အခန်း ၁၅
Vol. 1 Ch. 15
အပိုင်း (၁၅) ထူးဆန်းသောအရာ
"ရှောင်ရှောင်... ချန်းရီ ခေါင်းဆောင်ချူနဲ့ နာနာတို့ ဘာတွေပြောခဲ့ကြလဲဆိုတာ နင်စုံစမ်းလို့ရခဲ့ပြီလား"
ကျိုးလန်က ယခုအချိန်တွင် အနည်းငယ်တော့ နောင်တရနေမိပြီ ဖြစ်၏။
အခြေအနေတွေ ဒီလိုဖြစ်လာမည်မှန်း ကြိုသိခဲ့လျှင် ထိုစဉ်က သူမအနေဖြင့် ချန်းရီနှင့် သွားရောက်မပတ်သက်ခဲ့သင့်ပေ။
ဓာတ်ဆီကို ပေးလိုက်ပြီးမှ ရှောင်ရှောင့်ကို ပြန်သွားယူခိုင်းခဲ့မိသည်။
ထိုအချိန်က မိမိကိုယ်တိုင် ခေါင်းမကြည်မလင်ဖြစ်ကာ ထိုဓာတ်ဆီပုံးကို ရုတ်တရက် နှမြောသွားခဲ့မိခြင်းကြောင့်သာ ဖြစ်ရသည်။
သို့သော် ယခုအခါတွင် အခြေအနေများက ဤအခြေအနေအထိ ရောက်ရှိလာခဲ့ပြီဖြစ်ရာ နောင်တရချင်နေလျှင်ပင် ဘာမှထူးလာတော့မည် မဟုတ်ပေ။
ချန်းရီကို သူမတို့မောင်နှမနှစ်ယောက် စော်ကားမိသလို ဖြစ်သွားခဲ့ပြီမှာ အသေအချာပင်။
သို့သော် ချန်းရီက စကားနှစ်ခွန်း သုံးခွန်း ပြောလိုက်ရုံမျှဖြင့် ဓာတ်ဆီတစ်ပုံးနှင့် ဓားမတစ်လက်ကို ရရှိသွားခဲ့ခြင်းက ကျိုးလန်ကို အနည်းငယ် ထိတ်လန့်သွားစေခဲ့သည်။
စကားအနည်းငယ် ပြောရုံမျှဖြင့် ဤမျှများပြားသော ပစ္စည်းများကို လဲလှယ်ရရှိနိုင်ခဲ့သည်။
ကျိုးလန်က ကျိုးရှောင်ရှောင်အား ခုနလေးတင် စုံစမ်းခိုင်းခဲ့ခြင်းမှာ ချန်းရီက သူတို့ကို ဘာတွေပြောပြီး ဤရိက္ခာများကို လဲလှယ်ခဲ့သလဲဆိုသည်ကို သိချင်သောကြောင့် ဖြစ်သည်။
"အစ်မ... ဦးလေးအာပေါင်ဆိုတဲ့ မြေခွေးအိုကြီးကတောင် သူ ဘာမှမသိဘူးလို့ ပြောနေတယ်"
"ပြီးခဲ့တဲ့တစ်ခေါက်က အစ်မရဲ့ ပရိသတ်ပါလို့ ပြောခဲ့သေးတာကို... ဟမ့်... ဒါက ပရိသတ် အတုပဲ"
ကျိုးရှောင်ရှောင်က ကားမောင်းရင်း တစ်ဖက်မှ ညည်းတွားလိုက်သည်။
လီကျဲက ဘတ်စ်ကား၏ ယာဉ်မောင်း ဖြစ်သည်။
ထို ဦးလေးအာပေါင်ဆိုသူမှာ ချူချယ်၏ အဆင့်မြှင့်တင်ထားသော လမ်းကြမ်းမောင်းကားပေါ်မှ ယာဉ်မောင်း ဖြစ်၏။
ချူချယ်နှင့် နာနာတို့၏ ကားပေါ်တွင် လူသုံးယောက် ရှိသည်။
သူတို့မှာ သီးခြား အဖွဲ့ငယ်လေးများအဖြစ် ရပ်တည်နေကြခြင်း ဖြစ်သည်။
ကျိုးရှောင်ရှောင်က ဦးလေးအာပေါင်ထံ သွားရောက် သတင်းစုံစမ်းခဲ့သော်လည်း ရလဒ်အနေဖြင့် မည်သည့်အရာကိုမျှ မသိခဲ့ရပေ။
ဤသည်က ကျိုးရှောင်ရှောင်ကို အလွန် မကျေမနပ် ဖြစ်သွားစေသည်။
"အစ်မ... အစ်မ ဘာကို စိတ်ပူနေတာလဲဆိုတာ ကျွန်တော် သိတယ်"
"အဲဒီ ချန်းရီကို ပြစ်မှားမိလိုက်လို့ နောင်တစ်ချိန်ကျရင် ကျွန်တော်တို့ မောင်နှမနှစ်ယောက် ယာဉ်တန်းထဲမှာ ဆက်ပြီး အသက်ရှင်သန်ဖို့ မဖြစ်နိုင်တော့ဘူးလို့ တွေးနေတာမလား"
ကျိုးလန်က နှုတ်ဆိတ်နေလိုက်သည်။
ကျိုးရှောင်ရှောင်က ပြုံးလိုက်ပြီး ပေါ့ပေါ့ပါးပါး လေသံဖြင့် ပြောလိုက်သည်။ "ဘာကိုကြောက်နေရမှာလဲ အစ်မရဲ့... ကျွန်တော်တို့ အခုချိန်ထိ အသက်ရှင်နေနိုင်တာ ကိုယ့်ကိုယ်ကိုယ် အားကိုးခဲ့လို့ချည်းပဲလေ... ရိက္ခာသွားရှာတိုင်း သေမလောက် အန္တရာယ်တွေ ကြုံခဲ့ရတာပဲ"
"အဲဒါကမှ ကျွန်တော်တို့ ယာဉ်တန်းထဲမှာ ဆက်လက် ရှင်သန်နိုင်ပြီး တခြားလူတွေထက် ပိုကောင်းကောင်း နေနိုင်တဲ့ အကြောင်းရင်းပဲ"
"အစ်မ... အဲဒီဓာတ်ဆီက ကျွန်တော်တို့ မနည်းကြိုးစားပြီး စုဆောင်းလာခဲ့ရတာ... ဘာလို့ ချန်းရီကို ပေးရမှာလဲ"
"ဒါ့အပြင် ကျွန်တော်တို့က တခြားလူတွေရဲ့ အကာအကွယ်ကို အားကိုးစရာမှ မလိုတာ... ကိုယ့်ကိုယ်ကိုယ်ပဲ အားကိုးကြမယ်"
ဤစကားကို ပြောနေချိန်တွင် ကျိုးရှောင်ရှောင်၏ မျက်နှာက အလွန် ဂုဏ်ယူဝင့်ကြွားနေပုံ ရသည်။
"နင်ကတော့လေ"
ကျိုးလန်က လက်လှမ်းကာ ကျိုးရှောင်ရှောင်၏ နဖူးလေးကို အသာအယာ ပုတ်လိုက်သည်။
သို့သော် ဘာကြောင့်မှန်းမသိ ကျိုးလန်၏ စိတ်ထဲတွင်တော့ အမြဲတမ်း မလုံမခြုံ ဖြစ်နေသလို ခံစားနေရ၏။
...
ချန်းရီက ချူချယ်၏ လက်ထဲမှ ဓာတ်ဆီကို လဲလှယ်ရယူခဲ့ပြီး ဤသုံးဘီးဆိုင်ကယ်၏ ဆီတိုင်ကီထဲသို့ ဖြည့်တင်းလိုက်သည်။
အင်ဂျင်၏ တုန်ခါမှုနှင့်အတူ သုံးဘီးဆိုင်ကယ်က စက်နှိုးသွားသည်။
ယနေ့တွင် ယာဉ်တန်း၏ ရွေ့လျားမှု အမြန်နှုန်းက အနည်းငယ် ပိုမြန်နေသည်။
နံနက်ပိုင်းက ဖြုန်းတီးမိခဲ့သော နှစ်နာရီစာ အချိန်ကို ပြန်လည် အဖတ်ဆယ်နိုင်ရန်အတွက် ဖြစ်ကောင်း ဖြစ်နိုင်ပေမည်။
ယာဉ်တန်း၏ အရှေ့ဆုံးမှ ချူချယ်သည် ကားထဲမှနေ၍ မကြာခဏ ထွက်လာပြီး မြေပြင်ပေါ်မှ သဲအနည်းငယ်ကို ကောက်ယူ မြည်းစမ်းနေသည်ကို ချန်းရီမြင်တွေ့နေရ၏။
ထို့နောက် တည်ကြည်လေးနက်သော မျက်နှာထားဖြင့် လုံခြုံသော ဦးတည်ရာ တစ်ခုကို ညွှန်ပြပေးလေ့ရှိသည်။
၎င်းမှာ လမ်းပြသူလမ်းစဉ်၏ အစွမ်း ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။
ယခင်က ယာဉ်တန်း၏ နောက်ဆုံးတွင် လိုက်ပါခဲ့စဉ်က ဤမြင်ကွင်းကို တစ်ခါမျှ မမြင်တွေ့ခဲ့ဖူးချေ။
ညနေစောင်းအချိန်အထိ ချီတက်လာပြီးနောက်မှသာ ချူချယ်က ယာဉ်တန်းကို အနားယူရန် အမိန့်ပေးခဲ့သည်။
ချန်းရီက ဆိုင်ကယ် နောက်ခန်းထဲမှ ရိက္ခာများကို ထုတ်ယူကာ ထမင်းစတင် ချက်ပြုတ်လိုက်သည်။
ရက်အတန်ကြာ ထမင်းဖြူဖြူကို မစားခဲ့ရသဖြင့် ချန်းရီမှာ အနည်းငယ် သွားရည်ကျချင်နေခဲ့ပြီ ဖြစ်သည်။
ယနေ့တွင် လူတိုင်း၌ ရိက္ခာပစ္စည်းများ အလျှံအပယ် ရှိနေကြသည်။ လူအများအပြားမှာ ရှင်းဟွာမြို့ထဲမှ ထွက်မလာနိုင်ခဲ့ကြသော်လည်း ထွက်လာနိုင်ခဲ့သူ အားလုံးကတော့ အနည်းနှင့်အများ ဆိုသလို ရိက္ခာများစွာကို သယ်ဆောင်လာနိုင်ခဲ့ကြသည်။
သွေးရောင်လမင်းကြီး တစ်စင်းက မည်သည့်အချိန်ကတည်းက ကောင်းကင်ယံတွင် တွဲခိုနေခဲ့မှန်း မသိရပေ။
ယနေ့တွင် လူတိုင်း စားစရာကိုယ်စီ ရှိနေကြသောကြောင့်လားမသိ၊ စခန်းချရာ နေရာ၏ လေထုမှာ ထိုမျှလောက် ဝမ်းနည်းကြေကွဲဖွယ် ကောင်းမနေခဲ့ပေ။
ချန်းရီ ထမင်းစားပြီးသွားချိန်မှာပင် ချူချယ်၏ ယာဉ်မောင်း ဦးလေးအာပေါင်က ချန်းရီထံ ရောက်လာပြီး ထယ်ရှီး သတိရလာပြီဖြစ်ကြောင်း ပြောပြလာသည်။
ထို ဒဏ္ဍာရီလာ တိုက်တန် လမ်းစဉ်မှ လူ့ဘီလူးကြီးကို မြင်လိုက်ရချိန်တွင် ချန်းရီ တစ်ယောက်လုံး အနည်းငယ် အံ့သြတုန်လှုပ်သွားခဲ့ရ၏။
ဟိုနေ့က ဤလူ့ဘီလူးကြီး၏ လက်မောင်းက ပခုံးအရင်းမှ ပြတ်တောက်သွားသည်ကို သူ မြင်တွေ့ခဲ့ရသည်။
သို့သော် ယနေ့တွင် ထိုလူ့ဘီလူးကြီး၏ လက်မောင်းက တစ်ပိုင်း ပြန်လည် ထွက်ပေါ်လာနေသည်ကို မြင်တွေ့လိုက်ရသည်။
ဤသည်ကလည်း လမ်းစဉ် အစွမ်းပိုင်ရှင်တို့၏ သဘာဝလွန်စွမ်းရည်များထဲမှ တစ်ခုများလား။
နာနာနှင့် ချူချယ်တို့ကမူ ဤမြင်ကွင်းကို အထူးအဆန်းအဖြစ် မသတ်မှတ်ကြတော့ပေ။
ထယ်ရှီးက ချန်းရီကို မြင်လိုက်ရချိန်တွင် အနည်းငယ် အံ့သြသွားပုံရသည်။
"မင်းကိုး... ဟိုနေ့က မင်းရဲ့ မြှားတစ်စင်းသာ မရှိခဲ့ရင် ငါတော့ စောစောစီးစီး သေနေလောက်ပြီ"
ကုတင်ပေါ်တွင် လှဲလျောင်းနေသော ထယ်ရှီးက အနည်းငယ် အားနည်းနေသော လေသံဖြင့် ပြောလိုက်သည်။
"ခင်ဗျားသာ မရှိခဲ့ရင် ဟိုနေ့က ကျွန်တော်လည်း သေလောက်ပြီ"
ချန်းရီက ရှိရင်းစွဲ အမှန်အတိုင်းသာ ပြောလိုက်သည်။
ဟိုနေ့ကသာ ထယ်ရှီးက အဖြူရောင်ဝတ်စုံနှင့် ကတ်ကြေးမိန်းမကို ဝင်မတားဆီးပေးခဲ့ပါက ယနေ့ ဤယာဉ်တန်းထဲတွင် အသက်ရှင်ကျန်ရစ်သူ လူအနည်းငယ်မျှသာ ရှိပေလိမ့်မည်။
"ငါက ထယ်ရှီး... သွေးသား တိုက်တန် လမ်းစဉ်ကပဲ... ဒါက ငါတို့ သွေးသား တိုက်တန်တွေရဲ့ အခြေခံအစွမ်းဖြစ်တဲ့ သွေးသားပြန်လည် မွေးဖွားခြင်းပဲ... ဟားဟားဟား... တော်တော် မိုက်တယ်မလား"
ချန်းရီက မိမိ၏ ပြတ်တောက်နေသော လက်မောင်းကို စိုက်ကြည့်နေသည်ကို မြင်သောအခါ သူ့ရှေ့ရှိ လူ့ဘီလူးကြီးက မည်သည့် ရှက်ရွံ့မှုမျှ မရှိဘဲ တိုက်ရိုက်ပင် ပြောလိုက်သည်။
"မင်းက မက္ကန်းနစ်လမ်းစဉ် ဆိုတာ ငါ ကြားတယ်... တော်သေးတာပေါ့ကွာ... နောက်ဆိုရင် ယာဉ်တန်းထဲက ကားတွေပျက်ရင် တန်းပြီး လွှင့်ပစ်စရာ မလိုတော့ဘူးပေါ့"
ဤသူက စကားများလွန်းသူ တစ်ဦးဖြစ်ပြီး အပိုစကား အလွန်များကြောင်း သိသာလှသည်။
ခွေးနက်သွေးက ထူးဆန်းသောအရာများအပေါ် အတိုင်းအတာတစ်ခုအထိ အကျိုးသက်ရောက်မှု ရှိကြောင်း ချူချယ်က ထယ်ရှီးကို ပြောပြပြီးနောက်တွင် ထယ်ရှီးက ချန်းရီအပေါ် ကျေးဇူးတင်ကြောင်း ဖော်ပြခဲ့သည်။
ယာဉ်တန်းထဲတွင် တရားမျှတမှု စည်းမျဉ်းကို လိုက်နာကျင့်သုံးကြရာ ဤသတင်းအချက်အလက်ကလည်း သေချာပေါက် အလကားတော့ မရခဲ့ပေ။
"မင်း ဘာလိုချင်လဲ"
"ခင်ဗျားဆီက ဝပ် ၂၀၀၀ ပါဝါဘဏ်ကို လိုချင်တယ်"
"ရတယ်... ခဏနေရင် လောင်လီကို ပစ္စည်းလာပေးခိုင်းလိုက်မယ်"
ဤသို့ဖြင့် ချန်းရီ၏ လက်ထဲတွင် ပါဝါဘဏ် တစ်လုံး ထပ်တိုးလာခဲ့ပြီး ဆိုင်ကယ်ကို ဆီနှင့် လျှပ်စစ် တွဲဖက်အသုံးပြုနိုင်သော သုံးဘီးဆိုင်ကယ်အဖြစ် ပြုပြင်မွမ်းမံရန်အတွက် နောက်ထပ် ခြေလှမ်းတစ်လှမ်း နီးကပ်လာခဲ့သည်။
နောက်ပိုင်း ရက်များတွင်ကား တစ်သမတ်တည်းနှင့် အေးအေးလူလူပင် ရှိနေခဲ့သည်။
တစ်ခါတစ်ရံတွင် ယာဉ်တန်းက အရှေ့ဘက်သို့ ချီတက်သွားပြီး တစ်ခါတစ်ရံတွင် ရုတ်တရက် အနောက်ဘက်သို့ ပြန်လှည့်သွားတတ်သည်။
တစ်ခါတစ်ရံ ရှေ့သို့ တစ်ဝက်လောက် ရောက်အောင် သွားခဲ့ပြီးမှ ညဘက်ရောက်သောအခါ မူလအစမှတ်သို့ ပြန်ရောက်လာခဲ့သည်များလည်း ရှိသည်။
အစပိုင်းတွင်မူ အချို့သူများက သံသယဝင်ကာ မေးခွန်းထုတ်ခဲ့ကြသည်။
ရလဒ်အနေဖြင့် ချူချယ်က တိုက်ရိုက် ထွက်လာပြီး ရှင်းပြခဲ့သည်။ ယာဉ်တန်းနှင့်အတူ မလိုက်ပါလိုသူများ အနေဖြင့် တိုက်ရိုက် ထွက်ခွာသွားနိုင်ကြောင်း ပြောဆိုခဲ့၏။
ထိုအချိန်မှစ၍ မည်သူမျှ ကန့်ကွက်ကြောင်း မပြောရဲကြတော့ပေ။
ယာဉ်တန်း၏ ချီတက်ရာ လမ်းကြောင်းက အရူးတစ်ယောက်ကဲ့သို့ ဖြစ်နေပြီး မည်သည့် စနစ်တကျ အစီအစဉ်ဆွဲထားမှုမျိုးမှ မရှိဟု ဆိုရပေမည်။
လမ်းစဉ်အစွမ်းပိုင်ရှင် အနည်းငယ်၏ မျက်နှာအမူအရာများသာ အနည်းနှင့်အများ ဆိုသလို လေးနက်တည်ကြည်နေခဲ့ကြသည်။
ချူချယ်၏ ပြောစကားအရ ဤရက်ပိုင်းအတွင်း ထူးဆန်းသောအရာ အနည်းငယ်က ယာဉ်တန်း၏ ခြေရာကို အမြဲတမ်း လိုက်လံ ရှာဖွေနေကြသည်ဟု ဆိုသည်။
အန္တရာယ်အများဆုံး အချိန်တွင် ထူးဆန်းသောအရာများနှင့် ယာဉ်တန်း၏ အကွာအဝေးမှာ (၂) မိုင်ပင် မပြည့်တော့ချေ။
လမ်းပြသူလမ်းစဉ်မှ ချူချယ်သာ မရှိခဲ့လျှင် ယာဉ်တန်းတစ်ခုလုံး အစောကြီးကတည်းက သေဆုံးပျက်စီးသွားခဲ့လောက်ပြီ ဖြစ်သည်။
အနားယူချိန်တိုင်းတွင် ချန်းရီက ဒူးလေးမြှားများ ပြုလုပ်ရန်အတွက် သစ်ကိုင်း သို့မဟုတ် ဝါးရိုးများကို ခုတ်ထစ်ရန် အခွင့်အရေးကို အမြဲ ရှာဖွေတတ်သည်။
ဤဓားမကို ရရှိပြီးနောက်တွင် ချန်းရီ၏ မြှားပြုလုပ်သည့် အရှိန်အဟုန်က များစွာ မြင့်တက်လာခဲ့သည်။
ပြုလုပ်ပြီးစီးသွားသော မြှားများကို ချန်းရီက မြှားတံတစ်ခုလုံးအား ခွေးနက်သွေးများ သုတ်လိမ်းထားလိုက်သည်။
လက်ရှိတွင် ချန်းရီ၏ မြှားကျည်တောက်ထဲ၌ ဒူးလေးမြှား အစင်းတစ်ရာကျော်ပင် ရှိနေခဲ့ပြီ ဖြစ်သည်။
သနားစရာကောင်းသည်မှာ ယာဉ်တန်းထဲရှိ ထိုခွေးနက် နှစ်ကောင်ပင် ဖြစ်သည်။
သွေး အဖောက်ခံထားရသောကြောင့် ဖြစ်မည်၊ ဤခွေးနက် နှစ်ကောင်စလုံးမှာ တစ်နေကုန် ညှိုးရော်ကာ မှိုင်တွေနေကြသည်။
"မနက်ဖြန်ဆိုရင် ငါတို့တွေ ချန်ရှုရွာကို ရောက်ပြီ... ယာဉ်တန်းထဲမှာ ရိက္ခာတွေလည်း သိပ်မကျန်တော့လို့ ငါတို့တွေ အဲဒီရွာထဲဝင်ပြီး ရိက္ခာနည်းနည်း သွားရှာကြမလို့"
ဤသည်မှာ ယနေ့ည အစည်းအဝေးလုပ်ချိန်တွင် ချူချယ် ပြောခဲ့သော ပထမဆုံး စကားပင် ဖြစ်သည်။
ဤစကားကို ကြားလိုက်ရသောအခါ လူတိုင်း၏ မျက်နှာပေါ်ရှိ အမူအရာများမှာ ထိတ်လန့်နေကြသလို မျှော်လင့်ချက်များလည်း ရှိနေကြသည်။
လမ်းစဉ်အစွမ်းပိုင်ရှင် အနည်းငယ်မှလွဲ၍ ယာဉ်တန်းထဲရှိ ရိက္ခာများမှာ အမှန်တကယ်ပင် နည်းပါးနေပြီ ဖြစ်သည်။ အကယ်၍ ရိက္ခာများ ထပ်မံ မရှာဖွေနိုင်ပါက ယာဉ်တန်းတစ်ခုလုံး ဆူပူအုံကြွလာနိုင်ချေ ရှိသည်။
ချန်းရီက ဆေးလိပ်တစ်လိပ်ကို မီးညှိလိုက်ပြီး စိတ်ထဲမှ တိတ်တဆိတ် တွက်ချက်နေလိုက်သည်။
ကမ္ဘာပျက်ကပ်၏ စည်းမျဉ်းများအရ အတိတ်က ပို၍ စည်ကားသိုက်မြိုက်ခဲ့သော မြို့ကြီးများမှာ လက်ရှိလူသားများအတွက် ပို၍ အန္တရာယ်များကာ ရှောင်ကြဉ်ရမည့် နေရာများ ဖြစ်လာခဲ့သည်။
ထို ဧရာမ မြို့ကြီးများဆိုလျှင် သက်ရှိလူသားများအတွက် တားမြစ်နယ်မြေများပင် ဖြစ်သည်။
ဆန့်ကျင်ဘက်အနေဖြင့် ဤကဲ့သို့သော ရွာငယ်လေးများတွင်တော့ အခွင့်အရေး အနည်းငယ် ရှိနေသေးသည်။
ယခု သူ၏ လက်ထဲတွင် ဒူးလေးမြှား အလုံအလောက် ရှိနေပြီဖြစ်ရာ သတ်ဖြတ်မှတ် အမြောက်အမြားကို ရရှိနိုင်မည်လားလည်း မပြောတတ်ပေ။
စနစ်က ယခင်တုန်းက ဖြေကြားခဲ့ဖူးသည်။ မိမိအား အမှန်တကယ် လမ်းစဉ်အစွမ်း နိုးကြားလာစေနိုင်မည့် နည်းလမ်း ရှိသည်ဟု ဆို၏။
သို့သော် ၎င်းအတွက် သတ်ဖြတ်မှတ် သုံးထောင် တိတိ လိုအပ်ပေသည်။
ထိုအချိန်မှာပင် ထိတ်လန့်စရာကောင်းသော စူးစူးဝါးဝါး အော်ဟစ်သံတစ်ခုက စခန်းတစ်ခုလုံးတွင် ဟိန်းထွက်သွားတော့သည်။
"အား... ထူး... ထူးဆန်းတဲ့အရာ ရှိနေတယ်"
ဆက်ရန်...