အခန်း ၂၄၈
Vol. 13 Ch. 248
အပိုင်း(၂၄၈) စာချုပ် လမ်းစဉ်
ဤကဲ့သို့ ကြားဖြတ်ဖြစ်ရပ်လေး တစ်ခုကြောင့် ယာဉ်တန်း၏ လေထုက အတော်လေး သက်ဝင်လှုပ်ရှားလာပြီး ယခင်က ရှိနေခဲ့သော စိတ်ဓာတ်ကျဆင်းမှုများကို တိုက်ထုတ်ပစ်လိုက်နိုင်သည်။
ယာဉ်တန်းက ခရီးဆုံးပန်းတိုင် မရှိဘဲ ရှေ့သို့ ဖြည်းညင်းစွာ ဆက်လက် ထွက်ခွာလာခဲ့သည်။
နောက်တစ်စက္ကန့်တွင် မည်သို့သော ကိစ္စရပ်များ သို့မဟုတ် မည်သို့သော လူများနှင့် ကြုံတွေ့ရမည်ကို မည်သူကမျှ မသိနိုင်ကြပေ။
သို့သော်လည်း စကားပြောစက်ထဲမှ စကားပြောသံများက တိုးတချီ ကျယ်တလှည့်ဖြင့် ရပ်တန့်မသွားခဲ့ချေ။
အဓိကအကြောင်းအရင်းမှာ ဤတစ်ကြိမ် နတ်ဆင်ရွာ ခရီးစဉ်က လူတိုင်းကို အမှန်တကယ်ပင် မျက်စိပွင့် နားပွင့် ဖြစ်သွားစေခဲ့သောကြောင့် ဖြစ်သည်။
ပြောဆိုနေကြသော အကြောင်းအရာများကလည်း နတ်ဆင်ရွာနှင့် ပတ်သက်သည့် အတွေ့အကြုံများအပေါ်တွင်သာ အဓိက အာရုံစိုက်ထားကြသည်။
"ခေါင်းဆောင်ချူ... ရှင်က လမ်းပြသူလေ... ဒီလိုကိစ္စတွေအပေါ်မှာ အာရုံခံနိုင်စွမ်း အကောင်းဆုံးပဲ... ကမ္ဘာပျက်ကပ် မတိုင်ခင်က ဒီလို နတ်ဆင်ကြီးဆိုတဲ့ သတ္တဝါမျိုး ဘယ်လိုလုပ် ရှိနေနိုင်မှာလဲ"
"မြူခိုးမြစ် မြွေကြီးဆိုတာလည်း ရှိခဲ့မှာ မဟုတ်ဘူး"
"ပြီးတော့ အဲဒီ နတ်သူငယ်ရေကန်"
"ဒါက ကျွန်မတို့ သိကျွမ်းရင်းနှီးခဲ့တဲ့ ကမ္ဘာကြီး ဟုတ်သေးရဲ့လား"
ချူချယ်က ခဏမျှ စဉ်းစားလိုက်ပြီး သူ၏အသံက စကားပြောစက်ထဲမှ ထွက်ပေါ်လာ၏။
"မင်းတို့တွေ နဂိုကမ္ဘာဟောင်းဆီကို ပြန်သွားဖို့ မတွေးကြနဲ့တော့... ကမ္ဘာကြီးက မတူတော့ဘူး"
"ငါတို့ မြို့ပြဆီကို ပြန်သွားနိုင်ခဲ့ရင်တောင်... နေထိုင်ရမယ့် ဘဝတွေက အများကြီး ကွဲပြားသွားလိမ့်မယ်"
"ခေါင်းဆောင်ချူ... လူတချို့က မြို့ပြဆီ ပြန်သွားချင်ကြတယ်လို့ ရွာသူကြီးက ပြောတယ်... ဒီကိစ္စက ဖြစ်နိုင်ချေရှိတယ်လို့ ရှင် ထင်လား"
ချူချယ်က ဘာမှ ပြန်မပြောဘဲ ထိုအကြောင်းအရာကို ချန်းရီထံသို့ လွှဲချလိုက်၏။
"ချန်းရီ... မင်း ဘယ်လိုထင်လဲ... ဖြစ်နိုင်မလား"
ချန်းရီက ကားစတီယာရင်ကို လက်တစ်ဖက်တည်းဖြင့် ထိန်းကိုင်ထားပြီး ပါးစပ်တွင် ဆေးလိပ်တစ်လိပ်ကို ကိုက်ထားကာ နှာခေါင်းပေါ်တွင် နေကာမျက်မှန်ကို တပ်ဆင်ထား၏။
ပျင်းတိပျင်းတွဲ အသံဖြင့် သူက ပြောလိုက်သည်။
"မြို့ပြဆီကို ပြန်သွားဖို့ဆိုတာကတော့ သေချာပေါက် လုပ်ရမယ့်အရာပဲ... ဒါပေမဲ့ အခုတော့ မဖြစ်နိုင်သေးဘူး"
ပန်းရောင်ဆံပင်နှင့် ကောင်မလေး၏ အသံက ချက်ချင်း ထွက်ပေါ်လာ၏။
"ဘာဖြစ်လို့လဲ"
"အခုလောလောဆယ် ငါတို့ သိထားတဲ့ အမြင့်ဆုံး လမ်းစဉ်က ဟိုနေ့က တွေ့ခဲ့ရတဲ့ လမ်းစဉ်(၄) ပဲ... လမ်းစဉ်(၄) ရဲ့ စွမ်းရည်နဲ့ဆိုရင် မလုံလောက်သေးဘူး"
"ငါတို့ရဲ့ စွမ်းအားတွေ တိုးတက်လာသလို ထူးဆန်းသည့် အရာတွေရဲ့ စွမ်းအားတွေကလည်း တိုးတက်လာနေတယ်... ပြီးတော့ လူအင်အားမှာလည်း ငါတို့က အားနည်းနေသေးတာပဲ"
"တစ်ယောက်ယောက်ကများ မြို့တည်ဖို့ တကယ် ရဲရဲဝံ့ဝံ့ လုပ်ရဲတယ် ဆိုရင်... အများကြီး မပြောလိုဘူး... မိုင်တစ်ထောင် ပတ်လည်အတွင်းမှာရှိတဲ့ ထူးဆန်းတဲ့ အရာတွေ အကုန်လုံး အဲဒီကို ရောက်လာကြလိမ့်မယ်"
ရှောင်ယွီ၏ အသံကလည်း ဆွေးနွေးမှုထဲသို့ ဝင်ရောက်လာပြီး ထိုကောင်မလေးက အနည်းငယ် မကျေမနပ် ဖြစ်နေပုံရ၏။
"ထူးဆန်းတဲ့ အရာတွေက ကြောက်စရာကောင်းပေမဲ့ အစွမ်းပိုင်ရှင်တွေကလည်း ညံ့မနေပါဘူး... ကျွန်မတို့... ကျွန်မတို့ တစ်နေ့ကျရင် သေချာပေါက် အောင်မြင်မှာပါ"
ချန်းရီက တဟားဟား ရယ်မောလိုက်သည်။
"ဟုတ်ပါတယ်... တစ်နေ့ကျရင် အောင်မြင်လာမယ်ဆိုတာ ငါလည်း ယုံပါတယ်"
"ခေါင်းဆောင်ချူ... ရှင်ရော ဘယ်လိုမြင်လဲ"
တင်းတုံ၏ အသံကလည်း ထွက်ပေါ်လာ၏။
အကယ်၍ အခြား အကြောင်းအရာသာ ဆိုလျှင် အေးစက်တည်ငြိမ်သော ဤအမျိုးသမီးက မည်သည့် အတွေးအမြင်မျှ ရှိမည်မဟုတ်ပေ။
သို့သော် ဤအကြောင်းအရာကိုမူ သူမက အလွန် စိတ်ဝင်စားနေ၏။
ချူချယ်က ခဏမျှ စဉ်းစားလိုက်ပြီးနောက် ပြောလိုက်သည်။
"ငါလည်း ချန်းရီရဲ့ အမြင်ကို သဘောတူတယ်... လက်ရှိမှာတော့ မဖြစ်နိုင်သေးဘူး... လူအင်အား ဘယ်လောက်ပဲ များများ မြို့ပြကို ပြန်လည် သိမ်းပိုက်နိုင်ဖို့ဆိုတာ အရမ်းကို ခက်ခဲလိမ့်မယ်"
"ဒါနဲ့... ခေါင်းဆောင်ချူ... အဲဒီ ဘိုးဘေး ဆယ့်ရှစ်ယောက် ကို မှတ်မိတယ်မလား... ထူးဆန်းတဲ့ အရာတွေရဲ့ ညစ်ညမ်းတာကို ခံထားရတဲ့ ပူးတွဲရှင်သန်ခြင်း လမ်းစဉ် အစွမ်းပိုင်ရှင်တွေကို သူ့စကားနားထောင်အောင် အဲဒီ ရွာသူကြီးအဘိုးကြီးက ဘယ်လိုနည်းလမ်းတွေ သုံးထားတာလဲ"
ပန်းရောင်ဆံပင်နှင့် ကောင်မလေးက မေးခွန်းတစ်ခု ထုတ်လိုက်၏။
"အဲဒါ စာချုပ်ပဲ"
ဤမေးခွန်းကိုတော့ ချူချယ်က သိထားပြီး ထိုကိစ္စနှင့် ပတ်သက်၍ သူကိုယ်တိုင် ချန်ရုံကုကို သီးသန့် မေးမြန်းထားခဲ့ခြင်း ဖြစ်၏။
ချန်ရုံကုကလည်း သူ့ကို ဖုံးကွယ်ထားခြင်း မရှိဘဲ အကြောင်းအရင်းကို ချူချယ်အား အရှိကိုအရှိအတိုင်း ပြောပြခဲ့သည်။
"ဘာအဓိပ္ပာယ်လဲ"
"ဒါက စာချုပ် လမ်းစဉ် အစွမ်းပိုင်ရှင်တွေရဲ့ စွမ်းရည်တစ်မျိုးပဲ... သူတို့က အလွတ်စာချုပ် တစ်မျိုးကို ထုတ်ပေးနိုင်ပြီး အသုံးပြုမယ့်သူရဲ့ လိုအပ်ချက်ပေါ် မူတည်ပြီး အချက်အလက်တွေကို ဖြည့်စွက်ပြီး စာချုပ်ချုပ်ဆိုနိုင်တယ်"
"စာချုပ်ချုပ်ဆိုပြီးသွားရင် လုံးဝ ဖောက်ဖျက်လို့မရဘူး... ဖောက်ဖျက်ခဲ့ရင်တော့ အပြစ်ပေးခံရလိမ့်မယ်"
"အရင်တုန်းက သူတို့ ယာဉ်တန်းတစ်ခုနဲ့ ကြုံခဲ့ရဖူးတယ်... အဲဒီယာဉ်တန်းထဲမှာ ဒီလို စာချုပ် လမ်းစဉ် အစွမ်းပိုင်ရှင် ပါလာပြီး သူ အများကြီး လဲလှယ်ယူထားတာ"
"ဒီလို စာချုပ်မျိုးက ဈေးပေါမှာ မဟုတ်ဘူးနော်"
"သေချာတာပေါ့... အဲဒါကလည်း နတ်ဆင်ရွာမှာ ဘာလို့ အရာအားလုံး လိုအပ်ချက်တွေ ဖြစ်နေရတာလဲ ဆိုတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုပဲ"
"စာချုပ် လမ်းစဉ် အစွမ်းပိုင်ရှင် ဟုတ်လား... ကြားရတာ တစ်မျိုးကြီးပဲ"
"အရမ်းကို ထူးဆန်းအံ့သြစရာကောင်းတဲ့ လမ်းစဉ်တစ်ခုပဲ... ဒီအဘိုးကြီးရဲ့ အပြောအရ ဒီလမ်းစဉ် အစွမ်းပိုင်ရှင်တွေက လမ်းစဉ်(၁) အဆင့်မှာ ပစ္စည်းတစ်ခုခုကို ရွေးချယ်ပြီး စာချုပ်ချုပ်ဆိုနိုင်တယ်တဲ့... စာချုပ်ချုပ်ဆိုတာ အောင်မြင်သွားတာနဲ့ အဲဒီပစ္စည်းက သဘာဝလွန်ပစ္စည်း အဖြစ်ကို တိုက်ရိုက် ပြောင်းလဲသွားနိုင်တယ်... တကယ့်ကို အံ့သြစရာပဲ"
"ဘာ... စာချုပ်ချုပ်လိုက်ရုံနဲ့ သဘာဝလွန်ပစ္စည်း အဖြစ်ကို ပြောင်းလဲသွားနိုင်တယ် ဟုတ်လား... ဒီလောက်တောင် အစွမ်းထက်တာလား... သက်ရှိရော သက်မဲ့ရော အကုန်ရတာလား"
ချန်းရီသည်လည်း ထိုစကားများကို ကြားပြီး အနည်းငယ် ကြောင်အမ်းသွားခဲ့၏။
စာချုပ်ချုပ်ဆိုလိုက်ရုံဖြင့် သဘာဝလွန်ပစ္စည်းကို ရရှိနိုင်မည်ဆိုပါက ဒါဟာ နတ်ဘုရားတွေလို အစွမ်းထက်နေပြီ မဟုတ်ပါလော။
သူကိုယ်တိုင်ပင်လျှင် သဘာဝလွန်ပစ္စည်း တစ်ခုကို ရရှိရန်မှာ မလွယ်ကူလှပေ။
အဆင့်မြှင့်တင်လိုက်ရုံဖြင့် သဘာဝလွန်ပစ္စည်းကို ရရှိနိုင်သည်ဟု မထင်လိုက်နှင့်။
သတ်ဖြတ်မှတ်များကို ရရှိရန်မှာ အလွန် ခက်ခဲလှ၏။
သတ်ဖြတ်မှတ်များ ရရှိသည့် အကြိမ်တိုင်းတွင် အချိန်မရွေး သေဆုံးသွားနိုင်သော အန္တရာယ်များနှင့် ရင်ဆိုင်ခဲ့ရသည်။
သို့သော် တစ်ဖက်လူကမူ စာချုပ်ချုပ်ဆိုလိုက်ရုံဖြင့် ရရှိနိုင်သည်တဲ့လား။
ထိုသို့ဆိုလျှင် နောင်တစ်ချိန်တွင် သဘာဝလွန်ပစ္စည်းများက ပေါများလာတော့မည်ဟု ဆိုလိုရာ မရောက်ပေဘူးလား။
"ရွာသူကြီးအဘိုးအို အပြောအရတော့ ဟုတ်တယ်... သက်ရှိရော သက်မဲ့ရော ရတယ်... အီလက်ထရောနစ် ပစ္စည်းတွေတောင် ရနိုင်တယ်တဲ့... ဒါပေမဲ့ မင်းတို့တွေးနေသလောက်လည်း လွန်လွန်ကျူးကျူး မဟုတ်ပါဘူး... ကန့်သတ်ချက်တွေလည်း ရှိသေးတယ်... စာချုပ် လမ်းစဉ် အစွမ်းပိုင်ရှင် အများစုက လမ်းစဉ်(၁) အဆင့်မှာ တစ်ကြိမ်ပဲ စာချုပ်ချုပ်ဆိုခွင့် ရှိတာ"
"ပြီးတော့ သူတို့ စတင်ချုပ်ဆိုလို့ ရလာတဲ့ သဘာဝလွန်ပစ္စည်းတွေရဲ့ နံပါတ်စဉ် အဆင့်က သိပ်မမြင့်လှဘူး"
"ဒါကြောင့် မင်းတို့တွေလည်း စိတ်ပူနေစရာ မလိုပါဘူး"
"ဒီကမ္ဘာပေါ်မှာ ဘယ်လမ်းစဉ်ကမှ ပြိုင်ဘက်ကင်းတယ်ဆိုတာ မရှိဘူး... လမ်းစဉ်တိုင်းမှာ ကိုယ်ပိုင် အားသာချက်တွေ ရှိသလို တော်တော်ဆိုးရွားတဲ့ အားနည်းချက်တွေလည်း ရှိကြတာပဲ"
ချူချယ်က ရွာသူကြီးထံမှ ကြားသိခဲ့ရသော သတင်းအချက်အလက်များကို အသင်းသားများအား တစ်စစီ ပြောပြလိုက်သည်။
ချန်းရီက ကားကို လက်တစ်ဖက်တည်းဖြင့် မောင်းနှင်ရင်း ပုံမှန်အရှိန်ဖြင့် ရှေ့သို့ ဆက်လက် သွားနေခဲ့သည်။
မိုးဖွဲဖွဲလေးများက ကားခေါင်မိုးပေါ်သို့ ကျဆင်းလာပြီး အံ့သြဖွယ်ကောင်းသော နောက်ခံအသံလေးများအဖြစ် ဖန်တီးပေးနေ၏။
ခဏတာအတွင်းမှာပင် ရှားပါးလှသော ငြိမ်းချမ်းမှုတစ်ခုကို ရရှိသွားသကဲ့သို့ ဖြစ်နေသည်။
ယာဉ်တန်းက လမ်းမပေါ်တွင် ဖြည်းညင်းစွာဖြင့် ရှေ့သို့ ချီတက်နေ၏။
ချန်းရီ၏ စိတ်ထဲတွင် ကမ္ဘာကြီးရဲ့ အဆုံးသတ်အထိ ဆက်တိုက် မောင်းနှင်သွားနိုင်လိမ့်မည်ဟု ထင်ယောင်ထင်မှား ခံစားချက်မျိုးပင် ဖြစ်ပေါ်လာသည်။
ရုတ်တရက် အရှေ့ဆုံးမှ ကားက အရှိန်စတင် လျှော့ချလိုက်ပြီး နောက်ဆုံးတွင် လုံးဝ ရပ်တန့်သွားခဲ့၏။
ချန်းရီက အရှေ့ဘက် လမ်းမပေါ်တွင် လဲကျနေသော သစ်ပင်ကြီးတစ်ပင်ကို မြင်လိုက်ရသည်။
ဤသစ်ပင်ကြီးမှာ အလွန် ကြီးမားလှပြီး အချင်းမှာ ပေ (၃၀) ကျော်ခန့်ပင် ရှိသည်။
လမ်းမတစ်ခုလုံးကို တိုက်ရိုက် ပိတ်ဆို့ထားပြီး လမ်းပေါ်တွင် ကန့်လန့်ဖြတ် အနေအထားဖြင့် ရှိနေ၏။
ပင်စည်ကြီးက ဘေးနှစ်ဖက်သို့ အဝေးကြီးအထိ ဆန့်တန်းနေပြီး ထူထပ်နေသော သစ်ကိုင်းများကိုသာ မြင်တွေ့နေရသည်။
သစ်ခေါက်များမှာ မိုးရေများကြောင့် စိုရွှဲနေခဲ့ပြီ ဖြစ်သည်။
ပင်စည်နှင့် မြေကြီး ထိတွေ့နေသော နေရာများတွင် လေရှူမြစ်အချို့ ပေါက်ရောက်နေပြီး ပင်စည်နှင့် ရွှံ့စေးများကို ဆက်သွယ်ပေးထား၏။
ချန်းရီ၏ အလိုလိုအသိစိတ်က ချက်ချင်း သတိထားမိသွားသည်။
မွေးရာပါ သံသယများတတ်သော သူက အနည်းငယ် ပုံမှန်မဟုတ်သော ကိစ္စရပ်များကို မြင်လိုက်သည်နှင့် တစ်ပြိုင်နက် ဦးစွာ သံသယဝင်ထားတတ်လေ့ ရှိ၏။
ဂရုမစိုက်ဘဲ ပေါ့ပေါ့ဆဆ နေတတ်သူများမှာ စောစောစီးစီးကပင် သေဆုံးသွားခဲ့ကြပြီ ဖြစ်သည်။
ဤကမ္ဘာပျက်ကပ်ကြီး၏ ရှေ့မှောက်တွင်...
သူတို့အားလုံးသည် အတွေ့အကြုံမရှိသေးသော တပ်သားသစ်လေးများကဲ့သို့ နုနယ်လွန်းလှပေသည်။
စကားပြောစက်ကို ကောက်ကိုင်လိုက်ပြီး တိုက်ရိုက်ပင် မေးလိုက်၏။
"ခေါင်းဆောင်ချူ"
ချူချယ်၏ စကားသံက ချက်ချင်း ပြန်လည် ထွက်ပေါ်လာသည်။
"ငါ ဘာ ထူးဆန်းတဲ့ အရာရဲ့ အငွေ့အသက်ကိုမှ အာရုံမခံမိဘူး"
"ဒါဆို တကယ်ပဲ သစ်ပင်ကြီးသက်သက်လား"
"ဒီလောက်ကြီးမားတဲ့ သစ်ပင်မျိုးကို အရင်က တစ်ခါမှ မမြင်ဖူးဘူး"
လူအချို့က တစ်ခဏမျှ ဆွေးနွေးလိုက်ကြ၏။
နောက်ဆုံးရလဒ်အနေဖြင့် ချန်းရီက မီးခိုးငွေ့ ပုံဖော်ခြင်း အစွမ်းကို အသုံးပြုကာ သွားရောက် စုံစမ်းကြည့်ရန် ဆုံးဖြတ်လိုက်ကြသည်။
မီးခိုးငွေ့တစ်ချက် မှုတ်ထုတ်လိုက်သည်နှင့် လူပုံစံ မီးခိုးငွေ့တစ်ခုက ယိမ်းထိုးကာ ရှေ့သို့ ချဉ်းကပ်သွား၏။
ယာဉ်တန်းတစ်ခုလုံးက အရေးပေါ် အခြေအနေများအတွက် ရင်ဆိုင်ရန် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားကြသည်။
ပန်းရောင်ဆံပင်နှင့် ကောင်မလေးက အချိန်မရွေး တိုက်ခိုက်ရန် အသင့်အနေအထားတွင် ရှိနေ၏။
တင်းတုံက ကားပေါ်မှဆင်းကာ ကားဘေးတွင် ရပ်နေပြီး ကျိုးရှောင်ရှောင်ကို ကားနောက်သို့ နေရာအနည်းငယ် ဆုတ်ခိုင်းထားလိုက်ရာ အချိန်မရွေး နောက်လှည့်ပြေးနိုင်ရန် အဆင်ပြေစေ၏။
ချန်းရီကလည်း ကားဂီယာကို နောက်ဆုတ်ရန် ပြင်ဆင်ထားပြီး ဖြစ်သည်။
ကားအားလုံးမှာ စက်သတ်ထားခြင်း မရှိဘဲ အချိန်မရွေး တုံ့ပြန်နိုင်ရန် အသင့်စောင့်ဆိုင်းနေကြ၏။
မီးခိုးငွေ့ ပုံဖော်ထားသော လူပုံစံက ရှေ့နောက် အကြိမ်ပေါင်းများစွာ လှည့်လည်သွားလာနေသည်။
ချန်းရီက ထိုလူပုံစံကို ပင်စည်ကြီးအား ခေါက်ကြည့်ရန်ပင် ခိုင်းစေခဲ့သော်လည်း ရလဒ်မှာ မည်သည့်အရာမျှ ဖြစ်မလာခဲ့ချေ။
"ကျွန်မ စမ်းကြည့်မယ်"
စကားပြောစက်ထဲမှ ပန်းရောင်ဆံပင်နှင့် ကောင်မလေး၏ အသံ ထွက်ပေါ်လာ၏။
မောင်းသူမမြင်ရသော လမ်းကြမ်းမောင်းကားထဲမှ ဓားပျံတစ်လက်က တိုက်ရိုက် ထွက်ပေါ်လာပြီး ထက်မြက်လှသော ဓားအလင်းတန်းများဖြင့် သစ်ပင်ကြီး၏ အရှေ့တွင် ရပ်တန့်သွားသည်ကို မြင်တွေ့လိုက်ရသည်။
ချန်းရီ တုံ့ပြန်မှု ပြုလုပ်ရန်ပင် အချိန်မစောင့်ဆိုင်းလိုက်ချေ။
ဓားပျံက ချက်ချင်းပင် မရေမတွက်နိုင်သော ဓားအလင်းတန်းများအဖြစ် ပြောင်းလဲသွားပြီး ကြီးမားသော ပင်စည်ကြီးဆီသို့ ပေါက်ကွဲထွက်မတတ် ပစ်လွှတ်လိုက်၏။
မရေမတွက်နိုင်သော သစ်သားစများက မျက်တောင်တစ်ခတ်အတွင်းမှာပင် ပေါက်ကွဲလွင့်စဉ်သွားသည်။
သို့သော် ထိုအချိန်မှာပင်...
ထိုသစ်ပင်ကြီးမှ ရုတ်တရက် အလွန်တရာ စူးရှသနားဖွယ်ကောင်းသော အော်ဟစ်သံကြီး ပေါက်ကွဲထွက်ပေါ်လာသည်။
သွေးများစွာလည်း ပန်းထွက်လာခဲ့သည်။
လူအများမှာ တစ်ပြိုင်နက်တည်း ထိတ်လန့်သွားကြ၏။
ချန်းရီက ချက်ချင်းပင် မီးခိုးငွေ့တစ်ချက် မှုတ်ထုတ်လိုက်ပြီး ကြီးမားလှသော အကာအကွယ် မျက်နှာပြင်တစ်ခုအဖြစ် ပုံဖော်ကာ သစ်သားစများနှင့် သွေးများအားလုံးကို တားဆီးကာကွယ်လိုက်သည်။
ထိုအချိန်မှာပင် မရဏနတ်သမီးက မီးခိုးငွေ့များထဲမှ ရုန်းထွက်လာခဲ့၏။
အမုန်းတရား ကိုလည်း လက်ထဲတွင် ဆုပ်ကိုင်ထားလိုက်သည်။
လီဗာကို နင်းချလိုက်ရာ ကမ္ဘာပျက်ကပ် ပစ်ကပ်ကား၏ တာယာများက မြေပြင်ပေါ်တွင် ပွတ်တိုက်မိပြီး မီးခိုးငွေ့ အမြောက်အမြား ထွက်ပေါ်လာကာ ကားတစ်စီးလုံးက ရူးသွပ်စွာဖြင့် နောက်သို့ ဆုတ်သွားလေသည်။
ပေတစ်ရာကျော်ခန့် အကွာအဝေးသို့ တိုက်ရိုက် ဆုတ်ခွာသွားခဲ့၏။
ချန်းရီနည်းတူ တုံ့ပြန်မှု မြန်ဆန်သူမှာ ခေါင်းဆောင်ချူပင် ဖြစ်သည်။
ကားနှစ်စီးလုံး၏ တုံ့ပြန်မှုက ကြောက်ခမန်းလိမ့်မခန်း မြန်ဆန်လှပြီး ရှေ့ဆင့်နောက်ဆင့် မရှိဘဲ တစ်ပြိုင်နက်တည်းနီးပါး တုံ့ပြန်မှု ပြုလုပ်ခဲ့ကြခြင်း ဖြစ်၏။
အခြား ကားအချို့မှာမူ မူလနေရာတွင်သာ ရပ်တန့်နေဆဲ ဖြစ်သည်။
ထယ်ရှီး တစ်ယောက်သာ အစမှအဆုံးတိုင်အောင် နိုးလာခဲ့ခြင်း မရှိချေ။
ဤကောင်က အဖွဲ့သားများအပေါ် လွန်စွာ စိတ်ချယုံကြည်နေသည်မှာ သိသာလှ၏။
စူးရှသနားဖွယ် အော်ဟစ်သံကြီးက ဆယ်စက္ကန့်ခန့် ကြာမြင့်သွားခဲ့သည်။
ထိုအချိန်ရောက်မှသာ တဖြည်းဖြည်း ငြိမ်သက်သွားတော့၏။
ပန်းရောင်ဆံပင်နှင့် ကောင်မလေးက အဝေးကြီးသို့ ဆုတ်ခွာသွားသော ကားနှစ်စီးကို ကြည့်ကာ မျက်နှာမည်းမှောင်သွားခဲ့သည်။
"ဒါက... ဒီနှစ်ယောက်က သေရမှာ ဒီလောက်တောင် ကြောက်နေကြတာလား"
တင်းတုံကလည်း စကားမပြောနိုင်လောက်အောင် ဖြစ်သွားသော မျက်နှာပေးမျိုး ဖြစ်နေ၏။
ရှောင်ယွီက ကားပြတင်းပေါက်မှ ခေါင်းပြူထွက်လာပြီး ရွံရှာသော မျက်နှာပေးဖြင့် အထင်သေးစွာ ကြည့်နေတော့သည်။
ဆက်ရန်...