အခန်း ၁၁
Vol. 1 Ch. 11
အပိုင်း (၁၁) လူသားတွေအတွက် မျှော်လင့်ချက် ရှိသေးရဲ့လား
"ဒီအစ်ကိုက ခုလေးတင် မက္ကန်းနစ် လမ်းစဉ်ကို နိုးထလာခဲ့တာ"
မိန်းကလေးက ထိုစကားကို ပြောလိုက်ပြီးနောက်တွင်၊ ထိုနေရာရှိ လူအားလုံးက ချန်းရီကို အံ့ဩခြင်း သို့မဟုတ် အားကျခြင်း အကြည့်များဖြင့် လှမ်းကြည့်လာကြသည်။
"မက္ကန်းနစ် လမ်းစဉ်... တကယ်ကြီးလား"
"ဟား... အားကျလိုက်တာ"
"ဒါဆို ငါတို့ ယာဉ်တန်းထဲက လေးယောက်မြောက် အစွမ်းပိုင်ရှင်ပဲ... ငါတို့ ယာဉ်တန်းမှာ အစွမ်းပိုင်ရှင်တွေ တကယ်ကို ပိုပိုများလာပြီ"
လေးယောက်မြောက် အစွမ်းပိုင်ရှင် ဟုတ်လား။
ဒါဆို နောက်ထပ် အစွမ်းပိုင်ရှင် တစ်ယောက် ရှိသေးတာပေါ့။
ဘယ်သူများလဲ။
ခုနက ခြေဗလာနဲ့ လူငယ်လား။
မိန်းကလေးက ချန်းရီနှင့် မလှမ်းမကမ်းရှိ သုံးဘီးယာဉ်ဆီသို့ ခေါင်းယမ်းပြလိုက်ပြီး မေးစေ့ကို မော့ထားလိုက်သည်။
အစွမ်းပိုင်ရှင် တစ်ယောက်ကို ရှာတွေ့ခဲ့သည့်အတွက် အလွန် ဂုဏ်ယူနေပုံရ၏။
"ခေါင်းဆောင်ချူ"
"ဒီစက်ဘီးကို အစ်ကိုတို့ မှတ်မိကြမှာပါ... မနေ့ညက ဘယ်လိုပုံစံလဲ... အခုကော ဘယ်လိုပုံစံလဲ"
"မက္ကန်းနစ် လမ်းစဉ်ရဲ့ သဘာဝလွန်အစွမ်းပိုင်ရှင်မှပဲ ဒီလောက်အထိ လုပ်နိုင်မှာ"
"ဘယ်လိုလဲ... ကျွန်မတို့ ယာဉ်တန်းမှာ မက္ကန်းနစ်လမ်းစဉ် အစွမ်းပိုင်ရှင် တစ်ယောက် တိုးလာတာ အရမ်းမိုက်တယ် မဟုတ်လား"
မိန်းကလေးက စကားအဆုံးတွင် ချန်းရီ၏ ပခုံးကိုပင် အားပါးတရ ပုတ်လိုက်သေးသည်။
လူတိုင်း၏ အကြည့်များက ချန်းရီနှင့် ထိုသုံးဘီးယာဉ်ပေါ်တွင် ဝဲပျံနေကြ၏။
လူအများအပြားက အံ့ဩတကြီး အကြည့်များဖြင့် ကြည့်လာကြသည်။
အမျိုးသမီးများ၏ မျက်လုံးများမှာ တောက်ပနေကြပြီး အမျိုးသားများ၏ အကြည့်များတွင်မူ မနာလို အားကျမှုများ ပြည့်နှက်နေသည်။
ဤသည်မှာ ဒဏ္ဍာရီလာ အစွမ်းပင် ဖြစ်သည်။
အသက်ရှင်ကျန်ရစ်သူများသည် အစွမ်းကိစ္စကို ကြားဖူးထားသည်မှာ ကြာပြီဖြစ်ပြီး ယခင်က ရှင်းဟွာမြို့တွင် အစွမ်းကို မျက်မြင်ကိုယ်တွေ့ မြင်တွေ့ခဲ့ရဖူးသည်။
အကယ်၍ အစွမ်းပိုင်ရှင်၏ အကာအကွယ်ကိုသာ ရရှိခဲ့မည်ဆိုပါက...
တွေးကြည့်လိုက်ရုံမျှဖြင့် လူအများအပြား၏ မျက်လုံးများကို အရောင်လက်သွားစေသည်။
မက္ကန်းနစ် လမ်းစဉ် ဆိုပါလား။
စက်ပစ္စည်းများနှင့် သက်ဆိုင်သော သဘာဝလွန်အစွမ်းပိုင်ရှင်မျိုး ဖြစ်ရမည်။
မိမိတွင် အဆင့်မြှင့်တင်ရေး စနစ် ရှိနေသဖြင့် အနည်းငယ်တော့ တူညီနေပေသည်။
"အစွမ်း နိုးထလာတဲ့အတွက် ကြိုဆိုပါတယ်... ဒါက လုံးဝ ကမ္ဘာသစ်တစ်ခုပဲ"
ထူးခြားသော အငွေ့အသက်ရှိသည့် ခြေဗလာနှင့် အမျိုးသားက မတ်တတ်ရပ်ကာ ချန်းရီထံသို့ လက်ကမ်းပေးလာပြီး မျက်နှာပေါ်တွင်လည်း နွေးထွေးသော အပြုံးတစ်ခု ဖြစ်ပေါ်နေသည်။
ဤအချိန်မှစ၍၊ အစွမ်း၏ တံခါးပေါက်ကြီးသည် သူ၏ရှေ့တွင် တစ်ဝက်ခန့် ပွင့်ဟလာပြီဖြစ်ကြောင်း ချန်းရီ ခံစားလိုက်ရ၏။
......
လက်ဖက်ရည်ပန်းကန်လုံးထဲမှ အခိုးအငွေ့လေးများ တငွေ့ငွေ့ ထွက်ပေါ်နေသည်။
ကမ္ဘာပျက်ကပ် စတင်ချိန်မှ ယခုအထိ၊ ဤသည်မှာ ချန်းရီအတွက် ပထမဆုံးအကြိမ် လက်ဖက်ရည် သောက်ရခြင်း ဖြစ်သည်။
ယခင်က လက်ဖက်ရည်ကို မနှစ်သက်ခဲ့သော်လည်း ယခုအချိန်တွင် မြည်းစမ်းကြည့်ရာ ရင်ထဲသို့ စိမ့်ဝင်သွားသော မွှေးပျံ့သည့် ရနံ့တစ်ခုကို ခံစားလိုက်ရသည်။
ယခုအခါတွင် ချန်းရီသည် တဲအတွင်းသို့ ဖိတ်ကြားခံလိုက်ရပြီ ဖြစ်သည်။
တဲထဲတွင် ချန်းရီ၊ ချူချယ်နှင့် နာနာ သုံးယောက်သာ ရှိနေ၏။
"မိတ်ဆက်ပေးရစေ... ကျွန်တော့်နာမည်က ချူချယ်... လမ်းပြသူ လမ်းစဉ်ပါ"
"နာနာ... ဓားနတ်ဘုရား လမ်းစဉ်"
"ချန်းရီ... အင်း... မက္ကန်းနစ် လမ်းစဉ်"
သူတို့က မိမိကို မက္ကန်းနစ် လမ်းစဉ်ဟု သတ်မှတ်ထားမှတော့ မိမိအနေဖြင့် မက္ကန်းနစ် လမ်းစဉ်က သဘာဝလွန်အစွမ်းပိုင်ရှင် တစ်ယောက်အနေနှင့် ကောင်းကောင်း ဟန်ဆောင်နေလိုက်ရန်သာ ရှိတော့သည်။
"နောက်ထပ် တစ်ယောက်လည်း ရှိသေးတယ်... ညီလေးလည်း မြင်ဖူးမှာပါ... ဟို လူ့ဘီလူးကြီးလေ... သူက တိုက်တန် လမ်းစဉ်ပဲ... အခုတော့ သူ နားနေတယ်"
"ညီလေးက မက္ကန်းနစ် လမ်းစဉ်ကို ခုလေးတင် နိုးထလာတာ မဟုတ်လား"
"အစွမ်းပိုင်ရှင် အသစ် တစ်ယောက်အနေနဲ့ မေးချင်တာတွေ အများကြီး ရှိနေမှာ သေချာတယ်"
"အရင်တုန်းက အစ်ကိုလည်း ညီလေးလိုပါပဲ... အစွမ်းကို ခုမှ နိုးကြားလာချိန်မှာ ဘာမှန်းမသိအောင် လမ်းပျောက်ခဲ့ရတယ်"
"ညီလေး မေးချင်တာရှိရင် အစ်ကို့ကို မေးလို့ ရပါတယ်"
ချန်းရီက ခဏမျှ စဉ်းစားပြီးနောက် ပြောလိုက်သည်။ "မက္ကန်းနစ် လမ်းစဉ် ဆိုတာ ဘာလဲဗျ"
ချူချယ်က ချန်းရီကို အံ့ဩတကြီးဖြင့် တစ်ချက် ကြည့်လိုက်၏။
ပုံမှန်အားဖြင့်ဆိုလျှင် အသစ်နိုးကြားလာသော အစွမ်းပိုင်ရှင်တိုင်းသည် ၎င်းတို့၏ မျိုးရိုးဗီဇထဲမှ အခြေခံ အချက်အလက် အချို့ကို ရရှိတတ်ကြသည်။
သို့သော် မိမိရှေ့ရှိ ဤလူငယ်က ဘာကြောင့် ဘာတစ်ခုမှ မသိသည့်ပုံ ပေါက်နေရသနည်း။
ချူချယ်က ရင်ထဲမှ သံသယကို ဖိနှိပ်လိုက်ပြီး လက်ဖက်ရည်ပန်းကန်လုံးကို မကာ တစ်ငုံမျှ သောက်လိုက်ပြီးမှ ပြောလိုက်သည်။ "အစ်ကို နားလည်ထားသလောက်ဆိုရင်တော့ မက္ကန်းနစ် လမ်းစဉ်က ဘယ်လို စက်ပစ္စည်းမျိုးအပေါ်မှာမဆို သာမန်လူတွေ နားလည်နိုင်ဖို့ ခက်ခဲတဲ့ မွေးရာပါ အရည်အချင်းတစ်မျိုး ရှိနေတာပဲ"
"သူတို့က စက်ပစ္စည်းတွေရဲ့ လုပ်ဆောင်ပုံနဲ့ သဘောတရားတွေအပေါ်မှာ မွေးရာပါ အလိုလို သိမြင်နိုင်တဲ့ အာရုံ ရှိကြတယ်"
"မက္ကန်းနစ် လမ်းစဉ်ကလည်း အထောက်အကူပြု လမ်းစဉ်တစ်မျိုးလို့ သတ်မှတ်လို့ ရပါတယ်"
"တကယ်လို့ ငြိမ်းချမ်းတဲ့ ခေတ်ကာလမှာဆိုရင်တော့ မက္ကန်းနစ် လမ်းစဉ်က အကောင်းဆုံး လမ်းစဉ်တွေထဲက တစ်ခုဖြစ်မှာပဲ... နှမြောစရာကောင်းတာက"
...
ချူချယ်၏ ရှင်းပြချက်ကို နားထောင်ပြီးနောက်မှသာ ချန်းရီသည် အစွမ်း ဆိုသည်ကို ပိုမို နားလည်လာခဲ့တော့သည်။
ချူချယ်၏ ရှင်းပြချက်ကြောင့် အစွမ်းများ၏ ရှုပ်ထွေးကျယ်ပြန့်မှုကို ချန်းရီ နက်နက်ရှိုင်းရှိုင်း ခံစားသိရှိသွားသည်။
အစွမ်း အမျိုးအစား ရာကျော်ရှိသည်။
ချူချယ် ကိုယ်တိုင်ပင်လျှင် အစွမ်း အနည်းငယ်ကိုသာ သိရှိနားလည်ထားခြင်း ဖြစ်သည်။
အခြားသော များပြားလှသည့် အစွမ်းများမှာမူ မသိရှိရသေးသည့် အခြေအနေတွင် ရှိနေဆဲပင်။
ဘာပဲဖြစ်ဖြစ် ကမ္ဘာပျက်ကပ် ကျရောက်ခဲ့သည်မှာ လအနည်းငယ်သာ ရှိသေးသည် မဟုတ်ပါလော။
အစွမ်းတိုင်းတွင် ၎င်းတို့၏ ကိုယ်ပိုင် ထူးခြားသည့် စွမ်းရည်များ ရှိကြသည်။
၎င်းတို့ထဲတွင် အမျိုးအစားခွဲများစွာ ထပ်မံ ပါဝင်သေး၏။
ဥပမာအားဖြင့် တိုက်ခိုက်ရေး လမ်းစဉ်၊ အထောက်အကူပြု လမ်းစဉ်၊ သဘာဝလွန် လမ်းစဉ်...
ထို့အပြင် နိုင်ငံတိုင်းတွင် ၎င်းတို့၏ ကိုယ်ပိုင် သီးသန့် လမ်းစဉ်များ ရှိနေတတ်သေးသည်။
ရှနိုင်ငံတွင် ဓားနတ်ဘုရား လမ်းစဉ်၊ နတ်ဆရာ လမ်းစဉ်တို့ ရှိကြသည်။
ကျွန်းနိုင်ငံတွင် နင်ဂျာ လမ်းစဉ်၊ ရှီကီဂါမိ လမ်းစဉ်...
ဘေးနားရှိ မိန်းကလေး နာနာဆိုလျှင် ရှနိုင်ငံ၏ သီးသန့်ဖြစ်သော ဓားနတ်ဘုရား လမ်းစဉ်ဖြစ်ပြီး ဓားနှင့်ပတ်သက်၍ မွေးရာပါ ထူးခြားသော အရည်အချင်း ရှိသူဖြစ်သည်။
"တကယ်တော့ ၂၀၂၅ ခုနှစ်တုန်းကတည်းက ထူးဆန်းတဲ့ အဖြစ်အပျက်တွေ စတင်ပေါ်ထွက်ခဲ့တာပဲ... အစပိုင်းမှာ သိပ်မပြင်းထန်သေးလို့ နိုင်ငံအသီးသီးက အစိုးရတွေက မနည်း တောင့်ခံထားနိုင်ခဲ့ကြတယ်"
"အဲဒီအချိန်ကတည်းက အစွမ်း နိုးထလာတဲ့သူတွေ စရှိနေခဲ့ပြီ"
ချူချယ်က သူသိထားသည့် အချက်အလက်များကို တည်ငြိမ်စွာ ပြောပြနေသည်။
၎င်းတို့ထဲမှ သတင်းအချက်အလက် အများစုမှာ ချန်းရီ တစ်ခါမျှ မကြားဖူးခဲ့သော အရာများ ဖြစ်သဖြင့် သူက အထူး ဂရုတစိုက် နားထောင်နေလိုက်သည်။
"ထူးဆန်းတဲ့ အရာတွေကို သတ်ပစ်လို့ မရဘူး... အစွမ်းပိုင်ရှင်တွေမှသာ အဲဒီ ထူးဆန်းတဲ့ အရာတွေကို ရင်ဆိုင်နိုင်မှာ"
"ဒါပေမဲ့ ညီလေးလည်း မြင်တဲ့အတိုင်းပဲ"
"ထူးဆန်းတဲ့ အရာတွေ ရှေ့မှာ အစွမ်းက အကျိုးသက်ရောက်မှု ရှိရုံလေးပဲ... ထူးဆန်းတဲ့ အရာတွေကို သတ်ပစ်ဖို့ဆိုတာ အဆင့်နိမ့် လမ်းစဉ်တွေအတွက် အရမ်းခက်ခဲတယ်... တကယ်တမ်းဆို လုံးဝ မဖြစ်နိုင်သလောက်ပဲ"
"ရှင်းဟွာမြို့က အဖြူရောင်ဝတ်စုံနဲ့ ကတ်ကြေးမိန်းမဆိုရင် ထူးဆန်းတဲ့ အရာတွေ အကုန်လုံးထဲမှာ သိပ်ပြီး အစွမ်းထက်တဲ့ အကောင် မဟုတ်သေးဘူး"
"အဲဒါတောင်မှ ထယ်ရှီးနဲ့ နာနာ နှစ်ယောက်ပေါင်း တိုက်တာတောင် မနည်း အသက်လုခဲ့ရတယ်"
"ထယ်ရှီးဆို လက်တစ်ဖက် ပြတ်သွားမှ အသက်ရှင်ရက် လွတ်ခဲ့တာ"
"လူသားတွေရဲ့ အစွမ်းတွေက ထူးဆန်းတဲ့ အရာတွေ ရှေ့မှာ အရမ်းကို အားနည်းလွန်းနေသေးတယ်"
"ဒါ့အပြင် ထူးဆန်းတဲ့ အရာတွေက အဆက်မပြတ် ပိုပိုပြီး စွမ်းအားကြီးလာနေတာ"
"လူသားတွေရဲ့ အနာဂတ်က... အရမ်းကို မျှော်လင့်ချက် ကင်းမဲ့နေပြီ"
ချူချယ်၏ စကားပြောဆိုမှုက အလွန် စနစ်ကျပြီး အရှိန်လည်း အလွန် နှေးကွေးလှသည်။
ချန်းရီမှာမူ ကြားရလေလေ၊ စိတ်ထဲတွင် ပို၍ လေးလံထိုင်းမှိုင်းလာလေလေ ဖြစ်နေတော့သည်။
လက်ရှိ ရှိနေသော ထူးဆန်းသည့် အရာများကပင် လူ့အဖွဲ့အစည်းကို ပြိုလဲသွားစေပြီး ထိပ်တန်း မြို့ကြီးများကို လူသားတို့ တားမြစ်နယ်မြေအဖြစ်သို့ ပြောင်းလဲသွားစေခဲ့ပြီ ဖြစ်သည်။
၎င်းထူးဆန်းသည့် အရာများက ဆင့်ကဲပြောင်းလဲနေဆဲဖြစ်ပြီး ပိုမို စွမ်းအားကြီးမားလာနေကြသည်။
လူသားတွေအတွက် မျှော်လင့်ချက်ရော ရှိသေးရဲ့လား။
လူသားတို့၏ မြို့ကြီးများသည် ထူးဆန်းသည့် အရာများ၏ အသိုက်အမြုံများ၊ လူသားတို့ တားမြစ်နယ်မြေများ ဖြစ်သွားခဲ့ချေပြီ။
ထိုအချိန်မှာပင်၊ ချူချယ်က ချန်းရီ အမြဲတမ်း သိချင်နေခဲ့သော မေးခွန်းတစ်ခုကို ဖြေရှင်းပေးလိုက်သည်။
ယာဉ်တန်းသည် ယခုအချိန်အထိ အတော်အတန် ဘေးကင်းလုံခြုံနေခဲ့သည်။
ဤအရာအားလုံး၏ အကြောင်းအရင်းမှာ ချူချယ်၏ လမ်းစဉ်ကြောင့်ပင် ဖြစ်သည်။
ချူချယ်သည် လမ်းပြသူ လမ်းစဉ် ဖြစ်သည်။
ဤလမ်းစဉ်တွင် မည်သည့် တိုက်ခိုက်ရေးစွမ်းရည်မျှ မရှိသော်လည်း ဤလမ်းစဉ်၏ သဘာဝလွန်အစွမ်းပိုင်ရှင်တွင် ထူးခြားသော စွမ်းရည်တစ်ရပ် ရှိနေသည်။
သူသည် ဧရိယာ အတိုင်းအတာတစ်ခုအတွင်းရှိ ထူးဆန်းသည့် အရာများ၏ အငွေ့အသက်ကို အာရုံခံနိုင်သည်။
ထို့ပြင် ၎င်းမှတစ်ဆင့် ဘေးကင်းလုံခြုံသော လမ်းကြောင်းတစ်ခုကို ရှာဖွေပေးနိုင်သည်။
ထို့ကြောင့်ပင် ယာဉ်တန်းသည် လမ်းခရီးတစ်လျှောက်တွင် ထူးဆန်းသည့် အရာများ၏ တိုက်ခိုက်မှုကို လုံးဝ မခံခဲ့ရခြင်း ဖြစ်သည်။
တစ်ချိန်တည်းမှာပင်၊ ထူးဆန်းသည့် အရာများသည် လူသားများကို ဆွဲဆောင်မှုရှိရာ ယာဉ်တန်းတွင် လူများလေလေ၊ ထူးဆန်းသည့် အရာများကို ပို၍ ဆွဲဆောင်နိုင်လေလေ ဖြစ်သည်။
ထို့ကြောင့် အဆက်မပြတ် ရွေ့လျားနေကာ ထူးဆန်းသည့် အရာများ၏ လိုက်လံ ဖမ်းဆီးမှုကို ရှောင်ရှားမှသာ အသက်ရှင်သန်နိုင်မည် ဖြစ်သည်။
၎င်းသည် ယာဉ်တန်း အမြဲတမ်း ခရီးဆက်နေရခြင်း၏ အကြောင်းအရင်းလည်း ဖြစ်သည်။
ကမ္ဘာပျက်ကပ်၏ နေရာပြောင်းရွှေ့မှုတွင် ခရီးဆုံးပန်းတိုင်ဟူ၍ မရှိဘဲ၊ အသက်ရှင်သန်ရေးသည်သာ တစ်ခုတည်းသော ရည်ရွယ်ချက် ဖြစ်သည်။
"ချန်းရီ... အခု ညီလေးက ကျွန်တော်တို့ ယာဉ်တန်းရဲ့ လေးယောက်မြောက် အစွမ်းပိုင်ရှင်ပဲ"
"ညီလေး ပါဝင်လာတဲ့အတွက် ကျွန်တော်တို့ ယာဉ်တန်းက ပိုပြီး လုံခြုံစိတ်ချသွားပြီ"
"ယာဉ်တန်းထဲ ဝင်လာတဲ့အတွက် ကြိုဆိုပါတယ်"
ချူချယ်က ပြုံးလျက် ချန်းရီကို ကြည့်လိုက်သည်။
ဓားနတ်ဘုရား မိန်းကလေး နာနာကလည်း တောက်ပနေသော မျက်ဝန်းအစုံဖြင့် ချန်းရီကို ကြည့်နေ၏။
ချန်းရီက ပခုံးတွန့်လိုက်သည်။ မပူးပေါင်းလို့ကော ဘာလုပ်လို့ ရမှာလဲ။
သူ့မှာ အခြား ရွေးချယ်စရာ ရှိသေးလို့လား။
ချန်းရီက လက်ကမ်းပေးလိုက်ပြီး ချူချယ်နှင့် လက်ဆွဲနှုတ်ဆက်လိုက်သည်။
"ဒါနဲ့... ခေါင်းဆောင်ချူ... ကျွန်တော်တို့ ယာဉ်တန်းထဲမှာ ဓာတ်ဆီရော ရှိလားဗျ"
"ဓာတ်ဆီတော့ ရှိတယ်... ဒါပေမဲ့ ညီလေးက ဘာနဲ့ လဲမှာလဲ မသိဘူး"
"ကျွန်တော်တို့ ယာဉ်တန်းမှာ လိုအပ်တဲ့ ရိက္ခာပစ္စည်း မှန်သမျှ ကိုယ့်ဟာကိုယ် ရှာဖွေရတယ်... ဒါမှမဟုတ် တခြားလူတွေဆီကနေ လဲလှယ်ရတယ်"
လဲရမယ် ဟုတ်လား။
နေပါဦး... ငါက အစွမ်းပိုင်ရှင် ဖြစ်နေပြီလေ... လဲဖို့ လိုသေးလို့လား။
အစွမ်းပိုင်ရှင်အတွက် အခွင့်အရေးသီးသန့် မရှိဘူးလား။
ဒီလူ ခုလေးတင် ငါ့ကို ကြိုဆိုနေသေးတယ် မဟုတ်လား။
"ဒါမှမဟုတ်ရင်လည်း... ကျွန်တော်တို့ ယာဉ်တန်းအတွင်းပိုင်း အရောင်းအဝယ်ပွဲလေး တစ်ခုလောက် လုပ်ကြမလား"
"ရှင်းဟွာမြို့ကနေ ခုလေးတင် ထွက်လာတာဆိုတော့ အားလုံးရဲ့ လက်ထဲမှာ ရိက္ခာပစ္စည်းတွေ အများကြီး ရှိနေမှာ သေချာတယ်... ကိုယ်မရှိတာကို အချင်းချင်း ဖလှယ်လို့ ရတာပေါ့"
ချူချယ်က ချန်းရီကို မျက်စိတစ်ဖက် မှိတ်ပြလိုက်သည်။ "တန်ဖိုးကို ပေးနိုင်မယ်ဆိုရင်တော့... ညီလေး လိုချင်တာ မှန်သမျှ လဲလှယ်လို့ ရနိုင်ပါတယ်"
ဤသတင်းကို ကြားလိုက်ရသောအခါ ချန်းရီ၏ စိတ်အာရုံများ လှုပ်ရှားလာတော့သည်။
အတွင်းပိုင်း အရောင်းအဝယ်ပွဲ ဟုတ်လား။
သူ၏ သုံးဘီးယာဉ်ကို အဆင့်မြှင့်တင်ရန် လိုအပ်သော ပစ္စည်းများကို လဲလှယ်၍ ရနိုင်လောက်ပေသည်။
ထိုသို့ တွေးမိလိုက်သောအခါ ချန်းရီမှာ မနေနိုင်တော့ဘဲ မျှော်လင့်တကြီး ဖြစ်လာတော့သည်။
ဆက်ရန်...