အခန်း ၂၄၄
Vol. 17 Ch. 244
အပိုင်း(၂၄၄) ကပ်ဘေးကိုကာကွယ်ရန် ချုံးမိန်၏အကြံ
ဤစကားများကို ပြောလိုက်သောအခါ။
မုန့်ချင်ကျိုးတင်မကဘဲ အေးစက်စွာ စောင့်ကြည့်နေကြသော စုချင်ချိုး၊ ဝူတျဲနှင့် တုန်းဖန်လျူလီတို့ပါ တည်ငြိမ်မှု ပျက်ပြားသွားကြသည်။
ရှေးဟောင်းနတ်ဘုရားတွေ ပြန်ရှင်လာတာလား။
ဒါက တိုင်းပြည်အနှံ့မှာ ပြောစရာဖြစ်နေတဲ့ ပြက်လုံးသစ်တစ်ခုလား။ အထူးသဖြင့် အဆင့်မြင့်နဲ့ ဘုရားတစ်ပါးနဲ့ ပတ်သက်ပြီးတော့ပေါ့။ နတ်ဘုရားများ အုပ်စိုးတဲ့ခေတ်မှာတောင် ဒီကပ်ဘေးနတ်ဘုရားက ပိရမစ်ရဲ့ အထွတ်အထိပ်မှာရှိနေသူလို့ သတ်မှတ်ခံရမယ့်သူပဲ။
"သူ တောရိုင်းမြေထဲကို ဆင်းသက်ဖို့ ဘယ်လောက်ကြာဦးမလဲ။" မုန့်ချင်ကျိုးက အပိုစကားမပြောဘဲ မေးလိုက်သည်။
အခြေအနေက အရေးပေါ် ဖြစ်နေသည်။ ရန်သူ၏ ပစ်မှတ်မှာ တောရိုင်းမြေပင်။
ဤမျှတိကျသောချဉ်းကပ်မှုကြောင့် ကောင်းကင်ကြည့်ဆောင်တွင် ရှေးဟောင်းနတ်ဘုရားများ၏ စွမ်းအားကို ပြန်လည်ရှင်သန်စေနိုင်သော စွမ်းရည်ရှိသည်ဟု မုန့်ချင်ကျိုး သံသယဝင်သွားသည်။ ကောင်းကင်ကြည့်စောင်မှလွဲ၍ အခြားမည်သူက ဤသို့ လုပ်ဆောင်နိုင်မည်နည်း။
တစ်ဖက်လူမှာ လူသားဧကရာဇ် နန်းတက်ခြင်းအတွက် ခြေနင်းတုံးဖြစ်သွားမည်ကို ကြောက်ရွံ့ပြီး တိုက်ပွဲထဲ မဝင်ရောက်ရဲပေ။ သို့သော် သူတို့သည် တောရိုင်းမြေပေါင်းစည်းမှုမှာ အလွန်မြန်ဆန်နေသည်ဟု ခံစားမိခဲ့ကြသည်။ အတ္တကင်းမဲ့ဗုဒ္ဓက တိတ်တဆိတ် ပြဿနာရှာနေသည်ကိုလည်းကောင်း၊ အချိန်-နေရာလွတ် ဓားသူတော်စင်၏ တိုးတက်မှုနှုန်းမှာ ကြောက်ခမန်းလိလိ ဖြစ်နေသည်ကိုလည်းကောင်း သူတို့ သဘောပေါက် သွားကြပေလိမ့်မည်။
ထို့ကြောင့် တောရိုင်းမြေ၏ အလုံးစုံအင်အားကို အားနည်းသွားစေရန်အတွက် နတ်ဘုရားများကို ပြန်လည်ရှင်သန်စေပြီး သူတို့၏စွမ်းအားကို အသုံးပြု၍ ရည်မှန်းချက်ပေါက်မြောက်စေရန် ကြိုးစားခြင်း ဖြစ်သည်။
တစ်ခဏချင်းမှာပင် မုန့်ချင်ကျိုးက အရာများစွာ တွေးတောမိပြီး ၎င်းမှာ ဖြစ်နိုင်ခြေ အလွန်များကြောင်း ယုံကြည်သွားသည်။
သူက ကောင်းကင်ကြည့်ဆောင် လက်တွေ့လုပ်ဆောင်လာမည်ကို အမြဲတမ်း သံသယရှိခဲ့သော်လည်း မည်သို့လုပ်မည်နည်းဟူသော ဖြစ်နိုင်ခြေများစွာကို စဉ်းစားခဲ့ပြီး နတ်ဘုရားများ ပြန်လည်ရှင်သန်လာခြင်းမှာ ထိုဖြစ်နိုင်ခြေများထဲမှ တစ်ခုဖြစ်သည်။
မထင်မှတ်ထားဘဲ နတ်ဘုရားများက အမှန်တကယ်ပင် ပြန်လည်ရှင်သန်လာခဲ့လေပြီ။
နတ်ဘုရားများက အသက်မသေဘဲ အမြီးအမောက်မျှသာ ကျန်ရှိတော့သည်ဟု သူ သံသယဖြစ်ရသည့် အကြောင်းရင်းမှာ သူ နံနက်ခင်းအလင်းနယ်ပယ်သို့ ဖောက်ထွင်းဝင်ရောက်ပြီး ကောင်းကင်ကိုးထိပ် အတိဒုက္ခကို ရင်ဆိုင်ရချိန်တွင် လုံးဝမဖျက်ဆီးခံရခင် စကားပြောပြီး အသိဉာဏ်ကို ပြန်ရသွားသည့် နတ်ဘုရားငယ်တစ်ပါးနှင့် ကြုံတွေ့ခဲ့ရခြင်းကြောင့်ပင်။
"သူ့ရဲ့အရှိန်နဲ့အချိန်အရဆိုရင် တောရိုင်းမြေထဲကို အလွန်ဆုံး တစ်ရက်အတွင်း ရောက်ရှိလာလိမ့်မယ်။ ကောင်းကင်ထောက်တိုင်နယ်ပယ်ရဲ့ အစောပိုင်းအဆင့်မှာပေါ့။"
"ကမ်းရိုးတန်း တိုင်းပြည်အချို့က အခြေအနေကို သိရှိသွားကြပြီးတော့ ကြောက်ရွံ့မှုတွေ ပျံ့နှံ့နေပြီ။"
"သူက ကောင်းကင်ထောက်တိုင်နယ်ပယ် အစောပိုင်းအဆင့်လောက် ပြန်ရလာပြီး တောရိုင်းမြေထဲ ဆင်းသက်နိုင်တယ်ဆိုတာနဲ့ ပေါ့ပေါ့တန်တန် မနေနဲ့။ သူ အထွတ်အထိပ်မှာ ရှိတုန်းကဆိုရင်… သူက ကောင်းကင်တာအိုနယ်ပယ်မှာ ရှိနေခဲ့တာ။"
"နတ်ဘုရားတွေရဲ့ ကျင့်ကြံပုံက တခြားသတ္တဝါတွေနဲ့ လုံးဝကို ကွာခြားတယ်။ နတ်ဘုရားတစ်ပါးစီရဲ့ မွေးဖွားခြင်းအစမှာ သူတို့ရဲ့ ခန္ဓာကိုယ်ထဲမှာ နတ်ဘုရားမီးပွားတစ်ခု မွေးဖွားလာတယ်။ သူတို့က စွမ်းအားနဲ့ နိယာမတွေကို အဆက်မပြတ်ဝါးမျိုပြီးတော့ သူတို့ရဲ့ နတ်ဘုရားမီးပွားကို ပြည့်စုံအောင် လုပ်ဖို့ပဲလိုတာ။ ပြီးရင် ဘယ်အတားအဆီးမှ မရှိဘဲ ဖောက်ထွင်းနိုင်မှာပဲ။"
"အတိုချုပ်ပြောရရင် ကပ်ဘေးနတ်ဘုရား ပြန်လည်ရှင်သန်နိုင်တဲ့ အကြောင်းရင်းက ပျောက်ဆုံးနေတဲ့ နတ်ဘုရားအနှစ်သာရကို ရှာတွေ့သွားလို့ပဲ။ သူ့ရဲ့နတ်ဘုရားအနှစ်သာရထဲမှာ ကောင်းကင်နယ်ပယ်ရဲ့ တာအို အနှစ်သာရတွေ ရှိနေတုန်းပဲ။ သူ့ကို ရင်ဆိုင်ရတဲ့ သာမန်ကျင့်ကြံသူတွေဆိုတာ ကိုယ့်ကိုယ်ကိုယ် သေတွင်းထဲ ပို့လိုက်တာနဲ့ ဘာမှ မခြားနားဘူး။"
"ဒါပေမဲ့..."
ချုံးမိန်က အသက်ပြင်းပြင်းရှူပြီး ပြတ်သားစွာ ပြောလိုက်သည်။
"ကျွန်မ သူ့ကို တားဆီးဖို့ ကြိုးစားပါ့မယ်။ ဒါပေမဲ့ ကျွန်မ သူ့ကို မသတ်နိုင်ဘူး။ တကယ်ဆို ကျွန်မက ကောင်းကင်ထောက်တိုင်နယ်ပယ်ကို ဖောက်ထွင်းဝင်ရောက်တာ မကြာသေးဘူးလေ။"
"ဒါပေမဲ့ တောရိုင်းမြေမှာ အတ္တကင်းမဲ့ဗုဒ္ဓဆိုတဲ့ ပုဂ္ဂိုလ်လည်း ရှိသေးတယ်။ သူက ရုတ်တရက် ရန်သူဘက် ပြောင်းသွားပြီးတော့ ဟောင်တုနဲ့ ပူးပေါင်းပြီး တောရိုင်းမြေကို ဝါးမျိုသွားမှာကို ကျွန်မ စိုးရိမ်တယ်။ ဒါကြောင့် ရှင်တို့က ဗုဒ္ဓကို တားပေးနိုင်မလား။"
ချုံးမိန်က မုန့်ချင်ကျိုးကို မျှော်လင့်တကြီး ကြည့်လိုက်သည်။
သို့သော်။
မုန့်ချင်ကျိုးက ခေါင်းကို အနည်းငယ်ခါယမ်းကာ ငြင်းပယ်လိုက်သည်။
ထိုအရာကို မြင်သောအခါ ချုံးမိန်၏ မျက်လုံးများထဲရှိ အရိပ်အယောင်များ ချက်ချင်းပင် မှေးမှိန်သွား၏။
မုန့်ချင်ကျိုး ငြင်းပယ်လိမ့်မည်ဟု သူ မထင်ခဲ့ပေ။ ရန်သူက ရောက်လာတော့မည်ဖြစ်ပြီး သူက သူ၏ အသက်ကိုစွန့်ကာ ဘေးဒုက္ခကို တားဆီးရန် ဆုံးဖြတ်ထားသော်လည်း မုန့်ချင်ကျိုးကမူ သူ၏ သေခါနီး တောင်းဆိုချက်ကို လက်မခံလိုပေ။
"နားလည်ပါပြီ။"
ချုံးမိန်က ထွက်ခွာရန် လှည့်လိုက်ပြီး ကြည်လင်ပြာလဲ့နေသော ကောင်းကင်ကြီးကို ငေးကြည့်ကာ အနည်းငယ် ပြုံးလိုက်သည်။
"ကျွန်မက ကမ္ဘာပေါ်က နောက်ဆုံးကျန်ရှိနေတဲ့ သားရဲတစ်ကောင်ပါ၊ အခြားလူမျိုးစုတွေရဲ့ သခင်လို့ ခေါ်လို့ရတယ်။ နှစ်ပေါင်းများစွာ သူတို့ကို ဂရုမစိုက်ခဲ့ပေမဲ့ ဒီဘေးဒုက္ခကတော့ မတူဘူးလေ။ လူသားမျိုးနွယ်စုရဲ့ သတ်ဖြတ်မှုတွေနဲ့ ယှဉ်ရင်တော့ ဒါက လုံးဝ မျိုးတုံးသတ်ဖြတ်မှုမျိုးပဲ။ ပင်လယ်မျိုးနွယ်စုတွေဆိုရင် အကြိမ်ကြိမ် မျိုးတုံးခံခဲ့ရပြီးပြီ။"
"လူသားတွေရဲ့တိုင်းပြည်အတွက် မဟုတ်ဘဲ၊ သတ္တဝါအားလုံးအတွက် မဟုတ်ဘဲနဲ့ သေဆုံးလုနီးပါး ဖြစ်နေတဲ့ နောက်ဆုံးကျန်ရှိနေတဲ့ တိုင်းတပါးလူမျိုးစုရဲ့ ရှင်သန်ခွင့်ကိုပဲ ထိန်းသိမ်းထားချင်တာပါ။"
"ရှင့်ကို နားလည်ပေးနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ရှင်က နံနက်ခင်းအလင်းနယ်ပယ်ပဲ ရှိသေးတာလေ။ အတ္တကင်းမဲ့ဗုဒ္ဓကို ရင်ဆိုင်ဖို့ ရှင့်ကို အတင်းအကျပ် ခိုင်းစေတာက နည်းနည်းတော့ လွန်လွန်းသွားမှာပေါ့။ ကျွန်မ ရှင့်ကို အပြစ်မတင်ပါဘူး။"
"သွားတော့မယ်။"
ချုံးမိန်၏ မျက်လုံးများမှာ အနည်းငယ် နီရဲသွားသော်လည်း လျင်မြန်စွာ သတိပြန်ဝင်လာပြီး လေထဲသို့ ခြေလှမ်းရန် ပြင်လိုက်သည်။
ရုတ်တရက်။
မုန့်ချင်ကျိုး စတင် ပြောဆိုလိုက်သည်။
"ငါ မင်းကို ငြင်းပယ်လိုက်တာက အကူအညီမပေးချင်လို့ မဟုတ်ဘူး။ အတ္တကင်းမဲ့ဗုဒ္ဓဆိုတဲ့ ဒီအဘိုးကြီးကို ဆန့်ကျင်ဖို့ မလိုအပ်လို့ပဲ။"
"သူက ငတုံး မဟုတ်ဘူး။ သူက သူ့မိသားစုနဲ့ မျိုးနွယ်စုကို ဖျက်ဆီးပြီးတော့ သတ္တဝါတွေအားလုံး သေဆုံးအောင် လုပ်ခဲ့တယ်။ သူက ဇန်ကျင့်စဉ်မှာ ကတိသစ္စာပြုဖို့နဲ့ အမွှေးနံ့သာပူဇော်ဖို့ နတ်ဘုရားတွေက သူ့ကို အထောက်အပံ့ပေးလိမ့်မယ်လို့ မျှော်လင့်နေတယ် ထင်လို့လား။"
"ပြီးတော့ မင်းကို ငြင်းလိုက်တဲ့ အဓိပ္ပာယ်က..."
"ဒီပြဿနာကို ငါ ဖြေရှင်းနိုင်တယ်။ မင်းက ရှေးဟောင်းနတ်ဘုရားမြို့တော်ကို မဟာကျင်းတိုင်းပြည်ရဲ့ နယ်မြေထဲကို ချက်ချင်းရွှေ့ပြောင်းပြီးတော့ ငါ့ဇနီးနဲ့အတူ ပူးပေါင်းဆောင်ရွက်ရေး စာချုပ်တစ်ခု ချုပ်ဆိုလိုက်။ အဲဒါက မင်း ငါ့ကို ပေးနိုင်တဲ့ အကြီးမားဆုံးအကူအညီပဲ။"
ထိုစကားကို ကြားသောအခါ အမျိုးသမီး(၄)ဦးစလုံး အနည်းငယ် အံ့အားသင့်ပြီး နားမလည်နိုင် ဖြစ်သွားကြသည်။
"ရှင်က.."
"ရှင်က နံနက်ခင်းအလင်းနယ်ပယ်မှာပဲ ရှိသေးတာကို။ ရှေးဟောင်းနတ်ဘုရားတစ်ပါး ပြန်ရှင်တာကို တားဆီးရဲတယ်ပေါ့။ ဒါက ဘယ်လိုအဓိပ္ပာယ်မရှိတဲ့ နောက်ပြောင်မှု အသစ်မျိုးလဲ။"
"ဘေးဒုက္ခကျရောက်လာတဲ့အခါ အတိဒုက္ခဗုဒ္ဓကိုယ်တိုင် ဗုဒ္ဓတိုင်းပြည်ကနေ ထွက်ခွာလာရင်တောင် သူ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး။ ရှင်က ဘယ်လိုလုပ် သတ္တိရှိနေတာလဲ။"
"ငါးပိကောင်၊ ရှင်က ကိုယ့်ကိုယ်ကိုယ်စတေးဖို့ တွေးနေတာတော့ မဟုတ်ပါဘူးနော်။" တုန်းဖန်လျူလီက ရှေ့သို့တစ်လှမ်းတိုးကာ မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်။
သူက ထိုကဲ့သို့ ဖြစ်လာမည်ကို လုံးဝ ခွင့်ပြုမည် မဟုတ်ပေ။
ငါးပိကောင်ကို သူ ကောင်းကောင်း နားလည်ထားသော်လည်း တောရိုင်းမြေတစ်ခုလုံး ကြီးမားသော အန္တရာယ်နှင့် ရင်ဆိုင်နေရချိန်တွင် ငါးပိကောင်၏ တကယ့်အတွေးများကို သူ သေချာမသိနိုင်ပေ။
"စိတ်မပူပါနဲ့။ ကိုယ်က အသက်ကို တန်ဖိုးထားပါတယ်။ တစ်သက်လုံး ကြိုးစားပမ်းစား အလုပ်လုပ်ခဲ့ရပြီး ပျော်ရွှင်ဖို့အခွင့်အရေးတောင် မရသေးတာကို။ ဘယ်လိုလုပ် ဒီလောက်လွယ်လွယ် သေသွားနိုင်မှာလဲ။"
မုန့်ချင်ကျိုးက ပြုံးလိုက်ပြီးနောက် တစ်ခုခုကို သတိရသွားကာ ပြောလိုက်သည်။
"အိုး... ဟုတ်သားပဲ။ ဝါကြီးကို ခေါ်လာခဲ့။ ဒီခွေးက တိုင်းပြည်အစောင့်အရှောက်သားရဲလို့ ဆိုပေမယ့် တစ်နေကုန် အိပ်နေပြီးတော့ ဘာအကျိုးရှိတဲ့အလုပ်မှ မလုပ်ဘူး။ သူ့ကို နတ်ဘုရားကို သတ်ဖို့ ခေါ်သွားမယ်။"
စုချင်ချိုး အံ့သြသွားသည်။
"ဟမ်…"
"သခင်လေး... ဝါကြီးက တိုင်းပြည်ရဲ့ အဖိုးတန်သားရဲဆိုတာ သိနေတာလား။"
မုန့်ချင်ကျိုးက ပခုံးတွန့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။ "ဒါပေါ့။"
တုန်းဖန်လျူလီက စိုးရိမ်နေဆဲဖြစ်ပြီး အကြံပြုလိုက်သည်။ "အတ္တကင်းမဲ့ဗုဒ္ဓကို ပူးပေါင်းလာအောင် ကျွန်မ သွားပြီးတော့ ဖျောင်းဖျကြည့်ရင်ကော။ နတ်ဘုရားမြို့တော်ရဲ့ မြို့တော်ဝန်ပါ ပါဝင်လာမယ်ဆိုရင်တော့ သူတို့နှစ်ယောက်ပေါင်းပြီး ဘေးဒုက္ခကို တားဆီးနိုင်လောက်တယ်။"
"မလိုပါဘူး။ ဒီအဘိုးကြီးက ဗုဒ္ဓတိုင်းပြည်ကို ကာကွယ်ဖို့ပဲ ဆုံးဖြတ်ထားတာ။ လောကကြီး ပြောင်းပြန် လှန်သွားရင်တောင် သူက လှုပ်ရှားမှာ မဟုတ်ဘူး။" မုန့်ချင်ကျိုးက ခေါင်းခါလိုက်သည်။
"ကိုယ်ပြောတာ ယုံပါ။ မင်းတို့အားလုံး ဒီမှာနေပြီးတော့ နောက်တန်းကို စောင့်ရှောက်ထား။ ကျန်တာကို ကိုယ်တာဝန်ယူပါ့မယ်။"
မုန့်ချင်ကျိုးက ညင်သာစွာ ပြုံးလိုက်ပြီး တုန်းဖန်လျူလီ၏ အရိုးမရှိသကဲ့သို့ နူးညံ့သောလက်ကလေးကို ဆုပ်ကိုင်လိုက်သည်။
"ဒါဆိုရင် ရှင် သတိထားရမယ်။ အနိုင်မရရင် ထွက်ပြေး။ မှတ်ထားနော်။ ချင်ချိုး၊ ဝူတျဲနဲ့ ကျွန်မတို့က ရှင် အိမ်ပြန်လာမယ့်အချိန်ကို စောင့်နေကြမယ်။" တုန်းဖန်လျူလီက နီရဲသော နှုတ်ခမ်းလေးများကို စေ့လိုက်ပြီး ခက်ခဲသော ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်သည်။
ချုံးမိန်က လက်ပိုက်ကာ နှစ်ခါ၊ ထို့နောက် သုံးခါလောက် ခိုးကြည့်လိုက်သည်...
"ဟေး။ ကျွန်မ သဘောမတူရသေးဘူးလေ။ ဘာလို့ ကျွန်မရဲ့သဘောထားကို မမေးတာလဲ။" ချုံးမိန်က မကျေမနပ်ဖြင့် ပြောလိုက်သည်။
မုန့်ချင်ကျိုးက တုန်းဖန်လျူလီ၏လက်ကို လွှတ်လိုက်ပြီး လှည့်ကာ ပြောလိုက်သည်။
"မင်းက ငါ့ကို မင်းရဲ့ ဆရာအဖြစ် သတ်မှတ်ထားတုန်းပဲလား။"
"သေချာတာပေါ့။ တစ်သက်လုံးပဲ။"
ချုံးမိန်က တုံ့ဆိုင်းမနေဘဲ အဖြေကို ချက်ချင်း ပြောချလိုက်သည်။ စကားပြောပြီးနောက် သူ၏ လှပသောမျက်နှာလေးမှာ အနည်းငယ် နီရဲသွားပြီး အနည်းငယ် အနေခက်သွားသလို ခံစားလိုက်ရသည်။
စုချင်ချိုး၏ မျက်လုံးများမှာ ထူးဆန်းနေပြီး သူ၏လက်နှစ်ဖက်ကို ပွတ်သပ်ကာ တိုက်ခိုက်ရန် စိတ်အားထက်သန်နေသည်။
ကောင်းပြီ၊ ကောင်းပြီလေ။ မတစ်ခုခုလုပ်ချင်တဲ့ စိတ်ရှိသေးတယ်ပေါ့ ဟုတ်လား။
ထိုအချိန်တွင်ပင် ဝူတျဲက သူ့ခေါင်းကို ခေါက်လိုက်ပြီး ပြောလိုက်သည်။ "မြန်မြန်သွားပြီးတော့ နေမင်းအရှင်သခင်ကို ခေါ်လာခဲ့။"
"နင်က ဘာလို့ မသွားတာလဲ။" စုချင်ချိုးက စူးရဲစွာ ကြည့်လိုက်သည်။
"သူက ငါ့စကား နားမထောင်ဘူးလေ။ နင့်ကို နေမင်းအရှင်သခင်ရဲ့ ကလေးလိမ္မာလေး ဖြစ်နေဖို့ ဘယ်သူက ပြောလို့လဲ။ သူ့စိတ်ထဲမှာ နင်က သူ့ရဲ့ သမီးငယ်လေးလိုပဲ။ သမီးလေးက ချွဲနွဲ့နေရင် အဖေအိုကြီးက ဘယ်လိုလုပ် ငြင်းနိုင်မှာလဲ။" ဝူတျဲက လက်နှစ်ဖက်ကိုဖြန့်ကာ ပြောလိုက်သည်။
စုချင်ချိုး၏ လှပသော မျက်နှာလေး ညိုမည်းသွား၏။ "နင်ကမှ နေမင်းအရှင်သခင်ရဲ့ သမီးလိမ္မာလေး။"
…