အခန်း ၈၃
Vol. 5 Ch. 83
အပိုင်း(၈၃) မျက်နှာဖြူဖြူနဲ့ကောင်က အကောက်ကျစ်ဆုံးပဲ
"ပြောရဲတယ်"
လူသုံးယောက်က တစ်ပြိုင်နက်တည်း ပြိုင်တူပြောလိုက်ကြ၏။
ထို့နောက် ချန်းရီကို အထင်သေးလှောင်ပြောင်သည့် အကြည့်များဖြင့် ကြည့်လိုက်ကြသည်။
ချန်းရီ၏ ရင်ထဲတွင် ဆဲရေးတိုင်းထွာချင်သော စကားလုံးများ တစ်ဆို့နေသော်လည်း ယခုအချိန်၌ ပြောသင့်မပြောသင့်ကို မဝေခွဲတတ်အောင် ဖြစ်နေသည်။
ကမ္ဘာပျက်ကပ်ကြီး ရောက်နေပြီကို... ဒီကောင်တွေက ဘာလို့ ယဉ်ကျေးပျူငှာပြီး အလျှော့ပေးနေကြသေးတာလဲ။
ချန်းရီကတော့ ဤကဲ့သို့သော အချိန်မျိုးတွင် လူလည်ကျပြီး အချောင်နှိုက်ခြင်းကသာ ပုံမှန်ဖြစ်သည်ဟု မြင်သည်။
အချောင်နှိုက်၍ ရ၊ မရ ဆိုသည်ကသာ တိုင်ပင်ဆွေးနွေးရမည့် ပြဿနာ ဖြစ်၏။
အနည်းဆုံးတော့ ဒီလိုစိတ်ကူးမျိုးလေး ရှိထားသင့်သည် မဟုတ်ပါလော။
"ကဲပါ... ရှောင်ရီ... မင်းပြောတာလည်း မမှားပါဘူး... သူတစ်ပါးကို ဒုက္ခပေးချင်တဲ့စိတ် မရှိသင့်ပေမယ့်... ကိုယ့်ကို ဒုက္ခပေးလာမှာကိုတော့ ကြိုတင်ကာကွယ်ထားရမယ်"
"ငါ မိုအဘိုးအိုနဲ့ ကြိုပြီး စကားပြောထားပြီးပြီ... မနက်ဖြန် မနက်ကျရင် အရောင်းအဝယ် စလုပ်ကြမယ်"
"အားလုံးပဲ ကိုယ့်လက်ထဲမှာ လဲချင်တဲ့ ပစ္စည်းတစ်ခုခု ရှိရင်... မနက်ဖြန်မနက်ကျ သတိလေး ဘာလေး ထားပြီး လဲကြ"
"မိုအဘိုးအိုရဲ့ ယာဉ်တန်းက သာမန်တော့ မဟုတ်ဘူး... သူတို့ဆီမှာ ပစ္စည်းကောင်းတွေ အများကြီး ရှိနိုင်တယ်... သဘာဝလွန်ပစ္စည်းတွေတောင် ပါချင်ပါလိမ့်မယ်"
ခေါင်းဆောင်ချူက အခြေအနေကို ခြုံငုံသုံးသပ်ပြလိုက်သည်။
စွန်းချန်းချန်းက ဖြူဖွေးနေသော ခြေတံသွယ်သွယ်လေးများကို ချိတ်ထိုင်ထားရင်း တွေးတောနေသော မျက်လုံးများဖြင့် ပြောလိုက်သည်။
"ကျွန်မတို့က သူများကို အချောင်နှိုက်ဖို့ အစီအစဉ် မရှိပေမယ့်... တခြားသူတွေက ကျွန်မတို့ကို လာပြီး အချောင်နှိုက်မှာကိုတော့ ကာကွယ်ရမယ်"
"ပြီးတော့... ဒီမိုအဘိုးအိုကို ကြည့်ရတာလည်း ကောက်ကျစ်စဉ်းလဲမယ့်ပုံပဲ... ကျွန်မတို့ဘက်က ပိုပြီး သတိထားဖို့ လိုတယ်"
ချန်းရီက ခေါင်းညိတ်လိုက်သည်။ နောက်ဆုံးတော့ သူ့ကို ထောက်ခံမည့်သူ တစ်ယောက် ပေါ်လာချေပြီ။ မိမိနှင့် ငြိစွန်းဖူးသော မိန်းမပီသပေသည်။
ထယ်ရှီးက မျက်နှာကြီး မည်းမှောင်နေလျက် ဝင်ပြောလိုက်သည်။
"သူတို့ ယာဉ်တန်းထဲက ကလေးလေးက မြင်ရတာ တစ်မျိုးကြီးပဲ... စိတ်ထဲမှာ လုံးဝ မသက်မသာ ဖြစ်ရတယ်"
"မင်းတို့ သတိထားမိကြလား မသိဘူး... ခုနက ထမင်းစားနေတဲ့ အချိန်တုန်းက... အဲဒီကလေးက ထမင်းတစ်လုတ်တောင် မစားဘူး"
"ဝတ်ရုံရှည်ကြီးခြုံထားတဲ့ ချာတိတ်ကို ပြောတာ"
ချန်းရီက စိတ်ဝင်စားသွားပြီး မေးလိုက်သည်။
"ဘယ်လို... အဲဒီကလေးက ထမင်းမစားဘူး ဟုတ်လား"
ကမ္ဘာပျက်ကပ်ကြီးထဲမှာ ထမင်းမစားချင်တဲ့သူ ရှိသေးတယ်ပေါ့။
ဒါက လုံးဝ ပုံမှန်မဟုတ်ပေ။
လုံးဝကို ပုံမှန် မဟုတ်တာပဲ။
ထယ်ရှီးက မျက်မှောင်ကြုတ်ကာ တွေးတောရင်း ဆက်ပြောသည်။
"ငါလည်း သေချာတော့ မသိဘူး... ဒါပေမဲ့ ထမင်းစားနေတုန်း အဲဒီကလေးက အပြင်ကို ခဏ ထွက်သွားတယ်... ငါလည်း စပ်စုချင်တာနဲ့ နောက်ကနေ လိုက်သွားခဲ့တယ်"
"ငါ ဘာတွေ့ခဲ့တယ်လို့ ထင်လဲ"
လူသုံးယောက်လုံးက ထယ်ရှီးကို ပြိုင်တူ စိုက်ကြည့်နေကြသော်လည်း မည်သူမျှ စကားမဖြတ်ကြပေ။
ထယ်ရှီးက သူ့ခေါင်းကို ပွတ်ရင်း ကြောက်လန့်နေသေးသည့်ဟန်ဖြင့် ပြောပြသည်။
"အဲဒီကလေးက အပြင်ထွက်သွားပြီး သူတို့ယာဉ်တန်းထဲက လူတစ်ယောက်ဆီကို သွားတယ်... ပြီးတော့ အဲဒီလူရဲ့ လက်ချောင်းတွေကို တစ်ချောင်းချင်းစီ ရိုက်ချိုးပစ်တယ်ကွာ... အဲဒီလူရဲ့ စူးစူးဝါးဝါး အော်ဟစ်သံတွေကို ဒီတိုင်းကြီး ရပ်နားထောင်နေတာ"
"အဲဒီလူရဲ့ ပါးစပ်ကိုသာ ပိတ်မထားဘူးဆိုရင်... မင်းတို့လည်း အဲဒီအချိန်က ကြားရလောက်တယ်"
"ကလေးရဲ့ မျက်နှာအမူအရာက... အရမ်းကို ထူးဆန်းတယ်"
"ဘယ်လိုပြောရမလဲ... ဟိုလေ... ဘယ်လိုနဲ့ တူလဲဆိုတော့... ထားပါတော့ကွာ... ငါလည်း သေချာ မပြောတတ်တော့ဘူး"
ထယ်ရှီး၏ မျက်နှာမှာ အလွန် ကြည့်ရဆိုးနေ၏။ ခုနက သူ ခိုးကြည့်ခဲ့ရသည့် မြင်ကွင်းကို ပြန်လည် မြင်ယောင်လာချိန်တွင် သိသိသာသာကို နေရခက်နေပုံရသည်။
ထယ်ရှီး စကားပြောအပြီးတွင် ခေါင်းဆောင်ချူ၏ မျက်နှာပေါ်၌လည်း ဝေခွဲမရဖြစ်မှုများ ပေါ်လာသည်။
တစ်ခုခုကို စဉ်းစားတွေးတောနေပုံရ၏။
ရုတ်တရက် သူ၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး တုံ့ဆိုင်းဆိုင်းဖြင့် ပြောလိုက်သည်။
"အဲဒီကလေးက ဘာလမ်းစဉ်လဲဆိုတာ ငါ အကြမ်းဖျင်း သိလောက်ပြီ"
"အဲဒါ မကောင်းဆိုးဝါး လမ်းစဉ် ဖြစ်ရမယ်"
"မကောင်းဆိုးဝါး လမ်းစဉ်"
ပန်းရောင်ဆံပင်နှင့် ကောင်မလေးက အံ့သြတကြီး မေးလိုက်သည်။
"ဟုတ်တယ်... မကောင်းဆိုးဝါး လမ်းစဉ်ပဲ... ကမ္ဘာပျက်ကပ်နဲ့ အသင့်တော်ဆုံး သဘာဝလွန် အစွမ်းလို့ ကောလာဟလ ထွက်နေတဲ့ လမ်းစဉ်လေ"
"ဒီလမ်းစဉ်က အစွမ်းပိုင်ရှင်တွေက သာမန် အစားအစာတွေကို စားလို့မရဘူး... လူတွေ စားတဲ့ အစားအစာတွေကို စားလိုက်တာနဲ့ ပြင်းထန်တဲ့ ဆန့်ကျင်ဘက် တုံ့ပြန်မှုတွေ ဖြစ်လာတတ်တယ်... လူသားတွေရဲ့ အရသာရှိတဲ့ အစားအစာတွေဟာ ဒီလမ်းစဉ်အတွက်တော့ အဆိပ်လိုပဲ"
"မကောင်းဆိုးဝါး လမ်းစဉ်က လူတွေရဲ့ မကောင်းတဲ့ စိတ်ခံစားချက်တွေကို အစာအဖြစ် စားသုံးကြတာ"
"ထယ်ရှီး တွေ့ခဲ့တာက... အဲဒီကလေး အစာစားနေတဲ့ အချိန် ဖြစ်လောက်တယ်"
အခန်းထဲရှိ လူအားလုံးက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ခဏမျှ ဘာပြောရမှန်း မသိအောင် ဖြစ်သွားကြသည်။
ဒီလောက် ထူးဆန်းကျောချမ်းဖွယ်ကောင်းတဲ့ လမ်းစဉ်မျိုး ရှိနေသေးသည်ပေါ့။
"ဒါတင်မကသေးဘူး... မကောင်းတဲ့ စိတ်ခံစားချက်တွေက မကောင်းဆိုးဝါး လမ်းစဉ်ရဲ့ စွမ်းအားကို မြှင့်တင်ပေးတဲ့ လောင်စာတွေပဲ... မကောင်းတဲ့ စိတ်ခံစားချက်တွေ ပိုများလေလေ... မကောင်းဆိုးဝါး လမ်းစဉ်ရဲ့ စွမ်းအား တိုးတက်နှုန်းက ပိုမြန်လေလေပဲ"
ဤစကားကို ကြားလိုက်ရချိန်တွင် အားလုံး တိတ်ဆိတ်သွားကြသည်။
ယခုအချိန်သည် ကမ္ဘာပျက်ကပ်ကြီး ဖြစ်နေပြီး မကောင်းသည့် စိတ်ခံစားချက်များကို နေရာတိုင်းလိုလိုတွင် တွေ့နိုင်သည် မဟုတ်ပါလော။
ခေါင်းဆောင်ချူက မကောင်းဆိုးဝါး လမ်းစဉ်ကို ကမ္ဘာပျက်ကပ်နှင့် အသင့်တော်ဆုံး လမ်းစဉ်ဟု ပြောခဲ့သည်မှာ အံ့သြစရာ မဟုတ်တော့ပေ။
စားစရာအတွက် ပူပန်စရာ မလိုသည့်အပြင် စွမ်းအားများကိုလည်း အလွန်လျင်မြန်စွာ မြှင့်တင်နိုင်သေးသည်။
ဒါက လုံးဝကို ခေတ်သစ်ရဲ့ မျက်နှာသာပေးခံရသူ အစစ်ပဲ။
ချန်းရီကိုယ်တိုင်ပင် အနည်းငယ် ခေါင်းခဲသွားသလို ခံစားလိုက်ရသည်။ သူ၏ ခန္ဓာကိုယ်တွင်သာ စနစ်ကြီး ရှိမနေခဲ့ပါက ဤကဲ့သို့သော လမ်းစဉ် အစွမ်းပိုင်ရှင်နှင့် ကြုံတွေ့ရချိန်တွင် လှည့်ပြေးရုံသာ ရှိပေလိမ့်မည်။
မနက်ဖြန် နေ့လယ်ရောက်မှသာ သဘာဝလွန် စွမ်းအားများကို တိုးမြှင့်နိုင်မည့် နည်းလမ်းကို ရရှိနိုင်မည် ဖြစ်သည်။
ဤကာလတလျှောက်လုံးတွင် အဆင့်မြှင့်တင်ရမည့် အရာများ အလွန်များပြားနေခဲ့သည်။ ယာဉ်များပဲဖြစ်ဖြစ်၊ သဘာဝလွန်ပစ္စည်းများပဲဖြစ်ဖြစ် သို့မဟုတ် သူ၏ ကိုယ်ပိုင် စွမ်းအားပဲဖြစ်ဖြစ် အဆင့်မြှင့်တင်ရန် လိုအပ်နေသည်။
သို့သော် သတ်ဖြတ်မှတ်များကတော့ အမြဲတမ်း မလောက်မငှ ဖြစ်နေရစမြဲပင်။
ထို့အပြင် သူ လမ်းစဉ် နိုးကြားလာခဲ့သည့် အချိန်ကလည်း အလွန် တိုတောင်းလွန်းလှသည်။
သူ့ကိုသာ အချိန်အနည်းငယ် ပေးမည်ဆိုပါက ဤကဲ့သို့သော ခေတ်သစ်၏ မျက်နှာသာပေးခံရသူများကို အပြတ်အသတ် ရိုက်နှက်နိုင်ရန်မှာ ပြဿနာ မဟုတ်ပေ။
သို့သော် ဒါက အကယ်၍ သာ ဖြစ်သည်။
ကိစ္စရပ်များသည် မိမိ၏ ဆန္ဒအတိုင်း ပြောင်းလဲသွားမည် မဟုတ်ပေ။
အစပိုင်းတွင်တော့ ဟန်လောင်မိုလိုမျိုး အလျှော့ပေးပြီး သည်းခံနေရုံသာ ရှိသည်။
"ပြီးတော့... အဲဒီကလေးက လမ်းစဉ် အဆင့် (၂) တောင် ဖြစ်နိုင်သေးတယ်"
ခေါင်းဆောင်ချူက ထိုသို့ ပြောလိုက်သည်။
"ဘယ်လိုလုပ် သိတာလဲ"
ချန်းရီမှာ အနည်းငယ် စိတ်ဝင်စားသွားသည်။
"သူ့ကိုယ်ပေါ်က ဝတ်ရုံရှည်ကြီးကို မင်းတို့ မြင်တယ်မလား... အဲဒါ သူ့ရဲ့ မကောင်းဆိုးဝါး အတောင်ပံတွေပဲ"
"မကောင်းဆိုးဝါး လမ်းစဉ်တိုင်းက လမ်းစဉ် အဆင့် (၂) ကို ရောက်တဲ့အခါ... အတောင်ပံတစ်စုံ ပေါက်လာတတ်တယ်... ပုံမှန်အချိန်ဆိုရင် အတောင်ပံတွေက ဝတ်ရုံရှည်အဖြစ် ပြောင်းလဲပြီး တစ်ကိုယ်လုံးကို ဖုံးကွယ်ထားတတ်ကြတယ်... တိုက်ခိုက်တဲ့ အချိန်ကျမှသာ အတောင်ပံအဖြစ် ပြန်ပြောင်းသွားတာ"
ခေါင်းဆောင်ချူ၏ စကားကြောင့် အားလုံး အတွေးထဲသို့ နစ်မျောသွားကြသည်။
ချန်းရီကတော့ စူးစမ်းချင်စိတ်ဖြင့် ခေါင်းဆောင်ချူကို နောက်တစ်ကြိမ် လှမ်းကြည့်လိုက်မိသည်။
ခေါင်းဆောင်ချူက မကောင်းဆိုးဝါး လမ်းစဉ်အကြောင်းကို တော်တော်လေး နားလည်ထားသည်မှာ သိသာလှ၏။
"ဒါ တော်တော်လေး စိတ်ဝင်စားစရာ ကောင်းတာပဲ... ကျွန်မလည်း လမ်းစဉ် အဆင့် (၂) အချင်းချင်း... ဘယ်သူက ပိုစွမ်းမလဲဆိုတာ စမ်းကြည့်ချင်လာပြီ"
ပန်းရောင်ဆံပင်နှင့် ကောင်မလေးက ချိတ်ထားသော ခြေထောက်များကို ဖြုတ်ချလိုက်ပြီး နှုတ်ခမ်းကို သပ်လိုက်သည်။
မှော်သစ်သီးကို မျိုချထားသော ပန်းရောင်ဆံပင် ကောင်မလေးသည် သူတို့အဖွဲ့ထဲတွင် ပါရမီအကောင်းဆုံး ဖြစ်ပြီး တရားမျှတရေး ယာဉ်တန်း၏ နံပါတ်တစ် အစွမ်းထက်ဆုံးသူလည်း ဖြစ်သည်။
သူမသည် မိမိနှင့် အဆင့်တူသော အစွမ်းပိုင်ရှင်များနှင့် တစ်ခါမှ မတိုက်ခိုက်ဖူးသေးပေ။
ယခုအခါ လမ်းစဉ် အဆင့် (၂) ချင်းတူညီသော သူတစ်ယောက်နှင့် ကြုံတွေ့ရချိန်တွင် ပန်းရောင်ဆံပင် ကောင်မလေးမှာ အနည်းငယ် စမ်းသပ်ကြည့်ချင်စိတ်များ ပေါက်လာတော့သည်။
ထို့အပြင် ပန်းရောင်ဆံပင် ကောင်မလေးသည် မကြာသေးမီကမှ အလွန် ကြိုးစားလေ့ကျင့်ထားခဲ့သဖြင့် သူမ၏ စွမ်းအားများ မည်မျှအထိ တိုးတက်လာခဲ့သည်ကို အလွန်အမင်း စမ်းသပ်ကြည့်ချင်နေသည်။
သူမ ကြိုးစားခဲ့သည်မှာ ရက်အနည်းငယ်သာ ရှိသေးပေမယ့်လည်းပေါ့။
"ငါတို့ နည်းနည်းတော့ သတိထားမှ ရမယ်... ပြဿနာ မဖြစ်နိုင်ရင် တတ်နိုင်သမျှ ပြဿနာ မဖြစ်အောင် နေကြတာပေါ့"
ခေါင်းဆောင်ချူသည် မိုအဘိုးအိုတို့ လူစုနှင့် မည်သည့် ပြဿနာမျှ မဖြစ်ချင်သည်မှာ သိသာလှသည်။
ထယ်ရှီးမှာ တိုက်ခိုက်နိုင်စွမ်း ဆုံးရှုံးနေပြီး တိုက်ခိုက်နိုင်သူဆို၍ ချန်းရီနှင့် စွန်းချန်းချန်း တို့သာ ကျန်တော့သည်။
ဤအချိန်သည် တရားမျှတရေး ယာဉ်တန်းအတွက် သံသယဖြစ်စရာမလိုအောင် အားအနည်းဆုံး အချိန်ပင် ဖြစ်သည်။
ဒါကလည်း ခေါင်းဆောင်ချူ ပြဿနာ မဖြစ်ချင်ရသည့် အကြောင်းရင်းများထဲမှ တစ်ခု ဖြစ်၏။
"တကယ်လို့များ တိုက်ရမယ်ဆိုရင်တောင်... ငါတို့မှာ အခွင့်အရေး မရှိတာတော့ မဟုတ်ဘူး"
ချန်းရီက မေးစေ့ကို ပွတ်သပ်ရင်း မျက်လုံးများ အရောင်လက်လာသည်။
"မင်းက ဘာသဘော ပြောတာလဲ"
ခေါင်းဆောင်ချူက ချန်းရီကို လှည့်ကြည့်လိုက်သည်။
ချန်းရီက ကြောက်မက်ဖွယ်ကောင်းအောင် ပြုံးလိုက်ပြီး အနည်းငယ် ကောက်ကျစ်သည့်ဟန်ဖြင့် ပြောလိုက်သည်။
"ခင်ဗျားတို့ သတိမထားမိကြဘူးလား... ဒီကုလားအုတ် ယာဉ်တန်းကလည်း ထင်ထားသလောက် အေးချမ်းနေတာ မဟုတ်ဘူး... ရုပ်ရည် သာမန်ပဲရှိတဲ့ အဲဒီမိန်းမက... တခြားလူတွေနဲ့ အဆင်မပြေတဲ့ပုံပဲ"
ချန်းရီ၏ သတိပေးမှုကြောင့် သူတို့အားလုံး ညနေ ထမင်းစားချိန်တုန်းက ထက်မြက်သည့် အငွေ့အသက်များရှိသော ထိုမိန်းမ ရုတ်တရက် ထရပ်ကာ ထွက်သွားခဲ့သည့် ပုံစံကို ပြန်သတိရသွားကြသည်။
"ကျွန်တော့် အမြင်ကို ပြောရရင်... အခုပဲ အဲဒီမိန်းမဆီ သွားပြီး စကားသွားပြောကြည့်ရင် မကောင်းဘူးလား... တစ်ခုခု အဆင်ပြေနိုင်လောက်တယ်"
"တော်တော့... ရှောင်ရီ... မင်း အချောင်နှိုက်ဖို့တော့ မစဉ်းစားနဲ့တော့... ပြဿနာ မရှာဘဲ ချောချောမွေ့မွေ့ အရောင်းအဝယ် လုပ်နိုင်ရင် အကောင်းဆုံးပဲ"
ခေါင်းဆောင်ချူက ချန်းရီ၏ စကားကို အလျင်အမြန် ဖြတ်ပြောလိုက်သည်။
ချန်းရီက နှုတ်ခမ်းကို တွန့်လိုက်သော်လည်း စိတ်ထဲတွင်တော့ မကျေမနပ် ဖြစ်နေ၏။
ခေါင်းဆောင်ချူရာ... အခုက ကမ္ဘာပျက်ကပ်ကြီးလေ... ခင်ဗျားက မတိုက်ခိုက်ချင်ပေမယ့်... တစ်ဖက်လူကရော မတိုက်ခိုက်ချင်ဘူးလို့ ထင်နေတာလား။
ခေါင်းဆောင်ရာ... ခင်ဗျားက တော်တော်လေးကို စိတ်ကောင်းရှိနေတာပဲ။
"ဟူး... ဒီလိုလုပ်ကြတာပေါ့... တစ်ဖက်လူတွေ ဘယ်လို စဉ်းစားနေလဲဆိုတာကို အရင် နားထောင်ကြည့်ကြမယ်"
ခေါင်းဆောင်ချူက ရေဒီယိုကို ထုတ်ယူလိုက်သည်။
ဤရေဒီယိုကို နောက်တစ်ကြိမ် မြင်လိုက်ရချိန်တွင် ချန်းရီမှာ မနေနိုင်ဘဲ အနည်းငယ် မျက်စိကျသွားမိသည်။
ယခင်က နံပါတ်စဉ် ၀၁၂၅၇ က ဘာကို ကိုယ်စားပြုသလဲ ဆိုသည်ကို သူ မသိခဲ့ပေ။
သို့သော် ယခုအခါတွင်တော့ ဤနံပါတ်စဉ်၏ အဓိပ္ပာယ်ကို ချန်းရီ အလွန် ရှင်းလင်းစွာ သိနေပြီ ဖြစ်သည်။
စွန်းချန်းချန်းသည် ဤရေဒီယိုကို မြင်လိုက်ရချိန်တွင် ဘာကို သတိရသွားသည် မသိ၊ မျက်နှာလေးမှာ သဘာဝမကျစွာဖြင့် အနည်းငယ် နီရဲသွားလေသည်။
ကံကောင်းစွာဖြင့် မည်သူကမျှ သူမကို သတိမထားမိကြသဖြင့် ကောင်မလေးမှာ အနည်းငယ် စိတ်အေးသွားရသည်။
ခေါင်းဆောင်ချူက ရေဒီယိုပေါ်တွင် ဟိုနှိပ်ဒီနှိပ် အနည်းငယ် လုပ်လိုက်သည်။
"ရှဲ... ရှဲ..."
"ခေါင်းဆောင်... ကျွန်တော့်အမြင်ကို ပြောရရင်... ဒီယာဉ်တန်းထဲမှာ အဲဒီ မျက်နှာဖြူဖြူနဲ့ကောင်က အကောက်ကျစ်ဆုံးပဲ... ကျွန်တော်တို့ အဲဒီကောင်ကို ပိုပြီး သတိထားဖို့ လိုတယ်"
အစပိုင်းမှာပင် ဤစကားတစ်ခွန်း ထွက်ပေါ်လာသည်။
ကျန်သုံးယောက်လုံးက ချန်းရီကို ပြိုင်တူ လှမ်းကြည့်လိုက်ကြသည်။
မျက်နှာဖြူဖြူနဲ့ကောင် ဟုတ်လား။
ထယ်ရှီးက အရပ်ရှည်ရှည် လူကောင်ထွားထွားကြီး ဖြစ်ပြီး ပန်းရောင်ဆံပင်နှင့် ကောင်မလေးက မိန်းကလေး ဖြစ်သည်။
သဘာဝအရ သူတို့နှစ်ယောက်ကို ပြောနေခြင်း မဖြစ်နိုင်သည်မှာ သေချာလှသည်။
"မင်းတို့နှစ်ယောက် ငါကို ဘာလို့ လာကြည့်နေတာလဲ... ခေါင်းဆောင်ချူနဲ့ ငါက အသက်အရွယ်ချင်းလည်း သိပ်မကွာဘူး... သူက ငါထက်တောင် ပိုဖြူသေးတယ်... မျက်နှာဖြူဖြူနဲ့ကောင်ဆိုတာ သေချာပေါက် သူ့ကို ပြောတာပဲ ဖြစ်ရမယ်"
"ပြီးတော့... ငါက တစ်ညလုံး စကားတစ်ခွန်းမှ မပြောဘဲ အရမ်းကို ရိုးရိုးသားသား နေခဲ့တာ... ဘယ်လိုလုပ် ငါကို ပြောတာ ဖြစ်နိုင်မှာလဲ"
ချန်းရီက အကျိုးအကြောင်းပြကာ ငြင်းဆန်လိုက်သည်။
သူ့စိတ်ထဲတွင်တော့ မကျေမနပ်ဖြင့် ကျိန်ဆဲနေမိသည်။ ဒီခွေးကောင်တွေ... တကယ်ပဲ ငါ့ကို ပြောနေတာများလား။
သူတို့လည်း ချန်းရီပြောသည်ကို အဓိပ္ပာယ်ရှိသည်ဟု ယူဆကာ ခေါင်းဆောင်ချူကို ပြန်လှမ်းကြည့်လိုက်ကြသည်။
ခေါင်းဆောင်ချူ၏ မျက်နှာမှာ အိုးမည်းသုတ်ထားသကဲ့သို့ မည်းမှောင်သွားပြီး အနည်းငယ် ပြန်လည် ရှင်းပြရန် ပြင်လိုက်ချိန်မှာပင် ရေဒီယိုထဲမှ နောက်ထပ် အသံတစ်သံ ထွက်ပေါ်လာပြန်သည်။
"အင်း... ဟုတ်တယ်... အဲဒီကောင်က တစ်ညလုံး ဘာစကားမှ သိပ်မပြောဘူး... ရိုးရိုးအေးအေးလေးလို့ ထင်ရပေမယ့်... သူ့ရဲ့ သူခိုးမျက်လုံးတွေက နေရာအနှံ့ လိုက်ကြည့်နေတာ... ငါတို့ရဲ့ ရိက္ခာတွေကိုတောင် ခဏခဏ လှမ်းကြည့်နေသေးတယ်"
"သူတို့အဖွဲ့ ငါတို့ကို အချောင်နှိုက်မှာကို သတိထားရမယ်"
ချန်းရီ "ခွေးမသားတွေ"
ဆက်ရန်...