အခန်း ၂၅၀
Vol. 13 Ch. 250
အပိုင်း (၂၅၀) လစွမ်းအင်ဝါးမြိုကျင့်စဉ်
ဒီတစ်ကြိမ် ရိက္ခာပြတ်လပ်မှုက အရင်တုန်းက ရိက္ခာပြတ်လပ်မှုတွေနဲ့ အလွန်ပင် ကွာခြားသွားခဲ့ပြီ ဖြစ်သည်။
အရင်တုန်းက ရိက္ခာပြတ်သွားပြီဆိုလျှင် တကယ်ကို တစ်စက်လေးမှ ကျန်မနေတော့ခြင်း ဖြစ်သည်။
ရိက္ခာရှာဖွေရန် နေရာသစ်များ ရှာဖွေခြင်းမှလွဲ၍ အခြား အားကိုးစရာဟူ၍ မရှိတော့ပေ။
ယခုမူ ပါမောက္ခလျှိုထံမှ ရရှိခဲ့သော မျိုးစေ့အသစ်များကြောင့် အချိန်အတိုင်းအတာ တစ်ခုတိုင်းတွင် အာလူးနှင့် ဆလတ်ရွက်အချို့ကို ရိတ်သိမ်းနိုင်နေပြီ ဖြစ်သည်။
လူတိုင်းကို ခွဲဝေပေးလိုက်လျှင် အလွန်နည်းပါးသော ပမာဏမျှသာ ရရှိမည် ဖြစ်သော်ငြားလည်း။
အနည်းဆုံးတော့ ချက်ချင်း အာဟာရပြတ်ပြီး သေဆုံးသွားမည် မဟုတ်ပေ။
၎င်းမှာ ဤနတ်ဆင်ရွာ ခရီးစဉ်မှ ရရှိခဲ့သော အကြီးမားဆုံးသော အကျိုးအမြတ်ပင် ဖြစ်သည်။
သေချာသည်မှာ ချက်ချင်း ငတ်မသေခြင်းမျှသာ ဖြစ်၏။
ဤမျှလောက်သော ထွက်ကုန်လေးကိုသာ အားကိုးနေမည်ဆိုလျှင်လည်း လက်တွေ့မကျပေ။
အဘယ်ကြောင့်ဆိုသော် ထွက်ရှိမှုက အလွန်နည်းပါးလွန်းပြီး လူဦးရေက များပြားနေသောကြောင့် ဖြစ်သည်။
သို့သော် ဤကဲ့သို့ အားကိုးရာလေး ရှိနေခြင်းက လူတိုင်း၏ စိတ်ထဲတွင် များစွာ ထိတ်လန့်ကြောက်ရွံ့နေခြင်းမျိုး မဖြစ်စေတော့ပေ။
သို့တိုင် ရှေ့ဆက်၍ ရိက္ခာများကို မည်သို့ ရှာဖွေစုဆောင်းရမည်ကို ဆွေးနွေးတိုင်ပင်ခဲ့ကြသေးသည်။
ထို့အပြင် ချန်းရီက သူ၏ ဆေးလိပ် လက်ကျန်များမှာလည်း ကုန်လုနီးပါး ဖြစ်နေပြီဖြစ်ကြောင်း သတိထားမိလိုက်သည်။
ဆေးလိပ်ဆိုသည်မှာ သူ၏ ကျည်ဆန်ပင် ဖြစ်ကြောင်း သိထားရမည်။
ဤကာလအတွင်း အတတ်နိုင်ဆုံး ချွေတာသောက်နေသည့်တိုင်အောင် ယခုအခါ ပြတ်လပ်လုနီးပါး ဖြစ်နေချေပြီ။
အကယ်၍ တစ်နေ့နေ့တွင် ဆေးလိပ်သာ မရှိတော့ပါက သူ၏ အစွမ်းများကို အသုံးပြု၍ မရနိုင်တော့မည် မဟုတ်ပါလော။
ချန်းရီသည် ဤပြဿနာကို ကိုယ်တိုင်ကိုယ်ကျ ကြိုတင် စဉ်းစားထားခဲ့ခြင်းမျိုး မရှိခဲ့ပေ။
နတ်ဆင်ရွာ တိုက်ပွဲကို ဖြတ်သန်းပြီးနောက်တွင်မူ ဤပြဿနာကို ချန်းရီ မတွေးဘဲ မနေနိုင်တော့ချေ။
ထုတ်လုပ်မှု စွမ်းအားများ ကျဆင်းသွားသည်နှင့်အမျှ ဆေးလိပ်သည် တစ်လိပ်သောက်လိုက်တိုင်း တစ်လိပ် လျော့နည်းသွားမည်သာ ဖြစ်သည်။
ထို့အပြင် သူတစ်ယောက်တည်းသာ ဆေးလိပ်များကို လိုက်လံ ရှာဖွေစုဆောင်းနေခြင်း မဟုတ်ပေ။
ဤကမ္ဘာပေါ်ရှိ အသက်ရှင်ကျန်ရစ်သူ အများအပြားသည်လည်း ဤပစ္စည်းများကို လိုက်လံ စုဆောင်းနေကြသည်။
အနာဂတ် တစ်နေ့နေ့တွင် ဆေးလိပ် ပြတ်တောက်သွားမှုကြောင့် တိုက်ခိုက်ရေးစွမ်းရည် ကျဆင်းသွားမည့် ပြဿနာကို ရှောင်ရှားနိုင်ရန် နည်းလမ်းတစ်ခု စဉ်းစားရတော့မည်ဟု ထင်ရသည်။
မြူခိုးသခင်... ဤအမည်နာမက နားထောင်လို့ ကောင်းလှသည်။
သို့သော် မြူခိုးသခင်က ကိုယ့်အားကိုယ်ကိုးပြီး ထုတ်လုပ်နိုင်စွမ်း ရှိမရှိကိုတော့ မသိရပေ။
ဆေးလိပ် မရှိလျှင်တောင်မှ မြူခိုးများကို အသုံးပြုကာ တိုက်ခိုက်နိုင်မည်လား။
မည်သို့ပင်ဖြစ်စေ မြူခိုးသခင် ဟူသော အမည်နာမက ကြားလိုက်ရုံဖြင့် အလွန်တရာ ခန့်ညားလွန်းနေပြီ ဖြစ်သည်။
ထို့နောက် မိစ္ဆာပစ်ကပ်ကားလည်း ရှိသေးသည်။ သတ်ဖြတ်မှတ် တစ်ထောင် လိုအပ်နေသေး၏။
တစ်ထောင်သာ လိုတော့သည်။
"ချန်းရီ... ချန်းရီ"
ချန်းရီ စိတ်လွင့်နေစဉ်မှာပင် သူ၏ နားထဲသို့ အသံတစ်သံ ဝင်လာသည်။
"ချန်းရီ... အစည်းအဝေး လုပ်နေတာကို... ရှင် ဘာတွေ စိတ်လွင့်နေတာလဲ"
ပန်းရောင်ဆံပင်နှင့် ကောင်မလေးက မကျေမနပ်ဖြင့် ညည်းညူလိုက်သည်။
လူအားလုံးက ချန်းရီ တစ်ခုခုကို စဉ်းစားမိနေသည်ဟု ထင်မှတ်ကာ သူ့ကို ကြည့်လိုက်ကြသည်။
ချန်းရီက သက်ပြင်းတစ်ချက်ချကာ ပြောလိုက်၏။
"ငါ့မှာ ဆေးလိပ်ပြတ်တော့မယ်... မင်းတို့ဆီမှာရော ရှိသေးလား... ငါ့ကို နည်းနည်းလောက် ပေးပါလား"
"ရှင်ကတော့လေ... ရှက်တတ်တဲ့စိတ်လေး ဘာလေး မရှိဘူးလား... ပါးစပ်ဟလိုက်တာနဲ့ တောင်းတော့တာပဲ... ဆေးလိပ်ကိုလည်း ပစ္စည်းနဲ့ လဲရတာရှင့်... ကျွန်မဆီမှာ ဆေးလိပ်တစ်ဝက်လောက် ကျန်သေးတယ်... ခဏနေရင် လာခဲ့လေ... ကျွန်မ လဲပေးမယ်"
ပန်းရောင်ဆံပင်နှင့် ကောင်မလေးသည် ညည်းညူနေသော်လည်း ကျန်ရှိနေသော ဆေးလိပ်ဘူးတစ်ဝက်ကို ချန်းရီအား ပေးရန် ရည်ရွယ်ထားဆဲပင်။
ချန်းရီက ဝမ်းသာအားရဖြင့် ခေါင်းကို တဆတ်ဆတ် ညိတ်ပြလိုက်သည်။
"ကမ္ဘာပျက်ကပ်ကြီးက အရမ်း ရုတ်တရက်ကျလာပြီး အသက်ရှင်ကျန်ရစ်သူတွေ အရမ်း နည်းပါးသွားတော့... ငါတို့သာ ရိက္ခာတွေ လိုချင်ရင်... အလွယ်တကူ စုဆောင်းလို့ ရနိုင်တဲ့ အခြေအနေ ဖြစ်သွားစေတယ်"
"ဒါပေမဲ့ အန္တရာယ်တွေကိုတော့ ထိန်းချုပ်လို့ မရနိုင်ဘူး... ဒီတစ်ခေါက်တော့"
"ဒီတစ်ခေါက်တော့ ငါတို့ သက်တမ်းကြာကြာခံမယ့် ရိက္ခာတွေကို တတ်နိုင်သမျှ စုဆောင်းကြတာပေါ့"
"သက်တမ်းလွန်နေတဲ့ အစားအသောက်တွေကိုပဲ အမြဲတမ်း စားနေရတာက... အချိန်ကြာလာရင် အားလုံးအတွက် မကောင်းဘူးလေ"
လအနည်းငယ်ဟူသော အချိန်တိုလေးအတွင်းမှာပင် ကမ္ဘာပေါ်ရှိ လူဦးရေ၏ ကိုးဆယ့်ကိုးရာခိုင်နှုန်းကျော် သို့မဟုတ် ကိုးဆယ့်ကိုးဒသမ ကိုးကိုးရာခိုင်နှုန်းခန့် သေဆုံးသွားခဲ့ကြသည်။
ထို့ကြောင့် မြို့ထဲရှိ ကုန်တိုက်ကြီးများနှင့် ဈေးများတွင် မသုံးစွဲလိုက်ရသော ရိက္ခာပစ္စည်းများစွာ ကျန်ရှိနေသေးသည်။
အသက်ရှင်ကျန်ရစ်သူက နည်းပါးလှပြီး မြို့ကြီးက ကျယ်ဝန်းလွန်းသဖြင့် ရိက္ခာပစ္စည်း အများအပြားမှာ လာရောက်မစုဆောင်းနိုင်မီမှာပင် သက်တမ်းလွန်သွားခဲ့ကြသည်။
အချို့သော ဒေသခံများ၏ အိမ်များတွင်ပင် သိုလှောင်ထားသော ရိက္ခာများစွာ ရှိနေသေး၏။
အချိန်တွေ ကုန်လွန်လာသည်နှင့်အမျှ သက်တမ်းလွန်သွားသော ပစ္စည်းများကသာ ပို၍ များပြားလာတော့သည်။
ချူချယ်က ရိက္ခာရှာဖွေမည့် အစီအစဉ်ကို စကားများစွာဖြင့် အသေးစိတ် ပြောပြနေသည်။
ဒီတစ်ကြိမ် ရိက္ခာစုဆောင်းမည့် အချိန်ကို သုံးရက်အကြာတွင် သတ်မှတ်ထားသည်။
ယာဉ်တန်း၏ ခရီးစဉ် လမ်းကြောင်းအရ သုံးရက်ကြာပြီးနောက် မြို့ငယ်လေးတစ်ခုကို ဖြတ်သန်းရမည် ဖြစ်သည်။
ထိုမြို့ငယ်လေးက ယခုတစ်ကြိမ်အတွက် ပစ်မှတ် ဖြစ်လာခဲ့သည်။
ရိုးရှင်းသော အစည်းအဝေးငယ်လေးမှာ လေးငါးမိနစ်ခန့်သာ ကြာမြင့်ခဲ့သည်။
လူအားလုံး အသီးသီး လူစုခွဲလိုက်ကြသည်။
ချန်းရီက ဆယ့်ကိုးနှစ်အရွယ် ကောင်မလေး၏ အနောက်မှ တကောက်ကောက် လိုက်သွားပြီး ရိက္ခာအချို့ပေးကာ ထိုဆေးလိပ်တစ်ဝက်ကို လဲလှယ်ရယူခဲ့သည်။
သို့သော် ကံကောင်းသည်မှာ ချန်းရီက တစ်ယောက်တည်း နေထိုင်သူ ဖြစ်နေခြင်းပင်။
ရိက္ခာများ ဆက်လက် လျော့နည်းသွားမည် ဆိုလျှင်ပင် သိပ်ပြီး စိုးရိမ်စရာ မရှိလှပေ။
သုံးရက်အကြာတွင် ရိက္ခာ စုဆောင်းရမည့် အချိန်ရောက်လာမည် ဖြစ်သည်။
သူ၏ လက်ရှိ စွမ်းရည်အရဆိုလျှင် အလျှံအပယ် ရရှိနိုင်မည်မှာ အသေအချာပင် ဖြစ်သည်။
...
မိုးဖွဲဖွဲလေးများက တဖွဲဖွဲ ဆက်လက် ရွာသွန်းနေဆဲပင်။
ခေါင်းပေါ်တွင်လည်း မည်းမှောင်နေသော တိမ်တိုက်ကြီးတစ်ခု ရှိနေသည်။
သွေးရောင်လမင်းက တိမ်မည်းများကြားမှ အနည်းငယ် ထွက်ပေါ်လာပြီး သွေးရောင်လရောင်ကို မြေပြင်ပေါ်သို့ ဖြန့်ကျက်နိုင်ရန် ကြိုးစားနေသည်။
ချန်းရီသည် သူ၏ ကမ္ဘာပျက်ကပ် ပစ်ကပ်ကားရှေ့သို့ ပြန်ရောက်လာသည်။
ဒီတစ်ကြိမ်တွင် ကားအမိုးပါရှိလာပြီး စနစ်မှ ထုတ်လုပ်ပေးထားခြင်းဖြစ်ကာ အနားယူရန် နေရာတစ်ခုကို သီးသန့် ဖန်တီးပေးထားသည်။
ထို့ကြောင့် ချန်းရီသည် မြေပြင်ပေါ်တွင် တဲထိုးရန် မရည်ရွယ်ထားတော့ပေ။
မည်သို့ပင်ဖြစ်စေ ဤကဲ့သို့သော ပတ်ဝန်းကျင်အခြေအနေမျိုးတွင် မြေပြင်ပေါ်၌ တဲထိုးခြင်းသည် ရွေးချယ်မှုကောင်းတစ်ခု မဟုတ်ပေ။
ချန်းရီက လဲလှယ်ရရှိလာသော ဆေးလိပ်တစ်ဝက်ကို ဂရုတစိုက် ဝှက်ထားလိုက်ပြီးနောက် မျှော်လင့်ချက် အပြည့်ဖြင့် ကားနောက်ခန်း၏ တစ်ဖက်ကို ဖွင့်လိုက်သည်။
ခေါင်းမော့ကာ ကောင်းကင်ပေါ်ရှိ သွေးရောင်လမင်းကို ကြည့်လိုက်၏။
"စွမ်းအင်စုပ်ယူကျင့်စဉ်" ကို အဆင့်မြှင့်တင်မှု ပြီးဆုံးသွားခဲ့သော်လည်း လေ့ကျင့်ရန် အချိန်မရခဲ့ပေ။
အဆင့်မြှင့်တင်ပြီးသွားသော "စွမ်းအင်စုပ်ယူကျင့်စဉ်" နှင့် ပတ်သက်၍။
ချန်းရီက ၎င်းကို "လစွမ်းအင်ဝါးမြိုကျင့်စဉ်" ဟု တိုက်ရိုက် အမည်ပေးလိုက်သည်။
အဓိကအကြောင်းအရင်းမှာ ဤကျင့်စဉ်သည် ယခင် "သွေးရောင်လမင်း အသက်ရှူကျင့်စဉ်" နှင့် အနည်းငယ် ဆင်တူနေခြင်းကြောင့် ဖြစ်ပြီး စနစ်မှ အဆင့်မြှင့်တင်စဉ်က "သွေးရောင်လမင်း အသက်ရှူကျင့်စဉ်" ထဲမှ နည်းစနစ်အချို့ကို ကိုးကားထားခြင်းဖြစ်ကြောင်း သိသာထင်ရှားလှသည်။
၎င်းသည်လည်း သွေးရောင်လမင်း၏ စွမ်းအင်ကို အားကိုးကာ မိမိကိုယ်ကို သန်မာလာစေသည့် လမ်းကြောင်းအတိုင်း သွားခြင်းပင် ဖြစ်သည်။
ချန်းရီ ပေးလိုက်သော အမည်မှာလည်း အလွန် ရိုးရှင်းပြီး ပွင့်လင်းလှသည်။
"လစွမ်းအင်ဝါးမြိုကျင့်စဉ်" ထဲမှ ဖော်ပြချက်အရ ချန်းရီသည် သွေးလရောင် ကျရောက်နိုင်သော နေရာတွင် တင်ပလ္လင်ခွေကာ ထိုင်လိုက်သည်။
အသက်ရှူ မှန်မှန်ထားပြီး လစွမ်းအင်ဝါးမြိုကျင့်စဉ်ထဲမှ နည်းလမ်းအတိုင်း စတင် လေ့ကျင့်တော့သည်။
စတင် လေ့ကျင့်လိုက်သည်နှင့် တစ်ပြိုင်နက် ချန်းရီက သိသာထင်ရှားသော ကွာခြားမှုကို ခံစားလိုက်ရသည်။
ယခင် သွေးရောင်လမင်း အသက်ရှူကျင့်စဉ်မှာ ကြိမ်နှုန်းမှတစ်ဆင့် တူညီသော တုန်ခါမှုအဖြစ်သို့ ရောက်ရှိစေပြီး သွေးရောင်လရောင်ထဲမှ စွမ်းအင်များကို ခန္ဓာကိုယ်ထဲသို့ စုပ်ယူကာ တဖြည်းဖြည်း ပေါင်းစပ်သွားစေခြင်း ဖြစ်သည်။
ယခုမူ "လစွမ်းအင်ဝါးမြိုကျင့်စဉ်" ၏ နည်းစနစ်က များစွာ ပို၍ ကြမ်းတမ်း ပြင်းထန်လှ၏။
၎င်းမှာ သွေးရောင်လရောင်ထဲမှ စွမ်းအင်များကို တိုက်ရိုက် မျိုချပစ်ခြင်းဖြစ်ရာ ယခင်ကထက် များစွာ ပို၍ ထိရောက်မှု ရှိနေသည်။
ခဏမျှ လေ့ကျင့်လိုက်ရုံဖြင့် ချန်းရီသည် သွေးရောင်လမင်း၏ စွမ်းအင်များ သိသိသာသာ အားနည်းသွားကြောင်း ခံစားလိုက်ရသည်။
ခေါင်းမော့ကြည့်လိုက်သောအခါ ကောင်းကင်ပေါ်ရှိ သွေးရောင်လမင်းမှာ တိမ်မည်းများ၏ ဖုံးလွှမ်းခြင်းကို ခံထားရပြီ ဖြစ်သည်။
ချန်းရီက စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းချလိုက်သည်။
ကျိန်စာသင့်နေတဲ့ ရာသီဥတုပါလား။
သို့သော် သွေးရောင်လမင်းမှာ တိမ်မည်းများ ဖုံးလွှမ်းသွားရုံသာဖြစ်ပြီး အမှန်တကယ် ပျောက်ကွယ်သွားခြင်းတော့ မဟုတ်ပေ။
"လစွမ်းအင်ဝါးမြိုကျင့်စဉ်" ကို ဆက်လက် လေ့ကျင့်၍ ရနိုင်သေးသော်လည်း ယခင်ကလောက် အကျိုးသက်ရောက်မှု မရှိတော့ခြင်းသာ ဖြစ်သည်။
သန်းခေါင်ယံအချိန်အထိ လေ့ကျင့်ပြီးမှသာ ချန်းရီသည် ယနေ့အတွက် လေ့ကျင့်မှုကို အဆုံးသတ်လိုက်တော့သည်။
ထိုအချိန်တွင် ချန်းရီသည် သူ၏ ခန္ဓာကိုယ်အတွင်းရှိ သဘာဝလွန် အစွမ်းများ အလွန် လန်းဆန်းတက်ကြွနေပြီး တိုးတက်လာသည့် အမြန်နှုန်းမှာလည်း များစွာ လျင်မြန်နေကြောင်း ရှင်းလင်းစွာ ခံစားလိုက်ရသည်။
ဤအတိုင်းသာ ဆက်လက် လေ့ကျင့်သွားမည် ဆိုပါက...
သူသည် မကြာမီအချိန်အတွင်း လမ်းစဉ် အဆင့် (၃) သို့ တက်လှမ်းနိုင်လိမ့်မည်မှာ သေချာသလောက်ပင်။
ထိုအချိန်ရောက်လျှင် မူလ လမ်းစဉ်ကို ဆက်သွားမလား သို့မဟုတ် မြူခိုးသခင် လမ်းကြောင်းကို ရွေးချယ်မလား။
ထိုအဘိုးအို ပြောခဲ့သည်မှာ လမ်းစဉ် အဆင့် (၃) တွင် ခွဲထွက်လမ်းကြောင်း သုံးခု ရှိသည်ဟု ဆိုခဲ့ရာ... တတိယမြောက် ခွဲထွက်လမ်းကြောင်းကရော မည်သို့သော အရာမျိုး ဖြစ်နေမည်နည်း။
...
မိုးဖွဲဖွဲလေးများက တဖွဲဖွဲ ရွာသွန်းနေဆဲပင်။
မိုးရွာသံကို နားထောင်ရင်း အိပ်စက်ရသည်မှာလည်း အခမဲ့ ရရှိသော သဘာဝတေးသွားလေးတစ်ခုအဖြစ် သတ်မှတ်၍ ရနိုင်သည်။
နောက်တစ်နေ့ နံနက်ခင်းတွင်...
"အား..."
စူးရှသော အော်ဟစ်သံတစ်ခုက စခန်းတစ်ခုလုံးတွင် ပဲ့တင်ထပ်သွားသည်။
ချန်းရီ တစ်ကိုယ်လုံး ကုတင်ပေါ်မှ ချက်ချင်း ခုန်ထလိုက်ပြီး နောက်တစ်စက္ကန့်တွင် အပြာရောင် မီးခိုးငွေ့အဖြစ် ပြောင်းလဲကာ ထိုနေရာမှ ပျောက်ကွယ်သွားလေသည်။
ထပ်မံ ပေါ်လာချိန်တွင် ကမ္ဘာပျက်ကပ် ပစ်ကပ်ကား၏ ခေါင်မိုးပေါ်၌ ရပ်နေပြီး သွေးကဲ့သို့ နီရဲနေသော ဘယ်ဘက် မျက်လုံးဖြင့် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုလိုက်သည်။
ချန်းရီ တစ်ယောက်တည်း ထိုသို့ ဖြစ်နေခြင်းတော့ မဟုတ်ပေ။
ပန်းရောင်ဆံပင်နှင့် ကောင်မလေးပင်လျှင် ကားခေါင်မိုးပေါ်တွင် ရပ်နေကာ မီးနဂါးဓားကို ကိုင်ဆောင်ထားပြီး သူမ၏ မျက်လုံးများက လျှပ်စီးများကဲ့သို့ စူးရှနေသည်။
တင်းတုံ ဟူသော အမျိုးသမီးမှာလည်း မည်သည့်အချိန်က သစ်ပင်ကြီးတစ်ပင်၏ သစ်ကိုင်းပေါ်သို့ ရောက်ရှိနေမှန်း မသိရဘဲ အသံတိတ်ပြီး အသက်အန္တရာယ် ပေးနိုင်သော သိမ်းငှက်တစ်ကောင်အလား ဖြစ်နေသည်။
ခေါင်းဆောင်ချူ အနေဖြင့်မူ ကားပြတင်းပေါက်မှတစ်ဆင့် အပြင်ဘက်ကို အဆက်မပြတ် အကဲခတ်နေလေသည်။
ရုတ်တရက်... ချန်းရီ၏ သွေးရောင် မျက်ဝန်းများက ရူးသွပ်စွာ ကျဉ်းမြောင်းသွားပြီး သူ၏ သူငယ်အိမ်ထဲရှိ အမှတ်အသားများက ဖြည်းညင်းစွာ လည်ပတ်နေကာ ညာဘက်လက်က ခါးတွင်ချိတ်ထားသော အမုန်းတရား ဓားကို ဆုပ်ကိုင်ထားလိုက်ပြီ ဖြစ်သည်။
အော်ဟစ်သံ ထွက်ပေါ်လာသည့် ဇာစ်မြစ်ကို သူ မြင်လိုက်ရသည်။
တစ်ဝက်ခန့် စားသောက်ခံထားရသော ခြောက်သွေ့နေသည့် အလောင်းတစ်လောင်းက ရွှံ့ရေထဲတွင် လဲလျောင်းနေသည်။
ထိုအလောင်း၏ ဘေးတွင်မူ အရောင်ဖျော့ဖျော့ ပန်းဖြူလေးတစ်ပွင့်က ထင်ရှားစွာ ရှိနေ၏။
မှန်ပါသည်။ အရောင်ဖျော့ဖျော့နှင့် အလွန် သာမန်ဆန်သော ပန်းဖြူလေး တစ်ပွင့်သာ ဖြစ်သည်။
ထိုပန်းဖြူလေးက ပန်းပွင့်ဖတ်များကို ဖြန့်ကားလိုက်ပြီး အတွင်းဘက်ရှိ ပြည့်နှက်နေသော ချွန်ထက်သည့် သွားများကို ဖော်ပြကာ အလောင်း၏ သွေးသားများကို တစ်ကိုက်ပြီးတစ်ကိုက် မျိုချစားသောက်နေသည်။
မဟုတ်သေး... တစ်ပွင့်တည်း မဟုတ်ဘဲ အတော်များများ ရှိနေသည်။
မလှမ်းမကမ်းတွင် ကြောက်လန့်တုန်လှုပ်နေသော အမျိုးသမီးတစ်ဦးက ဤဘက်သို့ ကြည့်နေပြီး သူမ၏ မျက်နှာပေါ်တွင် သွေးရောင် တစ်စက်မျှပင် မရှိတော့ပေ။
ဆက်ရန်...