အခန်း ၁၂
Vol. 1 Ch. 12
အပိုင်း (၁၂) ရိက္ခာပစ္စည်းများ ဖလှယ်ခြင်း
မကြာမီမှာပင် ဤယာဉ်တန်း၏ ရှင်သန်ရေး စည်းမျဉ်းကို ချန်းရီ နားလည်သွားခဲ့သည်။
ဤယာဉ်တန်းထဲတွင် သာမန်လူများကသာ အများစု နေရာယူထားကြသည်။
သို့သော် သာမန်လူများမှာ စွမ်းဆောင်ရည် အကန့်အသတ်ရှိသဖြင့် ကောင်းမွန်သော ရိက္ခာပစ္စည်းများကို မည်သို့မျှ မရှာဖွေနိုင်ကြပေ။ ထို့ကြောင့် သာမန်လူများ၏ လက်ထဲမှ ပစ္စည်းကောင်းများကို လဲလှယ်ရယူရန်မှာ အလွန် ခက်ခဲလှသည်။
အရောင်းအဝယ် ပြုလုပ်နိုင်သူများမှာ မျက်စိရှေ့တွင်ရှိသော လမ်းစဉ်အစွမ်းရှိသူ အနည်းငယ်သာ ရှိသည်။
ယာဉ်တန်း၏ ခေါင်းဆောင်မှာ သေချာပေါက် လမ်းပြသူလမ်းစဉ်မှ ချူချယ်ပင် ဖြစ်သည်။
ထိုလမ်းစဉ်၏ သဘာဝလွန်အစွမ်းရှိသူများသည် မွေးရာပါ ခေါင်းဆောင်ကောင်းများ ဖြစ်ကြ၏။
ယာဉ်တန်းကို စီမံခန့်ခွဲသည့် ပုံစံမှာလည်း ချူချယ်ဆိုသည့် လူလိုပင် အလွန် လျော့ရဲလှသည်။
ချူချယ်က ယာဉ်တန်းကို စီမံခန့်ခွဲရာတွင် တောင်းဆိုချက် တစ်ခုတည်းသာ ရှိသည်။ ထိုအရာကတော့ တရားမျှတမှုပင် ဖြစ်သည်။
ချူချယ်ကိုယ်တိုင် ဖြစ်စေ၊ ယာဉ်တန်းထဲမှ အဆင့်အနိမ့်ဆုံး သာမန်လူတစ်ယောက် ဖြစ်စေ မည်သည့်ပစ္စည်းကိုမဆို လိုချင်ပါက မိမိဘာသာ အပြင်ထွက်ရှာရမည်။ သို့တည်းမဟုတ် တန်ဖိုးညီမျှသော ပစ္စည်းတစ်ခုခုနှင့် လဲလှယ်ရယူရမည်။
ညဘက်တွင် တခြားသူတစ်ယောက်၏ တဲထဲသို့ ဝင်သွားသူကို ချန်းရီ တွေ့ခဲ့ရသကဲ့သို့ပင်၊ သင့်တင့်သော ပေးဆပ်မှု တစ်ခု ပြုလုပ်နိုင်ပါက ဆက်လက် ရှင်သန်နိုင်မည် ဖြစ်သည်။
ဤအချက်နှင့် ပတ်သက်၍ ချန်းရီကတော့ မည်သည့် ကန့်ကွက်စရာမျှ မရှိပေ။
ကမ္ဘာပျက်ကပ်ကြီးထဲတွင် တရားမျှတမှု ဆိုသည့် အယူအဆကို လက်ကိုင်ထားနိုင်သူ ရှိနေသေးခြင်းကပင် အလွန် ရှားပါးလှပြီ ဖြစ်သည်။
အစွမ်းပိုင်ရှင် အသစ်ဖြစ်သည့် ချန်းရီ ဝင်ရောက်လာခြင်းကို ကြိုဆိုသည့်အနေဖြင့် လုပ်ပေးသည်ဟုပင် ထင်ရ၏။
ချူချယ်၊ နာနာနှင့် ဒဏ်ရာသက်သာလာခြင်း မရှိသေးသောသူတို့ သုံးဦးပေါင်းကာ အသေးစား ရိက္ခာပစ္စည်း ဖလှယ်ပွဲလေး တစ်ခုကို ကျင်းပခဲ့ကြသည်။
မနေ့က ရှင်းဟွာမြို့မှ ထွက်ပြေးလွတ်မြောက်လာသူ အများအပြား ရှိနေသေးပြီး ထိုလူများအားလုံးကလည်း ရိက္ခာပစ္စည်း အနည်းနှင့်အများ ဆိုသလို ရရှိထားကြသည်။
ယနေ့ပြုလုပ်သော အရောင်းအဝယ်ပွဲမှတစ်ဆင့် အားလုံးအတွက် အကျိုးအမြတ် အများဆုံး ရရှိနိုင်မည် ဖြစ်သည်။
အရောင်းအဝယ်ပွဲတွင် ထူးခြားသော စည်းမျဉ်းစည်းကမ်းများ မရှိဘဲ နှစ်ဦးနှစ်ဖက် သဘောတူညီမှု ရရှိရန်သာ လိုအပ်သည်။
အရောင်းအဝယ်ပွဲ တစ်ခုလုံးကို နှစ်နာရီကြာ သတ်မှတ်ထား၏။
နှစ်နာရီ ပြည့်ပြီးသည်နှင့် ခရီးဆက်ရမည် ဖြစ်သည်။
အမြဲတမ်း စိုးရိမ်ပူပန်မှုများဖြင့် တင်းမာနေခဲ့ရသော အသက်ရှင်ကျန်ရစ်သူများအတွက် ဤအရောင်းအဝယ်ပွဲလေးသည် နွေဦးရာသီမှ မိုးပေါက်များကဲ့သို့ ဖြစ်နေပြီး လူများစွာ၏ မျက်နှာပေါ်တွင် ရှားပါးလှသော အပြုံးများ ပေါ်လွင်လာကြသည်။
လမ်းကြမ်းမောင်းကား အချို့၏ နောက်ဖုံးများကို ဖွင့်ချလိုက်ကြသည်။
ကားပေါ်ရှိလူများက နောက်ဖုံးထဲမှ ရိက္ခာပစ္စည်း အားလုံးကို ထုတ်ယူကာ ခင်းကျင်းပြသလိုက်ကြ၏။
ချန်းရီကလည်း သူ့ဆိုင်ကယ်ပေါ်မှ ပစ္စည်းများကို ထုတ်ယူကာ ခင်းကျင်းလိုက်သည်။
သေချာပေါက် ဆေးလိပ်ကဲ့သို့သော ပစ္စည်းမျိုးကိုတော့ ချန်းရီက လဲလှယ်ရန် ထုတ်ပြမည် မဟုတ်ပေ။
ယာဉ်တန်းထဲတွင် ချန်းရီ၏ သုံးဘီးစက်ဘီးအပြင် တခြားသော ဆိုင်ကယ်များနှင့် စက်ဘီးအချို့ကို ဖယ်ထားလိုက်လျှင် ဘီးလေးဘီးပါသော ကားဆို၍ စုစုပေါင်း လေးစီးသာ ရှိသည်။
၎င်းတို့မှာ အဆင့်မြှင့်တင်ထားသော လမ်းကြမ်းမောင်းကား နှစ်စီး၊ ဘတ်စ်ကား တစ်စီးနှင့် အိမ်စီးကားငယ် တစ်စီးတို့ ဖြစ်ကြသည်။
လမ်းကြမ်းမောင်းကား နှစ်စီးမှာ ချူချယ်နှင့် နာနာတို့ တစ်ယောက်တစ်စီးစီ ပိုင်ဆိုင်ကြသည်။
ထိုဘတ်စ်ကားမှာ ဒဏ်ရာဖြင့် အနားယူနေသေးသော တိုက်တန်လမ်းစဉ်မှ လူ့ဘီလူးကြီး၏ ပိုင်ဆိုင်မှု ဖြစ်သည်။
ကျန်ရှိနေသော အိမ်စီးကားငယ်လေးမှာမူ ဤယာဉ်တန်းထဲတွင် ကောလာဟလ ထွက်နေသော နာမည်ကြီး အမျိုးသမီးသရုပ်ဆောင်၏ ပိုင်ဆိုင်မှု ဖြစ်နေသည်။
ထိုအမျိုးသမီးသရုပ်ဆောင်ကို ချန်းရီလည်း တွေ့လိုက်ရ၏။
အသက် နှစ်ဆယ်ကျော်အရွယ်ရှိ အမျိုးသမီးတစ်ဦး ဖြစ်ပြီး ရိုးရှင်းသော ဂျင်းဘောင်းဘီကို ဝတ်ဆင်ထားကာ အပေါ်ပိုင်းတွင် အဖြူရောင် ရှပ်အင်္ကျီကို ဝတ်ဆင်ထားသည်။ သူမ၏ ဆံပင်ရှည်များကိုလည်း သေချာစွာ ဂရုစိုက်ထားပုံရသည်။
မိတ်ကပ် အထူကြီး လိမ်းခြယ်မထားသော်လည်း သူမ၏ သပ်ရပ်လှပသော မျက်နှာသွင်ပြင်က လူတိုင်းကို ကြည့်ကောင်းစေပြီး သက်တောင့်သက်သာ ဖြစ်စေသည်။
မျက်မှန်းတန်းမိနေသော်လည်း ချန်းရီက နာမည်ကို အတိအကျ မမှတ်မိနိုင်ပေ။
"မင်္ဂလာပါ... ကျိုးလန် ပါ... တွေ့ရတာ ဝမ်းသာပါတယ်"
ရှေ့ရှိ အမျိုးသမီးက သူမ၏ နာမည်ကို ပြောလိုက်မှသာ ချန်းရီ ရုတ်တရက် သတိရသွားတော့သည်။
"ကျွန်တော် ချန်းရီ ပါ... ခင်ဗျားရဲ့ ဇာတ်ကားတွေကို ကြည့်ဖူးတယ်... အရမ်းကောင်းတယ်"
"ကျေးဇူးတင်ပါတယ်... ရှင့်ဆီမှာ အမျိုးသမီးဝတ် အင်္ကျီတချို့ ရှိတယ်လို့ ကြားလို့... ကျွန်မ ကြည့်လို့ရမလား"
လမ်းကြမ်းမောင်းကား နှစ်စီးနှင့် အိမ်စီးကားငယ် တစ်စီး၏ နောက်ဖုံးများကို အပြည့်အဝ ဖွင့်ထားကြသည်။
ချူချယ်၏ ကားနောက်ဖုံးထဲတွင် သက်တမ်းကုန်နေသော ဘီစကွတ်များနှင့် ကိုကာကိုလာများ ရှိနေပြီး ကားနောက်ဖုံး၏ နေရာတစ်ဝက်ခန့်ကို ယူထားသည်။
ရေတိုအတွင်းမှာတော့ ဗိုက်ဆာမည့်အရေးအတွက် စိတ်ပူစရာ မလိုတော့ပေ။
ချန်းရီသည် ချူချယ်၏ ကားနောက်ဖုံးထဲမှ သူ အလွန်လိုချင်နေသော ပစ္စည်းတစ်ခုကိုပင် ရှာတွေ့သွားခဲ့သေး၏။
ထိုအရာမှာ ခေါက်သိမ်း၍ရသော နေရောင်ခြည်စွမ်းအင်သုံး ဘက်ထရီပြား တစ်ခုပင် ဖြစ်သည်။
ဤကဲ့သို့သော ပစ္စည်းမျိုးသည် တောင်တက်ခရီးထွက်သူများနှင့် သစ်တောများထဲသို့ ဝင်ရောက်လေ့လာလိုသူများအတွက် မရှိမဖြစ် လိုအပ်သော ပစ္စည်းတစ်ခု ဖြစ်သည်။
ဖုန်းများနှင့် ကင်မရာများ အားကုန်သွားသောအခါ နေရောင်ခြည်စွမ်းအင်သုံး ဘက်ထရီပြားဖြင့် အားပြန်သွင်းနိုင်သည်။
အကယ်၍ ဤပစ္စည်းသာ ချန်းရီ လက်ထဲသို့ ရောက်လာပြီး အဆင့်မြှင့်တင်လိုက်မည်ဆိုပါက လျှပ်စစ်ကားများအတွက် စွမ်းအင်အရင်းအမြစ်အဖြစ်ပင် အသုံးပြုနိုင်ပေလိမ့်မည်။
ကံဆိုးသည်မှာ လက်ရှိ ချန်းရီ လိုအပ်နေသည်က လျှပ်စစ်စွမ်းအင် မဟုတ်ဘဲ ဓာတ်ဆီ ဖြစ်နေခြင်းပင်။
ချူချယ်၏ ကားနောက်ဖုံးထဲတွင် လေကာအင်္ကျီများ၊ သိုးမွေးအင်္ကျီများနှင့် အခြောက်မြန် အင်္ကျီများကဲ့သို့သော အဝတ်အစား များစွာကိုလည်း ချန်းရီ တွေ့လိုက်ရသည်။
တမင်သက်သက် စုဆောင်းထားခြင်းဖြစ်ကြောင်း သိသာလှပြီး ဤကဲ့သို့သော ကမ္ဘာပျက်ကပ်မျိုးတွင် ထိုအဝတ်အစားများကသာ အသင့်တော်ဆုံး ဖြစ်ပေသည်။
ဓာတ်ဆီ စည်ပိုင်းကြီး နှစ်ပိုင်းကိုလည်း တွေ့လိုက်ရသေး၏။
ချူချယ်၏ ကားနောက်ဖုံးထဲတွင် အလွန် ထူးဆန်းသော တိရစ္ဆာန် သားရေအချို့ကိုလည်း ချန်းရီ တွေ့လိုက်ရသည်။
ထိုအထဲမှ သွေးရောင်လွှမ်းနေသော သားရေတစ်ခုက ချန်းရီ၏ အာရုံကို ဖမ်းစားသွားသည်။
"ဒီသားရေက အရင်တုန်းက ကျန်းချန်မြို့ကနေ ထွက်ပြေးလာတုန်းက ရခဲ့တာ... ဘယ်နေရာအသုံးဝင်မှန်းတော့ ကျွန်တော်လည်း မသိဘူး... ခင်ဗျား စိတ်ဝင်စားရင် ဈေးနည်းနည်း လျှော့ပေးလို့ရတယ်"
"ကျွန်တော့်ကို ဆန်တစ်အိတ်ပေးရင် ရပြီ"
ချူချယ်က သူ၏ ဆန်အိတ်ကို မျက်စိကျနေလိမ့်မည်ဟု ချန်းရီ မထင်ထားခဲ့ပေ။
ဘာအသုံးဝင်မှန်း မသိရသော သားရေတစ်စအတွက် ဆန်တစ်အိတ်နှင့် လဲလှယ်ရန်ဆိုသည်မှာ လုံးဝ မဖြစ်နိုင်သည့် ကိစ္စပင်။
ချန်းရီက သွယ်ဝိုက်သော နည်းလမ်းဖြင့် ငြင်းပယ်လိုက်သည်။
"ဟမ့်... ကပ်စေးနှဲ... ဒါဆိုရင် ငါ့ကို ဟွာဇီး ဆေးလိပ် နှစ်တောင့်ပေးရင်လည်း ရတယ်လေ"
"..."
ချူချယ်၏ လွန်ကဲလှသော တောင်းဆိုမှုကြောင့် ဤလောဘကြီးလှသော ခေါင်းဆောင်ကို ချန်းရီ အရေးမလုပ်တော့ပေ။
"ကပ်စေးနှဲတဲ့ကောင်"
"ခင်ဗျားရဲ့ ဓာတ်ဆီကိုရော ဘယ်လို လဲမှာလဲ"
ချန်းရီက ချူချယ်၏ ဓာတ်ဆီ စည်ပိုင်းကြီး နှစ်ခုကို လက်ညှိုးထိုးကာ မေးလိုက်သည်။
ချူချယ်က မေးစေ့ကို ပွတ်သပ်ရင်း ပြောလိုက်သည်။ "ခေါက်ဆွဲပြုတ် တစ်ဖာ... စနီကာ ချောကလက် ဆယ်ချောင်း... ဆန် ၅ ပေါင်"
ချန်းရီ အနည်းငယ် စဉ်းစားပြီးနောက် ဆက်လက် ကြည့်ရှုရန်သာ ဆုံးဖြတ်လိုက်သည်။
မည်သို့ပင်ဖြစ်စေ ဓာတ်ဆီကို ချူချယ် တစ်ယောက်တည်းသာ ပိုင်ဆိုင်ထားသည် မဟုတ်ပါလော။
ချန်းရီသည် ကောင်မလေး နာနာ၏ ကားနောက်ဖုံးဆီသို့ လျှောက်သွားလိုက်သည်။
လမ်းကြမ်းမောင်းကား၏ နောက်ဖုံးက အလွန်ကျယ်ဝန်းသော်လည်း အနည်းဆုံး နေရာတစ်ဝက်ခန့်မှာ အဝတ်အစား အမျိုးမျိုးဖြင့် ပြည့်နှက်နေသည်။
အစားအသောက်များမှာလည်း သရေစာများ၊ ခေါက်ဆွဲပြုတ်များက အဓိက ဖြစ်သည်။
သေချာစွာ ထုပ်ပိုးထားသော ဝက်ပေါင်ခြောက် အိတ်အချို့လည်း ရှိနေသော်လည်း သက်တမ်းကုန်နေပြီလား ဆိုသည်ကိုတော့ မသိနိုင်ပေ။
လက်ကိုင်ဂိမ်းစက် အချို့လည်း ရှိနေသေး၏။
"အစ်ကိုချန်းရီ... ညီမရဲ့ ဂိမ်းစက်တွေက အကုန်လုံး အသစ်စက်စက်တွေချည်းပဲနော်... ဘယ်လိုလဲ... အစ်ကို လိုချင်လား... ညီမ ဈေးနည်းနည်း လျှော့ပေးလို့ရတယ်... အစ်ကို့ဆီက ဂျုံမှုန့်အိတ်ကို ညီမကိုပေးရင် ရပြီ"
လက်ကိုင်ဂိမ်းစက် လိုချင်သည့်စိတ်မျိုး ချန်းရီမှာ လုံးဝ မရှိပေ။ ယခုအချိန်က ကမ္ဘာပျက်ကပ် ရောက်နေပြီဖြစ်ရာ ဤကဲ့သို့သော လက်ကိုင်ဂိမ်းစက်မျိုး ဆော့ကစားရန် မည်သို့အချိန် ရနိုင်မည်နည်း။
ကားနောက်ဖုံးထဲတွင် ဓားတို၊ ဓားရှည် အမျိုးမျိုးလည်း အများအပြား ရှိနေသေးသည်။
"ဒီဓားတွေက ညီမ အရင်တုန်းက အိမ်ကြီးတစ်လုံးထဲကနေ ရှာတွေ့ခဲ့တာ"
"ဘယ်လိုလဲ... အစ်ကို လိုချင်ရင် ညီမ ဈေးနည်းနည်း လျှော့ပေးမယ်... ဟိုဓားရှည်ကို ဂျုံမှုန့် ၂ပြည်နဲ့ တွက်ပေးမယ်... ဘယ်လိုလဲ"
ချန်းရီက ဓားရှည်များကို ကြည့်နေသည်ကို မြင်သောအခါ နာနာက မနေနိုင်ဘဲ ဝင်ရောက် မိတ်ဆက်လေသည်။
"၂ပြည် ဟုတ်လား... နင် ဓားပြသွားတိုက်ပါလား"
"နင့်ရဲ့ ဓာတ်ဆီကိုရော ဘယ်လို လဲမှာလဲ"
"ဆန် ၄ ပြည်"
ချန်းရီ ""
နောက်ဆုံးတွင် ဘတ်စ်ကား၏ ပစ္စည်းများထားရှိရာ နေရာသို့ ရောက်လာခဲ့သည်။
ဘတ်စ်ကားတွင် ရိက္ခာပစ္စည်း အများဆုံး ရှိနေသည်။
အကြောင်းမှာ ဤနေရာရှိ ပစ္စည်းများက လူ့ဘီလူးကြီး တစ်ယောက်တည်း၏ ပိုင်ဆိုင်မှု မဟုတ်ဘဲ ဘတ်စ်ကားပေါ်ရှိ အခြားလူများ၏ ပစ္စည်းများလည်း ပါဝင်နေသောကြောင့် ဖြစ်သည်။
လူအများအပြားက ဘတ်စ်ကား၏ အရောင်းဆိုင်ရှေ့တွင် ဟိုဟိုဒီဒီ သွားလာကြည့်ရှုနေကြသည်။
ဤအရောင်းဆိုင်ရှေ့တွင် အစားအသောက် အမျိုးမျိုးသာမက ရှားရှားပါးပါး အမဲသားစည်သွပ်ဘူးများနှင့် ငါးသေတ္တာဘူးများစွာလည်း ရှိနေသည်။
ဘေ့စ်ဘောတုတ်များ၊ ခေါက်ဆွဲပြုတ်များ၊ အတွင်းခံများ၊ တစ်သျှူးစက္ကူများနှင့် ပန်းသီးတံဆိပ် လက်တော့ပ် အလုံးရေ အချို့ပင် ရှိနေသေး၏။
ပန်းသီးတံဆိပ် ဖုန်းတစ်ဖာပင် ရှိသေးသည်။
စခန်းချရာတွင် အထူးအသုံးပြုသော ကိရိယာဖြစ်သည့် ပြင်ပသုံး ပါဝါဘဏ် တစ်ခုကိုပင် ချန်းရီ တွေ့လိုက်ရပြီး ၎င်း၏ ပမာဏမှာ လျှပ်စစ် ၂၀၀၀ ဝပ်ခန့် အားသွင်းနိုင်သည်။
ဤကဲ့သို့သော ပါဝါဘဏ်မျိုးကို ချန်းရီ အရင်က တွေ့ဖူးပြီး အကောင်းစားများဆိုလျှင် သောင်းဂဏန်းအထိ ရှိကာ အညံ့စားများပင်လျှင် ထောင်ဂဏန်းအထိ ပေးရသည်။
သို့သော် ဤကဲ့သို့သော ကမ္ဘာပျက်ကပ်တွင် အားသွင်းရန်ကပင် ပြဿနာ ဖြစ်နေသဖြင့် ဤမျှ ကြီးမားသော ပမာဏရှိသည့် ပါဝါဘဏ်သည် အလှပြရုံ သက်သက်သာ ဖြစ်နေတော့သည်။
ထမင်းပေါင်းအိုးများနှင့် မိုက်ခရိုဝေ့ဖ် မီးဖို အချို့လည်း ရှိနေသေးသည်။
သို့သော် ချန်းရီသည် သူ အမှန်တကယ် လိုချင်သော ပစ္စည်းတစ်ခုကို တွေ့လိုက်ရ၏။
၎င်းမှာ ဝက်အူလှည့်များ၊ ဂွတံများ၊ သံနှုတ်များနှင့် စက်ပြင်ကိရိယာများ ပါဝင်သော ပြုပြင်ရေး ကိရိယာသေတ္တာ တစ်ခုပင် ဖြစ်သည်။
ယခင်က သုံးဘီးစက်ဘီးကို အဆင့်မြှင့်တင်စဉ်က အစိတ်အပိုင်းများကို ဖြုတ်ရန် ကိရိယာ မရှိခဲ့သဖြင့် စနစ်က သတ်ဖြတ်မှတ် အများအပြားကို အပိုဆောင်း ယူသွားခဲ့ရသည်။
ယခု သူကိုယ်တိုင် စက်ပြင်ပညာရှင် လမ်းစဉ်အဖြစ် သတ်မှတ်ခံထားရပြီ ဖြစ်ရာ ပြုပြင်ရေး ကိရိယာသေတ္တာ တစ်ခုမရှိဘဲ မည်သို့ အဆင်ပြေနိုင်မည်နည်း။
"ဆရာချန်း... ဆရာက ဒီစက်ပြင် ကိရိယာသေတ္တာကို မျက်စိကျနေတာလား"
"ဆရာချန်းက မက္ကန်းနစ် လမ်းစဉ်ကဆိုတော့... ဒီကိရိယာသေတ္တာလေးသာ ရှိမယ်ဆိုရင် လုပ်အားတစ်ဝက်နဲ့ အကျိုးနှစ်ဆ ရမှာ သေချာတယ်"
"ဆရာချန်း လိုချင်တယ်ဆိုရင် ကျွန်တော် ဈေးနည်းနည်း လျှော့ပေးနိုင်ပါတယ်"
ထိပ်ပြောင်ပြောင်နှင့် အသက် သုံးဆယ်ကျော်အရွယ် မျက်မှန်တပ်ထားသော အမျိုးသားတစ်ဦးက အနည်းငယ် မျက်နှာချိုသွေးကာ ရယ်မောရင်း ပြောလိုက်သည်။
ချန်းရီက အနည်းငယ် စဉ်းစားလိုက်ပြီး မေးလိုက်သည်။ "ဘယ်လို လဲချင်လဲ"
"ဆန် ၂ ပြည်... ဒါမှမဟုတ် ခေါက်ဆွဲပြုတ် နှစ်ဖာ... ဘယ်လိုလဲ"
ဆက်ရန်...