← Chapters

အခန်း ၁၆

Vol. 1 Ch. 16

အခန်း ၁၆

Vol. 1 Ch. 16

အပိုင်း (၁၆) အသက်ရှင်ကျန်ရစ်သူ အသစ်များ

ထိုထိတ်လန့်တကြား အော်ဟစ်သံက ပွက်ပွက်ဆူနေသော ဆီအိုးထဲသို့ ရေအေးတစ်စက် ကျသွားသကဲ့သို့ ဖြစ်သွားစေ၏။

မူလက တိတ်ဆိတ်ငြိမ်သက်နေသော ညဉ့်ယံသည် ချက်ချင်းပင် ဆူညံသွားတော့သည်။

အမျိုးသမီးများ၏ စူးစူးဝါးဝါး အော်ဟစ်သံများ၊ ကလေးသူငယ်များ၏ ငိုကြွေးသံများနှင့် အမျိုးသားများ၏ ဒေါသတကြီး ဆဲဆိုသံများက လျင်မြန်စွာ ထွက်ပေါ်လာ၏။

အချို့သူများဆိုလျှင် ထွက်ပြေးရန်အတွက် ပစ္စည်းများကို ကပျာကယာ သိမ်းဆည်းနေကြပြီ ဖြစ်သည်။

မျက်တောင်တစ်ခတ်စာ အချိန်လေးအတွင်းမှာပင် ချန်းရီက ဓားအလင်းတန်းတစ်ခု တရှိန်ထိုး ထွက်ပေါ်လာသည်ကို မြင်လိုက်ရသည်။

ထို့ပြင် ပုံမှန်ထက် များစွာ အရပ်ရှည်ပြီး တောင့်တင်းသော အမျိုးသားကြီး တစ်ဦးကလည်း အော်သံထွက်ပေါ်လာရာ အရပ်ဆီသို့ တည့်တည့် ပြေးသွားလေသည်။

သူတို့ကား ထယ်ရှီးနှင့် နာနာတို့ပင် ဖြစ်ကြ၏။

လမ်းစဉ် အစွမ်းပိုင်ရှင်များ စတင် လှုပ်ရှားနေကြပြီ ဖြစ်သည်။

စခန်းတစ်ခုလုံး ဗြောင်းဆန်နေတော့သည်။

ထူးဆန်းသောအရာများက အသက်ရှင်ကျန်ရစ်သူများအပေါ် သက်ရောက်စေခဲ့သော စိတ်ဒဏ်ရာမှာ အိပ်မက်ဆိုးတစ်ခုနှင့် အတိအကျ တူညီနေသည်။

ကျိုးလန်နှင့် ကျိုးရှောင်ရှောင် မောင်နှမနှစ်ဦးကလည်း မလှမ်းမကမ်းရှိ နေရာဆီသို့ စိုးရိမ်တကြီး လှမ်းကြည့်နေကြပြီး သူတို့၏ မျက်နှာပေါ်တွင် အလွန် ထိတ်လန့်နေသော အရိပ်အယောင်များ ပေါ်လွင်နေ၏။

ချန်းရီက သူ၏ လက်ကိုင်ဒူးလေးကို ယူကာ ခွေးနက်သွေး သုတ်လိမ်းထားသော မြှားတစ်စင်းကို တပ်ဆင်လိုက်ပြီး အသင့်အနေအထား ပြင်ထားလိုက်သည်။

သွေးရောင်လမင်းကြီးအောက်ရှိ မလှမ်းမကမ်းမှ သစ်တောအုပ်ကြားတွင် အရိပ်များ ဝေဝါးစွာ လှုပ်ရှားနေပြီး အမှောင်ထုထဲ၌ နက်ရှိုင်းသော သရဲတစ္ဆေ အရိပ်များ ပုန်းကွယ်နေသကဲ့သို့ ထင်ရသည်။

သေချာ ကြည့်လိုက်သောအခါ ထိုသစ်တောအုပ်ထဲတွင် ပြည့်နှက်နေသော သရဲအရိပ်ပေါင်း ဆယ်ဂဏန်းကျော်ခန့် ရှိနေသည်ကို မြင်တွေ့လိုက်ရသည်။

ချန်းရီ၏ ဦးရေပြား တစ်ခုလုံး ထုံကျဉ်သွားသကဲ့သို့ ခံစားလိုက်ရ၏။ အကယ်၍ ထိုအရာများ အားလုံးသာ ထူးဆန်းသောအရာများ ဖြစ်နေပါက ယနေ့ စခန်းထဲရှိ အသက်ရှင်ကျန်ရစ်သူ အားလုံး အသက်ရှင်နိုင်တော့မည် မဟုတ်ပေ။

ချူချယ်က ထူးဆန်းသောအရာတွေရဲ့ အငွေ့အသက်ကို ခံစားသိရှိနိုင်စွမ်း ရှိတာ မဟုတ်ဘူးလား။

ဘယ်လိုလုပ်ပြီး ဒီထူးဆန်းသောအရာတွေကို စခန်းနဲ့ ဒီလောက်နီးတဲ့အထိ အကပ်ခံလိုက်ရတာလဲ။

ထိုအချိန်မှာပင် သစ်တော၏ အမှောင်ရိပ်ထဲမှ အမည်းရောင် အရိပ်တစ်ခု ထွက်ပေါ်လာသည်။

"ကယ်... ကယ်ကြပါဦး"

တိုးညင်းပြီး အားပျော့နေသော အသံတစ်သံ ထွက်ပေါ်လာ၏။

ဓာတ်မီး၏ ပြင်းထန်သော အလင်းရောင်တစ်ခုက ရှေ့ဆုံးမှ ရပ်နေသော ထိုအရိပ်ဆီသို့ ထိုးကျသွားသည်။

အလင်းရောင်က အလွန် စူးရှနေသောကြောင့် ထိုအရိပ်သည် သူ၏ လက်ကို မြှောက်ကာ အလင်းရောင်ကို ကာကွယ်လိုက်ပုံရသည်။

ဓာတ်မီးအလင်းရောင်အောက်တွင် ရပ်နေသူသည် အဝတ်အစားများ စုတ်ပြတ်သတ်နေပြီး သူ၏ ကိုယ်ပေါ်ရှိ နေရာအတော်များများတွင် အဝတ်များက စုတ်ပြဲနေကာ ခြေထောက်ရှိ ဖိနပ်မှာလည်း တစ်ဖက်တည်းသာ ကျန်တော့၏။

ဒါ... လူတစ်ယောက်ပဲ။

ထူးဆန်းတဲ့အရာ မဟုတ်ဘူး။

ထိုနေရာရှိ လူအားလုံး တိတ်တဆိတ် သက်ပြင်းချနိုင်သွားကြသည်။

ဒါကြောင့်လည်း ချူချယ်က ကြိုတင် မသိရှိခဲ့တာကိုး။

လမ်းစဉ်(၁) လမ်းပြသူနှင့် အန္တရာယ်အာရုံခံနိုင်သူ တစ်ဦးအနေဖြင့် ချူချယ်သည် ထူးဆန်းသောအရာ အများစု၏ တည်ရှိမှုကို အာရုံခံနိုင်သော်လည်း လူများနှင့် ပတ်သက်လာလျှင်မူ သူ၏ အာရုံခံနိုင်စွမ်းမှာ ထိုမျှလောက် မသိသာလှပေ။

လူတွေ ဖြစ်နေရင် တော်ပါသေးတယ်။

ထို့နောက် ဒုတိယမြောက် လူတစ်ယောက် ထပ်မံ ထွက်ပေါ်လာ၏။

တတိယမြောက် လူတစ်ယောက်။

ဆယ်ဂဏန်းခန့်ရှိသော လူရိပ်များသည် လူအားလုံး၏ ရှေ့မှောက်တွင် ပေါ်လာကြတော့သည်။

ထိုသူများမှာ အဝတ်အစားများ စုတ်ပြတ်သတ်နေပြီး မျက်နှာများမှာလည်း အလွန် ပင်ပန်းနွမ်းနယ်နေပုံရသည်။

ဒါတွေက... အသက်ရှင်ကျန်ရစ်သူတွေပဲ။

"ခင်ဗျားတို့က ဘယ်သူတွေလဲ"

ချူချယ်က မည်သည့်အချိန်ကတည်းက လူအုပ်ကြီးရှေ့သို့ ရောက်နေမှန်း မသိရဘဲ ထိုသူများကို သတိထားကာ စောင့်ကြည့်နေ၏။

"အစ်ကိုကြီး... ကျွန်တော်တို့က လုမြို့ကနေ ထွက်ပြေးလာကြတာပါ"

"လုမြို့ကြီးက... ပျက်စီးသွားခဲ့ပါပြီ"

"အီးဟီးဟီး"

ထိုစကားကို ပြောလိုက်ချိန်တွင် ထိုအမည်းရောင် အရိပ်ဆယ်ဂဏန်းခန့်ဆီမှ ရှိုက်ငင်ငိုကြွေးသံများ ထွက်ပေါ်လာသည်။

ချန်းရီက အနည်းငယ် ကြောင်အမ်းသွားပြီးနောက် သူ၏ ရင်ထဲတွင် လေးလံသွား၏။

လုမြို့သည် ရှန်ဟိုင်းကဲ့သို့သော နိုင်ငံတကာအဆင့်မီ ထိပ်တန်းမြို့ကြီးတစ်မြို့နှင့် မယှဉ်နိုင်သော်လည်း။

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကြည့်မည်ဆိုပါက နာမည်ကြီး ဒုတိယတန်းစား မြို့ကြီးတစ်မြို့ ဖြစ်သည်။ ထိုမြို့သည် ခရီးသွားလုပ်ငန်း အလွန် ဖွံ့ဖြိုးတိုးတက်ပြီး အစားအသောက်များဖြင့်လည်း နာမည်ကြီးလှ၏။

ယခင်က ချန်းရီသည် သူ၏ ချစ်သူကောင်မလေးကို ခေါ်ကာ လုမြို့သို့ ရက်အနည်းငယ်ခန့် အလည်သွားရန်ပင် တွေးတောခဲ့ဖူးသည်။

ယခုတော့ ထိုမြို့ကြီး ပျက်စီးသွားပြီဟု သူမထင်မှတ်ထားခဲ့ပေ။

ရှန်ဟိုင်းကဲ့သို့သော မြို့ကြီးများပင်လျှင် ကမ္ဘာပေါ်တွင် လက်ချိုးရေတွက်ရသော လူသားတို့ တားမြစ်နယ်မြေများ ဖြစ်လာခဲ့ပြီဖြစ်ရာ လုမြို့သည်လည်း ရှောင်လွှဲနိုင်မည် မဟုတ်သည်က သဘာဝပင် ဖြစ်၏။

သို့သော် တစ်စုံတစ်ယောက်က မိမိအား လူကိုယ်တိုင် လာရောက် ပြောပြသည်ကို ကြားလိုက်ရသောအခါ စိတ်ထဲတွင် များစွာ တုန်လှုပ်သွားရဆဲပင်။

"လုမြို့လည်း ပျက်စီးသွားပြီလား"

"သွားပါပြီ... လူသားတွေအတွက် လုံးဝ မျှော်လင့်ချက် မရှိတော့ပါဘူး"

"ငါတို့တွေက တကယ်ပဲ ထူးဆန်းသောအရာတွေကို ယှဉ်နိုင်မယ့် နည်းလမ်း မရှိတော့ဘူးလား"

"အီးဟီးဟီး... ငါ့ရဲ့... ငါ့ရဲ့ အဖေနဲ့ အမေက လုမြို့မှာ ရှိနေတာ... အီးဟီး"

ခုလေးတင်မှ ငြိမ်သက်သွားသော စခန်းသည် ထပ်မံ ဆူညံဗြောင်းဆန်သွားပြန်သည်။

"ကျွန်တော်တို့ လုမြို့ကနေ ထွက်ပြေးလွတ်မြောက်လာခဲ့တာပါ"

"အခု လုမြို့မှာ... ထူးဆန်းသောအရာတွေနဲ့ ပြည့်နေပါပြီ"

ကိစ္စရပ်အားလုံးကို လျင်မြန်စွာပင် ရှင်းလင်းစွာ သိရှိလိုက်ရ၏။

သူတို့ ရှေ့မှောက်ရှိ လူများသည် လုမြို့မှ ထွက်ပြေးလာကြသူများ ဖြစ်သည်။

ဤအသက်ရှင်ကျန်ရစ်သူများ၏ ပြောစကားအရ လုမြို့ထဲတွင် ထူးဆန်းသောအရာများ ပြည့်နှက်နေပြီး လူသားတို့၏ တားမြစ်နယ်မြေအသစ်တစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

ဤသူများသည် ယခင်က မြေအောက် ကားပါကင်တစ်ခုထဲတွင် ပုန်းအောင်းနေခဲ့ကြ၏။

နောက်ပိုင်းတွင် အမှန်တကယ် ဆက်လက် တောင့်ခံနိုင်စွမ်း မရှိတော့သဖြင့် ကမန်းကတန်း ထွက်ပြေးလာခဲ့ကြခြင်း ဖြစ်သည်။

မူလက ဤလူအုပ်စုတွင် လူအယောက် နှစ်ရာကျော်ခန့် ရှိခဲ့သည်။

ယခုအခါ လူဆယ်ဂဏန်းခန့်သာ အသက်ရှင် ကျန်ရစ်တော့၏။

ချန်းရီသည် ချူချယ်၏ အနီးသို့ တိတ်တဆိတ် ကပ်သွားပြီး"အကိုချူ... ဒီလူတွေက ထူးဆန်းတဲ့အရာတွေကိုများ ဆွဲဆောင်လာနိုင်လား"

ချူချယ်က ချန်းရီကို တစ်ချက် စွေကြည့်လိုက်ပြီး သူ၏ နာမည်က မည်သည့်အချိန်ကများ 'အကိုချူ' ဟူသော နာမည်ပြောင်အဖြစ် ပြောင်းလဲသွားမှန်း နားမလည်နိုင် ဖြစ်သွားသည်။

ချူချယ်သည် ချန်းရီကို လျစ်လျူရှုလိုက်ပြီး ဆောင့်ကြောင့်ထိုင်ချကာ မြေပြင်ပေါ်မှ မြေကြီးတစ်ဆုပ်ကို ဆုပ်ယူ၍ ပါးစပ်ထဲသို့ ပစ်ထည့်လိုက်သည်။ အလွန်တရာ ကောင်းမွန်သော အရသာရှိသည့် အစားအစာတစ်ခုကို မြည်းစမ်းနေသကဲ့သို့ပင် ဖြစ်၏။

ဆယ်စက္ကန့်ခန့် ကြာပြီးနောက် ချူချယ်သည် မျက်လုံးများကို ဖွင့်လိုက်ပြီး နာနာကို ကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။

ချန်းရီက နားလည်လိုက်သည်။ ဒါသည် ချူချယ်က သူ၏ စွမ်းရည်ကို အသုံးပြုလိုက်ခြင်းဖြစ်ပြီး ဤလူအုပ်ကြီး၏ နောက်တွင် မည်သူမျှ နောက်ယောင်ခံ လိုက်ပါမလာကြောင်းကို သိရှိသွားခြင်း ဖြစ်ရမည်။

လမ်းစဉ် အစွမ်းပိုင်ရှင်များ၏ စွမ်းရည်များက တကယ်ကို အံ့သြဖွယ်ကောင်းလှသည်ဟု ဆိုရပေမည်။

ချူချယ်ဆိုလျှင် မြေကြီးကို စားရုံမျှဖြင့် ထူးဆန်းသောအရာများ၏ တည်ရှိမှုကို ခံစားသိရှိနိုင်စွမ်း ရှိသည်။

ထယ်ရှီးဆိုလျှင် သူ၏ လက်မောင်း ပြတ်တောက်သွားလျှင်တောင်မှ ပြန်လည် ထွက်ပေါ်လာနိုင်သေး၏။

သတ်ဖြတ်မှတ် သုံးထောင် ပြည့်သွားပါက လမ်းစဉ် အစွမ်း နိုးကြားစေမည့် နည်းလမ်းကို ပြောပြမည်ဟု စနစ်က ပြောထားခဲ့သည်ကို သူ မှတ်မိနေသေးသည်။

သတ်ဖြတ်မှတ် သုံးထောင်တဲ့။

ဘယ်တော့မှများ စုဆောင်းလို့ ပြည့်ပါ့မလဲ မသိနိုင်ပေ။

"ခင်ဗျားတို့ကို ယာဉ်တန်းထဲ ဝင်ခွင့်ပြုဖို့ ပြဿနာမရှိဘူး... ဒါပေမဲ့ ခင်ဗျားတို့ စည်းကမ်းတော့ လိုက်နာရမယ်"

ချူချယ်သည် ခေါင်းဆောင် တစ်ဦးအနေဖြင့် ဤအချိန်တွင် မဖြစ်မနေ ထွက်၍ စကားပြောရလေတော့သည်။

"ကျွန်တော်တို့ အသက်ရှင်နိုင်ဖို့အတွက်ဆိုရင်... ဘယ်လိုစည်းကမ်းမျိုးကိုမဆို လိုက်နာပါ့မယ်"

ဦးဆောင်လာသော အမည်းရောင် အရိပ်က ကမန်းကတန်း ပြန်ပြောလိုက်သည်။

အမည်းရောင် အရိပ်ဟု ဆိုရခြင်းမှာ ထိုသူ၏ တစ်ကိုယ်လုံး ညစ်ပေနေပြီး မိန်းမ၊ ယောက်ျား ဆိုသည်ကိုသာ ခွဲခြားနိုင်ပြီး မျက်နှာသွင်ပြင်ကို လုံးဝ မမြင်ရသောကြောင့် ဖြစ်သည်။

အရိပ်မည်းများထဲတွင် ခန္ဓာကိုယ် အချိုးအစား မဆိုးလှသော အမျိုးသမီး အချို့က သူတို့၏ ဆံပင်များကို နားနောက်သို့ သပ်တင်လိုက်ကြ၏။

"ယာဉ်တန်းမှာ ဆက်လက် အသက်ရှင်နေထိုင်ဖို့အတွက် စည်းကမ်း တစ်ခုပဲ ရှိတယ်... အဲဒါက တရားမျှတမှုပဲ"

"ခင်ဗျားတို့က အသစ်ဝင်လာတဲ့သူတွေမို့လို့ ကျွန်တော်တို့ဆီကနေ တစ်ရက်စာ အစားအသောက်ကို အခမဲ့ ပေးနိုင်တယ်... တစ်ရက်ကျော်သွားရင်တော့ ကိုယ့်ဝမ်းစာ ကိုယ်ရှာဖို့ ကိုယ့်ဘာသာ နည်းလမ်းရှာရမယ်"

ထိုအရိပ်မည်းအုပ်စုသည် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီး မည်သူကမျှ စကားတစ်ခွန်းမှ ထပ်မပြောကြတော့ပေ။

ချူချယ်သည် ထိုစကားကို ပြောပြီးနောက် နောက်သို့ လှည့်မကြည့်တော့ဘဲ ထွက်သွားလေသည်။

မူလက ယာဉ်တန်းထဲတွင် လူအယောက် နှစ်ရာခန့် ရှိခဲ့သော်လည်း ရှင်းဟွာမြို့ကို ဖြတ်သန်းလာစဉ် ထက်ဝက်ခန့်သော လူများမှာ ရှင်းဟွာမြို့ထဲတွင် ထာဝရ ကျန်ရစ်ခဲ့ရပြီး ပြန်ထွက်မလာနိုင်ခဲ့ကြတော့ပေ။

ယခုအခါ ဤလူများ ထပ်မံ ပေါင်းထည့်လိုက်သဖြင့် ယာဉ်တန်း တစ်ခုလုံး၏ လူဦးရေမှာ တစ်ရာကျော်သို့ ပြန်လည် ရောက်ရှိသွားပြီ ဖြစ်သည်။

ချန်းရီက ထိုလူမည်းအုပ်စုကို သေချာစွာ တစ်ချက် စိုက်ကြည့်လိုက်ပြီးနောက် လှည့်ကာ သူ၏ ယာဉ်အနီးသို့ ပြန်သွားလိုက်၏။

ထို့နောက်တွင်တော့ စခန်းတစ်ခုလုံး စည်ကားလာတော့သည်။

ချူချယ်က လူလတ်ပိုင်းအရွယ် အမျိုးသမီး အချို့ကို ရွေးချယ်ကာ ထမင်းဟင်း ချက်ပြုတ်ရန် ကူညီခိုင်းလိုက်သည်။

ခေါင်းဆောင်တစ်ဦးအနေဖြင့် ဤမျှလောက် လုပ်ပိုင်ခွင့်မျိုးတော့ သူ့တွင် ရှိနေသည်ပင်။

စားစရာများမှာ အလွန် ရိုးရှင်းလှပြီး သာမန် ဆန်ပြုတ်နှင့် ချဉ်ဖတ် အနည်းငယ်မျှသာ ဖြစ်သည်။

မကြာမီ စခန်းတစ်ခုလုံးတွင် ဆန်ပြုတ်၏ မွှေးရနံ့များ လွင့်ပျံ့လာတော့၏။

ချန်းရီသည် သုံးဘီးဆိုင်ကယ်နောက်ခန်းထဲတွင် လှဲလျောင်းကာ ကိုယ်ပေါ်ရှိ အဝတ်အစားများကို တင်းကျပ်စွာ ပတ်ခြုံလိုက်ပြီး စတင် မှေးစက်လိုက်သည်။

မကြာမီ ချန်ရှိုးရွာသို့ ရောက်ရှိတော့မည် ဖြစ်သည်။

ယခင်က လူသားများ စုဝေးနေထိုင်ခဲ့ရာ နေရာအများစုမှာ ယခုအခါ လူသားတို့ တားမြစ်နယ်မြေများ အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်၏။

ယခင်က ပို၍ စည်ကားဖွံ့ဖြိုးသော မြို့ကြီးပြကြီးများမှာ ယခုအခါ ပို၍ အန္တရာယ်များနေတော့သည်။

ဆန့်ကျင်ဘက်အားဖြင့် ဤကဲ့သို့ ဝေးလံခေါင်ဖျားသော ရွာလေးများက အန္တရာယ် အနည်းငယ် ပိုကင်းပေသည်။

သို့သော်လည်း ပေါ့ဆ၍တော့ မရပေ။

ယခုအချိန်တွင် ချန်းရီ လုပ်ဆောင်ရမည့် အရာမှာ အင်အားပြည့်ဝနေစေရန် အနားယူထားပြီး ပစ္စည်းများ ရှာဖွေစုဆောင်းချိန် ရောက်လာပါက သတ်ဖြတ်မှတ်များကို တတ်နိုင်သမျှ များများ စုဆောင်းရန်ပင် ဖြစ်သည်။

အကောင်းဆုံးကတော့ တစ်ကြိမ်တည်းဖြင့် သတ်ဖြတ်မှတ် သုံးထောင် ပြည့်မီအောင် စုဆောင်းနိုင်ခြင်းပင်။

ထိုအခါ စနစ်မှ ပေးအပ်မည့် လမ်းစဉ် နိုးကြားခြင်း နည်းလမ်းကို တိုက်ရိုက် ရယူနိုင်မည် ဖြစ်သည်။

ချန်းရီ တစ်ယောက်တည်း ရီဝေဝေဖြင့် သူ၏ ကိစ္စများကို စဉ်းစားနေစဉ်မှာပင် သူစိမ်း အမျိုးသမီးတစ်ဦး၏ အော်ဟစ်သံကို ရုတ်တရက် ကြားလိုက်ရသည်။

"မတရားဘူး... ဘာဖြစ်လို့ အလုပ်လုပ်ရတဲ့သူတွေ အကုန်လုံးက မိန်းမတွေချည်းပဲ ဖြစ်နေရတာလဲရှင့်... ဟိုယောက်ျားတွေကရော ဘာလို့ အလုပ်မလုပ်ကြတာလဲ... ရှင်တို့က အမျိုးသမီးတွေကို ခွဲခြားဆက်ဆံနေတာပဲ"

ဆက်ရန်...

All Chapters