← Chapters

အခန်း ၂၄၀

Vol. 17 Ch. 240

အခန်း ၂၄၀

Vol. 17 Ch. 240

အပိုင်း(၂၄၀) သည်းခံပြီး လမ်းညွှန်ခြင်း၊ အနာဂတ်အတွက် အုတ်မြစ်ချခြင်း

နှုတ်ဆက်စကား အပြန်အလှန် ပြောဆိုပြီးနောက်တွင် အတွေးပေါင်းစုံနှင့် ရှုပ်ထွေးနေသော ဧကရီက အချိန်ဆွဲမနေတော့ပေ။ သူက ချင်းဖုန်းဟော်ကို လန်ယတွင် ဆက်လက်ကာကွယ်ရန် အမိန့်ပေးခဲ့ပြီး ဗုဒ္ဓတိုင်းပြည်မှ အရဟတ္တများ၏ လက်တုံ့ပြန်မှုမှန်သမျှကို ခုခံရန် နံနက်ခင်းအလင်း ကျွမ်းကျင်သူ (၁၀)ဦးကို ထားခဲ့လိုက်သည်။

အတ္တကင်းမဲ့ဗုဒ္ဓနှင့် ပတ်သက်၍မူ တုန်းဖန်လျူလီနှင့် မုန့်ချင်ကျိုးတို့က ထိုဘုန်းကြီးအိုက သူတို့ ခေါင်းပေါ်တွင် အညစ်အကြေး စွန့်ချင်ပါကပင် သူတို့က လက်မထောင်၍ အစာခြေစနစ် ကောင်းမွန်ကြောင်း ချီးကျူးပေးမည့်သူများသာဖြစ်သည်ဟု သဘောတူထားကြသည့်အတွက် စိုးရိမ်စရာ မရှိတော့ပေ။

မုန့်ချင်ကျိုးက လက်ဖျောက်တစ်ချက် တီးလိုက်ရာ အချိန်-နေရာလွတ် လှိုင်းလုံးတစ်ခု ပျံ့နှံ့သွားပြီး စစ်သည်တစ်သန်းပါဝင်သော စစ်တပ်၊ ဧကရီဘုရင်မ၊ ကျန်းစန်းဟိုင်၊ လမင်းမျိုးနွယ်စုနှင့် အခြားသူများကို ဖုံးလွှမ်းသွားသည်။ သူတို့က လန်ယနယ်စပ်မှ ချက်ချင်း ပျောက်ကွယ်သွားပြီး နန်းတော် တံခါးပေါက်များရှေ့တွင် ပြန်လည် ပေါ်ထွက်လာကြသည်။

ကျန်းစန်းဟိုင်က အလွန်အံ့အားသင့်သွားပြီး မျက်လုံးများ ပြူးကျယ်လျက် အထစ်ထစ်အငေါ့ငေါ့ ပြောလိုက်သည်။

"ဒါ... ဒါ… ငါတို့က မိုင်ထောင်ပေါင်းများစွာကို တစ်ခဏချင်းအတွင်းမှာ စစ်သည်တစ်သန်းနဲ့အတူ ခရီးနှင်လိုက်တလာား။"

ကျင့်ကြံမှုအဆင့်မှာ မမြင့်မားသော်လည်း နန်းရင်းဝန်အဖြစ် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့ပြီး ဗုဒ္ဓတိုင်းပြည်စစ်ပွဲတွင် တစ်နှစ်ခွဲတိုင်တိုင် ပါဝင်ခဲ့သူဖြစ်၍ သူ၏အမြင်မှာ ကျယ်ပြန့်သည်။ ဤကြောက်မက်ဖွယ် စွမ်းရည်မှာ နံနက်ခင်းအလင်းနယ်ပယ် ပုဂ္ဂိုလ်တစ်ဦးတွင် ရှိနိုင်သော အရာမျိုး မဟုတ်ပေ။

တုန်းဖန်လျူလီပင်လျှင် ဒုတိယအကြိမ် ပြန်ကြည့်မိရသည်အထိ ဖြစ်သွားသည်။

သူက ယခုအခါတွင် တောရိုင်းမြေ၏ ကံကြမ္မာအကူအညီဖြင့် နံနက်ခင်းအလင်းနယ်ပယ် နှောင်းပိုင်းအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကာ တိုက်ခိုက်ရေးစွမ်းရည်မှာလည်း မုန့်ချင်ကျိုး၏ ဂိုဏ်းပေါင်းစုံ မဟာမိတ်အဖွဲ့စစ်ပွဲအတွင်းက စွမ်းရည်များနှင့် တန်းတူဖြစ်နေပြီ ဖြစ်သည်။ ထို့ကြောင့် သူက မည်မျှ အင်အားကြီးမားသည်ကို သိနိုင်သည်။ သို့သော် သူပင်လျှင် ဤအရာကို နားမလည်နိုင်ပေ။

"ဓားသူတော်စင် အရှင်...ခင်ဗျား ကောင်းကင်ထောက်တိုင်နယ်ပယ်ကို မရောက်သေးဘူးမဟုတ်လား။" လန်ရှင်းစုက တိုးတိုးလေး မေးလိုက်သည်။

မုန့်ချင်ကျိုးက ခေါင်းခါ၍ ပြုံးပြလိုက်သည်။ "မဖရာက်သေးပါဘူး။ ကောင်းကင်ထောက်တိုင်နယ်ပယ် တစ်ပိုင်းလောက်ပဲ ရှိပါသေးတယ်။"

ဟုတ်တယ်လေ။ မုန့်ချင်ကျိုးဆိုတဲ့ ငါက ဘယ်တော့မှ မလိမ်ဘူး။ ငါ့ရဲ့ ကျင့်ကြံမှုအဆင့်က ကောင်းကင်ဘုံနယ်ပယ်တစ်ပိုင်းပဲ ရှိသေးတာ။ ဒါပေမဲ့ ဘယ်အချိန်မဆို အဆင့်တက်နိုင်တယ်။

ကောင်းကင်ဘုံသို့သွားရာလမ်းက ရှည်လျားပြီး ခက်ခဲသောကြောင့် တိုးတက်မှုကို ဖြည်းဖြည်းချင်းသာ ပြုလုပ်ရမည်ဖြစ်သည်။

"ကောင်းကင်ထောက်တိုင်နယ်ပယ်တစ်ပိုင်း... လွန်ခဲ့တဲ့(၂)ပတ်က အသတ်ခံလိုက်ရတဲ့ အတုအယောင် ကောင်းကင်ထောက်တိုင် ပုဂ္ဂိုလ်သုံးဦးတောင် ဒီလောက်စွမ်းအားမျိုး မရှိခဲ့ကြဘူး။ ဓားသူတော်စင်သာ ကောင်းကင်ထောက်တိုင်နယ်ပယ်ကို ရောက်သွားရင်တော့ ဘယ်သူမှ အနိုင်ယူနိုင်မှာ မဟုတ်တော့ဘူး။" လန်ချိုးနန်က အလျင်စလို ချီးကျူးလိုက်သည်။

မုန့်ချင်ကျိုးက ပြုံးသော်လည်း ပြန်မဖြေခဲ့ပေ။

မြို့တော်အတွင်းရှိ ပြည်သူများနှင့် တပ်စခန်းအရာရှိများက အခြေအနေကို သိရှိသွားချိန်တွင် အောင်ပွဲခံနေသောစစ်သည်များကို ကြိုဆိုရန် မြို့အပြင်သို့ ထွက်လာကြသည်။ သာမန်ပြည်သူများက ဟင်းသီးဟင်းရွက်များကို ကမ်းပေးကြပြီး လမ်းတစ်လျှောက်လုံးတွင် ကြိုဆိုနှုတ်ဆက်နေကြသောကြောင့် ဝန်းကျင်တစ်ခုလုံးမှာ ပျော်ရွှင်စရာကောင်းနေသည်။

ချမ်းသာကြွယ်ဝသော ကုန်သည်များနှင့် သူဌေးများက ကိုယ်ပိုင်ငွေကြေးဖြင့် ဝိညာဉ်သားရဲအသား တန်ချိန်သောင်းနှင့်ချီကို ဝယ်ယူ၍ ကင်ပေးကြကာ စစ်သည်များ စားသောက်နိုင်ရန် ဝိညာဉ်သီးနှံများကိုလည်း ပေးအပ်ခဲ့ကြသည်။

တုန်းဖန်လျူလီက သူ့ကို ကြည်ညိုသော ကလေးမလေးတစ်ဦးကို ပွေ့ချီလိုက်ပြီး သူ၏ မျက်နှာပေါ်တွင် နွေးထွေးပြီး နူးညံ့သောအပြုံးများဖြင့် ဧကရီတစ်ပါး၏ဟန်ပန်ကို လုံးဝမပြဘဲ နေနေသည်။ ဝန်ကြီးများမှာလည်း ဤမြင်ကွင်းကို အသားကျနေပြီ ဖြစ်သည်။

"မြင့်မြတ်အပျိုစင်... မဟာကျင်းတိုင်းပြည်ရဲ့ ခမ်းနားမှုကို ဘယ်လိုမြင်လဲ။" မုန့်ချင်ကျိုးက လန်ရှင်းစုကို နောက်မှ လမ်းလျှောက်ရင်း မေးလိုက်သည်။

လန်ရှင်းစု၏ လှပသော မျက်နှာလေးမှာ အနည်းငယ် နီရဲသွားသည်။ သူက အခြားသူများနှင့် အကွာအဝေး အနည်းငယ် ဖန်တီးလိုက်ပြီး ချောင်းအနည်းငယ် ဟန့်လိုက်ကာ ပြောလိုက်သည်။

"ဒီမှာ စည်းလုံးညီညွတ်မှု အတော်လေးအားကောင်းတယ်။ မဟာကျင်းတိုင်းပြည်က ယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့ အင်အားကြီးမားတဲ့ တိုင်းပြည်တစ်ခုအနေနဲ့ နာမည်ဂုဏ်သတင်း ကျော်ကြားထိုက်ပါတယ်။"

"အဲဒါတော့ မမှန်သေးဘူး။ ပြည်သူတွေမှာ မျှော်လင့်ချက်ရှိတယ်။ တိုင်းပြည်မှာ အင်အားရှိတယ်လို့ ပြောရမှာ။ မင်းတို့ လမင်းမျိုးနွယ်စုဟာ ပထမဆုံးလူသားဧကရာဇ်ရဲ့ မျိုးဆက်တွေ မဟုတ်ဘူးလား။ လူသားဧကရာဇ်ရဲ့ ရွှေခေတ်အစပျိုးမှုကို မင်းတို့ မခံစားရဘူးလား။" မုန့်ချင်ကျိုးက ပြုံးလျက် ပြောလိုက်သည်။

လန်ရှင်းစု တစ်ခဏမျှ စဉ်းစားလိုက်ပြီး ခေါင်းခါကာပြောလိုက်သည်။

"ကျွန်မ မသိဘူး။ ကျွန်မက အသက်(၃၀၀)ကျော်လေးပဲ ရှိသေးတာ၊။ လူသားဧကရာဇ်ရဲ့ ရွှေခေတ်ကို တစ်ခါမှ မမြင်ဖူးဘူး။ ဒါပေမဲ့ အကြီးအကဲတွေ ပြောတာတော့ ကြားဖူးပါတယ်၊ အခုတော့ အဲဒီခံစားချက်မျိုး ကျွန်မ ခံစားမိနေပါပြီ။"

မုန့်ချင်ကျိုး၏ နှုတ်ခမ်းများမှာ တွန့်ကွေးသွားပြီး ဆက်ပြောသည်။

"ဒီလိုဆိုမှတော့ လမင်းမျိုးနွယ်စု တစ်ခုလုံးကို ရွှေ့ပြောင်းပြီး မဟာကျင်းတိုင်းပြည်ထဲကို ဝင်ပါလား။ မင်းသိတဲ့အတိုင်း အတ္တကင်းမဲ့ဗုဒ္ဓက ဗုဒ္ဓတိုင်းပြည်ကို အသွင်ပြောင်းလိုက်ပြီ။ သူက ကန္တာရမိုင်သန်းရာချီနဲ့ ဗုဒ္ဓတိုင်းပြည်ရဲ့ ကောင်းကင်တာအိုနေရာမှာ အစားထိုးလိုက်တာ။ မင်းတို့က ဇန်ဘုန်းကြီးတွေအားလုံးကို သတ်ပြီး နတ်ဘုရားတွေကို ဖျက်ဆီးလိုက်ရင်တောင် ဗုဒ္ဓတိုင်းပြည်ထဲမှာ နေနေသရွေ့တော့ အတ္တကင်းမဲ့ဗုဒ္ဓရဲ့ လက်ထဲမှာ ရှိနေသလိုပဲ။ မင်းတို့ ဘယ်အချိန်မဆို မျိုးတုံးသွားနိုင်တဲ့ ကံကြမ္မာနဲ့ ကြုံတွေ့ရနိုင်တယ်။"

"တောရိုင်းမြေမှာ စစ်ပွဲက နောက်ထပ် နှစ်ပေါင်းများစွာ ကြာဦးမှာ။ မင်းတို့လူမျိုးစုကို အတ္တကင်းမဲ့ဗုဒ္ဓရဲ့ ကျားပါးစပ်ထဲမှာ ထည့်ထားရတာ တကယ်ပဲ ဝန်မလေးဘူးလား။"

"မင်းတို့ မဟာကျင်းတိုင်းပြည်ထဲ ဝင်လာပြီဆိုရင် ငါတို့က မိသားစုဝင်တွေ ဖြစ်သွားပြီ။ အချိန်ကျရင် ဗုဒ္ဓတိုင်းပြည်ကို ပြန်သိမ်းဖို့ ငါတို့တွေ ကူညီပေးမယ်။ အဲဒါက ငါတို့လူမျိုးအတွက် ကူညီပေးတာနဲ့ အတူတူပဲ။ အကောင်းဆုံး ဖြစ်အောင် လုပ်ပေးမယ်။ ဘယ်လိုထင်လဲ။"

ထိုစကားကို ကြားလိုက်ရသောအခါ လန်ရှင်းစုမှာ ချက်ချင်း ပြန်မဖြေဘဲ အတွေးနက်သွားသည်။

လမင်းမျိုးနွယ်စု၏ မြင့်မြတ်အပျိုစင်မှာ ရိုးသားပြီး အပြစ်ကင်းစင်ပုံရသော်လည်း တကယ်တမ်းတွင် အလွန်ထက်မြက်သူဖြစ်သည်။ သူသည် မျိုးနွယ်စု၏ နောက်ဆုံးမျိုးဆက် ခေါင်းဆောင်တစ်ယောက်အနေဖြင့် မျိုးနွယ်စုတစ်ခုလုံး၏ မျှော်လင့်ချက်ကို ပခုံးပေါ်ထမ်းထားသူ ဖြစ်သည်။ အကယ်၍ သူသာ တကယ်တမ်း ငတုံးမလေးတစ်ယောက်သာဆိုလျှင် မျိုးနွယ်စုတစ်ခုလုံးကို ချောက်ထဲဆွဲချသွားလောက်ပြီ ဖြစ်သည်။

လန်ရှင်းစုက မဝံ့မရဲဖြင့် ပြောလိုက်သည်။

"မဟာကျင်းထဲ ဝင်လာမယ်ဆိုတာ... အညံ့ခံတာနဲ့တူတူပဲ။ ပြီးတော့လည်း မျိုးနွယ်စု အကြီးအကဲတွေက သဘောတူမယ် မထင်ဘူး။ ကျွန်မက မဟာကျင်းနဲ့ ပူးပေါင်းဆောင်ရွက်ချင်တာပါ..."

"ပူးပေါင်းဆောင်ရွက်မယ် ဟုတ်လား။"

မုန့်ချင်ကျိုး၏လေသံမှာ တဖြည်းဖြည်း အေးစက်သွားပြီး တည်ငြိမ်စွာပင် ပြောလိုက်သည်။

"မြင့်မြတ်အပျိုစင်။ မင်းကို ဉာဏ်ကောင်းတယ် ထင်ခဲ့တာ။ ဘာလို့ ဆိုလိုရင်းကို နားမလည်နိုင်တာလဲ။"

"လမင်းမျိုးနွယ်စုက မဟာကျင်းအတွက် အသုံးမဝင်ဘူးလို့ ပြောခဲ့ပြီးပြီ။ ငါတစ်ယောက်တည်းနဲ့တောင် နံနက်ခင်းအလင်း အယောက်(၁၀၀)ကို တိုက်နိုင်တယ်။ အတ္တကင်းမဲ့ဗုဒ္ဓက စိတ်ဆိုးရင် လောကကြီးကို မှောက်လှန်ပစ်နိုင်တယ်။ ကောင်းကင်ပြည်နယ်မှာလည်း အတ္တကင်းမဲ့ဗုဒ္ဓကို နာခံအောင် တိတ်တဆိတ် လုပ်ဆောင်နေတဲ့ အင်အားကြီးပုဂ္ဂိုလ်တွေ ရှိသေးတယ်။ ဒီထက်ပိုအားကောင်းတာတွေတောင် ရှိသေးတယ်။ မင်းနဲ့ ပူးပေါင်းတာက မဟာကျင်းအတွက် ဘာအကျိုးရှိမှာလဲ။ တိုင်းပြည်ရဲ့ ကျောပြင်မှာတွယ်ကပ်နေတဲ့ ကပ်ပါးကောင်တွေပဲ တိုးလာမှာပေါ့။"

"ငါ ဒီလောက်တောင် ပွင့်ပွင့်လင်းလင်း ပြောနေပြီ။ လမင်းမျိုးနွယ်စုက မဟာကျင်းထဲကို မဝင်ဘူးဆိုရင် ဗုဒ္ဓတိုင်းပြည်ကို ငါတို့ အောင်နိုင်သွားရင်တောင် မင်းတို့နဲ့ ဘာမှမဆိုင်တော့ဘူး။ ငါတို့နိုင်သွားရင်တောင် ဗုဒ္ဓတိုင်းပြည်ကို မဟာကျင်းရဲ့နယ်မြေအသစ်အဖြစ်ပဲ ပေါင်းစည်းမှာ။"

"ဒါမှမဟုတ် ဗုဒ္ဓတိုင်းပြည်ကို ငါတို့ အနိုင်ရအောင် လုပ်ပေးပြီးရင် ဒီကျယ်ပြောလှတဲ့မြေတွေ ပြန်ပေးလိမ့်မယ်လို့ အိပ်မက်မက်နေတာလား။"

"မြင့်မြတ်အပျိုစင်... ဒီလောက်မတုံးအပါနဲ့။"

လန်ရှင်းစု၏ လှပသောမျက်နှာ တင်းမာသွားပြီး အနည်းငယ်အရှက်ရသွားကာ တိတ်ဆိတ်သွားသည်။

သူက အမှန်တကယ်ပင် ထိုအတိုင်း တွေးခဲ့မိလေသည်။

ဗုဒ္ဓတိုင်းပြည်က အလွန်ပင် မြေဆီလွှာညံ့ဖျင်းပြီး ဖွံ့ဖြိုးတိုးတက်မှု မရှိပေ။ အကယ်၍ မဟာကျင်းက ဗုဒ္ဓတိုင်းပြည်ကို အနိုင်ယူလိုက်လျှင် တောရိုင်းမြေကို ပေါင်းစည်းလိုက်သကဲ့သို့ ဖြစ်သွားမည်။ အသုံးမဝင်သော ကန္တာရမိုင်သန်းပေါင်းရာချီမှာ မဟာကျင်းအတွက် အသုံးမဝင်ပေ။ ယခု ပူးပေါင်းဆောင်ရွက်မှုကောင်းအောင် လုပ်ထားပြီး မဟာကျင်းက ဗုဒ္ဓတိုင်းပြည်ကို အနိုင်ရသွားလျှင် မြေများပြန်ယူခြင်းက ပိုမို ကောင်းမွန်လိမ့်မည်ဟု သူ ထင်ခဲ့မိသည်။

သို့သော် ယခုတွင်မူ မုန့်ချင်ကျိုးက သူ၏အိပ်မက်ကို ဖျက်ဆီးပစ်ကာ သူ၏မျှော်လင့်ချက်များကို ကြေမွသွားစေခဲ့သည်။

"ငါတို့တွေက ကြီးမားတဲ့ ကသောင်းကနင်းအချိန်ကာလမှာ ရှိနေတယ်ဆိုတာကို နားလည်ရမယ်။ မဟာကျင်း တိုင်းပြည်ဆိုတာ ငါ မုန့်ချင်းတစ်ယောက်တည်း ဆုံးဖြတ်လို့ရတဲ့ နေရာမျိုး မဟုတ်ဘူး။ ငါက အမြဲတမ်း တိုင်းပြည်ရဲ့အကျိုးစီးပွားကိုပဲ ကြည့်မှာ။"

"မင်းတို့ လမင်းမျိုးနွယ်စုက ငါတို့ကို ဘာအကျိုးမှမပေးနိုင်ဘဲနဲ့ မဟာကျင်းဆီကနေ အဆုံးမရှိတဲ့ ပေးဆပ်မှုတွေကို ဘာလို့တောင်းဆိုနေတာလဲ။ ဟုတ်တယ်မဟုတ်လား။"

လန်ရှင်းစု တစ်ခဏမျှ တွန့်ဆုတ်နေပြီးနောက် ခေါင်းညိတ်လိုက်သည်။

သူက မဟာကျင်းတိုင်းပြည်မှာ ပျမ်းမျှအင်အားသာရှိပြီး ပူးပေါင်းဆောင်ရွက်မှုကို ရှာဖွေခြင်းမှာ ထွက်ပေါက်တစ်ခုဟု ထင်ခဲ့မိသည်။ သို့သော် လမ်းတစ်လျှောက်လုံးတွင် မဟာကျင်းတိုင်းပြည်၏အင်အားကို မြင်တွေ့ခဲ့ရပြီး အတ္တကင်းမဲ့ဗုဒ္ဓပင်လျှင် အကြိမ်ကြိမ် အရှုံးပေးခဲ့ရသည်။

လမင်းမျိုးနွယ်စုနှင့် ပူးပေါင်းဆောင်ရွက်ရန်လမ်းမှာ သေချာပေါက် ပျောက်ကွယ်သွားပြီ ဖြစ်သည်။ ယခု သူ့တွင် ရွေးချယ်စရာ လမ်းနှစ်လမ်းသာ ရှိတော့သည်။ တစ်လမ်းမှာ ဂုဏ်သိက္ခာမဲ့စွာ ဆက်လက်ရှင်သန်ပြီး မည်သူ့ကိုမျှ အညံ့မခံခြင်း ဖြစ်သော်လည်း ထိုသို့ဆိုလျှင် နှစ်ဖက်စလုံး၏ အထင်အမြင်သေးမှုကိုခံရပြီး နှစ်ဖက်စလုံး သေပွဲဝင်တိုက်ခိုက်နေချိန်တွင် လမင်းမျိုးနွယ်စုက အလွယ်တကူ အကျိုးအမြတ်ရယူနိုင်အောင် လုပ်ဆောင်ခြင်း ဖြစ်သည်။

"ကျွန်မ အကြီးအကဲတွေနဲ့ ပြန်ဆွေးနွေးဖို့ လိုသေးတယ်။" လန်ရှင်းစု၏မျက်လုံးများမှာ တဖြည်းဖြည်း တင်းမာသွားပြီး ပေးနိုင်သမျှ အကောင်းဆုံး အဖြေကို ပေးလိုက်သည်။

"ကောင်းပြီ။ အချိန်မဆွဲနဲ့တော့။ အခုပဲ ပြန်ကြမယ်။" မုန့်ချင်ကျိုးက ပြုံးလျက် ပြောလိုက်သည်။

လန်ရှင်းစု အံ့သြသွားပြီး ပြောလိုက်သည်။

"ဒါပေမဲ့ အတ္တကင်းမဲ့ဗုဒ္ဓက ကျွန်မတို့ကို စောင့်ကြည့်နေတာလေ။ သူ..."

"စိတ်မပူပါနဲ့၊ အဲဒီကတုံးအိုကြီးက မဟာကျင်းတိုင်းပြည် ပိုပြီးတော့ အင်အားကြီးလာဖို့ကိုပဲ မျှော်လင့်နေတာ။ အဲဒီလိုမှ မဟုတ်ရင် သူ့အတွက် ဘယ်သူက အချိန်ဆွဲပေးနိုင်မှာလဲ။ သူက မင်းတို့ကို တားမှာ မဟုတ်ဘူး။ ပုလဲပျောက်လျှို့ဝှက်နယ်မြေကို ဗုဒ္ဓတိုင်းပြည်က ထုတ်ပစ်ပေးလိုက်မှာတောင် ဖြစ်နိုင်သေးတယ်။ ဟားဟား... "

စကားပြောနေစဉ်မှာပင် သတင်းတစ်ခု ရောက်ရှိလာသည်။

ကျန်းစန်းဟိုင်က ချင်းဖုန်းဟော်ထံမှ သတင်းတစ်ခုကို လက်ခံရရှိလိုက်သည်။

"ထူးဆန်းတဲ့သတင်းတစ်ခု ရောက်လာတယ်..."

"လမင်းမျိုးနွယ်စု ပုန်းအောင်းနေတဲ့ လျှို့ဝှက်နယ်မြေက လန်ယရဲ့နယ်စပ်မှာ ရုတ်တရက် ပေါ်လာတယ်..."

ကျန်းစန်းဟိုင်မှာ အလွန်ဉာဏ်ကောင်းသော်လည်း ဤသတင်းကိုကြားရာ အံ့အားသင့်သွားရသည်။

အတ္တကင်းမဲ့ဗုဒ္ဓ ဘာတွေ လုပ်နေတာလဲ။

မုန့်ချင်ကျိုး၏ အပြုံးက အေးခဲသွားသည်။

လန်ရှင်းစု၏ ခေါင်းပေါ်တွင် မေးခွန်းအမှတ်အသားများစွာ ပေါ်လာ၏။

မြန်လိုက်တာ။ အဲဒီကတုံးအိုကြီးက တကယ်ကို ဘာမှမဖုံးကွယ်ထားတာပဲ။ သူက လျှို့ဝှက်နယ်မြေကို ထုတ်ပြလိုက်တာပဲ။

"ညှိနှိုင်းစရာ မလိုတော့ဘူးထင်တယ်။ အကြီးအကဲတွေက သေချာပေါက် သဘောတူကြလိမ့်မယ်။" လန်ရှင်းစုက တုန်လှုပ်စွာဖြင့် သက်ပြင်းချလိုက်သည်။

အချိန်-နေရာလွတ် ဓားသူတော်စင်နှင့် အတ္တကင်းမဲ့ဗုဒ္ဓတို့ သုံးကြိမ်သာ တွေ့ဆုံခဲ့ရသေးသော်လည်း သူတို့နှစ်ဦးမှာ တစ်ယောက်နှင့်တစ်ယောက် အကုန်သိနေကြသည့် မိတ်ဆွေဟောင်းများကဲ့သို့ ဖြစ်နေသည်။

လန်ရှင်းစုက သူ့ကိုယ်သူ ဉာဏ်ကောင်းသည်ဟု ထင်ခဲ့သော်လည်း သူတို့နှစ်ဦးနှင့် တွေ့ဆုံပြီးနောက်တွင် သူက ကစားသမားများကြားမှ ကစားပွဲကိုပင် နားမလည်နိုင်ကြောင်း သိလိုက်ရသည်။

"မြေခွေးအိုကြီး။"

မုန့်ချင်ကျိုးက ခေါင်းခါလိုက်သည်။

အတ္တကင်းမဲ့ဗုဒ္ဓက လျှို့ဝှက်စွာ စောင့်ကြည့်နေခြင်း မဟုတ်ကြောင်း သူ သေချာပေါက် သိနေသည်။ ဤကဲ့သို့ တိုက်ဆိုင်မှုက ဘုန်းကြီးအိုသည် မုန့်ချင်ကျိုး နောက်တစ်ဆင့် ဘာလုပ်မည်ကို ခန့်မှန်းမိသွားခြင်းပင်။

သို့သော်။

အတ္တကင်းမဲ့ဗုဒ္ဓ၏ အထင်မှာ မုန့်ချင်ကျိုးသည် ကြံရာမရသည့်အဆုံး မဟာကျင်းတိုင်းပြည်အတွက် အင်အားဖြည့်တင်းရန် အရပ်ရပ်မှ အင်အားများကို ခေါ်ယူမည် ဟူ၍ပင်။

အမှန်တကယ်တွင်။

မုန့်ချင်ကျိုး၏ အစီအစဉ်မှာ နောက်ထပ်တစ်လခွဲအတွင်း မဟာကျင်းတိုင်းပြည်၏ အင်အားကို ကုန်ကျစရိတ် မည်မျှပင်ရှိပါစေ အစွမ်းကုန် မြှင့်တင်ရန်နှင့် စနစ်ကို ရွှေဒင်္ဂါးများဖြင့် ပေါက်ကွဲထွက်စေရန် ဖြစ်သည်။

…

All Chapters