← Chapters

အခန်း ၁၄

Vol. 1 Ch. 14

အခန်း ၁၄

Vol. 1 Ch. 14

အပိုင်း (၁၄) နာမည်ကြီး အမျိုးသမီးသရုပ်ဆောင် နောင်တရသွားခြင်း

"ဘာ... အစ်မက အဲဒီကောင်လေးကို ဓာတ်ဆီ ပေးလိုက်တယ် ဟုတ်လား"

"အစ်မ ရူးသွားပြီလား... အဲဒါ ဓာတ်ဆီ တစ်ပုံးလုံးနော်"

"ကျွန်တော်တို့မှာ ဓာတ်ဆီ နှစ်ပုံးပဲ ရှိတာ... သူ့ကို ပေးလိုက်ရင် ကျွန်တော်တို့က ဘာသုံးရမှာလဲ... မဖြစ်ဘူး... ကျွန်တော် သွားပြန်ယူမယ်"

ကျိုးရှောင်ရှောင်က သူ၏အစ်မဖြစ်သူ ဓာတ်ဆီတစ်ပုံး ပေးလိုက်ကြောင်း သိလိုက်ရပြီးနောက် တစ်ကိုယ်လုံး မချိတင်ကဲ ဖြစ်သွားခဲ့သည်။

အဲဒါက ဓာတ်ဆီ တစ်ပုံးလုံး ဖြစ်သည်။

ကမ္ဘာပျက်ကပ် မတိုင်မီကဆိုလျှင် တန်ဖိုးမရှိလှသော်လည်း ယခုလို ခေတ်ပျက်ကြီးထဲတွင်တော့ အသက်တမျှ အရေးကြီးလှသည်။

ဓာတ်ဆီသာ မရှိတော့လျှင် ဤကားကို အသုံးပြု၍ ရတော့မည် မဟုတ်ပေ။

ထိုအချိန်ကျလျှင် သူတို့ မောင်နှမနှစ်ယောက် မည်သို့သော အခြေအနေမျိုးနှင့် ရင်ဆိုင်ရမည်ကို ပြောနေစရာပင် မလိုတော့ချေ။

ထို့ပြင် သူတို့ မောင်နှမနှစ်ယောက်မှာ ဤကားလေး တစ်စီးကိုသာ သွားလာရေးအတွက် အားထားနေရပြီး ရိက္ခာရှာဖွေတိုင်း ဓာတ်ဆီကိုပါ အမြဲ ရှာဖွေရသည်။

ပြီးတော့ သူတို့ မောင်နှမနှစ်ယောက်စလုံးက သာမန်လူတွေသာ ဖြစ်ကြသည်။

ဤဓာတ်ဆီ နှစ်ပုံးကို ရရှိရန်အတွက် သူတို့နှစ်ယောက် အသက်လုပြီး ရှာဖွေခဲ့ရခြင်း ဖြစ်သည်။

ယခုတော့ ဒီအတိုင်း အလကား ပေးလိုက်ရရုံသာမက ဘာဆိုဘာမှလည်း ပြန်မရခဲ့ပေ။

"ရှောင်ရှောင်... မသွားနဲ့... သူက အစွမ်းပိုင်ရှင်... ငါတို့ သူ့ကို ပြဿနာ လုပ်လို့မရဘူး"

မောင်ဖြစ်သူ၏ စကားကို ကြားသောအခါ ကျိုးလန်ကိုယ်တိုင်လည်း အနည်းငယ် နောင်တရသွားမိသည်။

သို့သော် ဘာမှ တတ်နိုင်မည် မဟုတ်ပေ။ ယခုက ကမ္ဘာပျက်ကပ်ကြီး ဖြစ်နေပြီး သူမ၏ နာမည်ကြီး သရုပ်ဆောင်ဆိုသော အရှိန်အဝါများကလည်း ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

ကျိုးရှောင်ရှောင်က ခေါင်းမာမာဖြင့် ပြောလိုက်သည်။

"အစ်မ... အစွမ်းပိုင်ရှင် ဆိုရင်ရော ဘာဖြစ်လဲ... သူက မက္ကန်းနစ်လမ်းစဉ် လောက်ပါပဲ... ခေါင်းဆောင်ချူတို့လို တိုက်ခိုက်ရေး လမ်းစဉ်မှ မဟုတ်တာ... ကျွန်တော်တို့ သူ့ကို ကြောက်နေစရာ မလိုပါဘူး"

"ပြီးတော့ ခေါင်းဆောင်ချူ ရှိနေတာပဲ... သူက ဘာလုပ်ရဲမှာလဲ"

ထိုသို့ပြောပြီးနောက် ရုပ်ရည်ချောမောသော လူငယ်လေးက ချန်းရီရှိရာသို့ တန်းတန်းမတ်မတ် လျှောက်သွားလေသည်။

ထိုအချိန်တွင် ချန်းရီကလည်း သူတို့ဘက်မှ လှုပ်ရှားမှုကို သတိပြုမိသွားသည်။

နာမည်ကြီး သရုပ်ဆောင် ကျိုးလန်တို့ မောင်နှမက မူလကတည်းက လူအများ၏ အာရုံစိုက်မှုကို ရရှိထားသူများ ဖြစ်ကြသည်။ ထို့အပြင် ထိုကောင်လေးက ချန်းရီကို ဖိအားပေးချင်သည့်ဟန်ဖြင့် တမင်သက်သက် အသံကို ကျယ်ကျယ် ပြောလိုက်သေးသည်။

ထို့ကြောင့် ချန်းရီက တမင် နားမထောင်လျှင်တောင်မှ သူတို့ပြောသမျှကို အားစိုက်စရာမလိုဘဲ ရှင်းရှင်းလင်းလင်း ကြားနေရခြင်း ဖြစ်သည်။

ချန်းရီက ဆေးလိပ်တစ်လိပ်ကို မီးညှိလိုက်ပြီး သူ့ဆီသို့ လျှောက်လာနေသော လူငယ်လေးကို မျက်စောင်းထိုး ကြည့်လိုက်ကာ နှုတ်ခမ်းထောင့်တွင် လှောင်ပြုံးတစ်ခု ပေါ်လာသည်။

လူငယ်လေးသည် ချန်းရီ၏ ရှေ့တွင် ရပ်လိုက်ပြီး ကြောက်ရွံ့မှုကို ဖုံးကွယ်ကာ တည်ငြိမ်ဟန် ဆောင်ထားသည်။

"ချန်း... ဆရာချန်း... ကျွန်တော့်အစ်မရဲ့ ဓာတ်ဆီပုံးက..."

ချန်းရီက လူငယ်လေး၏ မျက်နှာတည့်တည့်သို့ ဆေးလိပ်ငွေ့များကို မှုတ်ထုတ်လိုက်သည်။ လူငယ်လေးက မျက်မှောင်ကြုတ်သွားပြီး သူ၏ရှေ့မှ မီးခိုးငွေ့များကို လက်ဖြင့် ယပ်ခတ် ဖယ်ရှားလိုက်သည်။

ချန်းရီက မေးဆတ်ပြလိုက်ပြီး ဘာမှ မပြောခဲ့ပေ။

လူငယ်လေးသည် ခေါင်းငုံ့ကာ ချန်းရီ၏ သုံးဘီးစက်ဘီးပေါ်မှ ဓာတ်ဆီပုံးကို ယူချသွားလေသည်။

ယာဉ်တန်းထဲတွင် ဤကဲ့သို့သော အသေးအဖွဲ ကိစ္စလေးတစ်ခု ဖြစ်ပေါ်သွားရာ လူအားလုံး၏ အာရုံက ထိုနေရာသို့ ရောက်ရှိသွားကြသည်။

အချို့က ချန်းရီကို ဝမ်းသာအားရ လှောင်ပြောင်သည့် မျက်လုံးများဖြင့် ကြည့်နေကြသည်။

အချို့ကမူ ကျိုးလန်တို့ မောင်နှမကို အရူးများကဲ့သို့ သဘောထားကာ ကြည့်နေကြသည်။

ယခုလို ကမ္ဘာပျက်ကပ်ကြီးထဲတွင် အစွမ်းပိုင်ရှင် တစ်ယောက်ကို ပြဿနာရှာရဲသူများ ရှိနေသေးသည်ကို ကြည့်လျှင် သူတို့ မည်သို့ သေသွားမည်ကိုပင် သိမည် မဟုတ်ပေ။

လူအများစုမှာ အစွမ်းပိုင်ရှင်များကို မျက်နှာလိုမျက်နှာရ လုပ်ချင်နေကြသော်လည်း အခွင့်အရေး မရကြသည်ကို သိထားသင့်သည်။

ထိုဖြစ်စဉ် တစ်ခုလုံးကို ကျိုးလန်က အဝေးမှ လှမ်းကြည့်နေခဲ့ပြီး မောင်ဖြစ်သူ၏ လုပ်ရပ်ကို မတားဆီးခဲ့ပေ။

ချန်းရီက သူမဘက်သို့ လှမ်းကြည့်လိုက်သောအခါ သူမသည် စိတ်မလုံသဖြင့် ခေါင်းကို တစ်ဖက်သို့ လွှဲဖယ်သွားခဲ့သည်။

ဤဓာတ်ဆီပုံးကို ပြန်ယူသွားခြင်းနှင့် ပတ်သက်၍ ချန်းရီမှာ မည်သို့မျှ မခံစားရပေ။

ယူသွားလည်း ယူသွားပါစေ။ သူမ တစ်ယောက်တည်း၌သာ ဓာတ်ဆီ ရှိသည်မှ မဟုတ်တာ။

ချန်းရီ ခေါင်းဆောင်ချူ ရှိရာသို့ လျှောက်သွားလိုက်သည်။

ခြေဗလာဖြင့် ရပ်နေသော အရှိန်အဝါရှိသည့် လူငယ်လေး၏ မျက်နှာပေါ်တွင် နွေးထွေးသော အပြုံးတစ်ခု ပေါ်လာသည်။

"ဓာတ်ဆီ တစ်ပုံးကို... ခင်ဗျားအတွက် ဈေးလျှော့တွက်ပေးမယ်... ဆန် ၃ပြည်ခွဲဆိုရင် ဘယ်လိုလဲ"

"ဘယ်လိုမှ မနေဘူး... ခင်ဗျားတို့က အရမ်း ခေါင်းပုံဖြတ်လွန်းတယ်"

"အဟဟ... ကျိုးလန်က မင်းနဲ့ မလဲပေးပေမယ့် ငါက လဲပေးတာလေ... ဒါ မင်းကို ကူညီနေတာ... အဲဒါကိုများ ခေါင်းပုံဖြတ်တယ်လို့ ပြောရက်တယ်ပေါ့"

ချန်းရီက ခေါင်းခါယမ်းလိုက်သည်။

"ကျွန်တော်က သတင်းတစ်ခုနဲ့ ဓာတ်ဆီကို လဲချင်တာ"

"တန်ဖိုးမရှိတဲ့ သတင်းဆိုရင်တော့ ဓာတ်ဆီတစ်ပုံးနဲ့ လဲလို့ရမှာ မဟုတ်ဘူးနော်"

"သေချာပေါက် တန်ဖိုးရှိပါတယ်... ထူးဆန်းတဲ့အရာတွေကို နှိမ်နင်းနိုင်မယ့် နည်းလမ်းပဲ"

ချန်းရီ၏ စကားကို ကြားလိုက်ရသောအခါ ခေါင်းဆောင်ချူ၏ မျက်နှာအမူအရာက ရုတ်တရက် လေးနက်သွားသည်။

"မင်း တကယ် ပြောတာလား"

"အင်းပေါ့... တကယ်ပြောတာ... ခွေးနက်သွေးက ထူးဆန်းတဲ့အရာတွေကို သတ်မပစ်နိုင်ပေမယ့် သူတို့အပေါ်မှာ အတိုင်းအတာ တစ်ခုအထိတော့ အစွမ်းပြနိုင်တယ်"

ထိုစကားကို ကြားလိုက်ရချိန်တွင် ခေါင်းဆောင်ချူ၏ မျက်လုံးများ ပြူးကျယ်သွားပြီး အလွန်တရာ အံ့အားသင့်သွားဟန် ရှိသည်။

ထို့နောက် သူက တီးတိုး ရေရွတ်လိုက်သည်။

"ဟုတ်သားပဲ... ငါ ဘယ်လိုလုပ်ပြီး မစဉ်းစားမိပါလိမ့်... ထူးဆန်းတဲ့အရာတွေကို သတ်မပစ်နိုင်ရင်တောင် အတိုင်းအတာတစ်ခုအထိ အစွမ်းပြနိုင်တယ်ဆိုတာကတင် တော်တော်လေးကို မိုက်နေပြီ"

"ဒီသတင်းက ဓာတ်ဆီတစ်ပုံးနဲ့ တန်ပါတယ်"

"ကျွန်တော် ခင်ဗျားဆီက နေရောင်ခြည်စွမ်းအင်သုံး အားသွင်းပြားကိုပါ လိုချင်သေးတယ်"

"ဒါဆိုရင်တော့ မင်းပြောတဲ့ ခွေးနက်သွေးက ထူးဆန်းတဲ့အရာတွေကို နှိမ်နင်းတဲ့နေရာမှာ ဘယ်လောက်အထိ အစွမ်းပြနိုင်လဲဆိုတာအပေါ် မူတည်သွားပြီ"

...

ချန်းရီက စကားအနည်းငယ် ပြောရုံမျှဖြင့် ခေါင်းဆောင်၏ လက်ထဲမှ ဓာတ်ဆီတစ်ပုံး ရရှိသွားသည်ကို တွေ့လိုက်ရသည်။

ကျိုးလန်တို့ မောင်နှမမှာ အချင်းချင်း ကြည့်ကာ တစ်ယောက်မျက်လုံးထဲတွင် တစ်ယောက်က သံသယနှင့် အံ့အားသင့်မှုများကို တွေ့မြင်နေကြရသည်။

ချန်းရီသည် နာနာ ရှိရာသို့ ထပ်မံ သွားရောက်ခဲ့သည်။

ဤယာဉ်တန်းထဲတွင် တိုက်ခိုက်ရေးစွမ်းရည် အမြင့်မားဆုံးသူမှာ ဒဏ်ရာရ၍ အနားယူနေဆဲဖြစ်သော တိုက်တန် လမ်းစဉ် ပိုင်ရှင် မဟုတ်ဘဲ ယခု သူ့ရှေ့တွင် ရှိနေသော ဓားနတ်ဘုရား လမ်းစဉ် မိန်းကလေးပင် ဖြစ်သည်။

သူမသာ မရှိခဲ့လျှင် ထိုတိုက်တန် လမ်းစဉ်မှ လူ့ဘီလူးကြီးမှာ သေသွားခဲ့သည်မှာ ကြာလောက်ပြီ ဖြစ်သည်။

"ရှင်... အစ်မကျိုးလန်တို့ကို ဘာလုပ်ဖို့ ရည်ရွယ်ထားလဲ"

ဒါက နာနာ၏ ပထမဆုံး စကားပင် ဖြစ်သည်။

ချန်းရီက ပခုံးတွန့်လိုက်သည်။

"ငါက ဘာလုပ်ရမှာလဲ... ဘာပဲဖြစ်ဖြစ် သူတို့ဆီမှာပဲ ဓာတ်ဆီ ရှိတာမှ မဟုတ်တာ"

"အို... ကျွန်မကတော့ မယုံပါဘူး... ရှင်တို့ ယောက်ျားတွေက တစ်ယောက်မှ ကောင်းတာ မဟုတ်ဘူး... ရှင့်ဗိုက်ထဲမှာ ဘာအကြံအစည်တွေ ရှိနေလဲဆိုတာ ဘယ်သူက သိမှာလဲ"

ဓားနတ်ဘုရား မိန်းကလေး၏ မျက်လုံးများထဲတွင်တော့ "လုံးဝမယုံပါ" ဆိုသည့် စကားလုံးများသာ ရှိနေသည်။

"ထားပါတော့... ငါ နင့်ဆီက ဓားတစ်လက် လာလဲတာပါ"

ချန်းရီသည် ခေါင်းဆောင်ချူအား ပြောခဲ့သော စကားများကို နာနာ့အား တစ်ဖန် ပြန်ပြောပြလိုက်သည်။

နာနာကလည်း ထိုနည်းတူစွာပင် အလွန်တရာ အံ့အားသင့်သွားဟန် ရှိသည်။

ချန်းရီသည် ဤသတင်းကို အသုံးပြုကာ ဓားနတ်ဘုရား မိန်းကလေး၏ လက်ထဲမှ ဓားတစ်လက်ကို လဲလှယ် ရယူနိုင်ခဲ့သည်။

၎င်းသည် ဓားမတစ်လက် ဖြစ်ပြီး ဓားသွားနှင့် ဓားရိုးကို ပေါင်းလိုက်လျှင် အရှည် ၁၆ လက်မကျော်ခန့် ရှိသည်။

ဓားရိုးမှာ သစ်သားဖြစ်ပြီး ဓားသွားက မည်းနက်နေကာ ဓားပြားမှာ အလွန်ထူထဲပြီး လက်ထဲတွင် ကိုင်ထားရသည်မှာ အလေးချိန် စီးစီးပိုင်ပိုင် ရှိလှသည်။

ဓားအိမ်က သားရေဖြင့် ပြုလုပ်ထားပြီး ခါးတွင် ချိတ်ဆွဲထားနိုင်သည်။ အသုံးပြုလိုသည့် အချိန်တိုင်း ချက်ချင်း ထုတ်ယူနိုင်သဖြင့် အလွန် အဆင်ပြေလှသည်။

နာနာ၏ မိတ်ဆက်စကားအရ ဤဓားမသည် ကျွန်းနိုင်ငံတစ်ခု၏ အမှတ်တံဆိပ် ဖြစ်ကြောင်း သိရသည်။

ကမ္ဘာပျက်ကပ် မတိုင်မီက ဤဓားမတစ်လက်မှာ ယွမ် ၃,၀၀၀ ကျော်ခန့် တန်ဖိုးရှိပြီး တစ်ဆင့်ခံ ဈေးကွက်တွင် ယွမ် ၅,၀၀၀ ကျော်အထိပင် ရောင်းချရသည်ဟု ဆိုသည်။

ချန်းရီက ဤဓားမကို သဘောကျသွားချိန်တွင် နာနာ၏ မျက်နှာပေါ်၌ နှမြောတသဖြစ်သွားသော အမူအရာများ ပေါ်လာခဲ့သည်။

ခွေးနက်သွေးက ထူးဆန်းသည့်အရာများကို နှိမ်နင်းနိုင်သည်ဆိုသော ကိစ္စနှင့် ပတ်သက်၍မူ ချန်းရီက ဖုံးကွယ်ထားလိုသည့် ဆန္ဒ မရှိပေ။

ယခု လူသားများနှင့် ထူးဆန်းသည့်အရာများအကြား တိုက်ပွဲတွင် လူသားများဘက်က သိသိသာသာ အရေးနိမ့်နေပြီး လအနည်းငယ်အတွင်းမှာပင် လူသားဦးရေ ၉၀% ကျော် သေဆုံးသွားခဲ့ပြီ ဖြစ်သည်။

ထူးဆန်းသည့်အရာများကို နှိမ်နင်းနိုင်သည့် မည်သည့် သတင်းအချက်အလက်လေးမဆို အလွန် တန်ဖိုးရှိလှသည်။

ထို့ကြောင့် ဤသတင်း ပြန့်နှံ့သွားမည်ကို ချန်းရီ စိတ်ထဲ မထားပေ။

ချန်းရီသည် ဘတ်စ်ကားကြီး ရှိရာသို့ သွားရောက်ကာ ရိက္ခာများ မလဲလှယ်ခဲ့ချေ။

သူက ထို ဝပ်၂၀၀၀ အားသွင်းပါဝါဘဏ်ကို အလွန် လိုချင်နေသော်လည်း တိုက်တန် လမ်းစဉ်မှ လူ့ဘီလူးကြီးမှာ သတိမရသေးသဖြင့် မည်သူကမျှ ဆုံးဖြတ်ချက် မချရဲကြပေ။

သို့သော် ဤအချိန်တွင် ကျိုးလန်တို့ မောင်နှမမှာ အလွန်တရာ အံ့အားသင့်နေကြပြီ ဖြစ်သည်။

ချန်းရီက ခေါင်းဆောင်ချူ၊ နာနာတို့နှင့် ဘာတွေ ပြောဆိုခဲ့ကြမှန်း သူတို့ မသိပေ။

ချန်းရီက စကားအနည်းငယ် ပြောရုံမျှဖြင့် ထိုနှစ်ယောက်ဆီမှ ဓာတ်ဆီတစ်ပုံးနှင့် ဓားမတစ်လက်ကို လဲလှယ်ရယူသွားသည်ကိုသာ မြင်လိုက်ကြရသည်။

အထူးသဖြင့် ကျိုးရှောင်ရှောင်ဖြစ်သည်။ ချန်းရီက နာနာ့ဆီမှ ရယူသွားသော ထိုဓားမကို သူ သိသည်။

သူကိုယ်တိုင် ထိုဓားမကို လိုချင်နေခဲ့သည်မှာ ကြာပြီ ဖြစ်သော်လည်း နာနာ တောင်းဆိုသည့် ဈေးနှုန်းက အလွန် မြင့်မားလွန်းလှသဖြင့် သူက လုံလောက်သော ရိက္ခာများကို ရှာမတွေ့နိုင်ခဲ့ပေ။

ယခုတော့ ချန်းရီထံသို့ ဤမျှလွယ်ကူစွာ ပေးလိုက်လိမ့်မည်ဟု သူမထင်ထားခဲ့ချေ။

ကျိုးရှောင်ရှောင်မှာ အနည်းငယ် နားမလည်နိုင်အောင် ဖြစ်နေမိသည်။

တစ်ချိန်တည်းမှာပင် ချန်းရီသည် ခွေးနက်သွေး အိတ်ငယ် နှစ်အိတ်ကိုပါ ရရှိခဲ့သေးသည်။

ယာဉ်တန်းထဲတွင် အသက်ရှင်ကျန်ရစ်သူ တစ်ယောက် မွေးမြူထားသော ခွေးနက် နှစ်ကောင် ရှိသည်။

ချန်းရီအနေဖြင့် ထိုခွေးနက် နှစ်ကောင်ကို ရယူရန် အလွန် ခက်ခဲသော်လည်း ခေါင်းဆောင်ချူအတွက်တော့ ထိုသို့ မဟုတ်ပေ။

ခေါင်းဆောင်ချူသည် ချောကလက်နှင့် ဝက်အူချောင်း အနည်းငယ် ပေးရုံဖြင့် မူလပိုင်ရှင်ထံမှ ထိုခွေးနက် နှစ်ကောင်ကို လဲလှယ် ရယူနိုင်ခဲ့သည်။

ချန်းရီသည် သူ၏ သုံးဘီးစက်ဘီးပေါ်သို့ ပြန်ရောက်လာခဲ့သည်။

သူ၏ ဈေးဆိုင်လေးထဲမှ အမျိုးသမီး ဝတ်စုံအချို့ကိုလည်း တစ်ယောက်ယောက်က လာရောက် လဲလှယ်သွားခဲ့ပြီ ဖြစ်သည်။

"သတိ... သတိ... ယာဉ်တန်းက နောက် ၁၅ မိနစ်နေရင် ထွက်ခွာတော့မယ်... ၁၅ မိနစ်နေရင် ထွက်ခွာတော့မယ်"

ခေါင်းဆောင်ချူ၏ အဆင့်မြှင့်တင်ထားသော လမ်းကြမ်းမောင်းကားပေါ်ရှိ အသံချဲ့စက်မှ ကြေညာသံ ထွက်ပေါ်လာရာ အရောင်းအဝယ် မပြီးပြတ်သေးသော အသက်ရှင်ကျန်ရစ်သူ အများအပြား၏ မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှုများ သိသိသာသာ ပေါ်လာကြသည်။

ချန်းရီကမူ အလျင်စလို မရှိဘဲ စက်ဘီးနောက်ခုံမှ ဒူးလေးမြှား တစ်ပုံးကို ဆွဲထုတ်လိုက်သည်။

ဤမြှားများမှာ အများအားဖြင့် ချန်းရီ ကိုယ်တိုင် ပြုလုပ်ထားခြင်း ဖြစ်ပြီး ကြမ်းတမ်းသော်လည်း မရှိတာထက်တော့ ပိုကောင်းသေးသည်။

ယခင်က လက်ကိုင်ဒူးလေးတွင် ပါလာသော မြှားများကို ချန်းရီက အသုံးပြုပစ်ခဲ့သည်မှာ ကြာပြီ ဖြစ်သည်။

ယခု ဓားမ ရရှိလာပြီ ဖြစ်ရာ ချန်းရီက မြှားများကို အလွယ်တကူပင် အနည်းငယ် ပြုပြင်လိုက်သည်။

ဤအမည်မသိ ကျွန်းနိုင်ငံ အမှတ်တံဆိပ် ပြင်ပအသုံးပြု ဓားမက အလွန် အသုံးတည့်သည်ဟု ဆိုရပေမည်။

နောက်ဆုံးတွင် ပြုပြင်ပြီးသော မြှားများကို ခွေးနက်သွေး ပါရှိသည့် အိတ်ထဲသို့ ပစ်ထည့်လိုက်ပြီး အိတ်ဝကို လုံအောင် ချည်နှောင်ကာ စက်ဘီးနောက်ခုံ၏ ထောင့်တစ်နေရာသို့ ပစ်ထားလိုက်သည်။

မကြာမီ ယာဉ်တန်းက စတင် လှုပ်ရှားလာသည်။

ရှေ့ဆုံးမှ ဦးဆောင်သွားသည်မှာ ခေါင်းဆောင်ချူ၏ အဆင့်မြှင့်တင်ထားသော လမ်းကြမ်းမောင်းကား ဖြစ်သည်။

၎င်း၏ နောက်တွင် နာနာ၏ ကား၊ ထို့နောက်တွင်မူ ဘတ်စ်ကားကြီး လိုက်ပါလာသည်။

ယခုအချိန်အထိ တတိယမြောက် လမ်းစဉ် အစွမ်းပိုင်ရှင်ကို ချန်းရီ မတွေ့ရသေးပေ။

ချန်းရီက ဘတ်စ်ကားကြီး၏ အနောက်မှ လိုက်ပါသွားရာ ယာဉ်တန်းထဲတွင် နံပါတ် (၄) အဆင့်ရှိသူ အဖြစ်သို့ အလိုအလျောက် ရောက်ရှိသွားသည်။

သူ၏ အနောက်တွင်မှ နာမည်ကြီး သရုပ်ဆောင် ကျိုးလန်၏ ကားက လိုက်ပါလာခြင်း ဖြစ်သည်။

ဆက်ရန်...

All Chapters