← Chapters

အခန်း ၄

Vol. 1 Ch. 4

အခန်း ၄

Vol. 1 Ch. 4

အပိုင်း (၄) သူ ငါတို့ကို ဘာလုပ်နိုင်မှာမို့လို့လဲ

တချို့လူတွေက ဆိုင်ထဲက ရိက္ခာတွေကို မျက်စိကျနေချိန်တွင် တချို့ကတော့ တခြားလူတွေရဲ့ ရိက္ခာတွေကို မျက်စိကျနေတတ်ကြသည်။

ချန်းရီ ဆေးလိပ်နှင့် အရက်အပါအဝင် စားသောက်ကုန်များ ရောင်းချသည့်ဆိုင်ထဲသို့ ရိက္ခာရှာဖွေရန် ဝင်သွားခဲ့သော အချိန်၌။

သူ၏ လှုပ်ရှားမှုတိုင်းကို အစကတည်းက စောင့်ကြည့်နေသူများ ရှိနေခဲ့လေသည်။

ထိုသူများမှာ ယောဂဘောင်းဘီနှင့် အမျိုးသမီး ကျားကျားနှင့် ကာယဗလနည်းပြ ချန်ဇီတို့ပင် ဖြစ်ကြ၏။

သူတို့နှစ်ယောက်တွင် စက်ဘီးတစ်စီးနှင့် ကျောပိုးအိတ်တစ်လုံးသာ ရှိကြသည်။

နှစ်ယောက်သား အသက်လုကာ ရိက္ခာများကို ရှာဖွေစုဆောင်းလျှင်တောင်မှ ချန်းရီ၏ သုံးဘီးယာဉ်ကို မီနိုင်မည် မဟုတ်ပေ။

သို့ဖြစ်၍ ချန်းရီ၏ သုံးဘီးယာဉ်ကို မျက်စိကျလာသူများ ရှိလာခဲ့ခြင်း ဖြစ်တော့သည်။

ချန်းရီ ဆိုင်ထဲသို့ ဝင်သွားချိန်မှာပင် ထိုလူနှစ်ယောက်က ဆိုင်တံခါးကို တိတ်တဆိတ် ပိတ်ပြီး တံခါးလက်ကိုင်ကို သစ်သားတုတ်တစ်ချောင်းဖြင့် ကန့်လန့်ဖြတ် ထိုးထည့်၍ သော့ခတ်သကဲ့သို့ ပိတ်ဆို့ထားခဲ့ကြသည်။

ထိုအချိန်က ချန်းရီမှာ ပစ္စည်းများကို အရူးအမူး သိမ်းကျုံးယူငင်နေသဖြင့် ဆိုင်အပြင်ဘက်တွင် ဖြစ်ပျက်နေသမျှကို လုံးဝ မမြင်တွေ့ခဲ့ရချေ။

ထိုသို့မဟုတ်လျှင် ဤခွေးသူခိုးယောကျ်ားနှင့် မိန်းမနှစ်ယောက်ကို သူက ဒူးလေးမြှားတစ်စင်းဖြင့် ဧည့်ခံပြီးလောက်ပြီ ဖြစ်သည်။

"ကျားကျား... ငါတို့ ဒီလိုလုပ်တာ ချန်းရီကို သေချာပေါက် ရန်စလိုက်သလို ဖြစ်သွားပြီထင်တယ်"

ချန်ဇီက အနည်းငယ် စိုးရိမ်တကြီးဖြင့် ပြောလေသည်။

"နင်က သုံးစားမရတဲ့ကောင်ပဲ... ချန်းရီကို အဲဒီလောက်တောင် ကြောက်နေတာလား... ဒီလောက် လူကောင်ကြီးတာ အလကားပဲ"

ယောဂဘောင်းဘီနှင့် အမျိုးသမီး ကျားကျားက မထီမဲ့မြင်ဟန်ဖြင့် ပြောဆိုခဲ့သည်။

"ဒီသုံးဘီးယာဉ်က နင့်စက်ဘီးထက် အများကြီး ပိုကောင်းတယ်မဟုတ်လား"

"ဒါ့အပြင် သူကိုယ်တိုင် ရိက္ခာသွားရှာလို့ သူ့ယာဉ် ပျောက်သွားတာကို ငါတို့ကို လာအပြစ်တင်လို့ ရမလား"

"အချိန်တန်လို့ ပြဿနာလာရှာရင်တောင် ငါတို့က ဝန်မခံရင် သူ ငါတို့ကို ဘာလုပ်နိုင်မှာမို့လို့လဲ"

"ပြီးတော့... ချန်းရီ အသက်ရှင်လျက် ထွက်လာနိုင်ဖို့ကလည်း မသေချာသေးဘူး"

ထိုသို့ပြောလိုက်ချိန်တွင် ယောဂဘောင်းဘီနှင့် အမျိုးသမီး၏ လေသံမှာ အတော်လေး ရွှင်လန်းတက်ကြွသွားတော့သည်။

"ကမ္ဘာပျက်ကပ်ကြီး မတိုင်ခင်ကဆိုရင် ဒီသုံးဘီးယာဉ်ကို အလကားပေးရင်တောင် ငါက ယူမှာမဟုတ်ဘူး"

ကျားကျားက ရွံရှာသလိုနှင့် တစ်ဖက်တွင်လည်း ဝမ်းသာအားရဖြစ်နေဟန်ဖြင့် ပြောဆိုလေ၏။

ချန်ဇီက ကျားကျား ထိုသို့ဖြစ်နေသည်ကို မြင်သောအခါ သုံးဘီးယာဉ်နားသို့ တိုးသွားကာ သေချာ အကဲခတ်ကြည့်ရှုတော့သည်။

ဤသုံးဘီးယာဉ်ကို ရရှိလိုက်သည့်အတွက် ဝမ်းသာအံ့ဩမှုက ချန်းရီအပေါ် ထားရှိသော ကြောက်ရွံ့မှုကိုပင် လွှမ်းမိုးသွားခဲ့ပြီ ဖြစ်သည်။

ချန်းရီသည် သွားရောက် မပတ်သက်သင့်သူမှန်း ချန်ဇီ သိထားခဲ့သော်လည်းပေါ့။

ချန်ဇီက သုံးဘီးယာဉ်၏ လက်ကိုင်ကို ပွတ်သပ်ရင်း ချီးကျူးလိုက်သည်။ "ချန်းရီက တကယ် ကံကောင်းတာပဲ... ဒီသုံးဘီးက ကားလေးတွေထက်တောင် မဆိုးဘူး... ဓာတ်ဆီထည့်စရာလည်း မလိုဘူး... အားသွင်းစရာလည်း မလိုဘူး"

ထိုအချိန်မှာပင် ကောင်တာကို ဝင်တိုက်မိသံ ထွက်ပေါ်လာခဲ့သည်။

သူတို့နှစ်ယောက်လုံး အလျင်အမြန် လှည့်ကြည့်လိုက်ကြရာ မှန်တံခါးတစ်ဖက်တွင် မည်သည့် ခံစားချက်မျှ မရှိဘဲ တည်ငြိမ်နေသော မျက်နှာတစ်ခုကို တွေ့လိုက်ရ၏။

ထိုသူမှာ ချန်းရီပင် ဖြစ်သည်။

ယခုအချိန်တွင် ချန်းရီက သူတို့နှစ်ယောက်ကို တည်ငြိမ်စွာ စိုက်ကြည့်နေသည်။

ထိုတည်ငြိမ်နေသော မျက်နှာနောက်ကွယ်၌ သတ်ဖြတ်လိုသော အငွေ့အသက်များ ကိန်းအောင်းနေသည်ကို ခံစားမိလိုက်သဖြင့် နှစ်ယောက်စလုံး တစ်ပြိုင်နက် တုန်ယင်သွားကြလေသည်။

ချန်းရီက အလင်းရောင်အောက်တွင် ရပ်နေပြီး သူ၏ အနောက်ဘက် အမှောင်ထုထဲတွင်မူ သေးငယ်သော အရိပ်လေးတစ်ခုကို ဝိုးတဝါး တွေ့နေရသော်လည်း မည်သည့်အရာမှန်း သေချာ မမြင်ရပေ။

"ချန်ဇီ... မြန်မြန်သွားမယ်"

ကျားကျားက ထိတ်လန့်တကြား အော်ပြောလေသည်။

ချန်းရီ၏ အကြည့်များကြောင့် သူတို့မှာ လန့်ဖျပ်သွားခဲ့ရသည်။

ချန်ဇီသည်လည်း ချန်းရီ၏ အကြည့်များကြောင့် ကျောချမ်းသွားပြီး သုံးဘီးယာဉ်ပေါ်သို့ တက်ကာ မတ်တတ်ရပ်လျက် နင်းချလိုက်သည်။ ထင်မှတ်မထားလောက်အောင် ပေါ့ပါးနေသဖြင့် ထိုနေရာမှ အလျင်အမြန် ထွက်ခွာသွားနိုင်ခဲ့သည်။

ချန်းရီအပေါ် ဤမျှ ကြောက်ရွံ့နေရခြင်းမှာ သူသည်လည်း ချန်းရီကဲ့သို့ပင် ကျန်းချန်မြို့မှ ထွက်ပြေးလွတ်မြောက်လာသူ ဖြစ်သောကြောင့်တည်း။

ထွက်ပြေးလာသည့် လမ်းခရီးတစ်လျှောက်တွင် ချန်းရီက လူမိုက်တစ်ယောက်၏ ခြေလက်များကို ရိုက်ချိုးပြီးနောက် အနောက်မှ လိုက်လာသော ထူးဆန်းသည့်အရာများထံသို့ တိုက်ရိုက် ပစ်ကျွေးခဲ့ခြင်းကြောင့်သာ ချန်းရီတစ်ယောက် အသက်ဘေးမှ လွတ်ကင်းခဲ့ရခြင်း ဖြစ်သည်။

သိထားရမည်မှာ ထိုလူမိုက်သည် ယခင်က အစ်ကိုချန်းဟု တစ်တွတ်တွတ် ခေါ်ဆိုကာ အလွန်တရာ ရင်းနှီးဟန်ပြနေခဲ့သူ ဖြစ်သည်။ မသိသူများဆိုလျှင် ထိုလူမိုက်မှာ ချန်းရီ၏ ညီအရင်းဟုပင် ထင်မှတ်သွားနိုင်စရာ ရှိသည်။

သို့သော် ချန်းရီက ထိုသူ့ကို ထူးဆန်းသည့်အရာများထံသို့ မည်သည့် တွေဝေမှုမျှမရှိဘဲ ပစ်ကျွေးခဲ့လေသည်။

ထိုလူမိုက်မှာ အမှန်တကယ် လူကောင်းတစ်ယောက် မဟုတ်သည်မှာ သေချာပါသည်။

ထွက်ပြေးလာစဉ်ကလည်း မကောင်းမှုများကို မနည်းမနော လုပ်ခဲ့သူဖြစ်သည်။

သို့သော်... ချန်းရီအနေဖြင့် ထိုကဲ့သို့ မလုပ်သင့်ဟု ချန်ဇီက အမြဲတမ်း တွေးထင်နေမိ၏။

ချန်းရီဆိုသည့် လူသည် အပေါ်ယံတွင် အေးချမ်းပုံရပြီး တစ်ခါတစ်ရံ ပြုံးစစနှင့် နောက်ပြောင်တတ်သူ ဖြစ်ကြောင်း ချန်ဇီ သိထားသည်။

သို့သော် သူသာ တကယ်တမ်း လက်ပါလာခဲ့လျှင် မိမိအနေဖြင့် သူ့ကို ယှဉ်နိုင်မည် မဟုတ်ချေ။

ထိုစဉ်က မြင်တွေ့ခဲ့ရသော မြင်ကွင်းကို ချန်ဇီ တစ်သက်လုံး မေ့နိုင်မည် မဟုတ်တော့ပေ။

ထိုယဉ်ကျေးသယောင်ရှိသော မျက်နှာအသွင်အပြင် အောက်တွင် ပုန်းကွယ်နေသည်မှာ လုံးဝ လူကောင်းတစ်ယောက် မဟုတ်သည်ကတော့ သေချာလှသည်။

ကျားကျားကသာ အမြဲတမ်း သွေးထိုးမြှောက်ပင့်ပေးနေခြင်း မရှိပါက ချန်ဇီအနေဖြင့် ချန်းရီကို လုံးဝ ရန်စရဲမည် မဟုတ်ပေ။

သို့သော် သူမကိုသာ အသက်ရှင်နေနိုင်အောင် ကာကွယ်ပေးမည်ဆိုပါက ချစ်သူအဖြစ် စဉ်းစားပေးမည်ဟု ကျားကျားက ကတိပေးထားခဲ့သည်။

ထိုကတိစကားကပင် ချန်ဇီကို တဏှာရာဂဖြင့် မျက်ကန်းဖြစ်သွားစေခဲ့ခြင်း ဖြစ်သည်။

ယခုမူကား ချန်းရီ၏ ရက်စက်ကြမ်းကြုတ်မှုကို ပြန်လည်သတိရလာသောအခါ ချန်ဇီတစ်ယောက် အနည်းငယ် နောင်တရလာမိတော့သည်။

ဤသို့ဖြစ်မည်မှန်း ကြိုသိခဲ့လျှင် ဤအရူးမ ကျားကျား၏ စကားကို နားထောင်ခဲ့မည် မဟုတ်ချေ။

ချန်းရီက သူ၏ သုံးဘီးယာဉ် တဖြည်းဖြည်း ဝေးကွာသွားသည်ကိုသာ စိုက်ကြည့်နေပြီး စကားတစ်ခွန်းမျှ မဆိုခဲ့ပေ။

ယခုအချိန်တွင် အမှောင်ထုထဲ၌ ပုန်းကွယ်နေသော ထူးဆန်းသည့်အရာများကသာ လက်ရှိ အကြီးမားဆုံး အန္တရာယ်ကြီး ဖြစ်နေသည်။

သူ၏ အရှေ့တွင်မူ တံခါးလက်ကိုင်ကို သစ်သားတုတ်ဖြင့် ထိုးကာ ပိတ်ဆို့ထားသော မှန်တံခါးတစ်ချပ် ရှိနေလေသည်။

ဤကဲ့သို့သော မှန်တံခါးမျိုးသည် အပေါ်ယံတွင် ခိုင်ခံ့ပုံမရသော်လည်း တကယ်တမ်း ခြေထောက်ဖြင့် ကန်ခွဲရန် ကြိုးစားသောအခါတွင် အလွန် ခက်ခဲလှသည်။

သို့သော် တစ်ခါတစ်ရံတွင်မူ ဖွဖွလေး ထိလိုက်ရုံဖြင့်ပင် မှန်တံခါးက အပိုင်းပိုင်းအစစ ကွဲကြေသွားတတ်ပြန်သည်။

"ကျွန်တော် သကြားလုံး စားချင်တယ်... သကြားလုံး စားချင်တယ်... "

"ကျွန်တော့်ကို သကြားလုံးပေး"

ချန်းရီ၏ ကျောဘက်မှ တအီအီ တအာအာ ညည်းညူသံများ ထွက်ပေါ်လာခဲ့သည်။

ချန်းရီသည် နောက်ကျောမှ အေးစက်စက် အငွေ့အသက်များကိုပင် ခံစားနေရသည်။

အပြင်ဘက်မှ ထိုးကျနေသော နေရောင်ခြည်ထဲတွင် သူ ရပ်နေမိ၍သာ ထူးဆန်းသည့်အရာများက အနည်းငယ် တွန့်ဆုတ်နေခြင်း ဖြစ်ပြီး၊ သို့မဟုတ်ပါက ဤအချိန်ဆို သူ အသက်ပျောက်နေလောက်ပြီ ဖြစ်သည်။

ထူးဆန်းသည့်အရာများသည် သာမန်လူများနှင့် ရင်ဆိုင်ရလျှင် စက္ကန့်ပိုင်းအတွင်း သတ်ဖြတ်နိုင်စွမ်း ရှိကြသည်။

သို့သော် နေရောင်မှာ အနောက်ဘက်သို့ တဖြည်းဖြည်း ယိမ်းယိုင်နေပြီဖြစ်ရာ အချိန်မရွေး သူ ခိုလှုံစရာ နေရာလေး ပျောက်ကွယ်သွားနိုင်ခြေ ရှိနေသည်။

သူနှင့် ထိုထူးဆန်းသည့်အရာကြား အကွာအဝေးမှာ သုံးပေခန့်ပင် မဝေးတော့ပေ။

မကြာမီအချိန်အတွင်း ဤဆိုင်ထဲတွင် နေရောင်ခြည် အနည်းငယ်မျှပင် ကျန်ရှိတော့မည် မဟုတ်ဘဲ ဆိုင်တစ်ဆိုင်လုံးကို အမှောင်ရိပ်များ လွှမ်းခြုံသွားတော့မည် ဖြစ်သည်။

ချန်းရီက ဘယ်ညာ ဝဲယာသို့ လှည့်ပတ် ကြည့်ရှုလိုက်သော်လည်း အသုံးတည့်မည့် မည်သည့် ကိရိယာကိုမျှ မတွေ့ရပေ။

ထို့ကြောင့် အံကို တင်းတင်းကြိတ်ကာ ခြေထောက်ကို မြှောက်ပြီး အရှေ့ရှိ မှန်တံခါးကို အားကုန် ကန်ချလိုက်တော့သည်။

"ဒုန်း"

ယခင်က ချန်းရီ တံခါးကို တွန်းဖွင့်စဉ်ကတည်းက မှန်တံခါး၏ ပတ္တာများဆီမှ "ကျွီ... ကျွီ" ဟူသော အသံများ ဆူညံစွာ ထွက်ပေါ်နေခဲ့သည်။

ထိုစဉ်က သူ သိပ်ဂရုမစိုက်ခဲ့ပေ။

ယခုတော့...

မှန်တံခါးမှာ အကန်ခံလိုက်ရသဖြင့် ပြင်းထန်စွာ ယိမ်းယိုင်သွားပြီး ပြုတ်ကျလုမတတ် ဖြစ်သွားခဲ့သည်။

ချန်းရီက မည်သည့် တွေဝေမှုမျှမရှိဘဲ နောက်တစ်ချက် ထပ်မံ၍ အားကုန် ကန်ချလိုက်ပြန်သည်။

မှန်တံခါးမှာ အသံနှင့်အတူ လဲကျသွားပြီး မြေပြင်ပေါ်တွင် အပိုင်းပိုင်းအစစ ကွဲကြေသွားလေတော့သည်။

ချန်းရီက ဆေးလိပ်နှင့် အရက်အပါအဝင် စားသောက်ကုန်များ ရောင်းချသည့်ဆိုင်ထဲမှ တိုက်ရိုက် ပြေးထွက်သွားခဲ့သည်။

ညနေ လေးနာရီကျော် နေရောင်ခြည်က ချန်းရီ၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသောအခါ သူ၏ ကိုယ်ပေါ်ရှိ အအေးဓာတ်များကို ဖယ်ရှားပေးလိုက်သည်။

ထိုအခိုက်အတန့်လေးက ချန်းရီကို လူ့လောကသို့ ပြန်ရောက်သွားသကဲ့သို့ ခံစားလိုက်ရစေသည်။

သူက ဆိုင်ထဲရှိ အမှောင်ထုဆီသို့ လှည့်၍ တစ်ချက် ကြည့်လိုက်၏။

ဖြူဖျော့နေသော အသားအရေရှိသည့် ကလေးငယ်တစ်ယောက်က အမှောင်ထဲတွင် ရပ်နေကာ ပါးပြင်နှစ်ဖက်ပေါ်ရှိ နီရဲနေသော ပါးနီကွက်များမှာ အလွန်တရာ ကျောချမ်းဖွယ်ကောင်းလှပြီး ချန်းရီကို စူးစူးရဲရဲ စိုက်ကြည့်နေသည်။

ထိုအကြည့်များမှာ အလွန်တရာ အငြိုးအတေးကြီးမားလှသည်။

"လမင်းကြီး... ခေါင်းတလားကို လင်းပါစေ... ညီလေးက သကြားလုံးစောင့်ရင်း အူပြတ်မတတ် ငိုရှာနေ"

ချန်းရီသည် ယခုအချိန်တွင် နေရောင်အောက်၌ ရပ်နေပြီဖြစ်ရာ ထူးဆန်းသည့်အရာများအပေါ် သိပ်ပြီး ကြောက်ရွံ့မှု မရှိတော့ပေ။

ကျောပိုးအိတ်ကို သေချာလွယ်ကာ ချန်းရီက နောက်ထပ် တစ်ချက်မျှ ထပ်မကြည့်တော့ဘဲ သုံးဘီးယာဉ် သွားရာလမ်းကြောင်းနောက်သို့ လိုက်သွားတော့သည်။

ချန်ဇီနှင့် ကျားကျားတို့ နှစ်ယောက် သုံးဘီးယာဉ် နင်းသွားသည့် လမ်းကြောင်းမှာ စူပါမားကတ်ကြီး ရှိရာဘက်သို့ပင် ဖြစ်သည်။

ချန်းရီက ယခင်တုန်းက အထဲသို့ အရမ်းဝင်သွားပါက အန္တရာယ်များမည်ကို စိုးရိမ်ခဲ့သည်။

သို့သော် ယခုအခါတွင်မူ သူ၏ သုံးဘီးယာဉ်ကို ပြန်ရရန်အတွက် မဖြစ်မနေ လိုက်သွားရတော့မည် ဖြစ်သည်။

ညနေ လေးနာရီ နေမင်းကြီးက အနောက်ဘက်သို့ တဖြည်းဖြည်း ယိမ်းယိုင်နေဆဲပင်။

နေမဝင်မီ အချိန်အတွင်း သူ၏ သုံးဘီးယာဉ်ကို အမြန်ဆုံး ပြန်လည် ရှာဖွေရပေမည်။

ဖြစ်နိုင်လျှင် ရိက္ခာအချို့ကိုပါ ထပ်မံ စုဆောင်းနိုင်ပါက အကောင်းဆုံးပင် ဖြစ်သည်။

လမ်းမပေါ်ရှိ အမှောင်ရိပ်များက ပို၍ ပို၍ များပြားလာသည်။

ဤအမှောင်ရိပ်များထဲတွင် ပုန်းကွယ်နေသော မျက်လုံးတစ်စုံပြီး တစ်စုံက သူ့ကို စောင့်ကြည့်နေကြသည်ကိုပင် ချန်းရီ ခံစားနေရ၏။

သူတို့ လူတစ်စု ရောက်ရှိလာခြင်းကြောင့် ရှင်းဟွာမြို့ထဲတွင် တစ်စုံတစ်ရာက နိုးထလာနေသကဲ့သို့ ရှိသည်။

……

"ကျားကျား... စောစောက ချန်းရီ ထွက်လာတာကို ငါ မြင်လိုက်သလိုပဲ"

ချန်ဇီက သုံးဘီးယာဉ်ကို အားသွန်ခွန်စိုက် နင်းရင်း စိုးရိမ်တကြီးဖြင့် ပြောလေသည်။

ယောဂဘောင်းဘီနှင့် အမျိုးသမီး ကျားကျားက အနောက်သို့ တစ်ချက် လှည့်ကြည့်လိုက်ပြီး ချန်ဇီ၏ နောက်စေ့ကို လက်ဝါးဖြင့် ရိုက်ကာ ဆဲဆိုလိုက်သည်။ "နေပါဦး... နင်က ချန်းရီထက် အများကြီး ပိုတောင့်တင်းနေတာကို... ဘာလို့ အဲဒီလောက်တောင် သတ္တိကြောင်နေရတာလဲ"

"သူ ထွက်လာနိုင်ရင်တောင် ဘာလုပ်နိုင်မှာမို့လို့လဲ"

"သူက သုံးဘီးယာဉ်ကို ပြန်လုသွားနိုင်မယ်လို့ ထင်နေတာလား"

"သူ တကယ် လိုက်လာရင် နင်က သူ့ကိုဆုံးမလိုက်လေ... ဘယ်သူက ဘယ်သူ့ကို နိုင်မလဲ ကြည့်ရသေးတာပေါ့"

"အဲဒီအချိန်ကျရင် အပြန်လမ်းမှာ လူတွေလည်း အများကြီးရှိတာကို... သူက နင့်ကို တကယ် သတ်ရဲမယ်လို့ ထင်နေတာလား"

"ကမ္ဘာပျက်ကပ် ရောက်နေပြီဆိုပေမယ့် လူကို သဘောရှိ သတ်ချင်တိုင်း သတ်လို့ ရတာမှ မဟုတ်တာ"

ချန်ဇီ၏ မျက်နှာမှာ ရှုံ့မဲ့သွားပြီး "သူ... သူ... လူသတ်တာကိုတော့ မမြင်ဖူးဘူး"

"အဲဒါဆို နင်က ဘာကို ကြောက်နေတာလဲ"

"ချန်ဇီ... ငါ နင့်ကို အပြစ်တင်တာ မဟုတ်ဘူးနော်... နင်က ဒီလောက် သတ္တိကြောင်နေရင် နောက်ဆို ငါက နင့်ချစ်သူ ဘယ်လိုလုပ် ဖြစ်နိုင်တော့မှာလဲ"

တကယ်တော့ ကျားကျားသည် ချန်ဇီ ဤသို့ဖြစ်နေသည်ကို ကြည့်ပြီး စိတ်ထဲတွင် ကျိတ်၍ ဝေဖန်နေမိသည်။

ထိုစဉ်က သူမ ထွက်ပြေးလွတ်မြောက်လာပြီး ယာဉ်တန်းထဲသို့ ဝင်ရောက်လာချိန်တွင် ယာဉ်တန်းထဲရှိ အမျိုးသား အများအပြားက သူမကို ဝိုင်းဝန်း မျက်နှာချိုသွေးခဲ့ကြသည်။ ဥပမာအားဖြင့် အရှေ့မှ ချန်ဇီဆိုလျှင် ခန္ဓာကိုယ် တောင့်တင်းခိုင်မာပြီး ရုပ်ရည်ကလည်း အချိုးအစားကျကာ ဦးနှောက်ကလည်း သိပ်အလုပ်မလုပ်ပေ။

ချန်းရီသာ မရှိခဲ့လျှင် ချန်ဇီသည် သူမအတွက် အကောင်းဆုံး ပစ်မှတ်တစ်ခု ဖြစ်ပေလိမ့်မည်။

နောက်ပိုင်း ချန်းရီကို မြင်ပြီးနောက်တွင်မူ ချန်ဇီက အနည်းငယ် အားနည်းချက် ရှိနေသလို ခံစားရသည်။

သို့သော် ချန်းရီက သူမကို တစ်ကြိမ်မျှပင် ဖြောင့်ဖြောင့် မကြည့်ခဲ့ဖူးချေ။

သူမက သူ့ကို အခွင့်အရေးပေးပြီး သုံးဘီးယာဉ်ပေါ် လိုက်စီးချင်ကြောင်း ပြောခဲ့သော်လည်း တစ်ဖက်လူက မည်သည့် တွေဝေမှုမျှမရှိဘဲ ငြင်းဆန်ခဲ့သည်။

ဤသုံးဘီးယာဉ်စုတ်ကို ကမ္ဘာပျက်ကပ် မတိုင်မီကဆိုလျှင် သူမက တစ်ချက်လေးတောင် ကြည့်မည် မဟုတ်ပေ။

ယခုတော့ ချန်ဇီက ချန်းရီအပေါ် အလွန်အမင်း ကြောက်ရွံ့နေပုံရသည်ကို သူမ ခံစားလိုက်ရသည်။

ထို့ကြောင့် ယောဂဘောင်းဘီနှင့် အမျိုးသမီး ကျားကျားမှာ ချန်ဇီအပေါ် ပို၍ပင် မထီမဲ့မြင် ဖြစ်သွားရတော့သည်။

ထို့အတူ ချန်းရီအပေါ်တွင်လည်း ပို၍ သဘောကျလာမိသည်။

အကယ်၍ ဤခွေးကောင်က သူမကို မြှောက်ပင့်ဖားယားနိုင်မည် ဆိုပါက သူမအနေဖြင့် ချန်ဇီကို စွန့်ပစ်လိုက်ရန် ဝန်လေးနေမည် မဟုတ်ပေ။

သုံးဘီးယာဉ်ကို သူ့ထံ ပြန်ပေးရန်လည်း ဝန်လေးနေမည် မဟုတ်ပေ။

ဘယ်သူက သူ့ကို အမြဲတမ်း လျစ်လျူရှုထားသည့် ပုံစံမျိုး ဖမ်းခိုင်းထားလို့လဲ။

ဒီသခင်မလေးက တော်တော် ဒေါသထွက်နေပြီ။

"ကျားကျား... ငါတို့ အခု ဘယ်သွားကြမလဲ"

"ဘယ်သွားရမှာလဲ... စူပါမားကတ်သွားပြီး ရိက္ခာ သွားရှာရမှာပေါ့... ရိက္ခာမရှိရင် နင်က ငါ့ကို အငတ်ထားမလို့လား"

ဆက်ရန်...

All Chapters