← Chapters

အခန်း ၈၁

Vol. 5 Ch. 81

အခန်း ၈၁

Vol. 5 Ch. 81

အပိုင်း(၈၁) နာမည်ကြီး အင်တာနက်ဆယ်လီ

သွေးရောင်လမင်းကြီးက ကောင်းကင်ထက်တွင် မြင့်မားစွာ သာလွန်းနေပြီး သဲကန္တာရပေါ်တွင် ထူးဆန်းကျောချမ်းဖွယ် လေထုတစ်ခု ပိုမိုလွှမ်းမိုးနေ၏။

သို့သော် သဲခုံအောက်ရှိ စခန်းချရာ နေရာလေးတွင်မူ အထူးတလည် စည်ကားနေလေသည်။

သေချာသည်က ထိုသို့စည်ကားနေမှုမှာ အလွန်သေးငယ်သော အတိုင်းအတာတစ်ခုအတွင်း၌သာ ကန့်သတ်ထားခြင်း ဖြစ်သည်။

အခြားသော အသက်ရှင်ကျန်ရစ်သူများမှာ မီးပုံဘေးမှ လွင့်ပျံ့လာသော အသားဟင်းနံ့ကြောင့် တံတွေးများသာ မျိုချနေကြရ၏။

ထိုမီးပုံပေါ်ရှိ ဒယ်အိုးကြီးထဲတွင် ပြုတ်ထားသည်မှာ အသားစည်သွတ်ဘူး အနည်းငယ်နှင့် ဟင်းသီးဟင်းရွက်ခြောက်များသာ ဖြစ်ပြီး ယခင်က အစားအသောက် ချေးများတတ်သူများဆိုလျှင် ဤကဲ့သို့သော စည်သွတ်ဘူး အစားအစာမျိုးကို ထိပင်ထိမည် မဟုတ်ပေ။

သို့သော် ယခုအချိန်တွင်မူ ၎င်းတို့သည် အလွန်တရာ အဖိုးတန်လှသော ဟင်းလျာများဖြစ်နေပြီး တစ်လုတ်မျှ စားချင်လျှင်ပင် မရနိုင်တော့ချေ။

မီးပုံဘေးတွင် ရေဒီယိုတစ်လုံးက သီချင်းသံများကို ထုတ်လွှင့်ပေးနေသည်။

လူ ခုနစ်ယောက်၊ ရှစ်ယောက်ခန့်သည် မီးပုံကို ဝိုင်းဖွဲ့ထိုင်ကာ စကားစမြည် ပြောဆိုနေကြ၏။

မီးပုံပေါ်ရှိ ဒယ်အိုးကြီးမှာ အချင်း သုံးပေခန့် ရှိသည်။

ယင်းကို ကုလားအုတ်တစ်ကောင်၏ ကျောပေါ်မှ ချထားခြင်း ဖြစ်သည်။

အိုးထဲရှိ ဟင်းလျာများကို အဖွဲ့နှစ်ဖွဲ့က နားလည်မှုရှိရှိဖြင့် တစ်ဝက်စီ ထည့်ဝင်ထားကြခြင်း ဖြစ်၏။

ဤကဲ့သို့သော ကမ္ဘာပျက်ကပ်ကြီးထဲတွင် လူ ခုနစ်ယောက်၊ ရှစ်ယောက်ခန့်ကို ထမင်းဖိတ်ကျွေးရခြင်းမှာ ဘေးအန္တရာယ်တစ်ခုနှင့်ပင် တူနေလေသည်။

အရက်ဖြူ ပုလင်းအချို့ကိုလည်း ဖွင့်ထားသည်။

ခေါင်းဆောင်ဖြစ်သူ မိုဟိုင်ရမ်၏ လက်အနီးတွင် အပြည့်ငဲ့ထားသော အရက်ခွက်တစ်ခွက် ရှိနေ၏။

တစ်ကျိုက် သောက်လိုက်တိုင်း သူသည် အလွန်တရာ အရသာခံနေပုံရပြီး နတ်သုဒ္ဓါများကို သောက်သုံးနေရသည့်အလား ထင်မှတ်ရသည်။

အမှန်တကယ်တော့ ယနေ့သောက်နေသော အရက်ဖြူမှာ နာမည်ကြီးအရက် မဟုတ်သလို အကောင်းစားအရက်လည်း မဟုတ်ပေ။

၎င်းကို ယခင်က ချန်ရှုရွာမှ ရှာဖွေစုဆောင်းရရှိခဲ့ခြင်း ဖြစ်သည်။

ရွာတစ်ရွာရှိ စူပါမားကတ်အသေးလေးတစ်ခုတွင် အကောင်းစားအရက်များ မရှိနိုင်သည်မှာ သဘာဝပင် ဖြစ်၏။

"အင်း... အရင်တုန်းက ငါက ရွာက အရာရှိတစ်ယောက်ပေါ့... အိမ်မှာလည်း မိသားစု ခုနစ်ယောက် ရှစ်ယောက်လောက် ရှိတယ်"

"ငါတို့ရွာက တခြား ချမ်းသာတဲ့ ရွာတွေနဲ့ မယှဉ်နိုင်ပေမဲ့... အောက်ခြေရွာတွေထက်တော့ အများကြီး သာပါတယ်"

"ရေရှားတာကလွဲရင်... တခြားဟာတွေ အကုန်လုံး အဆင်ပြေတယ်"

"နောက်တော့ ရွာထဲကို လူတွေ အများကြီး ရောက်လာကြတယ်... အပြင်မှာ သရဲတစ္ဆေတွေ ရှိတယ်... မြို့တွေလည်း အကုန်ပျက်စီးကုန်ပြီလို့ ပြောကြတယ်"

"ဒါကို ငါက ဘယ်လိုလုပ် ယုံနိုင်မှာလဲ"

"ဒါပေမဲ့ ရောက်လာတဲ့လူတွေက တဖြည်းဖြည်း ပိုများလာတယ်"

"ရှောင်ချူ... မင်း မသိဘူး... လူတိုင်းက မြို့တွေ ပျက်စီးကုန်ပြီ... လူတွေလည်း သေကုန်ပြီလို့ လာပြောကြတာ"

"မင်း မသိဘူး... အဲဒီအချိန်တုန်းက ငါရင်ထဲမှာ အရမ်းကို ထိတ်လန့်သွားတာ"

ယခင်က ခေါင်းဆောင်ချူ ဖြစ်ခဲ့သူမှာ ယခုအခါ ရှောင်ချူ အဖြစ်သို့ ပြောင်းလဲသွားခဲ့လေပြီ။

ချူချယ်ကမူ စိတ်အနှောင့်အယှက်ဖြစ်စွာဖြင့် အံကြိတ်လိုက်မိသည်။

သောက်ကျိုးနည်း... မင်းက ခေါင်းဆောင်... ငါကလည်း ခေါင်းဆောင်ပဲ... ငါတို့နှစ်ယောက်က အဆင့်အတန်းချင်း တူတူကို မင်းက ငါ့ကို ရှောင်ချူလို့ ခေါ်တယ်ပေါ့လေ။

အဲဒါကိုတောင် ဒီလောက် လူအများကြီး ရှေ့မှာ ခေါ်ရသလား။

ဒါက သိပ်တော့ မသင့်တော်ဘူးမလား။

သို့သော် သတင်းအချက်အလက်များ ရယူနိုင်ရန်အတွက် ခေါင်းဆောင်ချူမှာ သည်းခံနေလိုက်ရတော့သည်။

"အစ်ကိုကြီး... ဖြည်းဖြည်းချင်း ပြောပါ... ကျွန်တော်တို့ ဖြည်းဖြည်းချင်း သောက်ကြတာပေါ့"

ချူချယ်က သူ၏အရက်ခွက်ထဲမှ အရက်များကို အဘိုးအို၏ ခွက်ထဲသို့ လောင်းထည့်ပေးလိုက်သည်။

မည်သို့ပင်ဖြစ်စေ ချူချယ်ကိုယ်တိုင်က အရက်ကြိုက်သူမဟုတ်သဖြင့် ပေးလိုက်ရလည်း ကိစ္စမရှိပေ။

အဘိုးအို၏ မျက်လုံးများက အပ်ကြောင်းရာလေးတစ်ခုအလား မှေးစင်းသွားသည်။

ဤအဘိုးအိုသည် ဆေးလိပ်ရော အရက်ပါ ကြိုက်နှစ်သက်ပြီး ရသမျှကို ငြင်းပယ်မည်မဟုတ်ကြောင်း သိသာလှပေသည်။

"မဟုတ်တာ... ဒီလို ဘယ်ဖြစ်မလဲ"

ပါးစပ်က မကောင်းပါဘူးဟု ပြောနေသော်လည်း လုပ်ရပ်ကမူ အလွန်ပင် ရိုးသားပွင့်လင်းနေ၏။

"ရှောင်ချူရာ... မင်း မသိပါဘူး... အဲဒီလူတွေက တော်တော် ယုတ်မာကြတာ"

"အစတုန်းက ရွာကို ရောက်လာတော့ သူတို့ကို စားကောင်းသောက်ဖွယ်တွေနဲ့ ဧည့်ခံခဲ့သေးတယ်... နောက်ပိုင်းကျတော့ သူတို့က..."

"သူတို့က ရိက္ခာမလောက်ဘူးဆိုပြီး လုယက်ဖို့ စလုပ်ကြတော့တာပဲ"

"ခွေးမသားတွေ... တကယ့်ကို အသုံးမကျတဲ့ ကောင်တွေ"

အဘိုးအိုက တစ်ဖက်မှ အရက်သောက်ရင်း အခြားတစ်ဖက်မှ တူကိုလှမ်းကာ အိုးကြီးထဲမှ အသားများကို ခပ်ယူစားသောက်နေပြီး စကားပြောနေစဉ် ပါးစပ်ထောင့်မှ ဆီများပင် စီးကျနေ၏။

အကြမ်းဖျင်း အခြေအနေမှာ မြို့ကြီးများကို ထူးဆန်းသောအရာများက သိမ်းပိုက်လိုက်ခြင်းပင် ဖြစ်သည်။

အသက်ရှင်ကျန်ရစ်သူများက သူတို့၏ ရွာသို့ ရောက်ရှိလာကြသည်။

ထို့နောက် သူတို့နှင့် ပဋိပက္ခများ ဖြစ်ပွားခဲ့ကြ၏။

ထိုနောက်ပိုင်းတွင် ရွာထဲ၌လည်း ထူးဆန်းသောအရာများ စတင် ပေါ်ပေါက်လာခဲ့သည်။

ထို့ကြောင့် သူတို့ ရွာထဲမှ ထွက်ပြေးလာခဲ့ကြခြင်း ဖြစ်သည်။

အခြားသူများ၏ အတွေ့အကြုံများနှင့် များစွာ ကွာခြားလှခြင်း မရှိပေ။

"အစ်ကိုကြီး... အဲဒီနောက်ပိုင်း အစိုးရဘက်က... စစ်တပ်ဘက်ကရော ဘာလှုပ်ရှားမှုမှ မရှိဘူးလား"

"ကျွန်တော်တို့မှာ လူတွေ ဒီလောက်အများကြီး... တပ်ဖွဲ့တွေ ဒီလောက်အများကြီး ရှိနေတာကို... ဘယ်လိုလုပ်ပြီး သတင်းအစအနလေးတောင် မကြားရတာလဲ"

"အစ်ကိုကြီး... ရှန်ဟိုင်းတောင် ကျဆုံးသွားပြီလို့ ကျွန်တော် ကြားတယ်"

"အဲဒါ ရှန်ဟိုင်းလေ... လူဦးရေ ဆယ်သန်းကျော်ရှိတဲ့ ထိပ်တန်းမြို့ကြီးလေ"

"ဘယ်လိုလုပ်ပြီး... ဒီလိုလွယ်လွယ်လေး ပျက်စီးသွားနိုင်မှာလဲ"

ချူချယ်က လေးနက်သော မျက်နှာထားဖြင့် မကျေမချမ်း ဖြစ်စွာ မေးလိုက်သည်။

"ဘာလို့ မရှိရမှာလဲ"

"ဟေ့... သွားစမ်း အဲဒီ လူဝကြီးကို ခေါ်ခဲ့"

အဘိုးအိုက တူဖြင့် အသားတစ်တုံးကို ညှပ်ကာ လှမ်းပစ်ပေးလိုက်သည်။

မျောက်တစ်ကောင်လို ပိန်လှီနေသော ယောကျာ်းတစ်ယောက်က ရုတ်တရက် ခုန်ထလာပြီး ထိုအသားတုံးကို ဖမ်းဆုပ်ကာ ပါးစပ်ထဲသို့ ထိုးသိပ်ထည့်လိုက်သည်။ အပူအအေးကိုပင် ဂရုမစိုက်နိုင်တော့ဘဲ ကမန်းကတန်း ဝါးမြိုရင်း ''ကျွန်'' များဟု ခေါ်ဆိုရမည့် လူအုပ်စုထံသို့ ပြေးသွားလေသည်။

မကြာမီမှာပင် ပိန်ပိန်ရှည်ရှည် အမျိုးသားတစ်ယောက် ထွက်ပေါ်လာသည်။

ဤအမျိုးသား၏ ပုံစံမှာ ''လူဝကြီး'' ဆိုသော အမည်နာမနှင့် လုံးဝကိုက်ညီမှု မရှိပေ။

"ဟီးဟီး... ရှောင်ချူ... ဒီလူက အရင်တုန်းက ဝဝဖြိုးဖြိုးကြီးကွ... အရင်က အရာရှိတစ်ယောက်တောင် ဖြစ်ခဲ့သေးတယ်လို့ ကြားတာပဲ... အခုတော့ စားစရာ မရှိလို့ ခုလို ပိန်သွားတာ"

"သူက ရှန်ဟိုင်းကနေ ထွက်ပြေးလာတာ... သူ ပြောတာကို မင်း နားထောင်ကြည့်ဦး"

"ရှန်ဟိုင်းအကြောင်း သူအသိဆုံးပဲ"

ချူချယ်၏ မျက်လုံးများ အနည်းငယ် အရောင်လက်သွားသည်။

သူ့ရှေ့ရှိ ဤပိန်ပိန်ရှည်ရှည် အမျိုးသားမှာ ရုတ်တရက် လူအများရှေ့သို့ အခေါ်ခံလိုက်ရသဖြင့် တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ရီနေသော်လည်း အားတင်းကာ မတ်တတ်ရပ်နေရှာသည်။

"မင်း... ညီလေးချူကို သေချာ ပြောပြလိုက်စမ်း"

ပိန်ပိန်ရှည်ရှည် အမျိုးသားက စိတ်ကို ငြိမ်အောင်ထားလိုက်ပြီးနောက် ဖြည်းဖြည်းချင်း စတင် ပြောပြလေတော့သည်။

ရှန်ဟိုင်းသည် နိုင်ငံအတွင်း၌ လက်ချိုးရေတွက်ရသော ထိပ်တန်းမြို့ကြီးတစ်မြို့ ဖြစ်ပြီး ၎င်းနှင့် ယှဉ်နိုင်သော မြို့များမှာ နိုင်ငံအတွင်း၌သာမက တစ်ကမ္ဘာလုံး၌ပင် လက်တစ်ဖက်စာမျှသာ ရှိပေသည်။

ဤလူမှာ ယခင်က ရှန်ဟိုင်းရှိ အစိုးရဝန်ထမ်းတစ်ဦး ဖြစ်ခဲ့သည်။

ရှန်ဟိုင်းတွင် ထူးဆန်းသောဖြစ်ရပ်များ စတင် ပေါက်ကွဲဖြစ်ပေါ်လာချိန်၌ အစိုးရဘက်မှ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ခဲ့သည်မှာ သိသာလှသည်။

သို့သော် ထူးဆန်းသောအရာများ၏ ဝင်ရောက်တိုက်ခိုက်မှုမှာ အလွန်တရာ ကြမ်းကြုတ်လွန်းလှသဖြင့် ရှန်ဟိုင်းမြို့ကြီး တစ်ခုလုံးမှာ တုံ့ပြန်ချိန်ပင် မရလိုက်ပေ။

ဤပိန်ပိန်ရှည်ရှည် အမျိုးသား၏ အဆိုအရ ညတွင်းချင်းမှာပင် ရှန်ဟိုင်းမြို့ကြီး ပြောင်းလဲသွားခဲ့သည်ဟု ဆိုသည်။

ညအချိန် ရောက်လာသောအခါ မြို့ကြီးတစ်ခုလုံးသည် တစ္ဆေမြို့တစ်မြို့အလား တိတ်ဆိတ်ငြိမ်သက်သွားခဲ့၏။

လူအများ စုဝေးရာ နေရာဖြစ်လေလေ... ထူးဆန်းသောဖြစ်ရပ်များ ပေါက်ကွဲဖြစ်ပေါ်မှု ပိုများလေလေ ပင်ဖြစ်သည်။

လောကငရဲဘုံဟု ဆိုလျှင်ပင် မှားမည်မထင်ပေ။

ဤကိစ္စသည် အထက်လူကြီးများ၏ အာရုံစိုက်မှုကို သေချာပေါက် ရရှိခဲ့ပြီး စစ်တပ်ကို အမြန်ဆုံး စေလွှတ်တပ်စွဲစေခဲ့သော်လည်း ဝမ်းနည်းစရာကောင်းစွာဖြင့် အခြေအနေကို ထိန်းချုပ်နိုင်ခြင်း မရှိခဲ့ပေ။

ခေတ်မီ လက်နက်ကြီးများသည် ထိုထူးဆန်းသည့် အရာများအပေါ်တွင် လုံးဝ အသုံးမဝင်ခဲ့ချေ။

ရက်အနည်းငယ်သာ အချိန်ယူခဲ့ရသည်။

လူသားများသည် တစ်ဆင့်ပြီးတစ်ဆင့် ဆုတ်ခွာခဲ့ရ၏။

ထို့နောက်တွင် ရှန်ဟိုင်းသည် လူသားတို့ တားမြစ်နယ်မြေ ဖြစ်သွားခဲ့တော့သည်။

နောက်ပိုင်းတွင် လူအင်အား စုစည်းကာ ရှန်ဟိုင်းသို့ ဝင်ရောက် စုံစမ်းစစ်ဆေးမှုများလည်း ရှိခဲ့သေးသည်။

အကြိမ်ကြိမ်အခါခါ ရှန်ဟိုင်းသို့ ဝင်ရောက်စုံစမ်းခဲ့သူများမှာ ရေတွက်၍ပင် မရနိုင်အောင် များပြားလှသည်။

သို့သော် တစ်ယောက်မျှ ပြန်မလာခဲ့ကြချေ။

လက်ရှိအချိန်တွင် ရှန်ဟိုင်းသည် နိုင်ငံအတွင်းသာမက တစ်ကမ္ဘာလုံး၌ပင် အန္တရာယ်အများဆုံး လူသူကင်းမဲ့သော တားမြစ်နယ်မြေများအနက်မှ တစ်ခု ဖြစ်နေခဲ့ချေပြီ။

ထိုအကြောင်းကို ပြောပြနေစဉ် ဤပိန်ပိန်ရှည်ရှည် အမျိုးသားမှာ တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ရီနေပြီး မျက်ရည်များပင် စီးကျလာသည်။

ချူချယ်က အခြေအနေမဟန်သည်ကို မြင်သဖြင့် ထိတ်လန့်ဖွယ်ရာ အမှတ်ရစရာများကို ထပ်မံ မဆွမိစေရန် အတိအကျ အသေးစိတ်များကို မပြောစေတော့ဘဲ အကြမ်းဖျင်း အခြေအနေများကိုသာ ပြောပြခိုင်းလိုက်သည်။

"ဒါဆို... အစိုးရကရော... အဖွဲ့အစည်းတွေကရော စခန်းတွေ မတည်ဆောက်ကြဘူးလား"

"ဒီကိစ္စကို ငါ သိတယ်"

မိုဟိုင်ရမ်က လက်ကာပြကာ ထိုပိန်ပိန်ရှည်ရှည် အမျိုးသားကို ထွက်သွားရန် နှင်လွှတ်လိုက်ပြီးနောက် ချူချယ်ကို လှည့်၍ ပြောလိုက်သည်။

"အစိုးရက တောင်ဘက်မှာ အသက်ရှင်ကျန်ရစ်သူတွေအတွက် စခန်းတစ်ခု တည်ဆောက်ထားတယ်လို့တော့ ငါ ကြားဖူးတယ်"

"အဲဒီစခန်းထဲမှာ လူသိန်းနဲ့ချီပြီး ရှိတယ်တဲ့"

"နောက်ပိုင်းကျတော့ လူတွေ အရမ်းများလာပြီး... ထူးဆန်းတဲ့ အရာတွေက ဝင်ရောက်တိုက်ခိုက်တာ ခံရလို့... သေတဲ့လူက သေ... ထွက်ပြေးတဲ့လူက ပြေးကုန်ကြတာပဲ"

"ဟူး... ယာဉ်တန်းထဲမှာ အရင်တုန်းက အဲဒီကနေ ထွက်ပြေးလာတဲ့ လူတစ်ယောက် ရှိတယ်... လွန်ခဲ့တဲ့ ရက်အနည်းငယ်ကပဲ သေသွားရှာပြီ... မဟုတ်ရင် သူ့ကို ခေါ်ပြီး မင်းကို ပြောပြခိုင်းလို့ ရသေးတယ်"

"ဒီတစ်ခုတည်းတင် မဟုတ်ဘူး"

"စခန်းတွေ တစ်ခုပြီးတစ်ခု အများကြီး ပေါ်လာသေးတယ်"

"လူများတဲ့ စခန်းတွေဆိုရင် အရင်တုန်းကလို သိန်းနဲ့ချီပြီး ရှိသလို... နည်းတဲ့ စခန်းတွေဆိုရင်လည်း ရာဂဏန်းလောက်တော့ ရှိကြတာပဲ"

"အခုတော့ အကုန်လုံး ပျက်စီးသွားကြပြီလေ"

"ဟူး..."

"ဒီကမ္ဘာပျက်ကပ်ကြီးကတော့... တကယ့်ကို မတွေးဝံ့အောင်ပဲ"

"တစ်ရက် အသက်ရှင်ရင် တစ်ရက်ပေါ့ဗျာ... သိပ်အများကြီး တွေးမနေနဲ့တော့"

မိုဟိုင်ရမ်က ခွက်ထဲရှိ အရက်များကို တစ်ကျိုက်တည်း မော့သောက်လိုက်ရာ သူ၏ မျက်နှာပေါ်တွင် အနီရောင်သန်းလာလေသည်။

ချန်းရီကလည်း သူ၏အရက်ကို ထိုအဘိုးကြီး၏ ခွက်ထဲသို့ လောင်းထည့်ပေးလိုက်သည်။

ထို့နောက် ဆေးလိပ်တစ်လိပ်ကို မီးညှိကာ သောက်လိုက်၏။

အဘိုးကြီးက ချန်းရီကို တစ်ချက်မျှပင် လှည့်မကြည့်ဘဲ ချူချယ်ကိုသာ ပြုံးဖြီးဖြီးဖြင့် ကြည့်နေသည်။

"မတွေးတော့ပါဘူးကွာ... ဘယ်လိုပဲဖြစ်ဖြစ် ကမ္ဘာပျက်ကပ် ရောက်နေပြီပဲ... တစ်ရက်ပြီးတစ်ရက် ရှင်သန်သွားရုံပေါ့"

"ဒါနဲ့ရှောင်ချူ... မင်း အင်တာနက်ဆယ်လီကို ကြည့်ချင်လား"

"ငါရဲ့ မယားငယ်လေးက နာမည်ကြီး အင်တာနက်ဆယ်လီ တစ်ယောက်လေ... အရင်တုန်းကဆိုရင် ပရိသတ် သန်းချီရှိတဲ့ နာမည်ကြီး အင်တာနက်ဆယ်လီ စတားတစ်ယောက်တဲ့"

"သူ တစ်ရက် ရှာနိုင်တဲ့ ပိုက်ဆံက... ငါတို့လို လူတွေ ၁၀ ဘဝလောက် ရှာရင်တောင် ရနိုင်မှာ မဟုတ်ဘူး"

"ကမ္ဘာပျက်ကပ်ကြီးသာ မရောက်လာခဲ့ရင်... ဒီလို မိန်းမမျိုးကို ငါ တွေးတောင် တွေးရဲမှာ မဟုတ်ဘူး"

"ဟီးဟီး... သူ ကတာ အရမ်းလှတာ... မင်း ကြည့်ချင်လား"

ချန်းရီကမူ ဤကဲ့သို့သော ကိစ္စရပ်များအပေါ် ကြီးမားသော စိတ်ဝင်စားမှုမျိုး မရှိလှပေ။

သူသည် စနစ်ကို တစ်ချက် လှမ်းကြည့်လိုက်သည်။

စွမ်းအင်ကျင့်စဉ်များကို တွက်ချက်ဖန်တီးရန် ဆယ်နာရီမျှသာ ကျန်တော့၏။

ခန့်မှန်းခြေအရ မနက်ဖြန် မနက်ပိုင်းတွင် တွက်ချက်ဖန်တီးမှု ပြီးဆုံးသွားပေလိမ့်မည်။

သို့သော်... ဤကုလားအုတ် ယာဉ်တန်းကြီးမှာ ထိုမျှလောက် ငြိမ်သက်နေမည် မဟုတ်ကြောင်း စိုးရိမ်ရသည်။

ခဏနေ၍ တိုက်ခိုက်မှုများ ဖြစ်ပေါ်လာပါက သူသည် စွန်းချန်းချန်း၏ အနီးတွင်သာ ကပ်၍နေရမည်။ ဓားနတ်ဘုရား လမ်းစဉ်၏ ဒုတိယအဆင့်ဖြစ်သော ထက်မြက်သောဓား အဆင့်ရှိ အစွမ်းပိုင်ရှင်တစ်ဦး၏ စွမ်းအားမှာ ရိုးရှင်းလှသည် မဟုတ်ပေ။

ချန်းရီသည် စိတ်ပိုင်းဖြတ်ပြီးသွားခဲ့ပြီ ဖြစ်သည်။

တိုက်နိုင်လျှင် တိုက်မည်။

မတိုက်နိုင်လျှင် ထွက်ပြေးမည်။

ဆက်ရန်...

All Chapters