အခန်း ၃၄၆
Vol. 18 Ch. 346
အပိုင်း(၃၄၆) သရုပ်မှန်
"အမလျှိုလီ... ဟန်ဆောင်ရတာ အရမ်းပင်ပန်းတာပဲ"
လက်ထောက်ကောင်မလေးက အခန်းထဲ ပြန်ရောက်တာနဲ့ ကုတင်ပေါ်ကို ပစ်လှဲချလိုက်ပြီး သူမ၏မျက်နှာပေါ်တွင် ဘဝကို စိတ်ကုန်နေသည့် အမူအရာ ပေါ်လွင်နေသည်။
"ရှူး... သေချင်လို့လား... နည်းနည်းပါးပါး သတိထားပါဦး... နံရံတွေမှာ နားရှိတယ်"
လျှိုလီက သူမ၏ ဆွဲဆောင်မှုရှိသော မျက်ဝန်းများဖြင့် အခန်းထဲတွင် နေရာအနှံ့ လိုက်လံကြည့်ရှုလိုက်သည်။
ဤအခန်းက အလွန်ကျယ်ဝန်းပြီး အပြင်အဆင်ကလည်း အတော်လေး ကောင်းမွန်ကာ ချန်းရီတို့၏ အခန်းထက် အများကြီး ပိုကောင်းနေသည်။
ဘာပဲဖြစ်ဖြစ် လမ်းစဉ် အဆင့် (၄) ဖြစ်နေသည့်အတွက် ဤမျှလောက် မျက်နှာပန်းလှမှုမျိုးတော့ ရှိရမည်သာ ဖြစ်သည်။
အကယ်၍ ရှုလီနာသာ ယခုအချိန်မှ လျှိုလီကို မြင်တွေ့သွားမည်ဆိုပါက အနည်းငယ် ထူးဆန်းနေသည်ဟု ခံစားရပေလိမ့်မည်။
ဤမိန်းမက နေ့လယ်ဘက် လူတွေရှေ့တွင် ရှိနေချိန်၌ အမြဲတမ်း သဘောကောင်းပြီး နူးညံ့သိမ်မွေ့သည့် အမူအရာမျိုး ရှိနေတတ်ကာ ထိုဆွဲဆောင်မှုရှိသော မျက်ဝန်းများကလည်း အမြဲတမ်း ပြုံးရွှင်နေတတ်ပြီး သူမကို ဒေါသထွက်စေမည့် သို့မဟုတ် အရှက်ရစေမည့် ကိစ္စမျိုး လုံးဝ မရှိနိုင်သကဲ့သို့ပင်။
ယခုအခါတွင်မူ မျက်နှာဖုံးတစ်ခုကို ချွတ်ချလိုက်သကဲ့သို့ ဖြစ်နေသည်။
မျက်နှာပေါ်ရှိ အမူအရာက ချိုသာသည့် ပုံစံလေး ရှိနေဆဲ ဖြစ်သော်လည်း...
လူများကို အပြင်ပန်းတွင် ဖြူစင်ဟန်ဆောင်နေသော်လည်း စိတ်သဘောထား နက်ရှိုင်းလှသည့် ခံစားချက်မျိုး အမြဲတမ်း ပေးစွမ်းနေသည်။
ရှုလီနာက မူလကတည်းက လူရည်လည်သူ တစ်ယောက် ဖြစ်သော်လည်း တစ်ခဏတာ ပေါ့ဆသွားမှုကြောင့် လျှိုလီ၏ လှည့်စားခြင်းကို ခံလိုက်ရလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။
အကယ်၍ လျှိုလီသည်လည်း ဟန်ဆောင်ကောင်းသူ တစ်ယောက်ဖြစ်ပြီး သူမကိုပင် လှည့်စားသွားခဲ့ကြောင်း ရှုလီနာသာ သိသွားပါက ချက်ချင်းပင် ဒေါသထွက်ကာ သတိလစ်သွားလောက်ပေသည်။
လျှိုလီက ရှုလီနာထက် တစ်ပန်းသာနေသည်ဟု ဆိုလိုခြင်းတော့ မဟုတ်ပေ။
အဓိကအချက်မှာ ရှုလီနာက အချိန်ကြာမြင့်စွာ သာမန်လူတစ်ယောက်၏ အမြင်ဖြင့်သာ ကိစ္စရပ်များကို ရှုမြင်သုံးသပ်ခဲ့ခြင်းကြောင့် ဖြစ်သည်။
လျှိုလီကမူ အစွမ်းပိုင်ရှင် တစ်ယောက်၏ ရှုထောင့်မှနေ၍ ပြဿနာများကို ကြည့်ရှုသုံးသပ်ခြင်း ဖြစ်သည်။
ဥပမာအားဖြင့် ရှုလီနာ၏ မျက်စိထဲတွင် ထိုအစားအသောက်များက အလွန်တရာ အဖိုးတန်လှပြီး သူမနေရာတွင်သာ ဆိုပါက အခြားသူများကို အစားအသောက်များ လုံးဝ ဝေမျှပေးမည် မဟုတ်ပေ။
သို့သော် လျှိုလီ၏ မျက်စိထဲတွင်လည်း အစားအသောက်များက အဖိုးတန်သည် မှန်သော်လည်း သူမအတွက်မူ ဤမျှလောက် ကုန်ကျမှုကို မခံနိုင်စရာ အကြောင်းမရှိပေ။
လက်ထောက်ကောင်မလေးက လျှာလေးထုတ်လိုက်ပြီး "အမလျှိုလီ... စိတ်ချလက်ချသာ နေပါ... ဒီမှာ ကျွန်မတို့ နှစ်ယောက်တည်း ရှိတာ... ပြီးတော့ အမက လမ်းစဉ် အဆင့် (၄) တောင် ရောက်နေပြီပဲ... လမ်းစဉ် အဆင့် (၄) စကားပြောနေတာကို ဘယ်သူက ခိုးနားထောင်နိုင်မှာလဲ"
လျှိုလီက ပြုံးကာ ခေါင်းခါယမ်းလိုက်ပြီး "ကမ္ဘာပျက်ကပ် ရောက်ပြီးတဲ့နောက်မှာ... ကမ္ဘာကြီးမှာ အပြောင်းအလဲတွေ အများကြီး ဖြစ်သွားခဲ့ပြီ... အစွမ်းပိုင်ရှင်တွေပဲဖြစ်ဖြစ် သဘာဝလွန်ပစ္စည်းတွေပဲဖြစ်ဖြစ်... သူတို့ရဲ့ စွမ်းရည်တွေက တွေးတောင်မတွေးဝံ့စရာတွေချည်းပဲ"
"အခု ငါတို့က ဒီနေရာကို ရောက်နေတာ... လူရော နေရာပါ စိမ်းနေသေးတော့... သတိထားတာ အကောင်းဆုံးပဲ"
"ဒါနဲ့... ဒီနေ့ ငါ့ရဲ့ ဟန်ဆောင်မှုက ဘယ်လိုနေလဲ... တစ်ယောက်ယောက်ကများ သံသယဖြစ်နေတာ နင် တွေ့မိသေးလား"
ဤအကြောင်းကို ပြောလိုက်သည်နှင့် လက်ထောက်ကောင်မလေးက ချက်ချင်း စိတ်ဝင်စားသွားကာ "အမလျှိုလီ... အမ မင်းသမီး မလုပ်တာ တကယ် နှမြောစရာပဲ"
"ဒီနေ့ လူတော်တော်များများ ငိုနေကြတာကို ကျွန်မ တွေ့လိုက်တယ်"
"တကယ်ပြောတာနော် အမလျှိုလီ... ဒီနေရာက မဆိုးဘူး... အခု အမရဲ့ နာမည်ကြီးမှုနဲ့ဆိုရင်... ဒုတိယမြို့တော်ဝန် လုပ်ဖို့တောင် အေးဆေးပဲ"
လျှိုလီက မျက်လွှာကို အနည်းငယ် ချလိုက်ပြီး "နေရာကတော့ မဆိုးပါဘူး... ဒါပေမဲ့..."
လက်ထောက်ကောင်မလေး၏ မျက်နှာက စိုးရိမ်တကြီး ဖြစ်သွားသည်။
"အမလျှိုလီ... အမ... အမ တစ်ခုခုကို သိထားလို့လား"
လျှိုလီက ပြန်မဖြေဘဲ လက်ထောက်ကောင်မလေးအား ပြုံး၍ မေးလိုက်သည်။ "ဒါနဲ့... တင်းရှန်ဘက်က အခြေအနေ ဘယ်လိုရှိလဲ... သူ ဘာများ လှုပ်ရှားသေးလဲ"
ဤနှစ်ရက်အတွင်း လူများက သူမနှင့် တင်းရှန်ကို အမြဲလိုလို နှိုင်းယှဉ်နေတတ်ကြသည်။
ထိုအချက်ကြောင့် သူမနှင့် တင်းရှန်၏ ဆက်ဆံရေးမှာ သိသိသာသာ ဆိုးရွားလာခဲ့သည်။
သူတို့နှစ်ဦးကြားတွင် မျက်မြင်အနေဖြင့် ဘာပြဿနာမျှ မရှိသော်လည်း ဤဒုတိယမြို့တော်ဝန်တင်းက လုံးဝ သဘောထားကြီးမည့်သူမျိုး မဟုတ်ကြောင်းကိုမူ သူမ ကောင်းကောင်း သိထားသည်။
သို့သော် လျှိုလီက အနည်းငယ်မျှပင် စိုးရိမ်ပူပန်ခြင်း မရှိပေ။
သူမ၏ ပူးတွဲရှင်သန်ခြင်း မိစ္ဆာမှာ မရဏနတ်သမီး ဖြစ်ကြောင်းကို သိထားရမည်။
မရဏနတ်သမီးအကြောင်းကို နားလည်သူမှသာ သူမ၏ ကြောက်မက်ဖွယ်ကောင်းမှုနှင့် ထိတ်လန့်ဖွယ်ရာများကို သိရှိနိုင်ပေမည်။
သူမ၏ ကိုယ်ပိုင် လမ်းစဉ်အဆင့်ကြောင့် မရဏနတ်သမီး၏ အစွမ်းများအပေါ် အနည်းငယ် ကန့်သတ်ချက်များ ရှိနေလျှင်ပင်။
သို့သော် ထိုသို့ဖြစ်နေလျှင်တောင် လက်ရှိ လမ်းစဉ် အဆင့် (၄) နှင့် အဆင့် (၄) အောက်ရှိ လူများသည် မရဏနတ်သမီး၏ ပြိုင်ဘက် ဖြစ်လာနိုင်မည်ဟု လျှိုလီ မထင်ပေ။
လက်ထောက်ကောင်မလေးက ခေါင်းခါယမ်းလိုက်ပြီး "မသိဘူး... ဒုတိယမြို့တော်ဝန်တင်းဘက်က သတင်း ဘာမှ မကြားရသေးဘူး"
"ဒါပေမဲ့... ဒုတိယမြို့တော်ဝန်တင်းနားက မျက်လုံးသုံးလုံးနဲ့ကောင်က တော်တော် အမြင်ကပ်စရာကောင်းတယ်... ကျွန်မတို့လူတွေနဲ့ ရန်ဖြစ်တာတောင် နှစ်ခါသုံးခါ ရှိနေပြီ"
"တကယ်ကို ရွံစရာကောင်းတာ..."
"ကဲပါ ကဲပါ... နင်လည်း ပင်ပန်းသွားပြီ... တကယ်လို့ ဒီတစ်ခေါက်သာ ပထမဆု ရခဲ့ရင်... လမ်းစဉ်ဆေးထိုးအပ် တစ်ချောင်းက နင့်အတွက်ပဲ"
လျှိုလီက ပြုံးကာ မက်လုံးပေးလိုက်သည်။
လက်ထောက်ကောင်မလေးက ဝမ်းသာအားရဖြင့် ကုတင်ပေါ်မှ ချက်ချင်း ခုန်ထလိုက်ပြီး "တကယ်လား... အမလျှိုလီ... အမက တကယ့်ကို သဘောကောင်းတာပဲ"
လက်ထောက်ကောင်မလေးက တစ်ခဏမျှ ဝမ်းသာသွားပြီးနောက် အနည်းငယ် မကျေမနပ်ဖြင့် ပြန်ပြောသည်။
"အမလျှိုလီ... အမက လမ်းစဉ် အဆင့် (၄) တောင် ရောက်နေပြီကို... အဲဒီ သာမန်လူတွေကို ဘာလို့ အဲဒီလောက်ထိ သဘောကောင်းပြနေရတာလဲ"
"ကျွန်မတို့ဆီမှာ လောလောဆယ် အစားအသောက်တွေ မပြတ်သေးဘူး ဆိုပေမဲ့... အဲဒီလောက်များတဲ့ အစားအသောက်တွေကို ပေးလိုက်ရတာက နည်းနည်းတော့..."
လက်ထောက်ကောင်မလေးက မတန်ဘူး ဟု ပြောချင်ခဲ့သော်လည်း သူမကိုယ်တိုင်သည်လည်း သာမန်လူတစ်ယောက် ဖြစ်နေကြောင်းကို တွေးမိသွားသဖြင့် နှုတ်မှ ထုတ်မပြောဖြစ်တော့ပေ။
လျှိုလီက ပြုံးလိုက်ပြီး "နင် နားမလည်ပါဘူး... ဒီတစ်ခေါက် ကိစ္စမှာ နောက်ကွယ်ကနေ တစ်ယောက်ယောက်က ကြိုးကိုင်နေတာ သေချာတယ်"
"နောက်ကွယ်ကလူကို စုံစမ်းချင်ရင် မခက်ဘူး... ဒါပေမဲ့ ငါက အဲဒီလောက် အချိန်မဖြုန်းချင်လို့ပဲ"
"သူ့အကွက်ထဲ ဝင်ပေးလိုက်တာက ပိုကောင်းတယ်... ဒီအခွင့်အရေးကို အသုံးချပြီး ငါ့ရဲ့ နာမည်ကို ပိုကြီးအောင် လုပ်လိုက်ရုံပဲ"
"အဲဒီလိုလုပ်မှသာ ဒီနေရာမှာ ငါတို့ကိုယ်ငါတို့ ကာကွယ်နိုင်မယ့် အင်အားတစ်ခု ရလာမှာ..."
"အချိန်တန်လာရင်တော့..."
လျှိုလီ တွေးထားသည်က ထိုထက်မက ပိုမို နက်ရှိုင်းလှသည်။
သူမက တင်းရှန်ထက် အိုအေစစ်သို့ ရောက်လာသည်မှာ အများကြီး ပိုနောက်ကျခဲ့သည်။
အကယ်၍ အိုအေစစ်မြို့တော်တွင် တစ်ခုခု လုပ်ချင်ပါက အနည်းနှင့်အများတော့ အခက်အခဲ ရှိနိုင်ပေသည်။
ယခုအခြေအနေက အတော်လေး ကောင်းမွန်နေသည်။
လျှိုလီကဲ့သို့ပင်။
လူတိုင်းက အိုအေစစ်သို့ ရောက်လာချိန်တွင် ကိုယ်စီ အကြံအစည်လေးများနှင့် လျှို့ဝှက်ချက်လေးများကို ကိုယ်စီ ပိုင်ဆိုင်ထားကြသည်။
ဥပမာအားဖြင့် ယခုလက်ရှိ ချန်းရီပင် ဖြစ်သည်။
နေ့လယ်ဘက်တွင် ချန်းရီက တင်းရှန်၏ နေအိမ်ကို လူလွှတ်ကာ စုံစမ်းခိုင်းထားခဲ့သည်။
ဤသွေးလမင်း သားတော် လမ်းစဉ်မှ ဒုတိယမြို့တော်ဝန်က ချန်းရီအား အန္တရာယ်တစ်ခုအဖြစ် ခံစားရစေခဲ့သည်။
ဤဒုတိယမြို့တော်ဝန်သာ သူ၏ သွေးလမင်း သခင် လမ်းစဉ်ကို သိရှိသွားပါက ချက်ချင်းပင် လာရောက် သတ်ဖြတ်ပေလိမ့်မည်။
ထို့ပြင် သူကိုယ်တိုင် ဤသွေးလမင်း သားတော်ကို သတ်ဖြတ်နိုင်ခဲ့မည် ဆိုပါကလည်း သူ၏အကျိုးအမြတ်အတွက် အများကြီး ဖြစ်ထွန်းလာနိုင်ပေသည်။
ထို့ကြောင့် ချန်းရီက အနည်းငယ်မျှပင် တုံဆိုင်းမနေဘဲ တင်းရှန်အပေါ်သို့ တိုက်ရိုက် ပစ်မှတ်ထားလိုက်တော့သည်။
အရှေ့တံခါးလမ်းမကြီးတွင် တစ်ချက်မျှ ကြည့်လိုက်ရုံဖြင့် ဤကဲ့သို့ ကောက်ကျစ်စဉ်းလဲသော ကောင်တစ်ကောင်၏ မျက်စိကျခြင်းကို ခံလိုက်ရမည်ဟု တင်းရှန် သေသည်အထိ တွေးမိမည် မဟုတ်ပေ။
သူ၏ ဤမျှလောက် ကြီးမားလှသော စွမ်းအားကိုပင် လမ်းစဉ် အဆင့် (၃) ကောင်တစ်ကောင်က ရဲရဲတင်းတင်း အကြံအစည်ထုတ်ရဲလိမ့်မည်ဟုလည်း တင်းရှန် ထင်မှတ်မထားခဲ့ပေ။
သွေးရောင်လမင်းကြီးက ကောင်းကင်ယံတွင် မြင့်မားစွာ တွဲခိုနေသည်။
ချန်းရီ၏ နှုတ်ခမ်းထောင့်တွင် ထူးဆန်းသော အပြုံးတစ်ခုက ပေါ်လွင်လာသည်။
လူတစ်ကိုယ်လုံးက မီးခိုးငွေ့များအဖြစ် ပြောင်းလဲသွားကာ မူလနေရာမှ ပျောက်ကွယ်သွားတော့သည်။
သွေးလမင်း သခင် လမ်းစဉ်သို့ ကူးပြောင်းပြီးသည့် အချိန်မှစ၍။
သွေးရောင်လမင်း၏ အောက်တွင်ဆိုပါက ချန်းရီ၏ စွမ်းရည်အားလုံးမှာ နှစ်ဆကျော် တိုးပွားလာတတ်သည်။
ယခင်က ထင်းခုတ်ဓားမတွင်လည်း ထိုကဲ့သို့သော ဆင်တူသည့် အစွမ်းမျိုး ရှိခဲ့ဖူးသည်။
သို့သော် ၎င်းက သဘာဝလွန်ပစ္စည်းတစ်ခုသာ ဖြစ်သည်။
ယခုအခါတွင်မူ ထိုအစွမ်းသည် ချန်းရီ၏ ခန္ဓာကိုယ်ပေါ်တွင် တိုက်ရိုက် သက်ရောက်နေပြီ ဖြစ်သည်။
ဥပမာအားဖြင့် ခန္ဓာကိုယ်ကို မီးခိုးငွေ့အဖြစ် ပြောင်းလဲနိုင်သည့် အစွမ်းမျိုးပင် ဖြစ်သည်။
ယခင်က ခန္ဓာကိုယ်ကို မီးခိုးငွေ့အဖြစ် ပြောင်းလဲချိန်တွင် အမြန်ဆုံး အနေအထား၌ပင် တစ်စက္ကန့်ခန့် ကြာမြင့်တတ်ပြီး အနည်းငယ် နှေးကွေးပါက သုံးလေးစက္ကန့်ခန့် ကြာမြင့်တတ်သည်။
သို့သော် ယခုအခါ ချန်းရီက စိတ်ထဲမှ တစ်ချက် တွေးလိုက်ရုံဖြင့် မျက်တောင်တစ်ခတ်အတွင်းမှာပင် မီးခိုးငွေ့အဖြစ် ပြောင်းလဲသွားကာ မူလနေရာမှ ပျောက်ကွယ်သွားနိုင်ပြီး ဤဖြစ်စဉ် တစ်ခုလုံးအတွက် စက္ကန့်ဝက်ပင် မလိုတော့ပေ။
ဤကဲ့သို့သော စွမ်းဆောင်ရည်မျိုးက တိုက်ခိုက်ချိန်တွင် အလွန်တရာ ကြီးမားလှသော အထောက်အကူ ဖြစ်စေသည်။
ညအချိန်ရောက်ပြီး သွေးရောင် လမင်း၏ အလင်းရောင်အောက်တွင် ရှိနေသရွေ့ ချန်းရီသည် အလွန်တရာ ထူးခြားသော လုံခြုံမှုမျိုးကို ခံစားရတတ်သည်။
ပင်လယ်ထဲတွင် ကူးခတ်နေသော ငါးတစ်ကောင်ကဲ့သို့ ချောမွေ့လွတ်လပ်နေသည်။
မီးခိုးငွေ့များ ထပ်မံ ထွက်ပေါ်လာချိန်တွင် အလွန်ကျယ်ဝန်းသော ခြံဝင်းတစ်ခုအတွင်းသို့ ရောက်ရှိနေပြီ ဖြစ်သည်။
စာအိတ်တစ်အိတ်က မီးခိုးငွေ့များထဲမှနေ၍ ထိုအတိုင်း ပြုတ်ကျလာသည်။
သွေးရောင် လမင်း၏ အောက်တွင် ချန်းရီက ခန္ဓာကိုယ်ကို မီးခိုးငွေ့အဖြစ် ပြောင်းလဲသည့် လုပ်ငန်းစဉ်အပေါ် ထိန်းချုပ်မှုမှာ ရေထဲက ငါးတစ်ကောင်ကဲ့သို့ ပိုမို ကျွမ်းကျင်လာခဲ့သည်။
ယခင်က မီးခိုးငွေ့များသည် ရွှေ့ပြောင်းရန် သို့မဟုတ် ထွက်ပြေးလွတ်မြောက်ရန်အတွက်သာ အသုံးပြုနိုင်ခဲ့သည်။
ယခုအခါတွင်မူ ချန်းရီက မီးခိုးငွေ့ အသွင်ဖြင့် ရှိနေလျှင်ပင် ရိုးရှင်းသော အလုပ်အချို့ကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်နေပြီ ဖြစ်သည်။
"ဘယ်သူလဲ"
ရုတ်တရက် အသံနက်ကြီးဖြင့် အော်ဟစ်လိုက်သံ ထွက်ပေါ်လာသည်။
အမြီးတစ်ချောင်း ပါရှိသော လူရိပ်တစ်ခု ခြံဝင်းအတွင်း၌ ထွက်ပေါ်လာချိန်တွင်...
ချန်းရီမှာ အရိပ်အယောင်မျှပင် မကျန်တော့ဘဲ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
ဆက်ရန်...