အခန်း ၆
Vol. 1 Ch. 6
အပိုင်း (၆) ရက်စက်ခြင်း
ကျန်းချန်မြို့မှ ထွက်ပြေးလွတ်မြောက်လာစဉ်ကတည်းက ချန်းရီသည် လူများပြောစကားကို ကြားဖူးခဲ့၏။
ထူးဆန်းသောအရာများကို သတ်ဖြတ်ရန် မဖြစ်နိုင်ပေ။ သဘာဝလွန်လမ်းစဉ် နိုးကြားသူများသာလျှင် ထိုထူးဆန်းသောအရာများကို ယှဉ်ပြိုင်တိုက်ခိုက်နိုင်စွမ်း ရှိကြသည်။
သဘာဝလွန်လမ်းစဉ်သည် ထူးဆန်းသောအရာများကို တိုက်ခိုက်ရန်အတွက် လူသားတို့၏ နောက်ဆုံးသော မျှော်လင့်ချက်ပင် ဖြစ်သည်။
ဤခရီးတစ်လျှောက်တွင် ယာဉ်တန်းထဲမှ လူများကလည်း ထိုအကြောင်းကို ပြောဆိုနေခဲ့ကြသည်။
သို့သော် ယာဉ်တန်းထဲတွင် သဘာဝလွန်လမ်းစဉ် အစွမ်းရှိသူ တကယ် ရှိနေလိမ့်မည်ဟုတော့ သူ လုံးဝ ထင်မှတ်မထားခဲ့မိပေ။
အရပ် ၇ ပေကျော်မြင့်သော လူသန်ကြီးသည် ပုံမှန်လူများကြားတွင် အလွန် ထူးဆန်းနေခဲ့သည်မှာ အမှန်ပင် ဖြစ်၏။
သို့သော် ယခုအခါတွင်မူ။
ထို ၇ ပေကျော်မြင့်သော လူသန်ကြီးသည် အရပ် ၁၀ ပေကျော်မြင့်သည့် ကြွက်သားအမြှောင်းမြှောင်းနှင့် လူ့ဘီလူးကြီး တစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့ချေပြီ။
၎င်းသည် သဘာဝလွန်လမ်းစဉ် အစွမ်းသာ မဟုတ်ပါက အခြားမည်ကဲ့သို့ ရှင်းပြရမည်ကို ချန်းရီ မစဉ်းစားတတ်တော့ချေ။
လူ့ဘီလူးကြီး နှစ်ဦးသည် စူပါမားကတ်၏ စားသောက်ကုန် ကောင်တာဧရိယာတွင် တိုက်ပွဲစတင် ဖြစ်ပွားခဲ့ကြသည်။
စားသောက်ကုန် ကောင်တာဧရိယာ တစ်ခုလုံးသည် မျက်စိတစ်မှိတ်အတွင်းမှာပင် စစ်တလင်းပြင်အဖြစ်သို့ ပြောင်းလဲသွားခဲ့၏။
ထိုအခါကျမှသာ ဤသဘာဝလွန်လမ်းစဉ် အစွမ်းရှိသူက အဘယ်ကြောင့် အဖြူရောင်ဝတ်စုံနှင့် အမျိုးသမီးကို ထိုမျှလောက် ကြောက်ရွံ့နေခဲ့ရသနည်း ဆိုသည်ကို ချန်းရီ နားလည်သွားတော့သည်။
လူ့ဘီလူးကြီးသည် ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး အဖြူရောင်ဝတ်စုံနှင့် ကတ်ကြေးမိန်းမအား လက်သီးဖြင့် လွှဲပစ်တိုက်ခိုက်လိုက်သည်။
သို့သော် အဖြူရောင်ဝတ်စုံနှင့် ကတ်ကြေးမိန်းမက ထိုလက်သီးချက်ကို လက်တစ်ဖက်တည်းဖြင့် ပေါ့ပေါ့ပါးပါးပင် ဖမ်းဆုပ်ကာကွယ်လိုက်၏။
ဤလက်သီးချက်သာ လူတစ်ယောက်၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားပါက ထိုလူမှာ သွေးအိုင်အဖြစ်သို့ ပြောင်းလဲသွားမည်ကို ချန်းရီ အနည်းငယ်မျှ သံသယမရှိပေ။
သို့သော် လူသေကောင်ခြောက်ကြီးကဲ့သို့ ပိန်ချုံးနေသော အဖြူရောင်ဝတ်စုံနှင့် ကတ်ကြေးမိန်းမတွင်မူ လူများ နားလည်နိုင်စွမ်းမရှိသော အလွန် ကြီးမားသည့် ခွန်အားများ ရှိနေခဲ့သည်။
အဖြူရောင်ဝတ်စုံနှင့် ကတ်ကြေးမိန်းမက လူ့ဘီလူးကြီး၏ လက်သီးကို ဂျုံနယ်သကဲ့သို့ လွယ်ကူစွာ ဆုပ်နယ်လိုက်သည်။
၎င်းမှာ လုံးဝကို အပြတ်အသတ် အနိုင်ယူနေခြင်းပင် ဖြစ်၏။
ချန်းရီမှာ မျက်လုံးပြူးကာ ပါးစပ်အဟောင်းသားဖြင့် ကြည့်နေမိတော့သည်။
"ဒီ... ဒီတိုင်းဆို အခြေအနေမကောင်းဘူး"
လူ့ဘီလူးကြီး၏ မျက်နှာတွင် နာကျင်သော အမူအရာများ ပေါ်လာပြီး တစ်ဖက်လူ၏ ရက်စက်သော ရယ်မောသံများကြားတွင် သူ၏ ခန္ဓာကိုယ်မှာ အနည်းငယ် ကွေးညွှတ်သွားခဲ့သည်။
ထိုအချိန်က သူ ဘာတွေ တွေးနေမိသည်ကို ချန်းရီ ကိုယ်တိုင်လည်း မသိတော့ပေ။ သူက လက်ကိုင်ဒူးလေးကို မြှောက်ကာ အဖြူရောင်ဝတ်စုံနှင့် ကတ်ကြေးမိန်းမကို ချိန်ရွယ်၍ မြှားတစ်စင်း ပစ်လွှတ်လိုက်၏။
ဒူးလေးမြှားသည် အဖြူရောင်ဝတ်စုံနှင့် ကတ်ကြေးမိန်းမ၏ ဆံပင်ရှည်များ ဖုံးကွယ်ထားသော မျက်နှာဆီသို့ တည့်မတ်စွာ စိုက်ဝင်သွားသည်။
မြှားတံသည် အဖြူရောင်ဝတ်စုံနှင့် ကတ်ကြေးမိန်းမ၏ ဆံပင်ရှည်များနောက်တွင် ခိုင်မြဲစွာ စိုက်ဝင်သွားသော်လည်း မည်သည့် အကျိုးသက်ရောက်မှုမျှ မရှိခဲ့ပေ။
အဖြူရောင်ဝတ်စုံနှင့် အမျိုးသမီးက ခေါင်းကို အနည်းငယ် လှည့်ကာ ချန်းရီကို လှမ်းကြည့်လိုက်သည်။
အဖြူရောင်ဝတ်စုံနှင့် အမျိုးသမီး၏ အကြည့်ကို ခံလိုက်ရသောအခါ ချန်းရီသည် တစ်ကိုယ်လုံး တုန်တက်သွားသကဲ့သို့ ခံစားလိုက်ရ၏။
"သေစမ်း"
လူ့ဘီလူးကြီးက လှုပ်ရှားလိုက်ပြီး သူ၏ အခြားလက်သီးတစ်ဖက်ဖြင့် အဖြူရောင်ဝတ်စုံနှင့် ကတ်ကြေးမိန်းမ၏ မျက်နှာဆီသို့ အားကုန် ထိုးချလိုက်ရာ ဒူးလေးမြှားမှာ အမျိုးသမီး၏ မျက်နှာထဲသို့ တိုက်ရိုက် စိုက်ဝင်သွားတော့သည်။
ချန်းရီ၏ မျက်စိရှေ့တွင် သတင်းအချက်အလက် တစ်ကြောင်း လျှပ်တစ်ပြက် ပေါ်လာ၏။
[သင် ထူးဆန်းသောအရာ ဖြစ်သည့် အဖြူရောင်ဝတ်စုံနှင့် ကတ်ကြေးမိန်းမကို တိုက်ခိုက်လိုက်တဲ့အတွက် သတ်ဖြတ်မှတ် +၂၀၀ ရရှိပါသည်]
စနစ်၏ အသိပေးချက်ကို စစ်ဆေးကြည့်ရန်ပင် အချိန်မရလိုက်ပေ။
ချန်းရီ၏ ထိတ်လန့်နေသော အကြည့်များအောက်တွင်ပင်။
လူ့ဘီလူးကြီး၏ ဤလက်သီးချက်သည်လည်း အဖြူရောင်ဝတ်စုံနှင့် ကတ်ကြေးမိန်းမကို မည်သည့် ထိခိုက်ဒဏ်ရာမျှ မရရှိစေခဲ့ပေ။
အဖြူရောင်ဝတ်စုံနှင့် ကတ်ကြေးမိန်းမ၏ ခန္ဓာကိုယ်မှာ ယိမ်းယိုင်သွားခြင်းပင် မရှိခဲ့ချေ။
ထိုသွယ်လျသော လက်မောင်းလေးက အနည်းငယ် တုန်ခါသွားပြီးနောက် ၁၀ ပေကျော်မြင့်သော ခန္ဓာကိုယ်ကြီးကို အလွန် လွယ်ကူစွာပင် လွှင့်ပစ်လိုက်ရာ ပစ္စည်းစင် မြောက်မြားစွာကို ဝင်တိုက်မိပြီး လွင့်ထွက်သွားလေတော့သည်။
"ဒါက တကယ့်ကို ထူးဆန်းသောအရာ မကောင်းဆိုးဝါးပဲ"
လူသားတို့၏ အံ့ဖွယ်အဖြစ် တင်စားခေါ်ဝေါ်ကြသော သဘာဝလွန်လမ်းစဉ် အစွမ်းရှိသူသည် အဖြူရောင်ဝတ်စုံနှင့် ကတ်ကြေးမိန်းမရှေ့တွင် အရုပ်လေး တစ်ရုပ်မျှသာ ဖြစ်နေခဲ့သည်။
လအနည်းငယ်ဟူသော အချိန်တိုလေးအတွင်းမှာပင် လူသားတို့သည် မြို့ကြီးများမှ နှင်ထုတ်ခံရကာ အိုးမဲ့အိမ်မဲ့များ ဖြစ်သွားခဲ့ပြီး အဆက်မပြတ် ထွက်ပြေးပုန်းရှောင်ရင်းသာ အသက်ရှင်သန် နေထိုင်ကြရတော့သည်။
၎င်းတို့သည်ပင် ဤကပ်ဘေးကြီးကို စတင်ဖန်တီးသူများ ဖြစ်ပေသည်။
"သောက်ခွေးမ... နင့်ကို ငါ အသေသတ်မယ်"
ဒေါသတကြီး ဟိန်းဟောက်သံတစ်ချက်နှင့်အတူ ကြီးမားလှသော ခန္ဓာကိုယ်ကြီးသည် ပြိုကျနေသော ပစ္စည်းစင်များကြားမှ ခုန်ထွက်လာပြီး အဖြူရောင်ဝတ်စုံနှင့် ကတ်ကြေးမိန်းမဆီသို့ ပြေးဝင်သွား၏။
ကြီးမားသော ခန္ဓာကိုယ်ကြီး၏ မျက်နှာပြင်ပေါ်တွင် မှိန်ဖျော့ဖျော့ သွေးရောင်အငွေ့အသက်များ ရစ်ဝဲနေသည်။
ဤလူ့ဘီလူးကြီး၏ အသက်ရှင်သန်နိုင်စွမ်းသည်လည်း ချန်းရီ ခန့်မှန်းထားသည်ထက် များစွာ ကျော်လွန်နေသည်။
ချန်းရီ၏ ရင်ထဲမှ အလေးချိန်ခွင်သည် ထိုလူသန်ကြီးဆီသို့ နောက်တစ်ကြိမ် တိမ်းညွတ်သွားပြန်သည်။
"ဒီလောက်အထိ ခံထားရတာတောင် ဒီလူ့ဘီလူးကြီးက ဘာမှမဖြစ်သေးဘူးပဲ"
"တကယ်ပါပဲ... သဘာဝလွန်လမ်းစဉ်အစွမ်းပိုင်ရှင် ပီသပါပေတယ်"
"ဒါပေမဲ့ ဒီလူ့ဘီလူးကြီးက ဒီလောက်ဖြစ်နေတာတောင် ထွက်မပြေးသေးဘူးဆိုတော့ ဦးနှောက်များ မကောင်းတာလား မသိဘူး"
"ကောင်းပြီလေ... မင်းမပြေးရင်နေ ငါတော့ပြေးပြီ"
ထွက်ပြေးခြင်းသည် ဂုဏ်သိက္ခာကျဆင်းစေသော ကိစ္စတစ်ခုဟု ချန်းရီ တစ်ခါမျှ မခံစားခဲ့ဖူးပေ။
ဟန်လောင်မော့ကဲ့သို့ အစွမ်းထက်သူပင်လျှင် အင်အားကြီးသော ရန်သူနှင့် တွေ့သည့်အခါ အမြန်ဆုံး ထွက်ပြေးခဲ့သည် မဟုတ်ပါလော။
ဒီလူ့ဘီလူးကြီးနဲ့ အဖြူရောင်ဝတ်စုံ ကတ်ကြေးမိန်းမတို့ တိုက်ခိုက်နေတုန်း ခပ်ဝေးဝေးကို ထွက်ပြေးမှပဲ။
နေရောင်ခြည် ကျရောက်သော နေရာသို့ ပြေးသွားနိုင်ပါက ထူးဆန်းသောအရာများက နောက်မှ လိုက်လာရဲမည် မဟုတ်ပေ။
ချန်းရီသည် ကျောပိုးအိတ်ကို လွယ်ကာ ခြေကုန်သုတ်၍ ထွက်ပြေးလေတော့သည်။
"လမင်းကြီး... ခေါင်းတလားကို လင်းပါစေ... ညီလေးက သကြားလုံးစောင့်ရင်း အူပြတ်မတတ် ငိုရှာနေ"
ရင်းနှီးနေသော ထူးဆန်းသည့် ကလေးအသံက ချန်းရီ၏ နားထဲတွင် ထွက်ပေါ်လာ၏။
သူ၏ ခြေကျင်းဝတ်ကို တစ်စုံတစ်ခုက ဆွဲဖမ်းထားသကဲ့သို့ ချန်းရီ ခံစားလိုက်ရသည်။
ခေါင်းငုံ့ကြည့်လိုက်သောအခါ ဖြူရော်နေသော ကလေးတစ်ယောက်က ထူးဆန်းစွာ ပြုံးရင်း သူ့ကို စိုက်ကြည့်နေသည်ကို တွေ့လိုက်ရ၏။
"သကြားလုံး စားချင်တယ်... သကြားလုံး စားချင်တယ်"
ကလေးငယ်က ထူးဆန်းစွာ ရယ်မောနေသည်။
ချန်းရီ၏ ခြေလှမ်းများမှာမူ တဖြည်းဖြည်း နှေးကွေးလာခဲ့၏။
"သွားပြီ"
ချန်းရီ၏ စိတ်ထဲတွင် ဤအတွေးတစ်ခုသာ ရှိတော့သည်။
ထိုစဉ် ရုတ်တရက် ပြိုကျနေသော ပစ္စည်းစင်များကြားရှိ ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲနေသော သကြားလုံးများကို သူ မြင်လိုက်ရသည်။
ချန်းရီက သကြားလုံး အနည်းငယ်ကို ကမန်းကတမ်း ကောက်ယူကာ ကမ်းပေးလိုက်သည်။
"သကြားလုံး... ရော့... သကြားလုံး စား"
စက္ကူငိုကြွေးကလေးမှာ ကြောင်သွားပြီး ချန်းရီက သကြားလုံးများကို တကယ် ထုတ်ပေးနိုင်လိမ့်မည်ဟု ထင်မှတ်မထားခဲ့ပုံရသည်။
သူက လှမ်းမယူချင်သော်လည်း ချန်းရီပေးသော သကြားလုံးကို မဖြစ်မနေ ယူရမည်ဟူသော စည်းမျဉ်းတစ်ခုခု ရှိနေပုံရ၏။
ဖြူဖျော့နေသော လက်လေးများက ချန်းရီ၏ ခြေသလုံးကို လွှတ်ပေးလိုက်ပြီး သကြားလုံးများကို လှမ်းယူလိုက်သည်။
ချန်းရီသည် စက္ကူငိုကြွေးကလေး သကြားလုံးယူနေချိန်တွင် စူပါမားကတ် တံခါးပေါက်ဆီသို့ အမြန် ပြေးသွားလေသည်။
ပတ်ဝန်းကျင် တစ်ခုလုံးတွင် အော်ဟစ်ငိုကြွေးနေကြသော အသက်ရှင်ကျန်ရစ်သူများဖြင့် ပြည့်နှက်နေ၏။
ချန်းရီက နောက်သို့ လှည့်ကြည့်လိုက်ရာ ထိုစက္ကူငိုကြွေးကလေးသည် သကြားလုံးအခွံကို ခွာနေသည်ကို တွေ့လိုက်ရသည်။
အဝေးဆီရှိ ထိုလူ့ဘီလူးကြီးမှာ နောက်တစ်ကြိမ် လွှင့်စင်သွားပြန်သော်လည်း အလျင်အမြန် ပြန်ထလာပြီး ကတ်ကြေးမိန်းမဆီသို့ ထပ်မံ ပြေးဝင်သွားပြန်သည်။
ကာတွန်းကားများထဲမှ သတ်မသေနိုင်သော ပိုးဟပ်တစ်ကောင်နှင့် လုံးဝ တူနေတော့၏။
ကြည့်ရသည်မှာ ဤသဘာဝလွန်လမ်းစဉ် အစွမ်းရှိသူသည်လည်း အသုံးမကျသည့်သူတော့ မဟုတ်ပေ။
အတော်လေး အစွမ်းထက်သေးသည်ဟု ဆိုရမည်။
သို့တည်းမဟုတ် ထိုအဖြူရောင်ဝတ်စုံနှင့် ကတ်ကြေးမိန်းမက အလွန် အစွမ်းထက်နေခြင်းလည်း ဖြစ်နိုင်၏။
ရင်ထဲမှ အန္တရာယ်ရှိနေသည်ဟူသော ခံစားချက်မှာ အနည်းငယ် လျော့ပါးသွားပြီး အနည်းဆုံးတော့ ယခုအချိန်တွင် ဘေးကင်းလုံခြုံနေပြီ ဖြစ်သည်။
ချန်းရီသည် ဘယ်ညာသို့ အကဲခတ်ကြည့်လိုက်ပြီးနောက် ပြိုကျနေသော ပစ္စည်းစင်များထဲမှ အထုပ်ကြီး နှစ်ထုပ်ကို ဆွဲထုတ်ကာ အလျင်အမြန် လှည့်ထွက်လာခဲ့သည်။
ကျောဘက်ဆီမှ ထူးဆန်းသော လှောင်ရယ်သံများက တစ်ခါတစ်ရံ ထွက်ပေါ်လာတတ်သည်။
ထိုအထဲတွင် လူ့ဘီလူးကြီး၏ ဒေါသတကြီး ဟိန်းဟောက်သံများလည်း ရောနှောပါဝင်နေ၏။
သူသည် စူပါမားကတ် တံခါးပေါက်ဆီသို့ တစ်ဟုန်ထိုး ပြေးသွားခဲ့သည်။
နေရောင်ခြည်အောက်တွင် နောက်တစ်ကြိမ် ပြန်လည်ရပ်တည်နိုင်ခဲ့ချိန်မှသာ လူ့လောကထဲသို့ ပြန်လည်ရောက်ရှိသွားသကဲ့သို့ ချန်းရီ ခံစားလိုက်ရတော့သည်။
စူပါမားကတ်ထဲမှမူ စူးစူးဝါးဝါး အော်ဟစ်သံများနှင့် ထိတ်လန့်တကြား အကူအညီတောင်းသံများ ထွက်ပေါ်နေဆဲပင် ဖြစ်သည်။
"ကယ်ကြပါဦး... ကျွန်တော် မသေချင်သေးဘူး"
"မလုပ်နဲ့... အနားကိုမလာနဲ့"
"အဟင့်ဟင့်"
ပတ်ဝန်းကျင်တွင် ထူးဆန်းသော အရိပ်အယောင်များ ပြည့်နှက်နေ၏။
ပြေးလွှားနေကြသော အသက်ရှင်ကျန်ရစ်သူ အများအပြားမှာ ထူးဆန်းသည့် အရိပ်များ၏ ဆွဲငင်ခြင်းကို ခံရကာ အမှောင်ထုထဲသို့ နောက်တစ်ကြိမ် ပါသွားကြတော့သည်။
ရှင်းဟွာမြို့ တစ်မြို့လုံးရှိ ထူးဆန်းသောအရာများသည် လူအုပ်ကြီး၏ ဆွဲဆောင်မှုကြောင့် ဤနေရာသို့ ရောက်ရှိလာခဲ့ကြသည်။
နေရောင်ခြည် တစ်ကွက်က ထိုထူးဆန်းသောအရာများ အပြင်သို့ ထွက်လာနိုင်မည့် အခွင့်အရေးကို တားဆီးပေးထားသည်။
နောက်မှ လိုက်လာသော ထူးဆန်းသည့်အရာများသည် အမှောင်ထုထဲမှနေ၍ ချန်းရီကို လက်သည်းများ ထုတ်ကာ ရန်လိုပြနေကြသော်လည်း အလင်းရောင် အလွန်မှိန်နေသဖြင့် ၎င်းတို့၏ ပုံပန်းသဏ္ဌာန်ကို ရှင်းလင်းစွာ မမြင်ရပေ။
ချန်းရီက လေကို အဝကြီး ရှူသွင်းလိုက်သည်။
သူ၏ အဆုတ်များပင် ပေါက်ကွဲထွက်တော့မည်ဟု ခံစားလိုက်ရ၏။
ချွေးများကြောင့် ဆံပင်များ စိုရွှဲနေပြီး မျက်နှာပေါ်တွင် ကပ်နေသည်။
ချန်းရီသည် သုံးဘီးယာဉ် နောက်ခန်းထဲသို့ ဖင်ထိုင်ချလိုက်ပြီး သူနှင့်အတူ သယ်လာသော အထုပ်နှစ်ထုပ်ကိုလည်း နောက်ခန်းထဲသို့ ပစ်ထည့်လိုက်သည်။
ယခင်က စက်ဘီးအိုကြီးသာဆိုလျှင် ဤပစ္စည်းများကို တင်ဆောင်နိုင်မည် မဟုတ်ပေ။
"ချန်းရီ... ရှင် ဘာလို့ ကျွန်မတို့ယာဉ်ပေါ် တက်ထိုင်နေတာလဲ... ဆင်းပါ"
ထိုအချိန်မှာပင် အလွန် ရန်လိုသော အမျိုးသမီးအသံ တစ်သံ ထွက်ပေါ်လာသည်ကို ချန်းရီ ရုတ်တရက် ကြားလိုက်ရသည်။
ချန်းရီ လှည့်ကြည့်လိုက်သောအခါ ယောဂဘောင်းဘီနှင့် အမျိုးသမီး ကျားကျားနှင့် ကာယလေ့ကျင့်ရေးနည်းပြ ချန်ဇီတို့ နှစ်ဦးသည် အထုပ်နှစ်ထုပ်ကို ထမ်းကာ မလှမ်းမကမ်းတွင် ရပ်နေကြသည်ကို တွေ့လိုက်ရ၏။
မလှမ်းမကမ်းရှိ ဘေးအပေါက်ကို မြင်လိုက်ရမှသာ ချန်းရီ သဘောပေါက်သွားတော့သည်။ ဤလူနှစ်ယောက်သည်လည်း သိပ်တော့ မတုံးအလှပေ။ ထိုဘေးအပေါက်ကို ရှာတွေ့သွားပြီး စူပါမားကတ်ထဲသို့ ဝင်ရောက်ခဲ့ပုံရသည်။
ယခုလည်း ဘေးကင်းလုံခြုံစွာ ပြန်ထွက်လာနိုင်ခဲ့ကြပြီ။
ကံကောင်းသည်ဟု ဆိုရမည်။
သို့သော် ဤအထုပ်ကြီး နှစ်ထုပ်ကတော့ ယခုအချိန်မှစပြီး သူ့ဟာတွေ ဖြစ်သွားပြီ။
"ချန်းရီ... ရှင် ဘာလုပ်ချင်တာလဲ... ကျွန်မတို့ယာဉ်ကို လုချင်လို့လား"
"ကျွန်မ ရှင့်ကို ပြောထားမယ် ချန်းရီ... ကျွန်မတို့က ရှင့်ကို ကြောက်နေတယ်လို့ မထင်နဲ့နော်... အခု ချက်ချင်း ကျွန်မကားပေါ်က ဆင်းပါ... ဒီကိစ္စကို ဘာမှမဖြစ်ခဲ့သလို သဘောထားပေးမယ်"
ချန်းရီသည် စကားတစ်ခွန်းမှ မပြောဘဲ သူ၏ လက်ကိုင်ဒူးလေးကို မြှားတင်လိုက်သည်။
"အစ်ကိုရီ... စကားကို ကောင်းကောင်းပြောလို့ ရပါတယ်ဗျာ... ကောင်းကောင်းပြောပါ"
ဘေးနားရှိ ကာယလေ့ကျင့်ရေးနည်းပြ ချန်ဇီမှာ အနည်းငယ် ပျာယာခတ်သွား၏။
"ချန်ဇီ... ရှင်က ဘာလို့ အဲဒီလောက် ကြောက်နေရတာလဲ... သူ ကျွန်မတို့ကို ဘာလုပ်ရဲမှာလဲ... ကျွန်မတော့ မယုံဘူး"
"ဝှစ်"
ယောဂဘောင်းဘီနှင့် အမျိုးသမီး ကျားကျား စကားပြောနေစဉ်မှာပင် ဒူးလေးမြှားတစ်စင်းသည် မျက်စိရှေ့မှ ဖြတ်သန်းသွားပြီး ချန်ဇီ၏ လည်ပင်းကို ဖောက်ထွင်းသွားခဲ့သည်။
ချန်ဇီ၏ မျက်လုံးများ ပြူးကျယ်သွားပြီး လက်ထဲမှ အထုပ်မှာလည်း မြေပြင်ပေါ်သို့ ကျသွားသည်။ သူသည် လည်ပင်းကို လက်နှစ်ဖက်ဖြင့် အုပ်ကာ ချန်းရီအား မယုံနိုင်သော အကြည့်ဖြင့် ကြည့်နေ၏။
ယောဂဘောင်းဘီနှင့် အမျိုးသမီး၏ မျက်နှာပေါ်သို့ သွေးများ ပေကျံသွားသည်။
ယောဂဘောင်းဘီနှင့် အမျိုးသမီးမှာလည်း မှင်သက်သွားပြီး အကြောဆွဲခံလိုက်ရသူတစ်ယောက်ကဲ့သို့ တစ်ကိုယ်လုံး တုန်ယင်နေကာ အနည်းငယ်မျှပင် မလှုပ်ရှားရဲတော့ချေ။
ကြမ်းပြင်ပေါ်တွင် ရေကွက်အချို့ ထပ်တိုးလာခဲ့သည်။
"ရှင်... ရှင်"
ကမ္ဘာပျက်ကပ်ကြီးက အလွန် လျင်မြန်စွာ ရောက်ရှိလာခြင်းကြောင့်လည်း ဖြစ်နိုင်ပေသည်။ အချိန်အားဖြင့် လအနည်းငယ်ခန့်သာ ကြာမြင့်သေးသည် မဟုတ်ပါလော။
ထို့ကြောင့် လူအများစုသည် ကမ္ဘာပျက်ကပ်၏ ရှင်သန်ရေး စည်းမျဉ်းများကို လုံးဝ အသားမကျကြသေးပေ။
မျက်စိရှေ့မှ ယောဂဘောင်းဘီနှင့် အမျိုးသမီးသည်လည်း ထိုကဲ့သို့ပင် ဖြစ်၏။
ချန်းရီက ကာယလေ့ကျင့်ရေးနည်းပြကို အရင်ဆုံး သတ်ဖြတ်ရသည့် အကြောင်းရင်းမှာ။
ယောဂဘောင်းဘီနှင့် အမျိုးသမီးထက် ခန္ဓာကိုယ် တောင့်တင်းခိုင်မာသော ကာယလေ့ကျင့်ရေးနည်းပြက သူ့အတွက် အန္တရာယ် ပိုများသောကြောင့် ဖြစ်သည်။
သူ၏ စရိုက်က အနည်းငယ် ကြောက်တတ်သော်လည်း။
အသက်လုပြီး တိုက်ခိုက်ရမည်ဆိုပါက မည်သူက နိုင်၍ မည်သူက ရှုံးမည်ကို အသေအချာ မပြောနိုင်ပေ။
ချန်းရီ၏ မျက်စိရှေ့တွင် သတင်းအချက်အလက် တစ်ကြောင်း လျှပ်တစ်ပြက် ပေါ်လာပြန်သည်။
[သင် ရန်သူကို ပစ်ခတ်သတ်ဖြတ်ခဲ့သဖြင့် သတ်ဖြတ်မှတ် +၁၀၀၀ ရရှိပါသည်]
ချန်းရီ အနည်းငယ် ကြောင်သွားသော်လည်း အများကြီး တွေးမနေနိုင်တော့ဘဲ လက်ကိုင်ဒူးလေးကို မြှားတင်လိုက်သည်။
"ချန်းရီ... ရှင်... ရှင် မလုပ်ပါနဲ့"
လက်ကိုင်ဒူးလေးကို မြှောက်ရန် ပြင်လိုက်ချိန်မှာပင်။
"အား"
ယောဂဘောင်းဘီနှင့် အမျိုးသမီးက စူးစူးဝါးဝါး အော်ဟစ်လိုက်ပြီး နောက်သို့ လှည့်ကာ ပြေးရန် ကြိုးစားလေသည်။
ထူးဆန်းသောအရာများထက် မျက်စိရှေ့မှ ချန်းရီက ပို၍ ကြောက်စရာကောင်းသည်ဟု ယောဂဘောင်းဘီနှင့် အမျိုးသမီးက ခံစားလိုက်ရ၏။
ခုနက မြှားတစ်စင်းကို သူ အနည်းငယ်မျှပင် တုံဆိုင်းမနေဘဲ ပစ်ခတ်ခဲ့သည် မဟုတ်ပါလော။
"ဝှစ်"
ဒူးလေးမြှားသည် နံရံပေါ်သို့ စိုက်ဝင်သွားပြီး မြေပြင်ပေါ်သို့ ပြန်ကျလာသည်။
ယောဂဘောင်းဘီနှင့် အမျိုးသမီးမှာ အော်ဟစ်ရင်း စူပါမားကတ်၏ ဘေးပေါက်ဆီသို့ ပြေးဝင်သွားခဲ့ချေပြီ။
"အား"
ချန်းရီ တုံ့ပြန်မှု မလုပ်နိုင်ခင်မှာပင် ထိုအမျိုးသမီး၏ စူးစူးဝါးဝါး အော်ဟစ်သံ နောက်တစ်ကြိမ် ထွက်ပေါ်လာသည်ကို ကြားလိုက်ရသည်။
"ချန်းရီ... ကယ်ပါဦး... ကယ်ပါဦး"
အမျိုးသမီးမှာ ယိုင်နဲ့နဲ့ဖြင့် ပြန်ပြေးထွက်လာသည်။
ယခုအချိန်တွင် ထိုအမျိုးသမီးမှာ မျက်ရည်များ နှပ်များဖြင့် ရွှဲရွှဲစိုနေပြီး ယခင်က မောက်မာမှုများ လုံးဝ ပျောက်ကွယ်သွားကာ မျက်နှာပေါ်တွင် ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေသည်။ အတော်အတန် လှပသော ထိုမျက်နှာလေးမှာ ဖြူရော်နေတော့၏။
အမျိုးသမီး၏ နောက်ကျောဘက်တွင်မူ အဝတ်အစားများ စုတ်ပြတ်သတ်နေသော လူရိပ်တစ်ခု ရပ်နေသည်။
အမျိုးသမီး နေရောင်ခြည်အောက်သို့ ရောက်ခါနီးအချိန်မှာပင်။
ထိုစုတ်ပြတ်သတ်နေသော လူရိပ်က အမျိုးသမီး၏ ဆံပင်ကို ဖမ်းဆွဲလိုက်ပြီး အမှောင်ထုထဲသို့ ဆွဲသွင်းသွားလေသည်။
"ချန်းရီ... ကျွန်မ မှားသွားပါတယ်... တောင်းပန်ပါတယ်... ကျွန်မကို ကယ်ပါဦး... ကယ်ပါဦး"
"ချန်းရီ... ကျွန်မ မှားသွားပါတယ်... ကျွန်မ မသေချင်သေးဘူး"
"တောင်းပန်ပါတယ်... ကျွန်မ အသုံးဝင်ပါသေးတယ်"
"ကျွန်မ အသုံးဝင်ပါသေးတယ်... ဆက်ပြီး အသက်ရှင်ချင်သေးတယ်... မသေချင်သေးဘူး"
"ချန်းရီ... ကျွန်မ... ကျွန်မအိမ်မှာ ကလေးရှိသေးတယ်... ကျွန်မ သေလို့ မဖြစ်ဘူး"
"ချန်းရီ... ရှင် သိပ်ရက်စက်တာပဲ"
အမျိုးသမီးက မည်မျှပင် တောင်းပန် ရုန်းကန်နေပါစေ နောက်ကျောမှ လူရိပ်ကမူ အမျိုးသမီးကို အမှောင်ထုထဲသို့ ဖြည်းဖြည်းချင်း ခိုင်မာစွာ ဆွဲသွင်းသွားခဲ့သည်။
ချန်းရီသည် ထိုအတိုင်း ရပ်ကြည့်နေပြီး နောက်သို့ ဖြည်းဖြည်းချင်း ဆုတ်ကာ နေရောင်ခြည်ထဲသို့ ဝင်ရောက်သွား၏။
အမျိုးသမီး၏ တောင်းပန်မှုများသည် သူ၏ အပေါ်တွင် မည်သည့် အကျိုးသက်ရောက်မှုမျှ မရှိခဲ့ပေ။
အမျိုးသမီးသည် အမှောင်ထုထဲတွင် လုံးဝ ပျောက်ကွယ်သွားသည်အထိ မြေပြင်ပေါ်တွင် အမျိုးသမီး ရုန်းကန်ခဲ့သော အရာများသာ ကျန်ရစ်ခဲ့တော့သည်။
ထိုအခါမှသာ မိမိကိုယ်တိုင်လည်း တစ်ကိုယ်လုံး ချွေးစေးများ ပြန်နေသည်ကို ချန်းရီ သတိထားမိလိုက်၏။
အထုပ်နှစ်ထုပ်ကို နောက်ခန်းထဲသို့ ပစ်ထည့်လိုက်သည်။
ထိုအချိန်တွင် ပတ်ဝန်းကျင်၌ ထွက်ပြေးလွတ်မြောက်လာသော အသက်ရှင်ကျန်ရစ်သူ အများအပြား ရှိနေပြီ ဖြစ်သည်။
သို့သော် မည်သူကမျှ ရပ်တန့်ကာ တရားမျှတသော စကားတစ်ခွန်းမျှ ပြောဆိုရန် ဆန္ဒမရှိကြပေ။
ထိုလူအားလုံးသည် ထိတ်လန့်တကြားဖြင့် ရိက္ခာပစ္စည်းများကို မိမိတို့၏ ကားပေါ်သို့ တင်ကာ လှည့်ပြေးကြတော့သည်။
ပတ်ဝန်းကျင် တစ်ခုလုံးတွင်လည်း ထိတ်လန့်တကြား ထွက်ပြေးနေကြသော မြင်ကွင်းများသာ ရှိပြီး သူတို့ကို မည်သူကမျှ ဂရုမစိုက်ကြချေ။
ချန်းရီသည် မတ်တတ်ထရပ်လိုက်ပြီး သုံးဘီးယာဉ်ကို နင်းကာ ထွက်ပြေးလေတော့သည်။
မထွက်ခွာမီ ထိုအထုပ်နှစ်ထုပ်ကို ကောက်ယူကာ ကားထဲသို့ ပစ်ထည့်ရန်လည်း သူ မမေ့ခဲ့ပေ။
ဆက်ရန်...