အခန်း ၁၂၁
Vol. 7 Ch. 121
အပိုင်း(၁၂၁) မရဏနတ်မင်းကို ပုံတူကူးရန်
အနည်းငယ် စီစဉ်ပြီးနောက် ယာဉ်တန်းက ရိက္ခာများ သွားရောက်စုဆောင်းခြင်း မပြုတော့ဘဲ ဝူကျန့်ရှန်းကို ခေါ်ဆောင်ကာ စခန်းသို့ ပြန်ရန် ဆုံးဖြတ်ခဲ့သည်။
လူ့အသက် ကယ်ဖို့က အရေးကြီးသည် မဟုတ်ပါလော။ ဒေသခံဖြစ်သော ဝူကျန့်ရှန်း ရှိနေသဖြင့် နောက်ပိုင်း ရိက္ခာစုဆောင်းရန်မှာ အလွန်လွယ်ကူပေလိမ့်မည်။
ဝူကျန့်ရှန်းက ချန်းရီ၏ ကားထဲတွင် ဝင်ထိုင်သည်။
ချန်းရီက စိတ်လှုပ်ရှား ဝမ်းသာနေ၏။ မည်သို့ပင်ဖြစ်စေ ဤကဲ့သို့သော အချိန်မျိုးတွင် ညီအစ်ကိုကောင်း တစ်ယောက်ကို ပြန်တွေ့ရသည် မဟုတ်ပါလော။
ကားအပြင်ဘက်တွင် နှင်းများ ပိုမို သည်းထန်စွာ ကျဆင်းလာပြီး မြေပြင်ပေါ်ရှိ နှင်းထုက မနေ့ကထက် ပိုမို ထူထဲနေသည်။
ချန်းရီက တာယာချော်နေသော အသံကို ကြားရသောအခါ မျက်မှောင် အနည်းငယ် ကြုတ်သွား၏။
"ဘာဖြစ်တာလဲ"
ဝူကျန့်ရှန်းက ချန်းရီ၏ မျက်နှာအမူအရာကို မြင်ပြီးနောက် ကားမှာ ရုတ်တရက် ရပ်တန့်သွားကြောင်း ခံစားမိသည်။ တာယာများကမူ ရုန်းကန် လည်ပတ်နေဆဲ ဖြစ်သည်။
"ဘာဖြစ်ရမှာလဲ... ကားနစ်သွားတာပေါ့"
"ဒါဆို အခု ဘယ်လိုလုပ်မလဲ"
ဝူကျန့်ရှန်း၏ စိတ်ထဲတွင် မကောင်းသော ခံစားချက်တစ်ခု ပေါ်လာ၏။
"ဆင်းပြီး ကားတွန်းရမှာပေါ့"
ဝူကျန့်ရှန်းက ဘယ်ညာကို ကြည့်ပြီး သူ့ကိုယ်သူ လက်ညိုးထိုးကာ မေးသည်။ "ငါ့ကို ဆင်းတွန်းခိုင်းတာလား"
ကားထဲတွင် လူနှစ်ယောက်သာ ရှိသည်။ တစ်ယောက်က ချန်းရီ ဖြစ်ပြီး အခြားတစ်ယောက်မှာ ဝူကျန့်ရှန်း ဖြစ်သည်။
ရွှီနန် ကမူ ချန်းရီတစ်ယောက် ကျောင်းနေဘက် သူငယ်ချင်းဟောင်း ညီအစ်ကိုကောင်းနှင့် တွေ့ဆုံသွားသည်ကို မြင်သောအခါ ချန်းရီတို့ အေးအေးဆေးဆေး စကားပြောနိုင်ရန် နေရာဖယ်ပေးသည့် အနေဖြင့် စွန်းချန်းချန်း၏ ကားပေါ်သို့ တမင်တကာ ပြောင်းစီးသွားခဲ့သည်။
ချန်းရီက မေးစရာ မလိုသည့် မေးခွန်းကို မေးနေသည်ဟူသော အမူအရာဖြင့် ဝူကျန့်ရှန်းကို ကြည့်ကာ ပြောသည်။ "ဟေ့ကောင်... ဝူကျန့်... အပျင်းထူမနေနဲ့... မင်းနဲ့ငါ နှစ်ယောက်ထဲရှိတာကို မင်းဆင်းမတွန်းလို့ ငါက တွန်းရမှာလား"
"မြန်မြန်လုပ်... အချိန်မစောတော့ဘူး"
ဝူကျန့်ရှန်း တစ်ယောက် ကားအနောက်ဘက်မှနေ၍ အောင့်သက်သက်ဖြင့် ကားကို ကုန်းရုန်း တွန်းနေရချိန်တွင် သူ့စိတ်ထဲ၌ အနည်းငယ် နောင်တရစ ပြုလာ၏။
မရဏနတ် ဂိုဏ်း၏ ်ဂိုဏ်းချုပ်ကြီး တစ်ယောက် ဖြစ်ပါလျက် ဤကဲ့သို့ နှင်းတောထဲတွင် သူတစ်ပါးအတွက် ကားတွန်းပေးနေရသည်တဲ့လေ။
ကျောင်းနေဘက် သူငယ်ချင်းဆိုသော ဇာတ်ကောင်စရိုက်ကို မဖန်တီးခဲ့လျှင် ကောင်းမည်ဟု သူ တွေးမိသည်။ အကယ်၍ ချန်းရီ၏ ဖခင်အဖြစ်သာ ဖန်တီးခဲ့ပါက ယခု ကားဆင်းတွန်းရမည့်သူမှာ ထိုခွေးကောင် ချန်းရီသာ သေချာပေါက် ဖြစ်ပေလိမ့်မည်။
သို့သော် ယခုမှ ဇာတ်ကောင်စရိုက်ကို ပြောင်းလဲရန် အချိန်မမီတော့ပေ။
ရင်းနှီးသော ဆက်ဆံရေး တစ်ခုကို သတ်မှတ်ပြီးသွားပါက နောက်ထပ် ပြင်ဆင်ရန် ကြိုးစားလျှင် တစ်ဖက်လူက အလွယ်တကူ ရိပ်မိသွားနိုင်၏။
သေချာသည်မှာ ဝူကျန့်ရှန်းသာ ချန်းရီ၏ စရိုက်ကို အမှန်တကယ် သိရှိခဲ့ပါက ချန်းရီနှင့် ပတ်သက်သော သူ၏ ဇာတ်ကောင်စရိုက်ကို တုံ့ဆိုင်းနေခြင်း မရှိဘဲ ချက်ချင်း ပြောင်းလဲပစ်မည်မှာ အသေအချာပင်။
ချန်းရီက ညီအစ်ကိုကောင်း တစ်ယောက်အပေါ် ဤမျှ အားနာမှု ကင်းမဲ့လိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။
ဤကဲ့သို့သော အခြေအနေမျိုး လမ်းခရီးတစ်လျှောက်တွင် နှစ်ကြိမ်တိုင်တိုင် ဖြစ်ပွားခဲ့ပြီး ဖြစ်သည်။
ဝူကျန့်ရှန်း ဝတ်ဆင်ထားသော တန်ဖိုးကြီးပုံရသည့် မရဏနတ် ဂိုဏ်း၏ ဂိုဏ်းအုပ်ဝတ်ရုံကြီးမှာ ညစ်ပေစွန်းထင်းနေချေပြီ။
ဝူကျန့်ရှန်းက စိတ်ထဲမှနေ၍ ချန်းရီအား အကြိမ်ရေ မရေမတွက်နိုင်အောင် ကျိန်ဆဲနေမိ၏။
......
ချန်းရီတို့ ထွက်ခွာသွားပြီးနောက် ချူချယ်မှာ စိုးရိမ်ပူပန်စွာဖြင့် အချိန်ပြည့် စောင့်ဆိုင်းနေခဲ့သည်။
ယာဉ်တန်းထဲတွင် ဖျားနာနေသူ အလွန်များပြားနေ၏။
သူတို့အားလုံးနီးပါးမှာ ပုံမှန် လှုပ်ရှားသွားလာနိုင်စွမ်း ဆုံးရှုံးနေကြပြီ ဖြစ်သည်။
ကောင်းကင်ယံတွင် နှင်းများ တစ်ဟုန်ထိုး ကျဆင်းနေဆဲဖြစ်ပြီး ဤကမ္ဘာကြီးတွင် နှင်းများ အစဉ်အမြဲ ကျဆင်းနေတော့မည့်အလား ထင်မှတ်ရသည်။
ကောင်းကင်မှ ငန်းမွေးကဲ့သို့ ကြီးမားသော နှင်းပွင့်ကြီးများမှာ တစက္ကန့်မျှပင် ရပ်တန့်သွားခြင်း မရှိပေ။
နှင်းထုများကလည်း တစ်စထက်တစ်စ ပိုမို ထူထဲလာသည်။
အပူချိန်ကလည်း ဆက်တိုက် ကျဆင်းနေ၏။
မနေ့ညက လူအချို့သည် မီးပုံရှိနေသည်ကို အားကိုးကာ မီးပုံဘေးတွင် လှဲလျောင်း အိပ်စက်ခဲ့ကြသည်။
ထိုအချိန်က ဧရာမ မီးပုံကြီးက လူများကို ကြီးမားသော လုံခြုံမှု ခံစားချက်ကို ပေးစွမ်းနိုင်ခဲ့သည်မှာ အမှန်ပင်။
ထိုလူများမှာ မူလက ကျောင်းကားပေါ်မှ အသက်ရှင်ကျန်ရစ်သူများ ဖြစ်ကြသည်။
သို့သော် ယခုအခါ ကျောင်းကားပေါ်တွင် လူအလွန်များပြားနေသဖြင့် ကားပေါ်၌ နေထိုင်ရန် အလွန် အဆင်မပြေ ဖြစ်နေသည်။
ထို့ကြောင့် ထိုသူများသည် ကားပေါ်သို့ ပြန်တက်၍ အနားမယူချင်ကြတော့ဘဲ မီးပုံဘေးတွင် အနည်းငယ် နေရာချကာ ညဘက်၌ ထိုနေရာတွင်သာ အိပ်စက်ရန် ဆုံးဖြတ်ခဲ့ကြသည်။
ထို့ပြင် မီးပုံကို အလှည့်ကျ ထစောင့်ကြည့်ရန်လည်း သတ်မှတ်ထားခဲ့ကြ၏။
သို့သော် အကြောင်းရင်း မသိရဘဲ သူတို့ထဲမှ တစ်ယောက်က အိပ်ရာမှ ထရန် မေ့သွားခဲ့သည်။
ထို့ကြောင့် ထိုညမှာပင် လူငါးယောက် အအေးဒဏ်ကြောင့် သေဆုံးသွားခဲ့ရသည်။
ထိုလူငါးယောက်မှာ လုံးဝကို ရေခဲရုပ်တုများအဖြစ် ပြောင်းလဲသွားခဲ့ချေပြီ။
ချူချယ်က လူများကို ခိုင်းစေကာ ထိုရေခဲရုပ်တု ငါးခုကို ဘေးနားရှိ နှင်းပြင်ထဲသို့ ဆွဲထုတ်သွားစေပြီး နှင်းများဖြင့် ဖြစ်သလို ဖုံးအုပ် မြှုပ်နှံစေခဲ့သည်။
ယာဉ်တန်းထဲတွင်မူ နောက်ထပ် လူဆယ်ဂဏန်းခန့်မှာ ဖျားနာခြင်း၊ ကယောင်ကတမ်း ပြောခြင်း စသည့် ရောဂါလက္ခဏာ အဆင့်အမျိုးမျိုးကို ခံစားနေကြရသည်။
ကျန်ရှိနေသော လူများမှာလည်း အအေးဒဏ်ကို ကာကွယ်ပေးနိုင်သည့် အဝတ်အစားများ မရှိသဖြင့် လုံးဝ လှုပ်ရှားသွားလာနိုင်ခြင်း မရှိကြပေ။
ချူချယ် ကိုယ်တိုင်ပင်လျှင် အအေးဒဏ်ခံနိုင်သော အဝတ်အစား အများအပြား မရှိပေ။ သူသာ လမ်းစဉ်အစွမ်းကြောင့် ထူးကဲသော ခန္ဓာကိုယ် ကြံ့ခိုင်မှု မရှိခဲ့ပါက ယခုအချိန်တွင် အိပ်ရာမှပင် ထနိုင်မည် မဟုတ်ချေ။
ဦးလေးအားပေါင် ကိုပင် ချူချယ်က ကားထဲတွင် နေရာချပေးထားရပြီး စောင်ခြုံထားလျက် တစ်ကိုယ်လုံး တုန်ယင်နေရှာသည်။
မီးပုံကို ပြန်လည် မွှေးမြှင့်ချိန် ရောက်မှသာ ဤအခြေအနေက အနည်းငယ် သက်သာသွားသည်။
သို့တိုင်အောင် ခေါင်းဆောင်ချူက ရုံမြို့ ရှိရာ အရပ်ဆီသို့ မကြာခဏ လှမ်းကြည့်နေပြီး သူ၏ မျက်ဝန်းများထဲတွင် စိုးရိမ်ပူပန်မှုများက နက်ရှိုင်းစွာ ကိန်းအောင်းနေ၏။
အကယ်၍ ချန်းရီတို့သာ ပြန်မလာနိုင်ခဲ့လျှင် သို့မဟုတ် ပြန်လာရန် နောက်ကျသွားခဲ့လျှင် ယာဉ်တန်း၏ အသက်ဆက်လမ်းမှာ ဤနေရာတွင်ပင် ပြတ်တောက်သွားနိုင်ပေသည်။
ခေါင်းဆောင်ချူ တစ်ယောက် အချိန်အကြာကြီး စောင့်ဆိုင်းခဲ့ရခြင်း မရှိပေ။
နှင်းတောထဲမှ ဟောင်းနွမ်းစုတ်ပြတ်နေသော ပစ်ကပ်ကားလေး တစ်စီး ထွက်ပေါ်လာချိန်တွင်...
ချူချယ်မှာ အံ့သြဝမ်းသာသွားပြီး အလျင်အမြန် မတ်တတ်ရပ်လိုက်သည်။
စခန်းထဲရှိ အခြားသော အသက်ရှင်ကျန်ရစ်သူများက ခေါင်းဆောင်၏ လှုပ်ရှားမှုကို မြင်သောအခါ အဝေးဆီရှိ နှင်းတောထဲမှ ကားအင်ဂျင်သံများ ထွက်ပေါ်လာသည်ကို သတိထားမိသွားကြသည်။
"ဆရာချန်းနဲ့ ထယ်ရှီးတို့အဖွဲ့ပဲ"
"သူတို့ ပြန်လာကြပြီ"
"ပြန်ရောက်လာကြပြီဟေ့"
"အို"
စခန်းထဲမှ ပျော်ရွှင်စွာ အော်ဟစ် အောင်ပွဲခံသံများ ထွက်ပေါ်လာသည်။
အသက်ရှင်ကျန်ရစ်သူ အများအပြားမှာ အအေးဒဏ်ကို ဂရုမစိုက်နိုင်တော့ဘဲ နှင်းတောထဲသို့ ပြေးထွက်ကာ ယာဉ်တန်း အပြန်ကို စောင့်ကြိုနေကြသည်။ အအေးဒဏ်ကြောင့် အထက်အောက် သွားများ ရိုက်ခတ်ကာ "ဂတ်... ဂတ်" ဟူသော အသံများ ထွက်ပေါ်နေသော်လည်း သူတို့သည် အဝေးဆီရှိ နှင်းတောထဲသို့ မျှော်လင့်ချက် အပြည့်ပါသော မျက်ဝန်းများဖြင့် ကြည့်ရှုနေကြဆဲပင်။
ရင်းနှီးကျွမ်းဝင်နေသော ထိုအရိပ်အယောင်များကို မျှော်လင့်စောင့်စားနေကြ၏။
ယခုအချိန်တွင် ချန်းရီတို့အဖွဲ့မှာ စစ်ျနိုင်လာသော သူရဲကောင်းများနှင့် တူနေသည်။
အသွားတုန်းက ကားသုံးစီးသာ ဖြစ်သော်လည်း အပြန်တွင်မူ ကားငါးစီးတိတိ ပါလာခဲ့သည်။
ချန်းရီ၊ ပန်းရောင်ဆံပင်နှင့် ကောင်မလေး နှင့် ကျိုးရှောင်ရှောင် တို့၏ ကားသုံးစီးအပြင်...
ကုန်တင်ကား တစ်စီးနှင့် ခရီးသည်တင် ဘတ်စ်ကားကြီး တစ်စီးလည်း ပို၍ ပါလာသေး၏။
ကားငါးစီးစလုံး စခန်းဘေးတွင် တန်းစီ၍ ရပ်တန့်သွားသည်။
"မင်းတို့ နောက်ဆုံးတော့ ပြန်လာကြပြီပဲ... ပစ္စည်းတွေ ရှာတွေ့ခဲ့လား"
ယခုအချိန်တွင် ချူချယ် အစိုးရိမ်ဆုံး ကိစ္စမှာ ယာဉ်တန်းက အအေးဒဏ်ခံနိုင်သော ပစ္စည်းများနှင့် ဆေးဝါးများကို လုံလောက်စွာ ယူဆောင်လာနိုင်ခြင်း ရှိမရှိ ဆိုသည့် အချက်ပင် ဖြစ်သည်။
ထိုအရာနှစ်ခုသာ မရှိပါက ယာဉ်တန်းတစ်ခုလုံး အဆုံးသတ်သွားရပေလိမ့်မည်။
"ကျွန်မတို့ XX အမှတ်တံဆိပ် အရောင်းဆိုင် တစ်ဆိုင်ကို ဝင်မွှေခဲ့တယ်... အထဲက အဝတ်အစားတွေက လူတိုင်း ဝတ်ဖို့ လုံလောက်တယ်"
တင်းတုံက ကုန်တင်ကား၏ ယာဉ်မောင်းခန်းထဲမှ ခုန်ဆင်းလာသည်။ ကုန်တင်ခန်းကို ဖွင့်ပြလိုက်သောအခါ အထဲတွင် ပြည့်နှက်နေသော အဝတ်အစားများကို မြင်တွေ့ရသဖြင့် အသက်ရှင်ကျန်ရစ်သူ အားလုံး ဝမ်းသာအားရ အော်ဟစ်ကြတော့သည်။
အသက်ရှင်ကျန်ရစ်သူများမှာ ပျားအုံပမာ ကုန်တင်ခန်းဆီသို့ ပြေးသွားကြပြီး ပျော်ရွှင်စွာဖြင့် အဝတ်အစားများကို စတင် ဝတ်ဆင်ကြလေသည်။
ထိုအခါမှသာ ချူချယ် တစ်ယောက် သက်ပြင်းကြီးကြီး ချနိုင်တော့သည်။
မကြာမီမှာပင် စခန်းထဲရှိ အသက်ရှင်ကျန်ရစ်သူများက အအေးဒဏ်ခံနိုင်သော အဝတ်အစားများကို အသီးသီး လဲလှယ်ဝတ်ဆင်ပြီး ဖြစ်သွားကြသည်။
လူတိုင်းက တောင်ပေါ်မှ ဝက်ဝံကြီးများအလား ထူထူထဲထဲ ဝတ်ဆင်ထားကြ၏။
"တောက်... XX အမှတ်တံဆိပ်ကြီးပါလား... တော်တော် ဇိမ်ကျတာပဲ"
"ဒီတံဆိပ်က အရင်ကဆို ယွမ်ထောင်ချီ ပေးရတာ... ငါကိုယ်တိုင် ဝတ်နိုင်မယ့်နေ့ ရှိလာမယ်လို့ မထင်ထားခဲ့ဘူး"
"သားကြီး... မင်း အရင်က ဘယ်လို ဘဝမျိုးနဲ့ နေခဲ့ရလို့လဲ"
"မတတ်နိုင်ဘူးလေ... ဘဝရပ်တည်ဖို့ ဖိအားတွေက ကြီးလွန်းတယ်... အိမ်မှာက သက်ကြီးရွယ်အိုတွေရော ကလေးတွေရော ရှိနေတော့... ဒီလို အဝတ်အစားမျိုးကို ကိုယ်တိုင် ဝတ်ဖို့ဆိုတာ လုံးဝ မစဉ်းစားရက်ခဲ့ဘူး"
ဖျားနာနေသော အသက်ရှင်ကျန်ရစ်သူများပင်လျှင် အခြားသူများ၏ အကူအညီဖြင့် မိမိနှင့် သင့်တော်သော အဝတ်အစားများကို ရှာဖွေ လဲလှယ်နိုင်ခဲ့ကြသည်။ ခဏအကြာတွင် စခန်းတစ်ခုလုံးရှိ အသက်ရှင်ကျန်ရစ်သူ အားလုံး ထူထဲသော ဆောင်းတွင်းဝတ်စုံများကို ဝတ်ဆင်ထားကြပြီ ဖြစ်သည်။
ပဉ္စမမြောက် ကားမှာမူ ဟယ်လောင်စစ် ရှာတွေ့ခဲ့သော ခရီးသည်တင် ဘတ်စ်ကားကြီး တစ်စီး ဖြစ်သည်။
ဤကားကြီးကို ရှာဖွေတွေ့ရှိခဲ့မှုကြောင့် ဟယ်လောင်စစ် အပေါ် လူအများအပြား၏ အားကျမှုကို သေချာပေါက် ဖြစ်ပေါ်စေခဲ့သည်။
ကမ္ဘာပျက်ကပ် မတိုင်မီက လူတိုင်း ရွံရှာခဲ့သော ဤသူခိုးက ယခုအခါ စခန်းတစ်ခုလုံးတွင် လူကြိုက်အများဆုံးသူ ဖြစ်လာလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။
ယာဉ်တန်းထဲတွင် ကားအကြောင်း နားလည်သူများ မရှိသည်တော့ မဟုတ်ပေ။
ဥပမာအားဖြင့် ထယ်ရှီး၏ ကျောင်းကားကို အသက်ရှင်ကျန်ရစ်သူ နှစ်ဦးက နေ့စဉ် ထိန်းသိမ်း ပြုပြင်ပေးနေကြသည်။
သို့သော် သော့မရှိဘဲ ကုန်တင်ကားကြီး တစ်စီး သို့မဟုတ် ခရီးသည်တင် ဘတ်စ်ကားကြီး တစ်စီးကို စက်နှိုး မောင်းနှင်နိုင်ရန်မူ သူတို့လည်း မတတ်နိုင်ကြပေ။
သေချာသည်မှာ မော်ဒယ်ဟောင်း ကုန်တင်ကားကြီးများ ဆိုလျှင်တော့ ပြဿနာ မရှိနိုင်ပေ။
သို့သော် ယခုအခါ ဤကားများတွင် ကိုယ်ပိုင် သူခိုးကာကွယ်ရေး စနစ်များ ပါရှိနေပြီ ဖြစ်သည်။
"ဆေးတွေရော... ဆေးတွေ ရခဲ့ရဲ့လား"
ချူချယ်က ကားကုန်တင်ခန်းထဲသို့ လှမ်းကြည့်ရင်း မေးသည်။
ပန်းရောင်ဆံပင်နှင့် ကောင်မလေး က အနည်းငယ် နောက်ပြောင်ချင်စိတ်ဖြင့် "ခေါင်းဆောင်... ဒါက ဘယ်သူလဲ ဆိုတာ ကြည့်လိုက်ပါဦး"
ချူချယ်သည် ကောင်မလေး၏ အကြည့်နောက်သို့ လိုက်ကြည့်ရာ အရပ်ရှည်ရှည် ပိန်ပိန်ပါးပါး အမျိုးသား တစ်ယောက်က ပန်းရောင်ဆံပင်နှင့် ကောင်မလေး ဘေးတွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။
ထိုအမျိုးသားကို ပထမဆုံး မြင်လိုက်ရချိန်တွင် ချူချယ်မှာ တွေဝေသွား၏။ ဤအမျိုးသားကို သူ လုံးဝ မသိပေ။
သေချာ ထပ်ကြည့်လိုက်သည်။
မဟုတ်သေးဘူး... ဒီအမျိုးသားကို မျက်မှန်းတန်းမိနေသလိုပဲ။
တစ်နေရာရာမှာ မြင်ဖူးသလို ရှိသည်။
"ချူချယ်... ငါက ဘယ်သူလဲ ဆိုတာ သေချာကြည့်စမ်းပါ"
ဝူကျန့်ရှန်း၏ မျက်နှာပေါ်တွင် နှစ်ပေါင်းများစွာ မတွေ့ရသော မိတ်ဆွေဟောင်း တစ်ယောက်ကို ပြန်တွေ့လိုက်ရသကဲ့သို့ ဖော်ရွေသော အပြုံးတစ်ခု ပေါ်လာသည်။
ချူချယ်၏ မျက်နှာအမူအရာမှာ အစပိုင်း တွေဝေမှုမှ သံသယဖြစ်မှု... ထိုမှတစ်ဆင့် ယခုအခါ အံ့အားသင့်မှုသို့ ပြောင်းလဲသွားလေသည်။
"ခေါင်းဆောင်ဝူ... ခေါင်းဆောင်ဝူ... ခင်ဗျား... ခင်ဗျားလား"
"ငါပါကွ"
"ခေါင်းဆောင်ဝူ... မယုံနိုင်စရာပဲ... ခင်ဗျား အသက်ရှင်နေသေးမယ်လို့ မထင်ထားဘူး... ခင်ဗျား အသက်ရှင်နေသေးတာပဲ... ခင်ဗျား"
ချူချယ်လို အမြဲ တည်ငြိမ်အေးဆေးတတ်သူပင်လျှင် ဤအချိန်၌ မျက်ရည်ဝဲလာခဲ့သည်။
ချန်းရီက မျက်မှောင် အနည်းငယ် ကြုတ်သွား၏။
ဝူကျန့်ရှန်း ဒီကောင် ဘာဖြစ်နေတာလဲ။ ခုနက လမ်းမှာတုန်းက ချူချယ်ကို သိတယ်လို့ ဘာလို့ မပြောခဲ့တာလဲ။ သေချာပေါက် ပြဿနာ ရှိနေတယ်။
သို့သော် နောက်တစ်စက္ကန့်တွင် ဤကွက်လပ်မှာလည်း ကြီးမားသော ပြဿနာ မဟုတ်တော့ဟု ချန်းရီ တွေးမိသွားသည်။
ယခုအချိန်တွင် ချူချယ်၏ စိတ်ခံစားချက်မှာ အလွန် ပြင်းထန်ပြီး စိတ်လှုပ်ရှားနေ၏။
ချန်းရီကမူ မျက်လုံးများ ကစားလိုက်သည်။ ကျောင်းနေဘက် သူငယ်ချင်းဟောင်း တစ်ယောက်နှင့် တွေ့ဆုံရန် ခဲယဉ်းလှသည် မဟုတ်ပါလော။ ထိုသူငယ်ချင်းက နတ်ကိုးကွယ်ခြင်း လမ်းစဉ် ကို ပိုင်ဆိုင်ထားသူပင် ဖြစ်နေသေးသည်။
သူပြောပုံအရဆိုလျှင် ဤနတ်ကိုးကွယ်ခြင်း လမ်းစဉ် က အလွန် အစွမ်းထက်လှသည်။
သူ၏ ထံမှ ကောင်းမွန်သော အရာများကို အမြောက်အမြား ခွာယူနိုင်လိမ့်မည်ဟု မျှော်လင့်ရသည်။ မည်သို့ပင်ဖြစ်စေ ညီအစ်ကိုကောင်းတွေပဲ... ဒီလောက်တော့ တွန့်တိုနေမည် မဟုတ်ပါဘူးလေ။
ထို မရဏနတ်မင်း က အလွန် အစွမ်းထက်သည်။
ကျောင်းနေဘက် သူငယ်ချင်း ညီအစ်ကိုဟောင်းကို အကူအညီ တောင်းလိုက်လျှင် ထို မရဏနတ်မင်း ကို အနီးကပ် လေ့လာခွင့် ရကောင်း ရနိုင်ပေလိမ့်မည်။
မိမိ၏ မီးခိုးငွေ့ဖြင့် အတုယူ ဖန်တီးနိုင်သော အစွမ်းမှာ အသေအချာ ဖွံ့ဖြိုးတိုးတက်မှု မရရှိသေးပေ။ အကယ်၍ မရဏနတ်မင်း တစ်ပါးကိုသာ အတုယူ ဖန်တီးနိုင်ခဲ့မည် ဆိုလျှင် အကြီးအကျယ် အမြတ်ထွက်သွားပြီ မဟုတ်ပါလော။
အများကြီး မမျှော်လင့်ပါဘူး... မရဏနတ်မင်း၏ စွမ်းရည် တစ်ဝက်လောက် ရလျှင်ပင် အလွန် အံ့မခန်း ဖြစ်နေလောက်ပြီ။
ဤကဲ့သို့သော အခွင့်အရေးမျိုးက အလွန် ရခဲလှသည်။
ယခင်က ထူးဆန်းသောအရာ တစ်ကောင်ကို အတုယူ ဖန်တီးရန် ချန်းရီ လုံးဝ မတွေးဖူးခဲ့ပေ။
အဘယ်ကြောင့်ဆိုသော် ထိုသို့လုပ်ရန် မဖြစ်နိုင်သောကြောင့် ဖြစ်သည်။
ထူးဆန်းသောအရာများသည် လူသားများနှင့် တွေ့ဆုံပါက ရက်စက်စွာ သတ်ဖြတ်ပြီး ဝါးမျိုရန် ဟူသော အတွေးတစ်ခုသာ ရှိကြသည်။
ယခုအခါတွင်မူ...
ဆက်ရန်...