒါမှမဟုတ် ကယ်တင်ရှင်လား"

"ကျွန်မက အသက်ရှင်ဖို့အတွက် လုပ်ခဲ့တာပါ... ကျွန်မမှာ ဘာအပြစ်မှ မရှိဘူး"

"ဘာကို အားကိုးပြီး ကျွန်မကို အပြစ်ပေးရတာလဲ"

မိန်းကလေးက ချန်းရီကို ဒေါသတကြီး အော်ဟစ်လိုက်ပြီး အနည်းငယ်ပင် ရူးသွပ်နေပုံပေါက်နေ၏။

ကြည့်ရသည်မှာ ပုန်ကန်တတ်သော ဆယ်ကျော်သက် မိန်းကလေးတစ်ယောက်နှင့်ပင် တူနေတော့သည်။

ချန်းရီက ခေါင်းလှည့်ကာ ဆေးလိပ်ငွေ့များကို မိန်းကလေး၏ မျက်နှာပေါ်သို့ မှုတ်ထုတ်လိုက်ရာ မိန်းကလေးမှာ သီးသွားပြီး အနောက်သို့ ဆက်တိုက် ဆုတ်ခွာသွားရသည်။

ချန်းရီက အေးစက်စွာဖြင့် ပြောလိုက်သည်။ "ဘာလို့လဲဆိုတော့ ငါ့လက်သီးက မင်းထက် ပိုကြီးနေလို့ပဲ... ဒီအကြောင်းပြချက်က လုံလောက်ပြီလား"

မိန်းကလေးမှာ ခေတ္တမျှ ကြောင်အမ်းသွားသည်။

ချန်းရီဟူသော ဤလူက လုံးဝ အကြောင်းပြချက် မရှိဘဲ ဤမျှ အနိုင်ကျင့်တတ်လိမ့်မည်ဟု သူမ ထင်မှတ်မထားခဲ့ပေ။

သူမ ဤမျှလောက် စကားများများ ပြောနေရခြင်းမှာ ချန်းရီကို စကားနိုင်လုရန်နှင့် ချန်းရီ၏ အကြောင်းပြချက်များက ခိုင်လုံမှုမရှိကြောင်း သူ့ကိုယ်သူ ခံစားမိစေရန် ဖြစ်ပြီး ထိုမှတစ်ဆင့် သူမကို လွှတ်ပေးလာစေရန် ရည်ရွယ်ချက်ဖြင့် ဖြစ်သည်။

လူ့ဘောင်သို့ ယခုမှ စတင်ဝင်ရောက်လာသော လူငယ်အချို့သည် တစ်ခါတစ်ရံတွင် အဓိပ္ပာယ်ရှိပုံရသော သီအိုရီအချို့၏ ချည်နှောင်မှုကို ခံရတတ်ပြီး အလုပ်လုပ်ရာတွင်လည်း တွေးတောပူပန်မှုများ ရှိနေတတ်ကြသည်။

အသက်ရှင်သန်နိုင်ရန်အတွက် မိန်းကလေးသည် ဖြစ်နိုင်သမျှ နည်းလမ်းပေါင်းစုံကို အသုံးပြုခဲ့သည်ဟုပင် ဆိုရပေမည်။

သို့သော် ချန်းရီက တစ်ခါတစ်ရံတွင် အလွန် တစ်ဖက်သတ်ဆန်တတ်ပြီး သူ ယုံကြည်ထားသော ကိစ္စများနှင့် ပတ်သက်လာလျှင် ညှိနှိုင်းရန် နေရာပင် ပေးလေ့မရှိချေ။

"ကဲ... စကားများတာ တော်တော့... ထပ်ပြီး တတွတ်တွတ် လုပ်နေမယ်ဆိုရင် ဘာဆက်ဖြစ်မလဲဆိုတာ မင်း သိတယ်မလား"

"တိတ်တိတ်နေ... ငါ ကားမောင်းနေတာကို လာမနှောင့်ယှက်နဲ့"

မိန်းကလေးမှာ ဖြူဖျော့နေသော မျက်နှာဖြင့် ကားထိုင်ခုံပေါ်တွင် မှီချလိုက်သည်။

နှာခေါင်းဝမှ အနံ့အသက်ဆိုးများကိုပင် သူမ မရတော့သကဲ့သို့ ဖြစ်နေ၏။

ယခုအချိန်အထိ သူမသည် အသုံးပြုနိုင်သမျှ နည်းလမ်းပေါင်းစုံကို အသုံးပြုခဲ့ပြီးပြီ ဖြစ်သည်။ သနားစရာကောင်းအောင် ဟန်ဆောင်ခြင်း၊ အကြောင်းပြချက်ပေး၍ ပြောဆိုခြင်းများကို ပြုလုပ်ခဲ့ပြီးဖြစ်သည်။

သို့သော် ဤအမျိုးသားရှေ့တွင်မူ အရာအားလုံးက လုံးဝ အသုံးမဝင်ခဲ့ပေ။

အသက်ရှင်ကျန်ရစ်သူ နှစ်ဦးသာ မကျန်တော့ပါက... နောက်ထပ် အသက်ရှင်နေသော ရှောင်ယန်ဆိုသည့် ကောင်လေးမှာလည်း သိပ်ပြီး ထက်မြက်ပုံမရချေ။

ထို့ကြောင့်သာ ချန်းရီက ဤအမျိုးသမီးကို အသုံးပြုနေခြင်း ဖြစ်သည်။

ဤအမျိုးသမီးသည် ဉာဏ်များလွန်းလှသည်။

ကံကောင်းသည်မှာ သူမနှင့် တွေ့ဆုံခဲ့သူက ချန်းရီ ကိုယ်တိုင် ဖြစ်နေခြင်းပင်။

အကယ်၍ ထယ်ရှီးကဲ့သို့ ဦးနှောက်မရှိသူသာ ဆိုပါက သူမ၏ ခွေးတစ်ကောင်ကဲ့သို့ အသုံးချခြင်းကို ခံရပေလိမ့်မည်။

ကားက အနည်းငယ် တုန်ခါသွားပြီး တစ်ခုခုကို ထပ်မံ ဝင်တိုက်မိသွားပုံရသည်။

မီးခိုးငွေ့များက ဧရာမ လက်ကြီးတစ်ဖက်အသွင် ပြောင်းလဲသွားပြီး လမ်းပိတ်နေသော ကားကို တိုက်ရိုက် ဖယ်ရှားပစ်ကာ လမ်းကြောင်းတစ်ခုကို ဖွင့်ပေးလိုက်မှသာ ကားက ရှေ့သို့ ဆက်လက် မောင်းနှင်နိုင်တော့သည်။

မဖြစ်နိုင်ဘူး... အရှေ့တွင် လမ်းပိတ်နေသောကားမှာ အမြန်ချောပို့ကား တစ်စီး ဖြစ်ပုံရသည်။

ကားတစ်စီးစာ အပြည့်ပါလာသော ပါဆယ်ထုပ်များက ပတ်ဝန်းကျင် မြေပြင်ပေါ်တွင် ပြန့်ကျဲနေသည်။

"ဟဲလို... ခေါင်းဆောင်ချူ... အရှေ့မှာ အမြန်ချောပို့ (ဒယ်လီဘာရီ) ကား တစ်စီး ရှိနေတယ်"

"ထားလိုက်တော့... ထယ်ရှီးက ငါတို့ကို စောင့်နေတုန်းပဲ... အချိန်မဖြုန်းနဲ့"

ခေါင်းဆောင်ချူ၏ သတိပေးစကားက ထပ်မံ ထွက်ပေါ်လာသည်။

ဤမျှလောက် အချိန်ကြာမြင့်နေပြီ ဖြစ်သဖြင့် ခေါင်းဆောင်ချူသည် ထယ်ရှီး အချိန်မီ တောင့်ခံထားနိုင်မည် မဟုတ်တော့ဟု အမှန်တကယ် စိုးရိမ်နေခဲ့ပြီဖြစ်သည်။

ချန်းရီက မြေပြင်ပေါ်တွင် ပြန့်ကျဲနေသော ပါဆယ်ထုပ်များကို ကြည့်လိုက်ရင်း စိတ်ထဲတွင် တစ်ခုခုကို တွေးမိသွားကာ မီးခိုးငွေ့ ဧရာမ လက်ကြီးဖြင့် ထိုပါဆယ်ထုပ်များကို တိုက်ရိုက် ဆုပ်ကိုင်လိုက်သည်။

ပါဆယ်ဘူး အများအပြားမှာ မီးခိုးလက်ကြီး၏ ဆုပ်ကိုင်မှုကို ခံလိုက်ရပြီးနောက် ပစ်ကပ်ကား၏ နောက်ခန်းထဲသို့ ပစ်ချခံလိုက်ရသည်။

ဆက်တိုက် အကြိမ်အနည်းငယ် ဆုပ်ကိုင်လိုက်ပြီးနောက် ပါဆယ်ဘူးများ အားလုံးကို ကားပေါ်သို့ တိုက်ရိုက် ပစ်တင်လိုက်လေသည်။

ကားပေါ်ရှိ ရှောင်ယန်ဟုခေါ်သော အသက်ရှင်ကျန်ရစ်သူမှာ နိုးနေပြီဖြစ်ပြီး ပါဆယ်ဘူးများ ပိကျလာသဖြင့် လန့်နိုးသွားခြင်း ဖြစ်သည်။

ဘေးနားရှိ မိန်းကလေးက ချန်းရီ၏ ထူးဆန်းသော စွမ်းရည်များကို မြင်တွေ့လိုက်ရသောအခါ သူမ၏ မျက်လုံးထဲမှ ကြောက်ရွံ့မှုများက ပိုမို နက်ရှိုင်းသွားတော့သည်။

မူလက အမြန် ဖြတ်သန်းနိုင်မည့် တံတားတစ်စင်းကို ဖြတ်သန်းရန်အတွက် အချိန်လေးနာရီခန့် အချိန်ယူလိုက်ရသည်။

ထိုမြွေကြီး တစ်ကောင်တည်းနှင့်ပင် တစ်နာရီကျော်ခန့် အချိန်ကြန့်ကြာသွားခဲ့ရသည်။

ထို့အပြင် လမ်းတစ်လျှောက်တွင် ကားများ ပိတ်ဆို့နေသည့် အခြေအနေမျိုးကိုလည်း မကြာခဏ ကြုံတွေ့ခဲ့ရသေးသည်။

သို့သော် ကံကောင်းသည်မှာ ထင်းခုတ်ဓားမ၏ ရေတွက်ချိန်ကလည်း တစ်ချိန်တည်းမှာပင် လျော့ကျနေခြင်းဖြစ်သည်။

ကားက နောက်ဆုံးတွင် တံတားပေါ်မှ ဆင်းလာနိုင်ခဲ့ပြီဖြစ်သည်။

ကောင်းကင်ကြီးကလည်း လုံးဝ မှောင်မည်းနေပြီဖြစ်သည်။

"ရှဲ... ရှဲ..."

"ချန်းရီ... အရှေ့ကို တစ်မိုင်ကျော်လောက် တည့်တည့်မောင်းပြီးရင် ဘယ်ဘက်ကို ကွေ့လိုက်... ငါတို့က ထယ်ရှီးဆီကို ပိုပြီး နီးကပ်လာပြီ"

"ထယ်ရှီးရဲ့ တည်နေရာက အမြန်ရွေ့လျားနေတာကို ငါ အာရုံခံမိနေတယ်... တစ်ခုခုတော့ ဖြစ်နေပုံပဲ"

စကားပြောစက်ထဲမှ ခေါင်းဆောင်ချူ၏ အသံ ထွက်ပေါ်လာသည်။

"နေပါဦး... တစ်မိုင်ကျော်ဆိုတာ ဘယ်နားကို ရောက်သွားမှန်း ငါက ဘယ်လိုလုပ် သိမှာလဲ... ခေါင်းဆောင်ချူ... အဲဒီနေရာရောက်ရင်သာ ငါ့ကို ပြောလိုက်"

ကားက ရှေ့သို့ ဆက်လက်ထွက်ခွာရန် ပြင်လိုက်ချိန်တွင် ခေါင်းဆောင်ချူ၏ အသံက ထပ်မံ ထွက်ပေါ်လာပြန်သည်။ "ခဏနေဦး... အရှေ့မှာ... အရှေ့မှာ ပြဿနာ တစ်ခုခုရှိနေတယ်"

ချန်းရီက ဘရိတ်ကို ရုတ်တရက် နင်းချလိုက်သည်။

"ရှဲ... ရှဲ... အရှေ့မှာ ထူးဆန်းတဲ့အရာတွေ အရမ်းများလွန်းတယ်... အရမ်းလည်း လှုပ်ရှားနေကြတယ်... ငါတို့... ခဏလောက် နားလိုက်ကြရအောင်"

စကားပြောစက်ထဲမှ ခေါင်းဆောင်ချူ၏ အသံမှာ အလွန်ပင် မကျေမနပ်ဖြစ်နေဟန် ပေါ်သည်။

အမှန်တကယ် ဆက်သွား၍ မရတော့သည့် အခြေအနေမျိုး မဟုတ်ပါက ခေါင်းဆောင်ချူက ဤကဲ့သို့ ဆုံးဖြတ်လိမ့်မည် မဟုတ်ကြောင်း ချန်းရီလည်း နားလည်ထားသည်။

ခေါင်းဆောင်ချူက ထိုနေရာတွင်ပင် အကာအကွယ် တစ်ခုကို ချက်ချင်း ဖန်တီးလိုက်သည်။

ထိုနေရာ၌ပင် အနားယူရန် ရည်ရွယ်လိုက်ခြင်း ဖြစ်သည်။

"ဒါနဲ့ ချန်းရီ... မင်းရဲ့ မီးခိုးအကာအကွယ်ကိုပါ ဖွင့်ထားလိုက်ရင် မကောင်းဘူးလား... လူအရှင်တွေရဲ့ အငွေ့အသက်ကို ဖုံးကွယ်ထားနိုင်လောက်တယ်"

ခေါင်းဆောင်ချူက တစ်ခုခုကို သတိရသွားဟန်ဖြင့် တိုက်ရိုက်ပင် ပြောလိုက်သည်။

ချန်းရီက ခေါင်းခါယမ်းလိုက်သည်။ "မရဘူး... ဒီနည်းလမ်းကို ငါ စမ်းကြည့်ပြီးပြီ... အဲဒီလိုလုပ်ရင် ဖုံးကွယ်နိုင်စွမ်းက အများကြီး ကျဆင်းသွားလိမ့်မယ်"

ခေါင်းဆောင်ချူက မျက်မှောင်ကြုတ်ကာ အနည်းငယ် စဉ်းစားလိုက်ပြီး အဘယ်ကြောင့် အလုပ်မဖြစ်ရသနည်းဟူသော အကြောင်းရင်းကို စဉ်းစားနေပုံရသည်။

"ခေါင်းဆောင်ချူ... အရင်တုန်းက သေနတ်တွေက"

"ဟူး... ချန်းရီ... ဦးလေးအားပေါင်နဲ့ ရှောင်ဝမ်တို့ မြူခိုးမိစ္ဆာတွေ ဖြစ်သွားရင် ဘယ်လိုပုံစံမျိုး ဖြစ်လာမလဲ... သူတို့က ငါတို့ကို ပြန်လာကြည့်ကြဦးမလား... အသက်ရှင်တုန်းက အသိစိတ်မျိုးရော ကျန်နေသေးရဲ့လား"

ချန်းရီ "..."

အသက်ရှင်ကျန်ရစ်သူ နှစ်ဦးကလည်း ကားပေါ်မှ လိမ္မာရေးခြားရှိစွာ ဆင်းလာကြပြီး အနားယူရန် နေရာတစ်ခုကို ရှာဖွေလိုက်ကြသည်။

ဤတစ်ကြိမ် အနားယူမှုက အနည်းဆုံး ငါးနာရီခန့် ကြာမြင့်သွားခဲ့သည်။

မိုးလင်းခါနီး အချိန်ရောက်မှသာ ခရီးပြန်ဆက်မည်ဖြစ်ကြောင်း ခေါင်းဆောင်ချူက ကြေညာလိုက်သည်။

မနက်ခင်းတွင်လည်း ဖောက်ထွင်းမရနိုင်သော မြူနှင်းအထူကြီးများ ဖုံးလွှမ်းနေဆဲဖြစ်ပြီး မြင်ကွင်းမှာလည်း ပေ ၃၀ ခန့်သာ ရှိတော့သည်။

ကားကို ဆယ်နာရီကျော်ကြာအောင် ဆက်တိုက် မောင်းနှင်ခဲ့သည်။

မြူနှင်းများ ထူထပ်နေသော်လည်း ခေါင်းဆောင်ချူက အဆက်မပြတ် လမ်းညွှန်ပေးနေသဖြင့် လမ်းတစ်လျှောက်တွင် အဆင်ပြေချောမွေ့ခဲ့သည်ဟု ဆိုရမည်။

"ရှဲ... ရှဲ... ချန်းရီ... ငါတို့က ထယ်ရှီးနဲ့ မိုင်ဝက်တောင် မကွာတော့ဘူး"

"ကားအရှိန်ကို မြှင့်လိုက်တော့... ထယ်ရှီးက ငါတို့ရဲ့ ကယ်ဆယ်မှုကို စောင့်မျှော်နေလောက်ပြီ"

စကားပြောစက်ထဲမှ ခေါင်းဆောင်ချူ၏ ဝမ်းသာအားရ အသံကို ကြားလိုက်ရသဖြင့် ချန်းရီ၏ စိတ်အခြေအနေမှာလည်း အတော်လေး ကောင်းမွန်သွားခဲ့သည်။

နောက်ထပ် မိုင်ဝက်ခန့်ဆိုလျှင် ထိုလူသန်ကြီးကို မြင်တွေ့ရတော့မည် မဟုတ်ပါလော။

ထိုလူသန်ကြီးလည်း အတော်လေး ပြင်းထန်သော ဒဏ်ရာများ ရရှိထားလောက်ပြီဟု ခန့်မှန်းရသည်။

ခရီးသည်ထိုင်ခုံမှ မိန်းကလေး၏ မျက်နှာက ရုတ်တရက် ပြောင်းလဲသွားပြီး သူမ၏ မျက်နှာပေါ်တွင် အလွန်တရာ ထိတ်လန့်နေသော အမူအရာများ ပေါ်ထွက်လာကာ ညာဘက်လက်က ဓားကို ဆုပ်ကိုင်လျက် ဘယ်ဘက်လက်ဖြင့် ကားတံခါးကို တွန်းဖွင့်ပြီး ကားပေါ်မှ တိုက်ရိုက် ခုန်ချသွားလေတော့သည်။

ကားနောက်ခန်းထဲရှိ ရှောင်ယန်ဆိုသော လူငယ်လေးကလည်း အလွန်အမင်း ကြောက်လန့်နေပုံပေါ်နေ၏။

ထို့နောက် ကားနောက်ခန်းပေါ်မှ ခုန်ချသွားခဲ့သည်။

သူတို့နှစ်ဦးက မြေပြင်ပေါ်တွင် လိမ့်ကျသွားပြီးနောက် မတ်တတ်ထရပ်ကာ အချင်းချင်း အပြန်အလှန် ကြည့်လိုက်ကြသည်။

"မလုပ်နဲ့... မလုပ်ပါနဲ့"

"အမရှောင်ဟွာ... မလုပ်ပါနဲ့... ကျွန်တော် မသေချင်သေးဘူး"

"ရှောင်ယန်... နင်... နင် ပြေးတော့... ငါ... ငါ့ကိုယ်ငါ ထိန်းချုပ်လို့ မရတော့ဘူး"

မိန်းကလေးက လက်ထဲမှ ဓားကို မြှောက်လိုက်သည်။

တစ်ချက်ပြီး တစ်ချက် ခုတ်ချလိုက်သည်။

ဖြစ်စဉ် တစ်ခုလုံးတွင် ချန်းရီက ခေါင်းလှည့်၍ တစ်ချက်ပင် ကြည့်မနေခဲ့ချေ။

မကြာမီ ထယ်ရှီးကို မြင်တွေ့ရတော့မည် ဖြစ်ရာ ဤလူမိုက်ကြီးကို မြင်တွေ့ရမည့် ကိစ္စထက် ပို၍ ပျော်ရွှင်စရာကောင်းသော အရာမျိုး မရှိတော့ပေ။

ဆက်ရန်...

All Chapters