အခန်း ၁၂၄
Vol. 7 Ch. 124
အပိုင်း(၁၂၄) တတိယစာလုံး
ဤစကားစုက ကျောင်းတံခါးပေါက်ဘေးရှိ လုံခြုံရေးအစောင့်ရုံအတွင်းမှ နံရံပေါ်တွင် ရှိနေသည်။
ထောင့်ချိုးကို အနည်းငယ် ချိန်ညှိကြည့်လိုက်ရုံဖြင့် ဤစကားစုကို ရှင်းလင်းစွာ မြင်တွေ့နိုင်သည်။
သို့သော် ပတ်ဝန်းကျင်ရှိ လူများက ဤစကားစုကို လုံးဝ မမြင်တွေ့နိုင်ကြပေ။
ချူချယ်က ခေါင်းငုံ့လိုက်ပြီး ဘယ်ညာ ဆက်မကြည့်တော့ဘဲ သူ၏ မျက်လုံးများက တဖျပ်ဖျပ် လက်နေ၏။
ဖြစ်နိုင်ပါက သူ ယခုချက်ချင်းပင် ထွက်သွားချင်နေပြီ ဖြစ်သည်။
သို့သော် ဝူကျန့်ရှန်း ပြောသည်မှာ မမှားပေ။ သူ၏ အာရုံခံနိုင်စွမ်းအရ ရုံမြို့တွင် ထူးဆန်းသောအရာများ အလွန်များပြားပြီး ချန်ဝမ်ရပ်ကွက်မှလွဲ၍ ကျန်သည့် နေရာများတွင် ပုရွက်ဆိတ်အုံလို ပြည့်နှက်နေသည်။
သူတို့ ရောက်ရှိလာမှုကြောင့် ထိုထူးဆန်းသောအရာများသည် တစ်ခုခု လှုပ်ရှားလာပုံရသည်။
၎င်းတို့သည် ချန်ဝမ်ရပ်ကွက် အစွန်အဖျားသို့ ချဉ်းကပ်လာကြပြီး ရပ်ကွက်အတွင်းသို့ ဝင်ရောက်ကာ သူတို့လူစုကို ခွဲဝေစားသောက်ချင်နေကြသည်။
သို့သော် တစ်စုံတစ်ရာကို ကြောက်ရွံ့နေသည့်အတွက် အစွန်အဖျားတွင်သာ ဝေ့လည်လည် လုပ်နေပြီး တစ်လှမ်းမျှ မဝင်ရဲကြပေ။
အချို့သော အငွေ့အသက်များက လူကို ကြောက်လန့်တုန်လှုပ်စေလောက်အောင် အားကောင်းလွန်းသဖြင့် ခုခံလိုစိတ် တစ်စက်မျှပင် မဖြစ်ပေါ်လာနိုင်ပေ။
အချို့သော အငွေ့အသက်များက အလွန်တရာ လျှို့ဝှက်ဆန်းကြယ်လွန်းသဖြင့် သူကိုယ်တိုင်ပင်လျှင် ၎င်း၏ အခြေအနေ အပြည့်အစုံကို ထိုးထွင်းမသိမြင်နိုင်ပေ။
ထို့အပြင် အစွမ်းအထက်ဆုံး အငွေ့အသက် တစ်ခုက ဤကျောင်းဝင်းထဲတွင် ရှိနေသည်။
(၅) လွှာ၏ ဘယ်ဘက်အစွန်ဆုံး စာသင်ခန်းထဲတွင် ဖြစ်သည်။
"လူကြီးမင်းတို့... မရဏနတ်သမီးသာ မရှိခဲ့ရင် ကျွန်တော်တို့ အခုလို ဘဝမျိုး ပိုင်ဆိုင်နိုင်မှာ မဟုတ်ဘူး"
"မရဏနတ်သမီးရဲ့ စောင့်ရှောက်မှုကြောင့်ပဲ ကျွန်တော်တို့ မရဏနတ် ဂိုဏ်းက လူ့လောကရဲ့ သန့်စင်တဲ့ နယ်မြေတစ်ခု ဖြစ်လာခဲ့တာပါ"
"တကယ်လို့ လူကြီးမင်းတို့ မရဏနတ် ဂိုဏ်းကို ဝင်ချင်တယ်ဆိုရင်... ကျွန်တော် ဝူကျန့်ရှန်းက လက်နှစ်ဖက်စလုံးနဲ့ ကြိုဆိုပါတယ်"
ဝူကျန့်ရှန်းက လူအုပ်ကြီးထံသို့ ဂိုဏ်းဝင်ရန် ထပ်မံ ဖိတ်ခေါ်လိုက်သည်။
အသက်ရှင်ကျန်ရစ်သူ အချို့မှာ စတင် စိတ်လှုပ်ရှားလာကြသည်။
ရွှီနန်ကမူ လူအုပ်ထဲတွင် ကိုယ်ယောင်ဖျောက်ထားရင်း ပတ်ဝန်းကျင် တစ်ခုလုံးကို တဖျပ်ဖျပ် လက်နေသော မျက်လုံးများဖြင့် ကြည့်နေသည်။
ဘာကြောင့်မှန်း မသိသော်လည်း ဤနေရာက ပြဿနာတစ်ခုခု ရှိနေသည်ဟု သူ အမြဲ ခံစားနေရသည်။
သို့သော် တိတိကျကျတော့ ထုတ်မပြောတတ်ပေ။
ချန်းရီ၏ မျက်နှာပေါ်မှ အမူအရာကို မြင်လိုက်ရသောအခါ ရွှီနန်က အလျင်အမြန် ခေါင်းငုံ့လိုက်သည်။
အဘယ်ကြောင့်ဆိုသော် ချန်းရီ၏ မျက်နှာတွင် မကောင်းသော အကြံအစည်နှင့် လောဘရမ္မက်တို့ကို သူ မြင်လိုက်ရသောကြောင့် ဖြစ်သည်။
ဤခံစားချက်က အလွန် ရင်းနှီးနေသည်။ ကုလားအုတ် ယာဉ်တန်းတွင် ချန်းရီကို ပထမဆုံးအကြိမ် မြင်တွေ့ခဲ့ရစဉ်က အတိုင်းပင် ဖြစ်သည်။
ထိုအချိန်က ချန်းရီသည်လည်း ဤကဲ့သို့သော အကြည့်မျိုး ရှိခဲ့ပြီး ထိုလောဘရမ္မက်မှာ တစ်ခါမှ ပြောင်းလဲသွားခြင်း မရှိသကဲ့သို့ပင်။
ကျိုးရှောင်ရှောင်ကလည်း လူအုပ်၏ အနောက်တွင် ကိုယ်ယောင်ဖျောက်ထားသည်။
အခက်အခဲပေါင်းများစွာကို ဖြတ်သန်းပြီးနောက် ယခင်က မာနကြီးခဲ့သော ဤကောင်မလေးသည်လည်း မိမိ၏ စိတ်နေစိတ်ထားကို ဖုံးကွယ်တတ်လာခဲ့ပြီ ဖြစ်သည်။
အမဖြစ်သူ ပျောက်ဆုံးသွားပြီးနောက် ကျိုးရှောင်ရှောင်သည် တစ်ယောက်တည်း နေထိုင်ရှင်သန်တတ်လာခဲ့သည်။
ဤအချိန်ရောက်မှသာ အမဖြစ်သူက သူမအတွက် အခက်အခဲ မည်မျှကို ကာကွယ်ပေးခဲ့သည်ဆိုတာကို သတိပြုမိတော့သည်။
ရုတ်တရက် ကျိုးရှောင်ရှောင်က လူအုပ်ထဲတွင် အလွန် ရင်းနှီးနေသော လူရိပ်တစ်ခုကို မြင်လိုက်ရသည်။
ထိုသူက အနက်ရောင်ဝတ်ရုံ အောက်တွင် ကိုယ်ယောင်ဖျောက်ထားသော်လည်း ထိုဆွဲဆောင်မှုရှိသော ကိုယ်လုံးကိုယ်ပေါက်က အလွန် ရင်းနှီးနေဆဲပင် ဖြစ်သည်။
ကျိုးရှောင်ရှောင်က ထိုကိုယ်လုံးကိုယ်ပေါက်ကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေသည်။
တစ်စုံတစ်ယောက်က မိမိကို ကြည့်နေသည်ဟု သတိထားမိသွားသကဲ့သို့ ထိုအမျိုးသမီးကလည်း ခေါင်းမော့ကာ ကြည့်လာသည်။
မျက်လုံးချင်း ဆုံသွားပြီး နှစ်ယောက်စလုံး၏ သူငယ်အိမ်များ ရုတ်တရက် ကျယ်လာကြသည်။
ဖျော်ဖြေရေးလောကမှ လူတစ်ယောက်အနေဖြင့် ကျိုးရှောင်ရှောင်က ဤလူကို သိနေသည်။
ကမ္ဘာပျက်ကပ် မတိုင်မီက ဤအမျိုးသမီးကို သူတို့နိုင်ငံတွင် နိုင်ငံတော်အဆင့် အဆိုတော်မလေး ဟု ခေါ်ဝေါ်ခဲ့ကြသည်။
အနုပညာလောကသို့ စတင် ဝင်ရောက်လာသည်နှင့် တစ်ပြိုင်နက် သူတို့နိုင်ငံ၏ ဖျော်ဖြေရေးလောကကို ဂယက်ရိုက်စေခဲ့ပြီး ပထမဆုံး တေးစီးရီးကပင် ပလက်တီနမ်အဆင့် အောင်မြင်မှုကို ရရှိခဲ့သည်။
နောင်တွင်မူ ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ဦးလိုပင် ဖြစ်လာခဲ့သည်။
ဤအမျိုးသမီးသည် တာရှကနိုင်ငံတွင်လည်း အလွန် နာမည်ကြီးသည်။ တာရှက နိုင်ငံသား အများစုက သူမ၏ သီချင်းများကို မကြားဖူးလျှင်တောင် လူမှုကွန်ရက် မီဒီယာများ ခေတ်စားမှုကြောင့် သူမ၏ နာမည်ကို ခေါ်နိုင်ကြသည်။
(တာရှဆိုတာ တောင်ကိုရီးယားကိုပြောတာဖြစ်နိုင်တယ်၊ တရုတ်ကိုတော့ ဟွာရှလို့ခေါ်တယ်)
ချွဲဆိုအွန်း... ၎င်းသည် ဤအမျိုးသမီး၏ နာမည်ပင် ဖြစ်သည်။
သူမလည်း ဤနေရာတွင် ရှိနေလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ပေ။
ပြီးခဲ့သည့်နှစ်က သူမ၏ တေးဂီတ ဖျော်ဖြေပွဲသို့ သွားခဲ့ဖူးပြီး အမဖြစ်သူကြောင့် ကျိုးရှောင်ရှောင်က ဤအမျိုးသမီးနှင့် ဓာတ်ပုံပင် တွဲရိုက်ခဲ့ဖူးသေးသည်။
ထို့ကြောင့် မှတ်မှတ်ရရ ဖြစ်နေခြင်း ဖြစ်သည်။
ချွဲဆိုအွန်းကလည်း ကျိုးရှောင်ရှောင်ကို မြင်ရလိမ့်မည်ဟု ထင်မထားခဲ့သော်လည်း မျက်လွှာကို အမြန် ပြန်ချလိုက်ပြီး ပါးစပ်မှလည်း တစ်ခုခုကို ရေရွတ်နေဆဲ ဖြစ်သည်။
ကျိုးရှောင်ရှောင်ကလည်း မမြင်လိုက်သလို ဟန်ဆောင်ကာ အခြားနေရာများသို့ ခေါင်းလှည့်ကြည့်လိုက်သည်။
ရိုးရှင်းသော ကြိုဆိုပွဲလေး ပြီးဆုံးသွားသည်။
ချန်းရီ၊ ချူချယ်နှင့် ယာဉ်တန်းမှ လူများအားလုံးကို ကျောင်းထဲသို့ ခေါ်ဆောင်သွားကြသည်။
ကျောင်းတွင် စာသင်ခန်းများ အများအပြား ရှိသည်။
စာသင်ခန်းများထဲတွင် အိပ်ရာများကို ပြင်ဆင်ထားပြီး ဖြစ်သည်။
ဤအရာများကို မြင်လိုက်ရသောအခါ အသက်ရှင်ကျန်ရစ်သူ အချို့က ဝမ်းသာမျက်ရည်များပင် ကျလာကြသည်။
သိထားရမည်မှာ... ဤခရီးစဉ် တစ်လျှောက်တွင် အသက်ရှင်ကျန်ရစ်သူ အများအပြားမှာ ခုတင်ပေါ်တွင် မအိပ်ရသည်မှာ အတော်ကြာပြီ ဖြစ်သည်။
အချို့သူများဆိုလျှင် မရဏနတ် ဂိုဏ်းက သူတို့ကို နှင်မထုတ်သရွေ့ ဤနေရာတွင် တစ်သက်လုံး နေသွားရန် စိတ်ထဲ၌ ဆုံးဖြတ်ချက်ပင် ချထားကြသည်။
ချူချယ်၊ ထယ်ရှီးနှင့် ချန်းရီ သုံးယောက်ကို (၄) လွှာရှိ စာသင်ခန်း တစ်ခန်းတွင် နေရာချပေးထားသည်။
တင်းတုံနှင့် ပန်းရောင်ဆံပင်နှင့် ကောင်မလေးတို့က အခြား စာသင်ခန်း တစ်ခန်းတွင် နေရသည်။
ချူချယ်က သူတို့ သုံးယောက်အတွက် နေရာချပေးထားသော ဤစာသင်ခန်းထဲသို့ ဝင်ရောက်လာချိန် တံခါးပေါက်သို့ ဝင်လိုက်သည်နှင့် တစ်ပြိုင်နက် သူ၏ သူငယ်အိမ်များက အပ်ဖျားအရွယ်အစားခန့် ရုတ်တရက် ကျုံ့ဝင်သွားပြီး တစ်ကိုယ်လုံးရှိ ကြွက်သားများ တင်းမာသွားသည်။
သို့သော် ချက်ချင်းပင် ပြန်လည် လျော့ကျသွားခဲ့သည်။
"ချူချယ်... မင်း... အဆင်ပြေရဲ့လား"
ဝူကျန့်ရှန်း၏ အသံက သူတို့နောက်မှ ထွက်ပေါ်လာပြီး ဓားသွားလို ထက်မြက်သော အကြည့်များဖြင့် ချူချယ်ကို ကြည့်လိုက်သည်။
ချူချယ်၏ မျက်နှာပေါ်မှ ကြွက်သားများ အနည်းငယ် တွန့်လိမ်သွားပြီး ဝူကျန့်ရှန်းကို လှည့်ကြည့်လိုက်သည်။
ထိုအရပ်ရှည်ရှည်နှင့် ပိန်ပိန်ပါးပါး လူက သူတို့နောက်တွင် တိတ်ဆိတ်စွာ ရပ်နေပြီး ခန္ဓာကိုယ်တစ်ခုလုံးကို အနက်ရောင်ဝတ်ရုံ အောက်တွင် ဖုံးကွယ်ထားသည်။ ပျော့ပျောင်းသော အနက်ရောင်ဝတ်ရုံက ဝူကျန့်ရှန်း၏ အရိုးပုံပန်းသဏ္ဍာန်ကိုပင် ပေါ်လွင်စေသည်။
သူ၏ မျက်နှာကိုသာ မမြင်ရပါက ဤအနက်ရောင်ဝတ်ရုံ အောက်တွင် အရိုးခေါင်း တစ်ခုသာ ရှိနေသည်ဟုပင် ထင်မှတ်ရပေလိမ့်မည်။
ဤအချိန်လေးအတွင်းမှာပင် ဝူကျန့်ရှန်း ကိုယ်တိုင်က ထိုမရဏနတ်သမီး ဖြစ်နေသည်ဟု ချူချယ် ခံစားလိုက်ရသည်။
ချန်းရီတို့ ပြောပြခဲ့သော ထိုလှပဆွဲဆောင်မှုရှိသည့် အမျိုးသမီးထက် ဤစကားလုံးနှစ်လုံးနှင့် ပို၍ ကိုက်ညီနေသည်။
"ဘာမှမဖြစ်ပါဘူး... ခုတင်ကို မတွေ့ရတာ ကြာပြီဆိုတော့ နည်းနည်း စိတ်လှုပ်ရှားသွားလို့ပါ"
"ဘထွေး... ဘထွေးက... ကျွန်တော့်အပေါ် တကယ်ကောင်းတာပဲ... ကျွန်တော် ခုတင်ပေါ်မှာ မအိပ်ရတာ ခြောက်လလောက် ရှိနေပြီ... ခုတင်က နည်းနည်း သေးနေတာပဲ ရှိတယ်"
ချူချယ်က ဝမ်းသာသလို ဟန်ဆောင်နေခြင်း ဖြစ်သည်။
သို့သော် ထယ်ရှီး ဤကောင်ကတော့ တကယ်ကို ဝမ်းသာနေခြင်း ဖြစ်သည်။
ခုတင်က အနည်းငယ် သေးနေသော်လည်း ဝမ်းသာနေဆဲ ဖြစ်သည်။
ဝူကျန့်ရှန်းက ထယ်ရှီးကို တစ်ချက် အကဲခတ်လိုက်ပြီး နှုတ်ခမ်းစွန်းများ တွန့်လိမ်သွားကာ "ခုတင်က နည်းနည်းတော့ သေးတယ်... အကြီးတစ်လုံး ရှာပေးဖို့ သူတို့ကို ငါ ပြောလိုက်ပါ့မယ်... ရှာတွေ့ရင် မင်းဆီ ပို့ပေးလိုက်မယ်"
"ကျန့်ရှင်း... ဒီည ဘာအစီအစဉ်ရှိလဲ... ငါက မင်းရဲ့ နယ်မြေကို ရောက်လာတာနော်... မင်းက ဘာမှ ဧည့်မခံတော့ဘူးလား"
ချန်းရီက ဝူကျန့်ရှန်း၏ လည်ပင်းကို ဖက်လိုက်ပြီး ပြုံးဖြီးဖြီးဖြင့် မေးလိုက်သည်။
ဝူကျန့်ရှန်း၏ မျက်နှာက ပို၍ မသက်မသာ ဖြစ်သွားပြီး ချန်းရီ၏ လက်မောင်းကို ပုတ်ချချင်သွားသော်လည်း အောင့်အည်း သည်းခံလိုက်သည်။
"ဘာအစီအစဉ် ရှိရမှာလဲ... အခုက ကမ္ဘာပျက်ကပ် ရောက်နေပြီလေ... ခဏနေရင် အခမ်းအနား တစ်ခု ရှိတယ်... မင်းတို့ ငါနဲ့ လိုက်ခဲ့ကြ"
"မရဏနတ်သမီးက မင်းတို့ရဲ့ အငွေ့အသက်ကို မှတ်မိသွားအောင်လို့ပါ... ဒါမှ ထူးဆန်းတဲ့အရာတွေရဲ့ အနှောင့်အယှက်ကနေ မင်းတို့ကို ကာကွယ်ပေးနိုင်မှာ"
"ချန်းရီ... မင်း နည်းနည်း သတိထားနော်... ခဏနေ မရဏနတ်သမီးနဲ့ တွေ့တဲ့အခါ အရိုအသေပေးဖို့ သတိရ... မဟုတ်ရင် ညီအစ်ကိုတောင် ဆက်လုပ်လို့ ရမှာ မဟုတ်ဘူး"
ပြောပြီးသည်နှင့် ဝူကျန့်ရှန်းက လှည့်ထွက်သွားသည်။
ထွက်သွားရန် ပြင်လိုက်စဉ် ဝူကျန့်ရှန်းက တစ်ခုခုကို သတိရသွားပုံရသည်။
ချန်းရီတို့ သုံးယောက်ကို လှည့်ကြည့်လိုက်ပြီး အလွန် လေးနက်သော လေသံဖြင့် ပြောလိုက်သည်။ "မင်းတို့ ကြိုက်တာလုပ်လို့ ရတယ်... ဒါပေမဲ့ (၅) လွှာကိုတော့ မတက်ခဲ့နဲ့... မှတ်ထားနော်"
ပြောပြီးသည်နှင့် လှည့်ထွက်သွားတော့သည်။
ချန်းရီက မေးစေ့ကို ပွတ်သပ်လိုက်ပြီး သူ၏ မျက်လုံးများတွင် ခပ်ဖျော့ဖျော့ စိတ်ပျက်မှုများနှင့်အတူ စိတ်သက်သာရာရမှု အချို့လည်း ရှိနေသည်။
ချန်းရီ၏ အမြင်တွင် သူ၏ ရှေ့မှ ဝူကျန့်ရှန်းသည် သူ၏ ညီအစ်ကိုကောင်း တစ်ယောက် ဖြစ်သည်။
သို့သော် ယခုအခါတွင်တော့...
ညီအစ်ကိုကောင်းက ပြောင်းလဲသွားခဲ့ပြီ ဖြစ်ပြီး အရင်တုန်းက လူ မဟုတ်တော့ပေ။
အခြားလူတစ်ယောက်လို စိမ်းသက်နေသည်။
လူတွေက အမြဲ ကြီးပြင်းလာမှာဖြစ်ပြီး အရင်တုန်းက လူတစ်ယောက်တည်း ဖြစ်နေဖို့ မဖြစ်နိုင်ဘူးလို့ တချို့က ပြောကြသည်။ သူ့သူငယ်ချင်းကောင်း ကြီးပြင်းလာတာလည်း ဖြစ်နိုင်ပါသည်။
မစွန့်လွှတ်နိုင်သူက သူကိုယ်တိုင်သာ ဖြစ်သည်။
စိတ်သက်သာရာရမှု ဆိုသည်မှာ စိတ်ထဲမှ နောက်ဆုံးကျန်ရှိနေသော နှောင်ကြိုးလေးကို ဖြတ်တောက်လိုက်သကဲ့သို့ ပင်။
လောလောဆယ် ဘာကြောင့်ဆိုတာကို မသိသေးပေမယ့်လည်း...
ချူချယ်မှာမူ ဤအချိန်တွင် သူ၏ မျက်လုံးများက အလွန်တရာ နက်နဲနေသည်။
ချူချယ်က စိတ်ထဲမှနေ၍ တိတ်တဆိတ် သက်ပြင်းချလိုက်သည်။ "အရင်တုန်းက ခေါင်းဆောင်က သဘောကောင်းတယ်... ရိုးသားဖြောင့်မတ်တယ်... တရားမျှတမှုကို မြတ်နိုးတယ်"
ခေါင်းဆောင်သာ မရှိခဲ့ပါက သူသည် တာဝန်ထမ်းဆောင်ရင်း စောစောစီးစီး သေဆုံးသွားခဲ့လောက်ပြီ ဖြစ်သည်။
သို့သော် ယခုအခါတွင်တော့...
အရင်တုန်းက ကိစ္စတွေကြောင့်များလားတော့ မသိ... ယခင်က ခေါင်းဆောင်က သေဆုံးသွားခဲ့ပြီ ဖြစ်သည်။
ယခုလက်ရှိ ခေါင်းဆောင်ကမူ လုံးဝ စိမ်းသက်နေသော အခြားလူတစ်ယောက် ဖြစ်နေချေပြီ။
ယခင်က မြင်တွေ့ခဲ့ရသော အမှတ်အသား သုံးခုကို တွေးမိလိုက်သောအခါ ချူချယ်မှာ စိတ်မအေးနိုင် ဖြစ်သွားရသည်။
ပထမတစ်ခုက ကျောင်းတံခါးပေါက်ရှိ အမှတ်အသား ဖြစ်သည်။ ဧရာမ စာလုံးကြီး နှစ်လုံးဖြစ်သော... "မြန်မြန်ပြေး"
ဒုတိယ အမှတ်အသားက ကျောင်းတံခါးပေါက်ရှိ လုံခြုံရေးအစောင့်ရုံ အတွင်းမှ နံရံပေါ်ရှိ စကားတစ်ခွန်း ဖြစ်သည်။ "သူပြောတဲ့ စကားတိုင်းကို မယုံနဲ့"
တတိယမြောက် စကားစုကတော့ ဤစာသင်ခန်းထဲတွင် ဖြစ်သည်။ ထိုဧရာမ တောက်ပနေသော စာလုံးကြီးများက စာသင်ခန်း၏ ကျောက်သင်ပုန်းပေါ်တွင် ရေးသားထားခြင်း ဖြစ်သည်။
အခြားသူများက မမြင်နိုင်ဘဲ ချူချယ် တစ်ယောက်တည်းသာ မြင်တွေ့နိုင်ခြင်း ဖြစ်သည်။
ထိုစာလုံးအနည်းငယ်က သူတို့ သုံးယောက်၏ အနောက်တွင် တဖျပ်ဖျပ် တောက်ပနေသည်။
"သူတို့က လူသားစားတယ်"
ဆက်ရန်...