← Chapters

အခန်း ၁၃

Vol. 1 Ch. 13

အခန်း ၁၃

Vol. 1 Ch. 13

အပိုင်း (၁၃) အရှက်မဲ့ခြင်း

ချန်းရီက မျက်မှောင် အနည်းငယ် ကြုတ်လိုက်၏။ သူ၏ရှေ့ရှိလူ တောင်းဆိုသော ဈေးနှုန်းမှာ အနည်းငယ် များနေသည်။

ကမ္ဘာပျက်ကပ်တွင် ရိက္ခာသည် အခိုင်မာဆုံးသော ငွေကြေးဖြစ်ပြီး မည်သည့်အရာထက်မဆို တန်ဖိုးပိုရှိလေသည်။

အထူးသဖြင့် ဆန်ကဲ့သို့သော လေလုံ မဟုတ်သည့် စားစရာမျိုး ဖြစ်သည်။ လူအများစုမှာ ခေါက်ဆွဲခြောက်များနှင့် အသင့်စား အထုပ်များကို စားသောက်နေရသည်မှာ ကြာမြင့်နေပြီ ဖြစ်၏။

ယခင်က ရှင်းဟွာမြို့မှ ထွက်ပြေးလွတ်မြောက်လာသူများထဲ၌ ဆန်သယ်ဆောင်၍ ထွက်ပြေးလာသူများ သိပ်မရှိခဲ့ပေ။ လူအများစုမှာ အာလူးကြော်များ၊ ဘီစကစ်များနှင့် ခေါက်ဆွဲခြောက်များကိုသာ အလုအယက် ယူဆောင်ခဲ့ကြသဖြင့် ဂျုံမှုန့်နှင့် ဆန်မှာ အလွန်နည်းပါးလှသည်။

ချန်းရီ မျက်မှောင်ကြုတ်သွားသည်ကို မြင်လိုက်သောအခါ ရှေ့ရှိလူက အလွန်တရာ သတိထားနေဟန်ဖြင့် "ဆရာချန်း တကယ် လိုချင်တယ်ဆိုရင် ဆန် ၁ ပြည်... ၁ ပြည်ဆိုရင်လည်း ရပါတယ်"

"ဒါမှမဟုတ် ဆရာချန်းက ဘတ်စ်ကားကို နှစ်ကြိမ်လောက် အခမဲ့ ပြင်ပေးနိုင်မယ်ဆိုရင် ဒီစက်ပြင် ကိရိယာတွေကို အလကား ပေးပါ့မယ်"

ထိုလူက စကားပြောနေစဉ်တွင် ချန်းရီ၏ မျက်နှာအမူအရာကို အမြဲတစေ အကဲခတ်နေခဲ့သည်။

ယာဉ်တန်းတစ်ခုလုံးတွင် လူတစ်ရာပင် မပြည့်သဖြင့် ချန်းရီသည် မက္ကန်းနစ် လမ်းစဉ်အစွမ်းပိုင်ရှင် တစ်ဦးဖြစ်ကြောင်း သတင်းက ယာဉ်တန်းရှိ လူတိုင်းဆီသို့ အလျင်အမြန် ပျံ့နှံ့သွားခဲ့လေသည်။

ချန်းရီက အနည်းငယ် တုံ့ဆိုင်းသွားပြီးနောက် "လဲမယ်"

ရှေ့ရှိလူက အလွန်ဝမ်းသာသွားပြီး စက်ပြင် ကိရိယာတန်ဆာပလာများကို ချန်းရီ၏ သုံးဘီးစက်ဘီးပေါ်သို့ အမြန် ကူညီတင်ဆောင်ပေးလေသည်။

ထို့နောက် ချန်းရီသည် ဟင်းခတ်အမွှေးအကြိုင်များ၊ ဆားနှင့် ဆီတို့ကို ဆက်လက် လဲလှယ်ခဲ့သည်။

ထိုပစ္စည်းများကို ခေါက်ဆွဲခြောက် အထုပ်အနည်းငယ်ဖြင့်သာ လဲလှယ်နိုင်ခဲ့၏။

နှစ်နာရီကြာမည့် အရောင်းအဝယ်အချိန်မှာ နာရီဝက်သာ ကျန်တော့သည်။

ချန်းရီက ဓာတ်ဆီ လဲလှယ်၍ မရသေးပေ။

ထိုအချက်က ချန်းရီကို အနည်းငယ် စိတ်ပူသွားစေသည်။

ဓာတ်ဆီကဲ့သို့သော ပစ္စည်းမျိုးမှာ ချူချယ်၊ နာနာနှင့် ယခုထိ ပေါ်မလာသေးသော ထယ်ရှီးတို့တွင်သာ ရှိသည်။

သို့သော် ထိုသုံးယောက်စလုံး၏ ဈေးနှုန်းမှာ အတူတူပင်ဖြစ်ပြီး အလွန် ဈေးကြီးလှသည်။

တကယ်ပင် ဆန်ဖြင့် လဲလှယ်ရတော့မည်လော။

သူကိုယ်တိုင်လည်း ထမင်း မစားရသည်မှာ ရက်ပေါင်းများစွာ ကြာမြင့်နေပြီ ဖြစ်သည်။

တကယ်ကို နှမြောမိသည်မှာ အမှန်ပင်။

ထိုလျှို့ဝှက်ချက်ကို အသုံးပြု၍ ဓာတ်ဆီနှင့် နာနာ၏ ဓားကို လဲလှယ်လျှင် ရကောင်းရနိုင်ပေမည်။

ဓာတ်ဆီကို သူ လိုချင်သည်၊ နာနာ၏ ဓားကိုလည်း သူ လိုချင်မိသည်။

...

အကြည့်တစ်ချက်က ချန်းရီကို အမြဲတစေ စောင့်ကြည့်နေခဲ့၏။

ထိုအကြည့်၏ ပိုင်ရှင်မှာ ကမ္ဘာပျက်ကပ်မတိုင်မီက မင်းသမီးတစ်ဦးဖြစ်ပြီး ယခုအခါ ကားငယ်လေးတစ်စီးကို ပိုင်ဆိုင်ထားသော ကျိုးလန်ပင် ဖြစ်သည်။

ထိုအမျိုးသမီး၏ ရိက္ခာပစ္စည်းများမှာ အခြားသူများနှင့် နှိုင်းယှဉ်လျှင် သိပ်မများလှဘဲ အနည်းအကျဉ်းမျှသာ ရှိသည်။

သို့သော် သူမ၏ ဈေးခင်းရှေ့တွင် လာရောက် ရပ်တန့်နေသူ အများအပြား ရှိနေသည်။

ချန်းရီ တုံ့ဆိုင်းနေသည်ကို မြင်သောအခါ ထိုအမျိုးသမီးက အံကို ကြိတ်ကာ ရုတ်တရက် မတ်တတ်ထရပ်လိုက်ပြီး ကားအနောက်တံခါးကို ဖွင့်၍ နောက်ခုံမှ စတုရန်းပုံ သံပုံးတစ်ပုံးကို ထုတ်ယူလိုက်သည်။

"အစ်မ... ဘာလုပ်မလို့လဲ"

ထိုအချိန်မှာပင် လူငယ်လေးတစ်ဦးက ရုတ်တရက် ပြေးထွက်လာပြီး ကျိုးလန်၏ လက်ကို ဆွဲဖမ်းလိုက်သည်ကို တွေ့လိုက်ရ၏။

လူငယ်လေးမှာ အလွန် ရုပ်ရည်ချောမောပြီး ကျိုးလန်နှင့် ငါးဆယ်ရာခိုင်နှုန်းခန့် တူညီနေကာ အကယ်၍ မိန်းကလေးသာ ဖြစ်ခဲ့ပါက အလွန်လှပသော မိန်းမချောလေးတစ်ဦး ဖြစ်ပေလိမ့်မည်။

"ရှောင်ရှောင်... လွှတ်လိုက်စမ်း"

"ကျွန်တော် မလွှတ်ဘူး... အစ်မက ဒီဓာတ်ဆီပုံးကို ပေးပစ်လိုက်မလို့ မဟုတ်လား"

လူငယ်လေးက ခေါင်းမာစွာဖြင့် ပြောလိုက်သည်။

"နင်ရူးနေလား... ဒီဓာတ်ဆီက ငါတို့ မောင်နှမတွေ မနည်းရှာထားရတာလေ... ငါက အဲဒီလောက် တုံးအမယ်လို့ နင် ထင်နေလား"

လူငယ်လေးက ယုံတစ်ဝက် မယုံတစ်ဝက်ဖြင့် "တကယ်လား"

ကျိုးလန်က လူငယ်လေး၏ ခေါင်းကို ပွတ်သပ်ရင်း ပြုံးကာ "တကယ်ပေါ့"

လူငယ်လေး လက်လွှတ်လိုက်မှသာ ကျိုးလန်သည် ဆီပုံးကို ဆွဲကာ ချန်းရီထံသို့ လျှောက်သွားလေသည်။

"ဆရာချန်း... ကျွန်မဆီမှာ ဓာတ်ဆီ တစ်ပုံး ရှိပါသေးတယ်... ရှင်သာ အထင်မသေးဘူးဆိုရင် ကျွန်မ ရှင်နဲ့ လဲပေးလို့ ရပါတယ်"

ချန်းရီက ဆန်ဖြင့် ဓာတ်ဆီ လဲလှယ်သင့် မသင့် တုံ့ဆိုင်းနေချိန်မှာပင် ကျိုးလန်က ရုတ်တရက် ပေါ်လာခြင်း ဖြစ်သည်။

"ဘယ်လိုလဲမှာလဲ"

"ဆန် ၂ပြည်ပါ... ဆရာချန်းအတွက် အဆင်မပြေဘူးဆိုရင် ၁ပြည်ခွဲဆိုရင်လည်း ရပါတယ်"

ချန်းရီသည် မျက်မှောင်ကြုတ်လိုက်သည်။

ယခင်က ချူချယ်နှင့် နာနာတို့တွင်လည်း ဓာတ်ဆီ ရှိခဲ့သော်လည်း ထိုနှစ်ယောက်စလုံးက ဆန် ၄ ပြည် တောင်းဆိုခဲ့ကြသည်။

သူ၏ရှေ့ရှိ ကမ္ဘာပျက်ကပ်မတိုင်မီက မင်းသမီးမှာမူ ၁ပြည်ခွဲသာ တောင်းဆိုနေသည်လော။

ဤဈေးနှုန်းမှာ အလွန်အမင်း ဈေးပေါလွန်းနေသည်။

ချန်းရီ၏ တုံ့ဆိုင်းနေမှုကို ရိပ်မိသွားသကဲ့သို့ ကျိုးလန်က လေသံတိုးတိုးဖြင့် ရှင်းပြလိုက်၏။ "ကျွန်မဆီမှာ ဓာတ်ဆီ နောက်တစ်ပုံး ရှိပါသေးတယ်... နောက်ထပ် ရိက္ခာဖြည့်တင်းရမယ့် နေရာအထိ သွားဖို့ လုံလောက်ပါတယ်"

"ဆရာချန်းကို ဒီလောက် ဈေးပေါပေါနဲ့ လဲပေးရတဲ့ အကြောင်းရင်းကတော့ နောက်ပိုင်း ကျွန်မ အခက်အခဲကြုံလာတဲ့အခါ ဆရာချန်းက တစ်ထောင့်တစ်နေရာကနေ ကူညီစောင့်ရှောက်ပေးဖို့ မျှော်လင့်လို့ပါ"

ဤစကားကို ကြားသောအခါ ချန်းရီက ခေါင်းမော့၍ ရှေ့ရှိ ကမ္ဘာပျက်ကပ်မတိုင်မီက မင်းသမီးကို အကဲခတ်လိုက်သည်။

ခဏချင်းမှာပင် ရှေ့ရှိအမျိုးသမီး၏ အတွေးကို သူ နားလည်သွားခဲ့၏။

ကမ္ဘာပျက်ကပ်မတိုင်မီက မင်းသမီးတစ်ဦး ဖြစ်ခဲ့ဖူးသဖြင့် ယခုလို အခြေအနေမျိုးတွင် သူမသည် ညအမှောင်ထဲမှ ပိုးစုန်းကြူးလေးတစ်ကောင်နှင့် တူနေသည်။

သူမ၏ ဈေးခင်းရှေ့တွင် တပ်စွဲနေကြသော နှာဘူးကောင် အများအပြားကို ကြည့်ခြင်းအားဖြင့် သိနိုင်ပေသည်။

ဒါက ရုပ်ရှင်မင်းသမီးလေ။

အကယ်၍ ဤယာဉ်တန်း၌ စည်းကမ်းအချို့ သာမရှိခဲ့ပါက၊ အခြား ယာဉ်တန်းများတွင်သာဆိုလျှင် ကျိုးလန်မှာ ယခုအချိန်၌ ဘဝပျက်နေလောက်ပြီ ဖြစ်သည်။

ကမ္ဘာပျက်ကပ် အချိန်ကြာလာသည်နှင့်အမျှ မူလ လူ့အဖွဲ့အစည်း၏ စည်းကမ်းနှင့် ယဉ်ကျေးမှုများမှာ တဖြည်းဖြည်း ပြိုကျပျက်စီးလာနေသည်။

တစ်နေ့နေ့တွင် အရိုင်းအစိုင်းခေတ်သို့ လုံးဝ ပြန်လည်ရောက်ရှိသွားနိုင်ပေသည်။

ထိုအချိန်ရောက်လျှင် သူမ၏ မင်းသမီး ဂုဏ်ပုဒ်သည် သူမအတွက် အကာအကွယ် ဖြစ်လာမည် မဟုတ်ဘဲ ပြဿနာများကို ဖိတ်ခေါ်ရာ ဇစ်မြစ်သာ ဖြစ်လာပေလိမ့်မည်။

ချူချယ်နှင့် နာနာတို့၏ ဘေးတွင် သတ်မှတ်ထားသော အသိုင်းအဝိုင်းများ ရှိနေပြီ ဖြစ်သည်။

ဤကျိုးလန် တစ်ယောက်တည်းသာ ထိုအသိုင်းအဝိုင်းများ၏ ပြင်ပတွင် အမြဲ လွင့်မျောနေခဲ့သည်။

ကျိုးလန် ဤသို့လုပ်ဆောင်ခြင်းမှာ သူမကိုယ်တိုင်အတွက် အကာအကွယ် ရှာဖွေလိုခြင်းကြောင့် ဖြစ်နိုင်ပေသည်။

မည်သို့ပင်ဆိုစေ သူသည်လည်း အသစ်ပေါ်ထွက်လာသော လမ်းစဉ်အစွမ်းပိုင်ရှင် တစ်ဦး ဖြစ်သည် မဟုတ်ပါလော။

ချန်းရီက အနည်းငယ် တုံ့ဆိုင်းသွားပြီးနောက် "မလောက်ဘူး"

ကျိုးလန်၏ မျက်နှာလေးမှာ အနည်းငယ် ဖြူရော်သွားသည်။

"ဆရာချန်း... ဘာလိုချင်လို့လဲ"

ကျိုးလန်တွင် မူလကတည်းက ရိက္ခာပစ္စည်း သိပ်မရှိခဲ့ပေ။ သူမ၏ အဖွဲ့ငယ်လေးထဲတွင် သူမနှင့် သူမ၏မောင်လေး နှစ်ယောက်တည်းသာ ရှိသည်။

ယခင်က ရှင်းဟွာမြို့တွင် ရှိနေစဉ်ကတည်းက မောင်နှမနှစ်ယောက်မှာ ရိက္ခာပစ္စည်း အများအပြား မစုဆောင်းနိုင်ခဲ့ကြပေ။

အခြား သာမန် အသက်ရှင်ကျန်ရစ်သူများထက် အနည်းငယ်မျှသာ ပို၍ သာလွန်ရုံလေး ဖြစ်သည်။

ဤဓာတ်ဆီတစ်ပုံးကို ထုတ်ပေးနိုင်ခြင်းကပင် သူမ၏ အကြီးမားဆုံးသော စေတနာ ဖြစ်နေခဲ့ပြီ။

သိထားရမည်မှာ ဤဓာတ်ဆီပုံးကို ချန်းရီအား ပေးလိုက်ပါက နောက်လာမည့် တစ်ပတ်အတွင်း သင့်တော်သော ရိက္ခာဖြည့်တင်းရေး နေရာသစ်ကို မရှာတွေ့လျှင် သူတို့၏ ကားငယ်လေးကိုလည်း မောင်းနှင်နိုင်တော့မည် မဟုတ်ပေ။

"အဲဒီဆီပုံးကို ကျွန်တော့်ကို ပေးလိုက်... ခင်ဗျားရဲ့ တောင်းဆိုချက်ကို ကျွန်တော် လက်ခံတယ်... နောက်ပိုင်း ပြဿနာတစ်ခုခု ကြုံလာရင် ကျွန်တော် ကူညီပေးမယ်"

"ရှင်"

ကျိုးလန်သည် ရှေ့ရှိ ရုပ်ရည်ချောမောပြီး တက်ကြွနေပုံရသော ကောင်လေးက ဤမျှလောက် အရှက်မရှိလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။

သူက သူမ၏ ဓာတ်ဆီပုံးကို အလကား လိုချင်နေခြင်း ဖြစ်သည်။

သိထားရမည်မှာ အစားအသောက်ဖြစ်စေ၊ ဓာတ်ဆီဖြစ်စေ အလွန်တရာ ရှားပါးသော ရိက္ခာပစ္စည်းများ ဖြစ်ကြသည်။

ဤဓာတ်ဆီများကို ရရှိရန်အတွက် သူမသည် ထူးဆန်းသောအရာ၏ လက်ထဲတွင် သေမလိုပင် ဖြစ်ခဲ့ရသည်။

တစ်ဖက်လူက ပါးစပ်ဟရုံဖြင့် အလကား အမြတ်ထုတ်ချင်နေမည်ဟု မထင်မှတ်ထားခဲ့မိပေ။

ကျိုးလန်၏ မျက်နှာမှာ ဒေါသကြောင့် နီရဲသွားလေသည်။

မူလက အလွန်နူးညံ့ညင်သာသော မျက်လုံးအစုံမှ ရုတ်တရက် စူးရှသော အကြည့်များ ထွက်ပေါ်လာပြီး ရှေ့ရှိ အမျိုးသားကို စူးစိုက်ကြည့်နေခဲ့သည်။

ရှေ့ရှိ အမျိုးသားက အဘယ်ကြောင့် ဤမျှ အရှက်မရှိရသနည်း၊ ဤကဲ့သို့သော စကားမျိုးကို မည်သို့ ပြောထွက်ရသနည်းဟု သူမ သိချင်မိသည်။

"ရှင်... ဆရာချန်း... ရှင် အခုလို ပြောတာ အရမ်းလွန်လွန်းတယ်လို့ မထင်ဘူးလား"

ကျိုးလန်သည် ဤစကားကို အံကြိတ်ကာ ပြောလိုက်ခြင်း ဖြစ်သည်။

ချန်းရီ၏ မျက်နှာပေါ်တွင် မည်သည့် အပြစ်မကင်းသည့် အရိပ်အယောင်မျှ မရှိပေ။ "ခင်ဗျား ကျွန်တော့်ဆီမှာ ကြိုက်တဲ့ အဝတ်အစားတချို့ကို ရွေးယူသွားလို့ ရတယ်"

"ပြီးတော့ မကျိုးလန်... ခင်ဗျားမှာသာ တခြား ရွေးချယ်စရာ ရှိနေမယ်ဆိုရင် ဒီနေရာမှာ လာရပ်နေမှာ မဟုတ်ဘူး"

"ကမ္ဘာပျက်ကပ် မတိုင်ခင်ကဆိုရင်တော့ ခင်ဗျားနဲ့ သိကျွမ်းခွင့်တောင် ကျွန်တော့်မှာ ရှိမှာမဟုတ်ဘူး"

"ဒါပေမဲ့ အခုချိန်က ကမ္ဘာပျက်ကပ် ရောက်နေပြီ"

"ကျွန်တော်က လမ်းစဉ်အစွမ်းပိုင်ရှင် တစ်ယောက်... ခင်ဗျားကတော့ သာမန်လူ တစ်ယောက် သက်သက်ပဲ"

"ခင်ဗျားဘာသာပဲ သေချာဆုံးဖြတ်လိုက်ပါ"

"ရှင်"

ကျိုးလန်သည် ဒေါသကြောင့် ရင်ဘတ်များ နိမ့်ချည်မြင့်ချည် ဖြစ်နေသည်။

ကမ္ဘာပျက်ကပ် မတိုင်မီကသာဆိုလျှင် ချန်းရီကဲ့သို့သော လူမျိုးသည် ရုပ်ရည်ပြေပြစ်သော်လည်း သူမအနေဖြင့် စကားတစ်ခွန်းပင် ပိုပြောမည် မဟုတ်သလို နှစ်ဦးကြားတွင် အခြေခံ အသိအကျွမ်းဖြစ်မှုမျိုးပင် ရှိခဲ့မည် မဟုတ်ပေ။

သို့သော် ယခုတော့။

ကျိုးလန်၏ မျက်နှာမှာ ဒေါသကြောင့် နီမြန်းနေ၏။

ဤမင်းသမီး၏ ရင်ထဲသို့ အရှက်ရမှု တစ်မျိုးက ဝင်ရောက်လာခဲ့သည်။

လှပသော မျက်လုံးအစုံမှာ အနည်းငယ် စိုစွတ်လာပြီး ဤကဲ့သို့သော ခံစားချက်မျိုးကို သူမ တစ်ခါမှ မကြုံဖူးခဲ့ပေ။

စက္ကန့်သုံးဆယ်ခန့် တိတ်ဆိတ်သွားခဲ့သည်။

ကမ္ဘာပျက်ကပ်မတိုင်မီက မင်းသမီးဖြစ်သူ ကျိုးလန်သည် အံကိုကြိတ်၍ ပြောလိုက်သည်။ "ကောင်းပြီ... သဘောတူတယ်"

ဆက်ရန်...

All Chapters