← Chapters

အခန်း ၅၃

Vol. 3 Ch. 53

အခန်း ၅၃

Vol. 3 Ch. 53

အပိုင်း(၅၃) အချိန်လုရခြင်း

ချန်းရီက ကားကို ဖြုတ်သိမ်းရန် ပြင်ဆင်နေချိန်တွင် သူ၏ မျက်ဝန်းများက အနည်းငယ် အရောင်လက်သွား၏။

ကားကို ဖြုတ်သိမ်း၍ အပိုပစ္စည်းများဖြင့် သူ၏ သုံးဘီးဆိုင်ကယ်ကို အဆင့်မြှင့်တင်မည့်အစား။

ကြိုးဖြင့် ထိုနွားခေါင်းတံဆိပ် လမ်းကြမ်းမောင်းကားကြီးကို ဆွဲယူသွားပြီး ညဘက် နားချိန်ရောက်မှ ဖြည်းဖြည်းချင်း ပြင်ဆင်လိုက်လျှင် ပိုမကောင်းပေဘူးလော။

ဤအစီအစဉ်က ကားကို ဖြုတ်သိမ်းပြီး သူ၏ သုံးဘီးဆိုင်ကယ်အစုတ်ကြီးကို အဆင့်မြှင့်တင်ခြင်းထက် ပို၍ တွက်ချေကိုက်ပုံရသည်။

သတ်ဖြတ်မှတ်များ မလုံလောက်လျှင်ပင် ဖြည်းဖြည်းချင်း ပြင်ဆင်လိုက်ရုံဖြင့် အဆင်ပြေပေမည်။

သို့သော် ထိုနွားခေါင်းတံဆိပ် လမ်းကြမ်းမောင်းကားကြီးကို ဆွဲထုတ်ရန်မှာမူ အနည်းငယ် လက်ဝင်လှသည်။

ဤကားကြီးမှာ လုံးဝ စက်နှိုး၍ မရတော့သဖြင့် လူအင်အားကို သုံးကာ သဲထဲမှ ဆွဲထုတ်ရန်သာ ရှိတော့၏။

သူ၏ ခန္ဓာကိုယ်သည် အဆင့်မြှင့်တင်ထားပြီး ဖြစ်လင့်ကစား ဤကိစ္စကို လုပ်ဆောင်နိုင်စွမ်း မရှိသေးပေ။

သူသာ ထယ်ရှီးကဲ့သို့ တိုက်တန် လမ်းစဉ် ဖြစ်နေမည် ဆိုလျှင်တော့ တစ်မျိုးပေါ့။

မကြာမီ ခရီးဆက်ရတော့မည် ဖြစ်ရာ လှုပ်ရှားမှု မြန်ဆန်မှသာ အဆင်ပြေပေလိမ့်မည်။

ထို့ပြင် ထိုကားကြီးမှာ ကားလမ်းမနှင့် အနည်းငယ် ဝေးကွာသော နေရာတွင် ရှိနေသည်။ သာမန်လူတွေသာ ဆိုလျှင် ထိုမျှ ကြီးမားသော ကားကြီးကို ကားလမ်းမပေါ်သို့ ပြန်လည်ရောက်ရှိရန်မှာ စက်ယန္တရားကြီးများ မပါဘဲ လုံးဝ မဖြစ်နိုင်ပေ။

တိုက်တန် လမ်းစဉ်မှ လူသန်ကြီးသာ ဆိုလျှင်တော့ ဖြစ်နိုင်ကောင်း ဖြစ်နိုင်ပေသည်။

နာရီတစ်လုံးသာ ရှိလျှင် ကောင်းမည်ဟု သူ တွေးလိုက်မိသည်။ ယခင်က ချန်ရှုရွာတွင် ရှာတွေ့ခဲ့သော ဒစ်ဂျစ်တယ်နာရီလေးမှာ ယခုအချိန်အထိ အားသွင်း၍ မရသေးပေ။

ချန်းရီက ထိုကားကြီးကို မည်သို့ ဆွဲထုတ်ရမည်နှင့် ပတ်သက်၍ လူသန်ကြီးနှင့် သွားရောက် တိုင်ပင်နေချိန်တွင်။

မလှမ်းမကမ်းရှိ သဲပြင်မှာ လှုပ်ရှားသွားပြီး ပုပ်ပွနေသော သဲကန္တာရ ဖွတ်တစ်ကောင်က သဲထဲမှ ခေါင်းပြူထွက်လာသည်။ ၎င်း၏ အစိမ်းရောင် မျက်လုံးများက ယာဉ်တန်းရှိရာဘက်သို့ ကြည့်လိုက်ပြီး တစ်စုံတစ်ခုကို အတည်ပြုနေသည့်နှယ် ရှိ၏။

သတင်းအချက်အလက် တစ်ခုခုကို ရရှိသွားသည့်အလား ထိုပုပ်ပွနေသော သဲကန္တာရ ဖွတ်ကြီးသည် ခေါင်းလှည့်ကာ အဝေးသို့ လျင်မြန်စွာ ပြေးထွက်သွားတော့သည်။

အမှန်တကယ်တော့ ဤကဲ့သို့ ပုပ်ပွနေသော သဲကန္တာရ ဖွတ်ကြီးမှာ တစ်ကောင်တည်း မဟုတ်ပေ။

ချန်းရီတို့ ကားပေါ်မှ ဆင်းလာချိန်ကတည်းက ဤကဲ့သို့သော ပုပ်ပွနေသည့် ဖွတ်ကြီးများက အစိမ်းရောင် မျက်လုံးများဖြင့် ဤအသက်ရှင်ကျန်ရစ်သူများကို စိုက်ကြည့်နေခဲ့ကြခြင်း ဖြစ်သည်။

တစ်ချိန်တည်းမှာပင် ခေါင်းဆောင်ချူ ချူချယ်၏ မျက်နှာမှာ သိပ်မကောင်းတော့ပေ။

ယနေ့ ဤယာဉ်တိုက်မှု မြင်ကွင်းကို ကြုံတွေ့ရခြင်းက သူ၏ မျှော်လင့်ထားမှု ပြင်ပတွင် လုံးဝ ရှိနေခဲ့သည်။

လမ်းပြသူလမ်းစဉ်သည် ထူးဆန်းသောအရာများကို အာရုံခံနိုင်သော်လည်း ကားများ သို့မဟုတ် လူများနှင့် ပတ်သက်လာလျှင် အာရုံခံနိုင်စွမ်းက ထိုမျှလောက် မပြတ်သားပေ။

ဤရိက္ခာပစ္စည်းများကို ရှာဖွေရန် လက်လျှော့လိုက်မည် ဆိုပါက ချန်းရီတို့ သဘောမတူသည်ကို အသာထား ခေါင်းဆောင်ချူ ကိုယ်တိုင်ကပင် သဘောတူမည် မဟုတ်ပေ။

ဤမမျှော်လင့်ထားသော ရပ်နားမှုကြောင့် ယခင်က ရေးဆွဲထားခဲ့သော ခရီးစဉ်အစီအစဉ်များအားလုံး ကမောက်ကမ ဖြစ်သွားခဲ့ရသည်။

သူ၏ အာရုံခံနိုင်စွမ်းအရ ယာဉ်တန်းနှင့် အနီးဆုံးရှိ ထူးဆန်းသောအရာသည် ယာဉ်တန်းနှင့် ၁၂ မိုင်ခန့် အကွာတွင် ရှိနေပြီး မူလနေရာတွင်ပင် မလှုပ်မယှက် ရပ်တန့်နေခဲ့သည်။

ထို့ပြင် ယာဉ်တန်းနောက်သို့ တစ်ချိန်လုံး လိုက်ပါလာသော ထူးဆန်းသောအရာ တစ်ကောင်လည်း ရှိနေသေး၏။

မနက်ပိုင်း ယာဉ်တန်း စတင်ထွက်ခွာချိန်တွင် ထိုထူးဆန်းသောအရာကို သူ၏ အာရုံခံနိုင်သော အကွာအဝေးပြင်ပသို့ ချန်ထားရစ်နိုင်ခဲ့ပြီ ဖြစ်သည်။

သို့သော် ပုပ်ပွနေသော ဖွတ်တစ်ကောင်က အဝေးဆီသို့ လျင်မြန်စွာ တွားသွားသွားသည်ကို ခေါင်းဆောင်ချူ မြင်လိုက်ရချိန်တွင်။

ခေါင်းဆောင်ချူ၏ မျက်နှာ အမူအရာ ပြောင်းလဲသွားခဲ့သည်။

ခေါင်းဆောင်ချူသည် အာရုံစူးစိုက်လိုက်ပြီး အဝေးသို့ ထွက်သွားသော ထိုပုပ်ပွနေသည့် ဖွတ်ကြီးကို အာရုံခံကြည့်လိုက်၏။

ဒါက။

ထူးဆန်းသောအရာ၏ အငွေ့အသက်များပင်။

ဤပုပ်ပွနေသော ဖွတ်ကြီးများ တစ်ကောင်ချင်းစီတိုင်းက ထူးဆန်းသောအရာတွေ ဖြစ်နေခဲ့သည်တဲ့လား။

ဤပုပ်ပွနေသော ဖွတ်များထံမှ ထွက်ပေါ်နေသည့် ထူးဆန်းသောအရာ၏ အငွေ့အသက်မှာ အလွန်တရာ အားနည်းလွန်းလှသဖြင့် တမင်တကာ သွားရောက် အာရုံမခံပါက ၎င်းတို့ ရှိနေသည်ကိုပင် လုံးဝ သတိပြုမိနိုင်မည် မဟုတ်ပေ။

ခေါင်းဆောင်ချူ၏ မျက်နှာ အနည်းငယ် ပြောင်းလဲသွားပြီး သူ၏ အာရုံခံနိုင်သော အတိုင်းအတာကို ထပ်မံ ချဲ့ထွင်လိုက်သည်။

သိပ်မကြာခင်မှာပင် ခေါင်းဆောင်ချူ၏ မျက်နှာအမူအရာက ချက်ချင်း ပြောင်းလဲသွားတော့၏။

ယခင်က ၁၂ မိုင်အကွာတွင် ရှိနေခဲ့သော ထိုထူးဆန်းသောအရာသည် လှုပ်ရှားလာခဲ့ပြီ ဖြစ်သည်။

ယခုအချိန်တွင် ယာဉ်တန်းနှင့် ၁၁ မိုင်ခန့်သာ ကွာဝေးတော့သည်။

ခေါင်းဆောင်ချူ၏ နဖူးမှ ချွေးစေးများ စီးကျလာသည်။

"သေပြီ... အကုန်သေပြီ... တစ်ယောက်မှ ပြေးမလွတ်တော့ဘူး"

ခိုးနားထောင်သည့် ရေဒီယိုထံမှ ရုတ်တရက် ထွက်ပေါ်လာသော အသံကြောင့် ခေါင်းဆောင်ချူ၏ စိုးရိမ်ပူပန်မှုက ပို၍ ဆိုးရွားလာစေသည်။

ဤခိုးနားထောင်တဲ့ ရေဒီယိုက ဘာကို ကြားခဲ့ရသလဲ မသိနိုင်သော်လည်း ယခုအချိန်တွင် စီချွမ်း လေယူလေသိမ်းဖြင့် အော်ဟစ်နေခြင်း ဖြစ်သည်။

"ချူချယ်"

ဦးလေးအားပေါင်သည် ဓာတ်ဆီတစ်ပုံးကို ကားနောက်ဖုံးထဲသို့ ထည့်လိုက်ပြီးသည်နှင့် ချူချယ်၏ မျက်နှာအမူအရာ မမှန်သည်ကို မြင်လိုက်ရသည်။ ထိုထူးဆန်းသော ရေဒီယိုကပင်လျှင် ကြက်သီးထဖွယ် အသံများကို ထုတ်လွှင့်နေ၏။

"ဦးလေးအားပေါင်... လူတိုင်းကို အသိပေးလိုက်... အခုချက်ချင်း... အခုချက်ချင်း ထွက်ကြမယ်"

"နောက်ထပ် နာရီဝက် အချိန်ကျန်သေးတယ် မဟုတ်ဘူးလား"

"အချိန်မရှိတော့ဘူး... ချက်ချင်း... အခုချက်ချင်း ထွက်ရမယ်"

ခေါင်းဆောင်ချူ၏ မျက်နှာမှာ အလွန်တရာ လေးနက်တည်ကြည်နေပြီး သူ၏ မျက်နှာပေါ်တွင် ထိတ်လန့်မှု အရိပ်အယောင် အချို့လည်း စွန်းထင်းနေ၏။

ဦးလေးအားပေါင်သည် ကိစ္စရပ်၏ ကြီးလေးမှုကို သဘောပေါက်သွားပြီး ကားထဲသို့ အမြန် တိုးဝင်သွားလေသည်။

"သတိ... သတိ... သတိ"

"ယာဉ်တန်း အဖွဲ့ဝင်တွေ အားလုံး... အခုချက်ချင်း... ချက်ချင်း ထွက်ခွာကြမယ်"

"ယာဉ်တန်း အဖွဲ့ဝင်တွေ အားလုံး... ချက်ချင်း ထွက်ခွာကြ... ချက်ချင်း ထွက်ခွာကြ"

အလျင်စလို အော်ဟစ်လိုက်သော လော်စပီကာသံက ရုတ်တရက် ထွက်ပေါ်လာသဖြင့် စိတ်လှုပ်ရှားစွာ ရိက္ခာများ စုဆောင်းနေကြသော အသက်ရှင်ကျန်ရစ်သူများအားလုံး ကြက်သေသေသွားကြပြီး ဤဘက်သို့ အသီးသီး မော့ကြည့်လာကြသည်။

"စိတ်ချထားလိုက်စမ်းပါ ညီလေး ချန်းရီရာ... အရင်က ရှင်းဟွာမြို့မှာ မင်း ငါ့ကို ကူညီခဲ့ဖူးတယ်... ပြီးတော့ ချန်ရှုရွာမှာလည်း မင်း ငါ့ကို ကူညီခဲ့သေးတယ်... မင်းရဲ့ ကိစ္စက ငါ့ရဲ့ ကိစ္စပဲ"

"ငါ မင်းကို သေချာပေါက် ကူညီမှာပါ"

ထယ်ရှီးက ရင်ဘတ်ကိုပုတ်ကာ ကတိပေးနေချိန်မှာပင် ဦးလေးအားပေါင်၏ အသံက လော်စပီကာထဲမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။

ချန်းရီ၏ မျက်နှာ အမူအရာ ပြောင်းလဲသွားပြီး ထယ်ရှီး၏ မျက်နှာမှာလည်း သိပ်ကြည့်ကောင်းလှသည် မဟုတ်တော့ပေ။

အခြားသော အသက်ရှင်ကျန်ရစ်သူများလည်း ထိုအခြေအနေကို မြင်သောအခါ သူတို့၏ မျက်နှာများပေါ်တွင် ထိတ်လန့်မှုများ အသီးသီး ပေါ်လာကြပြီး ကိုယ်စီ ယာဉ်များဆီသို့ အပြေးအလွှား သွားကြတော့သည်။

ခေါင်းဆောင်ချူ ချူချယ်၏ ကားကိုယ်ထည်တွင် ဆေးသုတ်ကာ တရားမျှတမှု ဟု ရေးသားထားသော အဆင့်မြှင့်တင်ထားသည့် လမ်းကြမ်းမောင်းကားကြီးမှာ စက်နှိုးပြီးနေပြီ ဖြစ်သည်။

အင်ဂျင်မှ ဟိန်းဟောက်သံများ ထွက်ပေါ်လာပြီး ကားလမ်းမပေါ်တွင် ရှိနေသေးသော ကားများဆီသို့ အရှိန်ဖြင့် ပြေးဝင်သွား၏။

မူလက ကားလမ်းမပေါ်တွင် ရှိနေသော ထိုကားများမှာ ဤအဆင့်မြှင့်တင်ထားသည့် လမ်းကြမ်းမောင်းကားကြီး၏ တွန်းချခြင်းကို ခံလိုက်ရပြီး လမ်းဘေးသို့ ရောက်သွားကြသည်။

ရုတ်တရက် အပြောင်းအလဲက လက်မလည်နိုင်အောင် လျင်မြန်လွန်းလှသဖြင့် ချန်းရီ၏ မျက်နှာမှာ အလွန်တရာ ဆိုးရွားနေ၏။

ချူချယ် ဤသို့ လုပ်ဆောင်ခြင်းမှာ သေချာပေါက် အကြောင်းရင်း ရှိနေမည်ကို သူ ယုံကြည်သည်။ အန္တရာယ် တစ်ခုခုကို တွေ့ရှိသွားသောကြောင့်သာ မဖြစ်မနေ ထွက်ခွာရခြင်း ဖြစ်ပေလိမ့်မည်။

သို့သော် မိမိမှာ မနည်း ကြိုးစားပမ်းစားဖြင့် သင့်တော်သော ကားတစ်စီးကို ရှာတွေ့ထားခဲ့ရာ ယခုလိုအချိန်မှ ထွက်ခွာသွားရမည်ကို အမှန်တကယ် မကျေနပ်နိုင်ပေ။

လက်ထဲရောက်နေသည့် အစာကို ဒီအတိုင်း အလွတ်ခံလိုက်ရတော့မည်တဲ့လား။

သူ လုံးဝ ကျေနပ်နိုင်မည် မဟုတ်ပေ။

"ညီလေး ချန်းရီ... ငါတို့... ဘယ်လို လုပ်ကြမလဲ"

ယခုလေးတင်မှ ရရှိထားသော အဝါရောင် ကျောင်းကားထဲတွင် လူများ အပြည့် ကြိတ်ကြိတ်တိုးနေပြီ ဖြစ်သည်။

လောင်လီက ထယ်ရှီးကို လက်ယပ်ခေါ်နေပြီး ကားပေါ်သို့ အမြန်ပြန်တက်ရန် အချက်ပြနေ၏။

ချန်းရီက ထယ်ရှီးကို တစ်ချက်ကြည့်လိုက်ပြီး အဝေးဆီရှိ ထိုနွားခေါင်းတံဆိပ် လမ်းကြမ်းမောင်းကားကြီးကိုပါ လှမ်းကြည့်လိုက်သည်။

အံကြိတ်လိုက်ကာ"ထယ်ရှီး... ကျွန်တော့်ကို တစ်ခါလောက် ကူညီပါ... ကျွန်တော် လက်မလျှော့ချင်ဘူး"

ချန်းရီ ဤစကားကို ပြောလိုက်ချိန်တွင် ထယ်ရှီး၏ မျက်ဝန်းများက တဖြည်းဖြည်း ခိုင်မာပြတ်သားလာ၏။

"ကောင်းပြီလေ... ဒါပေမဲ့ ညီလေး ချန်းရီ... အချိန်ကတော့"

ချန်းရီသည် အဝေးဆီရှိ ထိုနွားခေါင်းတံဆိပ် လမ်းကြမ်းမောင်းကားကြီးကို နောက်တစ်ကြိမ် မခွဲနိုင်မခွာရက် ကြည့်လိုက်ပြီး အံကြိတ်ကာ"အစီအစဉ် ပြောင်းမယ်"

ထိုအချိန်မှာပင် ချူချယ်၏ အဆင့်မြှင့်တင်ထားသော လမ်းကြမ်းမောင်းကားကြီးမှာ လမ်းပိတ်ဆို့ ခံလိုက်ရပုံပေါ်သည်။

ကားလမ်းမပေါ်တွင် ကားများ အလွန်များပြားလွန်းလှသဖြင့် ကြီးမားလှသော အဟန့်အတားများက သွားရာလမ်းကို ပိတ်ဆို့နေခြင်း ဖြစ်သည်။

ထိုစဉ် နောက်ထပ် အဆင့်မြှင့်တင်ထားသော လမ်းကြမ်းမောင်းကား တစ်စီးက ရုတ်တရက် အရှိန်ဖြင့် ထွက်ပေါ်လာပြီး ခေါင်းဆောင်ချူ၏ ကားနောက်ပိုင်းကို တိုက်ရိုက် ဝင်တိုက်လိုက်သည်။

ခြေတံရှည် ကောင်မလေး နာနာပင် ဖြစ်သည်။

လမ်းကြမ်းမောင်းကား နှစ်စီးသည် အားကောင်းလှသော တွန်းကန်အားဖြင့် ယာဉ်တိုက်မှု မြင်ကွင်း အလယ်ဗဟိုမှနေ၍ လမ်းကြောင်း တစ်ခုကို ဖြည်းဖြည်းချင်း ဖောက်ထွက်သွားကြသည်။

အနောက်ဘက်မှ အခြားသော ယာဉ်များကလည်း ရွေ့လျားလာကြပြီး တစ်စီးပြီးတစ်စီး နောက်မှ လိုက်ပါသွားကြ၏။

တစ်ချိန်တည်းမှာပင် ချန်းရီကလည်း စတင် လှုပ်ရှားလိုက်သည်။

ချန်းရီသည် ထယ်ရှီးကို ခေါ်ဆောင်ကာ လမ်းဘေးတွင် လဲကျနေသော ဂျစ်ကားကြီးဆီသို့ အရှိန်ဖြင့် ပြေးသွားတော့သည်။

ဤကားကို ရွေးချယ်ရခြင်းမှာ အဓိကအားဖြင့် ဤကားက ကားလမ်းမနှင့် အနီးဆုံး ဖြစ်နေသောကြောင့်ပင်။

ဤကားကြီးကို ဆွဲယူသွားရန်မှာ မလွယ်ကူသော်လည်း အပိုပစ္စည်း အချို့ကို ဖြုတ်ယူရန်ကမူ အလွန် လွယ်ကူလှသည်။

ချန်းရီက ကိရိယာများကို ယူဆောင်ကာ ကားဘေးသို့ အမြန် သွားရောက်လိုက်ပြီး သူ၏ လက်လှုပ်ရှားမှုများက လျင်မြန်လွန်းလှသဖြင့် အရိပ်တစ်ခုသဖွယ် ဖြစ်နေ၏။

ကားဘီး လေးဘီးလုံးကို ဘီးခွေများနှင့်အတူတကွ ဖြုတ်ချလိုက်သည်။

နောက်ထပ် အလှည့်ကျသည်ကတော့ အင်ဂျင်ပင် ဖြစ်သည်။

"ညီလေး ချန်းရီ... ငါ လုပ်လိုက်မယ်"

ထယ်ရှီးသည် ၁၀ ပေ ခန့် မြင့်မားသော လူသန်ဘီလူးကြီး အဖြစ်သို့ ကြီးထွားလာပြီး ကားရှေ့ခန်းရှိ အင်ဂျင်ကို လက်တစ်ဖက်ဖြင့် လှမ်းကိုင်ကာ အားကုန် ဆွဲထုတ်လိုက်သည်ကို မြင်လိုက်ရသည်။

ထိုအင်ဂျင်ကြီးသည် လူ၏ နှလုံးသား တစ်ခုအလား ကားထဲမှ တိုက်ရိုက် ဆွဲထုတ်ခြင်း ခံလိုက်ရလေသည်။

ချန်းရီပင် ကြက်သေသေသွားရ၏။

ဒီလူသန်ကြီးကတော့။

"ထယ်ရှီး... ချန်းရီ... မြန်မြန် သွားကြမယ်"

ခေါင်းဆောင်ချူ၏ အသံက လော်စပီကာထဲမှ ထွက်ပေါ်လာသည်။

အလျင်စလို အသံက လက်ရှိ အခြေအနေ မည်မျှ အရေးကြီးနေသည်ကို ဖော်ပြနေ၏။

ချန်းရီ အံကြိတ်လိုက်ပြီး"ထယ်ရှီး... သွားကြမယ်"

"သိပြီ"

ထယ်ရှီးက အသံဩဩကြီးဖြင့် ပြန်ဖြေလိုက်ပြီး လက်တစ်ဖက်က ဤဂျစ်ကားကြီး၏ နှလုံးသားကို ပွေ့ပိုက်ထားကာ အခြား လက်တစ်ဖက်က ကားဘီးတစ်ဘီးကို ဆွဲမပြီး ကားလမ်းမပေါ်သို့ ပစ်ပေါက်လိုက်သည်။

ကားဘီး လေးဘီးသည် လေတိုးသံများနှင့်အတူ ချန်းရီ၏ သုံးဘီးဆိုင်ကယ်ဘေးသို့ ကျရောက်သွားပြီး သုံးဘီးဆိုင်ကယ်မှာ တုန်ခါယိမ်းယိုင်သွားရလေသည်။

နောက်ထပ် စဉ်းစားနေရန် အချိန်မရှိတော့ပေ။

ထယ်ရှီးသည် အင်ဂျင်ကြီးကို ပွေ့ပိုက်ကာ ထိုအဝါရောင် ကျောင်းကားရှိရာသို့ အရှိန်ဖြင့် ပြေးသွားတော့သည်။

ချန်းရီမှာမူ ကားဘီး လေးဘီးကို သုံးဘီးဆိုင်ကယ်၏ နောက်ခန်းထဲသို့ လျင်မြန်စွာ ပစ်ထည့်လိုက်ရာ သုံးဘီးဆိုင်ကယ်မှာ အလေးချိန်ကြောင့် ဘယ်ညာ ယိမ်းထိုးသွား၏။

သူစက်နှိုးလိုက်သည်။

ဝန်ချိန် အလွန်များပြားလွန်းနေသဖြင့် အိတ်ဇောပိုက်မှ မီးခိုးမည်းများ တစ်ထောင်းထောင်း ထွက်ပေါ်လာပြီးမှသာ ရှေ့သို့ ရွေ့လျားသွားတော့သည်။

ချန်းရီက သက်ပြင်းတစ်ချက် ချလိုက်ပြီး အဝေးဆီရှိ ထိုနွားခေါင်းတံဆိပ် လမ်းကြမ်းမောင်းကားကြီးကို နောက်ဆုံးအနေဖြင့် တစ်ချက် ကြည့်လိုက်ကာ မခွဲနိုင်မခွာရက်ဖြင့် အကြည့်ကို လွှဲဖယ်လိုက်သည်။

သို့သော် ထိုအချိန်မှာပင် ချန်းရီ၏ အကြည့်များက ထိုငါးခေါင်း ကားပုလေးပေါ်သို့ ကျရောက်သွားလေသည်။

ဆက်ရန်...

All Chapters