အခန်း ၁၀၄
Vol. 6 Ch. 104
အပိုင်း(၁၀၄) နံပါတ်စဉ် ၉
ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ မကြုံခဲ့ရလျှင် ဝေလငါးတစ်ကောင် ကောင်းကင်ယံတွင် ပျံသန်းနေလိမ့်မည်ဟု ချန်းရီက လုံးဝ ယုံကြည်မိမည် မဟုတ်ပေ။
ယခု မျက်စိရှေ့တွင် မြင်တွေ့နေရသမျှသည် ချန်းရီ သိထားသော သာမန် အသိတရား၏ အတိုင်းအတာကို ရှင်းလင်းစွာ ကျော်လွန်နေခဲ့ပြီ ဖြစ်သည်။
အကယ်၍ တစ်စုံတစ်ယောက်က ဝေလငါး ကောင်းကင်ယံတွင် ပျံသန်းနေသည်ကို မြင်ခဲ့ရကြောင်း ချန်းရီကို လာပြောခဲ့လျှင်...
ချန်းရီက ထိုသူကို အရူးတစ်ယောက် သို့မဟုတ် သူ၏ ငွေကို လိမ်လည်ချင်နေသူဟုသာ ထင်မိပေလိမ့်မည်။
ငယ်စဉ်ကတည်းက ကျောင်းတွင် သင်ကြားခဲ့ရသည်ဖြစ်စေ၊ စာအုပ်များထဲတွင် ဖတ်ခဲ့ရသည်ဖြစ်စေ ငါးဆိုသည်မှာ ရေထဲတွင်သာ နေထိုင်ရမည်မှာ အခြေခံ အသိတရားပင် ဖြစ်သည်။
သို့သော် ယခု မျက်စိရှေ့ရှိ ဤအကောင်... ဤဝေလငါးကြီးက... ကောင်းကင်ယံမှ တိမ်တိုက်ကြီး တစ်ခုအလား သဲသောင်ပြင်ပေါ်သို့ ဧရာမ အရိပ်ကြီးကို လွှမ်းမိုးချထားပြီး စခန်းတစ်ခုလုံးကိုပင် အလွယ်တကူ ဖုံးအုပ်ထားနိုင်စွမ်း ရှိသည်။
မိုင်ဝက်ခန့် ဧရိယာရှိသော ပတ်ဝန်းကျင် တစ်ခုလုံးကိုပါ လွှမ်းခြုံထားသည်။
မဟုတ်သေး... ထိုထက်မက ပို၍ ကျယ်ပြန့်သော ဧရိယာသည်ပင်လျှင် ဤဧရာမ ဝေလငါးကြီး၏ အရိပ်အောက်တွင် ကျရောက်နေခဲ့သည်။
ချန်းရီက ခေါင်းမော့ကြည့်လိုက်ချိန်တွင် ဤဧရာမ ဝေလငါးကြီးသည် ကောင်းကင်ယံရှိ တိမ်တိုက်များကြားမှ ထွက်ပေါ်လာပြီး အမြီးကို ညင်သာစွာ ခတ်လိုက်ရာ တိမ်လှိုင်းများ တစ်လိပ်လိပ် တက်လာသည်ကို အတိအကျ မြင်တွေ့လိုက်ရသည်။
ဝေလငါးကြီး၏ တောင်ပံနှစ်ဖက်က အနည်းငယ် လှုပ်ရှားသွားပြီး ထိုဧရာမ ခန္ဓာကိုယ်ကြီးမှာ ရေထဲတွင် ကူးခတ်နေသကဲ့သို့ သဘာဝကျစွာ ပြန့်ကားနေ၏။
ဤဝေလငါးကြီးသည် မူလကတည်းက ကောင်းကင်ယံတွင် နေထိုင်သင့်သော သတ္တဝါဖြစ်သည်ဟု ချန်းရီက ခံစားလိုက်ရသည်။
ဧရာမ ဝေလငါးကြီးသည် တိမ်တိုက်များထဲမှ ရုန်းထွက်လာပြီးနောက် ထိုကြီးမားသော ခန္ဓာကိုယ်ကြီးက အနည်းငယ် နိမ့်ဆင်းလာပြီး ရုတ်တရက်...
ယာဉ်တန်းရှိရာဘက်သို့ ဦးတည်၍ ဆင်းသက်လာခဲ့သည်။
ချန်းရီ၏ လက်ဖဝါးနှစ်ဖက်လုံးတွင် မည်သည့်အချိန်ကတည်းက ချွေးများ ရွှဲနစ်နေမှန်း မသိတော့ဘဲ နှုတ်ခမ်းထောင့်ရှိ ဆေးလိပ်ကိုပင် မြဲအောင် မကိုက်ထားနိုင်တော့ချေ။
မရဏသွေး ထင်းခုတ်ဓားမ လက်ကိုင်ရိုးပေါ်ရှိ မိုးမခကိုင်းများက သူ၏ လက်မောင်းကို ရစ်ပတ်ထားပြီး ဖြစ်သည်။
ဝေလငါးကြီး အနီးသို့ မရောက်လာသေးမီမှာပင် ပြင်းထန်သော ဖိအားကြီးကို ချန်းရီက ခံစားနေရပြီ ဖြစ်သည်။
ဤဝေလငါးကြီးတွင် ဘာအန္တရာယ်မျှ မရှိပါဟု ပြောလာလျှင် သေချာပေါက် ယုံကြည်မည် မဟုတ်ပေ။
ခေါင်းဆောင်ချူ ချူချယ်က လက်သီးနှစ်ဖက်ကို တင်းတင်းဆုပ်ထားပြီး မျက်လုံးများက ထိုဧရာမ ဝေလငါးကြီးပေါ်တွင် ကပ်နေသကဲ့သို့ စူးစိုက်ကြည့်နေကာ ပါးစပ်မှလည်း တစ်စုံတစ်ခုကို ရေရွတ်နေသည်။
"ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"
"သူက ဘယ်လိုလုပ် ပေါ်လာရတာလဲ"
"နံပါတ်စဉ် ၉... ဒါ နံပါတ်စဉ် ၉ ပဲ... ခွေးမသား"
ချန်းရီက နောက်သို့ အနည်းငယ် ဆုတ်လိုက်ပြီး ခေါင်းဆောင်ချူကို သူ၏ အရှေ့တွင် အကာအကွယ်အဖြစ် ထားလိုက်သည်။
ချန်းရီကိုယ်တိုင်လည်း ဤမျှ သစ္စာမဲ့သူ မဖြစ်ချင်သော်လည်း ဤသည်မှာ ရွံရှာဖွယ်ကောင်းသော သူ၏ ကိုယ်ပိုင် ဆန္ဒက ရွေးချယ်လိုက်ခြင်းသာ ဖြစ်သည်။
သစ္စာရှိသော လူကောင်းတစ်ယောက် ဖြစ်ရမည်ဟု ချန်းရီက သူ့ကိုယ်သူ အကြိမ်ကြိမ် သတိပေးခဲ့ဖူး၏။
သို့သော် အန္တရာယ် ကျရောက်လာချိန်တိုင်း အခြားသူများ၏ အနောက်တွင် ပုန်းအောင်းကာ အခြားသူများကို အရင် သေခိုင်းတတ်သော အကျင့်ကို လုံးဝ ထိန်းချုပ်၍ မရခဲ့ပေ။
ဤသည်မှာ မှားယွင်းမှန်း သူ သိသော်လည်း သူ၏ ခန္ဓာကိုယ်ကိုမူ ဘယ်သောအခါမျှ ထိန်းချုပ်၍ မရနိုင်ခဲ့ချေ။
"ဂါးးးးး"
ထယ်ရှီးနှင့် ခွန်ရှီး ခေါင်းနှစ်လုံးက မျက်လုံးများကို ပြူးကျယ်ကာ ဒေါသတကြီး စိုက်ကြည့်နေကြပြီး သူတို့ကြားရှိ ကြီးမားလှသော ကွာဟချက်ကို လုံးဝ ဂရုမစိုက်သည့်အလား ရူးသွပ်မှုနှင့် ရန်စမှုများ ပြည့်နှက်နေသော အကြည့်များဖြင့် ကြည့်နေကြသည်။
ပန်းရောင်ဆံပင်နှင့် ကောင်မလေး၏ ကျောဘက်ရှိ ဓားရှည်မှာ အလိုအလျောက် အိမ်မှ ကျွတ်ထွက်လာပြီး သူမ၏ ခန္ဓာကိုယ် ပတ်လည်တွင် ရစ်ဝဲကာ တုန်ခါနေသည်။
တင်းတုံ၏ မျက်ဝန်းများကမူ တည်ငြိမ်နေပြီး လက်သီးနှစ်ဖက်ကို ဆုပ်ကာ ကောင်းကင်ယံမှ တည့်မတ်စွာ ဆင်းသက်လာသော ဝေလငါးကြီးကို စိုက်ကြည့်နေသည်။
သာမန် အသက်ရှင်ကျန်ရစ်သူများမှာမူ ပို၍ပင် အခြေအနေ ဆိုးရွားနေကြ၏။
ဧရာမ ဝေလငါးကြီးမှာ ပို၍ ပို၍ နီးကပ်လာခဲ့သည်။
လူတိုင်း၏ သူငယ်အိမ်များအတွင်း အပြည့် နေရာယူသွားသည်အထိပင်။
"နေဦး... အဲဒီ ဝေလငါးရဲ့ ကျောပေါ်မှာ... လူတွေ ရှိနေတယ်"
ဘေးနားရှိ အသက်ရှင်ကျန်ရစ်သူများက ကြောက်လန့်တကြား အော်ဟစ်လိုက်ကြသည်။
တကယ်တော့ သူ့ကို သတိပေးနေစရာပင် မလိုဘဲ ဝေလငါး၏ ကျောပေါ်တွင် လူများသာမက အဆောက်အအုံများပါ ရှိနေသည်ကို ချန်းရီက မြင်တွေ့ပြီး ဖြစ်သည်။
ထိုအရာများမှာ အိမ်ငယ်လေးများ ဖြစ်ပြီး တစ်ထပ်ပြီးတစ်ထပ် ထပ်နေကာ ပြည့်နှက်နေသည်ကို တွေ့ရသည်။
ထို အိမ်ငယ်လေးများထဲမှနေ၍ ခေါင်းများပင် ပြူထွက်လာကြသေး၏။
လူကြီးများ၊ ကလေးများ၊ သက်ကြီးရွယ်အိုများနှင့် အမျိုးသမီးများ စသဖြင့် အစုံအလင် ပါဝင်နေသည်။
မျက်စိရှေ့ရှိ ဤမြင်ကွင်းမှာ ရပ်ကွက်တစ်ခုအတွင်းသို့ ထူးဆန်းသော ဧည့်သည်တစ်ယောက် ရောက်လာသဖြင့် လူတိုင်းက ထူးဆန်းအံ့သြစွာ ထွက်ကြည့်နေကြသည်နှင့် တူနေလေသည်။
ထိုထူးဆန်းသော ဧည့်သည်များဆိုသည်မှာ ချန်းရီတို့ အဖွဲ့ပင် ဖြစ်ပေသည်။
ဝေလငါး၏ ကျောဘက် အစွန်းတစ်လျှောက်တွင်လည်း လူအချို့ ရပ်နေကြပြီး ထိုသူများက ချန်းရီတို့ အဖွဲ့ကို အထက်မှနေ၍ အထင်သေးသော အကြည့်များဖြင့် ငုံ့ကြည့်နေကြသည်။
ထိုအကြည့်များက... လူကို ဖော်ပြ၍မရအောင် အနေရခက်သွားစေသည်။
ထယ်ရှီး၏ ဟိန်းဟောက်သံနှင့် ရန်စမှုများကိုမူ ထိုဧရာမ ဝေလငါးကြီးကဖြစ်စေ၊ ဝေလငါး ကျောပေါ်မှ လူများကဖြစ်စေ လုံးဝ ဂရုစိုက်ပုံ မရချေ။
ထိုအချိန်မှာပင် ဝေလငါးကြီးသည် တောင်ပံများကို ညင်သာစွာ ခတ်လိုက်ပြီး ခန္ဓာကိုယ်ကို အရှိန်တင်ကာ ကောင်းကင်ယံရှိ တိမ်ဖြူများကြားသို့ တစ်ဖန် ပြန်လည် ဝင်ရောက်သွားလေသည်။
လူတိုင်း၏ မျက်စိရှေ့မှ ဧရာမ ဝေလငါးကြီး၏ ပုံရိပ် ပျောက်ကွယ်သွားသည်အထိပင်။
မြေပြင်ပေါ်ရှိ အသက်ရှင်ကျန်ရစ်သူများမှာ ထိုအခါမှသာ သက်ပြင်းကြီးများ ချနိုင်ကြတော့သည်။
လူတစ်ဝက်ကျော်ခန့်မှာ ဘောင်းဘီများအတွင်း သေးထွက်ကျကာ အောက်သိုးသိုးအနံ့များ နံနေခဲ့ပြီ ဖြစ်သည်။
အချို့မှာ မြေပြင်ပေါ်တွင် ပျော့ခွေကျသွားပြီး မတ်တတ်ပင် မရပ်နိုင်တော့ချေ။
အချို့ကလည်း ဧရာမ ဝေလငါးကြီး ပျောက်ကွယ်သွားရာ နေရာသို့ ဦးတိုက် ရှိခိုးနေကြပြီး သူတို့၏ အမူအရာများမှာ အလွန်တရာ ကြည်ညိုလေးစားနေပုံ ရသည်။
ခေါင်းဆောင်ချူ ၏ မျက်နှာမှာ အလွန် ကြည့်ရဆိုးနေဆဲပင် ဖြစ်သည်။ ချန်းရီ သူ၏ အနောက်တွင် ရပ်နေသည်ကို မြင်သောအခါ သူက လှောင်ပြုံး ပြုံးရင်း...
"မင်း ခုနက ငါ့ကို အသေခံခိုင်းဖို့ ကြံနေတာ မဟုတ်လား"
ချန်းရီက အနေခက်စွာဖြင့် ခေါင်းကို ကုတ်ကာ ဆင်ခြေပေးလိုက်သည်။
"ခေါင်းဆောင်ချူရယ်... မင်း ငါ့ကို အထင်လွဲနေပြီ... ငါက အဲဒီလို လူမျိုး မဟုတ်ပါဘူးကွ"
ချူချယ်က မဲ့ရွဲ့ကာ အသံမထွက်လိုက်ခင်မှာပင် ပန်းရောင်ဆံပင်နှင့် ကောင်မလေး၊ ထယ်ရှီးနှင့် တင်းတုံတို့က သူတို့အနီးသို့ ရောက်လာကြသည်။
"ခေါင်းဆောင်... စောစောက ဟာကြီးက"
ချူချယ်က ထိုသူများကို တစ်ချက် ကြည့်လိုက်ပြီး သူ၏ မျက်နှာအမူအရာကိုမူ ယခင်အတိုင်းပင် ထိန်းသိမ်းထားသည်။
"ကောင်းကင်ဝေလငါး... နံပါတ်စဉ် ၉"
ရိုးရှင်းသော ထိုစကားလုံး အနည်းငယ်ကပင် ထိုနေရာရှိ လူများကို ဘာဆက်ပြောရမှန်း မသိလောက်အောင် တုန်လှုပ်သွားစေသည်။
"ခေါင်းဆောင်... အဲဒါက... သဘာဝလွန်ပစ္စည်းလို့ ပြောချင်တာလား"
ချူချယ်က ခေါင်းညိတ်လိုက်သည်။
"ထိပ်တန်းဆယ်ခုစာရင်းဝင် သဘာဝလွန်ပစ္စည်း... အဆင့် ၉ ကောင်းကင်ဝေလငါးပဲ"
"ဘုရားရေ... သဘာဝလွန်ပစ္စည်းဆိုတာ ကျွန်မတို့ လက်ထဲက လက်နက်တွေလောက်ပဲ ရှိမယ် ထင်ထားတာ... ခေါင်းဆောင်ရဲ့ ရေဒီယိုတောင် အတော်လေး အံ့သြဖို့ ကောင်းနေပြီ... ဒီလောက် ကြီးမားတဲ့ အရာကြီး ရှိနေမယ်လို့ မထင်ထားမိဘူး"
ပန်းရောင်ဆံပင်နှင့် ကောင်မလေးက အံ့သြချီးကျူးစွာ ပြောလိုက်သည်။
"သက်ရှိသတ္တဝါတွေကလည်း သဘာဝလွန်ပစ္စည်း ဖြစ်နိုင်တာလား"
ချန်းရီက စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။
"အဲဒီ ဝေလငါးက သက်ရှိလို့ ဘယ်သူပြောလဲ"
ခေါင်းဆောင်ချူက တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
"ဒါဆို အဲဒီငါးကြီးက သက်ရှိ မဟုတ်ဘူးပေါ့"
ချန်းရီက ထပ်မေးလိုက်သည်။
ချူချယ်က တစ်ဖန် တည်ငြိမ်စွာပင် ပြန်ဖြေလိုက်ပြန်သည်။
"ဟက်... အဲဒီ ဝေလငါးက သက်ရှိ မဟုတ်ဘူးလို့ရော ဘယ်သူပြောလဲ"
ချန်းရီက "ခေါင်းဆောင်ချူ... မင်းကတော့ လုပ်ပြီ... အသက်ရှင်နေတယ် ပြောတာလည်း မင်းပဲ... သေနေတယ် ပြောတာလည်း မင်းပဲ"
ဤဧရာမ ဝေလငါးကြီးသည်လည်း သဘာဝလွန်ပစ္စည်း တစ်မျိုး ဖြစ်နေလိမ့်မည်ဟု ချန်းရီ လုံးဝ မထင်မှတ်ထားခဲ့ပေ။
"ထိပ်တန်းဆယ်ခုစာရင်းဝင် သဘာဝလွန်ပစ္စည်းတိုင်းက မင်းတို့ စိတ်ကူးယဉ်နိုင်တဲ့ အတိုင်းအတာထက် အများကြီး သာလွန်တယ်"
"ထူးခြားတဲ့ စွမ်းရည်နဲ့ ထူးခြားတဲ့ အသုံးဝင်မှု ရှိနေသရွေ့ အရာအားလုံးကို သဘာဝလွန်ပစ္စည်းလို့ ခေါ်နိုင်တာပဲ"
"ဒါပေမဲ့ မင်းတို့ အားကျနေစရာ မလိုပါဘူး... အဆင့်မြင့်တဲ့ သဘာဝလွန်ပစ္စည်း ဖြစ်လေလေ ပေးဆပ်ရတဲ့ တန်ဖိုးကလည်း ကြီးမားလေလေပဲ"
တန်ဖိုး ဟူသော စကားလုံးကို ပြောလိုက်ချိန်တွင် ချူချယ်၏ လေသံက အလွန် လေးနက်သွားပြီး အံကြိတ်ကာ ပြောလိုက်သည့်အလား ခံစားရသည်။
"ခေါင်းဆောင်... မင်း တစ်ခုခုကို သိနေတာ မဟုတ်လား... ဘာလို့ အမြဲတမ်း လျှို့ဝှက်ဆန်းကြယ် ဖြစ်နေရတာလဲ"
ချန်းရီက ချူချယ်၏ မျက်နှာအမူအရာကို ကြည့်ကာ မေးခွန်းထုတ်လိုက်သည်။
ချူချယ်က ချန်းရီ၏ မေးခွန်းကို မဖြေဘဲ ဆက်ပြောလိုက်၏။
"သဘာဝလွန်ပစ္စည်းတွေရဲ့ အဆင့် သတ်မှတ်ချက်က အမြဲတမ်း ပုံသေ မဟုတ်ဘူး... အဆင့်နိမ့်တဲ့ သဘာဝလွန်ပစ္စည်းတွေဆိုရင် အဆင့် အပြောင်းအလဲက ပိုပြီး မြန်ဆန်တယ်"
"ဘာလို့လဲဆိုတော့ အဆင့်သတ်မှတ်ချက်ထဲကို သဘာဝလွန်ပစ္စည်း အသစ်တွေ အမြဲတမ်း ရောက်လာတတ်လို့ပဲ"
နံပါတ်စဉ် ၉ ကောင်းကင်ဝေလငါးကို မြင်လိုက်ရ၍လားမသိ၊ ချူချယ်၏ စကားများက ပို၍ များလာခဲ့သည်။
"ခေါင်းဆောင်... ဒါဆို သဘာဝလွန်ပစ္စည်းတွေရဲ့ အဆင့်ကို ဘာနဲ့တိုင်းတာပြီး သတ်မှတ်တာလဲ"
ပန်းရောင်ဆံပင်နှင့် ကောင်မလေးက စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။
သူမ၏ ဓားရှည်မှာလည်း သဘာဝလွန်ပစ္စည်း တစ်မျိုးဖြစ်သော်လည်း အဆင့်သတ်မှတ်ချက်မှာ မမြင့်လှပေ။
"သဘာဝလွန်ပစ္စည်းတွေရဲ့ အဆင့်ကို ဘက်စုံစွမ်းရည်နဲ့ တိုင်းတာတာ... တချို့ သဘာဝလွန်ပစ္စည်းတွေက တိုက်ခိုက်ရေးစွမ်းရည် မမြင့်ပေမဲ့ အဆင့်သတ်မှတ်ချက်ကတော့ အရမ်းမြင့်တယ်"
ဥပမာ မင်းရဲ့ ခိုးနားထောင်တဲ့ ရေဒီယိုလိုမျိုးပေါ့။
ချန်းရီက စိတ်ထဲမှ တွေးလိုက်သည်။
"ခေါင်းဆောင်... ဒါဆိုရင်... သဘာဝလွန်ပစ္စည်းတွေရဲ့ အဆင့်ကို ဘယ်သူက သတ်မှတ်ပေးတာလဲ"
ပုံမှန်ဆိုလျှင် စကားနည်းသော တင်းတုံကပါ ဝင်ရောက် မေးမြန်းလိုက်သည်။
ဤမေးခွန်းမှာ ချန်းရီတစ်ယောက်တည်း သံသယဖြစ်နေခြင်း မဟုတ်ဘဲ လူတိုင်း၏ ရင်ထဲတွင်လည်း သံသယများ ရှိနေကြသည်။
ဥပမာအားဖြင့် ချန်းရီက မရဏသွေး ထင်းခုတ်ဓားမကို အဆင့်မြှင့်တင်ပြီးသည်နှင့် ဓားမ၏ အဆင့်သတ်မှတ်ချက်ကို ချက်ချင်း သိရှိခဲ့ရခြင်းမျိုး ဖြစ်သည်။
ချူချယ်က ခေါင်းခါလိုက်သည်။
"ငါလည်း မသိဘူး"
"ဒါဆို ခုနက လူတွေကရော"
"ငါတို့လိုပဲ ပြောင်းရွှေ့နေကြတဲ့ အသက်ရှင်ကျန်ရစ်သူတွေပဲ... ပြောင်းရွှေ့တဲ့ ယာဉ် မတူတာလောက်ပဲ ကွာတာ... ငါတို့က ကားကို သုံးတယ်... သူတို့က ကောင်းကင်ဝေလငါးကို သုံးတယ်"
"ခေါင်းဆောင်... ကောင်းကင်မှာလည်း ထူးဆန်းတဲ့ အရာတွေ ရှိနေတာလား"
ဤတစ်ကြိမ် မေးခွန်းမေးလိုက်သူမှာ ခွန်ရှီး၏ ဦးခေါင်း ဖြစ်သည်။
"ကောင်းကင်... သမုဒ္ဒရာ... မြေကြီးအောက်... မင်းတို့ တွေးကြည့်လို့ရနိုင်တဲ့ နေရာတိုင်းမှာ ထူးဆန်းတဲ့ အရာတွေ ရှိနေတာပဲ"
"အဲဒီလူတွေဆီမှာ နံပါတ်စဉ် ၉ သဘာဝလွန်ပစ္စည်း ရှိနေရင်တောင် ထူးဆန်းတဲ့ အရာတွေနဲ့ ငြိစွန်းသွားရင် သေလမ်းပဲ ရှိတယ်"
ကောင်းကင်ဝေလငါးကြီး ပေါ်ထွက်လာမှုက စခန်းအတွင်း၌ အတိုင်းအတာ တစ်ခုအထိ ရုတ်ရုတ်သဲသဲ ဖြစ်သွားစေခဲ့သည်။
သို့သော် ကံကောင်းစွာဖြင့် ရုတ်ရုတ်သဲသဲ ဖြစ်ရုံမျှသာ ရှိခဲ့၏။
ချန်းရီ၏ အာရုံစိုက်မှုသည်လည်း ဖြတ်ခနဲ မြင်တွေ့လိုက်ရသော ကောင်းကင်ဝေလငါးကြီးထံမှ ရွေ့လျားသွားခဲ့သည်။
အဘယ်ကြောင့်ဆိုသော် သူသည် ဒုတိယမြောက် သဘာဝလွန်ပစ္စည်းကို မကြာမီ ရရှိတော့မည် ဖြစ်သောကြောင့်ပင်။
ဆက်ရန်...