← Chapters

အခန်း ၆၉

Vol. 4 Ch. 69

အခန်း ၆၉

Vol. 4 Ch. 69

အပိုင်း(၆၉) ကလဲ့စားချေရန်

ချူချယ် ခေါ် ခေါင်းဆောင်ချူ၏ မျက်နှာက ယခုအချိန်တွင် အလွန် ပျက်ယွင်းနေသည်။

ကားအပြင်ဘက်ရှိ သဲမုန်တိုင်း၏ ပြင်းထန်မှုသည် သူ၏ မျှော်မှန်းထားမှုထက် များစွာ ကျော်လွန်နေ၏။

ဤသည်မှာ ဤကဲ့သို့သော သဘာဝဘေးအန္တရာယ်မျိုးကို သူ ပထမဆုံးအကြိမ် ကြုံတွေ့ရခြင်းဖြစ်ပြီး အစပိုင်း၌ အထိတ်တလန့်ဖြစ်သွားမှုကြောင့် မှားယွင်းသော ဆုံးဖြတ်ချက်ကို ချမိစေခဲ့သည်။

ကံကောင်းသည်မှာ သူ ချက်ချင်း သတိပြန်ဝင်လာခဲ့ခြင်း ပင်။

သို့သော်ငြားလည်း ခေါင်းဆောင်ချူ၏ မျက်နှာကမူ အနည်းငယ်မျှ ပြေလျော့သွားခြင်း မရှိသေးပေ။

သူ၏ အာရုံခံစားမှုထဲတွင် ထူးဆန်းကျောချမ်းဖွယ် အငွေ့အသက်တစ်ခုက တဖြည်းဖြည်း ချဉ်းကပ်လာနေသည်။

စောစောက ဖြစ်ပေါ်ခဲ့သော ဝရုန်းသုန်းကား လှုပ်ရှားမှုများကြောင့် ထိုထူးဆန်းသောအရာ၏ အာရုံစိုက်မှုကို ခံလိုက်ရခြင်း ဖြစ်ပေလိမ့်မည်။

သဲမုန်တိုင်း ပြီးဆုံးသွားလျှင်ပင် ယာဉ်တန်းအတွက် အန္တရာယ် ရှိနေဦးမည် ဖြစ်သည်။

ပုံမှန်အခြေအနေများအရဆိုလျှင် ထူးဆန်းသောအရာများသည် နေရောင်အောက်တွင် လှုပ်ရှားသွားလာနိုင်ခြင်း မရှိပေ။

ဤသည်မှာ အသက်ရှင်ကျန်ရစ်သူအားလုံး အသိအမှတ်ပြုထားသော အချက်ဖြစ်ပြီး ထိုသို့သာ မဟုတ်ခဲ့လျှင် လူသားမျိုးနွယ်မှာ ကြာမြင့်စွာကတည်းက မျိုးတုံးပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

သို့သော် ယခုအခြေအနေကို ကြည့်ရသလောက် ဤအခြေခံအသိမှာ မှားယွင်းနေပုံရသည်။

လမ်းပြသူ လမ်းစဉ်ပိုင်ရှင် တစ်ယောက်အနေဖြင့် ချူချယ်က နေ့ခင်းဘက်တွင် ထူးဆန်းသောအရာများ၏ လှုပ်ရှားမှုကို အာရုံခံမိခဲ့သည်မှာ တစ်ကြိမ်တည်း မကတော့ချေ။

ဥပမာအားဖြင့် ပြီးခဲ့သော ယာဉ်တိုက်မှု ဖြစ်ပွားရာ နေရာတွင်ကဲ့သို့ပင် ဖြစ်သည်။

ထူးဆန်းသောအရာများသည်လည်း လမ်းစဉ် သဘာဝလွန် အစွမ်းပိုင်ရှင်များကဲ့သို့ပင် ကြီးထွားဖွံ့ဖြိုးလာနိုင်သည်ဟု ချူချယ် ခန့်မှန်းမိဖူးသည်။

ထိုစဉ်က ချူချယ်သည် သူ၏ ဤခန့်မှန်းချက်ကြောင့်ပင် လန့်ဖျပ်သွားခဲ့ရ၏။

ဤကဲ့သို့ ဖြစ်နိုင်ခြေက အလွန်အမင်း ယုတ္တိမတန်လွန်း၍တော့ မဟုတ်ပေ။

ဤခန့်မှန်းချက်မှာ အလွန်အမင်း ကြောက်မက်ဖွယ် ကောင်းလွန်းနေသောကြောင့် ဖြစ်သည်။

ထို့ကြောင့်ပင် ချူချယ်က ဤဖြစ်နိုင်ခြေကို အမြဲတစေ တမင်တကာ လျစ်လျူရှုထားခဲ့ခြင်း ဖြစ်သည်။

တစ်နေ့နေ့တွင် ထူးဆန်းသောအရာများ အားလုံး နေရောင်ခြည်ကို ကြောက်ရွံ့ခြင်း မရှိတော့သည့် အချိန် ရောက်လာနိုင်ပေသည်။

ထိုအချိန်သည်ကား လူသားမျိုးနွယ်အတွက် တကယ့် ကမ္ဘာပျက်ကပ်ပင် ဖြစ်တော့မည်။

ခေါင်းဆောင်ချူက ပြတင်းပေါက် အပြင်ဘက်ရှိ ရမ်းကားနေသော သဲမုန်တိုင်းကြီးကို လှည့်ကြည့်လိုက်သည်။

ထယ်ရှီး၊ နာနာနှင့် ချန်းရီတို့ ရှိနေသည်။

သဲမုန်တိုင်းက သိပ်ပြီး ဒုက္ခပေးနိုင်မည် မဟုတ်ဘဲ သေချာပေါက် ကျော်ဖြတ်နိုင်မည် ဖြစ်သည်။

အဆိုးဆုံးအခြေအနေမှာ ရိက္ခာပစ္စည်းအချို့ ဆုံးရှုံးသွားပြီး သာမန်လူအချို့ သဲမုန်တိုင်းထဲ လွင့်စင်ပါသွားခြင်းမျှသာ ဖြစ်လိမ့်မည်။

၎င်းတို့က အရေးမကြီးပေ။

အရေးကြီးဆုံးမှာ နောက်ဆက်တွဲ ကြုံတွေ့ရမည့် ပြဿနာပင် ဖြစ်သည်။

ခေါင်းဆောင်ချူ၏ အာရုံခံစားမှုထဲတွင် ထူးဆန်းသောအရာ၏ အငွေ့အသက်က တဖြည်းဖြည်း နီးကပ်လာနေ၏။

သဲမုန်တိုင်း ပြီးဆုံးသွားပြီးနောက် ယာဉ်တန်းသည် သေချာပေါက် ဆက်လက် ခရီးနှင်နိုင်မည် မဟုတ်တော့ချေ။

ကြည့်ရသည်မှာ ထူးဆန်းသောအရာနှင့် ထိပ်တိုက် ရင်ဆိုင်ရမည့် တိုက်ပွဲက ချက်ချင်း ရောက်ရှိလာတော့မည် ပုံပင်။

ထူးဆန်းသောအရာများကို အနိုင်ယူရန် မဖြစ်နိုင်ပေ။

ယာဉ်တန်း၏ အဆုံးသတ်က မျက်စိရှေ့တွင် ရောက်ရှိနေပြီလား။

ရမ်းကားကြမ်းတမ်းသော သဲမုန်တိုင်းကြီးသည် ကမ္ဘာမြေတစ်ခုလုံးကို လွှမ်းခြုံထားသကဲ့သို့ ရှိနေသည်။

ချန်းရီက မျက်စိနှင့် ပါးစပ်ကို တင်းတင်းကျပ်ကျပ် ပိတ်ထားပြီး သူ၏ အာရုံခံနိုင်စွမ်းဖြင့်သာ ပတ်ဝန်းကျင် အခြေအနေကို ခံစားနေသည်။

ခန္ဓာကိုယ်ပေါ်သို့ လာမှန်နေသော သဲပွင့်များကြောင့် စူးအောင့်သော နာကျင်မှုကို ခံစားနေရ၏။

တောင့်ခံထားရသော စက္ကန့်တိုင်းသည် တစ်နှစ်ခန့် ကြာမြင့်နေသကဲ့သို့ ခံစားရသည်။

ကံကောင်းသည်မှာ ဓားမကြီးက သဲပြင်ထဲသို့ နက်ရှိုင်းစွာ စိုက်ဝင်နေပြီး ကြိုးကို ခိုင်မြဲစွာ ချည်နှောင်ထားနိုင်ခြင်းပင်။

မည်မျှ ကြာမြင့်သွားသည်ကို မသိ။

ချန်းရီက သူ၏ ခန္ဓာကိုယ်တစ်ခုလုံး ထုံကျဉ်လာသည်ကို ခံစားလိုက်ရချိန်တွင် သဲမုန်တိုင်းက နောက်ဆုံးတွင် အနည်းငယ် အားပျော့သွားခဲ့ပြီ ဖြစ်သည်။

ထိုကဲ့သို့ အနည်းငယ် အားပျော့သွားခြင်းကပင် ချန်းရီ၏ ရင်ထဲ၌ မျှော်လင့်ချက် မီးတောက်ငယ်လေး တစ်ခုကို လင်းလက်လာစေသည်။

သဲမုန်တိုင်း အပြီးတိုင် ရပ်တန့်သွားချိန်တွင်မူ ချန်းရီ တစ်ကိုယ်လုံးသည် သဲလူရုပ်ကြီး တစ်ရုပ်အဖြစ် ပြောင်းလဲနေခဲ့ပြီ ဖြစ်သည်။

သူ၏ ခန္ဓာကိုယ် တစ်ဝက်ခန့်မှာ သဲများထဲတွင် နစ်ဝင်နေ၏။

"ထွီ... ထွီ... ထွီ"

ချန်းရီက သူ၏ နား၊ နှာခေါင်းနှင့် ပါးစပ်ထဲတွင်ပင် သဲများ ပြည့်နှက်နေသည်ကို ခံစားလိုက်ရသည်။

အနည်းငယ် လှုပ်ရှားလိုက်သည်နှင့် တစ်ကိုယ်လုံးမှ သဲမှုန်များ လွင့်စင်ထွက်လာသည်။

"ထွီ... ထွီ... ထွီ"

"သောက်ကျိုးနည်း... သဲမုန်တိုင်း ဆိုတာ ဘယ်လိုလဲ ငါ ကောင်းကောင်းကြီး သိသွားပြီ"

ချန်းရီက မိုးမခကိုင်း၏ စွမ်းအားကို အသုံးပြုကာ သူ့ကိုယ်သူ သဲထဲမှ ဆွဲထုတ်လိုက်သည်။

ယခုအချိန်တွင် ထယ်ရှီး၏ လည်ပင်းအောက်ပိုင်း တစ်ခုလုံးမှာ သဲထဲတွင် နစ်မြုပ်နေသည်။

ကြီးမားလှသော ခေါင်းကြီးတစ်ခုသာ အပြင်ဘက်တွင် ကျန်ရှိနေ၏။

ချန်းရီသာ ထယ်ရှီးနှင့် မရင်းနှီးခဲ့ပါက ရှေ့မှ သဲပုံကြီးသည် လူတစ်ယောက်ဖြစ်မည်ဟု လုံးဝ ထင်မှတ်မိမည် မဟုတ်ပေ။

ယပ်တောင်ကဲ့သို့ ကြီးမားသော လက်တစ်စုံက မြေကြီးထဲမှ ထွက်ပေါ်လာပြီး ရှေ့မှ သဲများကို အားစိုက်ကာ ဖယ်ရှားနေသည်။

ထယ်ရှီးသည် သူ့ကိုယ်သူ သဲထဲမှ ဆွဲထုတ်ရန် ကြိုးစားနေခြင်း ဖြစ်သည်။

"အစ်ကိုချန်းရီ... ကျွန်မကိုလည်း ကယ်ပါဦး"

ဘေးနားဆီမှ ကောင်မလေး၏ မကျေမနပ် အသံလေး ထွက်ပေါ်လာသည်။

ချန်းရီ လှည့်ကြည့်လိုက်သောအခါ သဲပြင်ပေါ်တွင် ပန်းရောင် ဆံပင်ရှည်များကိုသာ မြင်တွေ့ရပြီး အခြား မည်သည့်အရာကိုမျှ မမြင်ရတော့ပေ။

ဤကောင်မလေးမှာ တစ်ကိုယ်လုံး သဲထဲတွင် နစ်မြုပ်နေခြင်း ဖြစ်သည်။

သာမန်လူ တစ်ယောက်သာဆိုလျှင် သေဆုံးနေသည်မှာ ကြာလှပြီ ဖြစ်ပေမည်။

ကံကောင်းသည်မှာ ဤကောင်မလေးသည် သဘာဝလွန် လမ်းစဉ် အစွမ်းပိုင်ရှင် ဖြစ်နေပြီး လမ်းစဉ် အဆင့် (၂) ပင် ဖြစ်သဖြင့် အသက်ရှင်သန်နိုင်စွမ်းမှာ အလွန် အံ့မခန်း ဖြစ်နေခြင်းပင်။

"ဟားဟားဟား"

လူတို့သည် မိမိ ကံဆိုးနေချိန်တွင် မိမိထက် ပို၍ ကံဆိုးသူတစ်ယောက်ကို မြင်တွေ့လိုက်ရသောအခါ သိပ်ပြီး မဆိုးတော့သကဲ့သို့ ခံစားလာရတတ်သည်။

ချန်းရီက ဆေးလိပ်ကိုပင် မီးမညှိနိုင်သေးဘဲ ဟားတိုက် ရယ်မောရင်း ကောင်မလေး၏ ခေါင်းကို အရင် တူးဖော်ပေးလိုက်သည်။

ကောင်မလေးက ဒေါသထွက်နေသော မျက်နှာလေးဖြင့် ချန်းရီကို စိုက်ကြည့်လိုက်၏။

"အစ်ကိုချန်းရီ... အစ်ကိုက တကယ့် လူဆိုးကြီးပဲ... ရယ်နေသေးတယ်ပေါ့လေ"

"ဟားဟားဟား... ဆောရီး... ဆောရီး... တကယ်ကို အောင့်ထားလို့ မရတော့လို့ပါ"

ချန်းရီက အလျင်အမြန် တောင်းပန်လိုက်သည်။

ဤကောင်မလေးက လမ်းစဉ် အဆင့် (၂) ပိုင်ရှင် ဖြစ်သဖြင့် တကယ်တမ်း ဒေါသထွက်သွားပါက ဖြေရှင်းရ ခက်ခဲသွားနိုင်ပေသည်။

ကောင်မလေးက သူမကိုယ်သူမ ပြန်မထွက်နိုင်၍တော့ မဟုတ်ပေ။

စောစောက သဲမုန်တိုင်းကို တွန်းလှန်ရာတွင် သဘာဝလွန် စွမ်းအားအချို့ကို သုံးစွဲထားခဲ့ရခြင်းကြောင့်သာ ဖြစ်သည်။

စွမ်းအားများ လုံးဝ ကုန်ခမ်းသွားသည်မျိုး မဟုတ်သော်လည်း အနည်းငယ်တော့ ပင်ပန်းနွမ်းနယ်နေခဲ့၏။

ချန်းရီက ကောင်မလေး၏ လက်မောင်းများကို တူးဖော်ပေးလိုက်ပြီးနောက် လူသန်ကြီး ထယ်ရှီးက သူမ၏ လက်မောင်းများမှနေ၍ အပေါ်သို့ တိုက်ရိုက် ဆွဲတင်ပေးလိုက်သည်။

ယခုအခါ ထယ်ရှီးမှာ သူ၏ မူလခန္ဓာကိုယ် အရွယ်အစားအတိုင်း ပြန်ဖြစ်သွားခဲ့ပြီ ဖြစ်သော်လည်း မျက်နှာပေါ်တွင်မူ အနည်းငယ် နွမ်းနယ်နေပုံ ပေါ်သည်။

အခြားသော အသက်ရှင်ကျန်ရစ်သူများမှာလည်း ကားများထဲမှ တဖြည်းဖြည်းချင်း တွားသွား ထွက်လာကြသည်။

ထိုလူများ ကားထဲမှ ထွက်လာသည်နှင့် ပထမဆုံး လုပ်သည့်အလုပ်မှာ သဲများကို ထွေးထုတ်ခြင်းပင် ဖြစ်သည်။

အပြင်ဘက်ဆုံးရှိ ကားများမှာ သဲမုန်တိုင်းထဲတွင် တစ်ဝက်ကျော်ခန့် နစ်မြုပ်နေပြီ ဖြစ်သော်လည်း ကံကောင်းသည်မှာ လူများ အထိအခိုက် မရှိခြင်းပင်။

ဤနေရာမှ ထွက်ခွာလိုပါက ထိုကားများကို အရင် တူးဖော်ရမည် ဖြစ်သည်။

ထို့အပြင် ဤကဲ့သို့ ပြင်းထန်သော သဲမုန်တိုင်းကြောင့် ကားအချို့တွင် ချို့ယွင်းချက်လေးများ ဖြစ်ပေါ်နိုင်ချေ ရှိနေသည်။

ရိက္ခာပစ္စည်းများနှင့် ပတ်သက်၍မူ အနည်းနှင့်အများတော့ ဆုံးရှုံးမှုများ ရှိခဲ့၏။

ဥပမာအားဖြင့် ကားခေါင်မိုးပေါ်ရှိ ခရီးဆောင်အိတ်စင်များမှာ ပြုတ်ထွက်ကုန်ပြီး ချည်နှောင်ထားသော ပစ္စည်းများမှာ မည်သည့်နေရာသို့ လွင့်စဉ်သွားမှန်း မသိတော့ချေ။

ချန်းရီ၏ ပစ်ကပ်ကားလေးပင်လျှင် ကံမကောင်းခဲ့ပေ။

ကားအမိုးမှာ လွင့်စဉ် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

ကံကောင်းသည်မှာ ချန်းရီ၏ ပစ္စည်းအများစုကို ကားနောက်ခန်းထဲတွင် ထည့်ထားခြင်းပင်။

အစားအသောက်များကိုမူ ယာဉ်မောင်းခန်း၏ နောက်ထိုင်ခုံပေါ်တွင် တင်ထားခဲ့သည်။

ဘယ်ညာ ကားမှန်များနှင့် ရှေ့ကားမှန်များ ကွဲထွက်သွားသည်မှလွဲ၍ အစားအသောက်များမှာတော့ ရှိနေသေးသည်။

သေချာသည်မှာ ကားမှန်များ ကွဲထွက်သွားသည်က ချန်းရီ၏ ပစ်ကပ်ကား တစ်စီးတည်းတော့ မဟုတ်ပေ။

အဝါရောင် ကျောင်းကားကြီး၏ ကားမှန်များမှာလည်း နီးပါးအားလုံး ကွဲထွက်ကုန်ပြီး လက်ချိုးရေတွက်၍ရသော ကားမှန်အနည်းငယ်သာ မဖြစ်မနေ အသုံးပြုနိုင်မည့် အနေအထားတွင် ရှိနေသည်။

ထယ်ရှီး၏ ဤအဝါရောင် ကျောင်းကားကြီးသည် အမြင့်မားဆုံးနှင့် အကြီးမားဆုံး ဖြစ်သဖြင့် သဲမုန်တိုင်း၏ တိုက်ခိုက်မှုကို အဆိုးရွားဆုံး ခံခဲ့ရခြင်း ဖြစ်သည်။

ချန်းရီက ဆေးလိပ်တစ်လိပ်ကို မီးညှိလိုက်ပြီး ဘေးနားရှိ သဲကုန်းလေးပေါ်တွင် ထိုင်ကာ ဆေးလိပ်ငွေ့၏ မွှေးပျံ့သော အရသာက ပါးစပ်နှင့် နှာခေါင်းကြားတွင် လှည့်ပတ်သွားသည်ကို ခံစားရင်း ခန္ဓာကိုယ်၏ ပင်ပန်းနွမ်းနယ်မှုများနှင့် စိုးရိမ်ပူပန်မှုများကို ဖယ်ရှားပစ်လိုက်သည်။

အဝေးသို့ လှမ်းကြည့်လိုက်ရာ မျက်စိရှေ့တွင် လူသူကင်းမဲ့ပြီး ခြောက်ကပ်နေသော မြင်ကွင်းကိုသာ တွေ့ရသည်။

သူစိမ်းဆန်သော သဲသောင်ကုန်းများ၊ သူစိမ်းဆန်သော မြေမျက်နှာသွင်ပြင်များပင်။

သဲမုန်တိုင်းကြီးက မြေမျက်နှာသွင်ပြင်ကို ပြောင်းလဲပစ်လိုက်ခြင်း ဖြစ်သည်။

ယခုအခါ ချန်းရီသည် ယခင် စခန်းချခဲ့သော နေရာ၏ ဦးတည်ရာကိုပင် မမှတ်မိတော့ချေ။

"အစ်ကိုချန်းရီ... အစ်ကိုချန်းရီ... အစ်ကို ဘာမှမဖြစ်လို့ တော်သေးတယ်... ကျွန်မ သေမတတ် လန့်သွားတာ"

ရှုလီနာက သူမ၏ ရင်ဘတ်ကို ပုတ်ရင်း စိုးရိမ်တကြီး ပြောလိုက်သည်။

ဤအမျိုးသမီးမှာလည်း ယခုအချိန်တွင် အခြေအနေ သိပ်မဟန်လှပေ။

တစ်ကိုယ်လုံး ဖုန်တက်နေပြီး ယခင်က လူတိုင်းကို ဆွဲဆောင်နိုင်သည့် အလှအပမျိုး လုံးဝ မရှိတော့ချေ။

အလွန်အမင်း သနားစရာကောင်းလောက်အောင် ဖြစ်နေသေးသည်။

သို့သော် ဤသို့ ဖြစ်နေသည့်တိုင် သူမက သဲမုန်တိုင်း ပြီးဆုံးသွားသည်နှင့် သူ၏ ရှေ့သို့ ချက်ချင်း ရောက်လာကာ သူ၏ ဘေးကင်းရေးကို စိုးရိမ်ပူပန်ပေးရှာသည်။

ချန်းရီကဲ့သို့သော လူမျိုးပင်လျှင် ရင်ထဲ၌ အနည်းငယ် စိတ်လှုပ်ရှားကြည်နူးမှုကို ခံစားလိုက်ရ၏။

သို့သော် ထိုခံစားချက်မှာ အနည်းငယ်မျှသာ ဖြစ်သည်။

ချန်းရီက ရှေ့မှ အမျိုးသမီးသည် အကြိမ်အနည်းငယ်မျှ တွေ့ဆုံရုံဖြင့် သူ့ကို ချစ်မိသွားမည်ဟု လုံးဝ မယုံကြည်ပေ။

မဖြစ်နိုင်ချေ။

အန္တရာယ်နှင့် ကြုံတွေ့လာပါက ချန်းရီသည် ဤအမျိုးသမီးကို အကာအကွယ်တံတိုင်းအဖြစ်၊ စတေးခံမည့် သူအဖြစ် ဆက်လက် အသုံးပြုသွားမည်သာ ဖြစ်သည်။

"ကျွန်တော် ဘာမှမဖြစ်ပါဘူး... ခင်ဗျားတို့ရော ဘယ်လိုနေလဲ... အစားအသောက်နဲ့ ရိက္ခာတွေ အများကြီး ဆုံးရှုံးသွားသေးလား"

ထယ်ရှီး၏ ရိက္ခာများက အများဆုံး ဖြစ်ပြီး သူ၏ ရိက္ခာများ ဆိုးရွားစွာ ဆုံးရှုံးသွားပါက ယာဉ်တန်းတစ်ခုလုံး တကယ်ကို ပြဿနာ တက်တော့မည် ဖြစ်သည်။

ရှုလီနာက သူမ၏ နားထင်နားမှ ရှုပ်ပွနေသော ဆံပင်အချို့ကို သပ်တင်လိုက်ပြီး စကားပြောရန် ပြင်လိုက်စဉ်မှာပင်...

"ချန်းရီ... ရှင့်ကို ကျွန်မ အသေသတ်မယ်"

စူးရှပြီး အမုန်းတရားများ ပြည့်နှက်နေသော အသံလေးတစ်ခု ထွက်ပေါ်လာသည်။

ထို့နောက် ထက်မြက်သော ဓားတစ်လက်အလား အတင်း ပြေးဝင်လာသည့် သေးသွယ်သော ပုံရိပ်လေးတစ်ခုကို မြင်လိုက်ရသည်။

သူမသည်လည်း ဖုန်တက်နေသော ပုံရိပ်လေးတစ်ခု ဖြစ်သော်လည်း ထိုပုံရိပ်လေး၏ မျက်လုံးများမှာမူ ပြင်းထန်သော အမုန်းတရားများဖြင့် ပြည့်နှက်နေသည်။

ထိုမျက်လုံးများကို မြင်လိုက်သည်နှင့် ဤသူမှာ မည်သူဖြစ်ကြောင်း ချန်းရီ ချက်ချင်း သတိရသွားသည်။

ကျိုးရှောင်ရှောင် ပင်တည်း။

သူမ၏ အမကို သူ မကယ်တင်ခဲ့သောကြောင့် ဤကောင်မလေးက သူ့ကို မုန်းတီးသွားခဲ့ခြင်း ဖြစ်သည်။

ယခုအချိန်တွင် ကျိုးရှောင်ရှောင်က ချန်းရီကို အပိုင်းပိုင်း ခုတ်ထစ်သတ်ဖြတ်ချင်စိတ်များ ပေါက်နေသည်။

သူမ၏ အမအရင်း သဲမုန်တိုင်းထဲတွင် နစ်မြုပ်သွားသည်ကို သူမ ကိုယ်တိုင် မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရသည်။

ယခင်က အမဖြစ်သူမှာ စကားများပြီး ကြောက်တတ်ကာ အနည်းငယ် ပျော့ညံ့သည်ဟုပင် ထင်မှတ်ခဲ့ဖူးသော်လည်း အမဖြစ်သူ သူမ၏ မျက်စိရှေ့မှ ပျောက်ကွယ်သွားချိန်တွင်မူ...

ကျိုးရှောင်ရှောင် သူမ၏ ရင်ထဲ၌ သွေးစက်များ ကျဆင်းနေသကဲ့သို့ ခံစားလိုက်ရသည်။

ကျိုးရှောင်ရှောင်၏ လက်ထဲတွင် အသီးအနှံလှီးသော ဓားတစ်လက် ရှိနေပြီး ၎င်းမှာ ယခင်က ရိက္ခာများ ရှာဖွေစုဆောင်းစဉ်က အဆင်သင့် ကောက်ယူလာခဲ့သော ဓားဖြစ်သည်။

သူမ ယခု လိုချင်သည့် တစ်ခုတည်းသော အရာမှာ ဤဓားကို သူမရှေ့ရှိ အမျိုးသား၏ ရင်ဘတ်ထဲသို့ ထိုးစိုက်ကာ အမဖြစ်သူအတွက် လက်စားချေရန်သာ ဖြစ်သည်။

ချန်းရီက ဆေးလိပ်ငွေ့တစ်ချက် မှုတ်ထုတ်လိုက်ရာ ထိုဆေးလိပ်ငွေ့များသည် မြွေတစ်ကောင်အလား ကောင်မလေး၏ လက်ခြေများကို ချည်နှောင်လိုက်သည်။

ဤသည်ကား သဘာဝလွန် လမ်းစဉ် အစွမ်းပင် ဖြစ်သည်။

သာမန်လူများအနေဖြင့် သဘာဝလွန် လမ်းစဉ် အစွမ်းပိုင်ရှင်များ၏ ရှေ့မှောက်တွင် မည်သို့မျှ ပြန်လည်ခုခံနိုင်စွမ်း မရှိကြပေ။

"ချန်းရီ... ရှင့်ကို ကျွန်မ သတ်မယ်... သေချာပေါက် သတ်ပစ်မယ်"

ကောင်မလေးက ရုန်းကန်နေရင်း နီရဲနေသော မျက်လုံးများဖြင့် ချန်းရီကို စိုက်ကြည့်နေသည်။

ဤကောင်မလေးက ချန်းရီကို သူမ၏ ရန်သူကြီးအဖြစ် သတ်မှတ်ထားပြီး ဖြစ်သည်။

သူတို့နှစ်ဦး၏ ပဋိပက္ခက ပတ်ဝန်းကျင်ရှိ လူများ၏ အာရုံစိုက်မှုကို ချက်ချင်း ရရှိသွားစေပြီး ဖုန်တက်နေသော လူများအားလုံးက ဤဘက်သို့ လှမ်းကြည့်လာကြသည်။

ချန်းရီက ဆေးလိပ်ငွေ့ တစ်ချက် မှုတ်ထုတ်ရုံဖြင့် ကောင်မလေးကို ထိန်းချုပ်လိုက်နိုင်သည်ကို မြင်တွေ့လိုက်ရသောအခါ လူအများအပြား၏ မျက်လုံးများထဲတွင် နက်ရှိုင်းသော ကြောက်ရွံ့မှုများ ပေါ်လာကြသည်။

"နင်က ငါ့ကို သတ်ချင်တာလား... ဘာဖြစ်လို့လဲ"

"ရှင်က ကျွန်မ အမကို သတ်လိုက်တာလေ... ကျွန်မ အမ ကျိုးလန် ကို သတ်လိုက်တာ"

ကောင်မလေးက ရုန်းကန်အော်ဟစ်နေသဖြင့် အသံများပင် အက်ကွဲနေချေပြီ။

ချန်းရီက မျက်မှောင်ကြုတ်လိုက်ပြီး "နင် ရူးနေပြီလား... ငါ နင့်အမကို သတ်တာကို ဘယ်အချိန်က မြင်လိုက်လို့လဲ"

"ရှင်သာ သူ့ကို ကယ်ဖို့ ရပ်ပေးခဲ့ရင်... သူ သေမှာ မဟုတ်ဘူး... သေမှာ မဟုတ်ဘူးရှင့်"

"ပေါက်ကရတွေ... ငါသာ သူ့ကို ကယ်ဖို့ ရပ်လိုက်ရင် သေရမှာက ငါကိုယ်တိုင်ပဲ"

"ကျိုးရှောင်ရှောင်... နင်က ဒီလောက်တောင် တုံးတာလား... နင့်အမကို ကယ်ရအောင် ငါက သူ့ရဲ့ ဘာမို့လို့လဲ... ဘာအကြောင်းပြချက် ရှိလို့လဲ"

"အဲဒါက... ရှင် အလိုအပ်ဆုံး အချိန်တုန်းက ကျွန်မ အမက ရှင့်ကို ဓာတ်ဆီတွေ ပေးခဲ့ဖူးတယ်လေ"

"ဒါပေမဲ့ နင် ကိုယ်တိုင်ပဲ အဲဒီ ဓာတ်ဆီတွေကို ပြန်ယူသွားခဲ့တာ မဟုတ်ဘူးလား... ကျိုးရှောင်ရှောင်... နင် မေ့သွားပြီလား"

ချန်းရီ၏ စကားကြောင့် ကျိုးရှောင်ရှောင် တစ်ခဏမျှ ကြောင်အမ်းသွားသည်။

ကောင်မလေး၏ မျက်ရည်များက ပါးပြင်ပေါ်သို့ စီးကျလာပြီး မျက်နှာပေါ်ရှိ ဖုန်မှုန့်များကို ဆေးကြောသွားကာ မြောင်းငယ်လေးတစ်ခု ဖြစ်ပေါ်သွားစေသည်။

နှုတ်ခမ်းထောင့်ကို ကိုက်ထားသဖြင့် သွေးများပင် ထွက်လာသည်။

လှပသေသပ်သော မျက်နှာလေးမှာ အလွန်အမင်း သနားစရာ ကောင်းနေ၏။

သို့သော် ထိုမျက်လုံးများကမူ နီရဲလျက် ချန်းရီကို စိုက်ကြည့်နေဆဲ ဖြစ်သည်။

ကောင်မလေးက လက်စားချေရန်အတွက် ထွက်ပေါက်တစ်ခု လိုအပ်နေခြင်း ဖြစ်သည်။

ပြီးတော့ သူမရှေ့မှ အမျိုးသားက ထိုထွက်ပေါက်အတွက် အလွန် သင့်တော်နေ၏။

ချန်းရီ၏ မျက်မှောင်များ ပို၍ ကြုတ်လာသည်။

ရှုလီနာက ဘေးနားတွင် ရပ်နေရင်း မည်သို့ လုပ်ရမည်မှန်း မသိဖြစ်နေသည်။

ချူချယ်သည် ကားထဲမှ တွားသွား ထွက်လာပြီး မျက်နှာတစ်ခုလုံး ဖြူဖျော့နေကာ ခန္ဓာကိုယ်မှာပင် အနည်းငယ် တုန်ယင်နေသည်။

"သတိထား... ထူး... ထူးဆန်းတဲ့ အရာ လာနေပြီ"

ချူချယ်က ထိုစကားကို ပြောလိုက်သည့် အချိန်မှာပင်...

အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းသော လူ့မျက်နှာကြီး တစ်ခုက ချန်းရီ၏ ဘေးနားမှ ရုတ်တရက် ထွက်ပေါ်လာသည်။

၎င်းမှာ ကြီးမားပြီး ကြောက်မက်ဖွယ်ကောင်းသော လူ့မျက်နှာကြီး တစ်ခုဖြစ်ကာ ထိုမျက်နှာကြီး တစ်ခုတည်းကပင် လူကြီးတစ်ယောက်၏ အရပ်အမြင့်ခန့် ရှိနေသည်။

ထိုလူ့မျက်နှာကြီးက ပါးစပ်ကြီးကို ဟကာ ချန်းရီထံသို့ အတင်း ကိုက်ချလိုက်သည်။

ချန်းရီက တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများ ထသွားသကဲ့သို့ ခံစားလိုက်ရ၏။

အလွန် နီးကပ်လွန်းလှသည်။

အလွန်လည်း ရုတ်တရက် ဆန်လွန်းလှသည်။

ရှောင်လွှဲရန် မည်သို့မျှ မဖြစ်နိုင်တော့ပေ။

ချန်းရီက ဗီဇအရပင် လက်တစ်ဖက် ဆန့်ထုတ်ကာ ကျိုးရှောင်ရှောင်၏ လည်ပင်းကို ဖမ်းဆုပ်လိုက်ပြီး ထိုအမျိုးသမီးကို သူ၏ရှေ့တွင် အကာအကွယ်အဖြစ် ဆွဲယူပိတ်ဆို့လိုက်သည်။

ဖျော်ဖြေရေးလောက တစ်ခုလုံးက မျှော်လင့်ချက်ထားခြင်း ခံရသော ဤအနာဂတ် ကြယ်ပွင့်လေးမှာမူ ဤကဲ့သို့ပင် ချန်းရီ၏ အသေခံအဖြစ် အသုံးပြုခြင်းကို ခံလိုက်ရလေတော့သည်။

ဆက်ရန်...

All Chapters