အခန်း ၂၃၅
Vol. 17 Ch. 235
အပိုင်း(၂၃၅) အပြန်အလှန် အကြံထုတ်ခြင်း၊ ကောင်းကင်ထောက်တိုင်နယ်ပယ် တစ်ပိုင်းသို့ တက်လှမ်းခြင်း
"ဆရာတော်... တပည့်တော်ကို ကယ်ပါဦး။"
"အချိန်-နေရာလွတ် ဓားသူတော်စင်က ဖျက်ဆီးနေတာ။ ကောင်းကင်ဘုံဆီ သူ တာအိုကိုသက်သေပြဖို့ ကြိုးစားနေတာလေ။ ဆရာတော်က သူ့ကို မတားတော့ဘူးလား။။"
နဂါးနိုင်အရဟတ္တက ဆိုးယုတ်သော နဂါးကြီးကို ထိန်းချုပ်ကာ ဝိညာဉ်အနှစ်သာရကို လောင်မြိုက်ရင်း အရူးအမူး ထွက်ပြေးနေသည်။ သို့သော် ထူးဆန်းသော မြင်ကွင်းတစ်ခု ပေါ်လာသည်။ နဂါးနိုင်အရဟတ္တ၏ ထွက်ပြေးနည်း မည်မျှ ကျွမ်းကျင်ပါစေ သူ ထိတ်လန့်တကြားဖြစ်ကာ တစ်နေရာတည်းတွင် လည်ပတ်နေမိသည်။
သူ ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်တိုင်း နေရာလွတ်၏ ပြောင်းပြန်လှန်ခြင်းက သူ့ကို နောက်သို့ ဆုတ်သွားစေသည်။ သူ နောက်သို့ ဆုတ်လိုက်တိုင်း မသိလိုက်ဘဲ လေထဲသို့ တက်သွားသည်။ နေရာလွတ်မှာ လုံးဝဖရိုဖရဲဖြစ်သွားပြီး အချိန်၏နိယာမများမှာ လုံးဝ ပြိုကျသွားသည်။ နဂါးနိုင်အရဟတ္တ၏ ကိုယ်ခန္ဓာပတ်လည် မီတာတစ်ရာအတွင်း၌ အသက်ရှင်သူများမှာ ပျက်စီးသွားပြီး သေဆုံးသူများမှာ ပြန်လည်မွေးဖွားလာကြသည်။ အရဟတ္တ၏ သက်တမ်းနှင့် အတွင်းစကြာဝဠာ သံသရာတို့မှာ ဆက်တိုက် လျော့ကျသွားပြီး သူ၏ အခြေအနေမှာ ယိုယွင်းလာလေသည်။
"ဆရာတော်။ တကယ်ပဲ တပည့်တော် သေတာကို ကြည့်နေတော့မှာလား။။"
"မုန့်ချင်ကျိုးကို မောင်းထုတ်ပေးဖို့အတွက်ပဲဖြစ်ဖြစ် တပည့်တော်ကို ကူညီပေးဖို့ တောင်းဆိုပါတယ်။ ဗုဒ္ဓတွေကို စိတ်ပျက်အားငယ် မသွားစေပါနဲ့။"
နဂါးနိုင်အရဟတ္တက သူ၏စိတ်ခံစားချက်များကို မထိန်းချုပ်နိုင်တော့ဘဲ ကောင်းကင်ယံကို ကြည့်ကာ ဟိန်းဟောက်လိုက်သည်။
အတုအယောင် ကောင်းကင်ထောက်တိုင်နယ်ပယ်သည် နောက်ဆုံးတွင် "အတုအယောင်" ဟူသော စကားအတိုင်းပင်။။
သူက အတ္တကင်းမဲ့ဗုဒ္ဓ၏ လမ်းစဉ်တွင် အမြစ်တွယ်ထားသော်လည်း ကောင်းကင်ထောက်တိုင်နယ်ပယ် စွမ်းအားကို အနည်းငယ်သာ စုစည်းနိုင်ပြီး ကြမ်းတမ်းသော ခွန်အားတစ်ခုသာ ရှိသည်။ သူ၏ ရွေ့လျားမှုများနှင့် နည်းလမ်းများမှာ နံနက်ခင်းအလင်းနယ်ပယ်ထက် မပိုပေ။ ကြီးမားသော ခွန်အားဖြင့် ပစ်လိုက်သော အုတ်ခဲတစ်ခုကဲ့သို့ပင် သူက အကြမ်းဖျင်း ထိုးနှက်ချက်များကိုသာ လုပ်ဆောင်နိုင်သည်။
မုန့်ချင်ကျိုးသည် စက်ဝန်းပုံစံ အချိန်-နေရာလွတ် ဥမင်ကို ဖန်တီးရန် ရိုးရှင်းသော လှည့်ကွက်တစ်ခုကို အသုံးပြုလိုက်ရာ နဂါးနိုင်အရဟတ္တမှာ ခေါင်းမရှိသော ယင်ကောင်တစ်ကောင်ကဲ့သို့ အကူအညီမဲ့စွာ လှည့်လည်နေရတော့သည်။
"သေစမ်း။"
မုန့်ချင်ကျိုးသည် လက်ချောင်းငါးချောင်းကို ဖြန့်လိုက်ပြီးနောက် လက်ဖဝါးများကို ဖြည်းညှင်းစွာ ပိတ်ကာ နဂါးနိုင်အရဟတ္တရှေ့တွင် လက်သီးကို ဆုပ်လိုက်သည်။
ဂွက်... ဂွက်...
သွေးများစီးကျလာပြီး ရွှေရောင်ခန္ဓာကိုယ်နှင့် ကျောက်စိမ်းအရိုးများ တစ်လက်မချင်းစီ ကျိုးပဲ့သွား၏။
နဂါးနိုင်အရဟတ္တမှာ လူပုံစံ မဟုတ်တော့သည်ကို မြင်လိုက်ရာ အချိန်-နေရာလွတ် ဓားအသိသည် အတွင်းစကြာဝဠာထဲသို့ ထိုးဖောက်ဝင်ရောက်သွားပြီး ဓားတစ်ချက်ဖြင့် တာအိုကို ဖြတ်တောက်ရန် ပြင်လိုက်သည်။
"ဒကာကြီး... သူ့ရဲ့ အသက်ကို ချမ်းသာပေးပါ။"
ရုတ်တရက် သက်ပြင်းချသံတစ်ခု ပေါ်ထွက်လာပြီး ဘုန်းကြီးအိုက နဂါးနိုင်အရဟတ္တရှေ့တွင် လေထဲမှ ပေါ်လာသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင်၊ သေလုနီးပါးဖြစ်နေသော နဂါးနိုင်အရဟတ္တမှာ ချည်နှောင်မှုမှ လွတ်မြောက်သွားပြီး အတွင်းစကြာဝဠာမှ ဓားအသိများ ဖျက်ဆီးခံလိုက်ရကာ ပြင်းထန်စွာ ဒဏ်ရာရရှိထားသည့် အခြေအနေမှ ချက်ချင်း ပြန်လည်ကောင်းမွန်သွားသည်။
မုန့်ချင်ကျိုး အံ့သြမသွားဘဲ တည်ငြိမ်စွာ ပြောလိုက်သည်။ "နောက်ဆုံးတော့ ကိုယ့်ကိုယ်ကိုယ်ပြဖို့ ဝန်မလေးတော့ဘူးပေါ့။"
ဘုန်းကြီးအိုက လက်နှစ်ဖက်ကို ယှက်လိုက်ပြီး သူ၏မျက်နှာတွင် ဝမ်းနည်းမှုများ ပြည့်နှက်နေသည်။
"ဒကာကြီး... လွန်ခဲ့တဲ့ ရက်အနည်းငယ်က အရဟတ္တတွေကို အကြောင်းမဲ့ မသတ်ဖို့နဲ့ ကောင်းကင်ထောက်တိုင်နပယ်ကို မဖောက်ထွင်းဖို့ ငါ သတိပေးခဲ့ပေမယ့်။ ဒကာကြီးက ဒီသီလနှစ်ပါးစလုံးကို ချိုးဖျက်ခဲ့တယ်။"
"ဘာလို့များလဲ။"
"မင်းက တကယ်ပဲ ငါ့ရဲ့ရန်သူ ဖြစ်ချင်နေတာလား။ ငါ ဗုဒ္ဓတိုင်းပြည်အဖြစ် ပြောင်းလဲသွားပြီဆိုတာကို မင်း သိထားပြီးပြီးဆိုတော့ တခြား ကောင်းကင်ထောက်တိုင် ကျင့်ကြံသူတစ်ယောက် ဗုဒ္ဓတိုင်းပြည်ပေါ်ကို ဆင်းသက်လာရင်တောင် ငါ့ကို မယှဉ်နိုင်ဘူးဆိုတာကိုလည်း မင်း သိထားရမယ်။"
"ပြီးတော့ ဒကာကြီး... မင်းသာ ကံကောင်းပြီး ဖောက်ထွင်းဝင်ရောက်နိုင်ရင်တောင် ဒီဘုန်းကြီးရဲ့ ပြောင်းလဲခြင်းကို ခံရမယ့် ကံကြမ္မာကနေ မင်း လွတ်မြောက်မှာ မဟုတ်ဘူး။"
မုန့်ချင်ကျိုး၏ နှုတ်ခမ်းများမှာ လှောင်ပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားပြီး ပြောလိုက်သည်။
"အိုး။ အဲဒီလိုလား။"
"ခင်ဗျားက တကယ်ပဲ ကျွန်တော့်ကို သတ်ရဲလို့လား။"
"အချိန်-နေရာလွတ် ဓားသူတော်စင် အသက်ရှင်နေသရွေ့ ကောင်းကင်ပြည်နယ်နဲ့ ကောင်းကင်ကြည့်ဆောင်ရဲ့ ပစ်မှတ်က မဟာကျင်းတိုင်းပြည်ပဲ ဖြစ်နေလိမ့်မယ်။ အချိန်-နေရာလွတ် ဓားသူတော်စင် သေသွားတာနဲ့ မဟာကျင်းတိုင်းပြည်က ဘာပဲဖြစ်ဖြစ် အပြီးအပိုင် တိုက်ခိုက်လာလိမ့်မယ်။ အဲဒီအချိန်မှာ တစ်ဖက်က ဧကန်မုချ ပျက်စီးသွားမှာပဲ။ ပြီးတော့ ခင်ဗျားက မီးကိုဆွဲဆောင်တဲ့ ဒိုင်းလွှားကို ဆုံးရှုံးသွားရုံတင်မကဘဲ ကောင်းကင်ပြည်နယ်နဲ့ ကောင်းကင်ကြည့်ဆောင်ရဲ့ အရှင်သခင်တွေရဲ့ အာရုံစိုက်မှုက ဗုဒ္ဓတိုင်းပြည်အပေါ်မှာပဲ အပြည့်အဝ ရှိနေလိမ့်မယ်။"
"ခင်ဗျား ဒါကိုလည်း ကိုင်တွယ်နိုင်မယ် မထင်ဘူး။"
ထိုသို့ပြောပြီးနောက် မုန့်ချင်ကျိုးက စကားကို ရပ်လိုက်သည်။
ထိုသို့ဆိုလျှင် တော်လောက်လေပြီ။
အထက်ပါ ပြောဆိုချက်များက မုန့်ချင်ကျိုး၏ ကိုယ်ပိုင် ထင်မြင်ချက်များသာ ဖြစ်သည်။
လန်ယတွင် တာဝန်စယူပြီး ဗုဒ္ဓတိုင်းပြည်ဆီမှ ပြန်လည်တုံ့ပြန်မှု မရရှိခဲ့ချိန်ကတည်းက သူ သံသယ ဖြစ်ခဲ့သည်။ ထို့နောက်တွင် အတ္တကင်းမဲ့ဗုဒ္ဓ၏ ကိုယ်ပွားနှင့် တွေ့ဆုံပြီး ဗုဒ္ဓတိုင်းပြည်၏ အမှန်တရားကို သိရှိပြီးနောက် မုန့်ချင်ကျိုးက အတ္တကင်းမဲ့ဗုဒ္ဓတွင် တစ်ခုခု ကြံစည်နေသည်မှာ သေချာသည်ဟု ကောက်ချက် ချလိုက်သည်။
အပေါ်ယံတွင် ဤဘုန်းကြီးအိုက ကောင်းကင်ကြည့်ဆောင်၏ အမိန့်ကို နာခံနေသယောင် ရှိသော်လည်း မဟာကျင်းတိုင်းပြည်သာ ပျက်စီးသွားပါက အနောက်ဘက် ဗုဒ္ဓတိုင်းပြည်သည် ကောင်းကင်ပြည်နယ်၏ အရှင်သခင် ကျိဝူရွှမ်အတွက် ခြေနင်းတုံး ဖြစ်လာလိမ့်မည်ကို သူ ကောင်းကောင်း သိထားသည်။
၎င်မှာ မုန့်ချင်ကျိုးနှင့် အတ္တကင်းမဲ့ဗုဒ္ဓတို့ ပထမဆုံးအကြိမ် တွေ့ဆုံခြင်းဖြစ်ပြီး သူက ဘုန်းကြီးအို၏ သံသယများကို အတည်ပြုပေးရန် "ကောင်းကင်ဧကရာဇ်ရွေးချယ်ခံရခြင်း" ဆိုသည့် သတင်းကို ရည်ရွယ်ချက်ရှိရှိ ပြောပြခဲ့ခြင်းဖြစ်သည်။
အတ္တကင်းမဲ့ဗုဒ္ဓသည် တစ်သက်လုံး ကြိုးစားပမ်းစား ကျင့်ကြံခဲ့ရပြီးနောက် ဤအခြေအနေမျိုးနှင့် အဆုံးသတ်သွားရန် မလိုလားရာ သူ့တွင် အချိန်လိုအပ်နေသည်။ သူက အာရုံစိုက်မှုကို ဆွဲဆောင်ပေးမည့်သူ တစ်ယောက် လိုအပ်နေသည်။
ထို့ကြောင့် မဟာကျင်းတိုင်းပြည်က ရှုံးနိမ့်သွား၍ မဖြစ်သလို အချိန်-နေရာလွတ် ဓားသူတော်စင်လည်း သေသွား၍ မဖြစ်ပေ။
သို့သော် အချိန်-နေရာလွတ် ဓားသူတော်စင်မှာ နယ်ပယ်တူအတွင်း ပြိုင်ဖက်ကင်းသည်ဟူသော အယူအဆကို လူတိုင်း သိကြသည်။ သူက မသေနိုင်သလို ကောင်းကင်ထောက်တိုင်ကိုလည်း တက်လှမ်း၍ မဖြစ်ပေ။ ထိုသို့ မဟုတ်လျှင် သူ့ကို ကန့်သတ်ထားရန် ခက်ခဲလိမ့်မည်။
"ဒကာကြီး... ဒကာကြီးက အတွေးလွန်နေတာပါ။"
ဘုန်းကြီးအိုက အချိန်အတော်ကြာ တိတ်ဆိတ်နေပြီး သူ၏ဝမ်းနည်းမှုမှာ ပိုမို၍ နက်ရှိုင်းလာကာ ပြောလိုက်သည်။
"ငါက ကောင်းကင်စောင့်ကြည့်သူရဲ့အမိန့်အရ ဒကာကြီးကို အသက်ရှင်လျက် ထားပေးနေတာပါ။ ကောင်းကင်ပြည်နယ် ပေါင်းစည်းပြီးတာနဲ့ ဧကရာဇ်အသစ်က မင်းရဲ့ ခေါင်းကို လာယူလိမ့်မယ်။"
မုန့်ချင်ကျိုး မျက်မှောင်ကြုတ်သွား၏။
ဘုန်းကြီးအို ပြောသမျှထဲမှ မည်သည်ကအမှန် မည်သည်ကအလိမ်အညာကို သူ မသိပေ။
သို့သော် ကောင်းကင်ကြည့်ဆောာင်၏ ထူးဆန်းသော လုပ်ဆောင်ချက်များကို တွေးမိလိုက်သောအခါ သူ မသေချာတော့ပေ။
မူရင်းဝတ္ထုအရ ပထမဆုံးလူသားဧကရာဇ် ပျောက်ကွယ်သွားပြီးနောက် ကောင်းကင်ကြည့်ဆောင် တည်ထောင်ခဲ့ပြီးကတည်းက ၎င်းသည် အလားအလာရှိသော ပါရမီရှင်များကို လျှို့ဝှက်စွာ ရှာဖွေနေခဲ့သည်။ လွန်ခဲ့သည့် နှစ်ပေါင်းထောင်ချီအတွင်း "လူသားဧကရာဇ်လောင်းလျာ" ထောင်ပေါင်းများစွာကို ခေါ်ယူခဲ့ပြီး ကျိဝူရွှမ်မှာ ထိုအထဲတွင် အထင်ရှားဆုံးတစ်ယောက် ဖြစ်သည်။
ကောင်းကင်ကြည့်ဆောင်က ကျိဝူရွှမ်၏ [ ကမ္ဘာပေါင်းစုံတာအို ] ကို ဖန်တီးခဲ့ပြီး ၎င်းမှာ တခြား ပြိုင်ဘက်များကို ဖယ်ရှားကာ တိုက်ပွဲများမှတစ်ဆင့် လူသားဧကရာဇ် အရန်အင်အားစု ထောင်ပေါင်းများစွာကို တဖြည်းဖြည်း စုပ်ယူခြင်း ဖြစ်သည်။
သို့သော်လည်း သံသယဖြစ်စရာ တစ်ချက် ရှိနေသည်။
ငါ မုန့်ချင်း၊ အချိန်-နေရာလွတ် ဓားသူတော်စင်က ကြားလူတစ်ယောက်လား။
ကံကြမ္မာ၏ဇာတ်လိုက် ကျောက်ကော်က ငါ့ကြောင့် သေဆုံးခဲ့ရတယ်။ ကျိဝူရွှမ်က ငါ့လက်ချက်ဖြင့် အကြိမ်ကြိမ် ရှုံးနိမ့်ခဲ့တယ်။ ငါက သမိုင်းမှထဲာ တစ်ဦးတည်းသော အချိန်-နေရာလွတ် နိယာမပိုင်ရှင်လည်း ဟုတ်တယ်။ အသက်(၂၀)ကျော်ပဲ ရှိသေးပြီး ကောင်းကင်ထောက်တိုင်နယ်ပယ်ကို ဝင်ရောက်တော့မည့် ပါရမီရှင် တစ်ယောက်လည်း ဖြစ်တယ်။ ကောင်းကင်ကြည့်ဆောင်က ဘာကို တွေးနေတာလဲ။ ဘာလို့ ငါ့ကို တစ်ခါမှ မခေါ်ယူခဲ့တာလဲ။
"မြေခွေးအိုကြီး။"
မုန့်ချင်ကျိုး၏ အတွေးများ ပျက်စီးသွားပြီး သက်ပြင်းမချဘဲ မနေနိုင်ခဲ့ပေ။
လူသားဧကရာဇ် ခေတ်ကတည်းက အသက်ရှင်ကျန်ရစ်ခဲ့သော လာမာဘုန်းကြီးတစ်ပါးအနေဖြင့် သူက ရွှေရောင်ခေတ်တွင် ကျော်ကြားလာပြီး ကြီးမားသော အောင်မြင်မှုများကို ရရှိခဲ့သည်။ သူသည် အလွန်သေချာစွာ တွက်ချက်တတ်သူ ဖြစ်သည်။
"ဒကာကြီးက မြှောက်ပြောနေတာပဲ။ ခုနက သတ်လိုက်တဲ့ အရဟတ္တတွေကို ခွင့်လွှတ်ပေးဖို့ ငါက ဆန္ဒရှိပေမယ့် နောင်အနာဂတ်မှာတော့ ဘယ်သူ့ကိုမှ မသတ်ရဘူး။"
"နဂါးနိုင်အရဟတ္တ... ဒီဘုန်းကြီး မင်းကို ခေါ်သွားမယ်။"
ဘုန်းကြီးအို၏လေသံမှာ အနည်းငယ် တင်းမာသွားသည်။
မုန့်ချင်ကျိုးက ပုစဉ်းရင်ကွဲတေးသံဓားကို ဆွဲထုတ်လိုက်ပြီး ဓားသွားကို လက်ချောင်းဖြင့် အသာအယာ ခေါက်လိုက်ကာ ပြောလိုက်သည်။
"ကျွန်တော်က ခွင့်မပြုရင်ကော။"
ဘုန်းကြီးအိုမှာ အံ့သြသွားသည်။
ခွင့်မပြုဘူးလား။
မင်းက ငါ့ရဲ့မိတ်ဆွေ မဟုတ်ဘဲနဲ့ ငါ့ကို ဒီလောက်မောက်မာတဲ့စကားတွေ ပြောဖို့ ဘယ်ကနေ ယုံကြည်ချက် ရလာတာလဲ။
မင်းရဲ့ ခွင့်ပြုချက် လိုအပ်လို့လား။ မင်း ငါ့ကို တားနိုင်မယ်လို့ ထင်နေတာလား။
ဘုန်းကြီးအို၏ မျက်လုံးများတွင် ရှုပ်ထွေးမှုနှင့် တွေဝေမှုများ ပေါ်လာသည်။ "ဒကာကြီး ဘာကို ဆိုလိုတာလဲ။"
မုန့်ချင်ကျိုးက ပုစဉ်းရင်ကွဲတေးသံဓားကို ဘုန်းကြီးအိုဆီ ပစ်ပေးလိုက်ပြီး ပြုံးကာ ပြောလိုက်သည်။
"ဒီဓားကို ယူပြီး နဂါးနိုင်အရဟတ္တကို သတ်လိုက်ပါ။"
ဘုန်းကြီးအို ကြောင်သွားသည်။ သူ၏ကတုံးကို ပွတ်သပ်လိုက်ပြီး လက်ထဲရှိ ပုစဉ်းရင်ကွဲတေးသံဓားကို ငုံ့ကြည့်လိုက်ကာ နောက်တစ်ကြိမ် မော့ကြည့်လိုက်သည်။
"ငါ့ရဲ့ မသိနားမလည်မှုကို ခွင့်လွှတ်ပါ။ ဒကာကြီး... ပွင့်ပွင့်လင်းလင်း ပြောပြပေးပါ။"
မုန့်ချင်ကျိုးက တည်ငြိမ်စွာ ပြောလိုက်သည်။
"ရွေးချယ်စရာ နှစ်ခုပဲ ရှိတယ်။"
"ခင်ဗျားက ကျွန်တော့်အတွက် လက်စားချေဖို့ နဂါးနိုင်အရဟတ္တကို သတ်လိုက်။ အဲဒီလိုဆိုရင် ကျွန်တော်က တိုက်ပွဲကနေရလာတဲ့ ဉာဏ်အလင်းနဲ့ ကောင်းကင်ထောက်တိုင်နယ်ပယ်ကို ဝင်ရောက်လို့ မရတော့ဘူး။ ဒါမှမဟုတ်... "
"ဒီနေ့က အဆုံးအဖြတ် တိုက်ပွဲပဲ။ ယုံလိုက်ပါ၊ ကျွန်တော့်ရဲ့ စကားတိုင်းက နှလုံးသားထဲက လာတာ။"
"ခင်ဗျား မယုံရင် စမ်းကြည့်လိုက်လေ။"
စကားပြောပြီးသည်နှင့် တိတ်ဆိတ်မှုမှာ ငြိမ်သက်သွားသည်။ ဘုန်းကြီးအိုက မုန့်ချင်ကျိုးကို စူးစိုက်ကြည့်လိုက်ပြီးနောက် လက်ထဲရှိ အေးစက်တောက်ပနေသော ပုစဉ်းရင်ကွဲတေသံဓားကို ငုံ့ကြည့်လိုက်ကာ စကားတစ်ခွန်းမှ မပြောပေ။
ဘုန်းကြီးအို၏ နောက်ကွယ်တွင် ပုန်းအောင်းနေသော နဂါးနိုင်အရဟတ္တမှာ ထိုစကားကို ကြားပြီးနောက် တဟားဟား ရယ်လိုက်သည်။
"အချိန်-နေရာလွတ် ဓားသူတော်စင်။ မင်း ရူးသွားပြီလား။ ငါ့ကို သတ်ခိုင်းဖို့ ဇန်ဆရာသခင်ကို တောင်းဆိုရဲတယ်ပေါ့လေ။ ဘယ်လောက်တောင် ရဲတင်းလိုက်တဲ့စကားလဲ။"
"ရွှန်း.."
နဂါးနိုင်အရဟတ္တ ဂုဏ်ယူနေချိန်တွင် သူ၏လမ်းကို ပိတ်ထားသော ဘုန်းကြီးအိုက ရုတ်တရက် နောက်သို့လှည့်လာပြီး ဓားဖြင့် အရဟတ္တ၏ နဖူးကို ထိုးစိုက်လိုက်ရာ အရဟတ္တ၏ အတွင်းစကြာဝဠာမှာ ပြိုကွဲပျက်စီးသွားလေသည်။
ချက်ချင်း သတ်ဖြတ်ခြင်းပင်။
နဂါးနိုင်အရဟတ္တက နာကျင်မှုမရှိဘဲ သေဆုံးသွားခဲ့ပြီး မသေခင်မှာပင် မျက်နှာပေါ်တွင် ပျော်ရွှင်သော ရယ်မောသံကို ဆက်လက်ထိန်းထားလျက် ရှိနေခဲ့သည်။
"မင်း နိုင်သွားပြီ။"
ဘုန်းကြီးအိုက ပုစဉ်းရင်ကွဲတေးသံဓားကို မုန့်ချင်ကျိုးထံ ပြန်ပေးလိုက်ကာ သူ၏မျက်ဝန်းများထဲတွင် ပင်ပန်းနွမ်းနယ်မှု အရိပ်အယောင်တစ်ခု ပေါ်လာသည်။
ထိုသို့ပြောရင်း…
အတ္တကင်းမဲ့ဗုဒ္ဓက သူ၏ရှေ့မှ လူငယ်လေးကို စူးစိုက်ကြည့်လိုက်ပြီး ပြောလိုက်သည်။
"ငါက နှစ်သောင်းပေါင်းများစွာ အသက်ရှင်ခဲ့ပြီးတော့ ပထမဆုံး လူသားဧကရာဇ်က အောက်ခြေကနေ စတင်ပြီး သာယာဝပြောတဲ့တိုင်းပြည်ကို တည်ထောင်ပြီးတော့ လောကကြီးတစ်ခုလုံးက မကောင်းဆိုးဝါးတွေကို ချေမှုန်းသွားတာကို မြင်ခဲ့ရတယ်။ ဒီနှစ်တွေအတွင်းမှာ မင်းက ငါ့ကို သီလဖောက်ဖျက်ဖို့ အတင်းအကျပ် လုပ်နိုင်တဲ့ ပထမဆုံးလူပဲ။"
အတ္တကင်းမဲ့ဗုဒ္ဓက မုန့်ချင်ကျိုးကို အလေးအနက်ထားပြီး "ဒီဘုန်းကြီး"ဟု သူ့ကိုယ်သူ ခေါ်ဆိုကာ ဟန်ဆောင်ခြင်းကို ရပ်တန့်လိုက်ပြီဖြစ်ကြောင်း သိသာထင်ရှားလှသည်။
မုန့်ချင်ကျိုးက အံ့သြစွာ မေးလိုက်သည်။ "တကယ်လား။ ခင်ဗျား ဘယ်သူ့ကိုမှ မသတ်ဖူးဘူးလား။"
"ဟုတ်တယ်။" ဘုန်းကြီးအိုက စိတ်ရင်းအမှန်ဖြင့် ခေါင်းညိတ်လိုက်သည်။
မုန့်ချင်ကျိုးက ရယ်မောလိုက်သည်။ "ကျွန်တော် ယုံလား၊ မယုံဘူးလား ဆိုတာကို ခန့်မှန်းကြည့်လေ။"
ဘုန်းကြီးအိုက ခေါင်းခါလိုက်ပြီး သူ့ကို ငြင်းရန် ပျင်းရိနေသည်။
ဒီကောင်က ပါရမီမြင့်မားရုံတင်မကဘဲ ထူးခြားတဲ့ အမြင်နဲ့ ပညာဉာဏ်လည်း ရှိနေတယ်။
ပထမဆုံး လူသားဧကရာဇ် အောက်ခြေကနေ စတင်ခဲ့တဲ့ အငွေ့အသက်မျိုး သူ့ရဲ့ခန္ဓာကိုယ်ကနေ ထွက်ပေါ်နေတယ်...
သူ ဧကရာဇ်မဖြစ်မီက ပထမဆုံးဧကရာဇ်ထက်တောင် အရှိန်အဝါက ပိုပြီးအားကောင်းနေသေးတယ်လို့ ဆိုလို့ရတယ်။
"နှုတ်ဆက်ပါတယ်။"
ဘုန်းကြီးအို ထွက်ခွာခါနီး ရုတ်တရက် အတွေးတစ်ခု ဝင်လာပြီး တစ်ခုခုကို အာရုံခံမိလိုက်သည်...
"မဟုတ်သေးဘူး။"
ဒီလှိုင်းလုံး...
ဒါက ကောင်းကင်ထောက်တိုင်နယ်ပယ်ကို ဖောက်ထွင်းဝင်ရောက်တော့မယ့် လက္ခဏာပဲ။
ဘုန်းကြီးအိုက အံ့အားသင့်စွာဖြင့် လှည့်ကြည့်လိုက်ရာ သူ၏မျက်ဝန်းထဲရှိ ကရုဏာနှင့် ကြင်နာမှုများ ပျောက်ကွယ်သွားပြီး ရက်စက်ပြီး မှောင်မိုက်သော အမူအရာဖြင့် အစားထိုးခံလိုက်ရသည်။ သူက ဒေါသတကြီး အော်ဟစ်လိုက်သည်။ "ဘာဖြစ်နေတာလဲ။"
"မင်းက တိုက်ပွဲကမှ အချိန်-နေရာလွတ်နိယာမတွေကို စုပ်ယူတဲ့လုပ်ငန်းစဉ်ကို အရှိန်မြှင့်တာ မဟုတ်ဘူးလား။ မင်း တိုက်ပွဲဝင်ဖို့ အခွင့်အရေးတောင် မရဘဲနဲ့ နဂါးနိုင်အရဟတ္တကို ငါ သတ်လိုက်တာလေ။ ဒါဆို ဘာဖြစ်လို့..."
မုန့်ချင်ကျိုးက ကျေနပ်အားရစွာဖြင့် ကျယ်လောင်စွာ ရယ်မောလိုက်သည်။
အချိန်-နေရာလွတ် လမ်းကြောင်းက ၈၀%အထိ ရောက်ရှိသွားလေပြီ။
သူသည် ယခုအခါ ကောင်းကင်ထောက်တိုင်နယ်ပယ်သို့ တရားဝင် ခြေချလိုက်ပြီ ဖြစ်သည်။ ကောင်းကင်ထောက်တိုင်နယ်ပယ်ကို ဖောက်ထွင်းဝင်ရောက်ရန် ခြေတစ်လှမ်သာ လိုတော့သည်။
သူ၏ တိုက်ခိုက်မှုစွမ်းအားမှာ အဆပေါင်းများစွာ တိုးတက်လာခဲ့ပြီး၊ အတိအကျ မည်မျှလောက် တိုးတက်သွားကြောင်းကို သူ မစစ်ဆေးနိုင်တော့ပေ။
ကောင်းကင်အောက်တွင် သူ့ကို ယှဉ်နိုင်သူ မရှိတော့ပေ။ ကောင်းကင်အထက်တွင် တိုက်နိုင်သော်လည်း သေရနိုင်သည်။
မုန့်ချင်ကျိုးက ပြုံးပြီး ပြောလိုက်သည်။
"ကတုံးအိုကြီး၊ ခင်ဗျားရဲ့ အခြေအနေ သေချာပေါက် တစ်ခုခု မှားနေပြီ။ ခင်ဗျားက တောရိုင်းမြေရဲ့ ကောင်းကင်တာအိုဆီကနေ အပြစ်ပေးခံလိုက်ရတာလား။"
"ခင်ဗျားက ကောင်းကင်တာအိုရဲ့ သဲလွန်စတစ်ခုကို လုယူပြီးတော့ ဗုဒ္ဓတိုင်းပြည်ကြီးတစ်ခုလုံးကို အသွင်ပြောင်းလမ်းစဉ်အဖြစ် ပေါင်းစပ်ဖို့ ရဲဝံ့တာကိုး။ ခင်ဗျားရဲ့ သတ္တိကို ချီးကျူးပါတယ်။"
"အဲဒီလောက်ထိတောင် ဖြစ်နေတာကို ကျွန်တော် လိမ်နေတာကိုတောင် ခင်ဗျား မသိလိုက်ဘူးပေါ့။"
မုန့်ချင်ကျိုးက စကားကို ရပ်လိုက်သည်။
စကားပြောရသည်မှာ အဆင်ပြေသော်လည်း ဝှက်ဖဲများကို ပြစရာ မလိုအပ်ပေ။။
သူက အချိန်-နေရာလွတ် နိယာများကို စုပ်ယူရန် တိုက်ပွဲကို လုံးဝမသုံးဘဲ ကောင်းကင်ထောက်တိုင် တာအိုအနှစ်သာရ၏ ဖိအားပေးမှုများကို ခံစားခြင်းဖြင့်သာ လုပ်ဆောင်သည်။ စစ်မှန်သော ကောင်းကင်ထောက်တိုင် ကျင့်ကြံသူထက်ပိုပြီး ကောင်းကင်ထောက်တိုင် တာအိုအနှစ်သာရကို ယူဆောင်လာနိုင်မည့်သူ မည်သူ ရှိနိုင်မည်နည်း။
ထို့ကြောင့် မုန့်ချင်ကျိုးက ရည်ရွယ်ချက်ရှိရှိဖြင့် စကားအကြာကြီး ပြောခဲ့ပြီး နဂါးနိုင်အရဟတ္တကို မသတ်ဘဲ အချိန်ဆွဲခဲ့ကာ ဤဘုန်းကြီးအိုကို စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။
အချိန်-နေရာလွတ်လမ်းစဉ်သည် တိုးတက်လာလေလေ ပိုခက်ခဲလာလေလေ ဖြစ်သည်။ ၅၀% တိုးတက်မှု ရောက်ရှိပြီးကတည်းက သူသည် ရွေးချယ်စရာ လမ်းနှစ်လမ်းသာ ရှိနေကြောင်း ရှင်းလင်းစွာ ခံစားခဲ့ရသည်။ ပထမအချက်မှာ စနစ်မှတစ်ဆင့် နေ့စဉ်အတွေ့အကြုံများ ရယူပြီးနောက် ခက်ခဲသော လေ့ကျင့်မှုများဖြင့် ကျွမ်းကျင်မှုကို မြှင့်တင်ရန်ဖြစ်ကာ ဒုတိယအချက်မှာ ကောင်းကင်တာအို၏ စစ်မှန်သော အနှစ်သာရကို ခံစားရန် ဖြစ်သည်။
ယခုတော့ လုပ်ငန်းစဉ်က ၈၀% ပြီးစီးသွားပြီဖြစ်ရာ ပို၍ပင် ခက်ခဲလာပြီ ဖြစ်သည်။ ဝိညာဉ်စွမ်းအင်များ မည်မျှခံစားရပါစေ အသုံးမဝင်တော့ပေ။ အတ္တကင်းမဲ့ဗုဒ္ဓကို ဒေါသထွက်အောင် ပြုလုပ်ပြီး လူများကို သတ်ခိုင်းလျှင်ပင် တိုးတက်မှု တစ်စုံတစ်ရာ ရှိလာတော့မည် မဟုတ်ပေ။
တစ်ခုတည်းသော နည်းလမ်းမှာ တောင့်ခံရန်ပင်။
…