← Chapters

အခန်း ၂၃၄

Vol. 17 Ch. 234

အခန်း ၂၃၄

Vol. 17 Ch. 234

အပိုင်း(၂၃၄) ဓားက ကျားကို သတ်ပစ်ခြင်း

ဂလု...

နဂါးနိုင်အရဟတ္တက တံတွေးကို ခက်ခဲစွာ မျိုချလိုက်သည်။ အဆင့်မြင့် ဇန်ဘုန်းကြီးတစ်ပါးအနေဖြင့် သေရေးရှင်ရေး အရေးကြီးသောအချိန်အခါတွင် သူ အမှန်တကယ် ကြောက်ရွံ့နေခဲ့သည်...

"ဒီဘဝမှာ ဆင်းရဲဒုက္ခတွေကို ခံစားရတာက နောင်ဘဝမှာ ပြန်လည်မွေးဖွားဖို့အတွက်လို့ ခင်ဗျားတို့က မဆိုထားဘူးလား။ ဒါတောင်မှ သေရမှာကို ကြောက်နေတုန်းပဲလား။"

"ခင်ဗျားတို့က သေရမှာကို မကြောက်ဘဲ သတ္တဝါတွေအားလုံးအတွက် လမ်းခင်းပေးချင်တယ်ဆိုရင် ဘာလို့ မိုင်သန်းရာချီကျယ်ဝန်းတဲ့ နယ်မြေတွေကို သိမ်းပိုက်ထားပြီးတော့ လမင်းမျိုးနွယ်စုကို မောင်းထုတ် သတ်ဖြတ်ဖို့ ဝန်မလေးခဲ့တာလဲ။ လောကမှာရှိတဲ့ ဇန်ဗုဒ္ဓဘာသာ ကျင့်ကြံသူတွေ အားလုံးကို စုစည်းပြီး နှလုံးသားထဲမှာ ဗုဒ္ဓနဲ့တာအိုလမ်းစဉ်ကို ဘာလို့ သတ်မှတ်နေတာလဲ။ သတ္တဝါတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို နှောင့်ယှက်ဖို့ ဝန်မလေးဘဲနဲ့ လောကကြီးကို အခုလို ဆင်းရဲဒုက္ခတွေ ရောက်စေပြီး သတ္တဝါအားလုံးက မင်းတို့ကို အမွှေးနံ့သာတွေ ဆက်ကပ်ပူဇော်အောင် ဘာလို့ လုပ်နေတာလဲ။ ဘာလို့ ထာဝရအသက်ကို ရှာဖွေနေကြတာလဲ။"

"ဇန်ဗုဒ္ဓဘာသာတဲ့လား... "

"အဟက်၊ အဓိပ္ပာယ်မရှိလိုက်တာ... ."

"စစ်မှန်တဲ့ဗုဒ္ဓက မရှိတော့ဘူး။ ဘုရားကျောင်းတွေကို သိမ်းပိုက်ထားတဲ့ ခင်ဗျားတို့လို မြွေပါတစ်သိုက်ပဲ ကျန်တော့တယ်။ အပြစ်ကင်းတဲ့ အမျိုးသမီးကျင့်ကြံသူတွေကို ဒုက္ခပေးပြီးတော့ ရည်မှန်းချက်ကြီးပြီး ဉာဏ်အလင်းရထားတဲ့ ဆရာသခင်တွေကို လမ်းမှားရောက်အောင် ဖျက်ဆီးနေကြတယ်။ ဒီလိုဇန်ဂိုဏ်းမျိုးက ပျက်စီးသွားသင့်တာ ကြာလှပြီ... ."

"သုခဝတီဘုံဆိုတာ… ခင်ဗျားတို့ရဲ့ သုခဝတီဘုံပဲ။ သတ္တဝါအားလုံးက ခင်ဗျားတို့ရဲ့ တောက်ပတဲ့ အခန်းတွေကို မီးထွန်းညှိဖို့ လောင်စာတွေပဲ။ ခင်ဗျားတို့အတွက် ပူပန်မှုကင်းတဲ့ သုခဝတီဘုံကို ဖန်တီးဖို့ သတ္တဝါအားလုံးကို ဆင်းရဲဒုက္ခ ရောက်စေခဲ့တာ..."

မုန့်ချင်ကျိုးသည် အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး သူတို့၏အပြစ်များကို ညင်သာစွာ ရေရွတ်လိုက်သည်။ သူ၏လက်ထဲရှိ ပုစဉ်းရင်ကွဲတေးသံဓားက တုန်ခါနေပြီး သွေးကို တောင့်တနေသကဲ့သို့ ဖြစ်နေသည်။

နဂါးနိုင်နှင့် ကျားနိုင်အရဟတ္တနှစ်ပါးက တိတ်ဆိတ်နေကြပြီး အပြည့်အဝ အာရုံစိုက်ထားကြသည်။ သူတို့က မုန့်ချင်ကျိုး၏ စကားများကို လုံးဝ မကြားနိုင်ကြပေ။ သူတို့ ထွက်ပြေးချင်ခဲ့သော်လည်း ကောင်းကင်နှင့် မြေကြီး၏ အရပ်လေးမျက်နှာစလုံး လုံးဝ ပိတ်ဆို့ခံထားရကြောင်း တွေ့ရှိလိုက်ရသဖြင့် ထိတ်လန့်သွားကြသည်။ သူတို့ မည်သို့ပင် ထွက်ပြေးရန် ကြိုးစားပါစေ သူတို့ရှေ့တွင် ခေါင်းဖြတ်စက်တစ်ခုက စောင့်ကြိုနေလေ၏။

အချိန်-နေရာလွတ် ဓားအသိသည် အစွမ်းအထက်ဆုံး ဓားအသိဖြစ်သည်ဆိုသည့် ပြောဆိုချက်မှာ စကားအလွတ်သက်သက် မဟုတ်ပေ။

"အချိန်-နေရာလွတ် ဓားသူတော်စင်၊ မမေ့နဲ့ဦး။ အတ္တကင်းမဲ့ဗုဒ္ဓက အသက်ရှင်နေတုန်းပဲ။ မင်းက လှုပ်ရှားရဲတယ်ဆိုရင် သူ ဝင်ပါလာအောင် ဆွပေးသလို ဖြစ်မှာကို မကြောက်ဘူးလား။" ကျားနိုင်အရဟတ္တက ခပ်ကြမ်းကြမ်း အော်ဟစ်လိုက်သော်လည်း တကယ်တမ်းတွင် သူ၏နှလုံးသားထဲ၌ အားနည်းနေ၏။

မုန့်ချင်ကျိုးက ရယ်မောလိုက်သည်။ "သူ မြန်မြန်လှုပ်ရှားလာရင် ကောင်းမယ်လို့ မျှော်လင့်တာပေါ့။ ဒါပေမယ့် ကံမကောင်းတာက သူ မရဲဘူးလေ။"

မရဲဘူး ဟုတ်လား...

နဂါးနိုင်အရဟတ္တနှင့် ကျားနိုင်အရဟတ္တတို့၏ မျက်တောင်အိမ်များ ကျုံ့ဝင်သွားပြီး သူတို့၏ နှလုံးသားများထဲတွင် ကသောင်းကနင်း ဖြစ်သွားလေသည်။ ဤစကားစုက အဓိပ္ပာယ်တွေ အပြည့်ပါနေ၏။

သူက အတ္တကင်းမဲ့ဗုဒ္ဓရဲ့ အစီအစဉ်အကြောင်းကို ကြိုသိနေတာများလား။

"ဒီတိုက်ပွဲက ရှောင်လွှဲလို့မရတော့ဘူး ထင်တယ်။ နောက်ဆုတ်စရာ လမ်းမရှိတော့တဲ့ အနေအထားနဲ့ တိုက်ခိုက်ကြတာပေါ့။" နဂါးနှိမ်နင်းခြင်းအရဟတ္တက ပြောလိုက်သည်။

ဤအခိုက်အတန့်တွင် သူတို့၏ နှလုံးသားများက နောင်တများဖြင့် သွေးထွက်လုမတတ် ဖြစ်နေသည်။

မကြာသေးမီကမှ ဉာဏ်အလင်းရရှိခဲ့ပြီး အင်အားကြီးမားသော စွမ်းအားများကို ပိုင်ဆိုင်ထား၍ သူ၏ ယုံကြည်မှုများက မြင့်တက်လာကာ လောကရှိ သူရဲကောင်းအားလုံးက သူ၏လက်ဖဝါးထဲရှိ ပုရွက်ဆိတ်များကဲ့သို့ အလွယ်တကူ ခြေမွပစ်နိုင်သည်ဟု ခံစားခဲ့ရသည်။

တိုက်ဆိုင်စွာပင် အောက်သို့ ငုံ့ကြည့်လိုက်သောအခါ အချိန်-နေရာလွတ် ဓားသူတော်စင်သည် သူ၏ စစ်တပ်ကို ဦးဆောင်ကာ ဆုတ်ခွာနေသည်ကို မြင်လိုက်ရသည်။ ညီအစ်ကို သုံးဦးသည် လောကကြီးကို အကြီးအကျယ် အံ့သြသွားစေရန် အသင့်ပြင်ထားပြီး ကြီးမားသော ရည်မှန်းချက်၊ မြင့်မားသော ဟန်ပန်တို့ဖြင့် ချက်ချင်း ထွက်လာခဲ့ကြသည်။

ဤကဲ့သို့ ဖြစ်လာမည်ကိုသာ သိခဲ့လျှင် တခြားအရဟတ္တများကိုသာ အခြေအနေအရင်စမ်းကြည့်ရန် လွှတ်လိုက်မိပေမည်။

ယခုတော့ ကောင်းကင်ယံရှိ အရဟတ္တ ညီအစ်ကိုတစ်စုက ဤတိုက်ပွဲကို ဂရုမစိုက်သလိုဟန်ပန်နှင့် စောင့်ကြည့်နေကြလေသည်။

"စလိုက်ကြတာပေါ့..."

ဟိန်းဟောက်သံတစ်ခုနှင့်အတူ နဂါးနိုင်အရဟတ္တက ဦးစွာ ပေါက်ကွဲထွက်လာပြီး တရားရုပ်တု၏ ပခုံးပေါ်တွင် ရစ်ပတ်နေသော ဆိုးယုတ်သည့်နဂါးကြီးက ဟိန်းဟောက်လိုက်သည်။

နဂါးကြီးက အသက်ရှူထုတ်လိုက်ရာ ကောင်းကင်ကြီး မှောင်မိုက်သွား၏။

အရာခပ်သိမ်းက မျက်တောင်တစ်ခတ်အတွင်း ဖြစ်တည်လာပြီး ပျက်စီးသွားကြသည်။

သတ္တဝါအားလုံး၏ ကံတရားများကို ဆိုးယုတ်သော နဂါးကြီးက လုယူသွားပြီး ၎င်း၏ ပါးစပ်ထဲတွင် ကိုက်ခဲထားကာကံတရားဖြင့် သူတို့ကို ချည်နှောင်လိုက်သည်။ ၎င်းက လောကကြီးကို ဖျက်ဆီးမည့် ဆိုးယုတ်သော နဂါးကြီးပင်...

"အချိန်-နေရာလွတ် ဓားသူတော်စင်၊ မင်းက ကရုဏာထားတတ်တယ် မဟုတ်ဘူးလား။"

"မင်းက ငါတို့ထက် ဗုဒ္ဓနဲ့ဘိုးဘေးလို့ အခေါ်ခံရဖို့ ပိုပြီး သင့်တော်တယ်။ လာစမ်းပါ... မင်းက သတ္တဝါတွေအားလုံးကို တကယ်ပဲ ဂရုစိုက်သလားဆိုတာ ကြည့်ရအောင်။ မင်းက လှုပ်ရှားရဲတယ်ဆိုရင် ဆိုးယုတ်တဲ့ နဂါးကြီးက အကြောင်းအကျိုးပုလဲကို ချက်ချင်း ခွဲပစ်လိမ့်မယ်။ တောရိုင်းမြေမှာရှိတဲ့ တိုင်းပြည်ပေါင်း ဒါဇင်ချီနဲ့ သန်းရာချီတဲ့အသက်တွေက ချက်ချင်း ပျက်စီးသွားလိမ့်မယ်... ."

"အဲဒီအချိန်ရောက်ရင် ဒီသေဆုံးမှုတွေရဲ့ အကျိုးဆက်တွေက ငါတို့ပခုံးပေါ် ကျရောက်လာလိမ့်မယ်..."

နဂါးနိုင်အရဟတ္တက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး သူ၏မျက်နှာက ရက်စက်ကြမ်းကြုတ်သော မျက်နှာထားဖြင့် ရှုံ့မဲ့သွားသည်။ သူက ယခင်ကလို အေးချမ်းစွာ နေထိုင်တတ်သော ဇန်ဆရာသခင် မဟုတ်တော့ပေ။ ကြောက်မက်ဖွယ်ကောင်းသော အစွယ်များကို ဖော်ပြရန် သူ၏ဟန်ဆောင်မျက်နှာဖုံးကို ဆွဲခွာလိုက်သည့် နတ်ဆိုးတစ်ကောင်နှင့် တူနေလေသည်။

"စကားနားထောင်ပြီး အသေခံမလား၊ ဒါမှမဟုတ် သန်းရာချီတဲ့အသက်တွေကို အသေခံမလား..."

ကျားနိုင်အရဟတ္တ၏ အကြည့်များက အေးစက်နေသည်။ သားရဲကိုစီးနင်းထားသော တရားမင်းသည် နေရာလွတ်ထဲတွင် လမ်းလျှောက်သွားရာ ဤဒေသ၏ နိယာမများနှင့် စည်းမျဉ်းများကို ပျက်စီးစေပြီး စည်းမျဉ်းတကျဖြစ်မှုကို ပြိုလဲသွားစေသည်။

အရဟတ္တ(၁၈)ပါးထဲတွင် နဂါးနှင့်ကျားကို နိုင်နင်းသူများက သူတော်စင်ခန္ဓာကိုယ်နှင့် နှိုင်းယှဉ်နိုင်သော အားအကောင်းဆုံး ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်ရေးစွမ်းအားကို ပိုင်ဆိုင်ထားကြသည်။ သူ၏လက်သီးများက ကြယ်စင်စုများကို ချေမှုန်းနိုင်ပြီး ခြေထောက်များက စကြာဝဠာကို ချိုးဖျက်နိုင်သည်မှာ နောက်ပြောင်နေခြင်း မဟုတ်ပေ။

မုန့်ချင်ကျိုးက တိတ်ဆိတ်နေပြီး အတွင်းစကြာဝဠာကို တိတ်တဆိတ် စူးစမ်းလေ့လာနေသည်။

အတွင်းစကြာဝဠာထဲတွင် စိုက်ပျိုးထားသော အချိန်-နေရာလွတ် နိယာမများက အမြစ်တွယ်ပြီး အညှောက်ပေါက်လာကာ ကမ္ဘာတစ်ခု၏ စည်းမျဉ်းများ လည်ပတ်မှုကို အထောက်အကူပြုနေပြီး လက်ခံနိုင်စွမ်း တိုးတက်မှုမှာ ၅၀%ခန့် ရှိနေပြီဖြစ်သည်။

ယခင်နှင့်အခု နှိုင်းယှဉ်ကြည့်လိုက်လျှင် ၃၀%ထက်မက တိုးတက်လာခဲ့သည်...

ကောင်းကင်ထောက်တိုင်တာအိုကို ဆန့်ကျင်တိုက်ခိုက်ခြင်းက တာအိုနိယာများကို စုပ်ယူရန် အထောက်အကူ ဖြစ်စေသည်။ သို့သော်လည်း လောကသမိုင်းတွင် နံနက်ခင်းအလင်းနယ်ပယ်နှင့် ကောင်းကင်ထောက်တိုင်နယ်ပယ်ကို တိုက်ခိုက်ခဲ့တဲ့သူဟူ၍ သူ တစ်ယောက်တည်းသာ ရှိလောက်သည်။ ထို့ကြောင့် လိုက်နာရမည့် အချက်များ မရှိသလို သူ့ကို သင်ကြားပေးနိုင်မယ့်သူ သို့မဟုတ် ကျမ်းစာဟူ၍လည်း မရှိပေ။

မှန်ပေသည်။ မုန့်ချင်ကျိုးအတွက် ကောင်းကင်ထောက်တိုင်နယ်ပယ်သို့ ဖောက်ထွင်းဝင်ရောက်ရန်က အလွန်ခက်ခဲလွန်းသောကြောင့် သူက ဤကဲ့သို့ အန္တရာယ်များသော ချဉ်းကပ်မှုကို ရွေးချယ်ခဲ့ရခြင်း ဖြစ်သည်။

ယုတ္တိတန်တန် တွေးကြည့်လျှင် တုန်းဖန်လျူလီပင် ကောင်းကင်တာအို၏ အသိအမှတ်ပြုမှု ရရှိပြီး တောရိုင်းနယ်မြေကံကြမ္မာက သူ့ကို သခင်အဖြစ် အသိအမှတ်ပြုထားကာ သူ၏ပါရမီက ကောင်းကင်ကို အံတုနိုင်သည်ဟု ယူဆရလျှင်ပင် သူက ကောင်းကင်ထောက်တိုင်နယ်ပယ်ကို အောင်မြင်စွာ ဖောက်ထွင်း ဝင်ရောက်ပြီးသွားလောက်ပြီ ဖြစ်သည်။

အဆုံးတွင်တော့ မဟာဧကရာဇ်အဆင့် အချိန်-နေရာလွတ်နိယာမများက အလွန်ပင်ကို ကြောက်စရာ ကောင်းလွန်းပြီး ကောင်းကင်တာအိုက သည်းခံမည် မဟုတ်ပေ။ ၎င်းတို့က တားမြစ်ထားသော နိယာမများပင်။

သာမန်နတ်ဘုရားအဆင့် အချိန်-နေရာလွတ် နိယာမတစ်ခုသည်ပင် ကောင်းကင်ဘုံ၏ မနာလိုမှုကို လှုံ့ဆော်ပေးနိုလျှင် မဟာဧကရာဇ်အဆင့်ဆိုပါက ပြောနေစရာပင် မလိုတော့။ အထူးသဖြင့် မဟာဧကရာဇ်အဆင့် အချိန်-နေရာလွတ်နိယာမကို အသုံးပြုပြီး ကောင်းကင်ထောက်တိုင်နယ်ပယ်ကို ဖောက်ထွင်းဝင်ရောက်ကာ အတွင်းစကြာဝဠာတွင် စိုက်ပျိုးရန် အရင်းအမြစ်များ အတင်းအကျပ် ထုတ်ယူခြင်းမျိုးဆို ပိုဆိုးပေသည်။

"ဒီအရဟတ္တနှစ်ပါးကို သတ်လိုက်ရင် စွမ်းရည်က ၈၀%လောက်အထိ တိုးလာလိမ့်မယ်။"

"ငါ တိုက်ရမယ်။"

မုန့်ချင်ကျိုးက ဆုံးဖြတ်ချက်ချလိုက်ပြီး ရုတ်တရက် မော့ကြည့်လိုက်သည်။

မိုင်ထောင်ချီဝေးသော လမင်းမျိုးနွယ်စုဝင်များထံမှ အာမေဍိတ်သံများ ဆက်တိုက် ထွက်ပေါ်လာသည်။ မုန့်ချင်ကျိုး အာရုံလွင့်နေချိန်တွင် ကျားနိုင်အရဟတ္တက ရုတ်တရက် အလစ်ဝင်တိုက်ခိုက်လိုက်သည်ကို သူတို့ မြင်တွေ့ခဲ့ရသည်။

သားရဲဖြစ်သော ကြမ်းကြုတ်သည့်ကျားကို စီးနင်းထားသော တရားမင်းရုပ်တုက ခုန်တက်လာပြီး ကခြေသည်းများက အောက်သို့ရိုက်ချလိုက်ရာ ကောင်းကင်နှင့် မြေကြီး၏ စည်းမျဉ်းများ ပျက်စီးသွားလေသည်။

ကျားနှိုင်အရဟတ္တ ကိုယ်တိုင်လည်း အဆုံးအစမဲ့သော အလင်းရောင်များ ဖြာထွက်နေပြီး ထို့နောက် မြှောက်ထားသော လက်သီးဖြင့် တားဆီး၍မရသော အင်အားဖြင့် အောက်သို့ ထုချလိုက်လေသည်။

"ခင်ဗျားတို့က ကျုပ်ရဲ့ ကရုဏာတရားနဲ့ ကိုယ်ကျင့်တရားကို အထင်ကြီးလွန်းနေတယ်။"

"ငါက သတ္တဝါတွေအားလုံးကိုသနားပြီးတော့ ခင်ဗျားတို့ရဲ့ လုပ်ရပ်တွေကို လက်မခံနိုင်ပေမယ့် ခင်ဗျားတို့က ကျုပ်အသက်နဲ့ သူတို့အတွက် ပေးဆပ်စေချင်တာလား... "

"ဒါဆိုရင် ခင်ဗျားတို့က ကျုပ်ရဲ့ကိုယ်ကျင့်တရားကို အထင်ကြီးလွန်းနေတယ်လို့ပဲ ပြောရတယ်။"

မုန့်ချင်ကျိုးက တိုးတိုးလေး ပြောလိုက်သော်လည်း သူ၏စကားများက လူတိုင်း၏ နားထဲတွင် ပဲ့တင်ထပ်သွားလေသည်။

ထိုစကားကို ကြားသောအခါ၊ နဂါးနိုင်အရဟတ္တက ဝိညာဉ်အနက်ရှိုင်းဆုံးနေရာအထိ ထိုးဖောက်၍ ဝင်ရောက်လာသော နက်ရှိုင်းသည့် အန္တရာယ်ခံစားချက်ကြောင့် မနေနိုင်ဘဲ ဟိန်းဟောက်လိုက်သည်။

"ကျားနိုင်အရဟတ္တ... ချက်ချင်း ဆုတ်ခွာစမ်း..."

ကျားနိုင်အရဟတ္တက မှင်သက်သွားပြီး တုံ့ပြန်ရန် အချိန်မရလိုက်ပေ။

ကျားခြေသည်းကဲ့သို့ သူ၏လက်သီးက အောက်သို့ရိုက်ချလိုက်ချိန် မုန့်ချင်ကျိုး မရှောင်တိမ်းခဲ့ဘဲ သူ၏ ခန္ဓာကိုယ်က သွေးစွန်းသောအသားစအဖြစ်သို့ ထုချေခံလိုက်ရသည်။

"ဟားဟားဟား၊ နဂါးနိုင်... မင်းက ပုရွက်ဆိတ်တောင်ပို့ကို တောင်ကြီးလုပ်နေတာပဲ။ ဒီမိစ္ဆာကောင် သေသွားပြီ..." ကျားနိုင်အရဟတ္တက ကျေနပ်အားရစွာ ရယ်မောလိုက်သည်။

"သွားပြီ... "

နဂါးနိုင်အရဟတ္တက ထွက်ပြေးရန် လှည့်လိုက်ပြီး စကားအချို့ ချန်ရစ်ခဲ့သည်။ "အချိန်-နေရာလွတ် ဓားသူတော်စင်က အချိန်အတိုင်းအတာ တစ်ခုအထိ မသေနိုင်တဲ့ အခြေအနေ ရှိတယ်။ ပြီးတော့ သူက ဂိုဏ်းပေါင်းစုံ မဟာမိတ်အဖွဲ့နဲ့ တိုက်ပွဲကြီးအတွင်းမှာ အဲဒါကို သုံးခဲ့တယ်..."

ကျားနိုင်အရဟတ္တ အံ့အားသင့်သွားပြီး ပါးစပ်က အနည်းငယ် ပွင့်ဟသွားသည်။ ရုတ်တရက် သေဆုံးရမည့် အကြောက်တရားက သူ၏နှလုံးသားကို ဆုပ်ကိုင်လိုက်ပြီး ထွက်ပြေးချင်သွားသော်လည်း သူ မည်သို့ပင် ရှေ့သို့သွားရန် ကြိုးစားပါစေ အကြည့်က တစ်နေရာတည်းမှာပင် စွဲမြဲနေကြောင်း တွေ့ရှိလိုက်ရသည်။

သူက အောက်သို့ ငေးမောကြည့်လိုက်ရာ ခန္ဓာကိုယ်က တဖြည်းဖြည်း အမှုန့်အဖြစ်သို့ ပြောင်းလဲ၍ သွားသည်ကိုသာ မြင်လိုက်ရ၏။

"ငါ... " ကျားနိုင်အရဟတ္တက စကားပြောချင်ပြီး သူ၏နောက်ဆုံးစကားများကို ချန်ရစ်ချင်ခဲ့သော်လည်း သေဆုံးမှုအမြန်နှုန်းမှာ စိတ်ကူးယဉ်မရနိုင်လောက်အောင် မြန်ဆန်လွန်းလှသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူ၏ကျန်ရှိနေသော ခေါင်းပင် လေထဲတွင် လွင့်စင်သွားလေသည်။

......

All Chapters