အခန်း ၂၀၂
Vol. 11 Ch. 202
အပိုင်း(၂၀၂) နတ်ဆင်ရွာမှ လူများ
ခေါင်းဆောင်ချူ ယခုတလော အနည်းငယ် စိတ်ပူပန်နေ၏။ ထို "တိတ်ဆိတ်ပျောက်ကွယ်" သေနတ်ကို ရရှိပြီးကတည်းကပင် ဖြစ်သည်။
သူ၏ ဆံပင်များကလည်း တိတ်တဆိတ် ပျောက်ကွယ်နေသည်။
ကြိုတင် ခန့်မှန်းထားပြီးဖြစ်သော်လည်း ယခုလို ဆံပင်ကျွတ်သည့်နှုန်းက အရမ်းမြန်လွန်းနေသည် မဟုတ်ပါလော။
ခေါင်းဆောင်ချူက အနှေးဆုံး လဝက်ခန့်ကြာလျှင် သူလည်း လောင်လီကဲ့သို့ ထိပ်ပြောင်ကြီး ဖြစ်သွားတော့မည်ဟု ခန့်မှန်းမိသည်။
မူလက ဒီမနက်ပိုင်းတွင် ထိုယာဉ်တန်းနှင့် ဆုံတွေ့ရလိမ့်မည်ဟု သူ ထင်မှတ်ထားခဲ့သည်။
သို့သော် ယခုအချိန်အထိ မည်သည့်သတင်းအစအနမျှ မရသေးပေ။
ဒီနေ့မနက်ပိုင်းတွင် ကိစ္စတစ်ခုမှ အဆင်ပြေချောမွေ့ခြင်း မရှိဟု ထင်ရသည်။
ရုတ်တရက်... ချူချယ်က ရင်းနှီးနေသော အငွေ့အသက်တစ်ခုနှင့်အတူ အလွန် ပြင်းထန်သော တုန်လှုပ်ချောက်ချားဖွယ် ခံစားချက်ကို အာရုံခံမိလိုက်သည်။
ဒါက...
ချူချယ်က ခေါင်းကို ရုတ်တရက် မော့ကြည့်လိုက်ရာ ဘေးနားရှိ အသက်ရှင်ကျန်ရစ်သူတစ်ယောက်ထံမှ ထိတ်လန့်တကြား အော်ဟစ်သံကို ကြားလိုက်ရသည်။
"ခေါင်းဆောင်... ခေါင်းဆောင်... ဟိုမှာ ကြည့်ပါဦး... အဲ့တာ ဘာကြီးလဲ"
ချူချယ်၏ မျက်ဝန်းထဲသို့ ဝင်ရောက်လာသော မြင်ကွင်းကြောင့် သူ၏ သူငယ်အိမ်များက အရူးအမူး တုန်ခါသွားပြီး တစ်ကိုယ်လုံးလည်း သဲ့သဲ့မျှ တုန်ယင်လာသည်။
ချန်းရီကလည်း တစ်ခုခုကို အာရုံခံမိပုံရသည်။ ခေါင်းကို မော့ကြည့်လိုက်ချိန်တွင် သူ၏ တစ်ကိုယ်လုံးက တင်းကြပ်နေသော လေးကြိုးတစ်ချောင်းအလား ဖြစ်သွားပြီး လက်က ခါးနောက်ရှိ ဓားရိုးပေါ်သို့ ရောက်သွားကာ မှောက်ကျသွားသော နေ့လယ်စာကိုပင် ဂရုမစိုက်နိုင်တော့ပေ။
မရဏသွေး ထင်းခုတ်ဓားမက သိသိသာသာကို စိတ်လှုပ်ရှားနေပြီး ဓားအိမ်ထဲမှ သွေးကြောမျှင်များ ထွက်ပေါ်လာကာ ချန်းရီ၏ လက်ဝါးကြီးကို ညင်သာစွာ ပွတ်သပ်နေသည်။
"အမုန်းတရား" က တိုက်ပွဲဝင်ရန် ဆာလောင်နေ၏။
သူက စွန်းချန်းချန်း၏ ဓားရှည်နှင့် အတိုက်ခိုက်ချင်ဆုံး ဖြစ်သည်။
စွန်းချန်းချန်းကလည်း လက်ထဲမှ ဓားရှည်ကို ဆုပ်ကိုင်ထားပြီး ဓားရှည်ဆီမှ မှိန်ဖျော့ဖျော့ အလင်းဖြူများ ထွက်ပေါ်လာကာ ချန်းရီ၏ ထင်းခုတ်ဓားမနှင့် အပြိုင်အဆိုင် ဖြစ်နေပုံရသည်။
သို့သော် ချန်းရီနှင့် စွန်းချန်းချန်းတို့ နှစ်ယောက်စလုံးက အဝေးဆီသို့သာ စိုက်ကြည့်နေကြပြီး ထိုသဘာဝလွန် ပစ္စည်းနှစ်ခုကို ဂရုစိုက်ရန် စိတ်ကူးမရှိကြပေ။
တင်းတုံက အဝေးဆီသို့ တည်ငြိမ်စွာ ကြည့်နေပြီး ဘယ်ဘက်လက်ကို လက်သီးဆုပ်ကာ အသင့်အနေအထား ပြင်ထားသည်။
အသက်ရှင်ကျန်ရစ်သူ အားလုံး၏ မျက်နှာများမှာ ဖြူရော်နေကြပြီး အဝေးမှ မြင်ကွင်းကို ကြည့်ကာ လူတော်တော်များများ၏ ခြေသလုံးများမှာ တုန်ယင်နေကြသည်။
ယခုအချိန်အထိ အသက်ရှင်ကျန်ရစ်သူများသည် ကြောက်မက်ဖွယ် မြင်ကွင်းပေါင်းများစွာကို မြင်တွေ့ခဲ့ရပြီး ဖြစ်သည်။
သူတို့အားလုံးကို နောက်ဆုတ်သွားအောင် ခြောက်လှန့်နိုင်သည့် အရာဆိုသည်မှာ အမှန်တကယ်ပင် အလွန် နည်းပါးလှသည်။
အဝေးဆီတွင်... တောင်ကုန်းငယ်တစ်ခုက သူတို့ရှိရာဘက်သို့ တစ်လှမ်းချင်း ရွေ့လျားလာနေသည်။
ထိုတောင်ကုန်းငယ်၏ အောက်တွင်မူ... အလွန်တရာ ကြီးမားလှသော ဧရာမဆင်ကြီးတစ်ကောင် ရှိနေသည်။
ဟုတ်ပေသည်... ဆင်ကြီးတစ်ကောင်ပင်တည်း။
ဆင်ကြီးက တစ်လှမ်း လှမ်းလိုက်တိုင်း မြေကြီးက အနည်းငယ် တုန်ခါသွားသည်။
ချန်းရီတို့ရှိရာ နေရာမှ လှမ်းကြည့်လျှင် ထိုဆင်ကြီး၏ တိကျသော အမြင့်ကို ခန့်မှန်း၍ မရနိုင်ပေ။
ဤမျှ အဝေးမှ လှမ်းကြည့်နေရသည်တောင် ထိုဆင်ကြီးက ဤကမ္ဘာလောကတွင် ရှိသင့်သော သတ္တဝါမျိုးနှင့် မတူပေ။
စကားလုံးတစ်လုံးက ချန်းရီ၏ ခေါင်းထဲသို့ ချက်ချင်း လက်ခနဲ ဝင်ရောက်လာသည်။
"နတ်ဆင်ကြီး"
ဤစကားလုံးကို သူ အကြိမ်အတော်များများ ကြားဖူးခဲ့ပြီးပြီ ဖြစ်သည်။
အစောဆုံးအနေဖြင့် မိုဟိုင်ရမ်၏ ပါးစပ်မှတဆင့် ကြားခဲ့ရခြင်း ဖြစ်သည်။
နောက်ပိုင်းတွင် တဝူမြို့မှ ရှောင်ဟွာ ဆိုသော ကောင်မလေး၏ ပါးစပ်မှတဆင့် ထပ်မံ ကြားခဲ့ရပြန်သည်။
ယခုတော့...
ချန်းရီက ကိုယ်တိုင်ကိုယ်ကျ မျက်မြင်တွေ့နေရပြီ ဖြစ်သည်။
ဖြစ်နိုင်ချေ တစ်ခုကို သူ တွေးမိသွားသည်။
ချန်းရီက ခြောက်သွေ့နေသော နှုတ်ခမ်းကို လျှာဖြင့်သပ်လိုက်ပြီး မေးလိုက်သည်။
"ခေါင်းဆောင်ချူ... မင်းပြောတဲ့ ယာဉ်တန်းကြီးဆိုတာ နတ်ဆင်ကြီးကို ပြောတာတော့ မဟုတ်ပါဘူးနော်"
ချူချယ်ကလည်း နှုတ်ခမ်းကို လျှာဖြင့်သပ်လိုက်ပြီး သူ၏ အသံကလည်း ခြောက်ကပ်နေသည်။
"ငါရထားတဲ့ သတင်းက... နတ်ဆင်ကြီးလို့ မပြောထားဘူးကွ"
သူတို့နှစ်ယောက်၏ စကားပြောသံက ဆံပင်ပန်းရောင်နှင့် ကောင်မလေးတို့၏ အာရုံစိုက်မှုကို ဆွဲဆောင်သွားခဲ့သည်။
သူတို့အားလုံး၏ မျက်လုံးများထဲတွင် စိုးရိမ်ထိတ်လန့်မှုများ ရှိနေကြသည်။
အဘယ်ကြောင့်ဆိုသော် ထိုနတ်ဆင်ကြီး၏ ကိုယ်ပေါ်မှ... ထူးဆန်းသည့် အငွေ့အသက်များကို သူတို့အားလုံး ခံစားနေရသောကြောင့် ဖြစ်သည်။
မှန်ပေသည်... ထူးဆန်းသည့် အငွေ့အသက်ပင် ဖြစ်သည်။
မျက်စိရှေ့မှ ဤနတ်ဆင်ကြီးက ထူးဆန်းသောအရာကြီး ဖြစ်နေသည်။
သို့သော် ရူးသွပ်ပြီး ကောက်ကျစ်သည့် ထူးဆန်းသော ခံစားချက်မျိုးတော့ မရှိပေ။
ဒါက သူတို့ လှည့်မပြေးကြသည့် အကြောင်းရင်းလည်း ဖြစ်သည်။
ဆင်ကြီးက ယာဉ်တန်းရှိရာဘက်သို့ တစ်လှမ်းချင်း လျှောက်လာနေသည်။
အသက်ရှင်ကျန်ရစ်သူများက ထိတ်လန့်တကြားဖြင့် ကားများထဲသို့ ပြေးဝင်ရန် ပြင်နေကြသည်။
သို့သော် ချူချယ်ကမူ အနည်းငယ်မျှပင် မလှုပ်ရှားပေ။ မျက်စိရှေ့ရှိ ဤဆင်ကြီးသည် သူနှင့် ဆက်သွယ်ခဲ့သော ထို "ယာဉ်တန်း" ပင် ဖြစ်ကြောင်း သူ သေချာသွားပြီ ဖြစ်သည်။
သူ ရရှိခဲ့သော သတင်းအချက်အလက်၏ တစ်ဖက်တွင် ဤကဲ့သို့သော အခြေအနေမျိုး ဖြစ်နေမည်ဟု ချူချယ်က အိပ်မက်ထဲတွင်ပင် မထင်မှတ်ထားခဲ့ပေ။
လမ်းပြသူ လမ်းစဉ်သည် အဆင့် (၂) သို့ ရောက်ရှိသွားပြီးနောက် တူညီသော လမ်းပြသူများ၏ သတင်းအချက်အလက်များကို အာရုံခံနိုင်လာသည်။
ရိုးရှင်းသော သတင်းအချက်အလက် ဖလှယ်မှု အချို့ကိုပင် ပြုလုပ်နိုင်သည်။
ဒါက လမ်းပြသူများ၏ အစွမ်းများထဲမှ တစ်ခုလည်း ဖြစ်သည်။
ဤအစွမ်းကို ချူချယ်က သူ၏ အသင်းသားများကိုပင် အသေးစိတ် မပြောပြထားခဲ့ပေ။
သေချာသည်မှာ... ဤကဲ့သို့ သတင်းအချက်အလက် ဖလှယ်ခြင်းသည် သတ်မှတ်ထားသော အကွာအဝေး တစ်ခုအတွင်း၌သာ ကန့်သတ်ထားခြင်း ဖြစ်သည်။
ထိုအကွာအဝေးထက် ကျော်လွန်သွားပါက အာရုံခံနိုင်စွမ်း မရှိတော့ပေ။
ယခင်က ကုလားအုတ်ယာဉ်တန်းနှင့် ဆက်သွယ်စဉ်တုန်းက မိုဟိုင်ရမ်က သူ့ကို သီးသန့် ဆက်သွယ်လာခဲ့ခြင်း ဖြစ်သည်။
ယခုအခါ သူက အဆင့် (၂) သို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း တစ်ဖက်လူက သူ့ကို အရင် ဆက်သွယ်လာခဲ့ဆဲ ဖြစ်သည်။
ဒါဆိုလျှင် ဖြစ်နိုင်ချေ တစ်ခုတည်းသာ ရှိတော့သည်။ ဤနတ်ဆင်ကြီးပေါ်တွင် သူ၏ အဆင့်ထက် ပိုမြင့်သော လမ်းပြသူတစ်ယောက် ရှိနေခြင်းပင်။
အဆင့် (၃) လည်း ဖြစ်ကောင်း ဖြစ်နိုင်သည်။
အဆင့် (၄) လည်း ဖြစ်နိုင်ချေ ရှိပေသည်။
ချန်းရီက နတ်ဆင်ကြီး၏ ကျောပေါ်ရှိ မြင်ကွင်းအချို့ကို မြင်တွေ့နေရပြီ ဖြစ်သည်။
မြင်တွေ့လိုက်ရသောကြောင့်ပင် ချန်းရီ အလွန်တရာ အံ့အားသင့်သွားရခြင်း ဖြစ်သည်။
ဤဆင်ကြီး၏ ကျောပေါ်တွင် ကုန်းမြေတစ်ခုကို တင်ဆောင်ထားသကဲ့သို့ ဖြစ်နေသည်။
ဒါက ယခင်က သဲကန္တာရထဲတွင် မြင်တွေ့ခဲ့ရသော ကောင်းကင်ဝေလငါးနှင့်လည်း အလွန် တူညီနေသည်။
ဤကုန်းမြေလေးပေါ်တွင် အဆောက်အအုံများ ရှိနေသည်ကိုပင် ချန်းရီက ခပ်ရေးရေး မြင်တွေ့နေရသည်။
သေချာသည်မှာ အနီးသို့ရောက်လာသောအခါ ထောင့်အနေအထားအရ အစွန်းပိုင်း အနည်းငယ်ကိုသာ မြင်နိုင်တော့သည်။
သို့သော် ထိုကုန်းမြေ၏ အစွန်းတွင် သစ်သားလက်ရန်းများ ကာရံထားပြီး လူအနည်းငယ်က လက်ရန်းတွင် ရပ်ကာ အောက်သို့ ငုံ့ကြည့်နေကြသည်ကို ရှင်းလင်းစွာ မြင်တွေ့ရသည်။
နတ်ဆင်ကြီးက အနီးသို့ တစ်လှမ်းချင်း ရောက်လာပြီး ရပ်တန့်သွားသည်။
မြေကြီးက သဲ့သဲ့မျှ တုန်ခါသွား၏။
ချန်းရီတို့ လူစုက အချင်းချင်း အပြန်အလှန် ကြည့်လိုက်ကြပြီး တစ်ယောက်စီ၏ မျက်လုံးများထဲတွင် တုန်လှုပ်မှုအချို့ကို မြင်တွေ့လိုက်ကြရသည်။
ခေါင်းဆောင်ချူ ဆက်သွယ်ထားသည်မှာ ဤဆင်ကြီး သို့မဟုတ် ဆင်ကြီး၏ ကျောပေါ်မှ လူများဖြစ်ကြောင်း ချန်းရီက ဤအချိန်တွင် သေချာသွားပြီ ဖြစ်သည်။
မျက်စိရှေ့ရှိ ဆင်ကြီးက တကယ်ကို ကြီးမားလွန်းလှသည်။
ချန်းရီက အထက်သို့ အစဉ်တစိုက် မော့ကြည့်နေသော်လည်း ဆင်ကြီး၏ အစိတ်အပိုင်း တစ်ခုကိုသာ မြင်တွေ့ရသည်။
ဆင်နှာမောင်းတစ်ခုတည်းကပင် ချန်းရီ၏ ကမ္ဘာပျက်ကပ် ပစ်ကပ်ကားထက် အများကြီး ပိုမို တုတ်ခိုင်နေသည်။
မိမိ၏ ကားကို ဤဆင်ကြီး၏ နှာမောင်းပေါ်သို့ပင် မောင်းတက်သွားနိုင်လောက်သည်ဟု ချန်းရီ၏ စိတ်ထဲတွင် အတွေးတစ်ခု ဝင်လာသည်။
ဆင်ကြီး၏ ကိုယ်ပေါ်မှ တစ်ခါတစ်ရံ ထွက်ပေါ်လာတတ်သော ထူးဆန်းသည့် အငွေ့အသက်များက...
ဤထူးဆန်းသည့် အငွေ့အသက်များက လုံးဝ ပျောက်ကွယ်သွားခဲ့ပြီတည်း။
ဒါက...
ချန်းရီက လူတစ်ယောက်ကို သတိရသွားသည်။ ယခင်က ယာဉ်တန်းထဲရှိ သက်ကြီးရွယ်အိုသုံး လျှပ်စစ်သုံးဘီးကို မောင်းနှင်ခဲ့သော အဘိုးကြီးကိုပင်။
နောက်ပိုင်းတွင် ချန်းရီ၏ လှည့်စားခြင်းကို ခံရပြီး ထိုအဘိုးကြီးကို ခေါင်းမဲ့သဲမြွေကြီးအား အစာကျွေးလိုက်ရသည်။
အခု ခံစားချက်က အဲဒီတုန်းက ခံစားချက်မျိုးပဲ။
ချူချယ်၏ အကြည့်များ ရောက်လာသည်ကို သူ ခံစားလိုက်ရသည်။
သူတို့နှစ်ယောက် အကြည့်ချင်း ဆုံလိုက်သောအခါ တစ်ဖက်လူ၏ စိတ်ထဲတွင် တွေးနေသည်က မိမိနှင့် အတူတူပင် ဖြစ်ကြောင်း မျက်လုံးများထဲမှတဆင့် သိလိုက်ကြသည်။
အခြား အသက်ရှင်ကျန်ရစ်သူများမှာမူ ကားထဲသို့ စောစောစီးစီး ဝင်ရောက်ကာ တုန်ရီနေကြပြီ ဖြစ်သည်။
အမြဲတမ်း တည်ငြိမ်နေတတ်သော ရွှီနန်ပင်လျှင် ဤအချိန်တွင် သူ၏ ရုပ်ဆိုးသော မျက်နှာကြီးမှာ ဖြူရော်နေပြီ ဖြစ်သည်။
ဆန့်ကျင်ဘက်အနေဖြင့် ကျိုးရှောင်ရှောင် ဆိုသော ကောင်မလေးကမူ ခြေထောက်နှစ်ချောင်း တုန်ယင်နေသော်လည်း နှုတ်ခမ်းကို တင်းတင်းကိုက်ကာ တင်းတုံ၏ ဘေးတွင် ရပ်နေလေသည်။
ဆင်ကြီး၏ ကျောပေါ်မှ လူများနှင့် မည်သို့ ဆက်သွယ်ရမည်ကို ချန်းရီ စဉ်းစားနေစဉ်မှာပင်...
ဆင်ကြီး၏ နှာမောင်းက ရုတ်တရက် အထက်သို့ မြောက်တက်သွားပြီး ဆင်ကျောပေါ်သို့ တိုက်ရိုက် ဆန့်ထွက်သွားသည်ကို ချန်းရီ မြင်လိုက်ရသည်။
နေရောင်ခြည်အောက်တွင် ဆင်နှာမောင်းကြီးက တိမ်တိုက်များထဲသို့ပင် ဝင်ရောက်သွားသကဲ့သို့ ချန်းရီ ခံစားလိုက်ရသည်။
ချန်းရီက နောက်သို့ ခြေနှစ်လှမ်းခန့် ဆုတ်လိုက်ပြီး ချူချယ်၏ နောက်တွင် ရပ်လိုက်သည်။
ချူချယ်ကမူ ထယ်ရှီး၏ နောက်တွင် ရပ်နေနှင့်ပြီ ဖြစ်သည်။
ခဏအကြာတွင် ဆင်နှာမောင်းကြီးက ကောင်းကင်ပေါ်မှ ဖြည်းညင်းစွာ ကျဆင်းလာသည်။
ဤအချိန်တွင် ဆင်နှာမောင်းပေါ်၌ လူရိပ်များ ပေါ်လာပြီ ဖြစ်သည်။
အရပ်ပုပု၊ ခန္ဓာကိုယ် သေးသေးကွေးကွေးနှင့် ခေါင်းကြီးကြီး လူတစ်ယောက်က အရှေ့ဆုံးတွင် ရပ်နေသည်။ ထိုလူက ခြေဗလာဖြင့် ဖြစ်ပြီး မျက်နှာပေါ်ရှိ အပြုံးက အလွန် ရင်းနှီးဖော်ရွေဟန် ပေါ်ကာ အသက် ၄၀-၅၀ ခန့် ရှိမည်ဟု ခန့်မှန်းရသည်။
ထိုလူ၏ အနောက်တွင် အသက် ၂၅ နှစ်ဝန်းကျင်ခန့်ရှိသော ပိန်ကပ်ကပ် လူငယ်တစ်ယောက် ရပ်နေသည်။ ကိုယ်ပေါ်တွင် ပွယောင်းယောင်း တာအိုဝတ်စုံကြီးကို ဝတ်ဆင်ထားသော်လည်း ခြေထောက်တွင်မူ ဖိနပ်ဖြူလေး တစ်ရံကို စီးထားသဖြင့် ကြည့်ရသည်မှာ ဟိုမရောက် ဒီမရောက် တာအိုဘုန်းကြီးတစ်ပါးနှင့် တူနေသည်။
ထိုတာအိုဘုန်းကြီး လူငယ်က ခိုးကြောင်ခိုးဝှက် မျက်လုံးများဖြင့် လူအုပ်ထဲသို့ အဆက်မပြတ် လိုက်လံ ကြည့်ရှုနေသည်။ ပထမဆုံး စွန်းချန်းချန်းဆီသို့ အကြည့်ရောက်သွားရာ မျက်လုံးများ ရုတ်တရက် အရောင်လက်သွားသော်လည်း ချက်ချင်းပင် ရွံရှာသွားသည့် မျက်နှာထားမျိုး ဖြစ်သွားသည်။
ထို့နောက် ထိုခိုးကြောင်ခိုးဝှက် မျက်လုံးများက ရှုလီနာ ဆိုသော ညှို့ဓာတ်ပြင်းသည့် မိန်းမလှလေးဆီသို့ ရောက်သွားပြန်သည်။ ရှုလီနာက လူအုပ်ထဲသို့ သူမ၏ ကိုယ်ကို ကျုံ့ဝင်သွားစေသည်။
လူငယ်က ရွံရှာသည့် မျက်နှာထား ထပ်မံ ဖြစ်သွားပြန်သည်။ နောက်ဆုံး ကျိုးရှောင်ရှောင်၏ အပေါ်သို့ အကြည့်ရောက်သွားသောအခါ ခေတ္တမျှ ကြောင်သွားပြီးနောက် တစ်ခုခုကို နှမြောတသနေသည့်အလား သက်ပြင်းချကာ ခေါင်းခါလိုက်သည်။
အကြည့်များက ချန်းရီ၊ ထယ်ရှီး၊ တင်းတုံတို့ဆီသို့ တစ်ယောက်ပြီးတစ်ယောက် ဖြတ်သန်းသွားပြီး ချန်းရီ၏ အပေါ်တွင်သာ အနည်းငယ် ရပ်တန့်သွားကာ ချက်ချင်းပင် ဘာမှ မဖြစ်ခဲ့သလို ဟန်ဆောင်လိုက်သည်။
နောက်ဆုံးတွင် ဤလူငယ်က နေရာတစ်နေရာကို စူးစိုက်ကြည့်နေတော့သည်။ သူ၏ ခိုးကြောင်ခိုးဝှက် မျက်လုံးများထဲတွင် တောက်ပလွန်းလှပြီး လပေါင်းများစွာ ဆာလောင်နေသော တောခွေးတစ်ကောင်က ဆူဖြိုးလှသော အသားတုံးကြီးကို ရုတ်တရက် မြင်တွေ့လိုက်ရသကဲ့သို့ ဖြစ်နေသည်။
ပါးစပ်မှ တံတွေးများပင် ကျလာမတတ် ဖြစ်နေသည်။
ချန်းရီက နောက်သို့ လှည့်ကြည့်လိုက်ရာ ဤလူငယ် ကြည့်နေသည်မှာ အလွန် ရင့်ကျက်ဆွဲဆောင်မှုရှိသော ကျန်းယန်ဖင်း ဖြစ်နေကြောင်း တွေ့လိုက်ရသည်။
ကျန်းယန်ဖင်းသည် အသက် ၄၀ ကျော်ပြီ ဖြစ်သော်လည်း ခန္ဓာကိုယ်ကို ကောင်းစွာ ထိန်းသိမ်းထားနိုင်ဆဲ ဖြစ်သည်။ မျက်လုံးထောင့်ရှိ တွန့်ခေါက်ရာလေးများမှလွဲ၍ အချိန်ကာလ၏ အရိပ်အယောင်များကို မတွေ့ရပေ။
ယခင်က ယာဉ်တန်းထဲတွင် သက်ကြီးရွယ်အိုသုံး လျှပ်စစ်သုံးဘီး မောင်းသော အဘိုးကြီး ရှိစဉ်က ဤအမျိုးသမီးက ထိုအဘိုးကြီးနှင့် အနည်းငယ် ရှုပ်ရှုပ်ထွေးထွေး ရှိခဲ့သည်။
ဤအမျိုးသမီးက ဘဝကို ကောင်းကောင်း နားလည်သဘောပေါက်သွားသူ ဖြစ်ကောင်း ဖြစ်နိုင်ပြီး အခွင့်အရေးရရင် ရသလို ပျော်ပျော်နေတတ်သည့် သဘောမျိုး ရှိသည်။
ထို့ကြောင့် ယာဉ်တန်းက ယခုအချိန်အထိ ရောက်လာရာတွင် သူမ အသက်ရှင်ကျန်ရစ်နိုင်ခြင်းကလည်း အစွမ်းအစ အနည်းငယ် ရှိနေ၍ပင်။
အသက်ရှင်သန်နိုင်ရန်အတွက် ဤအမျိုးသမီး၏ စိတ်ဓာတ်ခွန်အားအချို့ကို လူငယ်များပင် ယှဉ်နိုင်မည် မဟုတ်ပေ။
လွန်ခဲ့သော ရက်အနည်းငယ်က သူမ ကိုယ်တိုင် ထမင်းချက်အဒေါ်ကြီး အလုပ်ကို လုပ်နိုင်ကြောင်း တက်ကြွစွာ ပြောဆိုခဲ့သကဲ့သို့ပင်။ ဤကဲ့သို့ တက်ကြွစွာ ကြိုးစားအားထုတ်သည့် စိတ်ဓာတ်မျိုးကို သာမန်လူများက ယှဉ်နိုင်မည် မဟုတ်ပေ။
ကျန်းယန်ဖင်းကလည်း လူငယ်၏ အကြည့်ကို သတိထားမိလိုက်ပြီး လူငယ်ကို ပွင့်ပွင့်လင်းလင်းပင် မျက်စပစ် ပြလိုက်သည်။
ကြည်လင်နေသော တံတွေးတစ်စက်က ဤတာအိုဘုန်းကြီးတု၏ နှုတ်ခမ်းထောင့်မှ စီးကျလာသည်။
ချန်းရီ "..."
ဤတာအိုဘုန်းကြီးတု၏ အကြည့်များက အလွန် ထူးခြားသည်ဟု ဆိုရမည်။ စက္ကန့်အနည်းငယ် အတွင်းမှာပင် လူတိုင်းက သူ့ကို နက်နက်ရှိုင်းရှိုင်း မှတ်မိသွားစေသည်။
ချန်းရီက ဤတာအိုဘုန်းကြီး၏ အနောက်သို့ ကြည့်လိုက်သည်။
ပို၍ပင် စိတ်ဝင်စားစရာ ကောင်းသည်ဟု ခံစားလိုက်ရ၏။
အဘယ်ကြောင့်ဆိုသော် ဤတာအိုဘုန်းကြီး၏ အနောက်တွင် ရပ်နေသူကလည်း လူငယ်တစ်ယောက် ဖြစ်သော်လည်း လူငယ်ဘုန်းကြီးတစ်ပါး ဖြစ်နေသောကြောင့်ပင်။
ဤဘုန်းကြီးက သာမန်ရုပ်ရည်မျိုး ရှိသော်လည်း ကိုယ်ပေါ်တွင်မူ ခြိုးခြံကျင့်ကြံသော ရသေ့တစ်ပါး၏ အငွေ့အသက်မျိုး ရှိနေသည်။
ရိုးရှင်းပြီး သန့်စင်နေသည်။
စိတ်ဝင်စားစရာပဲ... ဒါက ချန်းရီ မြင်တွေ့လိုက်ရသော လူသုံးယောက်အုပ်စု ဖြစ်သည်။
ပထမဆုံးအကြိမ် တွေ့ဆုံခြင်းမှာပင် ချန်းရီတို့ကို အလွန် နက်ရှိုင်းစွာ မှတ်မိသွားစေခဲ့သည်။
ဆင်နှာမောင်းက မြေပြင်ပေါ်သို့ ကျရောက်သွားပြီး လူသုံးယောက် ဆင်းလာကြသည်။
ရှေ့ဆုံးမှ ခေါင်းကြီးကြီး၊ အရပ်ပုပုနှင့် လူလတ်ပိုင်းအရွယ် အမျိုးသားက ရှေ့သို့ လျှောက်လာပြီး ပြုံးကာ ပြောလိုက်သည်။
"မင်္ဂလာပါ... ကျွန်တော်တို့က နတ်ဆင်ရွာက လူတွေပါ... ကျွန်တော်က ရွာသူကြီးဖြစ်ပြီး လမ်းပြသူ လမ်းစဉ် အဆင့် (၃) သွေးလမ်းကြောင်း နတ်ဆရာပါ... အားလုံးကတော့ ကျွန်တော့်ကို ခေါင်းကြီးရွာသူကြီးလို့ ခေါ်ကြတယ်... ခင်ဗျားတို့လည်း အဲဒီလိုပဲ ခေါ်လို့ရပါတယ်"
ခေါင်းကြီးရွာသူကြီးက ပြုံးရွှင်စွာဖြင့် ထယ်ရှီးဆီသို့ လက်ကမ်းပေးလိုက်သည်။
ထယ်ရှီးက ကြောင်အမ်းအမ်း ဖြစ်သွားသည်။
နေပါဦး... ဘာလို့ ငါ့ကို လာနှုတ်ဆက်နေတာလဲ။
ခေါင်းဆောင်ချူရော ဘယ်ရောက်သွားတာလဲ။
ဆက်ရန်...