← Chapters

အခန်း ၂၈၁

Vol. 15 Ch. 281

အခန်း ၂၈၁

Vol. 15 Ch. 281

အပိုင်း(၂၈၁) ဖြစ်ဖူးပြီးသား ဇာတ်ကွက်ကြီးလား

"၁၉၈၇"

"ဒီလောက်တောင် တက်သွားတာလား"

နတ်ဆင်ရွာရှိ တိုက်ပွဲတစ်ပွဲတည်းနှင့်ပင် အမုန်းတရား၏ အဆင့်က ဆယ်နေရာကျော်လောက်အထိ တက်သွားလိမ့်မည်ဟု ချန်းရီ ထင်မထားခဲ့ပေ။

သေချာသည်မှာ ထိုနတ်ဆင်ရွာတိုက်ပွဲတွင် ပါဝင်သည့် အရာအများစုမှာ ဝိညာဉ်ဆိုးများနှင့် ထူးဆန်းသည့်အရာများ ဖြစ်နေခြင်းကြောင့်ပင်တည်း။

၎င်းက အမုန်းတရား၏ ဓာတ်သဘာဝနှင့် အလွန် ကိုက်ညီနေပြီး "ဓားသွားဝှက်" အစွမ်းနှင့်လည်း အံဝင်ခွင်ကျ ဖြစ်နေခဲ့သည်။

နောင်တစ်ချိန်တွင် ယခုတစ်ကြိမ်ကဲ့သို့ အဆင့်မြန်မြန် တက်ချင်ပါက အနည်းငယ် ခက်ခဲသွားနိုင်ပေသည်။

ထို့အပြင် နံပါတ်စဉ် အဆင့်များ မြင့်တက်လာသည်နှင့်အမျှ နောက်ပိုင်းတွင် ပို၍ပို၍ ခက်ခဲလာမည်သာ ဖြစ်၏။

သို့သော်လည်း ဘာမှ တိုးတက်မလာခြင်းမျိုးတော့ မဟုတ်ခဲ့ပေ။

"အမုန်းတရား၏ စကားစု" သည်လည်း အဆင့်မြင့်တက်သွားခဲ့သည်။

"မျိုးမစစ်ဓား... မျိုးမစစ်ဓား... ကျစ်... ဘာလို့လဲ... ဘာလို့လဲ... ဘာလို့လဲ"

အဆင့်မြင့်တက်သွားသော ဤအမုန်းတရား၏ စကားစုကို ချန်းရီ မြင်လိုက်ရသည်။

ကြိုးကြိုးစားစား လေ့လာသင်ယူနေသော အောက်ခြေလူတန်းစား တစ်ယောက်က စာမေးပွဲ နောက်ဆုံးအချိန်ရောက်မှ မနည်း ကြိုးစားရင်း တိုးတက်မှု အနည်းငယ် ရရှိသွားသည်ကို ချန်းရီ တွေးတော မြင်ယောင်နေမိ၏။

သို့သော် နောက်သို့ လှည့်ကြည့်လိုက်ချိန်တွင်မူ။

သူ၏ ပြိုင်ဘက်ဟောင်းက ရှေ့တွင် ရောက်နေဆဲ ဖြစ်နေခဲ့သည်။

၎င်းက မည်မျှတောင် ရူးသွပ်ပေါက်ကွဲချင်စရာ ကောင်းသော စိတ်ခံစားချက်မျိုး ဖြစ်လိုက်မည်နည်း။

သဘာဝလွန်ပစ္စည်း တိုင်းသည် တစ်ခုနှင့်တစ်ခု မတူညီကြကြောင်း ချူချယ် ပြောခဲ့ဖူးသည်။

ဤ "အမုန်းတရား၏ စကားစု" ကဲ့သို့သော အချက်အလက်မျိုးကို အခြား သဘာဝလွန်ပစ္စည်းများတွင် ချန်းရီ တစ်ခါမျှ မတွေ့ဖူးခဲ့ချေ။

ချန်းရီက အမုန်းတရားနှင့် ပတ်သက်သည့် အခြားသော အချက်အလက်များကို ထပ်မံ စစ်ဆေးကြည့်လိုက်သည်။

အခြားသော စွမ်းရည်ပိုင်းဆိုင်ရာများတွင်မူ ကြီးကြီးမားမား ပြောင်းလဲသွားခြင်းမျိုး မရှိခဲ့ပေ။

လက်ထဲတွင် ကိုင်တွယ်ကြည့်ရသည်မှာ ယခင်ကထက် အနည်းငယ် ပိုလေးလာသလိုသာ ရှိ၏။

ဤတစ်ကြိမ်တွင် အဆင့်အနည်းငယ်သာ တက်သွားခြင်း ဖြစ်ပြီး အမုန်းတရားကို အပြင်းအထန် ပြောင်းလဲသွားစေနိုင်လောက်သည့် အထိတော့ မဟုတ်သေးကြောင်း သူ ခန့်မှန်းမိသည်။

ချန်းရီက အမုန်းတရားကို သူ၏ ခါးနောက်ဘက်သို့ ပြန်ထိုးထည့်လိုက်သည်။

ညာဘက်လက်က စတီယာရင်ကို ကိုင်ထားပြီး ဘယ်ဘက်လက်မောင်းကိုမူ ကားပြတင်းပေါက်ပေါ်တွင် တင်ထား၏။

နှုတ်ခမ်းထောင့်တွင်လည်း ဆေးလိပ်တစ်လိပ်ကို ခဲထားသည်။

ဤတစ်ကြိမ် သေလုမတတ် ထွက်ပြေးခဲ့ရခြင်းက သူ၏ အသက်ကို တကယ်ပင် နုတ်ယူသွားလုနီးပါး ဖြစ်ခဲ့ရသည်။

ကြီးကြီးမားမား တိုက်ခိုက်ခဲ့ရခြင်း မရှိသော်လည်း။

အချိန်ကြာမြင့်စွာ အာရုံစိုက်ထားခဲ့ရခြင်းကြောင့် သူ၏ စိတ်စွမ်းအင်များ အလွန်အမင်း ပင်ပန်းနွမ်းနယ်နေခဲ့သည်။

အလွန်အမင်း ပင်ပန်းနေခြင်းသာ မဟုတ်ပါက ယခုလက်ရှိ သနားစရာကောင်းလောက်အောင် နည်းပါးလှသော သူ၏ ဆေးလိပ် လက်ကျန်လေးများကို ကြည့်ကာ။

ချန်းရီက ဆေးလိပ်ကို ဒီတိုင်း အလွယ်တကူ ထုတ်သောက်ရက်မည် မဟုတ်ပေ။

ထို့အပြင် ဤတစ်ကြိမ်တွင် သတ်ဖြတ်မှတ် ဝင်ငွေဆို၍လည်း လုံးဝ မရှိသလောက်ပင် ဖြစ်သည်။

လမ်းတစ်လျှောက်လုံးတွင် ထူးဆန်းသည့်အရာ တစ်ကောင်ကိုမျှ မတွေ့ခဲ့ရချေ။

သို့သော်လည်း ကံကောင်းသည်မှာ မိစ္ဆာပစ်ကပ်ကားက မကြာမီတွင် အဆင့်မြှင့်တင်ခြင်း ပြီးဆုံးတော့မည် ဖြစ်သည်။

နောက်ထပ် နှစ်ရက်တောင် မလိုတော့ပေ။

ဒါကနံပါတ်စဉ် တစ်ထောင်အတွင်းရှိ သဘာဝလွန်ပစ္စည်းဖြစ်သည်။

ယာဉ်တန်း တစ်ခုလုံးတွင်လည်း ဤကဲ့သို့သော သဘာဝလွန်ပစ္စည်းမျိုး မရှိချေ။

အနည်းဆုံးတော့ အပြင်ပန်းတွင် မရှိသေးခြင်း ဖြစ်သည်။

သို့သော်လည်း အပြည့်အဝတော့ တပ်အပ်ပြော၍ မရပေ။

ခေါင်းဆောင်ချူ ကဲ့သို့သော ဉာဏ်များသည့် လူထံတွင် ထူးကဲလှသော လျှို့ဝှက်ချက် တစ်ခုခုကို ဖွက်ထားနိုင်လောက်သည်။

ကမ္ဘာပျက်ကပ် ခံတပ်ကားကြီးနှင့် ထိုပျော်ရွှင်သော မင်းသားလေး ကားတို့သည်လည်း ယာဉ်တန်းထဲသို့ ဝင်ရောက်လာခဲ့ကြသည်။

ဤကဲ့သို့သော ကမ္ဘာပျက်ကပ်ကြီးထဲတွင် ယာဉ်တန်းနှစ်ခု မနည်း တွေ့ဆုံခဲ့ရသည်ဖြစ်ရာ မည်သို့ပင်ဖြစ်စေ ရိက္ခာပစ္စည်းများ ဖလှယ်ခြင်း သို့မဟုတ် သတင်းအချက်အလက်များ ဖလှယ်ခြင်းတို့ကိုတော့ ပြုလုပ်ကြရမည်သာ ဖြစ်သည်။

ဤအတိုင်း လမ်းခွဲသွားကြမည်ဆိုပါက တကယ်ကို နှမြောစရာ ကောင်းလွန်းလှသည်။

ထို့ကြောင့် သင့်တော်သော နားခိုရာ နေရာတစ်ခုကို ရှာတွေ့ပြီးနောက်တွင်မှသာ အရောင်းအဝယ် ပြုလုပ်ကြရန် နှစ်ဖက်စလုံးက သဘောတူညီခဲ့ကြသည်။

ထို့အပြင် ခုနက ရေဒီယိုစကားပြောစက်ထဲတွင်လည်း။

ထိုဘုရင်ဆိုသူနှင့် ချူချယ်တို့ကြားတွင် သဘောတူညီချက် တစ်ခု ရရှိခဲ့ကြသည်။

ကမ္ဘာပျက်ကပ် ခံတပ်ကားကြီးထဲတွင် လက်ရှိ လူဦးရေ တစ်ရာ့ငါးဆယ်ခန့် ရှိနေသည်။

ထိုပမာဏသည် ကမ္ဘာပျက်ကပ် ခံတပ်ကားကြီး၏ ခံနိုင်ရည်ထက် များစွာ ကျော်လွန်နေခဲ့၏။

ထို့ကြောင့် ဘုရင်က ထိုအသက်ရှင်ကျန်ရစ်သူများထဲမှ တစ်စိတ်တစ်ပိုင်းကို ချူချယ်ထံသို့ လဲလှယ်ရန် ရည်ရွယ်ထားသည်။

ချူချယ်သည် အနည်းငယ် တုံ့ဆိုင်းသွားခဲ့သော်လည်း ချက်ချင်းပင် ထိုအပေးအယူကို သဘောတူ လက်ခံလိုက်သည်။

ချူချယ်က ဤအပေးအယူကို ဘာကြောင့် လက်ခံလိုက်သလဲ ဆိုသည်ကို ချန်းရီ မသိသော်လည်း။

ချူချယ်တွင် သူ၏ ကိုယ်ပိုင် စဉ်းစားဆင်ခြင်မှု ရှိလိမ့်မည်ဟု ချန်းရီ ယုံကြည်ထားသဖြင့် ဤကိစ္စကို ဝင်ရောက် စွက်ဖက်ခဲ့ခြင်း မရှိပေ။

အမှန်တကယ်တော့ ချန်းရီသည် မူလကတည်းက ယာဉ်တန်း၏ ကိစ္စများကို သိပ်ပြီး ဝင်ပါလေ့ မရှိပေ။

ယာဉ်တန်း၏ ကိစ္စကြီးများကို ခေါင်းဆောင်ချူက ဆုံးဖြတ်ပြီး ကိစ္စလေးများကိုမူ ရွှီနန်တို့က တာဝန်ယူ ဖြေရှင်းကြသည်။

"ဝှား"

ချန်းရီက တဝါးဝါး သမ်းဝေလိုက်သည်။

ကောင်းကင်ယံမှ ရွှေရောင် နေခြည်လေးက မျက်နှာပေါ်သို့ ကျရောက်လာရာ အနည်းငယ် မျက်စိကျိန်းစေသည်။

ချန်းရီသည် ခရီးသည်ထိုင်ခုံဘက်ရှိ အံဆွဲထဲမှ နေကာမျက်မှန်ကို ရှာဖွေပြီး တပ်ဆင်လိုက်သည်။

မျက်လုံးကို ပြန်လည် မော့ကြည့်လိုက်ချိန်တွင် ကောင်းကင်ယံရှိ တိမ်တိုက်များသည် ရွှေရောင်အဆင်းအဖြစ် ပြောင်းလဲနေသည်ကို သူ မြင်လိုက်ရ၏။

ရွှေရောင် တိမ်တိုက်များက ကောင်းကင် တစ်ခွင်လုံးတွင် ပြန့်ကျဲနေသည်။

ထို့အပြင် ချန်းရီသည် ထိုရွှေရောင် တိမ်တိုက်များကြားထဲတွင် မထင်မှတ်ထားသော အရာကိုပင် မြင်တွေ့လိုက်ရသည်။

ရောင်စုံ မင်္ဂလာတိမ်တိုက်များပင် ရှိနေခဲ့သည်။

"သေစမ်း"

ချန်းရီသည် ဤမြင်ကွင်းကို ဓာတ်ပုံရိုက်ကူးရန် ဖုန်းကို ကပျာကယာ စမ်းရှာလိုက်သည်။

ယခင်က မရဏနတ်သမီး၏ တိုက်ပွဲကို လေ့ကျင့်ရေးအတွက် ဖုန်းဖြင့် ဗီဒီယို ရိုက်ကူးထားခဲ့သည်။

ထို့နောက် အသုံးပြုပြီးသောအခါ မည်သည့်နေရာတွင် ပစ်ချထားခဲ့မှန်း သူ မမှတ်မိတော့ပေ။

ခရီးသည်ထိုင်ခုံ၏ အောက်ဘက်တွင် မနည်းရှာဖွေလိုက်ရသည်။

ကံကောင်းသည်မှာ ဖုန်းဘက်ထရီက ဆယ်ရာခိုင်နှုန်း ကျန်နေသေးခြင်းပင် ဖြစ်သည်။

အမြန် ဖုန်းဖွင့်ပြီး ကင်မရာကို ဖွင့်လိုက်သည်။

ချန်းရီက ဖုန်းကို ပြတင်းပေါက် အပြင်သို့ ထုတ်ကာ ကင်မရာကို ကောင်းကင်ယံရှိ ရွှေရောင် တိမ်တိုက်များဆီသို့ ချိန်ရွယ်လိုက်သည်။

မျက်စိရှေ့မှ ဤလှပသော မြင်ကွင်းမျိုးကို ယခင်က ဗီဒီယိုတို အက်ပလီကေးရှင်းများပေါ်တွင်ပင် သူ တစ်ခါမျှ မမြင်တွေ့ဖူးခဲ့ချေ။

ချန်းရီက ချီးကျူး အံ့သြနေချိန်မှာပင်။

"ဝုန်း... ဂါး..."

လောင်ညိုတောင်ရှေးဟောင်းလမ်းတွင် တောင်ပြိုမကျမီက ထွက်ပေါ်လာခဲ့သော အသံနှင့် အလွန်တူသည့် အသံတစ်ခုက တိမ်တိုက်များကို ဖောက်ထွက်လာခဲ့သည်။

ဤအသံသည် လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာ ဆီမှ ပျံ့လွင့်လာသကဲ့သို့ ရှိသည်။

သို့မဟုတ် နားထဲတွင် တိုက်ရိုက် ပဲ့တင်ထပ်နေသကဲ့သို့လည်း ခံစားရ၏။

သူဘရိတ်ကို ဆောင့်နင်းလိုက်သည်။

မိစ္ဆာပစ်ကပ်ကားက မြက်ခင်းပြင်ပေါ်တွင် နက်ရှိုင်းသော ဘီးရာနှစ်ကြောင်းကို ချန်ရစ်ထားခဲ့သည်။

အခြားကားများကလည်း ချန်းရီကဲ့သို့ပင် ဘရိတ်အုပ်လိုက်ကြ၏။

မြက်ခင်းပြင်ပေါ်တွင် ကြည့်ရဆိုးသော ဘီးရာများ ချက်ချင်းပင် များပြားလာခဲ့သည်။

လူတိုင်းက ကောင်းကင်ယံရှိ ရွှေရောင် တိမ်တိုက်များကို တပြိုင်နက်တည်း မော့ကြည့်လိုက်ကြသည်။

လူတိုင်း၏ စိတ်ထဲတွင် ရှေးဟောင်း စကားလုံးတစ်လုံးက ရုတ်တရက် ပေါ်ထွက်လာခဲ့၏။

"နဂါး"

ဤအသံသည် ဒဏ္ဍာရီထဲမှ နဂါးဟိန်းဟောက်သံနှင့် အလွန် တူညီလှသည်။

ချန်းရီသည် ကင်မရာကို ကိုင်ထားသော လက်ဖြင့် ကောင်းကင်ယံရှိ တိမ်တိုက်များဆီသို့ အသေအချာ ချိန်ရွယ်ထားလိုက်သည်။

ကျောင်းကားထဲတွင် အိပ်ချင်မူးတူး ဖြစ်နေခဲ့ကြသော အသက်ရှင်ကျန်ရစ်သူများသည်လည်း ပြတင်းပေါက်မှတစ်ဆင့် အဝေးဆီသို့ ကြောက်ရွံ့မှုနှင့် စိတ်လှုပ်ရှားမှုများ ရောယှက်နေသော မျက်လုံးများဖြင့် စူးစိုက် ကြည့်နေကြသည်။

ခေါင်းဆောင်ချူက သူ၏ လက်နှစ်ဖက်ကို တင်းကြပ်စွာ ဆုပ်ထားပြီး နှုတ်ခမ်းများ ဖြူရော်နေကာ သူ၏ မျက်ဝန်းများမှာလည်း အလွန်အမင်း တုန်လှုပ်နေခဲ့သည်။

မည်သည့်အကြောင်းကြောင့်မှန်း မသိသော်လည်း ဤအချိန်တွင် ခေါင်းဆောင်ချူ၏ မျက်နှာအမူအရာမှာ အလွန်ပင်။

ဖော်ပြရခက်သော မျက်နှာအမူအရာမျိုး ဖြစ်နေ၏။

သို့သော် ခေါင်းဆောင်ချူက ကားပြတင်းပေါက်တွင် မှီ၍ အဝေးရှိ တိမ်တိုက်များကို ကြည့်ကာ ဒဏ္ဍာရီလာ အရိပ်အယောင်ကို စောင့်မျှော်နေဆဲ ဖြစ်သည်။

"အမဝမ်းကွဲ... စောစောက ဟာက... နဂါး... နဂါးဟိန်းဟောက်သံလား"

"ဘုရားရေ... ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

လူမဲ့မောင်းနှင်စနစ်ဖြင့် ပြင်ဆင်ထားသော လမ်းကြမ်းမောင်းကားထဲရှိ ယာဉ်မောင်းခုံမှ မယုံနိုင်ဖွယ် အံ့သြသံများ ထွက်ပေါ်လာခဲ့သည်။

"ဘာလို့ မဖြစ်နိုင်ရမှာလဲ... နင် တိတ်တိတ်နေစမ်း"

ပန်းရောင်ဆံပင်နှင့် ကောင်မလေးက သူမ၏ မီးနဂါးဓားကို တင်းကြပ်စွာ ဆုပ်ကိုင်ထားပြီး ဓားရိုးတံမှ အနည်းငယ် ပူနွေးလာသကဲ့သို့ ခံစားလိုက်ရသည်။

တင်းတုံနှင့် ကျိုးရှောင်ရှောင် တို့ နှစ်ယောက်သား အချင်းချင်း ကြည့်လိုက်ကြပြီး သူတို့၏ မျက်လုံးများထဲတွင် အံ့အားသင့်မှုများနှင့် မယုံကြည်နိုင်မှုများကို အပြန်အလှန် မြင်တွေ့နေရသည်။

ဤခဏလေးအတွင်းမှာပင်။

ချန်းရီ၏ နောက်ဆုံးကျန်ရစ်သော သွေးမျက်လုံးမှာ ပို၍ပို၍ ပြူးကျယ်လာခဲ့သည်။

အဘယ်ကြောင့်ဆိုသော်။

ထိုရွှေရောင် တိမ်တိုက်များကြားထဲတွင်။

တစ်ကောင်... မဟုတ်ဘူး... တစ်စင်း...

မည်သို့ပင်ဖြစ်စေ သွယ်လျရှည်လျားသော အရိပ်တစ်ခုက တိမ်တိုက်များကြားမှ တဖြည်းဖြည်း ပေါ်ထွက်လာပြီး ကောင်းကင်ယံထက်တွင်။

၎င်းက မည်းနက်နေပြီး။

သွယ်လျရှည်လျားသည့်။

သမင်ဂျိုများ၊ လင်းယုန်လက်သည်းများ၊ အကြေးခွံများ။

ဤမျှဝေးကွာသော နေရာမှပင် ချန်းရီ၏ နှလုံးသားက ရူးသွပ်မတတ် တဒုတ်ဒုတ် ခုန်ပေါက်နေသည်ကို သူ ခံစားနေရဆဲ ဖြစ်သည်။

ထိုနတ်နဂါးထံမှ ထွက်ပေါ်လာသော ဖိအားများကို သူ အမှန်တကယ် ခံစားနေရကြောင်း ဤအချိန်တွင် ချန်းရီ အလွန် သေချာနေခဲ့သည်။

၎င်းသည် ထူးဆန်းသည့်အရာများနှင့် ရင်ဆိုင်ရချိန်က ခံစားချက်မျိုးနှင့် လုံးဝကို ကွဲပြားခြားနားနေ၏။

ဤအနက်ရောင် နတ်နဂါးကြီးသည် တိမ်တိုက်များကြားထဲတွင် ပေါ်လာလိုက် ပျောက်သွားလိုက် ဖြစ်နေသည်။

ကိစ္စရပ်များက ဤမျှသာဆိုလျှင် တော်သေးသည်။

သူ့နှင့် နတ်နဂါးတို့၏ ရေစက်က ဤမျှသာဟု ချန်းရီ ထင်မှတ်နေချိန်မှာပင်။

မည်းနက်နေသော နတ်နဂါးကြီးသည် တစ်စုံတစ်ခုကို အာရုံခံမိသွားသကဲ့သို့ ရုတ်တရက် ခေါင်းလှည့်ကာ ယာဉ်တန်းရှိရာဘက်သို့ လှမ်းကြည့်လာသည်။

ထိုတစ်ခဏလေးအတွင်းမှာပင် လူတိုင်းက အသက်ရှူရပ်လုနီးပါး ဖြစ်သွားကြ၏။

မဟုတ်သေးဘူး။ ဒီနဂါးက ဘာလို့ ငါတို့ဆီကို ဦးတည်လာနေတာလဲ။

မဟုတ်တာ... ငါတို့ဆီကို လာနေတာ မဖြစ်လောက်ပါဘူး။

အဲဒါက နတ်နဂါးကြီးလေ။ နတ်နဂါးကြီး စိတ်ဝင်စားလောက်စရာ ငါတို့ဆီမှာ ဘာများ ရှိနေလို့လဲ။

တိုက်ဆိုင်မှုသက်သက်သာ ဖြစ်ရမည်။

ချန်းရီ ထိုသို့ တွေးတောနေချိန်မှာပင်။

သူ၏ မျက်ဝန်းများထဲတွင် နတ်နဂါးကြီးက ပို၍ပို၍ ကြီးမားလာသည်ကို မြင်တွေ့လိုက်ရသည်။

ထိုဧရာမ နဂါးခေါင်းကြီးသည် ယခင်က မြူခိုးမြစ်တွင် တွေ့ခဲ့ရသော မြွေကြီးထက်ပင် ပို၍ ကြီးမားနေသေးသည်။

မဟုတ်သေးဘူးလေ။

ဒီနတ်နဂါးကြီးက ငါတို့ဆီကို တကယ်ကြီး ဦးတည်လာနေတာလား။

ဒါက...

မဟုတ်သေးဘူး။ အရင်က မြူခိုးမြစ် မြွေကြီးနဲ့ တစ်ကြိမ် ကြုံခဲ့ရပြီးပြီ။

အခု ထပ်လာပြန်ပြီလား။

ဒါက ဖြစ်ဖူးပြီးသား ဇာတ်ကွက်ကြီးတွေလေ။

နည်းနည်းလောက်တောင် အသစ်အဆန်း မဖြစ်နိုင်တော့ဘူးလား။

ဆက်ရန်...

All Chapters