← Chapters

အခန်း ၁၇

Vol. 1 Ch. 17

အခန်း ၁၇

Vol. 1 Ch. 17

အပိုင်း (၁၇) နေရာမှားပြီး ဝင်ပါချင်နေသူများ ရှိနေဆဲပင်

ချန်းရီက ထိုအသံကို ကြားလိုက်ရချိန်တွင် တစ်ယောက်ယောက် ပြဿနာစရှာနေပြီ ဆိုသည်ကို သိလိုက်သည်။

ယခုလို ကမ္ဘာပျက်ကပ် အချိန်ကြီးမှာတောင် ဒီလိုကိစ္စမျိုးကို အကြောင်းပြပြီး ပြဿနာရှာချင်နေသူတွေ ရှိနေသေးသည်ပေါ့။

ချန်းရီက သူ၏ သုံးဘီးဆိုင်ကယ် နောက်ခန်းထဲမှ ထိုင်လိုက်ပြီး အသံထွက်ပေါ်လာရာ ဘက်သို့ လှမ်းကြည့်လိုက်၏။

(ဓာတ်ဆီအင်ဂျင်နဲ့ဖြစ်သွားတဲ့အတွက် မင်မင် သုံးဘီးစက်ဘီးကို သုံးဘီးဆိုင်ကယ်လို့ ပြင်လိုက်ပါတယ်)

ထိုနေရာတွင် ခန္ဓာကိုယ် အနည်းငယ် ဝဖြိုးဖြိုးနှင့် မျက်နှာဝိုင်းဝိုင်း၊ မျက်လုံးသေးသေး၊ မေးစေ့ချွန်ချွန် မိန်းမတစ်ယောက် ရပ်နေသည်။

ထိုမိန်းမ၏ စကားတစ်ခွန်းကြောင့် လူအားလုံး၏ အာရုံက ထိုနေရာသို့ ရောက်ရှိသွားပုံရ၏။

ချန်းရီသည်လည်း အပါအဝင်ပင် ဖြစ်သည်။

ထိုမိန်းမက ချန်းရီရှိရာသို့ အကြည့်ရောက်သွားချိန်တွင် မျက်စောင်းတစ်ချက် ထိုးလိုက်သေး၏။

ချန်းရီက သူ၏ နှာခေါင်းကို ပွတ်သပ်လိုက်သည်။

ဒီမိန်းမက ရူးနေတာများလား။

ချန်းရီသည် ဆေးလိပ်တစ်လိပ်ကို မီးညှိလိုက်ပြီး ဆေးလိပ်ငွေ့များကို အကွင်းလေးများဖြစ်အောင် မှုတ်ထုတ်ရင်း ပွဲကြည့်ရန် အသင့်ပြင်လိုက်၏။

ဘာပဲဖြစ်ဖြစ် ခေါင်းဆောင်က ငါမှမဟုတ်တာ... ချူချယ် ဘယ်လိုဖြေရှင်းမလဲဆိုတာပဲ စောင့်ကြည့်ရအောင်။

ယခုလို အချိန်မျိုးကြီးမှာတောင် ဒီလို အကွက်မျိုး လာနင်းမည့်သူ ရှိလိမ့်မည်ဟု ချူချယ်လည်း ထင်ထားခဲ့ပုံမရပေ။

ချူချယ်က ထိုမိန်းမကို ရယ်ချင်သောမျက်နှာဖြင့် ကြည့်လိုက်ပြီး ပြုံးလျက် "ဒါဆို ဘယ်လိုမျိုးက တရားမျှတတယ်လို့ ခင်ဗျား ထင်လို့လဲ"

ထိုမိန်းမက မျက်လုံးတစ်ချက် ဝေ့ကြည့်လိုက်ပြီး...

"အခုက ကမ္ဘာပျက်ကပ် ရောက်နေပြီလေ... ဒီလိုအချိန်မျိုးမှာ ရှင်တို့လို ယောက်ျားတွေက အများကြီး အလုပ်လုပ်ရမှာပေါ့... မိန်းမတွေကို ထမင်းဟင်းချက်ခိုင်းပြီး ယောက်ျားတွေက အဆင်သင့် ထိုင်စားနေကြတာ... ရှင်က ဘယ်လို ခေါင်းဆောင်လုပ်နေတာလဲ"

ချူချယ်က အမြဲတမ်း လူကောင်းတစ်ယောက်လို နေတတ်၍လည်း ဖြစ်နိုင်ပေသည်။

သို့တည်းမဟုတ် ထိုမိန်းမက ဤပတ်ဝန်းကျင်အသစ်သို့ ရောက်ခါစဖြစ်၍ လူအများ၏ အာရုံစိုက်မှုကို အမြန်ဆုံး ရယူလို၍လည်း ဖြစ်နိုင်၏။

မည်သည့် ရည်ရွယ်ချက်ကြောင့်ပင်ဖြစ်စေ ယာဉ်တန်းထဲရှိ အမျိုးသမီး အတော်များများ၏ မျက်လုံးများကတော့ အရောင်လက်သွားကြသည်။

အထူးသဖြင့် ယာဉ်တန်းထဲသို့ အသစ် ဝင်ရောက်လာကြသော အမျိုးသမီးများထဲမှ အတော်များများက ထိုမိန်းမရှိရာသို့ တိတ်တဆိတ် တိုးကပ်သွားကြ၏။

သို့သော် ထမင်းဟင်း ချက်ပြုတ်နေကြသော အမျိုးသမီးများကမူ ထိုမိန်းမက သူတို့၏ ထမင်းအိုးကို လာလုနေသကဲ့သို့ ဒေါသတကြီး စိုက်ကြည့်နေကြသည်။

သို့တိုင်အောင် အခြားသော အကြောင်းအရင်းများကြောင့် ဘာမှမပြောဘဲ နေနေကြပုံရ၏။

ချူချယ်က သူ၏ဘေးရှိ နာနာကို တစ်ချက် လှမ်းကြည့်လိုက်သည်။

နာနာက မျက်စောင်းတစ်ချက်ထိုးလိုက်ပြီး သူမ၏ ဓားရှည်ကြီးကို ပိုက်ကာ လှည့်ထွက်သွားလေသည်။

ချူချယ်က နူးညံ့စွာ ပြုံးလိုက်ပြီး "ဒါဆိုလည်း ဒီလိုလုပ်ဗျာ... အစ်မကြီးကျောက်... ခင်ဗျားတို့ အရင်နားလိုက်ကြဦး... ဦးလေးအာပေါင်... ခင်ဗျား ထမင်းချက်ဖို့ ယောက်ျားလေး နည်းနည်းလောက် သွားခေါ်လိုက်"

ဦးလေးအာပေါင်က ခေါင်းညိတ်ပြလိုက်ပြီး အသက်ရှင်ကျန်ရစ်သူ လူအုပ်ကြီးထဲသို့ ဝင်ကာ လူရွေးချယ်လေတော့သည်။

မကြာမီမှာပင် တရားမျှတမှုအတွက် ထွက်ရပ်တည်ပေးခဲ့သော ထိုမိန်းမသည် တစ်ခုခု မှားယွင်းနေကြောင်း သတိထားမိသွား၏။

သူမကြောင့် အလုပ်ပြုတ်သွားခဲ့ရသော အမျိုးသမီးများက သူမကို ကျေးဇူးတင်မနေဘဲ အမုန်းတရားများဖြင့်သာ စိုက်ကြည့်နေကြသည်။

ဦးလေးအာပေါင် အမိန့်ရပြီးနောက်တွင်မူ ယောက်ျားအတော်များများက သူ့ထံသို့ အလုအယက် ပြေးသွားကြပြီး "ဦးလေးအာပေါင်... ကျွန်တော့်ကို ရွေးပါ... ကျွန်တော်က အရင်က စားဖိုမှူး လုပ်ခဲ့တာပါ"

ထိုမိန်းမမှာ သိပ်ပြီး နားမလည်နိုင်အောင် ဖြစ်သွားသည်။

သူမက သူမတို့အုပ်စု အကျိုးအတွက် တောင်းဆိုပေးခဲ့ခြင်း ဖြစ်သည်။

သို့သော် အဘယ်ကြောင့် ထိုအမျိုးသမီးများက သူမကို မလိုလားသော အကြည့်များဖြင့် ကြည့်နေကြသနည်း။

ကံကောင်းသည်က အချို့သော သူများကတော့ သူမကို ခင်မင်ရင်းနှီးသော အကြည့်များဖြင့် ကြည့်နေကြဆဲပင်။

ထိုမိန်းမ၏ အတွေးက အလွန် ရိုးရှင်းလှသည်။ စိမ်းသက်သော ပတ်ဝန်းကျင်အသစ်တစ်ခုသို့ ရောက်ရှိလာချိန်တွင် မိမိ၏ ဩဇာအာဏာကို တည်ဆောက်ရန်နှင့် လူအုပ်စုတစ်စုကို အမြန်ဆုံး စုစည်းနိုင်ရန်အတွက် အကောင်းဆုံးနည်းလမ်းမှာ ထိုလူတစ်စု၏ အကျိုးစီးပွားကို ကိုယ်စားပြုပေးခြင်းပင် ဖြစ်သည်။

မကြာမီမှာပင် ထမင်းဟင်း ချက်ပြုတ်ပြီးစီးသွား၏။

ထမင်းဟင်း အနံ့အသက်များက စခန်းတစ်ခုလုံးတွင် သင်းပျံ့နေသည်။

လုချန်မြို့မှ ထွက်ပြေးလွတ်မြောက်လာကြသော ထိုအသက်ရှင်ကျန်ရစ်သူများမှာ ဆာလောင်လွန်း၍ မျက်လုံးများပင် ပြာနေကြပြီ ဖြစ်သည်။

ယခင်အချိန်များကသာဆိုလျှင် ဤကဲ့သို့သော ဆန်ပြုတ်နှင့် မုန်လာဥချဉ်ဖတ်မျိုးကို သူတို့ မျက်စိစောင်း၍ပင် ကြည့်ကြမည် မဟုတ်ပေ။

သို့သော် ယခုအချိန်တွင်မူ ဤဆန်ပြုတ်နှင့် ချဉ်ဖတ်တစ်ပန်းကန်သည် ကမ္ဘာပေါ်တွင် အကောင်းဆုံးသော အရသာရှိလှသည့် ဟင်းပွဲကြီးတစ်ပွဲ ဖြစ်နေတော့သည်။

ယာဉ်တန်းထဲရှိ မူလ အသက်ရှင်ကျန်ရစ်သူများပင်လျှင် တံတွေးများ မျိုချနေကြရ၏။

ယာဉ်တန်းထဲရှိ လူအများစုမှာ ရိက္ခာပစ္စည်းများ သိပ်မကျန်တော့သည်ကို သိထားရမည် ဖြစ်သည်။

အကယ်၍ ရိက္ခာ ဖြည့်တင်းနိုင်မည့် နေရာကိုသာ ထပ်မရှာနိုင်ပါက မကြာမီ အချိန်အတွင်းမှာပင် အားလုံး အငတ်ဘေးဆိုက်ကာ သေကုန်ကြတော့မည် ဖြစ်သည်။

ချန်းရီက ဆေးလိပ်ငွေ့တစ်ကွင်းကို မှုတ်ထုတ်လိုက်ပြီး စိတ်ဝင်တစား ဖြစ်လာခဲ့သည်။

ပွဲကောင်းတစ်ပွဲ စတင်တော့မည် ဖြစ်သည်။

တကယ်ကိုပင် ထမင်းစားပြီးသွားသောအခါ အစောပိုင်းက ထမင်းချက်ရာတွင် ကူညီခဲ့ကြသော ယောက်ျားများ အားလုံး ခေါင်းဆောင်ထံမှ အဖိုးအခအချို့ ရရှိခဲ့ကြသည်။

ပေါင်မုန့် အတုံးသေးသေးလေး တစ်တုံးသာ ဖြစ်သော်လည်း အခြားသူများ၏ သွားရည်ကျလောက်စရာ ဖြစ်နေခဲ့သည်။

အစောပိုင်းက ပြဿနာရှာခဲ့သော မိန်းမမှာ ထိုယောက်ျားများ ဝမ်းသာအားရဖြင့် ပေါင်မုန့်တစ်တုံးစီ ရသွားသည်ကို ကြည့်ရင်း ကြက်သေ သေသွားတော့၏။

"ဖြန်း"

တိတ်ဆိတ်ငြိမ်သက်နေသော ညဉ့်ယံတွင် ပါးရိုက်သံကြီး တစ်ချက် ထွက်ပေါ်လာသည်။

"ခွေးမ... နင်သာ ဝင်မပါရင် အဲဒီပေါင်မုန့်က ငါ့ဟာဖြစ်နေပြီ... ငါ ထမင်းမစားရတာ တစ်ရက်တောင် ရှိနေပြီ... အကုန်လုံး နင့်ကြောင့်ဖြစ်ရတာ"

ဆံပင်ကောက်ကောက်နှင့် လူလတ်ပိုင်းအရွယ် အဒေါ်ကြီးတစ်ယောက်က ကြောင်အမ်းနေသော ထိုမိန်းမ၏ ပါးကို အားကုန် လွှဲရိုက်လိုက်ခြင်း ဖြစ်သည်။

"ရိုက်စမ်းပါ... ဒီခွေးမကြောင့်သာ မဟုတ်ရင် ခေါင်းဆောင်ချူက အဲဒီအခွင့်အရေးကို တခြားသူတွေကို ပေးမှာမဟုတ်ဘူး... သေအောင်သာ ရိုက်ပစ်"

ထိုမိန်းမမှာ တုံ့ပြန်ရန် အချိန်ပင် မရလိုက်ဘဲ အခြား အဒေါ်ကြီးတစ်ယောက်၏ ဆံပင်ဆွဲခြင်းကိုပါ ခံလိုက်ရပြန်သည်။

"ရှင်တို့... အား... ကျွန်မက ရှင်တို့ ကောင်းဖို့အတွက် လုပ်ပေးတာလေ..."

"ကောင်းဖို့အတွက် ဟုတ်လား... ဒီခွေးမကတော့လေ..."

ချန်းရီသည် ကားပေါ်သို့ ပြန်လှဲချလိုက်ပြီး ကောင်းကင်ယံမှ ကြယ်လေးများကို မော့ကြည့်နေလိုက်သည်။ မှိန်ဖျော့ဖျော့ လင်းလက်နေသော မီးရောင်လေးက ချန်းရီ၏ မျက်ခုံးနှင့် မျက်လုံးများကို လင်းထိန်သွားစေ၏။

သွေးရောင်လမင်းကြီးက မလှမ်းမကမ်းတွင် ရှိနေသော်လည်း ချန်းရီသည် ထိုဘက်သို့ လှည့်ကြည့်ရန်ပင် စိတ်ကူးမရှိခဲ့ပေ။

ချန်းရီသည် အခြေအနေကို ရှင်းလင်းစွာ မြင်သာသွားခဲ့ပြီ ဖြစ်သည်။

ချူချယ်က ပုံမှန်အားဖြင့် အသံတိတ်နေတတ်သော်လည်း ဤမျှလောက်အထိ အကွက်မြင်လိမ့်မည်ဟု ထင်မထားခဲ့ပေ။

ယာဉ်တန်းထဲရှိ လူအချို့တွင် ရိက္ခာများ ပြတ်လပ်နေပြီ ဆိုသည်ကို ချူချယ်က စောစောစီးစီးကတည်းက ရိပ်မိနေခဲ့ပုံရသည်။

ထို့ကြောင့် ထိုသူများကို အလုပ်လုပ်ရန် အခွင့်အရေး တစ်ခု ဖန်တီးပေးခဲ့ခြင်း ဖြစ်၏။

ထိုသို့သော အခြေအနေတွင် အမှတ်မထင် ဤမိန်းမက ထွက်၍ ပြဿနာရှာခဲ့သည်။

ထို့ကြောင့် ချူချယ်သည်လည်း အခြေအနေကို အခွင့်ကောင်းယူကာ ပြဿနာရှာသော ထိုမိန်းမကို တိုက်ရိုက် သင်ခန်းစာ ပေးလိုက်ခြင်းပင်။

ကြည့်ရသည်မှာ ဤခေါင်းဆောင်ကလည်း သာမန်လူ တစ်ယောက်တော့ မဟုတ်သည့်ပုံပင်။

သူ၏ နားထဲတွင်တော့ ထိုမိန်းမ၏ အသည်းခိုက်မတတ် အော်ဟစ်သံများကို ကြားနေရ၏။

ကမ္ဘာပျက်ကပ် ရောက်နေပြီဖြစ်ပါလျက် အချို့သော လူများမှာ သူတို့၏ စိတ်နေသဘောထားကို ပြင်ဆင်နိုင်ခြင်း မရှိကြသေးပေ။

တကယ်ကို ခံသင့်ခံထိုက်ပါသည်။

ချန်းရီက သုံးဘီးဆိုင်ကယ် နောက်ခန်းထဲတွင် သက်သောင့်သက်သာ လှဲလျောင်းနေလိုက်သည်။

ကားနောက်ခန်းထဲတွင် အိပ်ရသည်က မြေပြင်ပေါ်တွင် အိပ်ရသည်ထက် အများကြီး ပို၍ သက်သောင့်သက်သာ ရှိလှ၏။

ယာဉ်တန်းကြီးက ရှေ့သို့ ဆက်လက် ချီတက်ခဲ့သည်။

ချူချယ်၏ အပြောအရဆိုလျှင် နောက်ထပ် နှစ်ရက် ကြာပါက ချန်ရှုရွာသို့ ရောက်ရှိမည် ဖြစ်သည်။

ထိုနေရာသည် ချူချယ် သေချာ ရွေးချယ်ထားသော ရိက္ခာဖြည့်တင်းရန် နေရာတစ်ခု ဖြစ်၏။

မိုးလင်းသွားသောအခါ...

ချန်းရီက ဂတ်စ်မီးဖိုလေးကို ထုတ်၍ မီးညှိလိုက်ပြီး ရေသန့်ဘူး တစ်ဝက်ခန့်ကို အိုးထဲသို့ လောင်းထည့်လိုက်သည်။

ထို့နောက် ဆန်တစ်ခွက်ခန့် ထည့်ကာ အဖုံးအုပ်ပြီး ထမင်းကျက်သည်အထိ စောင့်နေလိုက်၏။

နာနာ့ဆီမှ လဲလှယ်ရရှိထားသော ဓားမဖြင့် ဝက်အူချောင်း အနည်းငယ်ကို လှီးဖြတ်ကာ အိုးထဲသို့ ထည့်လိုက်သည်။ ထို့နောက် ဆီအနည်းငယ် ထည့်ပြီး လွန်ခဲ့သော ရက်အနည်းငယ်က လမ်းဘေးမှ ခူးလာခဲ့သော တောဟင်းရွက်များကိုပါ ရောထည့်လိုက်၏။

ဤသို့ဖြင့် ဤကဲ့သို့သော ပတ်ဝန်းကျင်မျိုးတွင် တောဟင်းရွက်နှင့် ဝက်အူချောင်းကြော် တစ်ပွဲက တဖြည်းဖြည်း အဆင်သင့် ဖြစ်လာခဲ့သည်။

ချန်းရီ၏ ဟင်းချက်လက်ရာက သာမန်မျှသာ ဖြစ်သော်လည်း ဤကဲ့သို့သော အခြေအနေမျိုးတွင် ဤကဲ့သို့ စားသောက်ရခြင်းကပင် အတော်လေး ရှားပါးလှပြီ ဖြစ်သည်။

အသစ် ရောက်လာကြသော အသက်ရှင်ကျန်ရစ်သူများက ချန်းရီရှိရာသို့ လှမ်းကြည့်ရင်း နှာခေါင်းများကို အဆက်မပြတ် ရှုံ့ပွရှုံ့ပွ လုပ်နေကြ၏။

သူတို့၏ ယနေ့ စားစရာမှာလည်း ဆန်ပြုတ်နှင့် မုန်လာဥချဉ်ဖတ်သာ ဖြစ်နေဆဲပင်။

ချန်းရီ၏ အစားအသောက်နှင့် ယှဉ်လိုက်ပါက မိုးနှင့်မြေလို ကွာခြားနေသည်။

ချန်းရီသည်လည်း ထိုသူများကို ဂရုစိုက်မနေတော့ဘဲ ဟင်းကျက်သွားချိန်တွင် တောဟင်းရွက် ဝက်အူချောင်းကြော်ကို ထမင်းထဲသို့ တိုက်ရိုက် လောင်းထည့်ကာ စတင် စားသောက်လေတော့သည်။

နောက်ဆုံးတွင်တော့ တစ်ယောက်ယောက်က မနေနိုင်တော့ပေ။

"ကောင်လေး... နင့်ရဲ့ ထမင်းနည်းနည်းလောက် အဒေါ်ရဲ့ မြေးလေးကို ခွဲကျွေးလို့ ရမလား... သူ အသားမစားရတာ အရမ်းကြာနေပြီမို့လို့ပါ"

"ကလေးက ငယ်သေးတော့ အာဟာရမပြည့်ရင် ခန္ဓာကိုယ်အတွက်လည်း မကောင်းဘူးလေ"

ချန်းရီက ခေါင်းမော့ကြည့်လိုက်ရာ အဒေါ်ကြီးတစ်ယောက်က ကလေးငယ်တစ်ယောက်ကို ဆွဲထားပြီး သူ့အား သနားစဖွယ် ကြည့်နေသည်ကို မြင်လိုက်ရသည်။

သို့သော် ထိုကလေးငယ်ကမူ ဘာကိုမျှ ဂရုမစိုက်ဘဲ လက်လှမ်းလာခဲ့ပြီ ဖြစ်၏။

ချန်းရီ ဘာမှမပြောရသေးမီမှာပင် ထိုကလေးက ချန်းရီ၏ ထမင်းပန်းကန်ကို ကိုင်ကာ အတင်း လုယူရန် ကြိုးစားနေပြီ ဖြစ်သည်။

ချန်းရီ၏ မျက်နှာပေါ်မှ အမူအရာက ချက်ချင်းပင် အုံ့မှိုင်းသွားတော့သည်။

ယခင်ကလည်း အကျင့်စရိုက်ဆိုးသော ကလေးများကို မြင်ဖူးခဲ့သော်လည်း ဤမျှလောက်အထိ အမြင်ကတ်စရာကောင်းသော ကလေးမျိုးကိုမူ မမြင်ဖူးခဲ့ပေ။

ငါက ကျွေးမယ်လို့တောင် သဘောမတူရသေးဘူး... ကိုယ့်ဘာသာ အတင်းဝင်လုနေတာပဲ။

ထမင်းပန်းကန်က ချန်းရီ၏ လက်ထဲတွင် နည်းနည်းမျှပင် လှုပ်ရှားမသွားခဲ့ပေ။

ထိုအဒေါ်ကြီးကမူ မမြင်သကဲ့သို့ ဟန်ဆောင်ကာ ချန်းရီကို ဖားယားယား ပြုံးပြနေ၏။

"ပေး... ပေးစမ်း"

"ငါ စားချင်တယ်... ငါ့ဟာ"

ထိုကလေးဆိုး၏ စူးရှသော အော်ဟစ်သံက ချန်းရီ၏ နားထဲတွင် ပဲ့တင်ထပ်သွားပြီး ချန်းရီ၏ မျက်မှောင်များပင် တွန့်ချိုးသွားစေသည်။

သူက မူလကတည်းက ကလေးများအပေါ်တွင် သည်းခံနိုင်စွမ်း သိပ်မရှိလှပေ။

အထူးသဖြင့် ဤကဲ့သို့သော ကလေးဆိုးမျိုး ဆိုလျှင်တော့ သူက ပို၍ပင် သည်းမခံနိုင်တော့ပေ။

ယခင်က လမ်းမများပေါ်တွင် လုံခြုံရေးကင်မရာများ ပြည့်နှက်နေသဖြင့် ချန်းရီမှာ အနည်းငယ် စိုးရိမ်ပူပန်မှုများ ရှိခဲ့သေး၏။

ဒါပေမဲ့ အခုတော့...

ဒီကလေးဆိုး ပါးစပ်ပိတ်သွားအောင် လုပ်ဖို့ ချန်းရီ့မှာ နည်းလမ်းပေါင်းစုံ ရှိနေပြီ ဖြစ်သည်။

ဆက်ရန်...

All Chapters