အခန်း ၁၀
Vol. 1 Ch. 10
အပိုင်း (၁၀) မက္ကန်းနစ် လမ်းစဉ်
မိုးသောက်ယံ အလင်းရောင် သဲ့သဲ့ ပေါ်လာချိန်တွင် ချန်းရီ၏ မျက်စိရှေ့၌ အသိပေးချက်တစ်ခု လင်းလက်သွား၏။
[အဆင့်မြှင့်တင်ခြင်း ပြီးဆုံးပါပြီ]
ချန်းရီ၏ သုံးဘီးစက်ဘီးပေါ်တွင် မှိန်ဖျော့ဖျော့ အလင်းရောင်တစ်ခု ဖြတ်ပြေးသွားပြီးနောက် စက်ဘီးတစ်စီးလုံး လုံးဝ ပြောင်းလဲသွားတော့သည်။
ထိုသုံးဘီးစက်ဘီးမှာ ယခုအခါ စက်ဘီးနှင့် လုံးဝ မတူတော့ဘဲ သုံးဘီးဆိုင်ကယ် တစ်စီးနှင့် ပို၍ တူနေလေသည်။
စက်ဘီး၏ ရှေ့ပိုင်းသည် ချန်းရီ မနေ့ညက လမ်းဘေးတွင် တွေ့ခဲ့သော ဆိုင်ကယ်ပင် ဖြစ်သည်။
ဆိုင်ကယ် လက်ကိုင်ခေါင်း၊ ထိုင်ခုံနှင့် လုံးဝန်းနေသော ဆီတိုင်ကီကြီးတို့ကို ကြည့်လျှင် အနောက်ပိုင်းကိုသာ မမြင်ရပါက ဤစက်ဘီးမှာ အမှန်တကယ်ပင် ဆိုင်ကယ်တစ်စီး ဖြစ်နေသည်။
စက်ဘီး၏ နောက်ပိုင်း ကုန်တင်ခန်းမှာလည်း ကြီးမားစွာ ပြောင်းလဲသွားခဲ့၏။
ဥပမာအားဖြင့် ကုန်တင်ခန်း၏ ဘေးအကာများမှာလည်း အနည်းငယ် ပိုမြင့်လာခဲ့သည်။
အကယ်၍ နောက်ဘက်ဆုံးရှိ အကာကို အောက်သို့ ချထားပြီး အခင်းတစ်ခု ခင်းလိုက်ပါက အိပ်စရာ ကုတင်တစ်လုံးအဖြစ်ပင် အသုံးပြုနိုင်မည် ဖြစ်သည်။
နောင်တွင် ချန်းရီက ညဘက်၌ မြေကြီးပေါ်တွင် အိပ်စရာ မလိုတော့ဘဲ ကားပေါ်တွင် တိုက်ရိုက် အိပ်စက် အနားယူနိုင်ပြီ ဖြစ်သည်။
ကုန်တင်ခန်း တစ်ခုလုံး၏ ဝန်တင်ဆောင်နိုင်စွမ်းမှာလည်း နောက်တစ်ကြိမ် ထပ်မံ မြင့်တက်လာခဲ့ပြန်သည်။
စနစ်ထဲတွင် အစောပိုင်းက သူ ဒီဇိုင်းဆွဲထားခဲ့သော အပြည့်စုံဆုံး ပုံစံနှင့် ယှဉ်လျှင် ကွာဟချက် များစွာ ရှိနေသေးသော်လည်း လက်ရှိ အခြေအနေမျိုးတွင် ဤမျှလောက် အဆင့်အထိ လုပ်ဆောင်နိုင်ခြင်းကပင် အလွန် ရှားပါးလှပြီ ဖြစ်သည်။
သေချာပေါက် လိုအပ်ချက်များလည်း ရှိနေသေးသည်။
ဥပမာအားဖြင့် ဤသုံးဘီးစက်ဘီး၏ ဘီးများပင် ဖြစ်သည်။ ရှေ့ဘီးမှာ ယခင်ဆိုင်ကယ်၏ ဘီးကို အသုံးပြုထားသော်လည်း နောက်ဘီး နှစ်ဘီးမှာမူ စက်ဘီး၏ ဘီးများကိုသာ အသုံးပြုထားဆဲ ဖြစ်သည်။
၎င်းသည် သတ်ဖြတ်မှတ် အချို့ကို ချွေတာနိုင်ရန်အတွက် လျှော့ထားရခြင်း ဖြစ်သည်။
ထို့အပြင် စက်ဘီးရှေ့ပိုင်းတွင် နေကာမိုး မပါရှိသဖြင့် နောင်တွင် လေတိုက်သည်ဖြစ်စေ၊ မိုးရွာသည်ဖြစ်စေ အတော်လေး ဒုက္ခရောက်ရပေလိမ့်မည်။
သုံးဘီးစက်ဘီး၏ ကိုယ်ထည် ဖရိန်ကြီးမှာလည်း အဆင့်မြှင့်တင်ထားခြင်း မရှိပေ။
နောက်ဘီးဆွဲ စနစ်ဖြင့်သာ ဆက်လက် မောင်းနှင်ရမည်ဖြစ်ပြီး သုံးဘီးဆွဲ စနစ် မဟုတ်သောကြောင့် ကြမ်းတမ်းသော လမ်းခရီးများနှင့် ကြုံတွေ့ရပါက အနည်းငယ် အခက်အခဲ ရှိနိုင်လေသည်။
သို့သော် သတ်ဖြတ်မှတ် ၉၀၀ သာ အသုံးပြု၍ ဤအဆင့်အထိ ရောက်ရှိလာခြင်းက အတန်ဆုံးပင် ဖြစ်နေပြီ မဟုတ်ပါလော။
ချန်းရီက စက်ဘီးပေါ်သို့ တက်ကာ စမ်းသပ်ကြည့်လိုက်သည်။ လူအားဖြင့် နင်းရသော စနစ်တွင် အားစိုက်ရသက်သာစေမည့် ကိရိယာ ပါရှိနေသော်လည်း ယခင်ကထက် များစွာ ပို၍ အားစိုက်ရလေသည်။
အကယ်၍ ဓာတ်ဆီသာ မရနိုင်ပါက ဤစက်ဘီးကြီးသည် ယခင်ကလောက် အသုံးဝင်မည် မဟုတ်ပေ။
ယခုအချိန်တွင် ချန်းရီ၏ အတွေးအခေါ်များမှာ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
အကယ်၍ မနေ့ကလို အခြေအနေမျိုးနှင့် ထပ်မံ ကြုံတွေ့ရပါက သူသည် ယာဉ်တန်း၏ နောက်တွင် ပြတ်ကျန်ရစ်ခဲ့မည်မှာ သေချာသလောက်ပင် ဖြစ်သည်။
ယာဉ်တန်း၏ နောက်တွင် ပြတ်ကျန်ခဲ့ခြင်းက ရလဒ်တစ်ခုတည်းကိုသာ ဦးတည်နေသည်။ ၎င်းမှာ သေမင်းပင် ဖြစ်သည်။
ဤဆိုင်ကယ် အင်ဂျင်၏ စွမ်းအားသည် မလုံလောက်ခြင်း၊ အမြန်နှုန်း လိုအပ်ခြင်းများ ရှိနိုင်သော်လည်း ကိုယ်တိုင် စက်ဘီးနင်းရသည်ထက်တော့ အများကြီး ပိုမြန်နေသေးသည်။
ဓာတ်ဆီထည့်ရသည်က အလုပ်ရှုပ်လျှင်တောင်မှ ကျေကျေနပ်နပ်ကြီး လက်ခံရမည် ဖြစ်သည်။
ချန်းရီက ယာဉ်တတန်း၏ ရှေ့ဆုံးပိုင်းသို့ လှမ်းကြည့်လိုက်သည်။
ထိုနေရာတွင် လမ်းကြမ်းမောင်းကား နှစ်စီး၊ လူစီးကားငယ် တစ်စီးနှင့် ဘတ်စ်ကား တစ်စီး ရှိနေသည်။
သူတို့ဆီတွင် သေချာပေါက် ဓာတ်ဆီ ရှိလိမ့်မည်ဟု သူ တွေးမိသည်။
ယခု သူ့တွင် ရိက္ခာပစ္စည်းများစွာ ရှိနေသဖြင့် သူတို့နှင့် အချို့အဝက်ကို လဲလှယ်နိုင်ကောင်း လဲလှယ်နိုင်ပေလိမ့်မည်။
မကြာမီမှာပင် ချန်းရီ၏ သုံးဘီးဆိုင်ကယ်ကြီးသည် လူအများ၏ အာရုံစိုက်မှုကို ဖမ်းစားသွားလေသည်။
လူအတော်များများက အားကျသော မျက်လုံးများဖြင့် လှမ်းကြည့်လာကြ၏။
အချို့သော လူများ၏ အကြည့်များတွင်မူ လှောင်ပြောင်လိုသော အရိပ်အယောင်များ ပြည့်နှက်နေသည်။
"အရင်တုန်းက စက်ဘီးလေးက ဘယ်လောက်ကောင်းလိုက်လဲ... အခုတော့ ဟိုမရောက်ဒီမရောက် အရုပ်ဆိုးအကျည်းတန်ကြီး ဖြစ်အောင် ပြင်လိုက်တာ ဒုက္ခရှာတာပဲ... နောက်ဆိုရင် ဓာတ်ဆီပါ လိုက်ရှာနေရဦးမယ်"
"ဟုတ်တယ်... အရင်တုန်းက စက်ဘီးလေးက ဘယ်လောက်ကောင်းလဲ... ငါတို့ သူ့ကို သွားမေးကြည့်ရအောင်... သူ့အရင် သုံးဘီးစက်ဘီးလေး ဘယ်ရောက်သွားလဲလို့... အဲဒါကိုသာ ငါတို့ရလိုက်ရင်တော့ဟေ့"
"ဟဲဟဲဟဲ... မင်းတို့က ဒီကားကြီးက အဲဒီသုံးဘီးစက်ဘီးကို ပြင်ထားတာဆိုတာ မရိပ်မိကြဘူးလား"
"နေဦး... မင်းတို့ တစ်ခုခု မှားနေတယ်လို့ မထင်ကြဘူးလား"
"ဘာကိုဆိုလိုတာလဲ"
"ဒီလူက တစ်ညတည်းနဲ့ သုံးဘီးကို ဒီလိုပုံစံဖြစ်အောင် ပြင်လိုက်တာလေ... ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
ဟိုက်...
ထိုသူ၏ သတိပေးစကားကို ကြားပြီးနောက် လူတိုင်းသည် ချန်းရီရှိရာသို့ လှမ်းကြည့်ကြသည်။
ဟုတ်သားပဲ။
သာမန်လူတစ်ယောက်က တစ်ညတည်းနဲ့ သုံးဘီးစက်ဘီး တစ်စီးကို ဒီလိုပုံစံဖြစ်အောင် ဘယ်လိုလုပ် ပြင်နိုင်မှာလဲ။
သုံးဘီးစက်ဘီးကို ဤကဲ့သို့ ပြောင်းလဲပစ်ရန်အတွက် အနည်းဆုံး လူအတော်များများက ရက်ပေါင်းများစွာ အချိန်ယူ၍ လုပ်ဆောင်ရမည် ဖြစ်သည်။
သို့သော် သူက တစ်ယောက်တည်းနှင့် တစ်ညတည်း အပြီးသတ် လုပ်ဆောင်နိုင်ခဲ့သည်တဲ့လား။
ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
ဒါမှမဟုတ်... ဒီလူက ထူးဆန်းတဲ့အရာ များလား။
လူတိုင်းက ချန်းရီကို ထိတ်လန့်ကြောက်ရွံ့သော မျက်လုံးများဖြင့် ကြည့်လာကြသည်။
အမုန်းတရားများ၊ ကြောက်ရွံ့မှုများနှင့် ထိတ်လန့်မှုများ။
သို့သော် မည်သူတစ်ဦးတစ်ယောက်ကမျှ ရှေ့သို့ တိုးမလာရဲကြပေ။
ထိုသူများအထဲတွင် ချန်းရီ မနေ့က စူပါမားကတ်အပြင်ဘက်၌ ချန်းဇီကို ပစ်သတ်ခဲ့သည့် မြင်ကွင်းအား မြင်တွေ့ခဲ့သူများလည်း ပါဝင်နေလေသည်။
ထိုလူများ၏ တုံ့ပြန်မှုကို ကြည့်ပြီး ချန်းရီ၏ ရင်ထဲတွင် ထိတ်ခနဲ ဖြစ်သွားကာ မကောင်းသော နိမိတ်တစ်ခုကို ခံစားရလေသည်။
ဤဘက်မှ ဆူညံပွက်လောရိုက်မှုက အာရုံစိုက်မှုကို ဆွဲဆောင်သွားခဲ့သည်။
"ဘာတွေဖြစ်နေကြတာလဲ"
ထိုအချိန်မှာပင် ကြည်လင်ပြတ်သားသော အသံတစ်သံ ထွက်ပေါ်လာသည်။
ဆံပင်ကို မြင်းမြီးပုံစံ အမြင့်ကြီး စည်းထားသော ခြေတံရှည်ရှည်နှင့် မိန်းကလေးတစ်ဦး လျှောက်လာ၏။
ထိုမိန်းကလေးသည် ခြေထောက်တွင် အေဂျော်ဒန် ဖိနပ်ကို စီးထားပြီး ဘောင်းဘီတိုလေး တစ်ထည်နှင့် အပေါ်ပိုင်းတွင် ကာတွန်းရုပ်ပါသော တီရှပ်တိုလေးကို ဝတ်ဆင်ထားကာ ခါးတွင် ဓားရှည်တစ်လက်ကိုလည်း ချိတ်ဆွဲထားလေသည်။
ဤမိန်းကလေးကို ချန်းရီ သိသည်။ ယခင်က ရှင်းဟွာမြို့မှ ထွက်ပြေးလွတ်မြောက်လာစဉ်က ခေါင်မိုးများပေါ်တွင် လွှားခနဲ ခုန်ပျံကျော်လွှားသွားသူမှာ ဤမိန်းကလေးပင် ဖြစ်သည်။ သူမ၏ လှုပ်ရှားမှုများမှာ နံရံများကိုပင် အမှန်တကယ် ပြေးတက်နိုင်သကဲ့သို့ ပေါ့ပါးသွက်လက်လှသည်။
သူမက အစွမ်းပိုင်ရှင် တစ်ယောက် ဖြစ်သည်။
အခြားသော အသက်ရှင်ကျန်ရစ်သူများမှာ ဤမိန်းကလေး၏ မည်သူမည်ဝါဖြစ်ကြောင်းကို သေချာ မသိကြသော်လည်း အဘယ်ကြောင့်မှန်းမသိ သူမကို ကြောက်ရွံ့စွာဖြင့် ကြည့်နေကြသည်။
မိန်းကလေးက ဘယ်ညာသို့ ဝေ့ကြည့်ပြီးနောက် သူမ၏ အကြည့်များက ချန်းရီပေါ်သို့ ကျရောက်သွားကာ နောက်ဆုံးတွင် ချန်းရီ၏ သုံးဘီးဆိုင်ကယ်ကြီးပေါ်သို့ ရောက်ရှိသွားလေသည်။
ထိုသုံးဘီးဆိုင်ကယ်ကြီးကို မြင်သောအခါ မိန်းကလေး၏ မျက်လုံးများထဲတွင် ထူးဆန်းသော အလင်းရောင်တစ်ချက် လက်သွား၏။
ချန်းရီက သူ့လက်ကို ဒူးလေးဆီသို့ အလိုအလျောက် လှမ်းမိသည်။ သူသည် မျက်မှောက်ရှိ မိန်းကလေး၏ ပြိုင်ဘက် မဟုတ်နိုင်ကြောင်း သိထားသော်လည်း သူ့ကို လက်မြှောက်အရှုံးပေးစေချင်သည် ဆိုလျှင်တော့ အိပ်မက်ပင် မမက်ရန်သာ ရှိတော့သည်။
"ဒီဆိုင်ကယ်က ရှင့်ဟာလား"
မိန်းကလေးက စကားစလိုက်သည်။ သူမ၏ အသံလေးက နားထောင်လို့ အလွန်ကောင်းလှ၏။
"ဟုတ်တယ်... ကျွန်တော့်ဟာပါ"
"အရမ်းတော်တာပဲ... မနေ့ကတောင် ရှင်က သုံးဘီးစက်ဘီးလေးနဲ့... အခုတော့ ဆိုင်ကယ် ဖြစ်သွားပြီပေါ့"
"တကယ်ကို တော်တာပဲ"
"ရှင်က အစွမ်း နိုးထလာတာလား"
မိန်းကလေးက ကိုယ်ကိုလှည့်ကာ တောက်ပနေသော မျက်ဝန်းလေးများဖြင့် ချန်းရီကို စိုက်ကြည့်လိုက်သည်။
ထိုစကား ထွက်ပေါ်လာသည်နှင့် ချန်းရီမှာ အရင်ဆုံး ကြောင်အမ်းသွားခဲ့၏။
ဘာ အစွမ်း လဲ။
ငါ့ကို ပြောနေတာလား။
ပတ်ဝန်းကျင်ရှိ အသက်ရှင်ကျန်ရစ်သူများမှာမူ ပို၍ပင် ပွက်လောရိုက်သွားကြတော့သည်။
ယခင်က အစွမ်းပိုင်ရှင်များနှင့် ပတ်သက်သော ဒဏ္ဍာရီများကို ကြားဖူးသူများ ရှိသော်လည်း မည်သူကမျှ လူကိုယ်တိုင် မမြင်တွေ့ခဲ့ဖူးကြပေ။
သို့သော် မနေ့က ဖြစ်ရပ်များအပြီးတွင်မူ အစွမ်းသည် ဒဏ္ဍာရီတစ်ခုမျှသာ ဖြစ်သည်ဟု မည်သူကမျှ မထင်မှတ်ကြတော့ချေ။
ယခုအခါ ချန်းရီသည် သဘာဝလွန်အစွမ်း နိုးထလာခဲ့ပြီဟု ဤမိန်းကလေးက ပြောဆိုသည်ကို လူတိုင်း ကြားလိုက်ရလေသည်။
ဒါ... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
ယခင်က ရွံရှာမုန်းတီးနေခဲ့သော အကြည့်များသည် ချက်ချင်းဆိုသလိုပင် အားကျမှု၊ မနာလိုမှုများအဖြစ်သို့ ပြောင်းလဲသွားကြတော့သည်။
"ကြည့်ရတာရှင်က... မက္ကန်းနစ် လမ်းစဉ်များလား"
"ဒါမှမဟုတ်ရင် ရှင်က ဒီလောက်အဆင့်ထိ လုပ်နိုင်မှာ မဟုတ်ဘူး"
"ထားလိုက်ပါတော့... ရှင် ကျွန်မနဲ့ အရင် လိုက်ခဲ့လိုက်"
မိန်းကလေးက ပြောဆိုပြီးနောက် ချန်းရီကို ခေါ်ဆောင်ကာ အရှေ့ဘက်ရှိ ကားများရှိရာသို့ ထွက်ခွာသွားလေသည်။
ချန်းရီ သဘောပေါက်သွားသည်။ ဤမိန်းကလေးက သူ့စနစ်ကို လမ်းစဉ်အစွမ်းဟု ထင်မှတ်သွားပုံရသည်။
အရှေ့မှ လမ်းပြခေါ်ဆောင်သွားသော မိန်းကလေးကို ကြည့်ပြီး ချန်းရီလည်း ဘာမျှ ဆက်မပြောတော့ဘဲ သူမနောက်မှ လိုက်ပါသွားခဲ့၏။
မနာလို အားကျလွန်း၍ သွားရည်ကျမတတ် ဖြစ်နေကြသော အသက်ရှင်ကျန်ရစ်သူ လူအုပ်ကြီးကိုသာ အနောက်တွင် ချန်ရစ်ထားခဲ့တော့သည်။
ဤစက်ဘီးတန်းကြီးတွင် အလွန် သိသာထင်ရှားသော လူတန်းစား ကွာဟမှု နှစ်ခု ရှိနေသည်။
ပထမတစ်မျိုးမှာ အရှေ့မှ ကားမောင်းသွားကြသော လူတစ်စုပင် ဖြစ်သည်။
ချန်းရီ၏ ခန့်မှန်းချက်အရ ထိုလူများအထဲတွင် အစွမ်းပိုင်ရှင် အနည်းဆုံး နှစ်ဦးခန့် ပါဝင်လေသည်။
ထိုလူစုမှာ လူအင်အား သိပ်မများဘဲ ဆယ်ဂဏန်းခန့်သာ ရှိသည်။
မနေ့က ရှင်းဟွာမြို့ အဖြစ်အပျက် ပြီးနောက်တွင် သူတို့ထဲမှ လူတစ်ဝက်ခန့် အသက်ဆုံးရှုံးသွားခဲ့ရသည်။
ဤလူများ၏ ဝတ်စားဆင်ယင်မှုနှင့် စိတ်ဓာတ်ခွန်အားများမှာ အခြားလူတစ်စုထက် အများကြီး ပိုမို သာလွန်ကောင်းမွန်နေကြသည်။
ထိုလူစုထဲတွင် နာမည်ကြီး သရုပ်ဆောင် တစ်ယောက်ပင် ပါဝင်သေးသည်ဟု ချန်းရီ ကြားခဲ့ဖူးသေး၏။
အခြားလူတစ်စုမှာမူ စက်ဘီးစီးပြီးဖြစ်စေ၊ ခြေလျင်လျှောက်၍ဖြစ်စေ ထိုကားများနောက်မှ လိုက်ပါလာကြသော အသက်ရှင်ကျန်ရစ်သူများ ဖြစ်ကြသည်။
မနေ့က ဖြစ်ရပ်များကို ကြည့်ခြင်းအားဖြင့် ဤလူများသည် အချိန်မရွေး စွန့်ပစ်ခံရနိုင်သော အမျိုးအစားများ ဖြစ်ကြသည်။
မိန်းကလေးက ချန်းရီကို ခေါ်ဆောင်လာသည်ကို မြင်သောအခါ လူတိုင်းက အံ့သြနေသော မျက်လုံးများဖြင့် လှမ်းကြည့်လာကြ၏။
ချန်းရီက ထူးခြားသော ဟန်ပန်အသွင်အပြင်ရှိသည့် ခြေဗလာနှင့် လူငယ်တစ်ဦးက သူ့ကို လှမ်းကြည့်နေသည်ကိုပင် တွေ့ရသေးသည်။
မတတ်နိုင်ပေ။ ထိုလူငယ်၏ ဟန်ပန်အသွင်အပြင်မှာ အမှန်တကယ်ပင် ထူးခြားလွန်းလှသည်။
"နာနာ... ဒီလူက..."
ဆက်ရန်...