← Chapters

အခန်း ၃၃၉

Vol. 17 Ch. 339

အခန်း ၃၃၉

Vol. 17 Ch. 339

အပိုင်း(၃၃၉) ဒီလောက်တောင် သတိကြီးရသလား

အသားတောင်ကြီးက ချန်းရီ စောစောက တွေ့ခဲ့ရသော မှော်စာလုံး လမ်းစဉ် အစွမ်းပိုင်ရှင် ရှာဖေးပင် ဖြစ်သည်။

ရှာဖေးက သူ့ဘာသာသူ တစ်ယောက်တည်း စကားပြောနေခြင်းတော့ မဟုတ်ပေ။

သူ၏ ဧရာမ ခန္ဓာကိုယ်ကြီးဘေးတွင် ပိန်ကပ်၍ တည့်မတ်နေသော အရိပ်အယောင်တစ်ခု ရှိနေ၏။

ထိုအရိပ်အယောင်မှာ အလွန် ထူးဆန်းလှပြီး သစ်ငုတ်တိုတစ်ခုအလား မတ်မတ်ကြီး ရပ်နေသည်။ တစ်ကိုယ်လုံးတွင် အသက်ရှူခြင်းကြောင့် ဖြစ်ပေါ်လာသော နိမ့်ချည်မြင့်ချည် လှုပ်ရှားမှုလေးပင် အနည်းငယ်မျှ မရှိချေ။

ပုံမှန် လူသားတစ်ယောက်ဆိုလျှင် ဤမျှ မတ်မတ်ကြီး ရပ်နေနိုင်မည် မဟုတ်ပေ။

ရှာဖေး၏ အသံကို ကြားသောအခါ ထိုမတ်မတ်ကြီး ရပ်နေသူက ခေတ္တမျှ တုံ့ဆိုင်းသွားပြီး သူ၏ မျက်နှာပေါ်တွင် အလွန်တရာ အတုအယောင်ဆန်ပြီး ထူးဆန်းလှသော အပြုံးတစ်ခု တဖြည်းဖြည်း ပေါ်လာသည်။

ထိုသူသည် လုံးဝ ပြုံးတတ်ခြင်း မရှိဘဲ တစ်ပါးသူကို အတုခိုးနေသည့်အလား ပုံပေါက်နေ၏။

မျက်နှာပေါ်ရှိ အပြုံးက တဖြည်းဖြည်း ကျယ်ပြန့်လာပြီး ဘယ်ဘက်မျက်ခုံးနားရှိ မှဲ့လေးသည်လည်း မျက်နှာအမူအရာကြောင့် လိုက်ပါ လှုပ်ရှားသွားသည်။

အကယ်၍သာ ချန်းရီက ထိုသူကို မြင်တွေ့လိုက်ရပါက သေချာပေါက် အလွန်တရာ အံ့အားသင့်သွားပေလိမ့်မည်။

ထိုသူမှာ ယခင်က အိုအေစစ် အပြင်ဘက်တွင် တွေ့ခဲ့ရသော သေဆုံးသွားသည့် အစွမ်းပိုင်ရှင်ပင် ဖြစ်နေသည်။ ထိုအစွမ်းပိုင်ရှင်၏ ဈာပနကို ရွှီနန်ကပင် ဦးစီး၍ ကျင်းပပေးခဲ့သေးသည်။

"အဲဒီလို... မပြောပါနဲ့... ငါတို့က လူသားစားရတာကို... အဲဒီလောက်ကြီး မကြိုက်ပါဘူး"

"ဒါ့အပြင်... မင်းက အရမ်းဝလွန်းတယ်... ဆီတွေ သိပ်များလွန်းတယ်"

ခြောက်ကပ်ကပ် အသံကြီးက ထိုသူ၏ ပါးစပ်ထဲမှ ထွက်ပေါ်လာပြီး စကားပြောရသည်မှာ အနည်းငယ် ခက်ခဲနေပုံရသည်။ ဤစကားကို သူ အချိန်အတော်ကြာ လေ့ကျင့်ခဲ့ရသော်လည်း ကောင်းမွန်စွာ မပြောနိုင်သေးသည့်အလား ထင်မှတ်ရ၏။

ရှာဖေးက အေးစက်စက် တစ်ချက် ကြည့်လိုက်ပြီး လှောင်ပြုံး ပြုံးကာ ပြောလိုက်သည်။

"မင်းရဲ့ အတုခိုးတဲ့စွမ်းရည်က တကယ့်ကို အမှိုက်ပဲ... ရက်တွေ ဒီလောက်တောင် ကြာနေပြီကို... အခုထိ သင်ယူလို့ မတတ်သေးဘူးလား"

"ဟုတ်တယ်... မင်းတို့ လူသားတွေရဲ့ စကားနဲ့... ပြောရမယ်ဆိုရင်... ငါက နည်းနည်း တုံးတယ်"

မတ်မတ်ကြီး ရပ်နေသော ထိုသူက ခက်ခဲစွာပင် စကားဟလိုက်သည်။

"နှမြောစရာပဲ... လျှိုယုံက... ထွက်ပြေးသွားတယ်... ငါသာ... သူ့ကို စားလိုက်ရမယ်ဆိုရင်... အခုဆို ငါက... မင်းတို့နဲ့... ဘာမှကွာခြားမှာ မဟုတ်တော့ဘူး"

"သင်ယူရတာက... တကယ့်ကို... နာကျင်ရတဲ့ ကိစ္စပဲ"

"မင်းကလည်း... အရမ်း ဝလွန်းတယ်... ငါက... လူဝကြီး... မဖြစ်ချင်ဘူး"

ရှာဖေး၏ မျက်နှာက မည်းမှောင်သွားလေသည်။ လခွီး... ငါကပဲ လူဝကြီး ဖြစ်ချင်နေလို့လား။

ဒါက မှော်စာလုံး လမ်းစဉ်ရဲ့ ဘေးထွက်ဆိုးကျိုး မဟုတ်ဘူးလား။

ဒါပေမဲ့ မထင်မှတ်ထားဘဲ ဤဘေးထွက်ဆိုးကျိုးကပင် သူ့အသက်ကို ကယ်တင်ပေးခဲ့ခြင်း ဖြစ်သည်။

မတ်မတ်ကြီး ရပ်နေသော ထိုသူက အဖြူအမည်း ရုပ်မြင်သံကြားစက်ကို ကြည့်နေပြီး ထိုစက္ကူလုံးလေးကို မြင်လိုက်ရချိန်တွင် သူ၏ မျက်နှာပေါ်၌ အလွန် မျှော်လင့်နေသော အမူအရာမျိုး ပေါ်လာသည်။

ချန်းရီက ထိုစက္ကူလုံးလေးကို ကောက်ယူပြီး အထဲတွင် ပါဝင်သော အရာများကို ဖွင့်ကြည့်လာမည်ကို အလွန် မျှော်လင့်နေပုံရ၏။

"ဒီလူ... မဆိုးဘူး"

"ငါ... သူ့ကို စားချင်တယ်"

"သူက... အရမ်း စွမ်းတယ်"

ရှာဖေးက မျက်လုံးများကို အနည်းငယ် မှေးလိုက်ပြီး ရုပ်မြင်သံကြားစက်ထဲမှ ချန်းရီကို စိုက်ကြည့်နေသည်။

သူ၏ စိတ်ထဲတွင် အနည်းငယ် သက်ပြင်းချမိသွား၏။ တကယ်ပဲ လူသားတွေအတွက် မျှော်လင့်ချက် မရှိတော့ဘူးလား။

ကြောက်မက်ဖွယ်ကောင်းပြီး တစ်ခုပြီးတစ်ခု ထွက်ပေါ်လာနေသော ဤထူးဆန်းသည့် အရာများကို ရင်ဆိုင်ရာတွင် လူသားတို့၏ အင်အားသည် တကယ့်ကို အားနည်းလွန်းလှသည်။

ဥပမာအားဖြင့် ရုပ်မြင်သံကြားစက်ထဲရှိ ဤလမ်းစဉ် အဆင့် (၃) အစွမ်းပိုင်ရှင်ဆိုလျှင် အင်အား မနည်းလှပေ။

သူ စောစောက အပြင်ထွက်၍ တစ်ပတ် လှည့်ကြည့်ခဲ့စဉ် ထိုသူနှင့် တွေ့ဆုံချိန်၌ သူ့ကိုယ်ပေါ်မှ အန္တရာယ်ရှိသော အငွေ့အသက်များကို သိသိသာသာ ခံစားခဲ့ရသည်။ သို့သော်လည်း အဆုံးတွင်တော့ သူသည် လူသားတစ်ယောက်သာ ဖြစ်နေဆဲပင်။

လူသားတစ်ယောက် ဖြစ်နေသရွေ့တော့ ကိလေသာ တပ်မက်မှုများကို ရှောင်လွှဲ၍ မရနိုင်သလို အလှအပအပေါ် တပ်မက်မှုကိုလည်း ရှောင်လွှဲ၍ ရမည် မဟုတ်ချေ။

အကယ်၍ သူသာဆိုလျှင် သနားစဖွယ် ကောင်းလှသော မိန်းမချောလေးတစ်ယောက် ပစ်ပေးလိုက်သည့် စာရွက်လေးကို မြင်လျှင် အထဲတွင် ဘာတွေ ရေးထားသလဲ ဆိုတာကို ဖွင့်ကြည့်ဖို့ပင် အလောတကြီး ဖြစ်နေလောက်ပြီ ဖြစ်သည်။

ကြည့်ရသည်မှာ ထိုကပြားကောင်များကြားထဲသို့ အဖော်တစ်ယောက် ထပ်တိုးလာတော့မည် ပုံပင်။

သို့သော် ရှာဖေးက စိတ်ထဲမှ ကြေကွဲစွာ သက်ပြင်းချနေချိန်မှာပင် ချန်းရီက ထိုစက္ကူလုံးလေးကို ခြေထောက်ဖြင့် ကန်ထုတ်လိုက်သည်ကို မြင်လိုက်ရလေသည်။

ကန်ထုတ်လိုက်သည်တဲ့လား...

ရှာဖေးက ကြက်သေ သေသွားပြီးနောက် သူ၏ စိတ်ထဲတွင် နားမလည်နိုင် ဖြစ်သွားသည်။

မဟုတ်သေးပါဘူး... သူက စပ်စုချင်စိတ် မရှိဘူးလား။

ယူကိုက အဆောင်ဆိုင်လေးတွင် အလှဆုံး မိန်းကလေး ဖြစ်ပြီး သူကိုယ်တိုင်ပင် အကြိမ်တိုင်း မနေနိုင်ဘဲ အခေါက်ခေါက်အခါခါ ငေးကြည့်မိခဲ့ရသည် မဟုတ်ပါလော။

ဤအရာက သိသာထင်ရှားစွာပင် ဇာတ်လမ်းတစ်ခုခု ရှိနေသည့် စက္ကူလုံးလေး ဖြစ်သည်။ သူက ဒါကို မလိုချင်ဘူးလား။

နေပါဦး... ဒီကောင်က ယောက်ျားရော ဟုတ်ရဲ့လား။

ဘေးနားရှိ မတ်မတ်ကြီး ရပ်နေသော ထိုသူကလည်း ခေတ္တမျှ တောင့်တင်းသွားပုံရပြီး သူ၏ အကန့်အသတ်ရှိသော ဦးနှောက်လေးဖြင့် ဤကိစ္စကို နားလည်အောင် တွေးနိုင်ပုံ မရချေ။

သိထားရမည်မှာ ယခင်က ဤကဲ့သို့သော အခြေအနေမျိုးကို တစ်ကြိမ်တစ်ခါမျှ မကြုံဖူးခဲ့ခြင်းပင်။

"သူ... သူက... ဘာလို့ မကြည့်တာလဲ"

ရှာဖေးက စက္ကန့်အနည်းငယ်ခန့် စဉ်းစားလိုက်ပြီးနောက် အနည်းငယ် သံသယဖြစ်စွာဖြင့် ပြောလိုက်သည်။

"သူက တခြားသူတွေ တွေ့သွားမှာကို ကြောက်နေတာ ဖြစ်မယ်"

"တွေ့သွားမှာ... ကောင်းပြီလေ"

မတ်မတ်ကြီးနှင့် တောင့်တင်းနေသော ထိုသူက ဤအဖြေကို လက်ခံသွားပုံရသည်။

"နှမြောစရာပဲ... ဒါပေမဲ့... ကိစ္စမရှိပါဘူး... နောက်မှာ ရှိသေးတယ်လေ"

မတ်မတ်ကြီးနှင့် တောင့်တင်းနေသော ထိုသူက သူ့ကိုယ်သူ နှစ်သိမ့်နေသည့်အလား ပြောလိုက်သည်။

ရှာဖေးသည် ချန်းရီအပေါ် အနည်းငယ် စိတ်ဝင်စားသွားလေသည်။

ချန်းရီ ခန့်မှန်းထားသည်မှာ မမှားပေ။ အဆောင်ဆိုင်လေး၏ အနီးတစ်ဝိုက်တွင် မည်သူကမျှ ရှာဖေး၏ စောင့်ကြည့်မှုမှ မလွတ်မြောက်နိုင်ချေ။

သူတို့ရှေ့ရှိ ဤရုပ်မြင်သံကြားစက်သည် ခေါင်းဆောင်ချူ၏ ခိုးနားထောင်တဲ့ ရေဒီယိုနှင့် အနည်းငယ် ဆင်တူသည်။

တစ်ခုက အသံများကို ခိုးနားထောင်နိုင်ပြီး အခြားတစ်ခုကမူ မြင်ကွင်းများကို ခိုးကြည့်နိုင်ခြင်းသာ ကွာခြားသည်။

ချိတ်ဆက်မှတ် ရှိနေသရွေ့ ဤရုပ်မြင်သံကြားစက်သည် ထိုချိတ်ဆက်မှတ်များမှတစ်ဆင့် အနီးတစ်ဝိုက်ရှိ မြင်ကွင်းအားလုံးကို မြင်တွေ့နိုင်သည်။

ချိတ်ဆက်မှတ်ကို ကင်မရာများအဖြစ် ရိုးရှင်းစွာ နားလည်ထားနိုင်သည်။ ထို့ပြင် ဤအခန်းငယ်လေးထဲတွင်လည်း ထိုကဲ့သို့သော ချိတ်ဆက်မှတ်များ ပြည့်နှက်နေသည်။

အဆောင်ဆိုင်လေး၏ အပြင်ဘက်တွင်ပင် ဤကဲ့သို့သော ချိတ်ဆက်မှတ် အများအပြား ရှိနေသေး၏။

စောင့်ကြည့်ခြင်းက အစွမ်းများထဲမှ တစ်ခုသာ ဖြစ်သည်။

အဖြူအမည်း ရုပ်မြင်သံကြားစက်ထဲရှိ မြင်ကွင်းက ပြောင်းလဲနေဆဲ ဖြစ်သည်။

ချန်းရီက သေတ္တာကို ကိုင်ကာ ထွက်ခွာရန် ပြင်လိုက်ချိန်တွင်။

ဘေးနားရှိ မတ်မတ်ကြီး ရပ်နေသော ထိုသူက စကားပြောလာသည်။

"အစီအစဉ် အောင်မြင်ပြီ"

"သူက အဲဒီစာကို ဖွင့်လိုက်တာနဲ့... အဲဒီစာကို ဖွင့်လိုက်တာနဲ့... ဟီးဟီး... သူက ငါတို့ ရှိနေတာကို သိသွားလိမ့်မယ်"

"ငါက သူ့ကို စားလို့ရသွားပြီ"

"စည်းမျဉ်းတွေနဲ့... ကိုက်ညီသွားပြီ... ငါ သူ့ကို စားလို့ရပြီ... ဟီးဟီး... တကယ် ကောင်းတာပဲ"

"ဒါနဲ့... မင်းတို့ လူသားတွေက ဒီလိုအချိန်မျိုးဆိုရင်... ပြုံးရမှာမလား"

"ပျော်ရွှင်တဲ့... အချိန်မှာ ပြုံးရတယ်... ငါ အခု... အရမ်း ပျော်နေတယ်"

ရှာဖေး၏ မျက်ဝန်းများက မှေးမှိန်သွားသည်။

ခန့်မှန်းမိသွားရင်ရော ဘာဖြစ်မှာမို့လို့လဲ။

ဤထူးဆန်းသည့် အရာများ၏ အစွမ်းများက လူတွေကို မကာကွယ်နိုင်အောင် ဖြစ်စေသည်။ အစတုန်းက သူကိုယ်တိုင်ရော ဒီလိုမျိုး ထောင်ချောက်ထဲ ကျခဲ့တာပဲ မဟုတ်ပါလော။

ရယ်စရာကောင်းလိုက်တာ...

ရှာဖေးက ခပ်ဟဟ ရယ်မောလိုက်ပြီး သူ့ကိုယ်သူ လှောင်ပြောင်နေသလား သို့မဟုတ် ချန်းရီကို လှောင်ပြောင်နေသလား ဆိုသည်ကိုတော့ မသိနိုင်ချေ။

ချန်းရီသည် စာကို ကိုင်ဆောင်လျက် ထွက်ခွာသွားလေသည်။

သူ မသိခဲ့သည်မှာ အဆောင်ဆိုင်လေး အနီးရှိ လမ်းတစ်လျှောက်လုံးတွင် ချိတ်ဆက်မှတ်များ ပြည့်နှက်နေခြင်းပင် ဖြစ်သည်။

သူ၏ လုပ်ရပ်အားလုံးကိုလည်း ရှင်းလင်းပြတ်သားစွာ မြင်တွေ့နေရသည်။

ရုပ်မြင်သံကြားစက်ထဲရှိ မြင်ကွင်းက ပျောက်ကွယ်သွားသည်အထိ ဖြစ်ပြီး ယင်းမှာ ချိတ်ဆက်မှတ်များ မလွှမ်းခြုံနိုင်သေးသော နေရာသို့ ရောက်ရှိသွားသောကြောင့် ဖြစ်သည်။

ရှာဖေးနှင့် ဘေးနားရှိ မတ်မတ်ကြီး ရပ်နေသော ထိုသူသည် ထွက်မသွားကြသေးဘဲ ရုပ်မြင်သံကြားစက်ရှေ့တွင် ထိုင်ကာ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြသည်။

နောက်ဆုံးတွင် ရုပ်မြင်သံကြားစက်ထဲ၌ မြင်ကွင်းတစ်ခု ထပ်မံ ပေါ်လာချိန်တွင်။

ယင်းမှာ ချန်းရီက လျှို့ဝှက်အကန့်ကို တွေ့ရှိသွားပြီး စာကို မြင်လိုက်ရသည့် မြင်ကွင်းပင် ဖြစ်သည်။

ချန်းရီက စာကို မြင်တွေ့လိုက်သည်။ စာသည်လည်း ချိတ်ဆက်မှတ် တစ်ခုပင် ဖြစ်၏။

ယခင်က မြင်ကွင်း မရှိခဲ့ခြင်းမှာ စာကို သေတ္တာ၏ လျှို့ဝှက်အကန့်ထဲတွင် ထည့်ထားသောကြောင့် ဖြစ်ပြီး ပတ်ဝန်းကျင် တစ်ခုလုံးက မှောင်မည်းနေကာ ဘာကိုမျှ မမြင်ရခြင်းကြောင့် ဖြစ်သည်။

ယခုမူ လျှို့ဝှက်အကန့်ကို ချန်းရီက ဖွင့်လိုက်ပြီ ဖြစ်သည်။ စာမှ မြင်ကွင်းများ ထပ်မံ ထွက်ပေါ်လာပြန်သည်။

ထို့အတူ အဆောင်ဆိုင်လေးဘက်ရှိ ရှာဖေးနှင့် ထိုမတ်မတ်ကြီး ရပ်နေသူသည်လည်း ချန်းရီကို မြင်တွေ့လိုက်ရသည်။

မတ်မတ်ကြီး ရပ်နေသော ထိုသူက ဟီးဟီးဟဲဟဲ ရယ်မောလိုက်သည်။

"ဟီးဟီး... စာကို ဖွင့်လိုက်... အဲဒါကို ဖွင့်လိုက်... ဖွင့်လိုက်စမ်း"

အသံမှာ တိုးညင်းပြီး ထူးဆန်းကျောချမ်းဖွယ် ကောင်းနေကာ ပုံပျက်ပန်းပျက် ရေရွတ်သံများဖြင့် ပြည့်နှက်နေ၏။

လူတစ်ယောက်နှင့် ထူးဆန်းသောအရာ တစ်ခုတို့က ချန်းရီ စာကို ဖွင့်လိမ့်မည်ဟု ထင်မှတ်နေချိန်မှာပင် ချန်းရီက မည်သည့် လှုပ်ရှားမှုမျှ မရှိခဲ့ချေ။

တစ်မိနစ်ခန့် ကြာသွားပုံရသည်။

ရှာဖေးသည် ချန်းရီက ထိုစာကို ဘေးနားရှိ အမှိုက်ပုံးထဲသို့ တိုက်ရိုက် ပစ်ထည့်လိုက်သည်ကို မြင်တွေ့လိုက်ရ၏။

ချန်းရီက ဤလုပ်ရပ်ကို လုပ်ဆောင်ပြီးစီးသွားချိန်တွင်။

ရှာဖေးသည် သူ၏ ဘေးနားရှိ ထူးဆန်းသောအရာက ခေတ္တမျှ တုံ့ဆိုင်းသွားပုံရသည်ကို သိသိသာသာ ခံစားလိုက်ရသည်။ ထို့နောက် အချိန်အတော်ကြာ တိတ်ဆိတ်သွားလေသည်။

ထူးဆန်းသောအရာ၏ မတ်မတ်ကြီး ရပ်နေသော ခန္ဓာကိုယ်မှာ ပိုမို တိတ်ဆိတ်ငြိမ်သက်သွားပုံ ပေါ်၏။

ရှာဖေး၏ စိတ်ထဲတွင် ချက်ချင်းပင် အတော်လေး ကျေနပ်အားရသွားပြီး တစ်ချိန်တည်းမှာပင် ချန်းရီအပေါ် အပြစ်တင်ချင်စိတ်များ ပြည့်နှက်သွားသည်။

မဟုတ်သေးပါဘူး... ဒီလောက်တောင် သတိကြီးတဲ့ လူ ရှိသေးတာလား။

ဒီလူက သတိထားလွန်းနေတာ မဟုတ်ဘူးလား။

သေချာပေါက် ပြဿနာရှိတယ်ဆိုတာနဲ့ တန်းပြီး ပစ်လိုက်တာလား။

သောက်ကျိုးနည်း... ယူကိုက မင်းကို နုပျိုအင်းသုံးကတ်တောင် ပေးထားသေးတာကို... မင်းမှာ နည်းနည်းလေးတောင် အားနာစိတ် မရှိဘူးလား။

မဟုတ်သေးပါဘူး... ဒီကောင်က...။

ငါသာ အစတုန်းက ဒီလောက် သတိကြီးခဲ့မယ်ဆိုရင် ဒီနေ့လို အခြေအနေမျိုးကို ဘယ်လိုလုပ်ပြီး ရောက်လာနိုင်မှာလဲ။

ရှာဖေးသည် ချန်းရီအပေါ် လေးစားမိသလို တစ်ဖက်ကလည်း အပြစ်တင်ချင်နေမိသည်။

ဒီလူကတော့လေ...။

ရှာဖေးက ဘေးနားရှိ ဤထူးဆန်းသောအရာကို လှောင်ပြောင်သည့် စကား နှစ်ခွန်းလောက် ပြောချင်နေမိသည်။

သို့သော် သူ မပြောရဲချေ။

လူကသာ အသားတောင်ကြီးလို ဖြစ်နေတာ... သူ့ရဲ့ သတ္တိနဲ့ ခန္ဓာကိုယ် အရွယ်အစားကတော့ ပြောင်းပြန် အချိုးကျနေသည်။

"သူ..."

မတ်မတ်ကြီး ရပ်နေသော ထိုသူက စကားတစ်ခွန်း ဟလိုက်သော်လည်း ယနေ့ မြင်တွေ့ခဲ့ရသော လူကို မည်သို့ ဖော်ပြရမည်ကို မသိတော့ချေ။

ရုပ်မြင်သံကြားစက်ထဲရှိ မြင်ကွင်းတွင် အမှိုက်အချို့မှလွဲ၍ အခြား မည်သည့်အရာကိုမျှ မမြင်ရတော့ပေ။

ကြည့်ရသည်မှာ နောက်ထပ် စပ်စုချင်စိတ်ရှိသော ကံဆိုးသူတစ်ယောက်ကိုသာ စောင့်ဆိုင်းရတော့မည် ပုံပင်။

ထိုအချိန်မှာပင် ရုပ်မြင်သံကြားစက်ထဲ၌ မြင်ကွင်းက တစ်ဖန် ပြန်လည် ထွက်ပေါ်လာသည်။

ချန်းရီ၏ မျက်နှာက ထပ်မံ ထွက်ပေါ်လာချိန်တွင်။

ရှာဖေးသည် ဘေးနားရှိ ထူးဆန်းသောအရာက အလွန် စိတ်လှုပ်ရှားနေပုံရသည်ကို သိသိသာသာ ခံစားလိုက်ရသည်။

"ငါ သိသားပဲ... ငါ သိနေသားပဲ... လူသားတွေက... စပ်စုချင်တဲ့ သတ္တဝါတွေဆိုတာ"

"မင်းတို့က... ဘာကိုမဆို... စပ်စုချင်ကြတာပဲ"

"ဒါက... အရမ်း ကောင်းတယ်"

မတ်မတ်ကြီးနှင့် ထူးဆန်းသောအရာက နောက်ထပ် စကားတစ်ခွန်း ထပ်ပြောရန် မစောင့်နိုင်ခင်မှာပင် ချန်းရီက ပြုံးစိစိဖြင့် သူ့ဘာသာသူ ရေရွတ်နေသည်ကို မြင်တွေ့လိုက်ရသည်။

"ဟီးဟီး... ဒီပစ္စည်းကို ကိုယ်တိုင် မသုံးဖြစ်ရင်တောင်... တခြားလူတွေကို ပေးသုံးလိုက်လည်း ရတာပဲ"

ထို့နောက် ချန်းရီက အနက်ရောင် ပလတ်စတစ်အိတ် တစ်လုံးကို အသုံးပြုကာ ထိုစာကို တိုက်ရိုက် ထည့်သွင်းလိုက်သည်ကို မြင်တွေ့လိုက်ရသည်။

မြင်ကွင်းက တစ်ဖန် မှောင်မည်းသွားလေတော့သည်။

ဆက်ရန်...

All Chapters