အခန်း ၁၃၂
Vol. 7 Ch. 132
အပိုင်း(၁၃၂) ကမ္ဘာပျက်ကပ်ထဲက သာမန်လူတစ်ယောက် သေဆုံးခြင်း
ကျိုးရှောင်ရှောင်က ထမင်းယူပြီးနောက် ပြန်လှည့်လာခဲ့သည်။
မရဏနတ် ဂိုဏ်း၏ စခန်းချရာ နေရာသို့ ရောက်လာပြီးနောက် အားလုံး၏ နေ့စဉ်ဘဝမှာ သိသိသာသာ ပိုမို ပေါ့ပါးလာခဲ့သည်။
နေ့စဉ် မဖြစ်မနေ ပြောင်းရွှေ့နေရခြင်းမျိုး မရှိတော့သလို အချိန်တိုင်း နေရာတိုင်းတွင် စိတ်ကို တင်းကျပ်ထားရန်လည်း မလိုအပ်တော့ပေ။
ယနေ့ မနက်ပိုင်းက ထိုကဲ့သို့သော ကိစ္စမျိုး ဖြစ်ပွားခဲ့သော်လည်း အားလုံး၏ မျက်နှာပေါ်ရှိ အမူအရာများမှာ ပေါ့ပါးနေဆဲပင် ဖြစ်သည်။
ယခင်က ပြောင်းရွှေ့ရုန်းကန်ခဲ့ရသော ဘဝများနှင့် နှိုင်းယှဉ်ပါက ယခုလက်ရှိ နေ့ရက်များသည် တကယ့်ကို နတ်ပြည်တစ်မျှပင် ဖြစ်သည်။
ယနေ့ မနက်စာမှာ ဆန်ပြုတ်တစ်ပန်းကန်၊ အပင်ပေါက်နေသော အာလူးပြုတ် တစ်လုံး၊ ဆားနယ်ထားသော ဟင်းသီးဟင်းရွက် အနည်းငယ်နှင့် သက်တမ်းကုန်နေသော ပေါင်မုန့် အပိုင်းအစလေး တစ်ခုသာ ဖြစ်သည်။
ချန်းရီတို့၏ မနက်စာနှင့်တော့ သဘာဝကျစွာပင် နှိုင်းယှဉ်၍ မရနိုင်ပေ။
သို့သော် ကျိုးရှောင်ရှောင်ကတော့ ကျေနပ်နေပြီ ဖြစ်သည်။
သူတို့ကဲ့သို့ အပြင်မှ ရောက်လာသူများ အနေဖြင့် ဤမျှလောက် ရိက္ခာများ ရရှိခြင်းကပင် အလွန် ကောင်းမွန်နေပြီ ဖြစ်သည်။
မရဏနတ် ဂိုဏ်းဝင်များကမူ နေ့လယ်စာအဖြစ် အသားပြား တစ်ပြားကို အပိုဆောင်း ရရှိကြသေး၏။
ဤအခွင့်အရေး တစ်ခုတည်းကပင် အသက်ရှင်ကျန်ရစ်သူ အများအပြားကို မနာလို ဖြစ်စေခဲ့သည်။
အချို့သော အသက်ရှင်ကျန်ရစ်သူများက မရဏနတ် ဂိုဏ်းဝင်များနှင့် စတင် ဆက်သွယ်ကာ ဂိုဏ်းဝင်ရန် မည်သည့် သတ်မှတ်ချက်များ လိုအပ်ကြောင်းနှင့် မည်သို့ လုပ်ဆောင်ရမည်ကို မေးမြန်းနေကြပြီ ဖြစ်သည်။
အထူးသဖြင့် ထိုမရဏနတ် ဂိုဏ်းဝင်များသည် နေ့စဉ် အင်္ကျီပါးလေးများကိုသာ ဝတ်ဆင်ကာ ဤအသက်ရှင်ကျန်ရစ်သူများရှေ့တွင် သွားလာလှုပ်ရှားနေကြသည်။
အထူကြီးဖြစ်နေသော အနွေးထည်များကို မဖြစ်မနေ ဝတ်ဆင်ထားရဆဲဖြစ်သည့် သူတို့နှင့် နှိုင်းယှဉ်ပါက အသက်ရှင်ကျန်ရစ်သူ အများအပြားမှာ အလွန်ပင် စိတ်ဝင်စားနေကြပြီ ဖြစ်သည်။
ကံကောင်းသည်မှာ ဤလူများသည် ဦးလေးအားပေါင် အပေါ်တွင် အနည်းငယ် ကြောက်ရွံ့လေးစားမှု ရှိနေကြသေးခြင်းပင်။
ဦးလေးအားပေါင်၏ ခွင့်ပြုချက် မရှိဘဲနှင့် ဤလူများသည် လောလောဆယ်တွင် မရဏနတ် ဂိုဏ်းသို့ ကိုယ့်သဘောနှင့်ကိုယ် ဝင်ရောက်ရန် သိပ်မရဲကြသေးပေ။
ကျိုးရှောင်ရှောင်က ထမင်းနှစ်ပွဲ ယူပြီးနောက် ခေါင်းငုံ့ကာ ပထမနှစ် အခန်း(၁) မှ ထွက်ခွာလာခဲ့သည်။
ယခုအချိန်တွင် စင်္ကြံလမ်းထဲ၌ လူများ သိပ်မရှိတော့ဘဲ လူအများစုမှာ ထမင်းစားဆောင်သို့ ထမင်းစားရန် သွားကြပြီ ဖြစ်သည်။
ကျိုးရှောင်ရှောင်သည် တတိယနှစ် အခန်း(၂) သို့ တောက်လျှောက် လျှောက်လာခဲ့ပြီး အခန်းတံခါးကို တွန်းဖွင့်လိုက်သောအခါ...
စာသင်ခန်း အလယ်ရှိ မျက်နှာကြက်ပန်ကာတွင် တွဲလောင်းကျနေသော အလောင်းတစ်လောင်းကို တွေ့လိုက်ရသည်။ ထိုအလောင်း၏ မျက်နှာပေါ်တွင် အနက်ရောင်နှင့် အနီရောင် ရောယှက်နေသော အပေါက်ကြီး နှစ်ပေါက် ရှိနေပြီး အလွန်တရာ ကြက်သီးထဖွယ် ကောင်းလှသည်။
အလောင်း၏ ခြေထောက်အောက်တွင်မူ လဲကျနေသော ကုလားထိုင်တစ်လုံး ရှိနေသည်။
"အား"
စူးစူးဝါးဝါး အော်ဟစ်သံ တစ်သံက ဒုတိယ မူလတန်းကျောင်း တစ်ခုလုံးကို ထပ်မံ ထိုးခွဲသွားပြန်သည်။
...
ဦးလေးအားပေါင်က လူအချို့ကို ခေါ်ဆောင်ကာ စာသင်ခန်းထဲသို့ ရောက်လာချိန်တွင် ဤမြင်ကွင်းကို မြင်လိုက်ရသော်လည်း မည်သည့်စကားမျှ မဆိုခဲ့ပေ။
သူက လူများကို ရှောင်ချောင်၏ အလောင်းအား ဖြုတ်ချရန်သာ ခိုင်းစေလိုက်သည်။
ရှောင်ချောင်မှာ အသက်ရှူရပ်နေပြီ ဖြစ်ပြီး ရေရောထားသော မရဏနတ်သမီးမျက်ရည် များကို မည်မျှပင် တိုက်ကျွေးစေကာမူ သူ့ကို ပြန်လည် အသက်ရှင်လာစေရန် မဖြစ်နိုင်တော့ပေ။
မည်သူတစ်ဦးတစ်ယောက်မှ မျက်ရည်မကျခဲ့ကြပေ။
အားလုံးက ရှောင်ချောင်၏ အလောင်းကို စစ်ဆေးနေသော ဦးလေးအားပေါင်အား တိတ်ဆိတ်စွာဖြင့်သာ စောင့်ကြည့်နေကြသည်။
ရှောင်ချောင် ဤသို့ လုပ်ဆောင်ရသည့် အကြောင်းရင်းကို အားလုံး သိထားကြသည်။
မျက်စိနှစ်ကွင်း အလင်းမရတော့သော လူတစ်ယောက်အနေဖြင့် ကမ္ဘာပျက်ကပ် မတိုင်မီကပင် အသက်ရှင် ရပ်တည်ရန် အလွန်ခက်ခဲလှသည် ဖြစ်ရာ၊ ယခုကဲ့သို့သော ကမ္ဘာပျက်ကပ်ကြီးထဲတွင်မူ ဆိုဖွယ်ရာပင် မရှိတော့ပေ။
အားလုံးက ဝိုင်းဖွဲ့ကာ ရပ်နေကြပြီး ကြောက်မက်ဖွယ်ကောင်းလောက်အောင် တိတ်ဆိတ်နေကြသည်။
ဦးလေးအားပေါင်က ရွှီနန်၏ လက်ထဲမှ စာတစ်စောင်ကို လှမ်းယူလိုက်သည်။
၎င်းမှာ ရွှီနန်က ရှောင်ချောင်၏ အပေါ်အင်္ကျီ အတွင်းဘက် အိတ်ကပ်ထဲမှ ရှာတွေ့ခဲ့ခြင်း ဖြစ်သည်။
ဦးလေးအားပေါင်က သေတမ်းစာကို ကျိုးရှောင်ရှောင်ထံသို့ ကမ်းပေးလိုက်သည်။ "ရှောင်ရှောင်... အရင်က သမီးနဲ့ သူတို့ရဲ့ ဆက်ဆံရေးက အကောင်းဆုံးဆိုတော့ ဒီစာကို သမီးပဲ သိမ်းထားလိုက်ပါ"
ကျိုးရှောင်ရှောင်က ထိုစာကို ထုံထိုင်းစွာဖြင့် လှမ်းယူလိုက်သည်။ စာကို ကိုင်ထားသော သူမ၏ လက်ချောင်းများက အနည်းငယ် အားစိုက်ထားသဖြင့် လက်ဆစ်များမှာ ဖြူရော်ကာ တုန်ယင်နေ၏။
ရိုးရှင်းသော အောက်မေ့ဖွယ် ဇာပနာ အခမ်းအနားလေးမှာ ဆယ်မိနစ်ခန့်သာ ကြာမြင့်ခဲ့သည်။
ရှောင်ချောင်၏ အလောင်းကို ကျောင်းအနောက်ဘက်ရှိ ပန်းခင်းထဲတွင် မြှုပ်နှံလိုက်ကြသည်။
ဦးလေးအားပေါင်၏ ကြီးကြပ်မှုအောက်တွင် အသက်ရှင်ကျန်ရစ်သူ အချို့က တိမ်တိမ်လေးရှိသော တွင်းငယ်တစ်ခုကို တူးကာ ရှောင်ချောင်၏ အလောင်းကို ဖြစ်သလိုပင် မြှုပ်နှံလိုက်ကြသည်။
ထို့နောက် အပေါ်မှ နှင်းတစ်ထပ် ဖုံးအုပ်ကာ နှင်းများကို ချွန်ချွန်လေးဖြစ်အောင် စုပုံလိုက်ပြီး အမှတ်အသား တစ်ခုအဖြစ် သတ်မှတ်လိုက်ကြသည်။
ဤဖြစ်စဉ် တစ်ခုလုံးတွင် မည်သည့် လမ်းစဉ် အစွမ်းပိုင်ရှင် တစ်ဦးတစ်ယောက်မှ ပေါ်လာခဲ့ခြင်း မရှိပေ။
ချန်းရီ တစ်ယောက်တည်းသာ လမ်းကြုံသဖြင့် ဖြတ်သွားပုံရပြီး အဝေးမှနေ၍ တစ်ချက် လှမ်းကြည့်ကာ ဆေးလိပ်ကို ကိုက်လျက် ထွက်ခွာသွားခဲ့သည်။
အသက်ရှင်ကျန်ရစ်သူ အချို့က သေးငယ်သော နှင်းသင်္ချိုင်းလေး ရှေ့တွင် ဝမ်းနည်းကြေကွဲဖွယ် မျက်နှာများဖြင့် ရပ်နေကြသည်။ နှင်းများက ဆက်လက် ကျဆင်းနေဆဲဖြစ်ပြီး တဖွဲဖွဲ ကျဆင်းလာသော နှင်းပွင့်များက နှင်းသင်္ချိုင်းလေးကို အနည်းငယ် ပို၍ မြင့်တက်လာစေသည်။
ကျိုးရှောင်ရှောင်က ရှောင်ချောင်၏ စာကို ကိုင်လျက် တတိယနှစ် အခန်း(၂) သို့ ပြန်လာခဲ့သည်။
တတိယနှစ် အခန်း(၂) မှာ အနည်းငယ် တိတ်ဆိတ်နေသည်။ ရှောင်ချောင်က ဤသို့ ရွေးချယ်သွားလိမ့်မည်ဟု မည်သူကမျှ ထင်မှတ်မထားခဲ့ကြသဖြင့် တစ်ခဏတာမျှ အချင်းချင်း ကိုယ်ချင်းစာကာ ဝမ်းနည်းနေကြသည်။
ရှောင်ချောင်သည် ထိုမျက်နှာကြက်ပန်ကာတွင် ကြိုးဆွဲချ သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။
အကယ်၍ ယခင်ကသာဆိုလျှင် ဤစာသင်ခန်းထဲတွင် နောက်ထပ် လူနေထိုင်ရန် လုံးဝ မဖြစ်နိုင်တော့ပေ။
သို့သော် ယခုအချိန်တွင် ကမ္ဘာပျက်ကပ်ကြီး ရောက်ရှိနေပြီဖြစ်ရာ သေဆုံးသွားသူများကို မမြင်ဖူးသူဟူ၍ မရှိတော့သလို ရှောင်ချောင်ထက် ပို၍ ဆိုးရွားစွာ သေဆုံးသွားသူများမှာလည်း နေရာတိုင်းတွင် ရှိနေပေသည်။
ကျိုးရှောင်ရှောင်က ရှောင်ချောင်၏ စာကို ထုတ်ယူကာ တဖြည်းဖြည်း ဖြန့်လိုက်သည်။
စာ၏ အစတွင် ဤသို့ ရေးသားထားသည်။
"ယွမ်ယွမ်... တောင်းပန်ပါတယ်... ငါ နင့်ကို အဖော်ပြုပေးဖို့ ပိုပြီး စောစော လာခဲ့သင့်တာ"
ယွမ်ယွမ် ဆိုသည်မှာ ရှောင်ချောင်၏ ချစ်သူကောင်မလေး ဖြစ်ပြီး မျက်နှာဝိုင်းဝိုင်းလေးနှင့် ကောင်မလေး တစ်ဦး ဖြစ်သည်။ သူမ ရယ်မောလိုက်သည့် အချိန်တိုင်း မျက်လုံးလေးများမှာ ကွေးညွှတ်နေသော လခြမ်းလေး နှစ်ခုအဖြစ် ပြောင်းလဲသွားတတ်ပြီး အလွန် ချစ်စရာကောင်းလှသည်။
မိမိသည် ကျိုးလန်၏ ညီမဖြစ်ကြောင်း ပထမဆုံးအကြိမ် သိရှိသွားချိန်တွင် ထိုကောင်မလေး၏ မျက်လုံးများက တောက်ပသွားခဲ့ပြီး သူမ၏ လက်ကို ဆုပ်ကိုင်ကာ အချိန်အတော်ကြာအောင် စကားတွေ ပြောခဲ့သည်။ အားလုံးမှာ အစ်မဖြစ်သူ ကျိုးလန် အကြောင်းများသာ ဖြစ်သည်။
ထိုအချိန်မှစ၍ ကျိုးရှောင်ရှောင်သည် ယွမ်ယွမ်အပေါ် သံယောဇဉ် ဖြစ်ပေါ်လာခဲ့ပြီး ထိုမှတစ်ဆင့် ရှောင်ချောင်အပေါ်တွင်လည်း ခင်မင်မှု ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။
စာအစရှိ ဤစာကြောင်းကို မြင်လိုက်ရချိန်တွင် ရှောင်ချောင်၌ ကြိုတင် အစီအစဉ် ရှိနေခဲ့ပြီး ယနေ့မှသာ အကောင်အထည် ဖော်လိုက်ခြင်း ဖြစ်နိုင်ကြောင်း ကျိုးရှောင်ရှောင် သဘောပေါက်သွားခဲ့သည်။
"ယွမ်ယွမ်... တောင်းပန်ပါတယ်... အဲဒီနေ့က နင် နောက်ကျန်ရစ်ခဲ့တယ်လို့ တစ်ယောက်ယောက်က လာပြောတုန်းက ငါ အစက မယုံကြည်ခဲ့ဘူး"
"နင်က ငါ့အနားကနေ ခဏလေးပဲ ထွက်သွားတာကို... ဘယ်လိုလုပ်ပြီး နောက်ကျန်ရစ်ခဲ့နိုင်မှာလဲ"
"နောက်ပိုင်း ငါ နင့်ကို ပြန်သွားရှာခဲ့သေးတယ်... ဒါပေမဲ့ ကျယ်ပြောလှတဲ့ သဲကန္တာရကြီးထဲမှာ နင့်ရဲ့ အရိပ်အယောင်လေးတောင် လုံးဝ မတွေ့ခဲ့ဘူး"
"ယာဉ်တန်းထဲမှာ ဒီလိုမျိုး နောက်ကျန်ရစ်ခဲ့တဲ့ သူတွေ အများကြီး ရှိပေမဲ့ အဲဒီလူက နင် ဖြစ်နေလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး"
"နင်က... နင်က ငါ့ရဲ့ အမြင်အာရုံထဲကနေ ပျောက်သွားတာ မိနစ်ပိုင်းလေးပဲ ရှိသေးတာကို"
"ဘယ်နေရာကိုပဲရောက်ရောက် ငါ့နောက်ကနေ အမြဲတမ်း ကပ်လိုက်ခဲ့ဖို့ ငါ နင့်ကို သေချာမှာထားခဲ့ရက်သားနဲ့"
"ဦးလေးအားပေါင်ကလည်း ယာဉ်တန်းရဲ့ ပထမဆုံး သံမဏိစည်းမျဉ်းက နောက်ကျန်မရစ်စေနဲ့... နောက်ကျန်မရစ်စေနဲ့... လုံးဝ နောက်ကျန်မရစ်စေနဲ့ဆိုပြီး အထပ်ထပ်အခါခါ ကြေညာထားခဲ့တာကို"
"နင် ဘာလို့ မလုပ်နိုင်ခဲ့ရတာလဲ"
"နင်က တကယ့် အရူးမလေးပဲ"
ဤစာကို ဤနေရာအထိ ရေးပြီးချိန်တွင် သူသည် အချိန်အတော်ကြာအောင် ရပ်တန့်နေခဲ့ပုံရသည်။
ထို့နောက် တစ်ကြောင်းချန်ကာ ဆက်လက် ရေးသားထားသည်။
နေ့စွဲလည်း မပါသလို အစချီစကားလည်း မရှိပေ။ သို့သော် ကျိုးရှောင်ရှောင်သည် ဤနေရာအထိ ဖတ်ရှုပြီးချိန်တွင် ၎င်းမှာ ရှောင်ချောင်က ရက်အနည်းငယ် ကြာပြီးမှ ဆက်ရေးထားခြင်း ဖြစ်ကြောင်း သဘောပေါက်သွားခဲ့သည်။
"ယွမ်ယွမ်... မနေ့ညက ငါ နင့်ကို အိပ်မက်မက်တယ်"
"မနက်နိုးလာတဲ့အချိန် မျက်နှာတစ်ပြင်လုံးမှာ မျက်ရည်တွေ ပြည့်နေတဲ့ ခံစားချက်မျိုးကို နင် ကြုံဖူးလား"
"ငါ ကြုံဖူးသွားပြီ... မျက်နှာသစ်ထားသလိုမျိုးပဲ"
"ငါ မျက်နှာမသစ်ရတာ လပေါင်းများစွာ ကြာနေခဲ့ပြီလေ"
"အဲဒီနေ့ကသာ ငါ နင်နဲ့အတူ ရှိနေခဲ့မယ်ဆိုရင် ဘယ်လောက်ကောင်းလိုက်မလဲလို့ တစ်ခါတလေ ငါ တွေးမိတယ်"
"နောက်ကျန်ရစ်ခဲ့မယ်ဆိုရင်တောင် နောက်ကျန်ရစ်ခဲ့ရမယ့်သူက ငါပဲ ဖြစ်သင့်တာ"
"အသက်ရှင်နေရတာက ငါ့အတွက် အကြီးမားဆုံး ပြစ်ဒဏ်ပဲ ဖြစ်လိမ့်မယ်"
ဆက်လက် ရေးသားထားသော အကြောင်းအရာများမှာ ရှောင်ချောင်၏ ဤကာလအတွင်း ခံစားခဲ့ရသော ပူဆွေးသောကများ၊ နောင်တရမှုများနှင့် မိမိကိုယ်မိမိ အပြစ်တင်မှုများသာ ဖြစ်သည်။
ဤစာမှာ ရှောင်ချောင်က သူ၏ ချစ်သူ ယွမ်ယွမ်ထံသို့ ရေးသားထားခြင်းနှင့် ပိုတူသော်လည်း ထိုစာမှာ ထာဝရ ပေးပို့နိုင်တော့မည် မဟုတ်ပေ။
နောက်ဆုံး နိဂုံးချုပ်မှာ မနေ့ညက အခြေအနေ၌ ရပ်တန့်နေသည်။
ဟယ်လောင်စစ်က သူ့အား ကားမောင်းနှင်နဖြေစ်ကြောင်း ရှောင်ချောင်က သူ၏ ချစ်သူ ယွမ်ယွမ်ကို ပြောပြထားသည်။
ကားတစ်စီးသာ ရှာတွေ့ပါက ရှောင်ချောင်သည် သူ၏ ချစ်သူ ယွမ်ယွမ်ကို ရှာဖွေရန် ယန်ကျိုးသို့ ထွက်ခွာသွားမည် ဖြစ်သည်။
ကျိုးရှောင်ရှောင်က တိတ်ဆိတ်စွာဖြင့် စာကို ပြန်ခေါက်ကာ သူမ၏ ဘေးရှိ ကျောပိုးအိတ်ထဲသို့ ထည့်လိုက်သည်။
ဤသည်မှာ ကမ္ဘာပျက်ကပ်ကြီးထဲရှိ သာမန် အသက်ရှင်ကျန်ရစ်သူများ၏ လက်ရှိ အခြေအနေပင် ဖြစ်သည်။
ဤကဲ့သို့သော ကိစ္စမျိုးကို ကျိုးရှောင်ရှောင် အကြိမ်ပေါင်းများစွာ မြင်တွေ့ခဲ့ဖူးသည်။
လူအများအား နောက်မကျန်ရစ်စေရန် ဦးလေးအားပေါင်က အထပ်ထပ်အခါခါ သတိပေးထားခဲ့သော်လည်း...
နောက်ကျန်ရစ်သူများ ရှိနေဆဲပင် ဖြစ်သည်။
သို့သော် အသက်ရှင်ကျန်ရစ်သူများ ကြားရှိ ဤဖြစ်ရပ်ငယ်လေးက လမ်းစဉ် အစွမ်းပိုင်ရှင်များအပေါ်တွင်မူ မည်သည့် သက်ရောက်မှုမျှ မရှိခဲ့ပေ။
ချန်းရီသည် မရဏနတ် ဂိုဏ်းဝင် တစ်ဦးက အနက်ရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်ကာ ပဉ္စမထပ်သို့ တက်သွားသည်ကို မြင်လိုက်ရသည်။
သူ၏ မျက်နှာပေါ်ရှိ အမူအရာမှာ အလွန် စိတ်လှုပ်ရှားနေပုံရပြီး တစ်ခုခု ကောင်းမွန်သော ကိစ္စရပ်များ ဖြစ်ပေါ်တော့မည့် အလားပင်။
ချန်းရီက ထိုအနက်ရောင် ဝတ်ရုံနှင့် ဂိုဏ်းဝင်မှာ ပဉ္စမထပ်၏ အခြားတစ်ဖက်သို့ တောက်လျှောက် လျှောက်သွားကာ စင်္ကြံလမ်းရှိ အကာအကွယ်များ နောက်တွင် ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရသည်။
ပဉ္စမထပ်၏ စင်္ကြံလမ်း တစ်ခုလုံးကို သစ်သားပြားများ သို့မဟုတ် ပလတ်စတစ်စများဖြင့် လုံးဝ အလင်းမဝင်နိုင်အောင် အသေအချာ ဖုံးအုပ်ကွယ်ကာထားသည်။
ပြတင်းပေါက် အားလုံးကိုပင် အသေအချာ ပိတ်ဆို့ထားသေး၏။
အပြင်ဘက်မှ ကြည့်မည်ဆိုပါက အတွင်းပိုင်းတွင် မည်သို့ အခြေအနေရှိသည်ကို လုံးဝ မြင်တွေ့နိုင်မည် မဟုတ်ပေ။
ချန်းရီသည် ပဉ္စမထပ်တွင် အတိအကျ ဘာရှိနေသနည်းဟု စပ်စုချင်စိတ် ဖြစ်မိသော်လည်း...
စုံစမ်းထောက်လှမ်းလိုသည့် စိတ်ဆန္ဒမျိုးမူ မရှိခဲ့ပေ။
ထိုသရဲကားများထဲရှိ ဇာတ်လိုက် မင်းသား မင်းသမီး အများစုမှာ စပ်စုချင်စိတ် လွန်ကဲလွန်းခြင်းကြောင့် နောက်ဆုံးတွင် အားလုံး သေဆုံးသွားကြရသည် မဟုတ်ပါလော။
ချန်းရီသည် ဤအချက်နှင့် ပတ်သက်၍ အလွန် သတိထား ဆင်ခြင်နေခဲ့သည်။
ထိုအချိန်မှစ၍ ချန်းရီသည် ထိုအနက်ရောင် ဝတ်ရုံနှင့် ဂိုဏ်းဝင် ပြန်ဆင်းလာသည်ကို လုံးဝ မတွေ့ရတော့ပေ။
ထိုအနက်ရောင် ဝတ်ရုံနှင့် ဂိုဏ်းဝင်မှာ လုံးဝ ပေါ်လာခဲ့ခြင်း မရှိခဲ့သည့် အလားပင်။
ချန်းရီလည်း မည်သူ့ကိုမျှ သွားရောက် စုံစမ်းမေးမြန်းခြင်း မရှိခဲ့ပေ။
အကြောင်းမှာ သူ၏ လက်ရှိအချိန်တွင် ပို၍ အရေးကြီးသော လုပ်စရာ ကိစ္စများ ရှိနေသောကြောင့် ဖြစ်သည်။
မရဏနတ်သမီးမျက်ရည်ကို ရရှိပြီးနောက် ချန်းရီသည် မရဏနတ်သမီးမျက်ရည်ကို အဆင့်မြှင့်တင်ရန်အတွက် သတ်ဖြတ်မှတ် ငါးထောင်ကို ချက်ချင်း အသုံးပြုခဲ့သည်။
နောက်ထပ် နာရီအနည်းငယ် အကြာတွင် မရဏနတ်သမီးမျက်ရည် အဆင့်မြှင့်တင်မှုမှာ ပြီးဆုံးသွားတော့မည် ဖြစ်သည်။
အချိန်ရနေသေးသဖြင့် ချန်းရီသည် သူ၏ ကမ္ဘာပျက်ကပ် ပစ်ကပ်ကားကို အနည်းငယ် ပြုပြင်မွမ်းမံရန် ရည်ရွယ်ထားသည်။
ဤကျောင်း၏ အားကစားကွင်းတွင် ကားအချို့ ရပ်နားထားသေးပြီး ထိုကားများမှာ မရဏနတ် ဂိုဏ်းဝင်များ အပြင်ထွက်၍ ရိက္ခာရှာဖွေရာတွင် အသုံးပြုသော သယ်ယူပို့ဆောင်ရေး ယာဉ်များ ဖြစ်သည်။
ချန်းရီသည် ဤနေရာတွင် တစ်သက်လုံး နေထိုင်သွားနိုင်မည်ဟု မထင်ထားဘဲ ထွက်ခွာသွားရန်မှာ အချိန်စောခြင်းနှင့် နောက်ကျခြင်းသာ ကွာခြားပေလိမ့်မည်။
မထွက်ခွာမီ ချန်းရီသည် ကားကို သေသေချာချာ ပြုပြင်မွမ်းမံရန် ရည်ရွယ်ထားပြီး ၎င်းမှာ စနစ်ကို အသုံးမပြုဘဲ ကိုယ်တိုင် ပြုပြင်မည့် နည်းလမ်းမျိုး ဖြစ်သည်။
သေချာပေါက်ပင် လိုအပ်သော အပိုပစ္စည်းများကို ချန်းရီသည် ထိုကားများဆီမှ ဖြုတ်ယူရန် ရည်ရွယ်ထားသည်။
မည်သူကမျှ တစ်ခွန်းတစ်ပါဒမျှ ဝင်ပြောရဲမည် မဟုတ်ကြောင်း သူ ယုံကြည်ထားသည်။
နောက်ထပ် ပြဿနာတစ်ခုမှာ ဤရက်များအတွင်း နေလုံးဝ မထွက်ခဲ့သဖြင့် နေရောင်ခြည်စွမ်းအင်ဖြင့် ဘက်ထရီ အားသွင်းနိုင်မှုမှာ အနိမ့်ဆုံး အနေအထားသို့ ရောက်ရှိနေခဲ့သည်။
ဤကိစ္စကိုမူ နောက်မှသာ ဆက်လက် စဉ်းစားရတော့မည် ဖြစ်သည်။
မျှော်လင့်ထားသည့်အတိုင်းပင် မရဏနတ် ဂိုဏ်းဝင်များသည် ချန်းရီက သူတို့၏ လမ်းကြမ်းမောင်းကားပေါ်မှ ထိုင်ခုံများကို ဖြုတ်ယူကာ သူ၏ ကားပေါ်တွင် တပ်ဆင်ရန် ရည်ရွယ်နေသည်ကို မြင်တွေ့လိုက်ရသောအခါ...
ထိုဂိုဏ်းဝင်များမှာ ဒေါသတကြီးဖြင့် စိုက်ကြည့်နေကြသော်လည်း မည်သူတစ်ဦးတစ်ယောက်မျှ ရှေ့ထွက်ကာ ဝင်ပြောရဲခြင်း မရှိကြပေ။
ချန်းရီ၏ ကမ္ဘာပျက်ကပ် ပစ်ကပ်ကား၏ အခြေခံမှာ ထိုခေါင်းတိုကားလေးပင် ဖြစ်သည်။
ခေါင်းတိုကားလေး၏ ထိုင်ခုံများမှာ သက်တောင့်သက်သာ ရှိသည်ဟု ဆိုနိုင်သော်လည်း လိုအပ်ချက်များ ရှိနေသေးသဖြင့် ချန်းရီသည် ဂျပန်ထုတ် လမ်းကြမ်းမောင်းကား တစ်စီးကို မျက်စိကျသွားခဲ့သည်။
ထို့အပြင် ထိုကားထဲရှိ လေပူလေအေးပေးစက်နှင့် အသံချဲ့စက် စနစ်တို့ကိုပါ ဖြစ်သည်။
ချန်းရီသည် ထိုကားပေါ်မှ အရန်တာယာ အနည်းငယ်ကို ဖြုတ်ယူကာ သူ၏ ကမ္ဘာပျက်ကပ် ပစ်ကပ်ကားအတွက် ပြင်ဆင်ထားရန်လည်း ရည်ရွယ်ထားသေးသည်။
နောင်တစ်ချိန် တာယာပေါက်ခြင်းများ ဖြစ်ပေါ်လာပါက အလွယ်တကူ လဲလှယ်နိုင်ရန် ဖြစ်သည်။
ထိုကား၏ အပိုပစ္စည်းများသည် သူ၏ ကားနှင့် ကိုက်ညီမှု ရှိမရှိ ဆိုသည်ကိုမူ...
စနစ်ကို ပိုင်ဆိုင်ထားသော ချန်းရီက လုံးဝ စိုးရိမ်ပူပန်ခြင်း မရှိပေ။
သတ်ဖြတ်မှတ် အနည်းငယ် အသုံးပြုလိုက်ရုံဖြင့် ချန်းရီ အတင်းအဓမ္မ တပ်ဆင်ထားသော ဤထိုင်ခုံများနှင့် လေပူလေအေးပေးစက်တို့သည် မူလစက်ရုံထုတ်များထက်ပင် ပိုမို ကောင်းမွန်သွားမည် ဖြစ်သည်။
ရွှီနန်က ချန်းရီ အလုပ်ရှုပ်နေသည်ကို မြင်သောအခါ ကပျာကယာ ပြေးလာပြီး ဝင်ရောက် ကူညီပေးသည်။
ချန်းရီကလည်း အားနာခြင်း အလျဉ်းမရှိဘဲ ရွှီနန်ကို ဟိုဟာလုပ်ရန်၊ ဒီဟာလုပ်ရန် အမိန့်ပေး ခိုင်းစေနေသည်။
အသစ်တပ်ဆင်ထားသော ထိုင်ခုံပေါ်တွင် ထိုင်လိုက်သောအခါ ဘယ်ညာ ယိမ်းယိုင်နေပြီး "ကျွီ... ကျွီ" ဟူသော အသံများပင် ထွက်ပေါ်နေသေးသည်။
ကိုက်ညီမှု မရှိသဖြင့် ချန်းရီသည် လောလောဆယ်တွင် ကြိုးများဖြင့် ထိုင်ခုံကို ချည်နှောင်ထားလိုက်ပြီး စနစ်မှ သတ်ဖြတ်မှတ်များ အားလပ်သွားချိန်မှသာ ပြန်လည် ကိုက်ညီအောင် ပြုလုပ်ရန် ဆုံးဖြတ်လိုက်သည်။
ထို့နောက် လေပူလေအေးပေးစက် ပြဿနာ ဖြစ်သည်။
ချန်းရီက လေပူလေအေးပေးစက်ကို ကား၏ ဒက်ရှ်ဘုတ်ထဲသို့ တိုက်ရိုက် ထိုးထည့်လိုက်ပြီးနောက် ကားအတွင်းပိုင်းမှာ ယခင်ကထက် ပို၍ စုတ်ပြတ်နေသယောင် ထင်ရသည်။
လေပူလေအေးပေးစက်က အလွန် အရေးကြီးလှသည်။ နောင်တစ်ချိန် ထွက်ခွာသွားချိန်တွင် ကားထဲ၌ လေပူပေးမည့် စက်မရှိပါက ချန်းရီ ကိုယ်တိုင်ပင် အလွန်တရာ အခက်တွေ့ပေလိမ့်မည်။
"ဟေ့... ရှောင်ရီ... မင်းက... ဒါလောက်ကြီး ဖြစ်ကတတ်ဆန်း လုပ်စရာလား... ကျောင်းအပြင်ဘက်မှာ ကားတွေ အများကြီး ရှိတာကို"
ချူချယ်က နောက်ဆုံးတွင် ဝင်မပါဘဲ မနေနိုင်တော့သဖြင့် လျှောက်လာကာ ချန်းရီကို သတိပေးရန် ကြိုးစားလိုက်သည်။
ချန်းရီက နှုတ်ခမ်းကို တွန့်ကာ"အစ်ကိုကြီးရာ... အခု အပြင်ဘက်မှာ ဘယ်လို အခြေအနေ ရှိနေလဲဆိုတာ မင်း မသိတာမှ မဟုတ်တာ... ငါ အပြင်ထွက်တာက သေချင်လို့ သွားတာနဲ့ အတူတူပဲပေါ့"
ချူချယ်က သက်ပြင်းချလိုက်ပြီး"မနက်ဖြန် မနက်ကျရင် လောင်စာဆီနဲ့ ရိက္ခာတချို့ ထွက်ရှာဖို့ ငါ စီစဉ်ထားတယ်... မင်း လိုက်မလား"
"ဘာလဲ... ထွက်သွားဖို့ ပြင်နေပြီလား"
ဆက်ရန်...