← Chapters

အခန်း ၂၁၅

Vol. 11 Ch. 215

အခန်း ၂၁၅

Vol. 11 Ch. 215

အပိုင်း(၂၁၅) လမ်းစဉ်ကို ရောင်းချသော ဘုန်းကြီး

နတ်ဆရာ လမ်းစဉ်က သာမန်လူတွေ အသုံးပြုနိုင်သည့် လက်နက်တွေကို ဖန်တီးပေးနိုင်လိမ့်မယ်ဟု မထင်မှတ်ထားခဲ့ပေ။

ထိုလက်နက်များသည် ထူးဆန်းသောအရာများကို အတိုင်းအတာတစ်ခုအထိ နှိမ်နင်းနိုင်စွမ်း ရှိကြသည်။

သို့သော် ချန်းရီ၏ အမြင်တွင်မူ ထိုလက်နက်များ၏ အာနိသင်က အကန့်အသတ် ရှိနေသည်။

ခွေးနက်သွေး၏ အာနိသင်နှင့် သိပ်မကွာလှပေ။

ပိုစွမ်းသည်ဆိုလျှင်တောင် အများကြီး ပိုစွမ်းနိုင်မည် မဟုတ်ချေ။

သာမန်လူများအနေဖြင့် ဤလက်နက်များကို ရရှိသွားလျှင် အကြီးမားဆုံး အကျိုးကျေးဇူးမှာ မိမိတို့၏ သေဆုံးမည့်အချိန်ကို နောက်ဆုတ်ပေးနိုင်ခြင်းသာ ဖြစ်သည်။

အနည်းငယ် ပို၍ အစွမ်းထက်သော ထူးဆန်းသည့် အရာများနှင့် ကြုံတွေ့ရပါက ထိုလက်နက်များသည် သေဆုံးချိန်ကို နောက်ဆုတ်ပေးနိုင်မည့် အစွမ်းပင် ရှိမည်မဟုတ်ဘဲ ရိက္ခာများကို အလဟဿ ဖြုန်းတီးပစ်ရာသာ ကျပေလိမ့်မည်။

ဆန့်ကျင်ဘက်အနေဖြင့် မိုးကြိုးခေါ် အင်းနှင့် မိုးကြိုးငါးပါး အင်းများက ပို၍ အသုံးဝင်ပေသည်။

သို့သော်လည်း လူအများစုမှာ ထိုမိုးကြိုးအင်းများကို သိပ်ပြီး စိတ်ဝင်စားမှု မရှိကြပေ။

အဘယ်ကြောင့်ဆိုသော် လူတိုင်းက အစွမ်းပိုင်ရှင်များ ဖြစ်ကြပြီး မိမိတို့ကိုယ်ပိုင် လျှို့ဝှက်အစွမ်းများ ရှိထားကြသောကြောင့် ထိုမိုးကြိုးအင်းများထက် နိမ့်ကျမည်မဟုတ်သောကြောင့် ဖြစ်သည်။

အင်းလေ...

ဒီလောက်တောင် ပြောနေရတဲ့ အဓိက အကြောင်းရင်းကတော့ အားလုံးက အရမ်းကို ဆင်းရဲနေကြလို့ပင်။

မိုးကြိုးခေါ် အင်းတစ်ကတ်ကို ထိုပွယောင်းယောင်း တာအိုဘုန်းကြီးက ဆန် သို့မဟုတ် ဂျုံမှုန့် (၅) ပြည် တောင်းဆိုလေသည်။

မိုးကြိုးငါးပါး အင်းတစ်ကတ်ဆိုလျှင် ဆန် (၁၂) ပြည် ပေးရသည်။

ထို ဈေးနှုန်းများက အလွန်တရာ အဓိပ္ပာယ်မဲ့လွန်းလှ၏။

ကိုယ်လက်သန့်စင် အင်းနှင့် ယှဉ်လိုက်ပါက မိုးပေါ်ထောင်နေသော ဈေးနှုန်းများ ဖြစ်နေသည်။

ကိုယ်လက်သန့်စင် အင်း၏ ဈေးနှုန်းမှာ သက်တမ်းလွန် ခေါက်ဆွဲခြောက် တစ်ထုပ်သာ ဖြစ်သည်။

ရင်းနှီးမြှုပ်နှံမှု တစ်ခုအနေဖြင့် ဝယ်ယူထားပြီး နောင်တစ်ချိန် အခြားယာဉ်တန်းမှ အစွမ်းပိုင်ရှင်များကို ပြန်လည်ရောင်းချလျှင်ပင် အရှုံးမပေါ်နိုင်ပေ။

ချန်းရီက လှည့်ကာ ဘုန်းကြီး၏ ဈေးဆိုင်ရှေ့သို့ ရောက်သွားသည်။

ဘုန်းကြီး၏ ဆိုင်တွင် ပစ္စည်းသိပ်မရှိပေ။

ဗုဒ္ဓဘာသာ ကျမ်းစာအချို့နှင့် နေ့စဉ်သုံး ပစ္စည်းအချို့သာ ရှိသည်။

ဥပမာအားဖြင့် ရွှေရောင်တောက်ပနေသော ရိုလက်စ် နာရီအချို့အပြင် တောက်ပသော အရောင်များ ထွက်ပေါ်နေသည့် စိန်များနှင့် ပုလဲများ ဖြစ်သည်။

အလယ်တွင်တော့ ရွှေရောင်တောက်ပနေသော ဗုဒ္ဓရုပ်ပွားတော်အချို့ကို တည်ထားသည်။

ထို့ပြင် ကျမ်းစာအုပ် အချို့ပင် ရှိနေသေး၏။

ထယ်ရှီးသည်လည်း ဆိုင်ရှေ့တွင် ဆောင့်ကြောင့်ထိုင်လျက် ကျမ်းစာအုပ်ကို ရုပ်ပြစာအုပ် ဖတ်နေသကဲ့သို့ အရသာခံကာ ဖတ်ရှုနေသည်။

"ငတုံးကြီး... မင်း ဘာတွေကြည့်နေတာလဲ"

ထယ်ရှီးက အပြစ်ကင်းစင်စွာ ပြုံးပြလိုက်ပြီး စာအုပ်အမည်ကို ချန်းရီအား ပြသလိုက်သည်။

"ဝရဇိန် မိစ္ဆာနိုင် လက်သီးသိုင်း... "

"လက်သီးသိုင်း... တကယ်ကြီးလား... အစစ်လား"

ချန်းရီသည် ဗုဒ္ဓဘာသာနှင့် ပတ်သက်၍ ကောင်းစွာ နားမလည်သော်လည်း သူ၏ရှေ့ရှိ စာအုပ်မှာ သိုင်းပညာ သိုင်းကျမ်းတစ်အုပ် ဖြစ်ကြောင်းကိုမူ တစ်ချက်ကြည့်ရုံဖြင့် သိနိုင်ပေသည်။

ဝူရှသိုင်းရုပ်ရှင်များထဲမှ သိုင်းကျမ်းများနှင့် တူလှသည်။

"လက်သီးသိုင်းပါ... ဒကာတော် မယုံဘူးဆိုရင် ဘုန်းကြီး ကိုယ်တိုင် သရုပ်ပြပါ့မယ်"

ထိုသို့ပြောပြီးနောက် ချန်းရီ၏ ရှေ့မှ ဘုန်းကြီး၏ ပုံရိပ်က ရုတ်တရက် ပျောက်ကွယ်သွားသည်။

နောက်သို့ လှည့်ကြည့်လိုက်သောအခါ ဘုန်းကြီးသည် ကွင်းပြင်အလယ်တွင် ရပ်နေပြီး သူ၏ ကျောဘက်တွင် ဒေါသထွက်နေသော ဝရဇိန်၏ နတ်ရုပ်သွင်တစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်ကို တွေ့လိုက်ရ၏။

ထို့နောက် မြင်တွေ့လိုက်ရသော မြင်ကွင်းက ချန်းရီအား သိုင်းလောကထဲသို့ ပြန်လည်ရောက်ရှိသွားသကဲ့သို့ ခံစားရစေသည်။

ဘုန်းကြီး၏ လက်သီးတစ်ချက်စီ ထိုးချလိုက်တိုင်း လေထုကြီးက တုန်ခါသွားပြီး လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခုကို ဆွဲငင်နေသကဲ့သို့ ဖြစ်နေသည်။

ချန်းရီသည် စိတ်ထဲမှ တိတ်တဆိတ် တွက်ချက်လိုက်သည်။ အကယ်၍ သူသာ ဤဘုန်းကြီးနှင့် ထိပ်တိုက်ရင်ဆိုင်ရပါက ပထမဆုံးအနေဖြင့် မီးခိုးငွေ့မြူများ အသုံးပြု၍ ရစ်ပတ်ဖုံးလွှမ်းထားခြင်းက အကောင်းဆုံး ဖြစ်ပေလိမ့်မည်။

မဟုတ်ပါက ထိုကဲ့သို့သော လက်သီးစွမ်းအားမျိုးကို သူ ယှဉ်ပြိုင်နိုင်မည် မဟုတ်ချေ။

လက်သီးသိုင်း တစ်ဆက်စာကို သရုပ်ပြပြီးနောက် ဘုန်းကြီးသည် အုတ်ခဲများ ခွဲပြခြင်း၊ ဓားတောင်တက်ခြင်း၊ မီးတွင်းထဲဆင်းခြင်း ကဲ့သို့သော ပြကွက်များကို မပြသခဲ့ပေ။

သို့သော် ဘေးပတ်ဝန်းကျင်မှ စောင့်ကြည့်နေသူများမှာမူ ထိတ်လန့် အံ့သြနေကြ၏။

အားလုံးက အစွမ်းပိုင်ရှင်များ ဖြစ်ကြရာ ထိုဘုန်းကြီး၏ ခန္ဓာကိုယ်ထဲတွင် သဘာဝလွန် အစွမ်းများ မည်မျှအထိ တုန်ခါနေသည်ကို ကောင်းစွာ ခံစားသိရှိနိုင်ကြသည်။

တင်းတုံသည်လည်း အကယ်၍ သူမသာ ဤဘုန်းကြီးနှင့် ရင်ဆိုင်ရပါက အနိုင်ရနိုင်ခြေ သိပ်မရှိကြောင်း စိတ်ထဲမှ တိတ်တဆိတ် တွက်ချက်နေမိသည်။

တကယ်ကို အစွမ်းထက်လှသော ဘုန်းကြီးပင်တည်း။

"ဆရာတော်... အခုပြသွားတာက... အတွင်းအားလား... အပြင်အားလား"

ပန်းရောင်ဆံပင်နှင့် ကောင်မလေးသည် သိုင်းလောက ယဉ်ကျေးမှုကို ကောင်းစွာ နားမလည်ကြောင်း သိသာလှပြီး ပါးစပ်ဟလိုက်သည်နှင့် အပြင်လူတစ်ယောက်၏ မေးခွန်းမျိုးကို မေးလိုက်ခြင်း ဖြစ်သည်။

ဘုန်းကြီးမှာ မျက်နှာမနီ၊ အမောမဖောက်ဘဲ တည်ငြိမ်စွာဖြင့် သူတို့အားလုံးကို ခေါင်းညိတ်ပြလိုက်ပြီးမှ စကားဆိုလေသည်။

"အတွင်းအားပဲဖြစ်ဖြစ်... အပြင်အားပဲဖြစ်ဖြစ်... သဘာဝလွန် အစွမ်းပဲဖြစ်ဖြစ် အားလုံးက စွမ်းအင်တစ်မျိုးပါပဲ"

"ဒကာတို့ အားလုံးက အစွမ်းပိုင်ရှင်တွေဆိုတော့ ကိုယ်စီ လမ်းစဉ်ရဲ့ ထူးခြားတဲ့ စွမ်းရည်တွေ ရှိကြမှာပါ... ဒါပေမဲ့ ဘုန်းကြီးရဲ့ အမြင်မှာတော့ စွမ်းရည်အားလုံးဟာ သဘာဝလွန် အစွမ်းကို အသုံးချခြင်းပါပဲ... "

"ဥပမာ... ခုနက သရုပ်ပြသွားတဲ့ ဝရဇိန် မိစ္ဆာနိုင် လက်သီးသိုင်းလိုမျိုးပေါ့"

"ဒါဟာ ဘုန်းကြီးရဲ့ ဗုဒ္ဓ လမ်းစဉ် အဆင့်(၁) ရဲ့ စွမ်းရည်တွေထဲက တစ်ခုဖြစ်တဲ့ မိစ္ဆာနိုင် အစွမ်းပဲ... ဘုန်းကြီးက အဲဒါကို မှတ်ဉာဏ်ထဲကနေ ပြန်ရေးချထားတာပါ... ဘုန်းကြီး ရေးထားတဲ့အတိုင်း ကျင့်ကြံမယ်ဆိုရင် မိစ္ဆာနိုင် အစွမ်းကို ရရှိနိုင်ပါတယ်"

ဘုန်းကြီး ဤသို့ပြောလိုက်သောအခါ ချန်းရီမှာ ချက်ချင်းပင် မည်သို့ ပြောရမည်ကို မသိတော့ချေ။

ဤဘုန်းကြီးသည် တကယ်ကို သဘောထားကြီးလွန်းလှသည်။ သူ၏ မိစ္ဆာနိုင် အစွမ်းကိုပင် မှတ်ဉာဏ်ထဲမှ ပြန်လည်ရေးချထားသေးသည်။

အခြားသူများဆိုလျှင် မိမိတို့၏ လမ်းစဉ်တွင် မည်သည့်အစွမ်းများ ရှိသည်ကို အသေအချာ ဖုံးကွယ်ထားချင်ကြသည်ကို သိထားရမည်။

အဖွဲ့သားများ အချင်းချင်းပင်လျှင် အကုန်အစင် ပြောပြမည် မဟုတ်ပေ။

ဥပမာအားဖြင့် ခေါင်းဆောင်ချူဆိုလျှင် တစ်ဝက်ပြော တစ်ဝက်ချန်ထားရန် အလွန် ကျွမ်းကျင်သူ ဖြစ်သည်။

သို့သော် ဤဘုန်းကြီးကမူ အရောင်းအဝယ် လုပ်ရန်အတွက် အသုံးပြုဖို့ ရည်ရွယ်ထားပုံရသည်။

"ဆရာတော်... ဆရာတော် ပြောပုံအရဆိုရင် လူတိုင်းက တခြား လမ်းစဉ်ရဲ့ အစွမ်းတွေကို သင်ယူလို့ရတယ်ဆိုတဲ့ သဘောလား"

ပန်းရောင်ဆံပင်နှင့် ကောင်မလေးက မေးမြန်းလိုက်သည်။

ဘုန်းကြီးက လက်တစ်ဖက်ကို ထောင်ကာ ခေါင်းညိတ်ပြလိုက်သည်။

"သီအိုရီအရတော့ ရနိုင်ပါတယ်... ဒါပေမဲ့ တကယ် လက်တွေ့လုပ်ဖို့ကတော့ အခက်အခဲ နည်းနည်း ရှိနိုင်တယ်... ဆင်တူတဲ့ လမ်းစဉ်တွေဆိုရင်တော့ ပိုပြီး လွယ်ကူနိုင်ပါတယ်"

"ဥပမာ ဒီက ဒကာ ဆိုရင်... သူက တိုက်တန် လမ်းစဉ်ဆိုတော့ ရုပ်ပိုင်းဆိုင်ရာ ခွန်အားကို အဓိကထား ကျင့်ကြံတာလေ... ဘုန်းကြီးရဲ့ ဗုဒ္ဓ လမ်းစဉ်နဲ့လည်း နည်းနည်း ဆင်တူတယ်... ဒါကြောင့် မိစ္ဆာနိုင် အစွမ်းကနေ ပြောင်းလဲပြုစုထားတဲ့ ဝရဇိန် မိစ္ဆာနိုင် လက်သီးသိုင်းကို ကျင့်ကြံလို့ ရတယ်... "

ချန်းရီက အတွေးထဲသို့ နစ်မျောသွားသည်။

လူတိုင်း၏ လမ်းစဉ်မှာ မတူညီကြပေ။ တူညီသော လမ်းစဉ်ဖြစ်လျှင်ပင် စွမ်းရည်များက ကွဲပြားနိုင်သေးသည်။

ဥပမာအားဖြင့် သူ ယခုလေးတင် နားလည်သဘောပေါက်သွားသော ဝိညာဉ်သွင်းခြင်း ကဲ့သို့ပင်။

အကယ်၍ အခြား မြူခိုးသခင် တစ်ယောက် သူ၏ရှေ့တွင် ရပ်နေလျှင်ပင် ထိုသူသည် ဝိညာဉ်သွင်းခြင်း အစွမ်းကို တတ်ကျွမ်းချင်မှ တတ်ကျွမ်းပေလိမ့်မည်။

"ဟီးဟီး... ဆရာတော်.... ဆရာတော်. ပြောတာတွေကိုတော့ နားမလည်ဘူး... ဒီ ဝရဇိန် မိစ္ဆာနိုင် လက်သီးသိုင်းကိုတော့ တကယ် သဘောကျတယ်... ဘယ်လို လဲမလဲ ပြော"

"ဆန် (၂၄) ပြည်... ဆီ၊ ဆား၊ ပဲငံပြာရည်၊ ရှာလကာရည် အနည်းငယ်... ဆောင်းတွင်းဝတ် အနည်းဆုံး ဆယ်စုံ၊ ဆောင်းဦးဝတ် ဆယ်စုံ... "

ဘုန်းကြီး၏ ပါးစပ်မှ ထွက်လာသော စကားကြောင့် သူတို့အားလုံး မျက်နှာပျက်သွားကြသည်။

ပန်းရောင်ဆံပင်နှင့် ကောင်မလေးက တင်းတုံကို ဆွဲကာ အလှည့်ကျ ဈေးဆစ်ကြတော့သည်။

နောက်ဆုံးတွင် ဆန် (၁၂) ပြည်၊ ဆောင်းတွင်းဝတ် သုံးစုံ၊ ဆောင်းဦးဝတ် သုံးစုံနှင့် အခြားပစ္စည်း အနည်းငယ်ဖြင့် ဈေးတည့်သွားခဲ့သည်။

ထိုရလဒ်ကို ကြည့်ရင်း ချန်းရီ၏ စိတ်ထဲတွင် လေးစားမှု အချို့ ဖြစ်ပေါ်လာသည်။

ဤဘုန်းကြီးသည် ရွာအတွက် ရိက္ခာပိုမို ရရှိစေရန် မိမိ၏ လမ်းစဉ် အစွမ်းကိုပင် ထုတ်ရောင်းနေသည်။

ဤဘုန်းကြီးသည် တကယ်ကို...

တကယ်ကို...

ထယ်ရှီး၏ ဝရဇိန် မိစ္ဆာနိုင် လက်သီးသိုင်း ကိစ္စကြောင့် ချန်းရီသည် ဘုန်းကြီး၏ ဆိုင်ခန်းကို အနည်းငယ် စိတ်ဝင်စားသွားခဲ့သည်။

ထယ်ရှီး မကျင့်ကြံနိုင်လျှင်ပင် ထိုအရာက ဗုဒ္ဓ လမ်းစဉ်၏ မိစ္ဆာနိုင် အစွမ်းမှ ဆင်းသက်လာခြင်း ဖြစ်သဖြင့် တန်ဖိုးမရှိသော အရာဟုတော့ မဆိုနိုင်ပေ။

ယခု ချန်းရီ၏ လက်ထဲတွင် "စွမ်းအင်စုပ်ယူကျင့်စဉ်" ဟု ရေးသားထားသော စာအုပ်တစ်အုပ်ကို ကိုင်ထားသည်။

ထိုအမည်ကို မြင်လိုက်သည်နှင့် ချန်းရီသည် သွေးရောင်လမင်း အသက်ရှူကျင့်စဉ် ကို ချက်ချင်း သတိရသွား၏။

သွေးရောင်လမင်း အသက်ရှူကျင့်စဉ်၏ ကျင့်ကြံမှု သဘောတရားမှာ အသက်ရှူခြင်းမှတစ်ဆင့် မိမိ၏ ခန္ဓာကိုယ် အခြေအနေကို ညှိယူကာ သွေးရောင်လမင်း၏ စွမ်းအင်များကို စုပ်ယူခြင်း ဖြစ်သည်။

ဒါဆိုလျှင် ဤစွမ်းအင်စုပ်ယူကျင့်စဉ်ကရော စုပ်ယူခြင်းမှတစ်ဆင့် ကျင့်ကြံရမည်ကို ဆိုလိုတာလား။

"ဒကာ ချန်းက အမြင်စူးရှတာပဲ... ဒါက ဘုန်းကြီး ကျင့်ကြံတဲ့ ပညာရပ်ပါ... သဘာဝတရားကြားက ဝိညာဉ်စွမ်းအင်တွေကို စုပ်ယူပြီး ကျင့်ကြံတာပါ"

"အားလုံးလည်း သတိထားမိကြမှာပါ... ကမ္ဘာပျက်ကပ်ပြီးနောက်ပိုင်း သဘာဝတရားကြီးထဲမှာ အပြောင်းအလဲတွေ အများကြီး ဖြစ်လာတယ်... ဒီအပြောင်းအလဲတွေရဲ့ မြစ်ဖျားခံရာက လျှို့ဝှက်ဆန်းကြယ်တဲ့ စွမ်းအင်တစ်မျိုးကနေ လာတာပါ... တချို့က ဝိညာဉ်စွမ်းအင်လို့ ခေါ်ပြီး တချို့ကတော့ မူလစွမ်းအင်လို့ ခေါ်ကြတယ်"

"ဘာပဲဖြစ်ဖြစ် စွမ်းအင်တစ်မျိုးပါပဲ... ဘုန်းကြီးကတော့ စွမ်းအင်စုပ်ယူကျင့်စဉ်ကို သုံးပြီး ကျင့်ကြံတယ်"

ချန်းရီမှာ နားထောင်ရင်း အသက်ရှူမှားသွားရသည်။

တယ်ဟုတ်ပါလား။

ဒီဘုန်းကြီးက သူ့ရဲ့ ကျင့်ကြံမှု ပညာရပ်ကိုတောင် ထုတ်ရောင်းနေတာပဲ။

ဒီဘုန်းကြီးကတော့...

သာမန် ကိုယ်ကျိုးရှာတတ်သော ဗုဒ္ဓ လမ်းစဉ် အစွမ်းပိုင်ရှင်သာဆိုလျှင် ဤအချိန်တွင် ဘုန်းကြီးကို ဝင်ရောက် တိုက်ခိုက်လောက်ပြီ ဖြစ်သည်။

ပန်းရောင်ဆံပင်နှင့် ကောင်မလေးရော၊ တင်းတုံပါ ထိုဘုန်းကြီးကို လေးစားအားကျသော အကြည့်များဖြင့် ကြည့်နေကြသည်။

အကယ်၍ သူတို့သာ ရိက္ခာရရန် မိမိတို့၏ လျှို့ဝှက်ချက်များကို ထုတ်ရောင်းရမည်ဆိုလျှင် လုံးဝ မျှော်လင့်ချက်မဲ့နေသော အခြေအနေမျိုး ရောက်မှသာ ပြုလုပ်ကြပေလိမ့်မည်။

သို့သော် ဤဘုန်းကြီးလောက်တော့ တည်ငြိမ်နိုင်မည် မဟုတ်ပေ။

ဤဘုန်းကြီးသည် ရွာအတွက် ရိက္ခာအချို့ ရရှိစေရန် မိမိကိုယ်ကို အကုန်အစင် ရောင်းချနေသည်ဟု ခံစားရသည်။

ဤဘုန်းကြီး၏ စိတ်ထဲတွင် ကြီးမားသော မေတ္တာတရား ရှိနေသည်။

ချန်းရီက စိတ်ကို တည်ငြိမ်အောင်ထားကာ ရှေ့ရှိ စွမ်းအင်စုပ်ယူကျင့်စဉ် ကို ကြည့်လိုက်သည်။

သူ၏ စိတ်ထဲတွင် စနစ်ကို စတင် မေးမြန်းနေပြီ ဖြစ်သည်။

"စနစ်... ဒီ စွမ်းအင်စုပ်ယူကျင့်စဉ်ကို ငါ ကျင့်ကြံလို့ ရမလား"

[မရနိုင်ပါ။ စွမ်းအင်စုပ်ယူကျင့်စဉ်သည် ဗုဒ္ဓ လမ်းစဉ်၏ သီးသန့် ကျင့်ကြံမှု ပညာရပ် ဖြစ်ပြီး ပိုင်ရှင်၏ မီးခိုးတမန်တော် လမ်းစဉ်နှင့် ဆင်တူသော လမ်းစဉ် မဟုတ်ပါ။ လမ်းစဉ် အတားအဆီးကို ဖျက်ဆီး၍ မရနိုင်ပါ]

ချန်းရီ၏ စိတ်ထဲတွင် အနည်းငယ် လှုပ်ရှားသွားပြီး ဆက်၍ မေးလိုက်သည်။

"စွမ်းအင်စုပ်ယူကျင့်စဉ်ကို အခြေခံပြီး မီးခိုးတမန်တော် လမ်းစဉ် ကျင့်ကြံမှုနဲ့ ကိုက်ညီအောင် ပြောင်းလဲပြုပြင်လို့ ရမလား... ရမယ်ဆိုရင် သတ်ဖြတ်မှတ် ဘယ်လောက် လိုမလဲ"

စနစ်၏ ရင်းနှီးနေသော အဝိုင်းငယ်လေးက ထပ်မံ ပေါ်ထွက်လာသည်။

ငါးစက္ကန့်မျှသာ ကြာပြီးနောက် အဖြေပေးလာ၏။

[စွမ်းအင်စုပ်ယူကျင့်စဉ်ကို ပြောင်းလဲပြုပြင်၍ ရနိုင်ပါသည်။ သတ်ဖြတ်မှတ် (၂၀၀၀၀) လိုအပ်ပါသည်]

နှစ်သောင်းတောင်။

သေချာတာကတော့... စနစ်ကို လုံးဝ အစအဆုံး တာဝန်ယူခိုင်းပြီး လမ်းစဉ် အဆင့် (၂) အတွက် သင့်တော်မည့် ကျင့်ကြံမှု ပညာရပ်ကို အသစ်ဖန်တီးခိုင်းမည်ဆိုလျှင် သတ်ဖြတ်မှတ် တစ်သိန်း လိုအပ်ပေလိမ့်မည်။

ယခုမူ လက်ရှိ ရှိနေသော "စွမ်းအင်စုပ်ယူကျင့်စဉ်" ကို ပြောင်းလဲပြုပြင်ရန် နှစ်သောင်းသာ လိုအပ်သည်။

ဒီပစ္စည်းကို ယူလိုက်မယ်။

ကျင့်စဉ် ပညာရပ်သာ ရှိပါက လမ်းစဉ် အဆင့် (၃) ဖြစ်သော မြူခိုးသခင် အဆင့်သို့ ရောက်ရန် အလှမ်းဝေးတော့မည် မဟုတ်ပေ။

ဆက်ရန်...

All Chapters