← Chapters

အခန်း ၂၄၃

Vol. 17 Ch. 243

အခန်း ၂၄၃

Vol. 17 Ch. 243

အပိုင်း(၂၄၃) ဓားအဆင့်မြှင့်ခြင်း၊ နတ်ဘုရားများ ဆင်းသက်လာခြင်း

[ တွီ ]

[ မဟာကျင်းတိုင်းပြည်၏အင်အား သိသာထင်ရှားစွာ တိုးတက်လာသဖြင့် ဆုလာဘ်များ ခွဲဝေပေးလိုက်သည်… ]

[ ဆုလာဘ်- ကောင်းကင်ဘုံသို့သွားရာလမ်း တိုးတက်မှု ၁၀% ]

[ တွီ ]

[ အားပြင်းထိချက် အကြိမ်၁၀၀၀၀ ပြည့်ခဲ့ပြီဖြစ်ကာ အန္တိမဧကရာဇ်အဆင့် ဓားသန္ဓေသားလောင်းကို ရရှိလိုက်သည် ]

စနစ်၏အသိပေးသံကို ကြားသောအခါ မုန့်ချင်ကျိုး အံ့အားသင့်သွားသည်။

ကောင်းကင်ဘုံသို့သွားရာလမ်း၏ တိုးတက်မှုအတွက် သူ မအံ့သြသော်လည်း အန္တမဧကရာဇ်အဆင့် ဆိုသည်မှာ မဟာဧကရာဇ်အဆင့်ပင် ဖြစ်သည်။ ၎င်းမှာ မဟာဧကရာဇ်အဆင့်များထဲတွင် အင်အားအကြီးဆုံး ဖြစ်သည်။

တစ်သက်လုံး ကပ်စေးနည်းခဲ့တဲ့ ဒီခွေးစနစ်ကြီးက နောက်ဆုံးတော့ အဖိုးတန်တာ တစ်ခုခုကို ထုတ်ပေးလိုက်ပြီပေါ့။

မုန့်ချင်ကျိုးက အညံ့ခံရန် ရောက်ရှိလာကြသော ဘုရင်အချို့ကို လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။

"အသေးစိတ်ကိစ္စတွေကိုတော့ စုချင်ချိုးနဲ့ တိုင်ပင်လိုက်။ သူက သက်ဆိုင်ရာလုပ်ထုံးလုပ်နည်းတွေကို စီစဉ်ပေးပါလိမ့်မယ်။ ငါလည်း လုပ်ရာလေးတွေ ရှိနေသေးလို့ အခုပဲ တံခါးပိတ်ကျင့်ကြံဖို့ ပြန်သွားတော့မယ်။ နောက်မှ တွေ့ကြတာပေါ့။"

ဘုရင်များက တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ခေါင်းထဲတွင် မေးခွန်းများဖြင့် ပြည့်နှက်နေသည်။

သူတို့သည် အညံ့ခံပြီး ဘက်ရွေးရန် လာခဲ့ကြခြင်း ဖြစ်သော်လည်း၊ မဟာကျင်းနယ်မြေထဲသို့ မည်သို့မည်ပုံပေါင်းစည်းသွားကာ ၎င်း၏အစိတ်အပိုင်းတစ်ခု ဖြစ်သွားမှန်း သူတို့ နားမလည်နိုင်ဖြစ်နေကြသည်။

...

မုန့်ချင်ကျိုးသည် တုန်းဖန်လျူလီက သူ့အတွက် အထူးကုန်ကျစရိတ်များစွာဖြင့် တည်ဆောက် ပေးထားသော ကျယ်ဝန်းသည့်ဂူသို့ ပြန်သွားခဲ့သည်။ ကြမ်းခင်းကြွေပြားများနှင့် နံရံများမှာပင် ထိပ်တန်း ဝိညာဉ်ကျောက်တုံးများဖြင့် ပြုလုပ်ထားပြီး ဂူထဲတွင် နတ်ဘုရားအဆင့် ချီစွမ်းအင်များ ပြည့်နှက်နေသဖြင့် အမှန်တကယ်ပင် ခမ်းနားလှပသော နေရာတစ်ခု ဖြစ်သည်။

"အရေးအကြီးဆုံး အလုပ်ကတော့ အန္တိမဧကရာဇ်အဆင့် ဓားသန္ဓေသားလောင်းကို ပုံသွင်းပြီး ပုစဉ်းရင်ကွဲတေးသံဓားထဲ ပေါင်းစည်းပေးဖို့ပဲ။"

သူက ပုစဉ်းရင်ကွဲတေးသံဓားကို စွန့်လွှတ်ရန် ဝန်လေးနေသည်။ မည်သို့ဆိုစေ ၎င်းသည် သူ့ကို ခရီးတစ်လျှောက်လုံး အဖော်ပြုခဲ့သောဓားဖြစ်သည် မဟုတ်ပါလား။ အသစ်ကို လိုချင်ပြီး အဟောင်းကို မေ့ပစ်ရန် သူ မလုပ်နိုင်ပေ။ ထို့ကြောင့် သူ၏အရွယ်အစားနှင့် ကိုက်ညီအောင် ပြုပြင်မွမ်းမံရန် ဆုံးဖြတ်လိုက်သည်။

မုန့်ချင်ကျိုးက တုံ့ဆိုင်းမနေဘဲ ခန္ဓာကိုယ်ထဲရှိ ကြီးမားလှသော သွေးစွမ်းအင်များကို မီးဖိုအဖြစ် အသုံးပြုကာ ပုစဉ်းရင်ကွဲတေးသံဓားကို ပြန်လည်ပုံသွင်းလိုက်သည်။

ထို့နောက် အန္တိမဧကရာဇ်အဆင့် ဓားသန္ဓေသားလောင်းကိုလည်း ထိုနည်းအတိုင်း ပေါင်းစည်းသည်။ ဓားကို အပြည့်အဝ မသွန်းလုပ်ရသေး၍ ဓားသန္ဓေသားလောင်းဟု ခေါ်ခြင်းဖြစ်ပြီး ဓားက မိမိ၏လက်တစ်ဖက်လို အဆင်ပြေစေရန်အတွက် ပိုင်ရှင်၏နှလုံးသားသွေးနှင့် ဝိညာဉ်တံဆိပ်ကို ထည့်သွင်းပေးရမည် ဖြစ်သည်။

ကံကောင်းစွာပင် မုန့်ချင်ကျိုး၏ ဟုန်းမုန့်ဖန်ဆင်းခြင်း သွေးကြောမှာ အင်အားကြီးမားလွန်းသဖြင့် သူ၏ သွေးစွမ်းအင်မှာ စစ်မှန်သော မီးတောက်ကဲ့သို့ ဖြစ်နေသည်။ ဤသွန်းလုပ်နည်းဖြင့် ဓားနှင့်သူ၏ ဆက်သွယ်မှုမှာ ပိုမို၍ နီးကပ်သွားခဲ့သည်။

ထို့နောက် အရည်ပျော်သွားသော ပုစဉ်းရင်ကွဲတေးသံဓားနှင့် ဓားအမြုတေကို ပေါင်းစပ်လိုက်ပြီး သူ၏ လက်သီးကို တူအဖြစ် အသုံးပြုကာ အားသွန်ခွန်စိုက် ပုံသွင်းလိုက်သည်။

မုန့်ချင်ကျိုးက မှတ်ဉာဏ်ထဲရှိ ပုစဉ်းရင်ကွဲတေးသံဓားပုံစံအတိုင်း ထပ်ခါတလဲလဲ ထုရိုက်လိုက်သည်။

"အချိန်-နေရာလွတ် နိယာမတွေ၊ တံဆိပ်ခတ်နှိပ်စမ်း။"

သူ၏အတွင်းစကြာဝဠာမှ အချိန်-နေရာလွတ် မြစ်ကြီးက ပုစဉ်းရင်ကွဲတေသံဓားကို အကြိမ်ကြိမ် ဆေးကြောပေးသည်။

တစ်ရက်တာ ကုန်ဆုံးသွား၏။

ဟင်းလင်းပြင်ထဲမှ ဖန်တီးထားသကဲ့သို့ရှိသော ဂူအတွင်းရှိမြင်ကွင်းမှာ တဖြည်းဖြည်း ငြိမ်သက်၍ သွားသည်။

မုန့်ချင်ကျိုးက အသစ်သွန်းလုပ်ထားသော ပုစဉ်းရင်ကွဲတေးသံဓားကို အလွန်ချစ်ခင်မြတ်နိုးစွာ ကိုင်တွယ်လိုက်သည်။ ဓားသမားတစ်ယောက်အတွက် ဓားဆိုသည်မှာ တတိယမြောက် လက်တစ်ဖက်နှင့် တူသည်။ ပစ်မှတ်ကို အမြဲတမ်း ထိမှန်နိုင်သော လက်ဖြောင့်သေနတ်သမားတစ်ယောက်တွင် သေနတ်မရှိခြင်း သို့မဟုတ် ခေတ်သစ် စစ်ပွဲတစ်ခုတွင် သံချေးတက်နေသော ရှေးဟောင်းပစ္စည်း သို့မဟုတ် Type 97 လက်ဖြောင့် သေနတ်ကိုသာ ပေးထားခြင်းမျိုးက အဓိပ္ပာယ်ရှိပါမည်လား။ တိုက်ခိုက်နိုင်စွမ်း ၁၀၀၀% ရှိပါစေဦး။ အလွန်ဆုံး ၁၀၀%လောက်သာ ထုတ်သုံးနိုင်လိမ့်မည်။

ပုစဉ်းရင်ကွဲတေးသံဓားက တုန်ခါကာ ဟိန်းဟောက်နေပြီး လက်ထဲတွင် ကိုင်ထားစဉ် ပျော်ရွှင်မှုကို ဖော်ပြသည့် စိတ်ခံစားချက်များကို ထုတ်လွှင့်နေသကဲ့သို့ပင်။

ဓားနှင့်ဝိညာဉ်မှာ အသိဉာဏ်ရှိသော အရိပ်အယောင်များကို စတင်ပြသနေပြီဖြစ်သည်။

သို့သော် ၎င်းမှာ အသစ်ဖန်တီးထားခြင်း ဖြစ်သောကြောင့် ဓားဝိညာဉ်၏ ဉာဏ်ရည်မှာ အသက်(၂)နှစ် သို့မဟုတ် (၃)နှစ်အရွယ် ကလေးတစ်ယောက်နှင့် တူညီသည်။ ပိုမိုပြုစုပျိုးထောင်ပေးမည်ဆိုပါက ဓားဝိညာဉ်မှာ သေချာပေါက် ကြီးထွားလာလိမ့်မည်။

ထိုအချိန်တွင် ပုစဉ်းရင်ကွဲတေးသံဓားသည် မုန့်ချင်ကျိုး၏ အမိန့်ပေးမှု မလိုဘဲနှင့် အချိန်-နေရာလွတ် ဓားအသိကို သူဘာသာသူ ပြောင်းလဲနိုင်ပြီး အတော်လေး ပြင်းထန်သော တိုက်ခိုက်မှုစွမ်းအားများကိုပင် ထုတ်လွှတ်နိုင်လိမ့်မည် ဖြစ်သည်။

"တကယ်ကို ကြောက်စရာကောင်းတာပဲ။"

မုန့်ချင်ကျိုး သက်ပြင်းချလိုက်သည်။ အကယ်၍ သူသာ ဤဓားကို လွန်ခဲ့သည့် နှစ်ပတ်ကတည်းက ပိုင်ဆိုင်ထားခဲ့မည်ဆိုလျှင် ဇန်တာအိုကို တန်ပြန်နိုင်သော နတ်ဘုရားဘုရင်ဝတ်ရုံနှင့်အတူ အတ္တကင်းမဲ့ဗုဒ္ဓကိုပင် တိုက်ခိုက်နိုင်ခဲ့မည် ဖြစ်သည်။

အနိုင်မရခဲ့လျှင်ပင် အနည်းဆုံးတော့ အန္တရာယ်ကင်းကင်းနှင့် လွတ်မြောက်နိုင်ပေမည်။

"တစ်ရက်တစ်ညကြာပြီးနောက်မှာတော့ အောင်မြင်သွားပြီ။"

"ကောင်းကင်ဘုံသို့သွားရာလမ်း တိုးတက်မှုကလည်း ၁၃၀%အထိ မြင့်တက်သွားတယ်။ မျက်ကန်းတစ္ဆေရမ်းစနစ်ရဲ့ တိုးမြှင့်မှု၊ ပြီးတော့ ကောင်းကင်ကံကြမ္မာခန္ဓာကိုယ်နဲ့ ဟုန်းမုန့်ဖန်ဆင်းခြင်း သွေးကြောတို့ ပေါင်းစပ်မှုက ကောင်းကင်ဘုံသို့သွားရာလမ်းကို နားလည်သဘောပေါက်ရာမှာ အများကြီး အကျိုးပြုတယ်။"

စနစ်က ၁၀% ဆုချခဲ့သော်လည်း ၉၀% အမှတ်အသားကို ကျော်ဖြတ်ပြီးကတည်းက မုန့်ချင်ကျိုး၏ အတွင်းစကြာဝဠာ အချိန်-နေရာလွတ် နိယာမများ၏ လွှမ်းခြုံနိုင်မှုအပေါ်တွင် နားလည်သဘောပေါက်မှုမှာ အဆင့်တစ်ခုထက်ပို၍ တိုးတက်လာခဲ့သည်။

"ကောင်းကင်ထောက်တိုင်နယ်ပယ်ကို မဖောက်ထွက်နိုင်ရင်တောင်မှ ကောင်းကင်ထောက်တိုင်နယ်ပယ် ကျင့်ကြံသူနဲ့ တိုက်ခိုက်နိုင်သေးတယ်။"

မုန့်ချင်ကျိုးသည် အလွန်ကျေနပ်သွားပြီး အကျိုးအမြတ်များစွာရရှိကာ စိတ်ရွှင်လန်းစွာဖြင့် ဂူထဲမှ ထွက်လာခဲ့သည်။

တံခါးအပြင်ဘက်သို့ ခြေလှမ်းလိုက်သည်နှင့် တစ်စုံတစ်ခု မှားယွင်းနေကြောင်း သူ ခံစားလိုက်ရသည်။ သူက မျက်မမြင်ဖြစ်သော်လည်း လေထုအတွင်းတွင် တင်းမာနေသော တိတ်ဆိတ်မှုကို အာရုံခံလိုက်ရပြီး မုန်တိုင်းတစ်ခု ဖြစ်ပေါ်တော့မည့်အလား ခံစားလိုက်ရသည်။

ဓားအသိနယ်ပယ်မှတစ်ဆင့် ဂူအပြင်ဘက်တွင် အငွေ့အသက်(၄)ခုကို တွေ့လိုက်သည်။ သူတို့ထဲမှ သုံးခုမှာ ရင်းနှီးနေသူများဖြစ်သည့် စုချင်ချိုး၊ ဝူတျဲနှင့် တုန်းဖန်လျူလီတို့ ဖြစ်သည်။ သို့သော်လည်း နောက်ဆုံးတစ်ယောက်က မည်သူနည်း။

ရုတ်တရက်။

ရင်းနှီးသလိုလို အစိမ်းသက်သက်လိုလို ဖြစ်နေသော အသံတစ်ခု ထွက်ပေါ်လာသည်။ "မတွေ့ရတာ ကြာပြီနော်။"

မုန့်ချင်ကျိုး၏ခန္ဓာကိုယ် တုန်ခါသွားသည်။

ချုံးမိန်။

သူက တကယ်ပဲ ဖိတ်ကြားတာကို လက်ခံပြီး မဟာကျင်းတိုင်းပြည်ထဲကိုဝင်ရောက်ဖို့ သဘောတူ လိုက်တာလား။

မုန့်ချင်ကျိုး၏ အစီအစဉ်တွင် ရှေးဟောင်းနတ်ဘုရားမြို့တော်မှာ လုံးဝကို အရေးကြီးသော ကွင်းဆက်တစ်ခု ဖြစ်သည်။ အစကတည်းက တည်ရှိနေခဲ့သော ဤနတ်ဘုရားမြို့တော်သည် အပြည့်အဝ ထုတ်လွှတ်လိုက်မည်ဆိုပါက ကောင်းကင်ထောက်တိုင်နယ်ပယ်ကျင့်ကြံသူပင် တောင့်ခံနိုင်မည်မှာ သေချာသည်။ အောက်ခြေမှာ ကောင်းကင်ထောက်တိုင်ဖြစ်ပြီး အမြင့်ဆုံးအဆင့်မှာ မည်မျှဆိုသည်ကို မသိနိုင်ပေ။

ဤမျှကြီးမားသော အင်အားစုကြီး မဟာကျင်းတိုင်းပြည်ထဲသို့ ဝင်ရောက်လာမည်ဆိုပါက တိုင်းပြည်၏ အင်အားမှာ အဆပေါင်းများစွာ တိုးတက်လာမည်ဖြစ်သည်။ စနစ်မှတစ်ဆင့် ရရှိမည့် "ကောင်းကင်ဘုံသို့ သွားရာလမ်း" ဆုလာဘ်မှာလည်း ကြောက်မက်ဖွယ်ကောင်းလောက်အောင် များပြားလိမ့်မည်မှာ သေချာသည်။

သို့သော် မကြာခင်မှာပင်။

မုန့်ချင်ကျိုး သတိဝင်လာပြီး လေထုထဲတွင် ယမ်းနံ့များ ပြင်းထန်စွာရနေရခြင်း၏ အကြောင်းရင်းကို နောက်ဆုံးတွင် သဘောပေါက်သွားသည်။

တုန်းဖန်လျူလီက သူ၏ အချစ်ပြိုင်ဘက်ဟောင်းကို အလောတကြီး ဖိတ်ကြားခဲ့ရခြင်းမှာ မည်သည့် အကြောင်းရင်းကြောင့်မှန်း မသိနေခဲ့ပေ။

ရှင် ဘာတွေလုပ်ဖို့ ကြိုးစားနေတာလဲ။

ဝိုး၊ ရှင်က တောင်ပံတွေ ပေါက်လာပြီးတော့ အခုဆိုရင် မိန်းမနှစ်ယောက်ယူတော့မလို့ပေါ့။

"အမ်... လျူလီ၊ ကိုယ် ရှင်းပြပါ့မယ်။" မုန့်ချင်ကျိုးက အလျင်စလို ပြောလိုက်ပြီး တစ်ဖက်လူကို နှောင့်ယှက်ခွင့် မပေးပေ။

"ကိုယ်က မဟာကျင်းတိုင်းပြည်ရဲ့ အုတ်မြစ်ကို ခိုင်မာစေနိုင်တဲ့ အင်အားစုအားလုံးကို စုစည်းဖို့အတွက် ရည်ရွယ်ထားတာပါ၊ အဲဒီလိုမှ ကောင်းကင်ပြည်နယ်ရဲ့ အရှင်သခင် ရောက်လာတဲ့အခါ... "

တုန်းဖန်လျူလီက ဝင်ပြောလိုက်သည်။

"သိပါတယ်။ ရှင်းပြစရာ မလိုပါဘူး။ ကျွန်မက နားထောင်ဖို့ပဲ လာခဲ့တာပါ။ စိတ်မပူပါနဲ့။"

မုန့်ချင်ကျိုးက အနည်းငယ် သက်ပြင်းချလိုက်ပြီးနောက် ချုံးမိန်ကို ပြောလိုက်သည်။

"မင်းက ငါ ဖိတ်ခေါ်တာကို လက်ခံပြီး မဟာကျင်းတိုင်းပြည်ထဲကို ဝင်ချင်တာလား။"

ချုံးမိန်မှာ အရွယ်ရောက်လာပြီး ကလေးမလေး တစ်ယောက်လို မဟုတ်တော့ပေ။ သူ၏ ရွှေရောင် ဆံပင်များကို ဖြန့်ထားပြီး ရွှေရောင်မျက်လုံးများတွင် ကမ္ဘာဦးခေတ်၏ နတ်ဘုရားအလင်းရောင်များ ပြည့်နှက်နေသည်။ သူ၏ပုံပန်းသွင်ပြင်မှာ နတ်သမီးတစ်ပါးကဲ့သို့ပင် လှပနေ၏။

ချုံးမိန်သည် မုန့်ချင်ကျိုးကို စကားတစ်ခွန်းမျှမပြောဘဲ ကြာရှည်စွာ ငေးကြည့်နေပြီးမှ ပြောလိုက်သည်။

"ဘာပြောတာလဲ။"

မုန့်ချင်ကျိုး အံ့သြသွားပြီး ခေါင်းကို ကုတ်ကာ ပြောလိုက်သည်။ "ငါ လျန်ယွဲ့ကို ပြန်သွားပြီး မင်းကို အနာဂတ်ရဲ့ ကြီးမားတဲ့လှိုင်းလုံးတွေကို ခုခံဖို့အတွက် မဟာကျင်းတိုင်းပြည်ထဲကို ဝင်ရောက်စေချင်တယ်လို့ ပြောခိုင်းခဲ့တာလေ။ သူက မင်းကို မပြောလိုက်ဘူးလား။"

ချုံးမိန်က ခေါင်းအနည်းငယ် ခါယမ်းလိုက်ပြီး အကြည့်များမှာ စူးရှနေကာ ပြောလိုက်သည်။

"ကျွန်မ လွဲသွားတာ ဖြစ်နိုင်တယ်။ ကျွန်မက လွန်ခဲ့တဲ့ လအနည်းငယ်အတွင်းမှာ ရှေးဟောင်း နတ်ဘုရားမြို့တော်မှာ မရှိခဲ့ဘူး။ မဟာကျင်းတိုင်းပြည်ကနေ ထွက်ခွာပြီး ပြန်လာတဲ့အချိန်ကစပြီး ရှေးဟောင်း နတ်ဘုရားမြို့တော်က နိုးထလာခဲ့တယ်။"

"ကြီးမြတ်တဲ့ခေတ်ကြီးတစ်ခု ရောက်လာတော့မယ်တဲ့။"

"အနာဂတ်မှာ အမှောင်ထုက ကျရောက်လာပြီးတော့ ကမ္ဘာလောကအားလုံးကို သန့်စင်ပစ်လိမ့်မယ်။ နတ်ဘုရားမြို့တော်ကိုယ်တိုင်ကတောင် အဲဒီမှောင်မိုက်ပြီးသွေးစွန်းတဲ့ ကမ္ဘာကြီးထဲမှာ အသက်ရှင်ကျန်ရစ်ဖို့ ယုံကြည်ချက် မရှိဘူး။ ဒါကြောင့် အဲဒါက ကျွန်မကို ဖန်ဆင်းခြင်းခေတ်က သန့်စင်တဲ့စွမ်းအင် သုံးခုထဲက တစ်ခုကို ပေးအပ်ခဲ့ပြီးတော့ ကျွန်မရဲ့ သွေးမျိုးဆက်ကို ပြောင်းလဲပေးခဲ့တယ်။ ပြီးတော့ ကောင်းကင်တာအိုရဲ့ နိယာမတွေကို ကြိုတင်နားလည်နိုင်ဖို့ ကူညီပေးခဲ့တယ်။"

"လွန်ခဲ့တဲ့ လအနည်းငယ်အတွင်းမှာပဲ ကျွန်မက တောင်တန်းတွေ၊ မြစ်တွေကို ဖြတ်သန်းခဲ့ပြီး အခုတော့..."

ဤနေရာသို့ ရောက်သောအခါ ချုံးမိန်၏ နီရဲသောနှုတ်ခမ်းများမှာ အပြုံးတစ်ခု ဖြစ်ပေါ်လာပြီး တည်ငြိမ်စွာ ပြောလိုက်သည်။ "ကောင်းကင်ထောက်တိုင်နယ်ပယ်ကို ရောက်သွားပြီ။"

မုန့်ချင်ကျိုး အံ့အားသင့်သွား၏။

ဘာပြောတယ်…

လွန်ခဲ့တဲ့ ခြောက်လကဆို သူက နှစ်သောင်းပေါင်းများစွာအရွယ်မှာ နံနက်ခင်းအလင်းနယ်ပယ် ကိုပဲ ရောက်နိုင်ခဲ့တဲ့ ကောင်မလေးတစ်ယောက်ပါ။ နှစ်တစ်ဝက်လောက််တည်းနဲ့ ကောင်းကင်ထောက်တိုင်နယ်ပယ် အထိ မြင့်တက်သွားတာလား။။

သို့သော်လည်း ပိုမိုစဉ်းစားကြည့်လိုက်သောအခါ ၎င်းမှာ နားလည်နိုင်စရာ ဖြစ်လာသည်။ ရှေးဟောင်း နတ်ဘုရားမြို့တော်က ကမ္ဘာကြီးဖန်ဆင်းစဉ်က သန့်စင်သောစွမ်းအင် အနည်းငယ်မျှဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး တစ်ခုကို ချုံးမိန်အား ပေးအပ်ခဲ့ခြင်းဖြစ်သည်။ ၎င်းတွင် ကောင်းကင်နှင့် မြေကြီး၏ နိယာမများစွာ ပါဝင်နေပြီး ကောင်းကင်တာအို၏ နိယာမများပင် ပါဝင်နေ၏။

ထို့အပြင် ချုံးမိန်၏ ပြောကြားချက်အရ ထိုသန့်စင်သောစွမ်းအင်သည် သူ၏ သွေးမျိုးဆက်ကို ပြောင်းလဲပေးခဲ့ပြီး သူသည် လိပ်တစ်ကောင်ကဲ့သို့ နှေးကွေးသော ကျင့်ကြံခြင်းအရှိန်နှင့် အဆုံးမရှိသော သက်တမ်းရှိသည့် သားရဲမျိုး မဟုတ်တော့ပေ။

"ဒါဆို မင်း ဒီတစ်ခါ ရုတ်တရက် ရောက်လာတာက ငါ့ရှေ့မှာ ကြွားပြဖို့သက်သက်ပဲ မဟုတ်ဘူးလား။" မုန့်ချင်ကျိုးက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

ချုံးမိန်က လက်ပိုက်ကာ နှုတ်ခမ်းစူလိုက်သည်။

သူ့တွင် အမှန်တကယ်ပင် ထိုကဲ့သို့ အတွေးမျိုး ရှိခဲ့သည်။

သို့သော် သန့်စင်သောစွမ်းအင်ကြောင့် သူ၏စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲသွားပြီးနောက်တွင် အတိတ်က လုပ်ရပ်များ၏ မသင့်လျော်မှုကို သဘောပေါက်သွားခဲ့သည်။ သူ၏ နှစ်ပေါင်း၃၀၀၀၀ ကြာခဲ့သော စွဲလမ်းမှုများမှာ ကြည်လင်သောရေစီးကြောင်းကဲ့သို့ တည်ငြိမ်သွားခဲ့သည်။ စွဲလမ်းမှုများမှာ ရှိနေဆဲဖြစ်သော်လည်း ရူးသွပ်မှု မရှိတော့ပေ။

"အရေးကြီးတဲ့ ကိစ္စတွေကို ပြောကြရအောင်။"

ချုံးမိန်က ရုတ်တရက် တည်ငြိမ်သွားပြီး အကြည့်များမှာ လလေးနက်လာသည်။

"တောရိုင်းမြေရဲ့ တောင်ဘက်ပင်လယ်ပြင်မှာ နတ်ဘုရားတစ်ပါး ပြန်ရှင်သန်လာတယ်။ သူက ကျွန်မနဲ့လည်း ရင်းနှီးနေတယ်။ သူက ကပ်ဘေးနတ်ဘုရား ဟောင်တုပဲ။"

"နတ်ဘုရားခေတ်ရဲ့ အဆင့်မြင့်နတ်ဘုရားတစ်ပါးပေါ့။"

"သူက တောရိုင်းမြေဘက်ကို ဦးတည်လာနေတယ်။ လမ်းတစ်လျှောက်မှာရှိတဲ့ ရေနေသတ္တဝါတွေ အားလုံးလည်း ပျက်စီးသွားပြီးတော့ သူတို့အားလုံး ဝါးမျိုခံလိုက်ရတယ်။ သူက ကမ္ဘာကို ဖြတ်သန်းသွားတဲ့အခါ စုဆောင်းထားတဲ့ တာအိုနိယာမတွေနဲ့ စွမ်းအားတွေကို သူ့ရဲ့ နတ်ဘုရားအဆင့်အတန်းကို ပြန်လည်ရရှိဖို့အတွက် အသုံးပြုနေပြီးတော့ အထွတ်အထိပ်ကို ပြန်ရောက်ဖို့ ကြိုးစားနေတယ်။ ဒီတစ်ခါတော့ သူက တောရိုင်းမြေပေါ်ကို ဆင်းသက်ပြီးတော့ ဘေးဒုက္ခတွေကို ပြန့်နှံ့စေဖို့ ကြံစည်နေတယ်လို့ သံသယရှိတယ်။"

…

All Chapters