အခန်း ၂၃၄
Vol. 12 Ch. 234
အပိုင်း(၂၃၄) ကြောင်နားရွက် နားကြပ်
နတ်ဆင်ရွာ စိုက်ပျိုးရေးစခန်း။
ပါမောက္ခလျှိုက အတုံးအခဲပုံစံရှိသော အပင်၏ အမြစ်ဥတစ်ခုကို လက်တွင် ကိုင်ထားသည်။ ၎င်းက သူ လက်ရှိ ပျိုးထောင်နေသော မျိုးစေ့အသစ် ဖြစ်သည်။
ရွာထဲတွင် ဖြစ်ပျက်နေသော ကိစ္စရပ်များအပေါ် ပါမောက္ခလျှိုက အမြဲတမ်း သိပ်ပြီး ဂရုမစိုက်တတ်ပေ။ သူ၏ ခွန်အားနှင့် အာရုံစိုက်မှု အားလုံးက ခြေအောက်ရှိ ဤစိုက်ပျိုးရေးစခန်းအပေါ်၌သာ ရှိနေသည်။
သာမန်အခြေအနေမျိုးတွင်လည်း မည်သူကမျှ သူ့ကို လာရောက် အနှောင့်အယှက်ပေးမည် မဟုတ်ချေ။
သို့သော် ယခုအချိန်တွင်မူ ပါမောက္ခလျှိုက ရွာ၏အထက်တွင် လွင့်မျောနေသော ထိုကြောက်မက်ဖွယ်ရာ သတ္တဝါများကို ကြည့်ရင်း တစ်ခဏမျှ ကြက်သေသေသွားခဲ့၏။
အပင်ကျွမ်းကျင်သူ လမ်းစဉ် ဖြစ်နေသည့်တိုင်အောင် ဤအရာများအပေါ်တွင်တော့ သူက ထိလွယ်ရှလွယ် မဖြစ်လှပေ။
သို့တိုင် ပါမောက္ခလျှိုက အရိုးထဲထိ စိမ့်ဝင်သွားလောက်သည့် အေးစက်မှုမျိုးကို ခံစားနေရဆဲ ဖြစ်သည်။
ရွာ၏ ကောင်းကင်ယံထက်တွင် လွင့်မျောနေသော ကြောက်မက်ဖွယ် သတ္တဝါများ... မဟုတ်သေး... ထိုအရာများက သရဲကားများထဲမှ အငြိုးကြီးသော ဝိညာဉ်ဆိုးများနှင့် ပို၍ တူနေသည်။
ဤနေရာတွင် ရပ်နေရင်းနှင့်ပင် ပါမောက္ခလျှိုသည် ရွာထဲမှ ထွက်ပေါ်လာသော သနားစဖွယ် အော်ဟစ်သံများနှင့် ငိုကြွေးသံများကိုပင် ကြားနေရ၏။
ထိုအထဲမှ အသံများစွာကို သူ ကောင်းကောင်း ရင်းနှီးနေသည်။
ထိုရင်းနှီးနေသော အသံများထဲတွင် ဤစိုက်ပျိုးရေးစခန်းမှ ဝန်ထမ်း အများအပြားလည်း ပါဝင်နေသည်။
အချို့ဆိုလျှင် နေ့စဉ်ရက်ဆက် တွေ့ဆုံဆက်ဆံနေရသူများပင် ဖြစ်၏။
ဘုန်းကြီးနှင့် တင်းတုံတို့ နှစ်ယောက်က တစ်ယောက်တစ်ဖက်စီ စောင့်ကြပ်နေကြပြီး သူတို့ထံမှ ထွက်ပေါ်နေသော အငွေ့အသက်များက လူများကို တည်ငြိမ်အေးချမ်းမှု ခံစားရစေသည်။
မီးခိုးရောင် သမ်းနေသော ဝိညာဉ်ဆိုး နှစ်ကောင်က ဤငြိမ်းချမ်းသော နေရာလေးကို ရှာတွေ့သွားပုံရကာ ဟိန်းဟောက်ရင်း ပြေးဝင်လာကြသည်။
သို့သော် အနားသို့ပင် မရောက်လိုက်ခင် ရွှေရောင် လက်ကြီးတစ်ဖက်က ဖမ်းဆုပ်ကာ ညှစ်ချေပစ်လိုက်၏။
ဘုန်းကြီး၏ မျက်နှာပေါ်တွင် ကရုဏာတရားများ ထင်ဟပ်နေသော်လည်း လက်စွမ်းပြရာတွင်မူ လုံးဝ ညှာတာမှု မရှိပေ။
အခြားတစ်ကောင်မှာမူ ရွှေရောင် လက်သီးအရိပ်၏ ထိုးနှက်မှုကြောင့် ဗလာနတ္ထိအဖြစ်သို့ ပြောင်းလဲသွားကာ အော်ဟစ်ချိန်ပင် မရလိုက်ချေ။
ရွာထဲရှိ အဖြစ်ဆိုးများနှင့် နှိုင်းယှဉ်လိုက်လျှင် စိုက်ပျိုးရေးစခန်းဘက်မှာ အမှန်တကယ် သန့်စင်သော နယ်မြေတစ်ခုဟုပင် ဆိုနိုင်လေသည်။
စိုက်ပျိုးရေးစခန်းဘက်ရှိ ဝန်ထမ်းများအားလုံး အိမ်ပြန်လွှတ်ခံလိုက်ရသဖြင့် လူအနည်းငယ်သာ ကျန်ရှိနေသောကြောင့် ထိုဝိညာဉ်ဆိုးများအတွက် ဆွဲဆောင်မှု သိပ်မရှိလှခြင်းလည်း ဖြစ်နိုင်ပေသည်။
ဆန့်ကျင်ဘက်အနေဖြင့် ရွာထဲတွင် လူပိုများနေသဖြင့် ဝိညာဉ်ဆိုး အများစုက ထိုဘက်သို့ ဆွဲဆောင်ခံသွားရခြင်း ဖြစ်သည်။
ပါမောက္ခလျှိုက သူ၏ သွေးချွေးများ ရင်းနှီးထားရသော ဤနေရာကို တစ်ချက် ကြည့်လိုက်ပြီးနောက် တင်းတုံနှင့် ဘုန်းကြီးကိုပါ ထပ်မံ ကြည့်လိုက်သည်။
ပါမောက္ခလျှိုက သက်ပြင်းတစ်ချက် ချလိုက်ပြီးနောက် စကားဆိုလိုက်၏။
"ဆရာတော်တာ့ရှန်း... ရွာထဲသွားပြီး ကူညီပေးလိုက်ပါ"
"ဒကာလျှို... ဒီဘက်က... "
ပါမောက္ခလျှိုက ဤသို့ ပြောလာလိမ့်မည်ဟု တာ့ရှန်း မထင်မှတ်ထားခဲ့သဖြင့် သူ၏ စကားသံထဲတွင် အနည်းငယ် အံ့သြမှုများ ရောယှက်နေသည်။
"တပည့်တော်ဆီမှာ ဒီအမျိုးသမီး ရှိနေရင် ရပါပြီ... ပြီးတော့ တပည့်တော်ကလည်း ခေါင်းကြီးရွာသူကြီး လိုမျိုး ပြန်လည်ခုခံနိုင်တဲ့ နည်းလမ်း တစ်ခုမှ မရှိတာမျိုး မဟုတ်ပါဘူး"
ပါမောက္ခလျှိုက ခေါင်းကြီးရွာသူကြီးအကြောင်း ပြောလိုက်သည့်အခါ သူ၏ လေသံထဲတွင် လေးစားမှု အရိပ်အယောင် အနည်းငယ်မျှပင် မပါဝင်ပေ။
"ရွာထဲက ဆရာတော်ကို ပိုပြီး လိုအပ်နေတယ်... "
ဘုန်းကြီးက ရွာရှိရာ အရပ်ဆီသို့ လှမ်းကြည့်လိုက်ပြီး သူ၏ မျက်နှာပေါ်ရှိ အမူအရာက ပိုမို စိုးရိမ်ပူပန်နေပုံ ပေါ်လာသည်။
ရွာ၏ ကောင်းကင်ယံတွင် လွင့်မျောနေသော ဝိညာဉ်ဆိုးများက ပို၍ ပို၍ များပြားလာနေသည်။
ထိုအထဲတွင် မှင်ရည်ကဲ့သို့ မည်းနက်နေသော ဝိညာဉ်ဆိုး အများအပြားလည်း ပါဝင်နေပြီး ဤမျှ ဝေးကွာနေသည့်တိုင်အောင် ဘုန်းကြီးမှာ ရင်တထိတ်ထိတ် ခံစားနေရဆဲ ဖြစ်၏။
သူ ကိုယ်တိုင်က ဗုဒ္ဓ လမ်းစဉ် ဖြစ်သဖြင့် ဤကဲ့သို့သော ထူးဆန်းသည့် အရာမျိုးများကို သဘာဝအရ ဖိနှိပ်နိုင်စွမ်း ရှိသည်။
အကယ်၍ ယခု သွားရောက် ကူညီမည် ဆိုပါက ကြီးမားသော အကျိုးသက်ရောက်မှု သေချာပေါက် ရှိလာပေလိမ့်မည်။
သို့သော် ပါမောက္ခလျှို ဘက်တွင်မူ...
"သွားပါ... ရွာဘက်မှာ လူပိုများတယ်... တပည့်တော်ဘက်မှာက တပည့်တော်လို အဘိုးကြီး တစ်ယောက်ပဲ ရှိတာ... သူ ရှိနေရင် တပည့်တော် ဘာမှမဖြစ်ပါဘူး"
နောက်ဆုံး စကားတစ်ခွန်းက ဘုန်းကြီး၏ စိတ်ကို ပြောင်းလဲသွားစေသည်။
စိုက်ပျိုးရေးစခန်းဘက်နှင့် ရွာဘက်မှာ အမှန်တကယ်ပင် ကွာခြားမှု ရှိနေပြီး ဤဘက်သို့ ရောက်လာသော ထူးဆန်းသည့် အရာများမှာ အလွန် နည်းပါးလှသည်။
သူတို့ နှစ်ယောက်စလုံး ဤနေရာတွင် ရှိနေခြင်းက အမှန်တကယ်ပင် နေရာလွဲမှားနေသကဲ့သို့ ဖြစ်နေ၏။
ဘုန်းကြီးက အံကြိတ်လိုက်ပြီး တင်းတုံ့ကို အလွန် လေးနက်စွာဖြင့် တစ်ချက် ဦးညွှတ်လိုက်ကာ သစ္စာရှိလှသော လေသံဖြင့် ဆိုလိုက်သည်။
"ပါမောက္ခလျှိုကို ဒကာမကြီးပဲ ကူညီ စောင့်ရှောက်ပေးပါ... သူ့ရဲ့ လုံခြုံရေးကို သေချာပေါက် တာဝန်ယူပေးပါ"
တင်းတုံက လက်တစ်ဖက်ကို ထောင်ကာ အနည်းငယ် ကိုင်းညွှတ်လျက် ပြန်လည် အရိုအသေပေးလိုက်သည်။
"ပါမောက္ခလျှို တပည့်တော်ရဲ့ ရှေ့မှာ ဘာမှမဖြစ်စေရဘူး"
ထိုရိုးရှင်းလှသော စကားတစ်ခွန်းကို ကြားလိုက်ရချိန်တွင် ဘုန်းကြီး၏ မျက်နှာပေါ်ရှိ အမူအရာက အနည်းငယ် တည်ကြည်သွားကာ တင်းတုံကို လေးနက်စွာ တစ်ချက် ကြည့်လိုက်သည်။
ထို့နောက် လှည့်ထွက်သွားသည်။
ဘုန်းကြီးက ဘေးရှိ အိတ်ထဲမှ... ခေါင်းစွပ် နားကြပ် တစ်ခုကို ထုတ်ယူလိုက်သည်။
မှန်သည်။ ၎င်းက ခေါင်းစွပ် နားကြပ် တစ်ခုပင် ဖြစ်၏။
၎င်းက အလင်းရောင်စုံ ထွက်ပေါ်နိုင်သော ကြောင်နားရွက် နားကြပ် အမျိုးအစားပင် ဖြစ်သည်။
ဤကဲ့သို့သော နားကြပ်မျိုးကို ကမ္ဘာပျက်ကပ် မတိုင်မီက ဂိမ်းဆော့သည့် တိုက်ရိုက်ထုတ်လွှင့်သူများ အသုံးများကြပြီး အဓိကအားဖြင့် ချစ်စရာကောင်းကာ မြင်ကွင်း အကျိုးသက်ရောက်မှု ကောင်းမွန်သောကြောင့် ဖြစ်သည်။
ဘုန်းကြီးက ဤပစ္စည်းကို ယူပြီး ဘာလုပ်မည်ဆိုတာကို တင်းတုံ နားမလည်နိုင်သေးပေ။
ဒါမှမဟုတ်... ငါ့ကိုများ လက်ဆောင် ပေးမလို့လား။
ဘုန်းကြီးကမူ မည်သူ့ကိုမျှ ဂရုမစိုက်ဘဲ ထိုအလွန်တရာ ချစ်စရာကောင်းနေသော ကြောင်နားရွက် ခေါင်းစွပ် နားကြပ်ကို သူ၏ ဆံပင်မရှိသော ပြောင်ရှင်းနေသည့် ခေါင်းပေါ်တွင် တပ်ဆင်လိုက်လေသည်။
ခေါင်းစွပ် ကြောင်နားရွက် နားကြပ်၏ ကြောင်နားရွက် နှစ်ဖက်စလုံးမှ တောက်ပလှသော နီယွန်မီးရောင်များ ချက်ချင်း လင်းလက်လာသည်။
ထိုအလင်းရောင်များက ဘုန်းကြီး၏ ခေါင်းပြောင်ပြောင်ပေါ်သို့ အရောင်စုံဖြင့် အလင်းပြန်နေ၏။
ဒါက...
တင်းတုံတစ်ယောက် ထိုဆန့်ကျင်ဘက်ဖြစ်နေသော ချစ်စရာကောင်းမှုကြီးထဲမှ သတိမဝင်လာခင်မှာပင် ဘုန်းကြီး၏ မျက်နှာ အမူအရာတစ်ခုလုံးက ပြောင်းလဲသွားခဲ့ချေပြီ။
သူ၏ တစ်ကိုယ်လုံးက ပြင်းထန်ပြီး ပုန်ကန်လိုစိတ်များ ပြည့်နှက်လာကာ မျက်နှာပေါ်ရှိ အမူအရာကလည်း အနည်းငယ် ကြမ်းတမ်း ခက်ထန်လာပုံရသည်။
သူ့ကိုယ်ပေါ်မှ ထွက်ပေါ်နေသော တည်ငြိမ်အေးချမ်းသည့် အငွေ့အသက်များကလည်း နားကြပ်ကို တပ်ဆင်လိုက်သည့် အချိန်မှာပင် အရိပ်အယောင်မျှပင် မကျန်တော့ဘဲ ပျောက်ကွယ်သွားခဲ့သည်။
ယခုအချိန်တွင် ဘုန်းကြီးအား ရက်ပ်သီချင်းဆိုသူ တစ်ဦးဟု ပြောလိုက်လျှင်ပင် လူတိုင်း ယုံကြည်သွားကြပေလိမ့်မည်။
အကယ်၍ ရွှေဆွဲကြိုးကြီး တစ်ကုံးသာ ထပ်ရှိနေမည် ဆိုပါက လုံးဝ ပြည့်စုံသွားပေပြီ။
နားကြပ်ထဲမှ ထွက်ပေါ်နေသော ပြင်းထန်သည့် စည်းချက်ကျကျ ဂီတသံများကို တင်းတုံ သဲ့သဲ့မျှ ကြားလိုက်ရသည်။
ဒါက... သဘာဝလွန်ပစ္စည်း တစ်ခုများ ဖြစ်နေမလား။
တင်းတုံ ပို၍ တုံ့ပြန်မှု မပြုလုပ်နိုင်ခင်မှာပင် ဘုန်းကြီးက ရှေ့သို့ အားကုန် ခြေလှမ်းကျဲကြီး တစ်လှမ်း လှမ်းလိုက်သည်ကို တွေ့လိုက်ရသည်။
ထိုခြေလှမ်းက လေထဲသို့ တိုက်ရိုက် နင်းချလိုက်ခြင်း ဖြစ်ပြီး သူ၏ တစ်ကိုယ်လုံးက အပြေးသန်သူ တစ်ယောက်ကဲ့သို့ လေထဲတွင် ခြေချကာ ရွာ၏ အထက်ပိုင်းဆီသို့ တရှိန်ထိုး ပြေးထွက်သွားတော့သည်။
တင်းတုံက ဘုန်းကြီး၏ သွက်လက် ဖျတ်လတ်သော ကျောပြင်ကို ကြည့်ရင်း တစ်ခဏမျှ ဘာပြောရမှန်းပင် မသိဖြစ်သွားသည်။
ဘုန်းကြီး၏ ဆန့်ကျင်ဘက်ဖြစ်နေသော မြင်ကွင်းက တင်းတုံ၏ မျက်စိရှေ့တွင် ကျန်ရစ်နေဆဲ ဖြစ်သည်။
ပါမောက္ခလျှိုကမူ အေးဆေးတည်ငြိမ်စွာဖြင့် နောက်လှည့်ကာ သူ၏ လက်ထဲရှိ အပင်၏ အမြစ်ဥကို ဆက်လက် လေ့လာနေခဲ့ပြီ ဖြစ်၏။
သို့သော် ဂျင်းခြောက်ကဲ့သို့ ခြောက်သွေ့နေသော သူ၏ လက်နှစ်ဖက်ကမူ မရပ်မနား တုန်ရီနေသည်။
တင်းတုံက စိုက်ပျိုးရေးစခန်း၏ ဝင်ပေါက်ဆီသို့ သွားကာ မျက်စိမှိတ်၊ တင်ပျဉ်ခွေထိုင်လျက် ဆက်လက် တရားမှတ်နေလေသည်။
...
ချန်းရီက အမုန်းတရား ဓား၏ လက်ကိုင်ကို ဆုပ်ကိုင်ကာ ဖြည်းညင်းစွာ ဆွဲထုတ်လိုက်သည်။
ဓားသွားနှင့် ဓားအိမ်အတွင်းရှိ သွေးကြောမျှင်လေးများက တစ်ခုနှင့်တစ်ခု မခွဲခွာလိုကြဘဲ ချန်းရီ၏ ဓားဆွဲထုတ်သည့် လှုပ်ရှားမှုက ၎င်းတို့အား အလွန် နက်ရှိုင်းသော နာကျင်မှုကို ပေးစွမ်းနေသကဲ့သို့ ဖြစ်နေသည်။
ရုပ်မြင်သံကြား ဇာတ်လမ်းတွဲများထဲမှ ဇာတ်လိုက်မင်းသားနှင့် မင်းသမီးတို့ ခွဲခွာရခါနီးအချိန်တွင် တွယ်တာလွမ်းဆွတ်နေကြသည့် အဖြစ်မျိုးနှင့် တူနေ၏။
နောက်ဆုံးကျန်နေသော သွေးကြောမျှင်လေးက ဓားသွားနှင့် ကင်းကွာသွားချိန်တွင်...
မရေမတွက်နိုင်သော သွေးကြောမျှင်များက ဓားသွားကို ဓားအိမ်အတွင်းသို့ ပြန်လည် ဆွဲသွင်းလိုနေကြဆဲ ဖြစ်သည်။
ချန်းရီက အမုန်းတရား ဓားကို ညာဘက်လက်တွင် ဆုပ်ကိုင်ထားပြီး ဘယ်ဘက်လက်တွင်မူ ပေါက်ကွဲကြယ်ပွင့်ကို ကိုင်ဆောင်ထားသည်။
အရောင်အလွန်ဖျော့တော့သော မီးခိုးရောင် ဝိညာဉ်ဆိုး တစ်ကောင်က ချန်းရီ၏ ကျောဘက်ဆီသို့ တိုက်ရိုက် ပြေးဝင်ကာ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်လာသည်။
ချန်းရီ တုံ့ပြန်ရန် ပြင်လိုက်ချိန်မှာပင် သွေးရောင် ဓားအိမ်အတွင်းမှ မရေမတွက်နိုင်သော သွေးကြောမျှင်များ ထွက်ပေါ်လာကာ ထိုမီးခိုးရောင် ဝိညာဉ်ဆိုးကို တိုက်ရိုက် ရစ်ပတ်ချည်နှောင်လိုက်သည်ကို တွေ့လိုက်ရ၏။
ဝိညာဉ်ဆိုးက အလွန်အမင်း ထိတ်လန့်သွားကာ သနားစဖွယ် အော်ဟစ်လိုက်ပြီး သွေးကြောမျှင်များ၏ ထိန်းချုပ်မှုအောက်မှ လွတ်မြောက်ရန် ကြိုးစားလေသည်။
သို့သော် နောက်ဆုံးတွင် သွေးကြောမျှင်များ၏ ဆွဲယူမှုကြောင့် ပို၍ ပို၍ နီးကပ်လာကာ ဝိညာဉ်ဆိုးမှာ ဓားအိမ်အတွင်းသို့ တိုက်ရိုက် ဆွဲသွင်းခံလိုက်ရတော့သည်။
ချန်းရီ အနည်းငယ် ကြောင်အမ်းသွားသည်။ မဟုတ်သေးဘူး... သွေးရောင် ဓားအိမ်မှာ ဒီလို စွမ်းရည်မျိုး ရှိနေတာလား။
ငါ ဘာလို့ အရင်က မသိခဲ့ရတာလဲ။
သူ ပြန်သတိရသွားသည်။ မိတ်ဆက်စာ၏ နောက်ဆုံး စာကြောင်းတွင် အငြိုးအာဃာတကို အစာအဖြစ် စားသုံးသော ကြောက်မက်ဖွယ်ရာ တည်ရှိမှု ဟု ရေးသားထားခဲ့သည် မဟုတ်ပါလော။
မျက်စိရှေ့ရှိ ဤဝိညာဉ်ဆိုးများကလည်း အငြိုးအာဃာတများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ဖို့ များသည်။
ဓားအိမ်အတွက်မူ ၎င်းတို့က အစားအစာတစ်ခုမျှသာ ဖြစ်သည်။
အရောင်အလွန်ဖျော့တော့သော မီးခိုးရောင် ဝိညာဉ်ဆိုး တစ်ကောင်ကို ဖမ်းဆီးရန်မှာ မခက်ခဲလှပေ။
ချန်းရီ ပို၍ တွေးတောနေချိန် မရလိုက်ချေ။
သူ့ရှေ့တွင် ဝိညာဉ်ဆိုး အကောင်ရေ အတော်များများ ပြေးဝင်လာနေပြီ ဖြစ်သည်။
အချို့ ဝိညာဉ်ဆိုးများ၏ အရောင်မှာ အလွန် ဖျော့တော့ပြီး မီးခိုးရောင် သဲ့သဲ့မျှသာ ရှိကာ ဖောက်ထွင်းမြင်ရလုနီးပါး ဖြစ်နေသည်။
သို့သော် ထိုဝိညာဉ်ဆိုးများ၏ မျက်နှာပေါ်ရှိ အမူအရာများက အနည်းငယ်မျှ ကြင်နာမှု မရှိဘဲ အကောင်တိုင်းက အလွန်အမင်း ရုပ်ဆိုးကြမ်းတမ်းကာ ယုတ်မာရက်စက်သော အငြိုးအာဃာတများဖြင့် ပြည့်နှက်နေ၏။
အသက်ရှင်နေသော သတ္တဝါမှန်သမျှအပေါ်တွင် အလွန် နက်ရှိုင်းလှသော အငြိုးအာဃာတများ ရှိနေသကဲ့သို့ပင်။
သို့သော် ထိုအရောင်အလွန်ဖျော့တော့သော ဝိညာဉ်ဆိုးများက ချန်းရီအနားသို့ ချဉ်းကပ်လာချိန်တွင်...
ရုတ်တရက် အလွန်အမင်း ထိတ်လန့်သွားကာ အသံမဲ့ စူးစူးဝါးဝါး အော်ဟစ်လိုက်ပြီး နောက်သို့ အမြန် ပြန်လည် ဆုတ်ခွာသွားကြသည်။
အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော အရာတစ်ခုခုနှင့် ကြုံတွေ့လိုက်ရသကဲ့သို့ပင်။
အမုန်းတရား ဓားက အဆင့်နိမ့် ထူးဆန်းသည့် အရာများကို ဖိနှိပ်နိုင်စွမ်း ရှိပြီး အဆင့်နိမ့် ထူးဆန်းသည့် အရာများက အမုန်းတရား ဓားနှင့် ကြုံတွေ့ရချိန်တွင် မွေးရာပါ ရန်သူနှင့် တွေ့လိုက်ရသကဲ့သို့ ဖြစ်သွားသည်။
ထို့ကြောင့် ထိုမီးခိုးရောင် ဝိညာဉ်ဆိုးများ ထွက်ပြေးသွားသည်မှာလည်း အပြစ်ဆိုစရာ မရှိပေ။
အခြားသော အရောင်အနည်းငယ် ရင့်သည့် ဝိညာဉ်ဆိုးများမှာလည်း ကြောင်အမ်းသွားကြပြီး တစ်ခဏမျှ ဘာလုပ်ရမှန်း မသိ ဖြစ်သွားကြ၏။
အခြား မီးခိုးရောင် ဝိညာဉ်ဆိုး နှစ်ကောင်မှာမူ လှုံ့ဆော်မှု ခံလိုက်ရသကဲ့သို့ ပိုမို ရူးသွပ်စွာဖြင့် ပြေးဝင်လာကြသည်။
မရဏမိုးမခပင်၏ အကိုင်းအခက်များက ချန်းရီ၏ လက်ဖျံကို နက်ရှိုင်းစွာ ရစ်ပတ်ထားသည်။
ချန်းရီက လက်ကောက်ဝတ်ကို တစ်ချက် လှုပ်ခါလိုက်၏။
သူ၏ တစ်ကိုယ်လုံးက မီးခိုးစိမ်း တစ်ခုအဖြစ် ပြောင်းလဲသွားကာ အပေါ်သို့ တရှိန်ထိုး တက်သွားသည်။
အမုန်းတရား ဓားကို ချန်းရီက ညာဘက်လက်ဖြင့် ပြောင်းပြန် ကိုင်ဆောင်ထားပြီး မီးခိုးစိမ်းများနောက်သို့ လိုက်ပါကာ အလင်းရောင် တစ်တန်းကဲ့သို့ လျှပ်တစ်ပြက် ဖြတ်သန်းသွားလေသည်။
ခွဲစိတ်ဓား တစ်ချောင်းကဲ့သို့ တိကျစွာဖြင့် ဝိညာဉ်ဆိုး နှစ်ကောင်၏ ခန္ဓာကိုယ်ပေါ်မှ တိုက်ရိုက် ခုတ်ဖြတ်သွားသည်။
ချန်းရီက သူ ကိုယ်တိုင် အမုန်းတရား ဓားကို ထိန်းချုပ်ကာ ဤဝိညာဉ်ဆိုး နှစ်ကောင်၏ မျက်လုံးများကိုပင် ကလော်ထုတ်ပစ်နိုင်စွမ်း ရှိသည်ဟု ခံစားလိုက်ရ၏။
အမုန်းတရား ဓား အဆင့်မြှင့်တင်ပြီးနောက် ထူးဆန်းသည့် အရာများအပေါ် သတ်ဖြတ်နိုင်စွမ်းက သိသိသာသာ တိုးတက်လာခဲ့သည်။
ညာဘက် မျက်လုံးကို ပူဇော်မှု ပြုပြီးနောက်တွင်...
အမုန်းတရား ဓားအပေါ် ထိန်းချုပ်နိုင်စွမ်းကလည်း အဆင့်များစွာ ပိုမို အားကောင်းလာခဲ့သည်။
ချန်းရီအနေဖြင့် မည်သည့် ဓားသိုင်းကိုမျှ မတတ်ကျွမ်းလျှင်ပင် သေသပ်ကျွမ်းကျင်သော တိုက်ခိုက်မှု လမ်းကြောင်းများကို ဖော်ထုတ်နိုင်နေပြီ ဖြစ်သည်။
ထိုမီးခိုးရောင် ဝိညာဉ်ဆိုး နှစ်ကောင်မှာ အမုန်းတရား ဓား၏ ခုတ်ပိုင်းမှုကို ခံလိုက်ရပြီး မျက်တောင်တစ်ခတ် အတွင်းမှာပင် လေထဲသို့ ပျောက်ကွယ်သွားတော့သည်။
ဝိညာဉ်ဆိုးများ၏ ခန္ဓာကိုယ်မှ မီးခိုးရောင် အရာဝတ္ထုအချို့ ထွက်ပေါ်လာပြီး နောက်ဆုံးတွင် အမုန်းတရား ဓား၏ ဓားကိုယ်ထည်မှ စုပ်ယူသွားကာ နားထဲတွင် သဲ့သဲ့မျှသာ ကြားရသော ငိုကြွေးသံများ ရစ်ဝဲနေ၏။
ရွံရှာဖွယ်ရာ၊ အငြိုးအာဃာတ ကြီးမားလှသော၊ သို့မဟုတ် ရုပ်ဆိုးကြမ်းတမ်းသော မျက်နှာများက ဓားကိုယ်ထည်ပေါ်တွင် ပေါ်ထွက်လာသည်။
၎င်းက အမုန်းတရား ဓား၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရသော ဝိညာဉ်များ၏ မကျေနပ်မှုများဆီမှ ထွက်ပေါ်လာခြင်း ဖြစ်ဟန်တူပေသည်။
မကြာမီ အချိန်အတွင်းမှာပင် အမုန်းတရား ဓား၏ ဒုတိယအဆင့် အခြေအနေဖြစ်သော ငိုကြွေးပူဆွေးခြင်း ထွက်ပေါ်လာတော့မည်ဟု ချန်းရီ ခံစားလိုက်ရသည်။
ဆက်ရန်...