← Chapters

အခန်း ၁၀၂

Vol. 6 Ch. 102

အခန်း ၁၀၂

Vol. 6 Ch. 102

အပိုင်း(၁၀၂) လူဆိုးကို လူဆိုးချင်းသာ နှိမ်နင်းနိုင်သည်

ယမန်နေ့ညက နှစ်နာရီကြာ အသက်ရှူကျင့်စဉ် လေ့ကျင့်ခဲ့ခြင်းနှင့် တစ်ညတာ အနားယူလိုက်ရခြင်းက ယနေ့ ချန်းရီကို လန်းဆန်းတက်ကြွနေစေ၏။

အပူချိန်က တဖြည်းဖြည်း မြင့်တက်လာနေသည်။

သို့သော် ချန်းရီ၏ ယာဉ်မောင်းခန်းလေးက လေမလုံဘဲ အိုက်စပ်နေခြင်းမျိုး မဟုတ်ဘဲ ပူပြင်းရုံသက်သက်သာ ဖြစ်၏။

ရှေ့လေကာမှန် မရှိသလို ကားတံခါးပင် မရှိတော့ချေ။

သဲကန္တာရထဲမှ တိုက်ခတ်လာသော လေပူများက ချန်းရီ၏ မျက်နှာပေါ်သို့ တိုက်ရိုက် လာမှန်နေသည်။

ကားနောက်ခန်းထဲတွင် ရိက္ခာပစ္စည်းများ အပြည့်အမောက် တင်ဆောင်ထားသဖြင့် ကားလေးမှာ အလေးချိန်ကြောင့် ကျွီကျွီမြည်ကာ အသံထွက်နေ၏။

ဓာတ်ဆီ ချွေတာနိုင်ရန်အတွက် ချန်းရီက ကားကို လျှပ်စစ်မုဒ်သို့ ပြောင်းလဲမောင်းနှင်လိုက်သည်။

ကမ္ဘာပျက်ကပ် ပစ်ကပ်ကား၏ ဘတ္ထရီက အားအပြည့် ပြည့်နေပြီ ဖြစ်သော်လည်း ဤကား၏ လျှပ်စစ်စနစ်က ယခင် မူလကားငယ်လေး၏ အင်ဂျင်စနစ်သာ ဖြစ်နေသေး၏။

ဤမျှ အပြည့်တင်ထားသော ကားကို ဆွဲရန် အနည်းငယ် ရုန်းကန်ရသော်လည်း ကံကောင်းစွာဖြင့် အသုံးပြု၍ ရနေသေးသည်။

ရွှေ့ပြောင်း ခရီးသွားနေစဉ် အချိန်အများစုတွင် ယာဉ်တန်းက ဖြည်းညင်းစွာသာ မောင်းနှင်နေကြ၏။

ယမန်နေ့ကကဲ့သို့ ထူးဆန်းသောအရာများ နောက်မှ လိုက်ပါလာသည့် အချိန်မျိုးမှလွဲ၍ ယာဉ်တန်းက အသက်လုကာ ပြေးရန် မလိုအပ်ပေ။

တစ်ခါတစ်ရံတွင် ထူးဆန်းသောအရာများက သတိပင် မထားမိလိုက်ခင်မှာပင် လမ်းပြသူက ယာဉ်တန်းကို ဦးဆောင်ကာ မူလနေရာမှ ထွက်ခွာသွားခဲ့ပြီး ဖြစ်သည်။

လျှပ်စစ်မီး ရရှိလာပြီဖြစ်သဖြင့် ချန်းရီက ချန်ရှုရွာ ရွာသူကြီးအိမ်မှ ရလာခဲ့သော ပန်းသီးတံဆိပ် စမတ်နာရီလေးကို ထုတ်ယူလိုက်၏။

နာရီ မျက်နှာပြင်ပေါ်တွင် အားသွင်းနေကြောင်း ပေါ်လာသည်ကို မြင်လိုက်ရသောအခါ ချန်းရီ၏ စိတ်ထဲတွင် တစ်ခဏမျှ ဝေခွဲမရ ဖြစ်သွားရသည်။

ဤကဲ့သို့ ခေတ်မီနည်းပညာ အငွေ့အသက်များ အပြည့်အဝ ပါဝင်သော ပစ္စည်းမျိုးကို မြင်တွေ့ရရန် ပို၍ ရှားပါးလာခဲ့ပြီ ဖြစ်၏။

နာရီပွင့်လာပြီးနောက် ပြသနေသော အချိန်မှာ ၂၀၃၀ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်နေ့ ဖြစ်သည်။

မသိမသာဖြင့်ပင် ၂၀၃၀ ခုနှစ်၏ နောက်ဆုံးရက်အနည်းငယ်သို့ ရောက်ရှိလာခဲ့ချေပြီ။

မသိမသာဖြင့်ပင် နှစ်သစ်ကူးရန် နီးကပ်လာခဲ့ပြီ ဖြစ်၏။

သို့သော် ဤရာသီဥတုကြီးက နှစ်သစ်ကူးတော့မည့် အငွေ့အသက်နှင့် လုံးဝ တူမနေပေ။

နွေရာသီ အလယ်ခေါင်ဟု ဆိုလျှင်ပင် မှားမည် မဟုတ်ချေ။

ထိုအချိန်မှာပင် ချန်းရီ၏ ရှေ့မှ ကားငယ်တစ်စီး ရုတ်တရက် ထိုးရပ်သွား၏။

ကားငယ်လေးက နှစ်ချက်ခန့် တုန်ခါသွားပြီးနောက် ခွန်အားကုန်ခမ်းသွားသကဲ့သို့ မူလနေရာတွင် ငြိမ်သက်သွားတော့သည်။

ချန်းရီက ဤကားကို မှတ်မိနေ၏။

၎င်းမှာ ယခင်က လုမြို့မှ ထွက်ပြေးလွတ်မြောက်လာသော အသက်ရှင်ကျန်ရစ်သူ ပိုင်ဆိုင်သည့် ကားလေး ဖြစ်သည်။

မူလပိုင်ရှင်မှာ ချန်ရှုရွာတွင် သေဆုံးသွားခဲ့ပုံရပြီး နောက်ပိုင်း၌ ဤကားကို ညီအစ်ကို လေးယောက်က အပိုင်စီးသွားခဲ့ခြင်း ဖြစ်၏။

ထို့ကြောင့် ယာဉ်တန်းထဲတွင် သူတို့လည်း ကားပိုင်ရှင်များ ဖြစ်လာခဲ့ကြသည်။

ယာဉ်တန်းထဲတွင် ဤကားကို မျက်စိကျနေသူများ မရှိသည်တော့ မဟုတ်ပေ။ တစ်ချက်က ယာဉ်တန်း၏ စည်းမျဉ်းများကြောင့် ဖြစ်ပြီး ခေါင်းဆောင်ချူ မျက်စိအောက်တွင် မည်သူကမျှ ပစ္စည်းလုယက်ရဲခြင်း မရှိကြချေ။

ဒုတိယအချက်မှာ ဤညီအစ်ကို လေးယောက်က အလွယ်တကူ ရန်စ၍ရသူများ မဟုတ်သောကြောင့် ဖြစ်သည်။

ယာဉ်တန်းထဲရှိ အခြားသူများ၏ အပြောအရ ဤညီအစ်ကို လေးယောက်သည် မူလကတည်းက ထောင်မှ ထွက်ပြေးလာကြသူများ ဖြစ်သည်ဟု သိရ၏။

ကားထဲမှ လူအချို့ ဆင်းလာပြီး သူတို့၏ ပါးစပ်မှလည်း တတွတ်တွတ် ဆဲရေးတိုင်းထွာလာကြရာ အလွန် ဒေါသထွက်နေပုံရသည်။

၎င်းတို့အနက်မှ ထိပ်ပြောင်နှင့်လူတစ်ယောက်က ချန်းရီဘက်သို့ လှမ်းကြည့်လိုက်ပြီးနောက် အမြန် ပြေးလာခဲ့၏။

ချန်းရီ၏ ကားက အရှိန်လျှော့မသွားပေ။ ထိပ်ပြောင်က ချန်းရီ၏ ကားဘေးမှနေ၍ ပြေးလိုက်လာကာ မျက်နှာတွင်လည်း ဖားယားသော အပြုံးတစ်ခုကို ဆင်မြန်းထားသည်။

"အစ်ကိုချန်း... အစ်ကိုချန်း... ကျွန်တော်တို့ကား ဆီပြတ်သွားလို့... ဆီနည်းနည်းလောက် ချေးလို့ရမလား... ဓာတ်ဆီဆိုင် တွေ့တာနဲ့ ကျွန်တော်တို့ ညီအစ်ကို လေးယောက် နှစ်ဆ ပြန်ဆပ်ပါ့မယ်"

ချန်းရီက မျက်ခုံးပင့်လိုက်ပြီး သူ၏ နှာတံပေါ်ရှိ နေကာမျက်မှန်ကို အောက်သို့ အနည်းငယ် ဆွဲချလိုက်၏။

"ဖယ်စမ်း"

ချန်းရီ၏ အားနာမှုကင်းမဲ့သော ငြင်းဆန်လိုက်မှုကြောင့် ထိပ်ပြောင်၏ မျက်နှာကြီး နီမြန်းသွားရသည်။

သူတို့နှစ်ဦးကြား အကွာအဝေးမှာ သိပ်မဝေးသဖြင့် အခြား သုံးယောက်ကလည်း သေချာ ကြားလိုက်ရ၏။

၎င်းတို့အနက်မှ လူတစ်ယောက်၏ မျက်လုံးထဲတွင် ရက်စက်သော အရိပ်အယောင်များ ရုတ်တရက် ပေါ်လာပြီး ချန်းရီကို လာရောက် ပြဿနာရှာမည့်ပုံ ပေါက်သွားသည်။

သို့သော် အခြား အပေါင်းအပါများက သူ့ကို ဆွဲတားထားလိုက်ကြ၏။

ထိပ်ပြောင်၏ မျက်နှာမှာ အလွန်တရာ ရှက်ရွံ့နေပြီး ချန်းရီက သူ့ကို ဤမျှ မျက်နှာမထောက်လိမ့်မည်ဟု ထင်မထားခဲ့ပုံရသည်။

ထိပ်ပြောင်မှာ ခဏမျှ တွေဝေသွားပြီးနောက် အရှေ့ဆုံးမှ မောင်းနှင်နေသော အဆင့်မြှင့်တင်ထားသည့် လမ်းကြမ်းမောင်းကားဆီသို့ ခပ်သုတ်သုတ် ပြေးသွားတော့၏။

သေချာပေါက် ဓာတ်ဆီသွားငှားရန် ရည်ရွယ်ထားခြင်းပင်။

ကံကောင်းစွာဖြင့် ယာဉ်တန်း၏ အရှိန်က သိပ်မမြန်သဖြင့် ထိပ်ပြောင် အားကုန်ပြေးလိုက်သောအခါ မီသွားခဲ့သည်။

သို့သော် မကြာမီမှာပင် အဖြေထွက်လာခဲ့၏။ ချူချယ်ကလည်း ဤညီအစ်ကို လေးယောက်ကို ဓာတ်ဆီငှားရန် အစီအစဉ် မရှိပေ။

ဤအခြေအနေက ညီအစ်ကို လေးယောက်ကို အနည်းငယ် ဒေါသထွက်လာစေသည်။

အကယ်၍ ဓာတ်ဆီသာ မရှိပါက ယာဉ်တန်းနောက်သို့ ခြေလျင် လိုက်ရုံမှလွဲ၍ အခြား ရွေးချယ်စရာ မရှိတော့ချေ။ ယခုအချိန်တွင် ယာဉ်တန်းထဲ၌ သူတို့ ညီအစ်ကို လေးယောက်အတွက် ခွဲဝေပေးရန် ကုလားအုတ်အသစ်များလည်း မရှိတော့ပေ။

ရုတ်တရက် ချန်းရီ၏ ပစ်ကပ်ကားက အရှေ့ဘက်တွင် ကွေ့ကာ ပြန်လှည့်လာခဲ့၏။

လူလေးယောက်စလုံး၏ မျက်နှာများ ဝမ်းသာသွားကြပြီး ချန်းရီက စိတ်ပြောင်းသွားကာ သူတို့ကို ဓာတ်ဆီ ပြန်ငှားမည်ဟု ထင်မှတ်လိုက်ကြသည်။

သို့သော် နောက်ဆုံးတွင် ချန်းရီက ကိရိယာတန်ဆာပလာများကို ထုတ်ယူကာ ဆီပြတ်နေသော ကားငယ်လေးရှေ့သို့ လျှောက်သွားပြီး အလုပ်စတင်လုပ်ဆောင်နေသည်ကိုသာ သူတို့ မြင်တွေ့လိုက်ရ၏။

ချန်းရီက... သူက ဤကား၏ ရှေ့လေကာမှန်ကို စတင် ဖြုတ်ချနေခြင်းပင်။

အကယ်၍ ကားက အကောင်းအတိုင်းသာ ရှိနေသေးလျှင် ချန်းရီက လုံးဝ ထိမည် မဟုတ်ပေ။

ထိုသို့ လုပ်ဆောင်ခြင်းက လုယက်ခြင်းမြောက်ပြီး ခေါင်းဆောင်ချူ သတ်မှတ်ထားသော ယာဉ်တန်းစည်းမျဉ်းများကို ချိုးဖောက်ရာ ကျပေလိမ့်မည်။

သို့သော် ယခုအချိန်တွင် ကားက ဆီပြတ်သွားပြီဖြစ်သဖြင့် စွန့်ပစ်ပစ္စည်း အဖြစ်သို့ ရောက်ရှိသွားပြီ ဖြစ်၏။ ထို့ကြောင့် ယခုလို ဖြုတ်ယူခြင်းက ခေါင်းဆောင်ချူကို အကျပ်အတည်း မဖြစ်စေသလို အခြားသူများ အပြစ်ပြောစရာလည်း ရှိမည် မဟုတ်ချေ။

ခေါင်းဆောင်ချူ သည် ယာဉ်တန်းစည်းမျဉ်းများကို အလွန် အလေးထားသူ တစ်ယောက်ဖြစ်ကြောင်း သိထားရမည်။

ချန်းရီက သူနှင့် ချူချယ် ကြားတွင် ပဋိပက္ခ ဖြစ်လာစေရန် အထိတော့ မိုက်မဲမည် မဟုတ်ပေ။

"ချန်းရီ... မင်း လူကို အရမ်း အနိုင်မကျင့်နဲ့"

ခေါင်းဆောင်ဖြစ်သူ ထိပ်ပြောင်၏ မျက်နှာကြီး ပြာနှမ်းသွားပြီး လက်သီးကို ဆုပ်လိုက်၊ ဖြည်လိုက်နှင့် သူ၏ စိတ်ထဲတွင် အလွန်တရာ ဒေါသထွက်ကာ ရုန်းကန်နေရကြောင်း သိသာလှ၏။

လူငယ်တစ်ယောက်ကမူ ချန်းရီကို ပညာပေးရန် ရည်ရွယ်ချက်ဖြင့် ကားနောက်ဖုံးထဲတွင် လက်နက်များကို စတင် ရှာဖွေနေပြီ ဖြစ်သည်။

ဤလူငယ်မှာ စောစောက ချန်းရီ ဓာတ်ဆီမငှားသည်ကို မြင်သောအခါ ပညာပေးရန် ကြံရွယ်ခဲ့သူပင် ဖြစ်၏။

ဤလူမှာ လေးယောက်အနက် တတိယမြောက်ဖြစ်ပြီး စရိုက်ကြမ်းတမ်းကာ မိုက်မဲသူ ဖြစ်သည်။

ကမ္ဘာပျက်ကပ် မတိုင်မီက မိသားစု အသိုင်းအဝိုင်းကို အားကိုးကာ စကားများရာမှ လူတစ်ယောက်ကို ရိုက်သတ်မိပြီး ထောင်ကျခဲ့သူ ဖြစ်၏။

မိသားစု၏ အဆက်အသွယ်များကြောင့် သုံးနှစ်သာ ပြစ်ဒဏ်ကျခံခဲ့ရသည်။

မူလက ပြဿနာအေးသွားချိန်တွင် မိသားစု အဆက်အသွယ်ဖြင့် ထောင်မှ ထွက်လာရန် စဉ်းစားထားခဲ့ပြီး ထိုသို့ဆိုလျှင် သုံးနှစ်ပင် ပြည့်အောင် နေစရာ လိုမည် မဟုတ်ပေ။

သို့သော် ကမ္ဘာပျက်ကပ်ကြီးက ဤမျှ မြန်မြန်ဆန်ဆန် ကျရောက်လာမည်ဟု ထင်မထားခဲ့ဘဲ အခြားလူများနှင့်အတူ ထောင်မှ ထွက်ပြေးလာခဲ့ရခြင်း ဖြစ်၏။

ယာဉ်တန်းထဲသို့ ဝင်ရောက်လာပြီးချိန်မှစ၍ အစပိုင်းရှိ ကြောက်ရွံ့မှုများကို ဖြတ်သန်းပြီးနောက်...

ဤတတိယညီမှာ မူလက သူ၏ ရိုင်းစိုင်းမှုနှင့် မောက်မာမှုများ ပြန်လည် အသက်ဝင်လာခဲ့ပြီ ဖြစ်သည်။

အကယ်၍ ယခုအချိန်တွင် ကားမှန်ကို လာဖြုတ်သူမှာ ထယ်ရှီးသာ ဖြစ်နေပါက ဤတတိယညီမှာ လက်ပါရဲမည် မဟုတ်ပေ။

ထယ်ရှီး၏ ခြိမ်းခြောက်နိုင်စွမ်းက အလွန် ကြီးမားလှပြီး သူ၏ ခေါင်းနှစ်လုံးကို မြင်လိုက်ရုံဖြင့်ပင် ကြက်သီးထချင်စရာ ကောင်းနေသည် မဟုတ်ပါလော။

ချန်းရီသာ ဆိုလျှင်မူ တတိယညီက မည်သို့မျှ ကြောက်ရွံ့နေမည် မဟုတ်ချေ။

ချန်းရီနှင့် ချူချယ် တို့ နှစ်ယောက်မှာ အပြင်ပန်းကြည့်လျှင် သူတို့နှင့် သိပ်ကွာခြားပုံ မရသောကြောင့် ဖြစ်၏။

အခြား သုံးယောက်ကလည်း ထိုအခြေအနေကို မြင်သော်လည်း ဝင်မတားသည့်အပြင် တတိယညီကို ချန်းရီအား ပညာပေးစေချင်နေကြသေးသည်။

ဤလူများက သဘာဝလွန်လမ်းစဉ် အစွမ်းပိုင်ရှင်များ၏ ကြောက်မက်ဖွယ်ကောင်းပုံကို မသိကြသည်တော့ မဟုတ်ပေ။

သို့သော် သူတို့၏ အစဉ်အဆက် တွေးခေါ်မှုပုံစံအရ ပြဿနာကြုံလာလျှင် အကြမ်းဖက်မှုကိုသာ အသုံးပြုလေ့ ရှိကြသောကြောင့် ဖြစ်၏။

ထို့အပြင် ချန်းရီက တစ်ယောက်တည်းသာ ရှိနေသည် မဟုတ်ပါလော။

သေချာသည်က ချန်းရီ၏ ကားတစ်စီးလုံး အပြည့် တင်ဆောင်ထားသော ရိက္ခာများကလည်း သူတို့ကို မျက်လုံးရဲလာစေပြီး ပုံမှန် စဉ်းစားဆင်ခြင်နိုင်စွမ်းကို ပျောက်ဆုံးသွားစေခဲ့သည်။

အသက်ရှင်ကျန်ရစ်သူများကြားတွင် ချန်းရီကို အားအနည်းဆုံးဟု လူတိုင်းက သတ်မှတ်ထားကြပုံရ၏။

သူ၏ အစွမ်းမှာ မီးခိုးငွေ့ကို ထိန်းချုပ်ရုံမျှသာ ဖြစ်ပြီး ပေါ့ပါးလွင့်ဝဲနေသော မီးခိုးငွေ့က မည်သည့် တိုက်ခိုက်နိုင်စွမ်း ရှိမည်နည်း။

ထို့အပြင် အစဉ်အဆက် လူဆိုးကသာ လူကောင်းကို အနိုင်ကျင့်လေ့ရှိပြီး လူဆိုးတွေ အနိုင်ကျင့်ခံရသည်ဟု မည်သည့်အချိန်က ကြားဖူးခဲ့သနည်း။

"မအေပေး... သေစမ်းကွာ"

တတိယညီက လက်ထဲမှ သံပိုက်ကို မြှောက်ကာ လေကာမှန် ဖြုတ်နေသော ချန်းရီ၏ ကျောဘက်သို့ လျှောက်သွားပြီး သံပိုက်ဖြင့် ထိုးချရန် ပြင်လိုက်သည်။

ဤအချက်သာ ထိသွားပါက ချန်းရီမှာ အစွမ်းပိုင်ရှင် တစ်ယောက်အနေဖြင့် အသက်ပြင်းသည် ဆိုဦးတော့ အပြင်းအထန် ဒဏ်ရာရသွားပေလိမ့်မည်။

"ဖယ်စမ်း"

မီးခိုးငွေ့ တစ်ချက် မှုတ်ထုတ်လိုက်၏။

မီးခိုးငွေ့များက လက်ဝါးကြီး တစ်ဖက်အသွင် ပြောင်းလဲသွားပြီး ပြင်းထန်စွာ ရိုက်ချလိုက်သည်။

ဖြစ်စဉ် တစ်ခုလုံးက လျှပ်စီးလက်သကဲ့သို့ မြန်ဆန်လွန်းလှ၏။

လူငယ်မှာ မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ဖြစ်သွားပြီး အမြောက်ဆံတစ်ခုအလား လွင့်စင်ထွက်သွားကာ သဲဖုန်များ တထောင်းထောင်း ထသွားသည်။ ပေလေးဆယ်ခန့် အကွာသို့ လွင့်စဉ်သွားပြီးနောက် မြေပြင်ပေါ်သို့ ပြုတ်ကျသွားကာ သွေးများ အိုင်ထွန်းသွားပြီး သေလား ရှင်လားပင် မသိရတော့ချေ။

ကျန်သုံးယောက်မှာ ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ကြက်သေ သေသွားကြတော့သည်။

ယခင်က မောက်မာနေခဲ့သော ထိပ်ပြောင်မှာ ချန်းရီ၏ လမ်းစဉ်အစွမ်းကို ပထမဆုံးအကြိမ် အနီးကပ် မြင်တွေ့လိုက်ရခြင်း ဖြစ်၏။

ပူနွေးသော ခံစားချက်တစ်ခု ထွက်ပေါ်လာသည်။

လူသုံးယောက်စလုံး၏ ခြေထောက်များ တုန်ယင်နေကြပြီး ဘောင်းဘီခွင်များမှာလည်း စိုရွှဲသွားခဲ့ပြီ ဖြစ်၏။

ချန်းရီ ကိုယ်တိုင်လည်း ဤအဆင့်အထိ လုပ်နိုင်မည်ဟု ထင်မထားခဲ့သဖြင့် စိတ်ထဲတွင် အနည်းငယ် အံ့သြသွားမိသော်လည်း မျက်နှာပေါ်တွင်မူ မည်သည့် အမူအရာမှ ပြောင်းလဲသွားခြင်း မရှိပေ။

"ထွက်သွားကြစမ်း"

လူသုံးယောက်မှာ သေးထွက်မတတ် ထိတ်လန့်တကြား ထွက်ပြေးကြတော့ပြီး ကားပေါ်ရှိ ပစ္စည်းများကိုပင် မယူရဲကြတော့ချေ။

သေလား ရှင်လား မသိရသော တတိယညီကိုမူ မည်သူကမျှ ဂရုမစိုက်ရဲကြတော့ပေ။

မလှမ်းမကမ်းရှိ တတိယညီ၏ တစ်ကိုယ်လုံး တုန်ယင်နေပြီး ပါးစပ်မှ သွေးများ ပွက်ပွက်ထွက်နေ၏။

ယခင်က လမ်းမပေါ်တွင် သူ့လက်ချက်ဖြင့် သေဆုံးသွားခဲ့ရသော လူငယ်လေးသည်လည်း ယခုလိုပင် မြေပြင်ပေါ်တွင် လဲကျရင်း သေမင်းကို စောင့်ဆိုင်းနေခဲ့ရသလားဟု သူ ရုတ်တရက် တွေးမိသွားသည်။

ဒါက လူဆိုးကို လူဆိုးချင်းသာ နှိမ်နင်းနိုင်တယ် ဆိုတာများလား။

ချန်းရီက အတန်ငယ် ဝေးကွာသွားပြီဖြစ်သော ယာဉ်တန်းကို တစ်ချက် ကြည့်လိုက်ပြီး သူ၏ လက်လှုပ်ရှားမှုများကို အရှိန်တင်လိုက်သည်။

ကားလေးပေါ်တွင် အသုံးပြုနိုင်သော ပစ္စည်းများစွာ ကျန်ရှိနေသေးသည်။

အကယ်၍ ပစ်ကပ်ကား၏ အင်ဂျင်အင်အားသာ လုံလောက်ပါက...

ဤကားကို ကြိုးဖြင့် ချိတ်ဆွဲသွားပြီး အချိန်ရသောအခါ ကားပေါ်ရှိ အပိုပစ္စည်းများ အားလုံးကို ဖြုတ်ယူကာ သူ၏ ပစ်ကပ်ကားပေါ်တွင် တပ်ဆင်ရန် ချန်းရီ ရည်ရွယ်ထားခဲ့၏။

စနစ် ရှိနေသဖြင့် ပစ္စည်းများ အံဝင်ခွင်ကျ ဖြစ်မဖြစ်ကို ချန်းရီ လုံးဝ စိတ်ပူစရာ မလိုပေ။

သို့သော် ဤအတွေးက တွေးကြည့်ရုံမျှသာ ဖြစ်နိုင်၏။

သူတပ်ဆင်ထားသည့် မီနီကားလေး၏ အင်ဂျင်က ပစ္စည်းများ အပြည့်တင်ထားသော ပစ်ကပ်ကားကို ဆွဲကာ မောင်းနှင်နိုင်သည်ကပင် မဆိုးလှတော့ချေ။

ဆီပြတ်နေသော ကားတစ်စီးကို ထပ်မံ ချိတ်ဆွဲကာ မောင်းနှင်ရန်မှာ လုံးဝ မဖြစ်နိုင်ပေ။

သဲကန္တာရထဲရှိ လမ်းများက ညီညာပြန့်ဖြူးခြင်း မရှိသည့်အပြင် အချိန်အများစုတွင် လမ်းများက အလွန် ကြမ်းတမ်းကြောင်း သိထားရမည်။

ရှေ့လေကာမှန်၊ ဘေးဘက် မှန်နှစ်ချပ်၊ အဆိုးဆုံးမှာ ကားဘီး လေးဘီးစလုံးကိုပင် ဖြုတ်ယူလိုက်ပြီ ဖြစ်၏။

သို့သော် ထိုအချိန်တွင် ယာဉ်တန်းက အလွန် ဝေးကွာသွားခဲ့ပြီ ဖြစ်သည်။

ထို့ကြောင့် ချန်းရီမှာ နှမြောတသစွာဖြင့် လက်လွှတ်လိုက်ရတော့၏။

အကယ်၍ အလွန် ဝေးကွာသွားပါက ထူးဆန်းသောအရာများ၏ မျက်စိကျခြင်းကို ထပ်မံ ခံရနိုင်ခြေ အလွန် များပေသည်။

ထို့အပြင် ပစ်ကပ်ကား၏ ဝန်ခံနိုင်စွမ်းကလည်း အကန့်အသတ်သို့ ရောက်ရှိနေပြီ ဖြစ်၏။

ချန်းရီက အံကြိတ်လိုက်ပြီး ထင်းခုတ်ဓားမကို ဆွဲထုတ်ကာ ကားတံခါး နှစ်ပေါက်၏ ချိတ်ဆက်ထားသော နေရာများကို ဓားဖြင့် နှစ်ချက်ခန့် ခုတ်ချလိုက်သည်။

ကမ္ဘာပျက်ကပ် ပစ်ကပ်ကား၏ တံခါးများမှာ ယမန်နေ့ကတည်းက အားလုံး ပြုတ်ထွက်သွားခဲ့ပြီ ဖြစ်၏။

မရဏသွေး ထင်းခုတ်ဓားမက ယခုအခါ သဘာဝလွန်ပစ္စည်း တစ်ခု ဖြစ်နေပြီဖြစ်ရာ ကားတံခါး ပတ္တာများကို ခုတ်ဖြတ်ရန်မှာ သဘာဝကျကျပင် မခဲယဉ်းလှပေ။

ကားတံခါး နှစ်ချပ်ကို ကားနောက်ခန်းထဲသို့ ပစ်ထည့်လိုက်ပြီး အံဝင်ခွင်ကျ မဖြစ်သော ကားမှန်ကို ပစ်ကပ်ကား၏ မူလ လေကာမှန်နေရာတွင် တင်ကာ ကြိုးဖြင့် ဖြစ်သလို တုပ်နှောင်လိုက်သည်။ ယာယီ အသုံးပြုနိုင်ရုံဆိုလျှင် အဆင်ပြေပြီ ဖြစ်၏။

မည်သို့ပင်ဖြစ်စေ ကမ္ဘာပျက်ကပ်ကြီးထဲတွင် ကားမောင်းနေရသဖြင့် ယာဉ်ထိန်းရဲဆိုသည်မှာ လုံးဝ မရှိတော့ပေ။

စနစ်၏ တာဝန်များ ပြီးဆုံးသွားသည့်အခါ စနစ်ကို အသုံးပြု၍ အံဝင်ခွင်ကျ ဖြစ်အောင် ပြုလုပ်ခိုင်းလိုက်လျှင် ရပြီ ဖြစ်သည်။

သတ်ဖြတ်မှတ် အနည်းငယ် အသုံးပြုလိုက်ရုံဖြင့် စနစ်က ဤအပိုပစ္စည်းများကို မူလပစ္စည်းများအတိုင်း အံဝင်ခွင်ကျ ဖြစ်အောင် ပြုလုပ်ပေးနိုင်စွမ်း ရှိ၏။

အရှေ့ကားပေါ်မှ ခေါင်းဆောင်ချူ က ချန်းရီဘက်ရှိ အခြေအနေများကို လှမ်းကြည့်နေပြီး အထူးသဖြင့် ချန်းရီ၏ ထိုတိုက်ကွက်ကို အလွန် ရှင်းလင်းပြတ်သားစွာ မြင်တွေ့လိုက်ရသည်။

ခေါင်းဆောင်ချူ က ချီးကျူးလိုက်၏။ "ဒီကောင်လေး... ဘယ်လောက်မှတောင် မကြာသေးဘူးပဲနဲ့... သူလည်း ပါရမီရှင် တစ်ယောက်များ ဖြစ်နေမလား"

ဆက်ရန်...

All Chapters