← Chapters

အခန်း ၂၀

Vol. 1 Ch. 20

အခန်း ၂၀

Vol. 1 Ch. 20

အပိုင်း (၂၀) ခိုးနားထောင်သော ရေဒီယို

ချန်းရီက စိတ်ထဲတွင် တီးတိုးရေရွတ်လိုက်သည်။

ကမ္ဘာပျက်ကပ် စတင်ခဲ့သည်မှာ လအနည်းငယ်မျှသာ ရှိသေးသော်လည်း မျက်စိရှေ့ရှိ ဤပစ္စည်း၏ နံပါတ်စဉ်မှာ တစ်ထောင်ကျော်သို့ပင် ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

ဤနံပါတ်စဉ်များကို မည်သူက သတ်မှတ်ပေးခဲ့သနည်း။

ထို့အပြင် နာနာဆိုသည့် ကောင်မလေးမှာ အသက်(၁၇) နှစ်၊ (၁၈) နှစ်ခန့်သာ ရှိသေးပုံရသော်လည်း အဘယ်ကြောင့် ဤမျှများပြားသော အကြောင်းအရာများကို သိရှိနေရသနည်း။

ချန်းရီ ဆက်လက်တွေးတောနေရန် အချိန်မရလိုက်မီမှာပင် ချူချယ်က ခေါင်းမော့လာပြီး အနည်းငယ် စိုးရိမ်တကြီးဖြစ်နေသော မျက်ဝန်းများဖြင့ "ရပြီ" ဟု ပြောလိုက်သည်။

"ရှဲ... ရှဲ"

"တရားမျှတသော ယာဉ်တန်း ချန်နယ်မှ ကြိုဆိုပါတယ်... ယခုအချိန်ကတော့ ၂၀၃၀ ခုနှစ်... နိုဝင်ဘာလ ၅ ရက် ည ၈ နာရီ ၃၅ မိနစ် ဖြစ်ပါတယ်"

တရားမျှတသော ယာဉ်တန်း ဟုတ်လား။

ချန်းရီက ဤယာဉ်တန်း၏ အမည်ကို ပထမဆုံးအကြိမ် ကြားဖူးခြင်းပင် ဖြစ်သည်။

"ဒီရေဒီယိုစခန်းက သတင်းကြေငြာသူတွေရဲ့ တင်ပြချက်အရ... ရှေ့ ၆ မိုင်အကွာမှာ ချန်ရှုရွာ ရှိပါတယ်"

"ချန်ရှုရွာဟာ နိုင်ငံတွင်းမှာ နာမည်မကြီးတဲ့ ရွာတစ်ရွာ ဖြစ်ပါတယ်... တစ်နိုင်ငံလုံးမှာ ချန်ရှုရွာလို့ နာမည်ပေးထားတဲ့ ရွာပေါင်း ၁၇ ရွာ ရှိတဲ့အတွက်ကြောင့် နာမည်မကြီးတာပါ"

"ချန်ရှုရွာကို ချန်ရှုရွာလို့ ခေါ်ရတဲ့ အကြောင်းရင်းကတော့ ရွာထဲမှာ အသက် ၁၂၇ နှစ်အထိ နေထိုင်သွားတဲ့ သက်ကြီးရွယ်အိုတစ်ဦး ရှိခဲ့လို့ အဲဒီလို ခေါ်ဆိုခဲ့တာပါ"

...

ဆူညံသော လျှပ်စစ်လှိုင်းသံများ ထွက်ပေါ်လာပြီးနောက် ခိုးနားထောင်သော ရေဒီယိုဟု ခေါ်ဆိုသည့် ဤထူးဆန်းသော ပစ္စည်းက ချန်ရှုရွာ၏ အခြေအနေကို စတင် မိတ်ဆက်ပေးနေသည်။

ဤအခြေအနေက အမှန်တကယ်ပင် ဖြစ်ဟန်တူ၏။

ဤချန်ရှုရွာသည် အမှန်တကယ်ပင် နာမည်မကြီးလှပေ။ အကယ်၍ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် နာမည်ကြီးသော ရွာတစ်ရွာသာ ဖြစ်ခဲ့မည်ဆိုလျှင်။

လက်ရှိ ယာဉ်တန်း၏ အင်အားနည်းပါးလှသော အနေအထားဖြင့် ဤချန်ရှုရွာကို ရိက္ခာဖြည့်တင်းရေး စခန်းအဖြစ် သတ်မှတ်ရန် လုံးဝ ဝံ့ရဲမည် မဟုတ်ပေ။

ရေဒီယိုထဲတွင် တကယ့် အသံလွှင့်သူ တစ်ဦးက လက်ရှိရောက်နေသူများအား ချန်ရှုရွာ၏ အခြေအနေကို မိတ်ဆက်ပေးနေသကဲ့သို့ပင် ဖြစ်နေသည်။

ချန်းရီက တိတ်ဆိတ်စွာ နားထောင်နေရင်း စိတ်ထဲတွင် အနည်းငယ် အံ့အားသင့်သွားမိသည်။

မြို့ကြီးများ ကျဆုံးသွားပြီး မြို့အများစုမှာ လူသားများအတွက် တားမြစ်နယ်မြေများ ဖြစ်သွားခဲ့ပြီ။ ရေဒီယိုစခန်းများအကြောင်း မပြောနှင့်၊ ယခုအချိန်တွင် ဖုန်းလိုင်းများပင် မရှိတော့ပေ။

ဤရေဒီယိုကို ထူးဆန်းသော ပစ္စည်းဟု ခေါ်ဆိုကြသည်မှာ အံ့သြစရာ မဟုတ်တော့ပေ။

သို့သော် အဘယ်ကြောင့် "ခိုးနားထောင်သော ရေဒီယို" ဟု ခေါ်ဆိုရသနည်း ဆိုသည်ကိုမူ သူ နားမလည်နိုင်ခဲ့ချေ။

"ဒီရေဒီယိုစခန်းက သတင်းကြေငြာသူတွေ စုံစမ်းသိရှိရသလောက်... ချန်ရှုရွာမှာ ရွာသူရွာသား ၃၅၇ ယောက်... အိမ်ခြေ ၁၁၂ စု ရှိပြီး မြေအကျယ်အဝန်းက ဧက ၃၃၀ ခန့် ရှိပါတယ်"

"လွန်ခဲ့တဲ့ သုံးလက ချန်ရှုရွာမှာ ထူးဆန်းတဲ့ ဖြစ်ရပ်တွေ ပေါက်ကွဲဖြစ်ပေါ်ခဲ့ပြီး လူအားလုံး သေဆုံးသွားခဲ့ပါတယ်... ချန်ရှုရွာမှာ အသက်ရှင်ကျန်ရစ်သူ တစ်ယောက်မှ မရှိပါဘူး"

ရေဒီယိုထဲမှ အေးစက်စက် အသံ ထွက်ပေါ်လာသည်ကို ကြားလိုက်ရသည်။

အားလုံး တိတ်ဆိတ်သွားကြ၏။

လူဦးရေ သုံးရာကျော်ရှိသော ရွာတစ်ရွာတွင် တစ်ယောက်မျှ အသက်ရှင်မကျန်ရစ်ခဲ့ပေ။

မည်သူကမျှ ဘာစကားမှ မဆိုကြပေ။

ယခုအချိန်တွင် တစ်ကမ္ဘာလုံး၌ ဤကဲ့သို့သော ရွာမျိုးများမှာ ရေတွက်၍ပင် မရနိုင်တော့ချေ။

ဥပမာအားဖြင့် လူဦးရေ သန်းချီရှိသော ရှန်ဟိုင်းကဲ့သို့ မြို့ကြီးပြကြီး တစ်ခုတွင်ပင် အသက်ရှင်ကျန်ရစ်သူမှာ တစ်ရာခိုင်နှုန်းပင် မပြည့်နိုင်လောက်ပေ။

ခေါင်းဆောင်ချူက ဤခိုးနားထောင်သော ရေဒီယိုကို အဘယ်ကြောင့် ထုတ်ယူလာခဲ့သနည်း ဆိုသည်ကို ယခုအခါ ချန်းရီ နားလည်သွားခဲ့ပြီ ဖြစ်သည်။

ဤနံပါတ် ၀၁၂၅၇ ဟု သတ်မှတ်ထားသော ထူးဆန်းသည့် ပစ္စည်းသည် သတင်းအချက်အလက် စုဆောင်းနိုင်သည့် အစွမ်း ရှိပုံရသည်။

တကယ်ပင် ရေဒီယိုမှ ဆက်လက် ပြောကြားလာသော အကြောင်းအရာများကြောင့် လက်ရှိရောက်နေသူ အားလုံး နားစွင့်သွားကြသည်။

"ရှဲ... ရှဲ... ချန်ရှုရွာမှာ လတ်တလော အတော်အသင့် ပြည့်စုံတဲ့ ရိက္ခာပစ္စည်းတွေ ရှိနေပါတယ်... အဲဒီအထဲကမှ ရွာလယ်က မိုးမခပင်ကြီးအောက်မှာ ကုန်စုံဆိုင်ငယ်လေး တစ်ဆိုင် ရှိပြီး အဲဒီမှာ ရိက္ခာ အလုံအလောက် ရှိပါတယ်... အဲဒီကို အဓိကထားပြီး သွားရောက် စုဆောင်းနိုင်ပါတယ်"

"ရွာလူကြီးအိမ်က မြေအောက်ခန်းထဲမှာလည်း အရန်ရိက္ခာတွေ အများကြီး ရှိပါသေးတယ်... ဒုတိယအနေနဲ့ အဲဒီမှာ သွားရောက် စုဆောင်းနိုင်ပါတယ်"

"ရွာသားတွေရဲ့ အိမ်တိုင်းမှာလည်း အရန်ရိက္ခာ အနည်းအကျဉ်းစီ ရှိကြပါတယ်"

"ရွာအဝင်ဝမှာ ရေတွင်းတစ်တွင်း ရှိပါတယ်... ရေတွင်းထဲကရေက ညစ်ညမ်းမှု မရှိတဲ့အတွက် သောက်သုံးလို့ ရပါတယ်"

"လောလောဆယ် ရွာက... ရှဲ... ရှဲ... "

ဤနေရာသို့ ရောက်သောအခါ ရေဒီယိုသည် တစ်စုံတစ်ရာ၏ နှောင့်ယှက်မှုကို ခံလိုက်ရသကဲ့သို့ အသံချဲ့စက်ထဲမှ လျှပ်စစ်လှိုင်းသံများ ထွက်ပေါ်လာသည်။

သို့သော် မကြာမီမှာပင် ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။

"ရွာထဲမှာ ထူးဆန်းတဲ့ အရာ အကောင်တစ်ရာကျော် ရှိပါတယ်... ယာဉ်တန်းရဲ့ လက်ရှိအင်အားအရ ချန်ရှုရွာရဲ့ အန္တရာယ်အဆင့်ကို SSS အဆင့်လို့ သတ်မှတ်ထားပါတယ်"

...

ရေဒီယိုမှ ဤသတင်းအချက်အလက်များကို ပြောပြပြီးသွားသောအခါ လူတိုင်း၏ စိတ်ထဲတွင် ချန်ရှုရွာနှင့် ပတ်သက်၍ အကြမ်းဖျင်း အသိအမြင်တစ်ခု ရရှိသွားကြသည်။

အကယ်၍ ခိုးနားထောင်သော ရေဒီယို၏ သတင်းအချက်အလက်များသာ မရှိဘဲ ချန်ရှုရွာထဲသို့ မဆင်မခြင် ဝင်ရောက်သွားခဲ့မည်ဆိုလျှင် အချိန်များစွာ ဖြုန်းတီးမိသွားနိုင်ချေ ရှိသည်။

ထူးဆန်းသည့် အရာများ ပြည့်နှက်နေသော ရွာတစ်ရွာတွင် အချိန်ဖြုန်းခြင်းသည် အသက်ကို ဖြုန်းတီးနေခြင်းနှင့် အတူတူပင် ဖြစ်သည်။

သို့သော် ခိုးနားထောင်သော ရေဒီယိုမှ အသံလွှင့်နေသည့် အချိန်တစ်လျှောက်လုံး ချူချယ်၏ မျက်နှာပေါ်ရှိ အမူအရာက ချန်းရီကို အနည်းငယ် သံသယဝင်စေခဲ့သည်။

ခေါင်းဆောင်ချူသည် ရေဒီယိုကို စူးစိုက်ကြည့်နေပြီး အနည်းငယ် စိုးရိမ်တကြီး ဖြစ်နေပုံရ၏။

ရေဒီယိုသည် နောက်တစ်စက္ကန့်တွင် ထူးဆန်းသည့် အရာတစ်ခုအဖြစ် ပြောင်းလဲသွားမည့်အလားပင်။

ရေဒီယို အသံလွှင့်မှု ပြီးဆုံးသွားသည်ကို ကြားလိုက်ရသည်။

ထိုအခါမှသာ ခေါင်းဆောင်ချူက သက်ပြင်းရှည်ကြီး တစ်ချက်ကို ချလိုက်တော့သည်။

ချူချယ်က ချန်းရီဘက်သို့ လှည့်ကာ "ချန်းရီ... ဒီတစ်ခေါက် ချန်ရှုရွာ စစ်ဆင်ရေးမှာ မင်းက ငါတို့နဲ့ အတူတူ သွားမလား... ဒါမှမဟုတ် တစ်ယောက်တည်း သွားမလား" ဟု မေးလိုက်သည်။

ချန်းရီက ဘာမျှမစဉ်းစားဘဲ အားလုံးနှင့် အတူတကွ သွားရောက်မည်ဖြစ်ကြောင်း ချက်ချင်း ပြောလိုက်သည်။

ချန်းရီသည် ယခုအချိန်တွင် အတုအယောင် သဘာဝလွန် အစွမ်းပိုင်ရှင် တစ်ယောက်သာ ဖြစ်ပြီး အထောက်အကူပြု လမ်းစဉ်တစ်ခုလည်း ဖြစ်နေသောကြောင့် တစ်ယောက်တည်း သွားရောက်ခြင်းက သေလမ်းရှာခြင်းသာ ဖြစ်ပေလိမ့်မည်။

ပြီးခဲ့သည့် ရှင်းဟွာရွာမှ ကံကောင်းမှုမျိုးက ဒုတိယအကြိမ် ထပ်မံ ကြုံလာမည် မဟုတ်ပေ။

"ဒါဆိုရင်လည်း ဒီစစ်ဆင်ရေးကနေ ရလာမယ့် ရိက္ခာတွေကို ငါက သုံးပုံ ယူမယ်... နာနာက သုံးပုံ ယူမယ်... ထယ်ရှီးနဲ့ ချန်းရီက နှစ်ပုံစီ ယူကြရင် ဘယ်လိုလဲ"

ဤသို့ ခွဲဝေရခြင်း၏ အဓိက အကြောင်းရင်းမှာ ချူချယ်၏ အခန်းကဏ္ဍက အစားထိုး၍ မရနိုင်သောကြောင့် ဖြစ်သည်။ သူသာ မရှိပါက ယာဉ်တန်းတစ်ခုလုံးရှိ လူများအားလုံး သေဆုံးသွားခဲ့ပြီ ဖြစ်ကာ ရိက္ခာဖြည့်တင်းရေး စခန်းကို ရှာဖွေနိုင်ရန် ဆိုသည်မှာ ပို၍ပင် မဖြစ်နိုင်တော့ပေ။

ဓားနတ်ဘုရား မိန်းကလေး နာနာက အဘယ်ကြောင့် သုံးပုံ ရရှိခဲ့သနည်း။

နာနာသည် ဓားနတ်ဘုရား လမ်းစဉ်၏ ဒုတိယအဆင့်ဖြစ်သော ထက်မြက်သောဓား အဆင့်သို့ ရောက်ရှိနေသည့် ဓားသမားတစ်ဦး ဖြစ်ကြောင်းကို ဤအချိန်ရောက်မှသာ ချန်းရီ သိလိုက်ရသည်။

သူမ၏ တိုက်ခိုက်ရေးစွမ်းရည်မှာ ထယ်ရှီးနှင့် နှိုင်းယှဉ်လျှင် သာချင်သာမည် ဖြစ်သော်လည်း လုံးဝ လျော့နည်းမည် မဟုတ်ပေ။

ချန်းရီက အဘယ်ကြောင့် နှစ်ပုံ ရရှိခဲ့သနည်း ဆိုလျှင် ချန်းရီ၏ မက္ကန်းနစ်လမ်းစဉ် အစွမ်းက ယာဉ်တန်းအတွက် မရှိမဖြစ် လိုအပ်သော အခန်းကဏ္ဍတစ်ခု ဖြစ်နေသောကြောင့်ပင်။

ချန်းရီကလည်း သဘာဝကျကျပင် မည်သည့် ကန့်ကွက်မှုမျှ မရှိခဲ့ပေ။

ခိုးနားထောင်သော ရေဒီယိုမှ သတင်းအချက်အလက်များအပေါ် အခြေခံ၍ အစီအစဉ် စတင် ရေးဆွဲကြသည်။

ချန်ရှုရွာသို့ ရောက်ပြီးနောက်တွင် ချူချယ်သည် သဘာဝကျကျပင် ပါဝင်လှုပ်ရှားမည် မဟုတ်တော့ချေ။ သူ၏ တာဝန်မှာ ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။

အဓိက လှုပ်ရှားမည့်သူများမှာ ချန်းရီ၊ နာနာနှင့် ထယ်ရှီးတို့ပင် ဖြစ်သည်။

အဆိုပါနေရာသို့ ရောက်သောအခါ ချန်ရှုရွာရှိ မိုးမခပင်ကြီးအောက်မှ ကုန်စုံဆိုင်ငယ်လေးသို့ အရင်သွားကြမည်။ မိုးမခပင်ကြီးအောက်မှ ကုန်စုံဆိုင်သို့ သွားပြီးနောက်တွင်မှ ရွာလူကြီးအိမ်၏ မြေအောက်ခန်းသို့ သွားကြမည် ဖြစ်သည်။

အားလုံး တိုင်ပင်ဆွေးနွေး၍ ပြီးလုနီးပါး အချိန်တွင်...

ရုတ်တရက် ထိုခိုးနားထောင်သော ရေဒီယိုထဲမှ ခေါင်းဆောင်ချူ၏ ရင်းနှီးနေသော အသံ ထွက်ပေါ်လာသည်။

"ဟူး... နာနာဆိုတဲ့ ကောင်မစုတ်လေးက ကြည့်ရတာလေးတော့ သန့်သန့်ပြန့်ပြန့်လေးနဲ့... ဒါပေမဲ့ တစ်နေကုန် မျောက်ရှုံးအောင် ဆော့နေတာပဲ... မိန်းကလေးလည်း မပီသဘူး... ကမ္ဘာပျက်ကပ်မတိုင်ခင်တုန်းကဆိုရင်တော့ သေချာတယ် သူ့ကို ယူမယ့်သူတောင် ရှိမှာမဟုတ်ဘူး"

"ပြီးတော့ ထယ်ရှီး... ဒီလူကောင်ကြီးနဲ့ ငတုံးက ဦးနှောက်ကို ဘယ်လိုများ တပ်ဆင်ထားလဲ မသိဘူး... တိုက်တန် လမ်းစဉ်ရဲ့ ပေးဆပ်ရမှုက ဉာဏ်ရည်ကျဆင်းတာလို့ ကြားဖူးပေမဲ့ ဒီလောက်အထိ တုံးအနေလိမ့်မယ်လို့တော့ မထင်ထားဘူး... တကယ့်ကို ထူးဆန်းတဲ့ကောင်ပဲ"

"အသစ်ရောက်လာတဲ့ ကောင်ကလည်း စိတ်က သိပ်တိုလွယ်ပြီး နည်းနည်းလည်း မှုန်ကုပ်ကုပ်နိုင်တယ်... သူ့ခေါင်းထဲမှာ တစ်နေကုန် ဘာတွေတွေးနေလဲဆိုတာကို တကယ် နားမလည်နိုင်ဘူး"

"ဒီကောင်က ကမ္ဘာပျက်ကပ်မတိုင်ခင်တုန်းက သေချာပေါက် လူကောင်းဖြစ်ခဲ့မှာ မဟုတ်ဘူး"

"သူ သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေကို ရိုက်နှက်နေတာကိုတောင် ငါ ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ တွေ့ခဲ့သေးတယ်... ဘုရားဘုရား... ငါ့ယာဉ်တန်းထဲမှာ ဘယ်လိုလုပ် ထူးထူးဆန်းဆန်း လူတွေချည်းပဲ စုနေတာလဲ"

"အမျိုးသမီးသရုပ်ဆောင် ကျိုးလန်ကလည်း အရင်တုန်းက တီဗီထဲမှာ ကြည့်ရတာ တော်တော်လှပေမဲ့ အပြင်မှာကျတော့ သာမန်ပါပဲ"

...

ခေါင်းဆောင်ချူက ရေဒီယိုကို ထုတ်ယူလာချိန်တွင် မျက်နှာပေါ်ရှိ အမူအရာက အဘယ်ကြောင့် ထိုမျှလောက် စိုးရိမ်တကြီး ဖြစ်နေခဲ့သနည်း ဆိုသည်ကို ဤအခိုက်အတန့်တွင် ချန်းရီ အပြည့်အဝ နားလည်သွားခဲ့ပြီ ဖြစ်သည်။

အရာအားလုံးက အကြောင်းပြချက် ရှိနေခဲ့ခြင်းပင်။

ဤခိုးနားထောင်သော ရေဒီယိုသည် ပစ်မှတ်ထားသော နေရာမှ သတင်းအချက်အလက်များကို ခိုးနားထောင်၍ စုဆောင်းနိုင်ရုံမျှသာ မဟုတ်ပေ။

ပိုင်ရှင်၏ စကားများကိုပါ ခိုးနားထောင်နိုင်သေးသည်။

ခေါင်းဆောင်ချူက ဤစကားများကို မည်သည့်အချိန်က ပြောဆိုခဲ့သနည်း ဆိုသည်ကို အမှန်တကယ်ပင် မသိနိုင်တော့ချေ။

ရလဒ်အနေဖြင့် ခိုးနားထောင်သော ရေဒီယို၏ ခိုးနားထောင်ခြင်းကို ခံလိုက်ရခြင်းပင် ဖြစ်သည်။

ထို့ကြောင့် လူတိုင်း အပန်းဖြေဆုံး အချိန်နှင့် လူစုံဆုံး အချိန်တွင်မှ တိုက်ရိုက် ထုတ်လွှင့်ပြသလိုက်ခြင်းပင် ဖြစ်သည်။

လက်ရှိနေရာ တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွား၏။

တကယ်တမ်းတွင် ခိုးနားထောင်သော ရေဒီယိုမှ စတင် စကားပြောလာချိန်ကတည်းက ခေါင်းဆောင်ချူက အဝတ်တစ်ထည်ကို ယူ၍ ဖုံးအုပ်ထားခဲ့ပြီး ဖြစ်သည်။

သို့သော် ရလဒ်အနေဖြင့် မည်သို့မျှ အသုံးမဝင်ခဲ့ပေ။

ခေါင်းဆောင်ချူက လက်ရှိရောက်နေသော လူသုံးယောက်၏ မျက်နှာအမူအရာများကို ကြည့်ကာ အမြဲတမ်း တည်ငြိမ်နေတတ်သော မျက်နှာပေါ်တွင် ပထမဆုံးအကြိမ်အဖြစ် အနေခက်သော အမူအရာ ပေါ်လာခဲ့သည်။

ချန်းရီ "..."

နေပါဦး... ခေါင်းဆောင်ချူက ငါ့ကို စိတ်တိုလွယ်ပြီး မှုန်ကုပ်ကုပ်နိုင်တယ်လို့ ပြောနေတာလား။

ငါ့ကို လူကောင်းမဟုတ်ဘူးလို့ပါ ပြောလိုက်သေးတယ်ပေါ့။

နာနာ၏ မျက်နှာမှာ အလွန်အမင်း မှုန်ကုပ်နေပြီး "ခေါင်းဆောင်ချူ... ရှင် တော်တော်ကောင်းတယ်... မိန်းကလေး မပီသဘူးဆိုတာ ကျွန်မကို ပြောနေတာလား"

ထယ်ရှီး၏ မျက်နှာပေါ်တွင်လည်း မကျေမနပ်ဖြစ်နေသော အမူအရာ ပေါ်လွင်နေပြီး "ခေါင်းဆောင်ချူ... တိုက်တန် လမ်းစဉ်က မထက်မြက်ပေမဲ့ ငတုံးကြီးတော့ မဟုတ်ပါဘူးဗျာ... ထူးဆန်းတဲ့ကောင်ဆိုတာ ပိုတောင် မဟုတ်သေးတယ်... ကျွန်တော့်ကို အဲဒီလိုပြောရတာ ခေါင်းဆောင်ချူ့ရဲ့ လိပ်ပြာ လုံရဲ့လား"

ခေါင်းဆောင်ချူ၏ နှုတ်ခမ်းထောင့်များ တွန့်လိမ်သွားပြီး တစ်စုံတစ်ရာကို ရှင်းပြရန် ပြင်လိုက်ချိန်မှာပင် ဒေါသထွက်နေသော ဓားနတ်ဘုရား မိန်းကလေးက ရှည်လျားသော ဓားကို စတင် ဆွဲထုတ်နေသည်ကို မြင်လိုက်ရတော့သည်။

ဆက်ရန်...

All Chapters