← Chapters

အခန်း ၂၁၇

Vol. 11 Ch. 217

အခန်း ၂၁၇

Vol. 11 Ch. 217

အပိုင်း(၂၁၇) ဆရာ

"ရော့... ဒါက ထူးဆန်းတဲ့အရာတွေအပေါ် နည်းနည်းတော့ အစွမ်းပြနိုင်တယ်"

တင်းတုံက မှန်တစ်ချပ်ကို ကျိုးရှောင်ရှောင်ဆီ ပစ်ပေးလိုက်ပြီးနောက် လှည့်ထွက်သွားကာ ခုနလေးတင် လဲလှယ်ရယူလာခဲ့သော မျိုးစေ့များကို စတင် စီမံနေတော့၏။

ယာဉ်တန်းတစ်ခုလုံးရှိ ရိက္ခာတစ်ဝက်ခန့်ကို အသုံးပြုကာ လဲလှယ်ရယူလာခဲ့ရသော ထိုအရာများကို ကြည့်လိုက်သည်။

တင်းတုံ၏ တစ်ကိုယ်လုံးရှိ အငွေ့အသက်များက ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

ခုနက ကျိုးရှောင်ရှောင်ထံ ပစ်ပေးလိုက်သော မှန်သည် ထိုတာအိုဘုန်းကြီး ပြုလုပ်ထားသော မှော်လက်နက်တစ်ခုဖြစ်ပြီး သာမန် ထူးဆန်းသောအရာများအပေါ် အနည်းငယ် အစွမ်းပြနိုင်စွမ်း ရှိပေသည်။

၎င်းမှာ တင်းတုံက ကားပေါ်ရှိ အသုံးမလိုသော ပစ္စည်းအချို့ဖြင့် လဲလှယ်လာခဲ့ခြင်း ဖြစ်၏။

ထူးခြားသော သဘာဝလွန်ပစ္စည်း မဟုတ်သလို လမ်းစဉ် နံပါတ်စဉ်လည်း မရှိသော်ငြား ဤကဲ့သို့သော အရာတစ်ခုက အခြား အသက်ရှင်ကျန်ရစ်သူများ လက်ထဲတွင်ဆိုလျှင် အဖိုးတန်ရတနာတစ်ပါးကဲ့သို့ အသုံးပြုခံရမည်မှာ သေချာလှသည်။

သို့သော် တင်းတုံ၏ မျက်လုံးထဲတွင်မူ ဤအရာက စိမ်းလန်းနေသော သစ်ရွက်တစ်ရွက်လောက်ပင် တန်ဖိုးမရှိပေ။

သူမက စိုက်ပျိုးရေးစခန်းမှ ခုလေးတင် ပြန်ရောက်လာခြင်းဖြစ်ပြီး ပါမောက္ခလျှိုက ဤမျိုးစေ့အသစ်များကို မည်သို့ စိုက်ပျိုးရမည်ကို သူမအား သင်ကြားပေးလိုက်သည်။

ပျိုးပင်အဖြစ် အသုံးပြုမည့် အရည်အသွေးမီ အာလူး သို့မဟုတ် ဆလတ်ပင်များကို သဘာဝလွန်အစွမ်းဖြင့် ဦးစွာ နိုးထလာစေရန် လုပ်ဆောင်ရမည် ဖြစ်သည်။

သဘာဝလွန်အစွမ်းဖြင့် နိုးထလာစေရန် လုပ်ဆောင်ပြီးမှသာ ပြီးပြည့်စုံသည့် မျိုးစေ့များအဖြစ် သတ်မှတ်နိုင်မည် ဖြစ်၏။

နိုးထလာအောင် မလုပ်ဆောင်နိုင်ပါက သာမန် စားသောက်ကုန်အဖြစ်သာ ကိုင်တွယ်ဖြေရှင်းရပေမည်။

ထို့နောက် အသီးအနှံများ ရင့်မှည့်လာသည်အထိ မည်သို့ စိုက်ပျိုးရမည်၊ မည်သည့်အချိန်တွင် ရေလောင်းရမည်နှင့် မည်သို့ ပြုစုစောင့်ရှောက်ရမည် စသည်တို့ကိုပါ...

ပါမောက္ခလျှိုက မှတ်စုစာအုပ်ငယ်လေး တစ်အုပ်ထဲတွင် အပြည့်အစုံ ရေးသားကာ တင်းတုံထံသို့ ပေးအပ်ခဲ့သည်။

တင်းတုံမှာ စိုက်ပျိုးရေးနှင့် ပတ်သက်၍ အလွန် ရူးသွပ်သူ ဖြစ်သောကြောင့်တည်း။

ချူချယ်က စိုက်ပျိုးရေး တာဝန်များကို တင်းတုံထံ လွှဲပြောင်းပေးအပ်ပြီး ဖြစ်သည်။

ဤကိစ္စနှင့် ပတ်သက်၍ အခြားသူများကလည်း မည်သည့် ကန့်ကွက်မှုမျှ မရှိခဲ့ကြပေ။

တင်းတုံ ကိုယ်တိုင်ကလည်း အလွန် စိတ်ဝင်စားနေသလို ကျန်လူများကလည်း ဤကိစ္စကို သိပ်မကျွမ်းကျင်ကြသဖြင့် ဤကိစ္စကို အတည်ပြုလိုက်ခြင်း ဖြစ်၏။

ကျိုးရှောင်ရှောင်က တစ်ကိုယ်လုံး ချွေးသံတရွဲရွဲဖြင့် ထိုမှန်ကို အလောတကြီး ဖမ်းယူလိုက်သည်။

တင်းတုံ ပြန်မရောက်လာမီက ကျိုးရှောင်ရှောင်သည် အခြေခံ လက်ဝှေ့သိုင်းကွက် တစ်ခုကို အဆက်မပြတ် လေ့ကျင့်နေခဲ့သည်။

မှန်ပေသည်။ ဤသိုင်းကွက်ကို တင်းတုံက သူမအား သင်ကြားပေးထားခြင်း ဖြစ်၏။

တကယ်တမ်းတွင် ဤသိုင်းကွက်မှာ အလွန် ရိုးရှင်းလှပြီး ကမ္ဘာပျက်ကပ် မတိုင်မီက အင်တာနက်ပေါ်တွင် အလွယ်တကူ ရှာဖွေတွေ့ရှိနိုင်သော အမျိုးအစားမျိုး ဖြစ်သည်။

သို့သော် ယခုအချိန်တွင် သင်ပေးမည့်သူ မရှိပါက တစ်သက်လုံး သင်ယူတတ်မြောက်နိုင်မည် မဟုတ်သည်မှာ သေချာလှသည်။

"အမတင်းတုံ... ဒါက... "

"အဲဒီ တာအိုဘုန်းကြီးဆီကနေ လဲလာတာ... သဘာဝလွန်ပစ္စည်းတော့ မဟုတ်ဘူး... မှော်လက်နက် တစ်ခုလောက်ပဲ... ထူးဆန်းတဲ့အရာတွေအပေါ် နည်းနည်းတော့ အစွမ်းပြနိုင်တယ်"

ထိုသို့ ရှင်းပြပြီးနောက် တင်းတုံက ဂေါ်ပြားကို ကိုင်လိုက်ကာ လက်ထဲရှိ အာလူးများကို ပါမောက္ခလျှို ပြောပြထားသော သတိပြုရမည့် အချက်များအတိုင်း အပိုင်းလေးပိုင်း သေချာစွာ ဖြတ်တောက်ပြီး မြေကြီးထဲသို့ မြှုပ်နှံလိုက်သည်။

ကျိုးရှောင်ရှောင်က အလျင်အမြန် လျှောက်လာပြီး ရေပုံးငယ်လေးကို ကိုင်ကာ ဂရုတစိုက် ဝိုင်းဝန်းရေလောင်းပေးသည်။

တင်းတုံက ကျိုးရှောင်ရှောင်ကို တစ်ချက်မျှပင် အပိုမကြည့်တော့ဘဲ နောက်ထပ် ပန်းအိုးတစ်လုံးထဲသို့ အာလူးများကို ဆက်လက် စိုက်ပျိုးနေတော့၏။

ထိုပန်းအိုးများမှာ အစိမ်းရောင် ပလတ်စတစ်အိုးများ ဖြစ်ကြသည်။

အိုးထဲတွင် အမည်းရောင် မြေကြီးများကို ထည့်ထားပြီး မြေနံ့သင်းသင်းလေး တစ်ခုကိုပါ ရနေသည်။

တင်းတုံက ထိုအနံ့ကို ဂရုမစိုက်သလို ကျိုးရှောင်ရှောင်ကလည်း နှာခေါင်းရှုံ့ခြင်း မရှိပေ။

ယခုလက်ရှိ ကျိုးရှောင်ရှောင်မှာ အလွန်တရာ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

တစ်ချိန်က အလိုလိုက်ခံထားရသော အနာဂတ်ကြယ်ပွင့်လေးမှာ သူမ၏ ကိုယ်ပေါ်ရှိ နူးညံ့ပျော့ပျောင်းမှုများအားလုံး ကင်းစင်ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏။

တင်းတုံက သူမကို မည်သည့်အလုပ်မဆို ခိုင်းစေပါက သူမက တုံ့ဆိုင်းနေခြင်း အလျဉ်းမရှိဘဲ ချက်ချင်း လုပ်ဆောင်လေ့ရှိသည်။

ညသန်းခေါင်ယံအထိ အလုပ်ရှုပ်နေခဲ့ကြသည်။

ညစာပင် မစားရသေးချေ။

ထိုအခါမှသာ တင်းတုံက မတ်တတ်ရပ်လိုက်ပြီး သူမရှေ့ရှိ ပန်းအိုး ဒါဇင်ပေါင်းများစွာကို ကျေနပ်အားရစွာဖြင့် ကြည့်လိုက်သည်။

ပန်းအိုးတိုင်းတွင် မျိုးစေ့အသစ်များ အပြည့် စိုက်ပျိုးထားသည်။

နောက်ထပ် တစ်နာရီခန့် စောင့်ဆိုင်းလိုက်ရုံဖြင့် ဤမျိုးစေ့များက ပန်းအိုးများထဲတွင် အစိမ်းရောင် အရွက်များ ထွက်ပေါ်လာတော့မည် ဖြစ်သည်။

ဘေးနားရှိ ကျိုးရှောင်ရှောင်မှာမူ ခန္ဓာကိုယ် ယိမ်းထိုးနေလောက်သည်အထိ ပင်ပန်းနွမ်းနယ်နေပြီ ဖြစ်၏။

မူလကတည်းက ရေရှည် အာဟာရချို့တဲ့မှုကြောင့် သာမန်လူတစ်ယောက်၏ ခန္ဓာကိုယ်မှာ ထိုမျှလောက် ကြံ့ခိုင်မှု မရှိလှပေ။

ထိုအပေါ်တွင် ယခုအချိန်အထိ အဆက်မပြတ် အလုပ်လုပ်နေရခြင်းကြောင့် ပို၍ပင် ဆိုးရွားသွားစေသည်။

"ဆောရီးနော်... နင် ညစာမစားရသေးတာကို ငါ မေ့သွားတယ်"

တင်းတုံက ကားနောက်ခန်းထဲမှ ပေါင်မုန့်အချို့ကို ရှာဖွေထုတ်ယူကာ ကျိုးရှောင်ရှောင်ထံ ကမ်းပေးလိုက်သည်။

ကျိုးရှောင်ရှောင်က လှမ်းယူလိုက်ပြီး အငမ်းမရ စားသောက်လိုက်မှသာ အနည်းငယ် နေသာထိုင်သာ ရှိသွားတော့သည်။

"အမတင်းတုံ... ဒါတွေက... "

"ဒါတွေက အဖိုးတန်ရတနာတွေပဲ... နောက်ဆို ငါတို့တွေ ရိက္ခာရှာထွက်စရာ မလိုတော့တာမျိုးတောင် ဖြစ်နိုင်တယ်"

"ဒါတွေက... "

"နင် မသိပါဘူး... ဒါတွေက တကယ်တော့... "

ကျိုးရှောင်ရှောင်အနေဖြင့် ဤအရာများအပေါ် ပိုမို အလေးထားလာစေရန် တင်းတုံက ဤအရာများ၏ ဇာစ်မြစ်နှင့် မည်မျှ အဖိုးတန်ကြောင်းကို ရှင်းပြလိုက်သည်။

ကျိုးရှောင်ရှောင်မှာ ကြားပြီးနောက် ပါးစပ်အဟောင်းသား ဖြစ်သွားရတော့၏။

မနေ့က ရွာသူကြီးက ဤအဆင့်မြှင့်တင်ထားသော မျိုးစေ့များအကြောင်း ရှင်းပြနေစဉ်က ကျိုးရှောင်ရှောင်မှာ ဘေးမှနေ၍ နားထောင်ခွင့် မရှိခဲ့ပေ။

ချူချယ်က အသက်ရှင်ကျန်ရစ်သူ အားလုံးကို ဖုံးကွယ်ထားရန် ရည်ရွယ်ချက် မရှိခဲ့လျှင်တောင်မှ ကျိုးရှောင်ရှောင်က ဤမျှ မြန်မြန်ဆန်ဆန် သိရှိနိုင်ရန်မှာမူ မဖြစ်နိုင်သလောက်ပင်။

"အမတင်းတုံ... ဒါဆို ဒီမျိုးစေ့တွေက အစွမ်းပိုင်ရှင်တွေရဲ့ လက်ထဲမှာမှ အသုံးဝင်တာပေါ့နော်"

ကျိုးရှောင်ရှောင်၏ လေသံထဲတွင် ပြောမပြတတ်အောင် အားကျနေမှုများ ပါဝင်နေပြီး သူမ၏ မျက်လုံးအစုံက ပန်းအိုးများကို တောက်ပစွာ ကြည့်နေသည်။

"အဲ့လိုပေါ့... ပါမောက္ခလျှိုက တကယ်ကို ကြီးမြတ်လွန်းတယ်လို့ ပြောရမှာပဲ"

"နောက်နှစ်အနည်းငယ် ကြာရင် ပါမောက္ခလျှိုဆီကနေ အဆင့်မြှင့်တင်ထားတဲ့ မျိုးစေ့အသစ်တွေ ထပ်ထွက်လာနိုင်သေးတယ်... အဲဒီအချိန်ကျရင် ငါတို့အတွက် မျှော်လင့်ချက် ရှိလာနိုင်လောက်တယ်"

တင်းတုံက ဤစကားကို ပြောဆိုနေစဉ် သူမ၏ လေသံထဲတွင် လေးစားမှုများနှင့် မျှော်လင့်ချက်များ ပြည့်နှက်နေသည်။

"အမတင်းတုံ... အမတို့တွေ အစွမ်းပိုင်ရှင်တွေ ဖြစ်လာတာကို တကယ် အားကျတယ်"

ကျိုးရှောင်ရှောင်၏ လေသံတွင် အားကျမှုများ အပြည့် ပါဝင်နေ၏။

"အစွမ်းပိုင်ရှင်ဆိုတာလည်း ဒီလိုပါပဲ... ငါတို့ကလည်း နင်တို့လိုပဲ သေတတ်တဲ့သူတွေချည်းပဲ"

"အမတင်းတုံ... အမ အဲဒီတုန်းက ဘယ်လို နိုးထလာခဲ့တာလဲဟင်"

"ဘယ်လိုမျိုးလဲဆိုတော့... "

ဤကာလတစ်လျှောက် ထိတွေ့ဆက်ဆံမှုများအရ တင်းတုံသည် ကျိုးရှောင်ရှောင်အပေါ် အနည်းငယ် စေတနာထားလာခဲ့သည်။

ဤမိန်းကလေး၏ အတိတ်ဇာတ်ကြောင်းကို သိရှိပြီးနောက်တွင် တင်းတုံက ကျိုးရှောင်ရှောင်အပေါ် ပိုမို ဂရုစိုက်လာခဲ့ပြီး တခါတရံ စကားစမြည် ပြောဆိုခြင်းကလည်း ပြဿနာ မရှိလှပေ။

တင်းတုံသည် ငယ်စဉ်ကတည်းက အဘိုးဖြစ်သူ၏ သွန်သင်မှုအောက်တွင် လက်ဝှေ့ကျင့်ကြံခဲ့ပြီး နောက်ပိုင်း၌ လက်ဝှေ့အားကစားသမား တစ်ယောက် ဖြစ်လာရန် ရည်ရွယ်ထားခဲ့သော်လည်း အကြောင်းတိုက်ဆိုင်စွာဖြင့် မီးသတ်သမား တစ်ယောက် ဖြစ်လာခဲ့သည်။

ကမ္ဘာပျက်ကပ် ရောက်ရှိလာပြီးနောက်တွင် တင်းတုံသည် လက်ဝှေ့သမား လမ်းစဉ်သို့ နိုးထလာခဲ့ခြင်း ဖြစ်၏။

"အမတင်းတုံ... အမက လေ့ကျင့်ရင်း လေ့ကျင့်ရင်းနဲ့ပဲ အစွမ်းပိုင်ရှင် ဖြစ်လာတာလား"

ကျိုးရှောင်ရှောင်က တင်းတုံ၏ စကားထဲမှ အဓိကအချက်ကို ဖမ်းဆုပ်မိသွားသကဲ့သို့ ခံစားလိုက်ရပြီး အလျင်အမြန် မေးလိုက်သည်။

"အဲ့လိုမျိုးလို့ ပြောလို့ရတာပေါ့... ငါကိုယ်တိုင်လည်း သိပ်တော့ မသေချာဘူး"

"အမတင်းတုံ... အမ... ညီမကို လက်ဝှေ့ လေ့ကျင့်ဖို့ သင်ပေးလို့ ရမလားဟင်"

ကျိုးရှောင်ရှောင်က တံတွေးကို မျိုချလိုက်ပြီး သူမ၏ အသံများမှာ အနည်းငယ် ခြောက်ကပ်နေကာ နောက်ဆုံး စကားလုံးအနည်းငယ်မှာ လည်ချောင်းထဲမှ အတင်း ညှစ်ထုတ်ထားရသကဲ့သို့ ရှိနေသည်။

ကျိုးရှောင်ရှောင်၏ ဤစကားကြောင့် တင်းတုံမှာ အံ့သြသွားပုံ မရပေ။

သူမက ခေါင်းလှည့်ကာ ပြုံးလိုက်ပြီး "နင် ခုနက လေ့ကျင့်နေတာက ငါ သင်ပေးထားတာတွေပဲ မဟုတ်ဘူးလား"

ကျိုးရှောင်ရှောင်က တင်းတုံ၏ မျက်လုံးများကို စိုက်ကြည့်နေပြီး သူမ၏ မျက်နှာဝန်းများမှာလည်း အနည်းငယ် နီရဲနေကာ "အမတင်းတုံ... ညီမ... ညီမ အမကို ဆရာတင်ချင်လို့ပါ"

"အစွမ်းပိုင်ရှင် တစ်ယောက် ဖြစ်လာအောင် ညီမကို သင်ပေးပါနော်"

ထိုဆန္ဒပြင်းပြနေသော မျက်လုံးအစုံက တင်းတုံကို စိုက်ကြည့်နေသည်။

ဤစကားသည် ကျိုးရှောင်ရှောင်၏ ရင်ထဲတွင် ကိန်းအောင်းနေခဲ့သည်မှာ ကြာမြင့်လှပြီ ဖြစ်၏။

အစွမ်းပိုင်ရှင်များ ရှိကြောင်းကို သူမ သိရှိပြီးနောက်ပိုင်း သူမသည် အမြဲတမ်း အစွမ်းပိုင်ရှင် တစ်ယောက် ဖြစ်လာချင်ခဲ့သည်။

ကျိုးရှောင်ရှောင်သည် သူမကိုယ်သူမ သဘာဝလွန်လမ်းစဉ် နိုးထလာကာ ဘဝသစ်တစ်ခု တည်ဆောက်နိုင်ခဲ့ကြောင်း အိမ်မက်ထဲတွင် အကြိမ်ပေါင်းများစွာ မက်ခဲ့ဖူးသည်။

သို့သော် အိမ်မက်မှ နိုးထလာသောအခါ အဆုံးအစမဲ့သော စိတ်ပျက်အားငယ်မှုများကသာ သူမကို ဝန်းရံလျက် ရှိနေခဲ့သည်။

အကယ်၍ သူမသာ အစွမ်းပိုင်ရှင် တစ်ယောက် ဖြစ်ခဲ့မည်ဆိုပါက နောက်ပိုင်းတွင် ထိုကဲ့သို့သော ကိစ္စရပ်များစွာ ဖြစ်ပေါ်လာခဲ့မည် မဟုတ်ပေ။

ကျိုးရှောင်ရှောင်သည် မည်သို့ နိုးထလာစေရမည်ကို သင်ယူရန် အစွမ်းပိုင်ရှင် တစ်ယောက်ကို ဆရာတင်ရန် စဉ်းစားခဲ့ဖူးသည်။

သူမက ချူချယ်ကို ဆရာတင်ရန် စဉ်းစားခဲ့ဖူးသော်လည်း ခေါင်းဆောင်ချူမှာ စကားပြောဆိုရ လွယ်ကူပုံပေါ်သော်ငြား သူ၏ စိတ်သဘောထားမှာ အလွန် နက်နဲလှသဖြင့် ခေါင်းဆောင်ချူ မည်သို့ တွေးတောနေသည်ကို သူမ ခန့်မှန်း၍ မရနိုင်ခဲ့ပေ။

စွန်းချန်းချန်းနှင့် ပတ်သက်၍မူ ချန်းရီနှင့် ထိုမိန်းကလေးကြားရှိ ပတ်သက်မှုကို သူမ သဲ့သဲ့မျှ ကြားသိထားခဲ့သည်။

ထို့နောက် ချန်းရီ၏ အချစ်ဆုံး ညီအစ်ကိုဖြစ်သော ထယ်ရှီး ရှိသေးသည်။ သူက ရိုးအအ ဖြစ်သော်လည်း ထယ်ရှီးက သူမကို လက်ခံမည် မဟုတ်ပေ။

ချန်းရီ ကိုယ်တိုင်နှင့် ပတ်သက်၍မူ...

တင်းတုံ ပေါ်လာချိန်အထိပင်တည်း။

တင်းတုံက ကျိုးရှောင်ရှောင်၏ ဆန္ဒပြင်းပြနေသော မျက်လုံးများကို တိုက်ရိုက် စိုက်ကြည့်ကာ တည်ငြိမ်စွာ မေးလိုက်သည်။ "နင်က အစွမ်းပိုင်ရှင် ဖြစ်ချင်တာ... ချန်းရီကို ကလဲ့စားချေချင်လို့ မဟုတ်လား"

"တကယ်လို့ အဲ့လိုဆိုရင်တော့ ငါ နင့်ကို သင်ပေးမှာ မဟုတ်ဘူး"

ဆက်ရန်...

All Chapters