← Chapters

အခန်း ၁၉

Vol. 1 Ch. 19

အခန်း ၁၉

Vol. 1 Ch. 19

အပိုင်း (၁၉) ကုဒ်နံပါတ်က ၀၁၂၅၇ ထူးဆန်းသောပစ္စည်း

ယခုဆိုလျှင် နိုဝင်ဘာလဆန်းသို့ ရောက်ရှိနေပြီဖြစ်ရာ ရာသီဥတုက စတင် အေးမြလာပြီ ဖြစ်၏။

ချန်းရီက သုံးဘီးဆိုင်ကယ်ပေါ်တွင် စီးနင်းလိုက်ပါလာရင်း မျက်နှာကို လာရောက် တိုက်ခတ်နေသော လေပြေများထဲတွင် အအေးဓာတ် အနည်းငယ် ပါဝင်နေသည်ကို ခံစားနေရသည်။

နောက်တစ်ကြိမ် ရိက္ခာပစ္စည်းများ ရှာဖွေစုဆောင်းသည့်အခါ အအေးဒဏ်ကို ကာကွယ်နိုင်မည့် အဝတ်အစားတချို့ကိုပါ စုဆောင်းနိုင်လျှင် အကောင်းဆုံး ဖြစ်ပေလိမ့်မည်။

ထိုသို့မဟုတ်ပါက ဆောင်းရာသီသို့ ရောက်သောအခါ အအေးဒဏ်ကြောင့် အသေအချာပင် အေးခဲသေဆုံးသွားနိုင်သည်။

ထို့အပြင် သုံးဘီးဆိုင်ကယ်ကိုလည်း ပြုပြင်မွမ်းမံရန် လိုအပ်နေသေး၏။

သင့်တော်သော ပစ္စည်းအပိုအချို့ကို ရှာဖွေကာ စက်ဘီးနောက်ခန်းတွင် အမိုးတစ်ခု တပ်ဆင်ရမည်။ သို့မှသာ နောက်ခန်းက လုံခြုံသော နေရာတစ်ခုအဖြစ် ပြောင်းလဲသွားမည် ဖြစ်သည်။

စက်ဘီးခေါင်းပိုင်းတွင်လည်း အမိုး တပ်ဆင်ရန် လိုအပ်ပေသည်။

လွန်ခဲ့သော ရက်အနည်းငယ်က မိုးရွာစဉ် ကြုံတွေ့ခဲ့ရသည့် ဒုက္ခမျိုးကို ချန်းရီက ထပ်မံ မခံစားချင်တော့ပေ။

ဤသို့ တွက်ချက်ကြည့်မည်ဆိုလျှင် လိုအပ်မည့် သတ်ဖြတ်မှတ် အရေအတွက်မှာ နည်းနည်းနောနော ဖြစ်မည် မဟုတ်ချေ။

ထို့အပြင် လက်ရှိ သုံးဘီးဆိုင်ကယ်၏ စွမ်းအင်က အနည်းငယ် လိုအပ်ချက် ရှိနေသေးရာ ဘီးသုံးဘီးဆွဲ သို့မဟုတ် လေးဘီးဆွဲ အဖြစ် ပြောင်းလဲနိုင်ပါက ပို၍ ကောင်းမွန်ပေလိမ့်မည်။

ကံကောင်းသည်မှာ ဤတစ်ကြိမ်တွင် ချန်းရီက လုံလောက်သော ဒူးလေးမြှားများကို ပြင်ဆင်ထားခဲ့ခြင်းပင်။

ချန်ရှုရွာသို့ ရောက်ရှိ၍ အကြီးအကျယ် သတ်ဖြတ်ပွဲ ဆင်နွှဲပြီးသွားပါက သတ်ဖြတ်မှတ် အမြောက်အမြား ရရှိလာမည်ဟု တွေးတောထားသည်။

ချန်းရီ၏ သုံးဘီးဆိုင်ကယ်က လမ်းကြမ်းမောင်းကားများ၊ ဘတ်စ်ကားများလောက် သက်တောင့်သက်သာ မရှိသော်ငြားလည်း။

အခြားလူများစွာ၏ အခြေအနေထက်မူ အဆပေါင်းများစွာ သာလွန်နေသေးသည်။

မနေ့ညကမှ အသစ်ဝင်ရောက်လာသော အသက်ရှင်ကျန်ရစ်သူများတွင် ကားတစ်စီးနှင့် ဆိုင်ကယ်နှစ်စီးသာ ပါရှိကြ၏။

ကျန်ရှိနေသော လူများမှာမူ မည်သည့် ယာဉ်မျှ မရှိကြပေ။

စက်ဘီးတစ်စီးပင် ရှိမနေကြချေ။

ကံကောင်းသည်မှာ ယာဉ်တန်း၏ ပုံမှန် သွားနှုန်းက သိပ်မမြန်ခြင်းပင် ဖြစ်သည်။

ထို့ကြောင့် ခြေလျင်လျှောက်နေသူများပင် နောက်ကနေ အမီ လိုက်နိုင်ကြသည်။

ထယ်ရှီး၏ ဘတ်စ်ကားထဲတွင်လည်း လူများ ပြည့်နှက်သွားပြန်၏။

မူလက ရှင်းဟွာမြို့တွင် ရှိနေစဉ်က ဘတ်စ်ကားထဲရှိ လူများ၏ ထက်ဝက်နီးပါးခန့် သေဆုံးဆုံးရှုံးခဲ့ရသည်။

မနေ့ညက လူအသစ်များ ထပ်မံဖြည့်တင်းပြီးနောက်တွင် ဤတစ်ကြိမ်၌ ဘတ်စ်ကား တစ်စီးလုံး အပြည့် ဖြစ်သွားခဲ့သည်။

ဤလူကောင်ကြီးက အတော်လေး စိတ်ထားနူးညံ့သေးကြောင်း ဝန်ခံရပေမည်။

ချူချယ်နှင့် နာနာတို့၏ လမ်းကြမ်းမောင်းကားထဲတွင်မူ လူသစ်များကို လက်ခံထားခြင်း မရှိပေ။

သူတို့နှစ်ယောက်၏ ကားထဲတွင် လူသုံးယောက်အချိုးဖြင့်သာ ဆက်လက် ထိန်းသိမ်းထားသည်။

ချန်းရီ၏ သုံးဘီးဆိုင်ကယ်ကိုမူ လူအများအပြားက မျက်စိကျနေကြ၏။

သို့သော် ချန်းရီ၏ ယခင်က ပြသခဲ့သော ပြတ်သားသည့် အပြုအမူများကြောင့် လူအများစုမှာ သူ့ကို ကြောက်ရွံ့နေကြပြီး ပြဿနာ အများကြီး လာမရှာရဲကြပေ။

ပထမနေ့၏ ခရီးစဉ်က ဤသို့ဖြင့် အဆုံးသတ်သွားခဲ့သည်။

ညအချိန် ရောက်ရှိလာမှသာ ချူချယ်က ယာဉ်တန်းကို ဦးဆောင်ကာ လုံခြုံသော ခိုလှုံရာနေရာတစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။

သွေးရောင်လမင်းကြီးက ဘယ်အချိန်ကတည်းက ကောင်းကင်ယံသို့ တိတ်တဆိတ် တက်လာမှန်း မသိရဘဲ ကောင်းကင်နှင့် မြေကြီးကြားတွင် မှိန်ဖျော့ဖျော့ သွေးရောင်တစ်လွှားကို လွှမ်းခြုံပေးထားသည်။

ညစာအဖြစ် ထောက်ပံ့ပေးသည်မှာလည်း ဆန်ပြုတ်နှင့် ဟင်းသီးဟင်းရွက်ဆားနယ်တို့သာ ဖြစ်၏။

သို့သော် ယနေ့ည၏ ဆန်ပြုတ်မှာ မနေ့ကနှင့် ယှဉ်လျှင် အတော်လေး ကျဲနေပြီး လူရိပ်ပင် ထင်ဟပ်နေသည်အထိ ဖြစ်နေသည်။

လူအများအပြားက မကျေမနပ်ဖြင့် ကန့်ကွက်သံများ ထွက်ပေါ်လာကြသည်။

ချူချယ်က စကားတစ်ခွန်းတည်းဖြင့်သာ တုံ့ပြန်ခဲ့သည်။

"မကျေနပ်တဲ့သူတွေ အချိန်မရွေး ထွက်သွားလို့ရတယ်"

ချန်းရီကတော့ သူ၏ ညံ့ဖျင်းလှသော ဟင်းချက်လက်ရာဖြင့်ပင် ကိုယ်ပိုင် ညစာတစ်နပ်ကို ချက်ပြုတ်ခဲ့သည်။

ချက်ထားသည်က သိပ်စားမကောင်းလျှင်တောင်မှ ချန်းရီ၏ ညစာကို ကြည့်ပြီး သွားရည်ကျနေသူများ အများအပြား ရှိနေသေး၏။

ဝက်သားပြား ခပ်ကြီးကြီးများနှင့် ထမင်းဖြူများက လူများစွာကို တံတွေးမျိုချစေသည်။

မလှမ်းမကမ်းတွင်လည်း အမုန်းတရားများ ပြည့်နှက်နေသော မျက်လုံးတစ်စုံက သူ့ဘက်သို့ မကြာခဏ လှမ်းကြည့်နေသည်။

ချန်းရီက လှည့်ကြည့်သည့် အကြိမ်တိုင်းတွင် ဘာမှမဖြစ်သကဲ့သို့ ဟန်ဆောင်နေသော မျက်နှာများကိုသာ တွေ့ရသည်။

ချန်းရီ မျက်မှောင်ကြုတ်သွား၏။ အဘွားနှင့် မြေး နှစ်ယောက်မှလွဲ၍ သူ အခြားမည်သူ့ကိုမျှ အပြစ်မလုပ်ထားခဲ့မိပေ။

သူ့အပေါ် ဤမျှလောက် အမုန်းပွားနေသူက ဘယ်သူများ ဖြစ်နေမလဲ။

ဤသည်က သူ၏ စိတ်ထင်ယောင်ထင်မှား ဖြစ်မှု လုံးဝ မဖြစ်နိုင်ပေ။

ညဘက်တွင်လည်း ဆိုင်ကယ်နောက်ခန်းထဲ၌သာ အိပ်စက်ခဲ့သည်။

နောက်ခန်းထဲတွင် အဝတ်အစားများ ခင်းထားသဖြင့် ညအိပ်သည့်အခါ အလွန် သက်တောင့်သက်သာ ရှိလှသည်။

ဆေးလိပ်တစ်လိပ်ကို မီးညှိကာ မီးခိုးကွင်းများ မှုတ်ထုတ်ရင်း နီကိုတင်းက တစ်နေ့တာလုံး၏ ပင်ပန်းနွမ်းနယ်မှုများကို လျော့ကျသွားစေသည်။

ရေမချိုးရသည်မှာလည်း ရက်ပေါင်းများစွာ ကြာမြင့်နေခဲ့ပြီ ဖြစ်၏။

ခန္ဓာကိုယ်ကို ရေနွေးနွေးလေးဖြင့် ဆေးကြောရသည့် သက်တောင့်သက်သာ ခံစားမှုကိုပင် မေ့လျော့နေပြီ ဖြစ်သည်။

အကယ်၍ ရေချိုးရန် နေရာတစ်ခုခုသာ ရှာတွေ့နိုင်ပါက ၎င်းသည် အကြီးမားဆုံးသော ဇိမ်ကျမှုတစ်ခု ဖြစ်ပေလိမ့်မည်။

သိထားရမည်မှာ ကမ္ဘာပျက်ကပ် မတိုင်မီက ချန်းရီသည် နေ့စဉ်လိုလို ရေချိုးလေ့ရှိသူ ဖြစ်သည်။

ယခုအခါတွင်မူ ချန်းရီက သူ၏ ခန္ဓာကိုယ် အစိတ်အပိုင်း အချို့တွင် ချေးများပင် ထူထပ်နေပြီဟု ခံစားနေရသည်။

ချန်းရီ အိပ်မပျော်ခင်မှာပင် ဦးလေးအာပေါင် ရောက်လာခဲ့သည်။

"ဆရာချန်း... ခေါင်းဆောင်ချူက အစည်းအဝေးလုပ်ဖို့ လာခဲ့ပါဦးတဲ့"

ချန်းရီက ဦးလေးအာပေါင်၏ နောက်မှလိုက်ကာ ယာဉ်တန်းတွင် အကြီးဆုံးဖြစ်သော တဲအတွင်းသို့ ဝင်သွားသည်။

ထိုအချိန်၌ တဲထဲတွင် လူအတော်များများ ထိုင်နေကြပြီ ဖြစ်၏။

ခေါင်းဆောင်ချူချယ်၊ ဓားနတ်ဘုရား မိန်းကလေး နာနာနှင့် အရပ် ခြောက်ပေခွဲကျော် မြင့်သော လူ့ဘီလူးကြီး ထယ်ရှီးတို့ ဖြစ်ကြသည်။

ထယ်ရှီး၏ ပြတ်တောက်သွားခဲ့သော လက်မောင်းမှာ ယခုအခါ လုံးဝ ပြန်လည် ကောင်းမွန်နေပြီ ဖြစ်သည်။

ဤသည်က တိုက်တန် လမ်းစဉ်၏ မွေးရာပါ စွမ်းရည်များလား။

အလွန် အစွမ်းထက်လှသော ပြန်လည်ကုစားနိုင်စွမ်းပင်။

"ချန်းရီ... မင်းရောက်လာပြီလား... မြန်မြန် ထိုင်"

ထယ်ရှီးက သူ့ဘေးရှိ နေရာကို ရိုးအအဖြင့် ပုတ်ပြကာ ချန်းရီကို ထိုင်ရန် အချက်ပြသည်။

ရှင်းဟွာမြို့တွင် ရှိစဉ်က လူတိုင်း ထွက်ပြေးနေကြချိန်၌ ချန်းရီက ထိုမြှားတစ်စင်းကို ရဲဝံ့စွာ ပစ်ခတ်နိုင်ခဲ့ခြင်းကြောင့် ဤလူကောင်ကြီးက ချန်းရီအပေါ် အမြင်ကောင်းနေခြင်း ဖြစ်နိုင်သည်။

အပြန်အလှန် နှုတ်ဆက်စကား အနည်းငယ် ပြောပြီးနောက် အစည်းအဝေးကို အမြန် စတင်လိုက်ကြသည်။

"ဒီအသစ်ဝင်လာတဲ့ အသက်ရှင်ကျန်ရစ်သူတွေထဲမှာ ရွှီကျောင်းကျောင်းဆိုတဲ့ မိန်းမက တော်တော် ပြဿနာများတယ်... ငါသိရသလောက်တော့ အဲဒီမိန်းမက ကမ္ဘာမပျက်ခင်က အင်တာနက်ပေါ်က အမျိုးသမီးအခွင့်အရေး တက်ကြွလှုပ်ရှားသူ ဘလော့ဂါတစ်ယောက်ပဲ"

"အဲဒီ ရွှီကျောင်းကျောင်းက စခန်းထဲမှာ လူဆယ်ယောက်ကျော်လောက်ကို စည်းရုံးထားပြီးပြီ... တစ်ခုခုလုပ်ဖို့ ကြံစည်နေတဲ့ပုံပဲ"

ချူချယ်က ချန်းရီအတွက် လက်ဖက်ရည် တစ်ခွက် ငှဲ့ပေးပြီးနောက် ပြောဆိုခြင်း ဖြစ်သည်။

ခေါင်းဆောင်ချူ၏ စကားသံက လေးလေးမှန်မှန်ဖြစ်ပြီး လုံးဝ သက်ဆိုင်ခြင်းမရှိသော ကိစ္စတစ်ခုကို ပြောနေသကဲ့သို့ပင်။

မျက်နှာပေါ်ရှိ နူးညံ့သိမ်မွေ့သော အမူအရာကလည်း သိပ်ပြီး ပြောင်းလဲမသွားပေ။

နာနာက မကျေမနပ်ဖြင့် ပြောလာသည်။

"အခု ကမ္ဘာပျက်ကပ် ရောက်နေပြီကို ဒီလူတွေက မငြိမ်ကြသေးဘူး"

"အခုက ကမ္ဘာပျက်ကပ်လေ... ကမ္ဘာကြီးက အရင်တုန်းကနဲ့ လုံးဝ မတူတော့ဘူး"

"ထယ်ရှီး... ချန်းရီ... ရှင်တို့က ဒီကိစ္စကို ဘယ်လိုမြင်လဲ"

ထယ်ရှီးက ခေါင်းကို ကုတ်ကာ ရိုးအအ ရယ်မောသည်။

"မင်းတို့ ဘာလုပ်လုပ်ပါ... ငါကတော့ မင်းတို့ပြောတဲ့အတိုင်းပဲ... ဟီးဟီး"

နာနာက သူမ၏ လှပသော မျက်လုံးများကို မျက်စောင်းထိုးကာ ချန်းရီဘက်သို့ လှည့်ကြည့်သည်။

ချန်းရီက သွားဖြဲကာ ရယ်မောသည်။

"အပိုလုပ်နေတဲ့သူတွေပါပဲ... အခုက ကမ္ဘာပျက်ကပ်ရောက်နေပြီ... သဘာဝလွန်လမ်းစဉ်သာ မရှိရင် ဒီလူတွေ တစ်ရက်တောင် အသက်ရှင်နိုင်မှာ မဟုတ်ဘူး"

"ခေါင်းဆောင်ချူ ပြောချင်တာက ဒါတော့ မဟုတ်လောက်ဘူးမလား"

ချန်းရီက ခေါင်းဆောင်ချူ ပေးသော လက်ဖက်ရည်ကို တစ်ကျိုက်တည်းနှင့် သောက်ချပစ်သည်။

သိထားရမည်မှာ လက်ရှိ အခြေအနေမျိုးတွင် လက်ဖက်ရည် တစ်ငုံ သောက်ရရန်မှာ လွယ်ကူသော ကိစ္စရပ် မဟုတ်ပေ။

ထို့ကြောင့် ခေါင်းဆောင်ကို လာတွေ့ရသည့် အကြိမ်တိုင်းတွင် ချန်းရီက အမြဲတမ်း တစ်ငုံပိုသောက်ရလျှင် တစ်ငုံပိုအမြတ် ဆိုသည့် အတွေးမျိုးကို တွေးထားတတ်သည်။

အခြား နှစ်ယောက်ကလည်း အလားတူ တွေးထားကြမည်ဟု ခန့်မှန်းရ၏။

သူတို့နှစ်ယောက်၏ ရှေ့ရှိ လက်ဖက်ရည် ပန်းကန်လုံးများမှာလည်း အလွတ် ဖြစ်နေကြပြီ ဖြစ်သည်။

ခေါင်းဆောင်ချူချယ်ကမူ မမြင်လိုက်သကဲ့သို့သာ နေသည်။

လက်ဖက်ခြောက်ကဲ့သို့သော ရိက္ခာပစ္စည်းမျိုးမှာ ယခုအခါတွင် သူ့၌ပင် များများစားစား ရှိမနေတော့ချေ။

"တကယ်တော့ ဒီကိစ္စကို ပြောချင်တာ မဟုတ်ဘူး... ငါ ခန့်မှန်းထားတာက မနက်ဖြန် မနက်ပိုင်းလောက်ဆိုရင် ငါတို့ ချန်ရှုရွာကို ရောက်နိုင်တယ်"

"မင်းတို့ကို ခေါ်လိုက်တာက မနက်ဖြန် မနက်ပိုင်းအတွက် အစီအစဉ်ကို ဆွေးနွေးချင်လို့ပဲ"

ရိက္ခာဖြည့်တင်းရမည့် နေရာသို့ မကြာမီ ရောက်တော့မည်ကို ကြားရသောအခါ လူတိုင်း၏ မျက်နှာအမူအရာများမှာ အနည်းငယ် လေးနက်သွားကြသည်။

သိထားရမည်မှာ ကမ္ဘာပျက်ကပ် မတိုင်မီက မြို့ရွာများ အားလုံးသည် ယခုအခါ လူသားတို့အတွက် တားမြစ်နယ်မြေများ ဖြစ်သွားကြပြီဖြစ်ပြီး အထဲတွင် အဆုံးအစမရှိသော အန္တရာယ်များ ကိန်းအောင်းနေကြသည်။

တစ်ချက်လေး သတိလွတ်သွားသည်နှင့် သေမင်းနိုင်ငံသို့ ရောက်ရှိသွားနိုင်သည်။

ဥပမာအားဖြင့် ယခင်က ရှင်းဟွာမြို့ကို ကြည့်နိုင်သည်။

ယာဉ်တန်းတစ်ခုလုံးရှိ လူဦးရေ၏ ထက်ဝက်တိတိ လျော့ကျသွားခဲ့ရသည်။

ချူချယ်က ရေဒီယိုတစ်လုံးကို ထုတ်ယူကာ လူအားလုံး၏ ရှေ့တွင် ကလိနေသည်။

ချန်းရီ အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွား၏။

နေပါဦး... ချန်ရှုရွာကိစ္စကို ပြောမလို့ မဟုတ်ဘူးလား။ ဘာဖြစ်လို့ ရုတ်တရက်ကြီး ရေဒီယိုတစ်လုံးကို ထုတ်လာရတာလဲ။

ဒီလောက်တောင် အားယားနေလို့လား။

ချန်းရီ၏ စူးစမ်းချင်နေသော အကြည့်ကို မြင်သောအခါ။

ဘေးနားရှိ ဓားနတ်ဘုရား မိန်းကလေး နာနာက ရှင်းပြလာသည်။

"ဒါက ခိုးနားထောင်တဲ့ ရေဒီယိုလေ... ကုဒ်နံပါတ်က ၀၁၂၅၇... ထူးဆန်းတဲ့ပစ္စည်း တစ်ခုပေါ့"

"ရှင် ဒီလို မှတ်ယူလို့ရတယ်... အင်း... ကမ္ဘာပျက်ကပ်ရဲ့ မှော်ပစ္စည်းပေါ့"

"ထူးဆန်းတဲ့ပစ္စည်းတွေက အမြဲလိုလို မယုံနိုင်စရာ စွမ်းရည်တွေ ပိုင်ဆိုင်ထားတတ်တယ်... ခေါင်းဆောင်ရဲ့ ဒီခိုးနားထောင်တဲ့ ရေဒီယိုက တော်တော်ကို ထူးခြားတာ"

ဓားနတ်ဘုရား မိန်းကလေးက တစ်ဖက်မှ ရှင်းပြနေသလို တစ်ဖက်တွင်လည်း ထိုရေဒီယိုကို အားကျသော အကြည့်ဖြင့် ကြည့်နေသည်။

"ကုဒ်နံပါတ် ဟုတ်လား"

ချန်းရီက ချူချယ် ရေဒီယိုကို ကလိနေသည်ကို ကြည့်ရင်း စူးစမ်းချင်စိတ်ဖြင့် မေးသည်။

"ဟုတ်တယ်... ကုဒ်နံပါတ်က အဆင့်သတ်မှတ်ချက်ပဲ... အဆင့်တစ်ရာအတွင်းဝင်တဲ့ ထူးဆန်းတဲ့ပစ္စည်းတွေ အားလုံးက မယုံနိုင်စရာ စွမ်းရည်တွေ ရှိကြတယ်"

"ခေါင်းဆောင်ရဲ့ ဒီဟာက အဆင့်တစ်ထောင် ကျော်နေပေမဲ့ ဒီလိုဆိုရင်တောင် တော်တော်လေး တန်ဖိုးကြီးတဲ့ ရတနာပဲ... ခဏနေရင် ရှင် သိလာလိမ့်မယ်"

ဆက်ရန်...

All Chapters