← Chapters

အခန်း ၆၁

Vol. 4 Ch. 61

အခန်း ၆၁

Vol. 4 Ch. 61

အပိုင်း(၆၁) မာယာရှင်မ

ရှုလီနာက ခြေဆောင့်ကာ ကားပေါ်သို့ ပြန်တက်လာသည်။ သူမ၏ လက်နှင့် ခြေထောက်များမှာ အေးခဲကာ ထုံကျဉ်နေပြီး မျက်နှာတစ်ခုလုံးသည်လည်း နီရဲနေ၏။

သွေးရောင်လမင်း၏ နီစွေးသောလရောင်ကပင် ထိုမိန်းမ၏ မျက်နှာပေါ်ရှိ နီရဲနေမှုကို ဖုံးကွယ်မပေးနိုင်ခဲ့ပေ။

ချန်းရီကို စောင့်ဆိုင်းရန်အတွက် ဤမိန်းမသည် နာရီဝက်ခန့် အချိန်ယူ စောင့်ဆိုင်းခဲ့ရသည်။

သို့သော် ဤကဲ့သို့ အလွန်အေးခဲနေသော အပူချိန်မျိုးတွင် နာရီဝက်ဆိုသည်ကို အသာထား၊ သာမန်လူတစ်ယောက်အတွက် ဆယ်မိနစ်ပင် တောင့်ခံနိုင်ရန် အလွန်ခဲယဉ်းလှသည်။

သို့တိုင် သူမက နာရီဝက်တိတိ တောင့်ခံနိုင်ခဲ့၏။

၎င်းက သူမ၏ ကြံ့ခိုင်သော စိတ်ဓာတ်ကို ထင်ရှားစွာ ပြသနေသည်။

ကားပေါ်သို့ ရောက်သည်နှင့် ရှုလီနာ၏ နှုတ်ခမ်းထောင့်က အနည်းငယ် တွန့်ကွေးကာ ပြုံးလိုက်သော်လည်း ထိုအပြုံးကို ချက်ချင်းပင် ပြန်လည် ဖုံးကွယ်လိုက်သည်။

အခြားအကြောင်းကြောင့် မဟုတ်ပေ။ ကားပေါ်ရှိ လူများ သူမကို ကြည့်နေသော အကြည့်များမှာ ယခင်ကနှင့် လုံးဝ မတူညီတော့သောကြောင့် ဖြစ်သည်။

ယခင်က ထိုယောက်ျားများသည် သူမကို မြင်သည့်အခါတိုင်း အရှင်လတ်လတ် မျိုချပစ်ချင်သည့် အကြည့်မျိုးဖြင့် ကြည့်တတ်ကြသည်။

သို့သော် ယခုအခါတွင်မူ ထိုယောက်ျားများ၏ အကြည့်များက ပို၍ ရှုပ်ထွေးနေကြပြီး အချို့က ကြောက်ရွံ့စိုးရိမ်နေကြကာ၊ အချို့က အထင်သေးနေကြပြီး၊ အချို့ကမူ အမုန်းတရားများ ရောယှက်နေကြသည်။

အမျိုးသမီးများ သူမကို ကြည့်သည့် အကြည့်များတွင်လည်း အချို့က အားကျနေကြပြီး အချို့ကမူ မထီမဲ့မြင် ပြုနေကြ၏။

သို့သော် ထိုအရာများက ရှုလီနာ၏ လက်ရှိ ကောင်းမွန်နေသော စိတ်ခံစားချက်ကို မည်သို့မျှ မထိခိုက်စေခဲ့ပေ။

ကျောင်းကား၏ ဤဘက်အရပ်မှနေ၍ ချန်းရီ၏ သုံးဘီးဆိုင်ကယ်ကို ကွက်တိ လှမ်းမြင်နေရသည်။

စောစောက သူမနှင့် ချန်းရီတို့ စကားပြောနေသည့် မြင်ကွင်းကို ကားထဲမှနေ၍ တစ်ချက် လှမ်းကြည့်လိုက်ရုံဖြင့် ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်လေသည်။

၎င်းမှာ ရှုလီနာက တမင်တကာ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့ခြင်းပင်။

တကယ်တမ်းတွင် သူမနှင့် ချန်းရီကြား၌ မည်သည့်အရာမျှ ဖြစ်မလာခဲ့သလို မည်သည့် ပတ်သက်မှုမျှ မရှိသေးကြောင်းကို ရှုလီနာကိုယ်တိုင် ကောင်းကောင်း သိထားသည်။

သို့သော် ဘေးလူများ၏ အမြင်တွင်မူ ဤမိန်းမသည် ချန်းရီနှင့် ရှုပ်ရှုပ်ထွေးထွေး ပတ်သက်နေပြီဟု ထင်မှတ်သွားကြသည်။

ဤသို့ဆိုလျှင် ယခင်က သူမအပေါ် အကြံအစည်ရှိခဲ့သူများ အနေဖြင့် အလိုအလျောက်ပင် ချန်းရီ၏ သဘောထားကို ထည့်သွင်း စဉ်းစားရတော့မည် ဖြစ်သည်။

လမ်းစဉ် အစွမ်းပိုင်ရှင် တစ်ယောက်၏ ဒေါသကို သူတို့လို သာမန်လူများက ခံနိုင်ရည်ရှိမည် မဟုတ်ပေ။

ချန်းရီသည် ရှုလီနာ၏ ဆွဲဆောင်မှုကို တွန်းလှန်နိုင်လိမ့်မည်ဟု မည်သည့် ယောက်ျားကမျှ မထင်ထားကြချေ။

ရွှီကျောင်းကျောင်းသည် ရှုလီနာကို မြင်လိုက်ရချိန်တွင် သူမ၏ မျက်နှာပေါ်မှ ပါးရိုက်ခံထားရသော အရာက ပူထူကာ နာကျင်လာသလို ခံစားလိုက်ရသည်။

ယခုအချိန်တွင် ရန်သူနှင့် တွေ့လိုက်ရသဖြင့် မျက်လုံးများ နီရဲလာပြီး မတ်တတ်ထကာ ရှုလီနာရှိရာသို့ ပြေးဝင်သွားလေသည်။

ထို ပါးတစ်ချက် ရိုက်ခံခဲ့ရသည့် ကလဲ့စားကို သူမ သေချာပေါက် ပြန်ချေရမည်။

သို့မဟုတ်ပါက သူမ ညဘက်တွင် အိပ်ပျော်မည်ပင် မဟုတ်ပေ။

ရှုလီနာသည် ကားပေါ်သို့ ရောက်လာပြီးနောက် ရွှီကျောင်းကျောင်းကို သတိမထားမိသကဲ့သို့ ဟန်ဆောင်နေသော်လည်း သူမ၏ မျက်လုံးထောင့်မှနေ၍ ထိုမိန်းမကို အမြဲတစေ စောင့်ကြည့်နေခဲ့သည်။

ရွှီကျောင်းကျောင်းက မတ်တတ်ထကာ သူမဆီသို့ ပြေးဝင်လာသည်ကို မြင်လိုက်ရသောအခါ။

ရှုလီနာသည် နောက်သို့ တစ်လှမ်းဆုတ်ကာ ကာကွယ်မည့် ဟန်ပြင်လိုက်ပြီး ရွှီကျောင်းကျောင်း၏ မျက်နှာဝိုင်းဝိုင်းကြီး သူမဆီသို့ ဦးတည်လာသည်ကို ကြည့်နေလိုက်သည်။

ထို့နောက် ရှုလီနာသည် မည်သူမျှ မျှော်လင့်မထားသော လုပ်ရပ်တစ်ခုကို လုပ်ဆောင်လိုက်သည်။ လက်လှမ်းကာ ပါးကို ဖြန်းခနဲ ရိုက်ချလိုက်ခြင်းပင်။

"ဖြန်း"

ထပ်မံ ထွက်ပေါ်လာသော ထိုပါးရိုက်သံကြောင့် ကားတစ်စီးလုံးရှိ လူများအားလုံး ကြောင်အမ်းသွားကြလေသည်။

ရှုလီနာက သူမကို အမှန်တကယ် ရိုက်လိမ့်မည်ဟု ရွှီကျောင်းကျောင်း ကိုယ်တိုင် မျှော်လင့်မထားခဲ့သည်သာမက။

ဘေးနားရှိ အခြား အသက်ရှင်ကျန်ရစ်သူများလည်း ထိုသို့ဖြစ်လာမည်ဟု ထင်မှတ်မထားခဲ့ကြပေ။

"ရှုလီနာ... နင့်ကို ငါသတ်မယ်"

ရွှီကျောင်းကျောင်း၏ မျက်လုံးများထဲတွင် ဒေါသများ ပြည့်လျှံနေပြီး ရှုလီနာကို အရှင်လတ်လတ် ဆွဲဖြဲပစ်ချင်နေတော့သည်။

"အစ်မကျောင်းကျောင်း... အစ်မကျောင်းကျောင်း... စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့... အားလုံးက ယာဉ်တန်းတစ်ခုတည်းကပါပဲ... စိတ်အေးအေးထားပါ"

ယောက်ျားတစ်ယောက်က ပြေးထွက်လာပြီး ရွှီကျောင်းကျောင်းကို ကပျာကယာ ဝင်ဆွဲထားလိုက်သည်။

ထိုယောက်ျားမှာ တက္ကသိုလ်ကျောင်းသား ရှောင်ဖူ ပင်ဖြစ်သည်။

တရားမျှတမှုကို မြတ်နိုးသော ဤတက္ကသိုလ်ကျောင်းသားလေးမှာ ယခုအခါ ထယ်ရှီး၏ အဖွဲ့ထဲတွင် အလွန် နာမည်ကြီးနေပြီး လောင်လီနှင့် ထယ်ရှီးတို့၏ အလေးထားမှုကို အထူး ရရှိထားသူ ဖြစ်သည်။

လမ်းစဉ် အစွမ်းပိုင်ရှင် အချို့မှလွဲ၍ ရှောင်ဖူ၏ ရိက္ခာပစ္စည်းများသည် အသက်ရှင်ကျန်ရစ်သူများအားလုံးထဲတွင် အများဆုံး ဖြစ်နိုင်လေသည်။

သို့သော် ဤကောင်လေးမှာ တရားမျှတမှုလွန်ကဲနေပြီး စခန်းသို့ ပြန်ရောက်သည့် တစ်ရက်တည်းသော အချိန်လေးအတွင်းမှာပင်။

သူ၏ ရိက္ခာပစ္စည်းများကို ပြောင်သလင်းခါသွားသည်အထိ အားလုံးကို ဝေမျှပေးပစ်လိုက်သည်။

တစ်ယောက်ယောက်က သူ့ကို လာတောင်းသည်နှင့် တစ်ဖက်လူကို သနားသွားကာ ချက်ချင်း ထုတ်ပေးတတ်လေသည်။

သူ၏ ကြင်နာတတ်သော နာမည်ကောင်းမှာ နှစ်ရက်ပင် မကြာလိုက်ဘဲ ယာဉ်တန်းတစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့ပြီး သူ့ဆီမှ ရိက္ခာမယူဖူးသူဟူ၍ အလွန်နည်းပါးလှသည်။

သက်ကြီးရွယ်အိုသုံး အမိုးပါ လျှပ်စစ်သုံးဘီးကို မောင်းနှင်သော အဘိုးကျန်းဆိုလျှင် လူတွေက သူ့ဆီမှ ရိက္ခာ လာငှားတိုင်း တစ်ခုခု ပြန်လည်ပေးဆပ်ရစမြဲ ဖြစ်သည်။

သို့သော် ရှောင်ဖူမှာမူ ထိုသို့မဟုတ်ပေ။ သင့်၏ သရုပ်ဆောင်စွမ်းရည်က အနည်းငယ်လေး ကောင်းမွန်နေရုံမျှဖြင့် သူ့လက်ထဲမှ ရိက္ခာ အမြောက်အမြားကို အလွယ်တကူ ရယူနိုင်လေသည်။

၎င်းမှာ ရှောင်ဖူ ပြန်ရောက်လာပြီး ဒုတိယမြောက်နေ့မှာပင် ထယ်ရှီး၏ အဖွဲ့ထဲသို့ တိုက်ရိုက် ဝင်ရောက်သွားရခြင်း၏ အကြောင်းရင်းများထဲမှ တစ်ခုပင် ဖြစ်သည်။

"ရှောင်ဖူ... နင် ဖယ်လိုက်စမ်း... ဒီအရိုင်းအစိုင်းမကို ငါ အသေဆွဲဖြဲပစ်မယ်"

ရွှီကျောင်းကျောင်းက ခုန်ဆွခုန်ဆွဖြင့် ရှုလီနာကို ဆွဲခြစ်ရန် ကြိုးစားလေသည်။

ရှုလီနာ၏ မျက်နှာပေါ်တွင် ကွက်တိကျလှသော ထိတ်လန့်သွားသည့် အမူအရာလေး ပေါ်လာရာ ဘေးနားရှိ ယောက်ျားများမှာ မြင်ပြီး ရင်ထဲမှ သနားကရုဏာ သက်သွားကြတော့သည်။

"ကျောင်းကျောင်း... စိတ်မလှုပ်ရှားပါနဲ့... ဘာပဲပြောစရာရှိရှိ အေးအေးဆေးဆေး ပြောပါ... အားလုံးက ကားတစ်စီးတည်းက လူတွေပဲဟာကို"

"ဟုတ်တယ်... ကျောင်းကျောင်း... နားလည်မှုလွဲတာ တစ်ခုခု များ ရှိနေလို့လား"

"လီနာ... မကြောက်နဲ့နော်... ကိုယ်တို့ ရှိပါတယ်... ရွှီကျောင်းကျောင်း မင်းကို ဘာမှ လုပ်ရဲမှာ မဟုတ်ဘူး"

ဘေးနားရှိ ယောက်ျားများက တစ်ယောက်တစ်ပေါက် ဝင်ပြောနေကြရာ ရွှီကျောင်းကျောင်း ကြားလိုက်ရချိန်တွင် ဒေါသကြောင့် ပေါက်ကွဲထွက်မတတ် ဖြစ်သွားရလေသည်။

ငါက စကားတစ်ခွန်းမှတောင် မပြောရသေးဘဲ အရင် အရိုက်ခံလိုက်ရတာကို နင်တို့ အရူးအုပ်စုက မမြင်ကြဘူးလား။

ဘာလို့ ငါ့ကိုပဲ လာတားနေကြတာလဲ။

"နင်တို့... နင်တို့ အရူးအုပ်စုက ရှုလီနာကို အီစီကလီ လုပ်ချင်နေလို့ မဟုတ်လား... သူက အခု ယောက်ျားရနေပြီနော်"

"နင်တို့ ဘောင်းဘီထဲက ကိစ္စတွေကို သေချာဖုံးထားကြ... နင်တို့ ရှုလီနာနဲ့ အိပ်ချင်နေတယ်ဆိုတာ လူတိုင်းသိတယ်"

"ဟီးဟီး... သူ့ယောက်ျား မသိစေနဲ့ဦး... ကိုယ့်အသက်လေးကိုလည်း ဂရုစိုက်ကြဦး"

ရွှီကျောင်းကျောင်းသည်လည်း မတုံးအပေ။ သူမနှင့် ရှုလီနာကြားရှိ ပြဿနာကို ငြင်းခုံမနေတော့ဘဲ ထိုယောက်ျားများ၏ ညစ်ညမ်းသော စိတ်ကူးများကိုသာ တိုက်ရိုက် ထောက်ပြလိုက်သည်။

ယောက်ျားများ၏ မျက်နှာများမှာလည်း အလွန် ကြည့်ရဆိုးသွားကြသည်။

သူတို့၏ အကြည့်များက ရွှီကျောင်းကျောင်းနှင့် ရှုလီနာ ကြားတွင် ကူးလူးနေကြ၏။

ရှုလီနာ၏ မျက်နှာပေါ်တွင် ရှက်ရွံ့ဒေါသထွက်သွားသည့် အရိပ်အယောင်များ ပေါ်လာပြီး မျက်လုံးအိမ်ထဲတွင် မျက်ရည်စများ ချက်ချင်း ရစ်ဝဲလာရာ ပို၍ပင် သနားချစ်ဖွယ် ကောင်းသွားလေသည်။

အနိုင်ကျင့်ခံထားရသော ချွေးမလေးတစ်ယောက်နှင့်ပင် တူနေတော့သည်။

စောစောက အရင်စတင် ရိုက်နှက်ခဲ့သူမှာ သူမဖြစ်သော်လည်း ယခုအချိန်တွင် ကြည့်ရသည်မှာ နစ်နာသူက သူမဖြစ်နေသကဲ့သို့ပင်။

ဤသရုပ်ဆောင်စွမ်းရည်ကတော့...

အကယ်၍ ယခင်က သူမသာ လူကြီးပိုင်းများ၏ အိမ်မွေးငှက်ကလေး ဖြစ်မလာခဲ့လျှင် ဖျော်ဖြေရေးလောကထဲ ဝင်ရောက်ခဲ့ပါက အနည်းဆုံးတော့ အော်စကာဆု တစ်ဆုလောက်တော့ သေချာပေါက် ရရှိနိုင်ပေလိမ့်မည်။

"ကျောင်းကျောင်း... နင်... နင်က အားလုံးကို ဒီလိုပြောရက်တယ်ပေါ့... ငါ့ကိုလည်း ဒီလို ထင်နေတာလား"

"ငါ နင့်ကို ဘာလို့ ရိုက်ခဲ့လဲဆိုတာ နင့်ကိုယ်နင် မသိဘူးလား"

ရှုလီနာသည် တုံ့ပြန်ငြင်းခုံခြင်း လုံးဝမပြုလုပ်သလို သူမနှင့် ချန်းရီတို့၏ ပတ်သက်မှုကိုလည်း မရှင်းပြဘဲ စကားလမ်းကြောင်းကို တစ်ဖက်လူဆီသို့သာ လွှဲချလိုက်လေသည်။

'ငါ နင့်ကို ရိုက်တာ နင့်ကောင်းကျိုးအတွက်ပါ' ဟူသော ဟန်ပန်မျိုးက ရွှီကျောင်းကျောင်း၏ ဈေးသည်လို ဆဲဆိုနေမှုထက် အဆင့်များစွာ ပိုမြင့်နေခဲ့သည်။

ရွှီကျောင်းကျောင်းက အံကြိတ်ကာ အငြိုးတကြီးဖြင့် ရှုလီနာကို ကြည့်လိုက်သည်။ "နင် ငါ့ကို ရိုက်တာက ငါ့ကောင်းကျိုးအတွက် ဖြစ်သွားတာလား... ဟားဟားဟား"

"ရှုလီနာ... ငါ့ကို ဟိုအရူးတွေလို တုံးအတယ်လို့ ထင်နေတာလား"

ရွှီကျောင်းကျောင်း၏ အငြိုးထားမှုကို ရှုလီနာက စိတ်ထဲပင် မထားခဲ့ချေ။

ရွှီကျောင်းကျောင်း၏ တုံးအမှုကို စိတ်ထဲမှပင် လှောင်ပြောင်နေလိုက်သေးသည်။

ဤမိန်းမ၏ တိုက်ခိုက်နိုင်စွမ်းက အလွန် အားနည်းလွန်းနေသေးသည်။

သူမသာ တကယ် အတည်လုပ်လိုက်လျှင် ဤမိန်းမက လုံးဝ ယှဉ်နိုင်မည် မဟုတ်ပေ။

ချန်းရီလို ယောက်ျားမျိုးကသာ သူမ၏ တိုက်ခိုက်လိုစိတ်ကို အနည်းငယ် နှိုးဆွပေးနိုင်တာ ဖြစ်လိမ့်မည်။

သို့သော်လည်း သူမ၏ စွမ်းဆောင်ရည်ဖြင့် ချန်းရီကို သိမ်းသွင်းနိုင်ဖို့ဆိုတာ...

သုံးရက်လောက်ဆို လုံလောက်လောက်ပြီ။

သုံးရက်ထက် ကျော်သွားရင် သူမ ရှုံးသည်ဟု သတ်မှတ်လိုက်မည်။

အတွေးများကို ရုပ်သိမ်းလိုက်ပြီး ရှုလီနာသည် သူမရှေ့ရှိ မိန်းမအပေါ်သို့ အာရုံပြန်စိုက်လိုက်သည်။

ရွှီကျောင်းကျောင်းက ယောက်ျားများကို ပါးစပ်မှ အရူးများ၊ ငတုံးများဟု တစ်ခွန်းပြီးတစ်ခွန်း ပြောဆိုနေသဖြင့် ကြားရသော ယောက်ျားများမှာ ပို၍ မျက်မှောင်ကြုတ်လာကြပြီး ရွှီကျောင်းကျောင်းကို ကြည့်သော အကြည့်များမှာ ပို၍ မကျေမနပ် ဖြစ်လာကြသည်။

သူမကို တားထားသော တက္ကသိုလ်ကျောင်းသား ရှောင်ဖူပင်လျှင် အနည်းငယ် အနေခက်လာလေသည်။

"ကျောင်းကျောင်း... နင် ယာဉ်တန်းအပေါ် အမြဲတမ်း မကျေမနပ် ဖြစ်နေတယ်ဆိုတာ ငါသိပါတယ်... တချို့လူတွေက ဘာလို့ ပိုရပြီး တချို့ကကျတော့ ဝရုံလေးပဲ စားနေရတာလဲဆိုပြီး မကျေနပ်ဖြစ်နေတာ မလား"

"နင် ပုန်ကန်ချင်နေတာလေ... နင် ငါ့ကိုလည်း သိမ်းသွင်းချင်နေတာ"

"နင် အလုပ်ကြီး အကိုင်ကြီး လုပ်ချင်နေတာ... နင်က ခေါင်းဆောင်လုပ်ပြီး ငါ့ကို ဒုတိယခေါင်းဆောင် ပေးလုပ်ချင်နေတာ"

"ကျောင်းကျောင်း... အဲဒီလို မဟုတ်ဘူးလေ... သူတို့က ရိက္ခာတွေကို ကိုယ်တိုင် သွားရှာခဲ့ကြတာ... သူတို့လုပ်ဖော်ကိုင်ဖက် အများကြီး အသက်ဆုံးရှုံးခဲ့ရတယ်... အဲဒါကြောင့် သူတို့က ပိုရပြီး ပိုစားရတာ တရားပါတယ်"

"သူတို့က အသက်နဲ့ ရင်းပြီး ရှာခဲ့ကြတာ"

"ငါတို့က ဘာမှမလုပ်ရဘဲ အစားအစာ ရနေတာကိုပဲ အရမ်း ကောင်းလှပြီ"

"ငါက အရမ်း ကျေးဇူးတင်နေပြီ"

"ငါ နင့်ကို ရိုက်ရတာ နင့်ကို သတိဝင်လာစေချင်လို့ပါ... အခုက ကမ္ဘာပျက်ကပ်ကြီး ရောက်နေပြီ... နင် ဘဝကို ကောင်းကောင်းမွန်မွန် နေချင်တယ်ဆိုရင် ရပါတယ်... နင့်ဘာသာနင် အလုပ်လုပ်ပြီး ရှာဖွေရလိမ့်မယ်"

"နင် လိုချင်ရင် ရတာပေါ့... နင် ကျိုး ညီအစ်မတွေကို အတုယူလေ... သူတို့လည်း ကိုယ်တိုင် ရိက္ခာ သွားရှာကြတာပဲ... သူတို့တောင် ရသေးရင် နင်က ဘာလို့ မရရမှာလဲ"

"ယာဉ်တန်းမှာ အခု လူသိပ်မကျန်တော့ဘူး... နင် ပြဿနာ မရှာပါနဲ့တော့"

ရှုလီနာသည် တုံဆိုင်းနေခြင်း မရှိဘဲ ရွှီကျောင်းကျောင်း၏ အစီအစဉ်များ အားလုံးကို လူတိုင်း၏ ရှေ့မှောက်တွင် ဖွင့်ချပစ်လိုက်လေသည်။

ထိုအထဲတွင် ကျိုး ညီအစ်မများကိုပါ တစ်ပါတည်း ဆွဲသွင်းလိုက်သေးသည်။

ရွှီကျောင်းကျောင်း၏ မျက်နှာမှာ တဖြည်းဖြည်း ဖြူရော်သွားပြီး ခန္ဓာကိုယ်မှာလည်း ယိမ်းယိုင်သွားသည်။

အခြားလူများမှာ ရှုလီနာ၏ စကားကို ကြားပြီးနောက် ရွှီကျောင်းကျောင်း၏ မျက်နှာအမူအရာကို ကြည့်ကာ သူတို့၏ အကြည့်များ အားလုံး ပြောင်းလဲသွားကြသည်။

လူတိုင်းက တူညီသော သတင်းစကား တစ်ခုကို ရရှိလိုက်ကြခြင်းပင်။

ရွှီကျောင်းကျောင်းက အာဏာသိမ်းဖို့ ကြိုးစားနေတာလား။

ဤတစ်ကြိမ်တွင်မူ ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ အသက်ရှင်ကျန်ရစ်သူအားလုံးက ရွှီကျောင်းကျောင်းကို ကြည့်သော အကြည့်များမှာ လုံးဝ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

သတိထားစောင့်ကြည့်မှုများ၊ ရွံရှာမှုများနှင့် မုန်းတီးမှုများပင် ပါဝင်နေကြသည်။

အစောပိုင်းက ရွှီကျောင်းကျောင်းကို သနားနေခဲ့ကြသော အမျိုးသမီးများပင်လျှင် ရှုလီနာက ကျိုး ညီအစ်မများကို ထုတ်ဖော်ပြောလိုက်ပြီးနောက် သူတို့၏ အမြင်များ ပြောင်းလဲသွားကြကာ ရွှီကျောင်းကျောင်းအပေါ် သနားနေမှုကို စွန့်လွှတ်လိုက်ကြလေသည်။

ရှုလီနာ တစ်ယောက်တည်းသာ မည်သည့်အရာမျှ မဖြစ်ခဲ့သကဲ့သို့ သူမ၏ ထိုင်ခုံသို့ ပေါ့ပေါ့ပါးပါးပင် ပြန်သွားထိုင်လိုက်သည်။

"ဟားဟားဟားဟား... စိတ်ဝင်စားစရာပဲ... စိတ်ဝင်စားစရာပဲ... ယာဉ်တန်းထဲမှာ ဒီလို စိတ်ဝင်စားဖို့ကောင်းတဲ့ မိန်းမ ရှိနေလိမ့်မယ်လို့ ထင်မထားမိဘူး"

"ဟားဟားဟား... ဒီ ရှုလီနာနဲ့ ချန်းရီတို့ တွေ့ရင် ဘယ်လို မီးပွားတွေများ ထွက်လာမလဲ ဆိုတာ မသိရသေးဘူး"

ခေါင်းဆောင်ချူသည် ကြည်လင်နေသော လက်ဖက်ရည်ကို အရသာခံကာ တစ်ငုံ သောက်လိုက်သည်။ ခံတွင်းအရသာ ပြည့်ဝသွားသည်နှင့် တစ်ပြိုင်နက် သူ၏ စိတ်ထဲတွင်လည်း ကြီးမားသော ကျေနပ်မှုကို ရရှိသွားလေသည်။

ကျောင်းကားထဲတွင် ဖြစ်ပျက်ခဲ့သမျှ အားလုံးကို ခိုးနားထောင်သည့် ရေဒီယိုက အစမှအဆုံးအထိ နားထောင်နေခဲ့သည်။

၎င်းက ခေါင်းဆောင်ချူ၏ ခိုးနားထောင်လိုသော ဆန္ဒကို အလွန်အမင်း ဖြည့်ဆည်းပေးလိုက်ခြင်းပင်။

မလှမ်းမကမ်းရှိ သုံးဘီးဆိုင်ကယ်ပေါ်တွင် ချန်းရီက အနည်းငယ် ဝေးသောနေရာရှိ ကျောင်းကားကို အံ့ဩတကြီးဖြင့် တစ်ချက် လှမ်းကြည့်လိုက်သည်။

သူသည် ရန်ဖြစ်သံများကိုသာ ကြားနိုင်သော်လည်း အတိအကျ ဘာတွေ ရန်ဖြစ်နေကြသလဲ ဆိုသည်ကိုမူ သေချာ မသိပေ။

ထို့ကြောင့် သူ၏ အာရုံကို သူ့ရှေ့ရှိ မိုးမခကိုင်း ပေါ်သို့သာ စူးစိုက်လိုက်သည်။

"စနစ်... ဒီမိုးမခကိုင်းကို စစ်ဆေးမယ်... ဒါက တကယ်တမ်း ဘယ်လိုပစ္စည်းလဲဆိုတာ ကြည့်ရအောင်"

ဆက်ရန်...

All Chapters