အခန်း ၃
Vol. 1 Ch. 3
အပိုင်း (၃) ပစ္စည်းရိက္ခာများ ရှာဖွေခြင်း
ချန်းရီ မျက်စိရှေ့တွင် မြင်တွေ့ရသည်မှာ မြို့အဝင်ဝ၌ စိုက်ထူထားသော ကြီးမားသည့် မုခ်ဦးကြီးတစ်ခုဖြစ်ပြီး ထိုအပေါ်တွင် "ရှင်းဟွာမြို့မှ ကြိုဆိုပါ၏" ဟု ရေးသားထားသည်။
မုခ်ဦးပေါ်မှ ကွာကျနေသော ဆေးနီရောင်များက အလွန်တရာ ခြောက်ကပ်ဆိတ်ညံနေသည့် ပုံပေါက်နေသည်။
မုခ်ဦးကို ကျော်လွန်သွားသည်နှင့် အဝေးဆီသို့ တောက်လျှောက် ရှည်လျားစွာ သွယ်တန်းသွားသော လမ်းမကြီးတစ်လမ်း ရှိနေသည်။
နေ့လယ် ၃ နာရီ အချိန် ဖြစ်နေပါလျက် ဤလမ်းမကြီး၏ အဆုံးတွင် အဆုံးမဲ့သော အမှောင်ထုကြီး ပုန်းကွယ်နေသကဲ့သို့ ခံစားရစေ၏။
လမ်းမကြီး၏ တစ်ဖက်တစ်ချက်စီတွင် ဆိုင်ခန်းများ အတန်းလိုက် ရှိနေသည်။
ဆိုင်းဘုတ်များအားလုံးမှာ အနက်ရောင်နောက်ခံတွင် အဖြူရောင်စာလုံးများ ရေးသားထားခြင်းဖြစ်ပြီး ကြည့်ရသည်မှာ အလွန်တရာ ကျောချမ်းဖွယ် ကောင်းလှသည်။
လမ်းမပေါ်တွင် ပေါင်းပင်များ ဖုံးလွှမ်းနေပြီး နံရံများမှာလည်း ဟောင်းနွမ်းကွာကျနေကာ ထိုအဖြူအမည်း ဆိုင်းဘုတ်များပင်လျှင် များစွာ ပျက်စီးနေခဲ့ပြီ ဖြစ်သည်။
ထူးဆန်းသောဖြစ်ရပ်များ ပေါက်ကွဲဖြစ်ပေါ်လာခဲ့သည်မှာ ယခုအချိန်အထိ လအနည်းငယ်မျှသာ ရှိသေးသည်။
သို့သော် ဤမြို့လေးမှာ ဆယ်စုနှစ်များစွာ လူသူအရိပ်အယောင် ကင်းမဲ့နေခဲ့သည့်အလား ထင်မှတ်ရ၏။
ပုပ်ဟောင်စိုစွတ်နေသော အနံ့ဆိုးတစ်ခုက မျက်နှာဆီသို့ ရိုက်ခတ်လာသည်။
ဦးနှောက်ချို့ယွင်းနေသူ မဟုတ်သရွေ့ ဤရှင်းဟွာမြို့လေးတွင် ပြဿနာတစ်ခုခု ရှိနေကြောင်း အလွယ်တကူ သိမြင်နိုင်ပေသည်။
လူများစွာ၏ မျက်နှာများမှာ ဖြူရော်နေပြီး ခြေသလုံးကြွက်သားများ တုန်ရီကာ နောက်သို့ ဆုတ်နေကြပြီ ဖြစ်သည်။
ချန်းရီ၏ မျက်နှာထားမှာလည်း သိပ်မကောင်းလှဘဲ ခါးတွင်ချိတ်ထားသော လက်ကိုင်ဒူးလေးကို လက်ထဲတွင် ဆုပ်ကိုင်ထားလေသည်။
ဒူးလေးသည် ထူးဆန်းသောအရာများအတွက် အသုံးမဝင်သော်လည်း အနည်းဆုံးတော့ စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်မှုတစ်ခုကို ပေးစွမ်းနိုင်ပေသည်။
အားလုံး ရှေ့မဆက်ရဲဘဲ တွေဝေတုံ့ဆိုင်းနေကြချိန်တွင် ရိုင်းစိုင်းကြမ်းတမ်းသော အသံကြီးတစ်ခု ထွက်ပေါ်လာသည်။
"အခြောက်တွေကျနေတာပဲ... ငါ အရင်သွားပြီ"
အားလုံးက အသံလာရာသို့ လှမ်းကြည့်သောအခါ အရပ် (၆) ပေခွဲကျော်၊ ကိုယ်အလေးချိန် ပေါင် (၃၃၀) ကျော်ရှိသော လူသန်ကြီးတစ်ယောက်က အဆင့်မြှင့်တင်ထားသည့် လမ်းကြမ်းမောင်းကားပေါ်မှ တိုးထွက်လာသည်ကို မြင်တွေ့ရသည်။
ဟုတ်ပေသည်၊ ကားထဲမှ အတင်းတိုးဝှေ့ ထွက်လာခဲ့ခြင်း ဖြစ်၏။
ထိုလူသန်ကြီး မြေပြင်ပေါ်သို့ ရပ်ချိန်ရောက်မှသာ သူ၏ ခန္ဓာကိုယ် အရွယ်အစားမှာ မည်မျှတောင် အံ့မခန်း ကြီးမားနေကြောင်း ချန်းရီ သိရှိသွားရတော့သည်။
(၆) ပေခွဲကျော် မြင့်မားသော အရပ်၊ အလွန်တရာ တောင့်တင်းခိုင်မာသော ခန္ဓာကိုယ်၊ လက်မောင်းလုံးပတ်မှာ လူကြီးတစ်ယောက်၏ ခါးလောက်နီးပါး တုတ်ခိုင်နေသည်။
လူသန်ကြီးသည် ဘေးပတ်ဝန်းကျင်မှ အကြည့်များကို ဂရုမစိုက်ဘဲ ဆင်ကြီးတစ်ကောင်အလား အဝေးရှိ ကုန်တိုက်ဆိုင်းဘုတ်ဆီသို့ တဟုန်ထိုး ပြေးဝင်သွားလေသည်။
လူသန်ကြီး... မဟုတ်သေး၊ ဤလူဘီလူးကြီး ပြေးဝင်သွားသည့် ဦးတည်ရာတွင် ကြီးမားသော ကုန်တိုက်ကြီးတစ်ခု ရှိနေသည်မှာ သိသာထင်ရှားလှသည်။
ကုန်တိုက်ကြီးဆိုသည်မှာ များပြားကြွယ်ဝသော ပစ္စည်းရိက္ခာများကို ကိုယ်စားပြုနေတတ်သည် မဟုတ်ပါလော။
"ဟေး... လူကောင်ကြီး... ငါ့ကို စောင့်ဦးလေ"
လမ်းကြမ်းမောင်းကားထဲမှ ကျိန်ဆဲသံတစ်ခု ထွက်ပေါ်လာပြီး ကားစက်နှိုးကာ လူသန်ကြီးနောက်သို့ လိုက်ပါသွားတော့သည်။
ကျန်လူများက တစ်ယောက်ကိုတစ်ယောက် အကဲခတ်ကြည့်ကြပြီး မကြာမီမှာပင် ဒုတိယမြောက် လမ်းကြမ်းမောင်းကားကလည်း နောက်မှ ထပ်ကြပ်မကွာ လိုက်ပါသွားရာ ၎င်းတို့၏ ပစ်မှတ်မှာလည်း ကြီးမားသော ဆိုင်းဘုတ်ရှိသည့် ကုန်တိုက်ကြီးပင် ဖြစ်သည်။
"တောက်... သတ္တိရှိတဲ့သူက အဝစားရပြီး သတ္တိကြောင်တဲ့သူက ငတ်သေမှာပဲ"
အနီးအနားရှိ အဘိုးအိုတစ်ဦးကလည်း သူ၏ သက်ကြီးရွယ်အိုသုံး လျှပ်စစ်သုံးဘီးကို မောင်းနှင်ကာ နောက်မှ လိုက်သွားလေသည်။
"မင်းတို့ လူငယ်တွေက ငါ့လို အဘိုးကြီးလောက်တောင် သတ္တိမရှိကြဘူး"
"ငါ ပြန်ထွက်လာတဲ့အခါ အစားကောင်းတွေ စားသောက်နေတာကို ထိုင်သာ ကြည့်နေကြတော့"
ထိုအဘိုးအိုက မထွက်ခွာမီ ဤလှောင်ပြောင်စကားကိုပင် ချန်ရစ်ထားခဲ့သေး၏။
နေရာတွင် ရှိနေသော ကျန်လူများ၏ မျက်နှာများမှာ ရှက်ရွံ့မှုကြောင့် နီမြန်းသွားကြသည်။
ချက်ချင်းပင် ကျိန်ဆဲသံများ ဆက်တိုက် ထွက်ပေါ်လာပြီး ထိုစကားကြောင့် ဒေါသထွက်ကာ နောက်မှ လိုက်သွားသူ အများအပြား ရှိလာသည်။
သို့သော် နေရာတွင်ပင် ရပ်ကာ တွေဝေနေသူများလည်း အများအပြား ကျန်ရှိနေသေးသည်။
ချန်းရီသည်လည်း သုံးဘီးယာဉ်ကို နင်းကာ ထိုလူများနောက်သို့ လိုက်ပါသွားခဲ့သည်။
သို့သော် ချန်းရီ၏ ပစ်မှတ်မှာ ထိုအဝေးမှ ကုန်တိုက်ကြီး မဟုတ်ပေ။
ထိုကုန်တိုက်ကြီးမှာ မြို့ထဲသို့ အလွန် နက်ရှိုင်းစွာ ဝင်ရောက်နေသဖြင့် တစ်ခုခု ဖြစ်လာပါက ထွက်ပြေးရန်ပင် မဖြစ်နိုင်တော့ချေ။
ချန်းရီ၏ ပစ်မှတ်မှာ လမ်းဘေး တစ်ဖက်တစ်ချက်စီရှိ ဆိုင်ခန်းများသာ ဖြစ်သည်။
ဆိုင်ခန်းများထဲရှိ ရိက္ခာများမှာ ကုန်တိုက်ကြီးလောက် မပေါများနိုင်သော်လည်း လုံခြုံမှုအပိုင်းတွင်မူ အများကြီး ပိုမို စိတ်ချရသည်။
ထို့အပြင် လမ်းမပေါ်တွင် နေရောင်ခြည် ရှိနေသေး၏။
အသက်ရှင်ကျန်ရစ်သူများ စုဆောင်းထားသော အတွေ့အကြုံများအရ ထူးဆန်းသောအရာများ၏ လိုက်လံတိုက်ခိုက်ခြင်းကို ခံရချိန်တွင် နေရောင်ခြည်ရှိရာ နေရာသို့ ထွက်ပြေးလွတ်မြောက်နိုင်ပါက ထိုအရာများက ဆက်လက် မလိုက်တော့ပေ။
ချန်းရီကဲ့သို့ တွေးတောထားသူများမှာ မနည်းပါးဘဲ အနီးအနားရှိ လူအတော်များများကလည်း ဤဆိုင်ခန်းများကို မျက်စိကျနေကြသည်။
ကံကောင်းသည်မှာ ဤနေရာရှိ ဆိုင်ခန်းများမှာ အလွန် များပြားလှသဖြင့် တစ်ယောက်လျှင် ဆိုင်တစ်ဆိုင် ဝင်ရောက်မည် ဆိုပါကပင် ပြဿနာ မရှိနိုင်ချေ။
ချန်းရီသည် ဆေးလိပ်၊ အရက်နှင့် ကုန်ခြောက်ရောင်းသော ဆိုင်တစ်ဆိုင်၏ တံခါးဝသို့ ရောက်ရှိလာပြီး မှန်တံခါးမှတစ်ဆင့် ဆိုင်အတွင်းရှိ အပြင်အဆင်များကို မြင်တွေ့နေရကာ ဆေးလိပ်ဘူးများက မှန်ကောင်တာထဲတွင် အတားအဆီးမရှိ ပြသထားလေသည်။
ဘေးဘက်ရှိ အနည်းငယ် မှောင်နေသော နေရာတွင်မူ ကုန်ပစ္စည်းတင်စင်များ အတန်းလိုက် ရှိနေပြီး စင်များပေါ်တွင် မုန့်ပဲသရေစာ အချို့ ရှိနေသော်လည်း အလင်းရောင် အားနည်းမှုကြောင့် ယာယီအားဖြင့် ရှင်းလင်းစွာ မမြင်ရသေးပေ။
ဤကဲ့သို့ သေးငယ်သော ကုန်ခြောက်ဆိုင်လေးတွင် ရိက္ခာများမှာ ကုန်တိုက်ကြီးလောက် မများပြားနိုင်သော်လည်း ချန်းရီအတွက် စုဆောင်းရန် အလုံအလောက် ရှိနေဆဲ ဖြစ်သည်။
အထူးသဖြင့် ထိုမှန်ကောင်တာထဲရှိ ဆေးလိပ်များက များစွာ မျက်စိကျစရာ ကောင်းလှ၏။
ချန်းရီသည် ဆေးလိပ်သောက်လာခဲ့သည်မှာ ဆယ်နှစ်ကျော် သက်တမ်းရှိပြီဖြစ်ရာ ဆေးလိပ်မရှိသော နေ့ရက်များမှာ အလွန်တရာ ဖြတ်သန်းရ ခက်ခဲလှသည်။
ထို့အပြင် ကမ္ဘာပျက်ကပ်ကြီးထဲတွင် အစားအစာများအပြင် ဆေးလိပ်၊ အရက်နှင့် ဆေးဝါးများကဲ့သို့သော အရာများသည်လည်း အလွန် လိုအပ်သော ရှားပါးပစ္စည်းများ ဖြစ်လာကြသည်။
အချို့လူများဆိုလျှင် မိမိကိုယ်တိုင် ဆေးလိပ်မသောက်သော်လည်း ဤဆေးလိပ်များကို ယူဆောင်ကာ အခြားသူများနှင့် လိုအပ်သော ရိက္ခာများ ဖလှယ်တတ်ကြသည်။
ချန်းရီသည် မှန်တံခါးကို ခွဲရန် အုတ်ခဲတစ်လုံး ရှာမည်ပြုစဉ်မှာပင် ဆိုင်တံခါး၏ သော့မှာ ပုံပျက်ပန်းပျက် ဆွေးမြည့်နေပြီဖြစ်ကြောင်း တွေ့ရှိသွား၏။
လက်ဖြင့် ဖြည်းညင်းစွာ ဆွဲဖွင့်ရုံဖြင့် မှန်တံခါးပေါ်ရှိ သော့က ပွင့်သွားလေသည်။
မှန်တံခါးဆီမှ "ကျွီ" ဟူသော နားခါးဖွယ် အသံကြီး ထွက်ပေါ်လာပြီး တံခါးပတ္တာများမှာလည်း သံချေးများ တက်နေကာ အနည်းငယ် တွန်းရုံဖြင့် ကျိုးကျသွားတော့မည့်အလား ထင်ရသည်။
ချန်းရီက ဆိုင်အတွင်းသို့ လည်တဆန့်ဆန့်ဖြင့် ချောင်းကြည့်သည်။
ယခုအချိန်မှာ နေ့လယ် ၃ နာရီကျော် ၄ နာရီနီးပါး ရှိနေပြီဖြစ်ပြီး နေလုံးမှာ အနောက်ဘက်သို့ ယိမ်းနေကာ နေရောင်ခြည်က တံခါးပေါက်မှတစ်ဆင့် ဆိုင်အတွင်းသို့ ဖြာကျနေသည်။
ဆိုင်တံခါးပေါက် ဧရိယာမှာ လင်းထိန်နေပြီး ဆေးလိပ်ကောင်တာဆီသို့ အတိအကျ ကျရောက်နေ၏။
အလင်းရောင် မရောက်သော အခြားနေရာများမှာမူ အနည်းငယ် မှောင်မည်းနေကာ တံခါးပေါက်မှ အလင်းရောင်နှင့် သိသာထင်ရှားသော ဆန့်ကျင်ဘက် အခြေအနေကို ဖြစ်ပေါ်စေသည်။
လက်ကိုင်ဒူးလေးကို အသင့်ပြင်ထားရင်း ချန်းရီသည် ဆိုင်အတွင်းသို့ သတိကြီးစွာဖြင့် ဝင်ရောက်သွားကာ ဆိုင်တစ်ခုလုံးကို အသေအချာ အကဲခတ်ကြည့်ရှုသော်လည်း ထူးဆန်းသောအရာများ၏ အရိပ်အယောင်ကဲ့သို့ မည်သည့်အရာကိုမျှ မတွေ့ရပေ။
ချန်းရီသည် ကျောပေါ်မှ ကျောပိုးအိတ်ကို ရင်ဘတ်ရှေ့သို့ အလျင်အမြန် ပြောင်းလွယ်ပြီး ကုန်ပစ္စည်းစင်များပေါ်ရှိ အစားအစာများကို စတင် ရှင်းလင်း သိမ်းဆည်းတော့သည်။
သူက ထိုဆေးလိပ်များကို အလွန် သွားယူချင်နေသော်လည်း ရင်ထဲမှ ဆန္ဒကို ချုပ်တည်းထားလေသည်။
ကမ္ဘာပျက်ကပ်ကြီးထဲတွင် ဆေးလိပ်မသောက်ရရုံဖြင့် မသေနိုင်သော်လည်း အစားအစာမရှိလျှင်မူ တကယ် သေရမည် ဖြစ်သည်။
ဤအချိန်တွင် အသိတရားက စိတ်ခံစားမှုကို အနိုင်ယူသွားခဲ့၏။
ချန်းရီ၏ လက်နှစ်ဖက်မှာ အလွန် မြန်ဆန်စွာ လှုပ်ရှားနေပြီး မျက်စိထဲ တွေ့သမျှ အရာအားလုံးကို ကျောပိုးအိတ်ထဲသို့ အကုန် သွတ်ထည့်လေသည်။
ဤကျောပိုးအိတ်သည် ချန်းရီ ယခင်က ရိက္ခာများ ရှာဖွေစုဆောင်းစဉ်က ယခုလို အချိန်မျိုးအတွက် ရည်ရွယ်ကာ အထူး သတိထား ရှာဖွေထားခဲ့ခြင်း ဖြစ်သည်။
ကျောပိုးအိတ်၏ နေရာလွတ်မှာ အလွန် ကြီးမားသော်လည်း ကုန်ပစ္စည်းစင်များပေါ်ရှိ အစားအစာများမှာ ထင်ထားသည်ထက် များစွာ နည်းပါးနေသည်။
စင်အတော်များများမှာ ဟာလာဟင်းလင်း ဖြစ်နေဆဲပင်။
ဤကဲ့သို့သော မြို့နယ်အဆင့် ကုန်ခြောက်ဆိုင်များ၏ ကုန်ပစ္စည်းများမှာ မူလကတည်းက မြို့ကြီးများရှိ ၂၄ နာရီ စတိုးဆိုင်များလောက် မစုံလင်ပေ။
ရှင်းဟွာမြို့တွင် ကုန်တိုက်ကြီးတစ်ခု ဖွင့်လှစ်ပြီးနောက်ပိုင်း ဤကုန်ခြောက်ဆိုင်လေး၏ အရောင်းအဝယ်မှာ ပို၍ပင် ကျဆင်းသွားခဲ့သည်။
အကယ်၍ ကမ္ဘာပျက်ကပ်ကြီးသာ ကျရောက်မလာခဲ့လျှင် မကြာမီအချိန်အတွင်း ဤကုန်ခြောက်ဆိုင်လေးကို အခြားသူထံ လွှဲပြောင်းရောင်းချသွားမည် ဖြစ်ကြောင်း ခန့်မှန်းရသည်။
ချန်းရီ၏ မျက်စိထဲ ဝင်လာသမျှ မည်သည့်အရာမှ ချန်းရီ၏ သိမ်းကြုံးယူဆောင်မှုမှ မလွတ်ကင်းခဲ့ပေ။
အစပ်ချောင်းများ၊ ခေါက်ဆွဲခြောက်ထုပ်များ၊ ဂျယ်လီများ၊ အားလုံးကို ကျောပိုးအိတ်ထဲသို့ ပြည့်သိပ်ထည့်သွင်းလေသည်။
အပြင်ဘက်ရှိ နေရောင်ခြည်မှာ တဖြည်းဖြည်း အနောက်ဘက်သို့ ယိမ်းသွားနေပြီး ဆိုင်အတွင်း နေရောင်ခြည် ကျရောက်သော ဧရိယာမှာ လျော့နည်းလာနေသည်။
ချန်းရီသည် အစားအစာအားလုံးကို ပြောင်စင်အောင် သိမ်းဆည်းသော်လည်း ကျောပိုးအိတ်မှာ သုံးပုံနှစ်ပုံခန့်သာ ပြည့်သေးပြီး အတင်းဖိသိပ်သောအခါ ထိုသုံးပုံနှစ်ပုံမှာ ထက်ဝက်ခန့်အထိ ပြန်လည် လျော့ကျသွားပြန်သည်။
ထိုအခါမှသာ ချန်းရီသည် ကောင်တာထဲရှိ ဆေးလိပ်များဆီသို့ အကြည့်ပြောင်းကာ တံတွေးတစ်ချက် မျိုချလေသည်။
ဤတစ်ကြိမ်တွင် ချန်းရီ၏ မြန်နှုန်းမှာ ပိုမို မြန်ဆန်လာပြီး လက်နှစ်ဖက်မှာ အရိပ်ပင် မမြင်ရလောက်အောင် လှုပ်ရှားနေတော့သည်။
"တာဇီး" တံဆိပ်သာမက "ဟွာဇီး" တံဆိပ် ဆေးလိပ် ဘူးအနည်းငယ်လည်း ရှိနေသေး၏။
သို့သော် အများစုမှာ ဈေးပေါသော ဆေးလိပ်များသာဖြစ်ပြီး "ဟွာဇီး" ကဲ့သို့သော တံဆိပ်မျိုးမှာ ဘူးအနည်းငယ်သာ ရှိသည်။
"ဟဲဟွာ" တံဆိပ်မှာ ပို၍ပင် နည်းပါးပြီး နှစ်ဘူး သုံးဘူးခန့်သာ ရှိလေသည်။
ချန်းရီသည် မည်သည့်အရာကိုမျှ မချန်ဘဲ ဤဆေးလိပ်များအားလုံးကို ကျောပိုးအိတ်ထဲသို့ အကုန် ထည့်သွင်းလေသည်။
မှန်ကောင်တာအောက်ရှိ ဗီရိုကိုပင် အလွတ်မပေးခဲ့ချေ။
ယခင်က အစားအစာများနှင့် ပေါင်းစပ်သောအခါ ကြီးမားသော ကျောပိုးအိတ်ကြီးမှာ အချိန်တိုအတွင်းမှာပင် အပြည့်အမောက် ဖြစ်သွားတော့သည်။
ယူဆောင်၍ရနိုင်သမျှ အရာအားလုံးကို ချန်းရီက ကျောပိုးအိတ်ထဲသို့ ထည့်သွင်းခဲ့ပြီး နေ့စဉ်သုံး ပစ္စည်းများနှင့် ပတ်သက်၍မူ အလွန်အရေးတကြီး မလိုအပ်ပါက တစ်ခုမကျန် စွန့်လွှတ်ခဲ့သည်။
ချန်းရီသည် အရက်နှစ်ပုလင်းကိုလည်း ထည့်သွင်းထားသေး၏။
ထိုစဉ် ရုတ်တရက် ရင်းနှီးနေသော ကျောချမ်းဖွယ် ခံစားချက်တစ်ခုက ရင်ထဲမှ ထွက်ပေါ်လာသည်။
ထိုခံစားချက်မှာ စောစောက မြို့အဝင်ဝတွင် ရပ်ကာ ပျက်စီးယိုယွင်းနေသော မြို့လေးကို ကြည့်နေစဉ်က အတိုင်းပင် ဖြစ်သည်။
ယခင်က ကျန်းချန်မြို့တွင် ရှိနေစဉ်ကလည်း အကြိမ်များစွာ ကြုံတွေ့ခဲ့ဖူးလေသည်။
အသက်ရှင်ကျန်ရစ်သူတိုင်း ဤခံစားချက်က မည်သည်ကို ကိုယ်စားပြုကြောင်း သိရှိကြသည်။
သုံးရက်ကြာ သေဆုံးနေသော အလောင်းကောင်ထက်ပင် ပို၍ ဖြူရော်နေသော လူ့မျက်နှာတစ်ခုက ချန်းရီ၏ နောက်စေ့တွင် ကပ်နေလေသည်။
သူ၏ ဂုတ်ပိုးတွင် တဆစ်ဆစ် အေးစက်လာသည်ကို ခံစားရပြီး လက်ခုံပေါ်ရှိ မွေးညင်းများ အားလုံး ထောင်ထလာသည်။
နှာခေါင်းထဲတွင်လည်း အေးစက်စိုစွတ်နေသော အနံ့ဆိုးတစ်ခုကို ရနေသေး၏။
ကြက်သီးမွေးညင်းများက လက်ခုံမှတစ်ဆင့် တစ်ကိုယ်လုံးသို့ ပြန့်နှံ့သွားသည်။
အေးစက်နေသော မြွေတစ်ကောင်က ကျောရိုးတစ်လျှောက် တွားသွားနေသည့်အလား ခံစားရသည်။
ချန်းရီသည် မျက်နှာကို ဖြည်းညင်းစွာ လှည့်ကြည့်၏။
အသက် ခုနစ်နှစ်၊ ရှစ်နှစ် အရွယ် ကလေးတစ်ယောက်၏ မျက်နှာဖြစ်ပြီး ချန်းရီနှင့် အလွန်တရာ နီးကပ်လွန်းနေသည်။
ဖြူဖျော့နေသော အသားအရေ၊ အလွန်အမင်း ရဲနေသော ပါးနီများ။
မျက်လုံးများနှင့် ပါးစပ်မှာ ကွေးညွှတ်နေပြီး အလွန်တရာ ထူးဆန်းကျောချမ်းဖွယ်ကောင်းသော အပြုံးမျက်နှာတစ်ခု ဖြစ်ပေါ်နေသည်။
ကလေးတစ်ကိုယ်လုံးမှာ စက္ကူဖြင့် ပြုလုပ်ထားသကဲ့သို့ ဖြစ်နေသည်။
ဤကလေးသည် မျောက်တစ်ကောင်အလား အမှောင်ထဲတွင် ဆောင့်ကြောင့်ထိုင်နေပြီး စပ်စုချင်သော အကြည့်များဖြင့် ချန်းရီကို စူးစိုက်ကြည့်နေလေသည်။
သူတို့နှစ်ဦးကြားတွင် အလင်းနှင့် အမှောင် ခြားနားနေသော မျဉ်းတစ်ကြောင်း ဖြစ်ပေါ်နေသည်။
တစ်ဖက်တွင် အကြွင်းအကျန် နေရောင်ခြည် ရှိနေသေးပြီး အခြားတစ်ဖက်တွင်မူ အစွန်အဖျားရောက် အေးစက်ထူးဆန်းမှုများ ရှိနေသည်။
ဤစက္ကူကလေးသည် ချန်းရီ ဝင်လာကတည်းက မှောင်မည်းနေသော ထောင့်တစ်နေရာတွင် ပုန်းကွယ်ကာ သူ့ကို ဤကဲ့သို့ ကြည့်နေခဲ့သည်လား၊ မည်သူမှ မသိနိုင်ပေ။
သို့တည်းမဟုတ် ယခုလေးတင်မှ ပေါ်လာခြင်းလော။
"တောက်... သေစမ်း"
ချန်းရီသည် ယိုင်လဲသွားကာ ကောင်တာကို ဝင်တိုက်မိပြီး အပြင်သို့ ထွက်ပြေးရန် ကြိုးစားလေသည်။
သို့သော် မှန်တံခါးကို အပြင်ဘက်မှ လူတစ်ယောက်က သစ်သားတုတ်တစ်ချောင်းဖြင့် ကန့်လန့်ဖြတ် ပိတ်ဆို့ထားသည်ကို တွေ့ရှိသွား၏။
ဤတံခါးမှာ ဤကဲ့သို့ပင် ပိတ်ဆို့ခံလိုက်ရလေပြီ။
တစ်ယောက်ယောက်က ငါ့ကို ရည်ရွယ်ချက်ရှိရှိ လုပ်တာလား။
ဤအချိန်မှာပင် ချန်းရီသည် မှန်တံခါးမှတစ်ဆင့် အပြင်ဘက်တွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့က သူ၏ သုံးဘီးယာဉ်ရှေ့၌ ရပ်နေကြသည်ကို မြင်တွေ့ရသည်။
ဤလူနှစ်ယောက်ကို ချန်းရီ ကောင်းစွာ သိရှိလေသည်။
ထိုအထဲမှ အမျိုးသမီးမှာ ယခင်က သူ ငြင်းပယ်ခဲ့ဖူးသော ယောဂဘောင်းဘီနှင့် အမျိုးသမီးဖြစ်ပြီး နာမည်မှာ ကျားကျား ဟု မှတ်မိနေသည်။
ထိုအမျိုးသားမှာ အားကစားနည်းပြ ချန်ဇီ ပင်တည်း။
ထိုလူနှစ်ယောက်မှာ တစ်ခုခုကို ခံစားသိရှိသွားသကဲ့သို့ ခေါင်းလှည့်ကြည့်လာကြပြီး ချန်းရီ၏ မျက်လုံးများနှင့် အတိအကျ ဆုံသွားကြသည်။
ယောဂဘောင်းဘီနှင့် အမျိုးသမီးသည် အောင်နိုင်သူဟန်ဖြင့် လှောင်ပြောင်စကား တစ်ခွန်းနှစ်ခွန်း ပြောရန် ပြင်စဉ်မှာပင် ချန်းရီ၏ အနောက်ဘက် အမှောင်ထုထဲရှိ ဖြူရော်နေသော အသားအရေနှင့် ကလေးကို မြင်တွေ့သွားလေသည်။
ထိုမျက်နှာမှာ ချက်ချင်းပင် အလွန်အမင်း ထိတ်လန့်သွားပြီး ချန်ဇီအား ထွက်သွားရန် အလျင်အမြန် တိုက်တွန်းတော့သည်။
"ဟီးဟီး..."
ကလေးတစ်ယောက်၏ ရယ်မောသံ ထွက်ပေါ်လာသည်။
"လမင်းကြီး... ခေါင်းတလားကို လင်းပါစေ... ညီလေးက သကြားလုံးစောင့်ရင်း အူပြတ်မတတ် ငိုရှာနေ"
ဤအသံမှာ ရှိသလိုလို မရှိသလိုလို ဖြစ်နေပြီး ဝေးသလိုလို နီးသလိုလိုလည်း ခံစားရသည်။
၎င်းကား "စက္ကူငိုကြွေးကလေး" ပင် ဖြစ်သည်။
ထိုသီချင်းလေးထဲမှ လမင်းကြီးဆိုသည်မှာ လကို ရည်ညွှန်းခြင်း ဖြစ်တန်ရာ၏။
တောင်ပိုင်းရှိ အချို့သော ဒေသများတွင် လသည် ကလေးသူငယ် စောင့်ရှောက်ခြင်းနှင့် မကြာခဏ သက်ဆိုင်နေတတ်သည်။
ခေါင်းတလားဆိုသည်မှာ သေတ္တာကို ဆိုလိုခြင်း ဖြစ်သည်။
သကြားလုံးဆိုသည်မှာ ခေတ်ဟောင်းကာလက အလွန် ရှားပါးသော ရိက္ခာပစ္စည်းတစ်ခု ဖြစ်ခဲ့သဖြင့် အချို့ဒေသများတွင် ကလေးသူငယ်များ သေဆုံးပြီးနောက် သကြားလုံးကို နှစ်သိမ့်မှုတစ်ခုအဖြစ် အသုံးပြုလေ့ ရှိကြသည်။
ယခင်က ချန်းရီသည် ကျန်းချန်မြို့တွင်လည်း စက္ကူငိုကြွေးကလေးနှင့် ကြုံတွေ့ခဲ့ဖူးလေသည်။
ရှင်းဟွာမြို့တွင်လည်း စက္ကူငိုကြွေးကလေး ရှိနေလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ချေ။
ချန်းရီသည် ဦးရေပြားတစ်ခုလုံး ထုံကျဉ်သွားသလိုသာ ခံစားရတော့သည်။
"ရွှီး..."
ဒူးလေးမြှားတစ်စင်း ပစ်လွှတ်ကာ စက္ကူငိုကြွေးကလေး၏ ခန္ဓာကိုယ်ကို တိုက်ရိုက် ဖောက်ထွင်းသွားလေသည်။
ဤအချိန်တွင် ချန်းရီသည် ဆဲဆိုရန်သာ ဆန္ဒရှိတော့သည်။
"လမင်းကြီး... ခေါင်းတလားကို လင်းပါစေ... ညီလေးက သကြားလုံးစောင့်ရင်း အူပြတ်မတတ် ငိုရှာနေ"
"ဟီးဟီး... သကြားလုံး... ကျွန်တော် သကြားလုံး စားချင်တယ်"
ဆက်ရန်...