အခန်း ၈
Vol. 1 Ch. 8
အပိုင်း (၈) သုံးဘီးယာဉ်ကို အဆင့်မြှင့်တင်ခြင်း
ချန်းရီက သူ၏ လက်ရှိ သတ်ဖြတ်မှတ် တစ်ထောင့်နှစ်ရာကျော်သည် တကယ်တမ်း လုံလောက်မှု ရှိမရှိကို သေချာ မသိပေ။
လူ့ဘီလူးကြီး၏ အကူအညီသာ မရခဲ့ပါက သူသည် ထိုသတ်ဖြတ်မှတ် တစ်ထောင်ကျော်ကိုပင် စုဆောင်းနိုင်မည် မဟုတ်ချေ။
ဤအဖြစ်အပျက်ကို ကြုံတွေ့ပြီးနောက်မှသာ ချန်းရီသည် လျှပ်စစ်သုံးဘီးယာဉ်၏ တန်ဖိုးကြီးမားမှုကို သိရှိလာရတော့သည်။
ရှေ့မှ ယာဉ်တန်းကြီးသာ ရပ်တန့်မသွားခဲ့ပါက သူသည် ယာဉ်တန်း၏ နောက်၌ တစ်ကွဲတစ်ပြားစီ ကျန်ရစ်ခဲ့မည်မှာ သေချာသလောက်ပင်။
ဤကဲ့သို့သော ကမ္ဘာပျက်ကပ်ကြီးထဲတွင် ယာဉ်တန်းနှင့် နောက်ကျန်ရစ်ခဲ့ပါက သူ့ကို စောင့်ကြိုနေမည့်အရာမှာ သေမင်းသာလျှင် ဖြစ်၏။
ယနေ့ ယာဉ်တန်းကြီး ဤမျှ အသည်းအသန် ပြေးလွှားနေခဲ့ခြင်းမှာ တစ်စုံတစ်ရာသော အန္တရာယ်ကို သတိထားမိသွား၍ ဖြစ်မည်ဟု ချန်းရီ လုံးဝ ယုံကြည်ထားသည်။
ယခုအချိန်တွင် ယာဉ်တန်းနှင့် နောက်ကျန်မရစ်စေရန် သေချာအောင် လုပ်ဆောင်ခြင်းက အရေးအကြီးဆုံး ကိစ္စဖြစ်သည်။
အကောင်းဆုံးကတော့ လူအားနှင့် လျှပ်စစ်စွမ်းအင် နှစ်မျိုးစလုံး အသုံးပြု၍ရသော သုံးဘီးယာဉ်အဖြစ် ပြောင်းလဲတပ်ဆင်ခြင်းပင်။
သာမန်အချိန် ယာဉ်တန်း ချီတက်ရာတွင် လူအားကို အသုံးပြုနိုင်သည်။
ယနေ့ကဲ့သို့ အရေးပေါ် အခြေအနေမျိုးတွင်မူ လျှပ်စစ်စွမ်းအင်ကို အသုံးပြုရပေမည်။
"စနစ်... ငါ့ဘာသာ အဆင့်မြှင့်တင်မှု ပုံစံကို ရေးဆွဲလို့ ရမလား"
ချန်းရီက စိတ်ထဲမှနေ၍ စနစ်ဆီသို့ မေးခွန်းတစ်ခု စမ်းသပ်မေးမြန်းကြည့်၏။
မျှော်လင့်မထားစွာပင် စနစ်ဆီမှ သေချာသော အဖြေတစ်ခု ချက်ချင်း ထွက်ပေါ်လာသည်။
ချန်းရီ၏ မျက်စိရှေ့တွင် သုံးဘက်မြင် ပုံစံ ကြည့်ရှုနိုင်သော မြင်ကွင်းတစ်ခု လျင်မြန်စွာ ပေါ်လာ၏။
၎င်းမှာ စနစ်မှ ပေးအပ်သော အဆင့်မြှင့်တင်မှု ပုံစံဖြစ်သည်။
စနစ်၏ ရေးဆွဲထားသော ပုံစံထဲတွင် သုံးဘီးယာဉ်၏ ဘီးသုံးလုံးစလုံးမှာ ကျွတ်မဲ့တာယာများအဖြစ် လုံးဝ ပြောင်းလဲသွားသည်။
တာယာသုံးလုံးစလုံးသည် (၁၆) လက်မ အရွယ်အစားသို့ ပြောင်းလဲသွား၏။
နောက်ခန်း ကိုယ်ထည်သည်ပင် ယခင်ကထက် များစွာ ပိုမို တောင့်တင်းခိုင်မာသွားပြီး အရွယ်အစားမှာလည်း အနည်းငယ် ပိုကြီးလာသည်။
ယာဉ်၏ လက်ကိုင်ခေါင်းတွင် လီဗာနှင့် ဘရိတ်တို့ကို တပ်ဆင်ထားပြီး ရှေ့မီးတစ်လုံးပင် ပါဝင်လာသည်။
နောင်တစ်ချိန် မိုးရွာသော ရာသီဥတုနှင့် ကြုံတွေ့ရပါက အမိုးအကာ မရှိလျှင် မိုးရေထဲ၌ တိုက်ရိုက် စိုရွှဲသွားနိုင်သည်ဟု ချန်းရီ တွေးမိသည်။
ထို့ကြောင့် ချန်းရီက ကားခေါင်းခန်းကို အလုံပိတ်ပုံစံအဖြစ် တိုက်ရိုက် ပြောင်းလဲ တပ်ဆင်ပစ်လိုက်သည်။
ထို့အတူ တာယာသုံးလုံးကိုလည်း လမ်းကြမ်းသုံး အကြမ်းခံ လေမဲ့ တာယာများအဖြစ် ပြောင်းလဲပစ်သည်။
ကျွတ်မဲ့လေထိုးတာယာများနှင့် ယှဉ်လျှင် အကြမ်းခံ လေမဲ့ တာယာများ၏ အားသာချက်မှာ ပြုပြင်ထိန်းသိမ်းမှု နည်းပါးပြီး တာယာပေါက်ကွဲခြင်း အန္တရာယ်မှလည်း ကာကွယ်ပေးနိုင်ခြင်းပင်။
အလေးချိန် များများ တင်ဆောင်ရန်အတွက် ပို၍ သင့်လျော်ပေသည်။
ငြိမ့်ညောင်းမှု အားနည်းပြီး မောင်းနှင်ရာတွင် ခုန်ပေါက်နေနိုင်သည့်အပြင် ယာဉ်ကိုယ်ထည်အပေါ် ရိုက်ခတ်မှု အနည်းငယ် ပိုများနိုင်သော်လည်း။
အားလုံးကို ခြုံငုံကြည့်လျှင် ဤကမ္ဘာပျက်ကပ်ကြီးနှင့် အသင့်လျော်ဆုံးမှာ အကြမ်းခံ လေမဲ့ တာယာများသာ ဖြစ်သည်။
အနည်းငယ် စဉ်းစားပြီးနောက် ချန်းရီသည် ယာဉ်ကိုယ်ထည်ကိုပါ ထပ်မံ အားဖြည့် တည်ဆောက်ရန် ရည်ရွယ်ထား၏။
စနစ်အတွင်းတွင် ချန်းရီ၏ တွေးတောမှု တစ်ချက်ဖြင့်ပင် စနစ်က ချန်းရီ၏ ဒီဇိုင်းအတိုင်း အစီအစဉ်အားလုံးကို အကောင်အထည်ဖော်ပေးနိုင်သည်။
ချန်းရီ တွေးထင်ထားသည်ထက်ပင် ပိုမို ပြည့်စုံလွှမ်းခြုံနိုင်သေးသည်။
ယုတ္တိမတန်သော ပုံစံအချို့ကိုလည်း စနစ်က အလိုအလျောက် ပြင်ဆင်မွမ်းမံပေးသည်။
မူလက စနစ် ရေးဆွဲထားသည်မှာ နောက်ဆွဲဘီး စနစ်ဖြစ်သည်။
ချန်းရီက အနည်းငယ် တွေးတောပြီးနောက် ဘီးသုံးခုလုံး ဆွဲသောစနစ်အဖြစ် တိုက်ရိုက် ပြောင်းလဲပစ်၏။
ဤကဲ့သို့သော ကမ္ဘာပျက်ကပ်တွင် သုံးဘီးဆွဲသည် လေးဘီးဆွဲကို မမီသော်လည်း နောက်ဘီးဆွဲထက် များစွာ ပိုမို အားကောင်းမည်မှာ သေချာသည်။
ချန်းရီသည် ယာဉ်၏ ကိုယ်ထည်အောက်ခံ ဘောင်ကိုပင် ပြင်ဆင်မှုများ ပြုလုပ်ခဲ့သေးသည်။
၎င်းတို့ကို သီးခြား ကိုယ်ထည်အောက်ခံဘောင် ပုံစံအဖြစ် တိုက်ရိုက် ပြောင်းလဲခဲ့၏။
ထိုသို့သော သီးခြား ကိုယ်ထည်အောက်ခံဘောင်များကို ကြမ်းတမ်းသော လမ်းကြမ်းသုံး ကားများတွင်သာ အသုံးပြုလေ့ရှိကြောင်း သိထားရမည်။
၎င်း၏ အားသာချက်မှာ ကျောက်ဆောင်များပေါ် တက်ခြင်း၊ သဲကန္တာရများနှင့် လူသူကင်းမဲ့သော ဒေသများကို ဖြတ်သန်းခြင်းတို့အတွက် အလွန် သင့်လျော်ခြင်းဖြစ်သည်။ ဤလုပ်ဆောင်ချက်များသည် ယခုကဲ့သို့သော ကမ္ဘာပျက်ကပ် အခြေအနေနှင့် အဆီလျော်ဆုံးပင်။
ပြုပြင်မွမ်းမံမှု အဆင့်ဆင့်ကို ဖြတ်သန်းပြီးနောက် သူ၏ မျက်စိရှေ့ရှိ ဒီဇိုင်းပုံစံမှာ ယခင်က သုံးဘီးယာဉ်နှင့် လုံးဝ ဆက်စပ်မှု မရှိတော့ဘဲ တခြားသော သယ်ယူပို့ဆောင်ရေး ယာဉ်တစ်မျိုးကဲ့သို့ ဖြစ်နေသည်။
ဤကဲ့သို့သော ကမ္ဘာပျက်ကပ်သုံး သုံးဘီးယာဉ်တစ်စီးသာ တကယ် ရှိနေမည်ဆိုပါက အဆင့်မြှင့်တင်ထားသော လမ်းကြမ်းမောင်းကားများထက် သိပ်ပြီး ညံ့ဖျင်းမည် မဟုတ်ချေ။
ချန်းရီက "အတည်ပြုသည်" ကို တိုက်ရိုက် ရွေးချယ်၏။
မျက်စိရှေ့ရှိ သုံးဘက်မြင် ပုံစံသည် တစ်ခဏမျှ ဝေဝါးသွားပြီး ချန်းရီ၏ အမြင်အာရုံတွင် သတင်းအချက်အလက် တစ်ကြောင်း ထွက်ပေါ်လာသည်။
[ယခု ပုံစံအပေါ် အခြေခံ၍ သင့်လျော်သော အဆင့်မြှင့်တင်မှုများ ပြုလုပ်နေပါသည်]
[အဆင့်မြှင့်တင်နေပါသည်]
[လျှပ်စစ်သုံးဘီးယာဉ်ကို အဆင့်မြှင့်တင်ရန် သတ်ဖြတ်မှတ် ၃၅၀၀ လိုအပ်ပါသည်။ သတ်ဖြတ်မှတ် မလုံလောက်သဖြင့် အဆင့်မြှင့်တင်ရေး အစီအစဉ်ကို ဆောင်ရွက်၍ မရနိုင်ပါ]
"ဟာ... ဘယ်လိုကြီးလဲ"
"သောက်ကျိုးနည်း"
"သတ်ဖြတ်မှတ် သုံးထောင့်ငါးရာတောင် လိုတာလား... ဘာလို့ ဒီလောက်များရတာလဲ"
"ဒါတော့ လွန်လွန်းနေပြီ"
ချန်းရီ ကြောင်အမ်းအမ်း ဖြစ်သွား၏။ လက်ရှိ သူ့တွင် သတ်ဖြတ်မှတ် ထောင့်နှစ်ရာကျော်သာ ရှိသေးသည် မဟုတ်ပါလော။
သို့သော် သူကိုယ်တိုင် ဒီဇိုင်းဆွဲထားသော မျက်စိရှေ့မှ သုံးဘီးယာဉ်ကြီးကို ကြည့်ရင်း ချန်းရီ တစ်ယောက် တံတွေးမျိုချရမတတ် ဖြစ်နေသည်။
ဤအတိုင်း အလွယ်တကူ လက်လျှော့လိုက်ရန် ချန်းရီ လုံးဝ စိတ်မဖြောင့်နိုင်ပေ။
ချန်းရီသည် ဆေးလိပ်တစ်လိပ်ကို မီးညှိ၍ အနည်းငယ် စဉ်းစားပြီးနောက် မူလ ရေးဆွဲထားသော ပုံစံကို ပြင်ဆင်ရန်သာ ဆုံးဖြတ်လိုက်သည်။
လတ်တလောတွင် မလိုအပ်သေးသော လုပ်ဆောင်ချက်များကို ဖယ်ရှားပစ်ပြီး အရေးတကြီး လိုအပ်မည့် အရာများကိုသာ ချန်ရစ်ထားခဲ့၏။
သတ်ဖြတ်မှတ်များကို ချွေတာနိုင်ရန်အတွက် ရှေ့မီးကိုပင် ဖြုတ်ချပစ်လိုက်သည်။
မိနစ်အနည်းငယ် ကြာပြီးနောက်...
မျက်စိရှေ့မှ ရိုးရှင်းသွားသော အဆင့်မြှင့်တင်မှု ပုံစံကို ကြည့်ရင်း ချန်းရီ၏ ရင်ထဲတွင် မကျေနပ်မှု အနည်းငယ် ရှိနေသေးသည်။
သို့သော်လည်း ဤနည်းသာ ရှိတော့သည်။
[လက်ရှိ အဆင့်မြှင့်တင်မှု ပုံစံအရ သတ်ဖြတ်မှတ် ၁၂၀၀ လိုအပ်ပြီး အဆင့်မြှင့်တင်ရန် (၁၅) နာရီ ကြာမြင့်မည် ဖြစ်ပါသည်]
[အဆင့်မြှင့်တင်ချင်ပါသလား]
သူ၏ လက်ရှိ သတ်ဖြတ်မှတ်မှာ တစ်ထောင့်နှစ်ရာ ကျော်မျှသာ ရှိသည်။
(၁၅) နာရီ ဆိုသည်မှာလည်း လက်ခံနိုင်သော အချိန်ဖြစ်သည်။
ချန်းရီက "အတည်ပြုသည်" ကို ရွေးချယ်တော့မည့် ဆဲဆဲတွင် သူ၏ အကြည့်သည် မလှမ်းမကမ်းရှိ လမ်းဘေးသို့ ရောက်ရှိသွားသည်။ လမ်းဘေးတွင် စွန့်ပစ်ထားသော ဆိုင်ကယ်တစ်စီးကို တွေ့မြင်လိုက်ရသောအခါ သူ၏ မျက်ဝန်းများ ရုတ်တရက် အရောင်လက်သွား၏။
ထိုဆိုင်ကယ်သည် လမ်းဘေးတွင် လဲကျနေပြီး ကိုယ်ထည်တစ်ခုလုံး သံချေးများ တက်နေကာ ဘီးကြားများထဲတွင် ရေညှိများပင် ပေါက်ရောက်နေသည်။
ဤကဲ့သို့သော မြင်ကွင်းမျိုးကို ကမ္ဘာပျက်ကပ်တွင် နေရာတိုင်း၌ မြင်တွေ့နိုင်သည်။
အကယ်၍ ချန်းရီ၌သာ လုံလောက်သော ကံတရားနှင့် စိတ်ရှည်မှု ရှိပါက လမ်းကြမ်းသုံး ကားတစ်စီးကိုပင် တိုက်ရိုက် ရှာဖွေတွေ့ရှိနိုင်ပေသည်။
သို့ဆိုလျှင် ချန်းရီသည် မျက်စိရှေ့ရှိ ဤသုံးဘီးယာဉ်ကိုသာ အဆင့်မြှင့်တင်နေရန် လိုအပ်တော့မည် မဟုတ်ပေ။
သို့သော် လက်တွေ့တွင်မူ ထိုသို့ ဖြစ်လာနိုင်စရာ အကြောင်းမရှိချေ။
ချန်းရီ လက်ရှိ ပိုင်ဆိုင် အသုံးပြုနိုင်သော စည်းစိမ်ဆို၍ သူ၏ ရှေ့မှ ဤသုံးဘီးယာဉ် တစ်စီးတည်းသာ ရှိသည်။
အဆင့်မြှင့်တင်ရေး စနစ်ကို အလျင်အမြန် အသုံးမပြုပါက သူသည် ရက်အနည်းငယ်ပင် အသက်ရှင်နိုင်မည် မဟုတ်ပေ။
"စနစ်... ငါသာ အပိုပစ္စည်းတွေ ရှာနိုင်ရင် သတ်ဖြတ်မှတ်တွေ လျော့သွားမှာလား"
စနစ်ဆီမှ ချက်ချင်း အဖြေထွက်ပေါ်လာသည်။
[သင့်လျော်သော အပိုပစ္စည်းများ ရှာဖွေနိုင်ပါက စနစ်အနေဖြင့် အခြေအနေအရ သတ်ဖြတ်မှတ် အချို့ကို လျှော့ချပေးနိုင်ပါသည်]
ချန်းရီသည် စိတ်လှုပ်ရှားနေသော ရင်ခုန်သံများနှင့် တုန်ယင်နေသော လက်များကို ထိန်းချုပ်ကာ ဆေးလိပ်တစ်လိပ်ကို မီးညှိပြီး သူ၏ ရင်တွင်းမှ လှိုင်းလုံးများကို အနည်းငယ် ငြိမ်သက်သွားစေလိုက်သည်။
မီးရောင် မှိန်မှိန်လေးက ချန်းရီ၏ မျက်နှာဘေးထောင့်ကို လင်းထိန်သွားစေပြီး သူ၏ မျက်ဝန်းများကို တောက်ပနေစေသည်။
"အဲ့လိုပဲ လုပ်လိုက်တော့မယ်"
ချန်းရီသည် မြေပြင်ပေါ်မှ အားယူ၍ ထရပ်လိုက်ရာ တစ်ကိုယ်လုံး ကိုက်ခဲ နုံးခွေနေသကဲ့သို့ ခံစားရသည်။
သူက လမ်းဘေးရှိ ထိုဆိုင်ကယ်ကို သုံးဘီးယာဉ်ဘေးသို့ ဆွဲယူလာခဲ့၏။
မလှမ်းမကမ်းရှိ လူများသည် အသံကြားသောအခါ ချန်းရီရှိရာသို့ တစ်ချက် လှမ်းကြည့်ကြသော်လည်း ချက်ချင်းပင် ခေါင်းပြန်လှည့်သွားကြသည်။
သူတို့သည် ချန်းရီကဲ့သို့သော သာမန်လူတစ်ယောက် ဘာလုပ်နေသလဲ ဆိုသည်ကို လုံးဝ စိတ်မဝင်စားကြပေ။
ဟိုဘက်ရှိ လူများမှာ တဲများ စတင် ထိုးနေကြပြီ ဖြစ်သည်။ တစ်ချို့က မီးမွှေး၍ အသားကင်ရန်ပင် စတင်နေကြ၏။
အသားကင်အနံ့များ ချန်းရီ၏ နှာခေါင်းဝသို့ လွင့်ပျံ့လာသောအခါ သူ၏ တံတွေးများ အဆမတန် ထွက်ကျလာတော့သည်။
ချန်းရီသည် ဆေးလိပ်ကိုသာ အားပါးတရ ဖွာရှိုက်ရင်း ဆာလောင်မှုကို အတင်းအကျပ် မျိုသိပ်ကာ စနစ်၏ အဆင့်မြှင့်တင်မှုအပေါ်သို့သာ အာရုံစိုက်ထားရသည်။
"စနစ်... ငါ့ရှေ့က ဆိုင်ကယ်ကို သုံးပြီး ပြုပြင်မွမ်းမံလို့ ရမလား"
ဆိုင်ကယ်၏ တာယာနှင့် အင်ဂျင်အပြင် ၎င်းအတွင်းရှိ အပိုပစ္စည်း အများအပြားကို ပြုပြင်မွမ်းမံရာတွင် အသုံးပြုနိုင်ပေသည်။
[ရပါတယ်... လက်ရှိ ပြုပြင်မွမ်းမံမှုအတွက် သတ်ဖြတ်မှတ် ၉၀၀ လိုအပ်ပါသည်]
သတ်ဖြတ်မှတ် သုံးရာသာ သက်သာသွားသည်။
ဒါက အရမ်းနည်းလွန်းမနေဘူးလား။
"စနစ်... သတ်ဖြတ်မှတ် လျှော့နိုင်မယ့် တခြားနည်းလမ်းတွေရော ရှိသေးလား"
[ရှိပါတယ်... ပိုင်ရှင်အနေဖြင့် ဆိုင်ကယ်၏ အပိုပစ္စည်း အားလုံးကို ဖြုတ်ချပြီး သုံးဘီးယာဉ်တွင် အကြမ်းဖျင်း တပ်ဆင်နိုင်ပါက သတ်ဖြတ်မှတ် ၁၀၀ ထပ်မံ လျှော့ချပေးနိုင်ပါသည်]
[အကယ်၍ ပိုင်ရှင်သည် တတိယမြောက် တာယာကို ရှာဖွေနိုင်ပါက သတ်ဖြတ်မှတ် ၁၀၀ ထပ်မံ လျှော့ချနိုင်ပါသေးသည်]
[အကယ်၍ ပိုင်ရှင်သည်...]
ချန်းရီ သဘောပေါက်သွားသည်။
အဆင့်မြှင့်တင်လိုသော ပစ္စည်း၏ ပြီးစီးမှု ရာခိုင်နှုန်း များလေလေ သတ်ဖြတ်မှတ် များများ သက်သာလေလေ ဖြစ်သည်။
ချန်းရီ၏ လက်ထဲတွင် မည်သည့် ကိရိယာမျှ မရှိသောကြောင့် ဤအခြေအနေအထိသာ လုပ်ဆောင်နိုင်တော့မည်။
နောင်တစ်ချိန် ရိက္ခာပစ္စည်းများ ထွက်ရှာသောအခါ ကိရိယာ တန်ဆာပလာ အစုံလိုက်ကိုပါ ရှာဖွေစုဆောင်းရန် လိုအပ်ကြောင်း သူ သိလိုက်ရ၏။
မူလက လမ်းဘေးတွင် အခြား စွန့်ပစ်ထားသော ဆိုင်ကယ်များ ရှိမရှိ ချန်းရီ ထပ်မံ လိုက်လံ ကြည့်ရှုလိုသော်လည်း ညအမှောင်ထုကြောင့် အဝေးကို လုံးဝ မမြင်ရပေ။
ကြည့်ရသည်မှာ ယခုအခြေအနေအတိုင်း အဆင့်မြှင့်လိုက်ရုံကလွဲပြီး တစ်ခြားနည်းလမ်း မရှိတော့သည့်ပုံပင်။
မူလ လျှပ်စစ်သုံးဘီးယာဉ်မှာ စနစ်၏ ပြုပြင်မွမ်းမံမှုအောက်တွင် ဓာတ်ဆီအသုံးပြုရသော ယာဉ်အဖြစ်သို့ ပြောင်းလဲသွားသည်။
ဤသည်မှာလည်း မတတ်နိုင်သော ကိစ္စဖြစ်သည်။
နောင်တွင် ရိက္ခာရှာထွက်သည့်အခါ ယာဉ်တန်းနှင့်အတူ ဓာတ်ဆီကိုပါ လိုက်လံရှာဖွေရတော့မည်။
ကံကောင်းသည်မှာ သူ၏ ဤသုံးဘီးယာဉ်တွင် မောင်းနှင်သည့် စနစ် နှစ်မျိုး ပါဝင်နေခြင်းပင်။
တစ်မျိုးမှာ လူအားကို အသုံးပြုရပြီး အခြားတစ်မျိုးမှာ အင်ဂျင်ကို အသုံးပြုရခြင်း ဖြစ်သည်။
အဆင့်မြှင့်တင်ပြီးနောက်ပိုင်းတွင်မူ ယခင်ကကဲ့သို့ သက်တောင့်သက်သာ နင်းနိုင်တော့မည် မဟုတ်ပေ။
စနစ်ထဲတွင် အတည်ပြုရန်ကို ရွေးချယ်ပြီးနောက်...
ချန်းရီသည် သူ၏ သုံးဘီးယာဉ်ပေါ်တွင် သဲနာရီ ရေတွက်စနစ် တစ်ခု ထပ်တိုးလာသည်ကို မြင်တွေ့ရ၏။
အဆင့်မြှင့်တင်မှု ပြီးဆုံးရန် ခြောက်နာရီ ကြာမြင့်မည်ဖြစ်ပြီး ယခင် (၁၅) နာရီထက်စာလျှင် ကိုးနာရီတိတိ သက်သာသွားခဲ့သည်။
ဤသို့ တွက်ကြည့်လျှင် မနက်ဖြန် မနက်ပိုင်းတွင် အဆင့်မြှင့်တင်မှု ပြီးစီးသွားမည် ဖြစ်သည်။
ထိုအခါမှသာ ချန်းရီသည် သူ စုဆောင်းလာခဲ့သော ရိက္ခာများကို စစ်ဆေးကြည့်ရှုရန် အချိန်ရတော့သည်။
ကုန်တိုက်ကြီးထဲမှ ထွက်လာစဉ်က သူ အိတ်ကြီး နှစ်အိတ် ယူဆောင်လာခဲ့သည်။
အခြား အိတ်နှစ်အိတ်မှာ ယောဂဘောင်းဘီဝတ် အမျိုးသမီး နှင့် ချန်ဇီ တို့၏ လက်ထဲမှ လုယူလာခဲ့ခြင်း ဖြစ်သည်။
ဆက်ရန်...