အခန်း ၁၀၇
Vol. 6 Ch. 107
အပိုင်း(၁၀၇) အေးစက်တဲ့ချန်းရီ
နောင်ဘဝဆိုတာသာ တကယ်ရှိခဲ့လျှင် ချူချယ်က ချန်းရီဆိုသော ဒီကောင်စုတ်ကို သတ်ပစ်ချင်စိတ်သာ ရှိတော့သည်။
သူက အရင်ကတည်းက သတိကြီးကြီးထားကာ ဒီလို အရှက်ရစရာကိစ္စကို လုပ်ရန် လူသူကင်းမဲ့သော နေရာတစ်ခုကို သီးသန့် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
ဒါပေမဲ့ နောက်ဆုံးမှာတော့ ဒီကောင်စုတ်လေးက သူ့ကို လက်ပူးလက်ကျပ် မိသွားခဲ့သည်။
ချန်းရီ တစ်ယောက်တည်း မြင်တွေ့သွားခဲ့သည် မဟုတ်ဘဲ ပန်းရောင်ဆံပင်နှင့် ကောင်မလေးကပါ မြင်တွေ့သွားခဲ့သည်။
ချူချယ်က သူ၏ တစ်ကိုယ်လုံး တောင့်တင်းသွားသကဲ့သို့ ခံစားလိုက်ရသည်။ သူ ဖြည်းညင်းစွာ လှည့်ကြည့်လိုက်သောအခါ လှောင်ပြောင်နေသော မျက်နှာတစ်ခုနှင့် လူထူးလူဆန်း ဦးလေးကြီးတစ်ယောက်ကို ကြည့်သည့်အလား ကြည့်နေသော မျက်နှာတစ်ခုကို မြင်လိုက်ရ၏။
ထိုသူများမှာ ချန်းရီနှင့် ပန်းရောင်ဆံပင်နှင့် ကောင်မလေးတို့ မဟုတ်လျှင် ဘယ်သူများ ဖြစ်နိုင်မည်နည်း။
……
ကိုယ်ပိုင် တဲအတွင်းသို့ ပြန်လည်အနားယူရန် ရောက်ရှိလာချိန်တွင်။
တဲအတွင်းရှိ အပူချိန်မှာ မနေ့ကထက် ပို၍ ကျဆင်းနေသကဲ့သို့ ချန်းရီက ခံစားမိလိုက်သည်။
သူ့လို အစွမ်းပိုင်ရှင် တစ်ယောက်အတွက်ပင် ဤအအေးဒဏ်ကို ခံနိုင်ရည်မရှိသလို ဖြစ်နေသည်။
ကံကောင်းသည်မှာ ပြီးခဲ့သော ရက်များအတွင်း "သွေးရောင်လမင်း အသက်ရှူကျင့်စဉ်" ကို လေ့ကျင့်ခဲ့သဖြင့် သူ၏ စွမ်းရည်များမှာ မနည်းမနော တိုးတက်လာခဲ့ပြီး အအေးဒဏ်ကို ခံနိုင်ရည်လည်း များစွာ ပိုမို အားကောင်းလာခဲ့သည်။
သို့သော် အခြားသော အသက်ရှင်ကျန်ရစ်သူများထဲတွင်မူ ယနေ့ညကို မကျော်ဖြတ်နိုင်မည့် သူများ ရှိနေလောက်ပြီဟု သူ တွေးမိလိုက်၏။
တဲဆီသို့ ပြန်ရောက်လာချိန်တွင် ကျောင်းကားဘေး၌ တရားထိုင်နေသော အရိပ်တစ်ခုကို ချန်းရီက မြင်လိုက်ရသည်။
၎င်းမှာ တင်းတုံပင် ဖြစ်သည်။
ထိုအမျိုးသမီး၏ ခန္ဓာကိုယ်မှာ အသက်ရှူသွင်း ရှူထုတ်မှုနှင့်အတူ လိုက်ပါလှုပ်ရှားနေပြီး သူမ၏ နှာခေါင်းဝတွင်မူ နဂါးတစ်ကောင် ဝဲပျံနေသကဲ့သို့ အဖြူရောင် အငွေ့တန်းလေး တစ်ခု ရှိနေသည်။
ဤအမျိုးသမီးမှာလည်း အသက်ကိုစွန့်၍ ကြိုးစားသူတစ်ဦး ဖြစ်သော်လည်း ပန်းရောင်ဆံပင်နှင့် ကောင်မလေး၏ ဓားပညာ အသည်းအသန် လေ့ကျင့်မှုမျိုးနှင့်မူ မတူညီပေ။
တင်းတုံအတွက်မူ တရားထိုင်ခြင်းက ကျင့်စဉ်လေ့ကျင့်ခြင်းပင် ဖြစ်သည်။
ဤအမျိုးသမီးက တစ်ခါတစ်ရံတွင် သဲကန္တာရထဲ၌ တစ်ညလုံး ထိုင်နေတတ်သည်။
သူမပြောပုံအရဆိုလျှင် တရားမှတ်သည့် ကျင့်စဉ်တစ်မျိုးကို လေ့ကျင့်နေခြင်း ဖြစ်သည်ဟု ဆို၏။
သူမ၏ ကျင့်စဉ်သည် သူ၏ အသက်ရှူကျင့်စဉ်နှင့် လမ်းကြောင်းတူ မတူ ဆိုသည်ကိုမူ သူလည်း မသိချေ။
ချန်းရီက နှုတ်ခမ်းဖျားရှိ ဆေးလိပ်ကို ငြှိမ်းသတ်လိုက်ပြီး မနက်ဖြန်မှစ၍ ဆေးလိပ်လျှော့သောက်ရန် ဆုံးဖြတ်လိုက်သည်။
သူ၏ ဆေးလိပ် လက်ကျန်မှာလည်း သိပ်မများတော့ပေ။
ချူချယ်နှင့် ထယ်ရှီးတို့ထံတွင် ဆေးလိပ်အချို့ ရှိနေသေးသော်လည်း ခေါင်းဆောင်ချူ၏ လက်ထဲမှ ဆေးလိပ်ကို လဲလှယ်ယူရန်မှာမူ...
ယနေ့ညက ဖြစ်ပျက်ခဲ့သော ကိစ္စများကြောင့် အလွယ်တကူ ရနိုင်မည် မဟုတ်ဘဲ အကြံပိုင်လှသော ခေါင်းဆောင်၏ ခေါင်းပုံဖြတ် အမြတ်ထုတ်ခြင်းကို သေချာပေါက် ခံရပေလိမ့်မည်။
ထိုအခါကျလျှင် ထယ်ရှီးထံမှသာ အချို့ကို လဲလှယ်ယူရန် စဉ်းစားရတော့မည်။
မည်သို့ပင်ဖြစ်စေ သူတို့အဖွဲ့မှာ လူများပြားလှသဖြင့် ရိက္ခာမည်မျှပင်ရှိစေကာမူ လောက်ငှမည် မဟုတ်ပေ။
သူ့အတွက်မူ တစ်ယောက်တည်းသာ ရှိသဖြင့် ရိက္ခာက နှိုင်းယှဉ်ကြည့်လျှင် အနည်းငယ် ပိုများနေသေးသည်။
ဒုတိယနေ့ နံနက်ခင်းသည် ပုံမှန်နေ့ရက်များ၏ နံနက်ခင်းများနှင့် ဘာမျှ ကွာခြားမှု မရှိခဲ့ပေ။
နံနက်ခင်း နေမင်းက ယမန်နေ့ည၏ အလွန်အမင်း အေးစက်နေသော အပူချိန်ကို စတင် ဖယ်ရှားပေးနေသည်။
သဲခုံများပေါ်ရှိ နှင်းခဲအလွှာများမှာ အလွန်လျင်မြန်သော နှုန်းဖြင့် ပျောက်ကွယ်သွားနေ၏။
ကား၏ ပြုပြင်မွမ်းမံမှု အဆင့်မြှင့်တင်ခြင်းမှာလည်း ပြီးစီးသွားခဲ့ပြီ ဖြစ်သည်။
ယခင်က သဲမုန်တိုင်းကြောင့် ကွဲအက်သွားခဲ့သော ရှေ့လေကာမှန်မှာ ယခုအခါ မူလအတိုင်း ပြန်လည်ကောင်းမွန်နေသကဲ့သို့ ဖြစ်နေသည်။
ကားတံခါး နှစ်ပေါက်နှင့် နောက်ကြည့်မှန်တို့မှာလည်း အံဝင်ခွင်ကျ တပ်ဆင်ထားပြီး ကားတံခါး၏ ဆေးရောင်နှင့် မူလ ကားကိုယ်ထည်အရောင် မတူညီသည်မှလွဲ၍ ကျန်သည့်အပိုင်းများမှာ နောက်မှ တပ်ဆင်ထားမှန်း လုံးဝ မသိနိုင်ပေ။
သို့သော် သဲကန္တာရထဲတွင် ကားမောင်း၍ ရနေသရွေ့ အပြင်ပန်း အသွင်အပြင်ကို ဂရုစိုက်နေရန် မလိုအပ်ပေ။
နံနက်ခင်း၏ အချိန်လေးကို အခွင့်ကောင်းယူ၍ ချန်းရီက လျှပ်စစ်ပန်ကာ အသေးလေးကို ရှာဖွေထုတ်ယူကာ ဒက်ရှ်ဘုတ်ပေါ်တွင် ကြိုးဖြင့် သေချာစွာ ချည်နှောင် တပ်ဆင်လိုက်သည်။
ယခုအခါ နေ့စဉ် နေရောင်ခြည်စွမ်းအင်မှ ရရှိသော လျှပ်စစ်ဓာတ်အားမှာ လျှပ်စစ်ပန်ကာလေးကို လွတ်လပ်စွာ အသုံးပြုနိုင်ရန် လုံလောက်နေပြီ ဖြစ်သည်။
တကယ်တော့ ချန်းရီက ထိုလျှပ်စစ်ပန်ကာလေးကို ကားစနစ်အတွင်းသို့ ပေါင်းစည်းတပ်ဆင်နိုင်စွမ်း ရှိသည်။
သို့သော် သတ်ဖြတ်မှတ် ငါးဆယ် ပို၍ ကုန်ကျမည် ဖြစ်နေသည်။
ထိုသတ်ဖြတ်မှတ် ငါးဆယ်ကို ချွေတာရန်အတွက် ချန်းရီက ပန်ကာကို ကားနှင့် ပေါင်းစည်းခြင်း မပြုလုပ်ခဲ့ပေ။
မည်သို့ပင်ဖြစ်စေ သုံးရမည်မှာ အတူတူပင်ဖြစ်၍ လက်တွေ့အသုံးကျမှုကိုသာ အဓိကထားပြီး အလေအလွင့်အားလုံးကို တားဆီးရမည် ဖြစ်သည်။
နောင်လာမည့် အချိန်အတိုင်းအတာ တစ်ခုအထိ သတ်ဖြတ်မှတ်များ ထပ်မံရရှိနိုင်မည် မဟုတ်သဖြင့် သတ်ဖြတ်မှတ်များကို သတိထား၍သာ အသုံးပြုရပေမည်။
စခန်းချရာ နေရာတွင် နံနက်စာ ပြင်ဆင်နေကြဆဲ အချိန်၌။
လူနှစ်ယောက် တဲထဲမှ ထွက်မလာသေးသည်ကို အသက်ရှင်ကျန်ရစ်သူ အချို့က သတိထားမိသွားကြသည်။
ဦးလေးအားပေါင် ရောက်ရှိလာချိန်တွင် ထိုလူနှစ်ယောက်မှာ ယမန်နေ့ညကတည်းက အအေးဒဏ်ကြောင့် သေဆုံးနေခဲ့ပြီ ဖြစ်သည်။
ဦးလေးအားပေါင်က လက်ကိုသာ ဝှေ့ယမ်းပြလိုက်ပြီး လူအချို့ကို သဲခုံပေါ်တွင် တွင်းတူး၍ မြှုပ်နှံခိုင်းလိုက်သည်။
ဤအရာအားလုံးမှာ အလွန် ပေါ့ပေါ့ဆဆ ပြီးဆုံးသွားခဲ့၏။
ထိုလူနှစ်ယောက်နှင့် ရင်းနှီးသော မိတ်ဆွေများပင်လျှင် များစွာ ဝမ်းနည်းနေပုံ မပေါ်ကြပေ။
ကမ္ဘာပျက်ကပ်ကြီးထဲတွင် သေဆုံးခြင်းဆိုသည်မှာ အမြဲတမ်း ထပ်တလဲလဲ ဖြစ်ပေါ်နေမည့် အဓိက သံစဉ်တစ်ခုသာ ဖြစ်သည်။
ထမင်းစားပြီးနောက် ခရီးဆက်ကြသည်။
ချန်းရီ ထမင်းစားနေချိန်တွင် ရွှီနန် ဆိုသောကောင်လေးက ရောက်လာပြီး ချန်းရီ၏ တဲနှင့် အခြားပစ္စည်းများ အားလုံးကို ကူညီသိမ်းဆည်းကာ ကားပေါ်သို့ တင်ပေးခဲ့သည်။
ချန်းရီက ကုလားအုတ်သား တစ်တုံးကို ပစ်ပေးလိုက်ပြီး ထိုကောင်လေးကို ထပ်မံ ဂရုမစိုက်တော့ပေ။
ယခုအခါ ရွှီနန်မှာ ယာဉ်တန်းထဲတွင် နာမည်ကြီးနေသော ရုပ်ဆိုးဆိုး ကောင်လေးတစ်ယောက် ဖြစ်နေသည်။
ယခင်က သူ၏ ရုပ်ရည်သွင်ပြင်ကြောင့် အနားကပ်လာခဲ့သူများမှာ ယခုအခါ သူ့ကို အဝေးဆုံးမှ ရှောင်ခွာသွားချင်နေကြပြီ ဖြစ်သည်။
သို့သော် ရွှီနန်၏ မျက်လုံးထဲတွင်မူ ယာဉ်တန်းထဲ၌ ချန်းရီ တစ်ယောက်တည်းသာလျှင် လူကောင်းတစ်ယောက် ဖြစ်သည်။
ချန်းရီက သူ့အပေါ် အေးစက်စက်ဆက်ဆံပြီး လျစ်လျူရှုထားခဲ့လျှင်ပင်၊ တစ်ခါတစ်ရံ သူ့ကို ကြည့်သည့် အကြည့်များမှာ သေလူတစ်ယောက် သို့မဟုတ် ပစ္စည်းတစ်ခုကို ကြည့်နေသကဲ့သို့ ဖြစ်နေလျှင်ပင်။
ရွှီနန်က ချန်းရီအပေါ် ကျေးဇူးတင်နေဆဲပင် ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ချန်းရီ၏ သူ့အပေါ် ဆက်ဆံသည့် သဘောထားမှာ တစ်ခါမျှ ပြောင်းလဲသွားခြင်း မရှိခဲ့သောကြောင့် ဖြစ်သည်။
ယခင်က ရွှီနန် ရုပ်မပျက်ဆင်းမပျက် ဖြစ်မသွားခင် အချိန်ကတည်းက ချန်းရီက ဤကဲ့သို့ပင် အေးစက်စက်နှင့် လျစ်လျူရှုကာ ရက်စက်တတ်သည်။
သူ့ကို ကြည့်သည့် အကြည့်များမှာ အစကတည်းက သေလူတစ်ယောက်ကို ကြည့်နေသကဲ့သို့ပင် ဖြစ်သည်။
ယခုလည်း အတူတူပင် ဖြစ်ပြီး ဘာမှ ပြောင်းလဲသွားခြင်း မရှိပေ။
ထို့ထက်ပို၍ ချန်းရီက သူ့ကို ဘယ်တုန်းကမှ ခွဲခြားဆက်ဆံခဲ့ခြင်း မရှိပေ။
အကြောင်းမှာ ချန်းရီက သာမန် အသက်ရှင်ကျန်ရစ်သူ အားလုံးကို ကြည့်သည့်အခါတွင်လည်း သေလူများကို ကြည့်နေသကဲ့သို့ တန်းတူညီမျှ လျစ်လျူရှုကာ၊ အေးစက်ပြီး ရက်စက်သော အကြည့်များဖြင့်သာ ကြည့်တတ်သောကြောင့် ဖြစ်သည်။
ချန်းရီ၏ မျက်လုံးများထဲတွင် မည်သည့် ခွဲခြားဆက်ဆံမှုမျိုးကိုမှ ရွှီနန် မတွေ့မြင်ခဲ့ရပေ။
တကယ်တော့ ချန်းရီ၏ အမြင်တွင် အသက်ရှင်ကျန်ရစ်သူ အားလုံးမှာ တစ်နေ့နေ့တွင် သေဆုံးကြရမည်သာ ဖြစ်ပြီး၊ တစ်ရက်စော၍ အသက်ရှင်ခြင်း သို့မဟုတ် တစ်ရက်နောက်ကျ၍ အသက်ရှင်ခြင်းသာ ကွာခြားပေလိမ့်မည်။
အသစ်စက်စက် ဖြစ်နေသော ကမ္ဘာပျက်ကပ် ပစ်ကပ်ကားကြီးက စက်နှိုးသွားသည်။
အပြင်ပန်းသွင်ပြင်မှာ ဟောင်းနွမ်းစုတ်ပြတ်နေသော ထိုပစ်ကပ်ကားကြီးပင် ဖြစ်နေသေး၏။
သို့သော် အတွင်းပိုင်းမှာမူ ကြီးမားသော အပြောင်းအလဲများ ဖြစ်ပေါ်နေခဲ့ပြီ ဖြစ်သည်။
ဘဝအသစ်ကို ရရှိသွားခဲ့ပြီဟုပင် ဆိုနိုင်သည်။
ဤတစ်ကြိမ်တွင် ယခင်က လျော့ရဲရဲဖြစ်နေသော ကားအခြေအနေနှင့် သိသိသာသာ ကွာခြားသွားကြောင်းကို ချန်းရီက ခံစားမိလိုက်သည်။
သဲကန္တာရထဲတွင် မောင်းနှင်နေရလျှင်ပင် ကား၏ အားမရှိသလို ဖြစ်နေသော ခံစားချက်မှာ သိသိသာသာ လျော့ကျသွားပြီး ကား၏ အင်ဂျင်တုံ့ပြန်မှုမှာလည်း ယခင်ကထက် များစွာ လျင်မြန်လာခဲ့သည်။
ကားနောက်ခန်းထဲတွင် ရိက္ခာပစ္စည်းများ အမြောက်အမြား တင်ဆောင်ထားသည်။
ယခင်က ကားစက်နှိုးလိုက်ချိန်တွင် ကားမှာ အမြဲတမ်း နှေးကွေးလေးကန်စွာဖြင့် ဘယ်ညာ နှစ်ချက်ခန့် ယိမ်းထိုးသွားတတ်သည်။
သို့သော် ယခုအခါတွင်မူ ချန်းရီက စက်နှိုးလိုက်သည်နှင့် ကားက လျင်မြန်စွာပင် တုံ့ပြန်မှု ပေးလာ၏။
ကားထဲတွင် ထိုင်နေစဉ် လမ်းအခြေအနေကိုပင် ချန်းရီက အထင်အရှား ခံစားသိရှိနေနိုင်သည်။
ဤကဲ့သို့သော ခံစားချက်မျိုးမှာ ဆယ်စုနှစ်ချီ၍ ကားမောင်းလာခဲ့သော ဝါရင့်ယာဉ်မောင်းများသာ ရရှိနိုင်သည့် အလိုအလျောက် သိစိတ်မျိုး ဖြစ်သော်လည်း ယခုအခါ ချန်းရီက ပြတ်သားစွာ ခံစားသိရှိနေသည်။
ကားကိုယ်ထည်၏ အရွယ်အစားကိုပင် ခံစားသိရှိနိုင်ပြီး အကွေ့တိုင်း၊ အဖြောင့်မောင်းနှင်မှုတိုင်းတွင် ကားကိုယ်ထည်က နေရာလွတ်ထဲ၌ မည်မျှ နေရာယူထားသည် ဆိုသည်ကို သူ အာရုံခံနိုင်နေသည်။
ဝါရင့်ယာဉ်မောင်းများကမူ ၎င်းကို ကားအာရုံခံစားမှုဟု ခေါ်ဆိုကြသည်။
ဒါက နိုးထလာသော ဝိသေသလက္ခဏာက အစွမ်းပြနေခြင်း ဖြစ်ပေလိမ့်မည်။
ချန်းရီက လီဗာကို နင်းလိုက်ရာ ပစ်ကပ်ကားလေးမှာ အရှိန်တင်၍ ကျောင်းကားဘေးသို့ ရောက်ရှိသွားသည်။
ကားထဲတွင် ထိုင်နေသော ထယ်ရှီးက ကျောင်းကားဘေးရှိ ပစ်ကပ်ကားကို သံသယဖြင့် လှမ်းကြည့်လိုက်သည်။
"ဒီကားက... ဘယ်လိုဖြစ်လို့ ပိုမြင့်လာသလို ဖြစ်နေရတာလဲ"
"မဖြစ်နိုင်ဘူး... တကယ်ကြီးကို ပိုမြင့်လာတာပဲ"
ယခင်က ချန်းရီ၏ ကားဖြင့် ချူချယ်နှင့် ပန်းရောင်ဆံပင်နှင့် ကောင်မလေးတို့၏ ပစ်ကပ်ကားကို အမီလိုက်ရန်မှာ ထိုမျှ မလွယ်ကူလှပေ။
သို့သော် ယခုအခါတွင်မူ လီဗာ တစ်ချက်နင်းလိုက်ရုံမျှပင် ဖြစ်သည်။
ကားပြတင်းပေါက် နှစ်ဖက်လုံးကို အကျယ်ဆုံး ဖွင့်ထားပြီး သူ၏ နှာတံပေါ်တွင် နေကာမျက်မှန် တစ်လက်ကို တပ်ဆင်ထားသည်။
နောက်ဆုံးကျန်နေသော ရေသန့် အနည်းငယ်ကို တစ်ကျိုက်တည်း မော့သောက်လိုက်ပြီး ရေသန့်ဘူးခွံကို အဖုံးသေချာပိတ်ကာ နောက်ခန်းထဲသို့ ပစ်ထည့်လိုက်သည်။
ထပ်မံ အရှိန်တင်လိုက်ပြီး ကျောင်းကားကို ကျော်တက်ကာ ချူချယ်၏ ကားဘေးသို့ ရောက်ရှိလာခဲ့သည်။
"ခေါင်းဆောင်ချူ... ရေအရင်းအမြစ် ရှာတွေ့ပြီလား"
ချန်းရီက ကားကို ချူချယ်၏ ကားနှင့် ယှဉ်မောင်းရင်း ဘေးဘက် ကားထဲရှိ ချူချယ်ကို အသံကျယ်ကျယ်ဖြင့် လှမ်းမေးလိုက်သည်။
ထိုအချိန်တွင် ချူချယ်က ရိုးရှင်းသော မြေပုံတစ်ခုကို ကြည့်နေပြီး တစ်ခါတစ်ရံ ကားပြတင်းပေါက်မှ ခေါင်းပြူထွက်ကာ ပတ်ဝန်းကျင်ကို အကဲခတ်နေသည်။
"မင်း ငါ့ကို လာမရှုပ်နဲ့... ဒါမှ ငါ မြန်မြန် ရှာတွေ့မှာ"
ချူချယ်က ချန်းရီကို စိတ်မရှည်စွာဖြင့် ပြန်အော်လိုက်သည်။
ချန်းရီက နှုတ်ခမ်းကိုမဲ့လိုက်ပြီး ကားအရှိန်ကို လျှော့ချကာ ချူချယ်၏ ကားကို အရှေ့ဆုံးမှ မောင်းနှင်စေလိုက်သည်။
အကယ်၍ သဲနွံတို့ဘာတို့နှင့် ကြုံတွေ့ခဲ့ရပါက။
ခေါင်းဆောင်ချူသာလျှင် ပထမဆုံး သေရမည့်သူ ဖြစ်သွားပေလိမ့်မည်။
ထို့နောက်ပိုင်း အခြေအနေများမှာ များစွာ စိတ်တိုင်းကျစရာ မရှိလှပေ။
ချူချယ်က ထိုအလွန်ရိုးရှင်းသော မြေပုံလေးကို နေ့စဉ်ရက်ဆက် လေ့လာနေခဲ့သည်။
တစ်ခါတစ်ရံတွင် ကားပေါ်မှဆင်းကာ မြေပြင်ပေါ်၌ ဆောင့်ကြောင့်ထိုင်ပြီး သဲများကို မြည်းစမ်းကြည့်တတ်သည်။
အကြိမ်တိုင်းတွင် လူအားလုံး၏ အကြည့်များမှာ မျှော်လင့်ချက်များမှ စိတ်ပျက်မှုများအဖြစ်၊ ထိုမှတစ်ဆင့် ခံစားချက်မဲ့မှုများအဖြစ်သို့ ပြောင်းလဲသွားခဲ့ရသည်။
အစပိုင်းက သဲကန္တာရကို မြင်တွေ့ရခြင်းအပေါ် ဆန်းသစ်မှုရှိခဲ့သော်လည်း၊ ယခုအခါတွင်မူ သဲကန္တာရကို မြင်သည်နှင့် စိတ်တိုစရာကောင်းပြီး ဖိနှိပ်ခံရသကဲ့သို့ ခံစားနေကြရပြီ ဖြစ်သည်။
သို့သော် မတတ်နိုင်။ ယာဉ်တန်းကြီးမှာ သဲကန္တာရထဲတွင် ပိတ်မိနေခဲ့သည်မှာ အတော်ကြာမြင့်နေပြီ ဖြစ်ပြီး ယခုတိုင်အောင် ထွက်ခွာနိုင်မည့် အရိပ်အယောင်မျှ မတွေ့ရသေးပေ။
အသက်ရှင်ကျန်ရစ်သူ အချို့မှာ နောက်ကျန်ရစ်ခဲ့ကြပြီ ဖြစ်သည်။
သာမန် အသက်ရှင်ကျန်ရစ်သူများ၏ ရိက္ခာနှင့် သောက်သုံးရေများမှာ အကန့်အသတ် ရှိနေသည်။
အထူးသဖြင့် သောက်သုံးရေ ဖြစ်သည်။ ထိုအရာက ယခုအခါ ရွှေထက်ပင် ပို၍ တန်ဖိုးကြီးမားနေပြီ ဖြစ်သည်။
ချန်းရီ၏ ရေများမှာလည်း အလွန်လျင်မြန်သော နှုန်းဖြင့် လျော့နည်းလာနေသည်။
ချန်းရီက အတတ်နိုင်ဆုံး ချွေတာသုံးစွဲနေခဲ့သော်လည်း ရေလျော့နည်းသွားသည့် အရှိန်ကိုမူ မတားဆီးနိုင်ခဲ့ပေ။
မတတ်နိုင်ပေ၊ သဲကန္တာရ၏ အပူချိန်က အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလွန်းနေသည်မဟုတ်ပါလော။
"ဆရာ... ဆရာချန်းရီ... တောင်း... တောင်းပန်ပါတယ် ကျွန်တော့်ကို ရေနည်းနည်းလောက် ပေးပါ... ကျွန်တော် သေတော့မယ်"
နောက်ဆုံးတွင် လူတစ်ယောက်မှာ တောင့်မခံနိုင်တော့ဘဲ ဒူးနှစ်ဖက် ခွေကျသွားကာ ချန်းရီ၏ အရှေ့တွင် ဒူးထောက်၍ ရေတစ်ဘူး ပေးရန် တောင်းပန်လာတော့သည်။
အမျိုးသား၏ အသံမှာ အက်ကွဲနေပြီး ချန်းရီကို မရပ်မနား ဦးညွှတ်ခစားနေသည်။ ပူလောင်နေသော သဲပြင်ပေါ်သို့ နဖူးဖြင့် ဆောင့်မိကာ သဲပွင့်အချို့ ကပ်ကျန်နေသဖြင့် ထိုအမျိုးသားမှာ ပို၍ပင် သနားစရာ ကောင်းနေသည်။
အလွန်အမင်း ရေငတ်နေသောကြောင့် ဖြစ်မည်... ထိုလူ၏ ဦးညွှတ်သည့် လှုပ်ရှားမှုများမှာလည်း အလွန် နှေးကွေးနေသည်။
နောက်တစ်စက္ကန့်တွင် သဲပြင်ပေါ်သို့ လဲကျသွားတော့မည့်အလား ပင်။
ဒီရက်ပိုင်းအတွင်း အစွမ်းပိုင်ရှင်များထံ ရေလာတောင်းသူများ အမြဲတမ်း ရှိနေခဲ့သည်။
ချူချယ်၊ ထယ်ရှီး၊ ပန်းရောင်ဆံပင်နှင့် ကောင်မလေးအပြင် တင်းတုံတို့ လေးယောက်ကတော့ အနည်းနှင့်အများ ရေအချို့ကို ဝေမျှပေးခဲ့ကြသည်။
ချန်းရီ တစ်ယောက်တည်းကသာ ရေတစ်စက်မျှပင် ပေးကမ်းခဲ့ခြင်း မရှိပေ။
ထို့ကြောင့် လူအချို့က ချန်းရီထံသို့ လာရောက်ကာ ကံစမ်းကြည့်ရန် ရည်ရွယ်လာကြခြင်း ဖြစ်သည်။
ချန်းရီက မျက်နှာသေဖြင့်သာ ရှောင်ထွက်သွားခဲ့သည်။
သူ့ထံတွင် ရေအချို့ ရှိနေသေးသော်လည်း ထိုရေများမှာ အကန့်အသတ်မရှိ ရနေခြင်း မဟုတ်ပေ၊ သူများကို ပေးလိုက်ပါက သူ သောက်စရာ ရှိတော့မည် မဟုတ်ချေ။
ချန်းရီကသာ ရေပေးရဲခဲ့မည် ဆိုပါက နောက်တစ်စက္ကန့်တွင် သူ့ပတ်ဝန်းကျင်၌ ရေတောင်းသူများ မရေမတွက်နိုင်အောင် စုဝေးလာကြပေလိမ့်မည်။
အချို့သူများဆိုလျှင် ချန်းရီ၏ ကားပေါ်အထိပင် တက်၍ လုယူရဲကြပေမည်။
ထိုလုပ်ရပ်က မိမိ၏ အသက်ရှင်သန်ဖို့ အခွင့်အရေးကို သူတစ်ပါးထံ ပေးအပ်လိုက်ခြင်းပင်။
ချန်းရီ ခြေလှမ်း နှစ်လှမ်းခန့် လှမ်းအထွက်တွင် ရေတောင်းနေသော လူမှာ ခန္ဓာကိုယ် ယိမ်းယိုင်သွားပြီး သဲပြင်ပေါ်သို့ တိုက်ရိုက် လဲကျသွားသည်။ သူ၏ အသက်ရှူနှုန်းမှာလည်း ဝင်လေထက် ထွက်လေက ပိုများနေပြီ ဖြစ်သည်။
အခြားသော အသက်ရှင်ကျန်ရစ်သူများမှာ ထိုမျှ အေးစက်လှသာ ချန်းရီကို မြင်လိုက်ရသောအခါ သူတို့၏ မျက်လုံးများထဲရှိ မျှော်လင့်ချက်များမှာလည်း မှေးမှိန်သွားခဲ့ရသည်။ အချို့သူများ၏ မျက်လုံးများထဲတွင်မူ အမုန်းတရားများပင် ကိန်းအောင်းနေကြ၏။
ချန်းရီ တွေးထားသည်မှာ မမှားပေ၊ ချန်းရီသာ အစဖော်ပေးလိုက်မည် ဆိုလျှင်။
သူတို့ အများစုမှာ လုံးဝ အခြေအနေ ဆိုးရွားနေသည့် အဆင့်သို့ မရောက်သေးလျှင်တောင်မှ ချန်းရီ၏ အရှေ့သို့ လာရောက်ကာ ဒူးထောက် တောင်းပန်ကြပေလိမ့်မည်။
"ချန်း... ချန်းရီ"
ဤတစ်ကြိမ်တွင် ချန်းရီ၏ အရှေ့၌ ရပ်နေသူမှာ ရှုလီနာ ဖြစ်သည်။
ဤအမျိုးသမီးမှာ ယခုအခါ ညှိုးနွမ်းတော့မည့် ပန်းတစ်ပွင့်အလား ဖြစ်နေပြီး နှုတ်ခမ်းများ ခြောက်သွေ့ကွဲအက်ကာ ဆံပင်များလည်း ဖွာလန်ကြဲနေသည်။
ထိုသို့ ဖြစ်နေသည့်တိုင်အောင် ဤအမျိုးသမီးမှာ ခုခံရန် ခက်ခဲသော ဆွဲဆောင်မှုအချို့ကို ထိန်းသိမ်းထားနိုင်ဆဲ ဖြစ်ပြီး ထိုသနားစရာကောင်းသော အသွင်အပြင်က လူများကို ပို၍ပင် သနားကြင်နာချင်စိတ် ဖြစ်ပေါ်စေသည်။
အမျိုးသမီးမှာ ကျောင်းကားပေါ်တွင် ရှိနေသော်လည်း ရေအရင်းအမြစ်များကို လောင်လီ၏ ထိန်းချုပ်ထားမှုက ဦးလေးအားပေါင်ထက်ပင် ပို၍ ရက်စက်လွန်းလှသည်။
ရေငတ်၍ မသေသရွေ့ ရေရနိုင်မည် မဟုတ်ပေ။
"ချန်းရီ... ကျွန်မကို ရေနည်းနည်းလောက်... ပေးနိုင်မလားဟင်"
ရှုလီနာက ခြောက်သွေ့နေသော လည်ချောင်းထဲမှ ဤစကားကို ခက်ခဲစွာ ညှစ်ထုတ်ပြောဆိုလိုက်ပြီး သူမ၏ မျက်လုံးများထဲတွင် မျှော်လင့်ချက်များ အပြည့်အဝ ရှိနေသည်။
ယခင်က ချန်းရီ ထိုလူအား ရေမပေးခဲ့ခြင်းကို နားလည်ပေး၍ ရနိုင်ပေသည်။ မည်သို့ပင်ဖြစ်စေ ထိုလူကို ချန်းရီက မသိကျွမ်းပေ။
ဒါပေမဲ့ သူမက ရှုလီနာလေ၊ သူမတို့ကြားမှာ ဘာမှ မရှိခဲ့ဘူး ဆိုရင်တောင်မှ။
သူမရဲ့ သံယောဇဉ်ကိုတော့ သူ ခံစားမိသင့်ပါတယ်လေ။
ရေနည်းနည်းလောက် ပေးတာကတော့ မလွန်လောက်ပါဘူး။
နည်းနည်းလေးဆို ရပါပြီ။
သေချာပေါက် ရမှာပါ။
ဘာပဲဖြစ်ဖြစ် သူမက ရှုလီနာပဲလေ၊ ချန်းရီရဲ့ အမြင်မှာတော့ သူမက တခြားသူတွေနဲ့ တူမှာမဟုတ်ပါဘူး။
ထို့ကြောင့် ရှုလီနာက ချန်းရီ သူတစ်ပါးကို ငြင်းပယ်လိုက်သည်ကို မြင်တွေ့လိုက်သော်လည်း အရှေ့သို့ တက်လာကာ ရေအချို့ တောင်းခံရန် ကြိုးစားခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် သူမအနေဖြင့် ချန်းရီထံမှ ရေရရှိလိမ့်မည်ဟုလည်း အခိုင်အမာ ယုံကြည်ထားခဲ့သည်။
"မရဘူး"
ချန်းရီက ရှုလီနာ၏ သနားစရာကောင်းလှသော တောင်းဆိုမှုကို အနည်းငယ်မျှပင် တုံ့ဆိုင်းမနေဘဲ ငြင်းပယ်လိုက်သည်။
ဆက်ရန်...