အခန်း (၂၉၃၁-၂၉၃၂)
Vol. 234 Ch. 2931-2932
အခန်း(၂၉၃၁)
“သွေးမျိုးဆက်က ဘိုးဘေးတွေရဲ့ အဆင့်အတန်းကို ပြန်လည် ရောက်ရှိသွားခဲ့တယ်လား”
အင်မော်တယ်ကျောက်တိုင် ဝိညာဥ်၏ စကားသံကို ကြားလိုက်ရလျှင် ကျန်းချန် တစ်ခဏမျှ မှင်တက်သွားခဲ့သည်။
“ဒီကောင်က အင်မော်တယ်လောကရဲ့ အစွမ်းအထက်ဆုံးထိပ်သီး နတ်ဆိုးသားရဲ ဆယ်ကောင်ထဲက တစ်ကောင်ဖြစ်တဲ့ ကျိလင်နတ်ဆိုးသားရဲရဲ့ သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားပေမဲ့ သွေးမျိုးဆက်က အရမ်းကို ကျဲပါးနေခဲ့ပြီ.. ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် သူ့မှာ ကျိလင်နတ်ဆိုးသားရဲရဲ့ သွေးမျိုးဆက်အစအနလေး ရှိနေသေးသရွေ့တော့ ဘိုးဘေးတွေရဲ့ သွေးမျိုးဆက် အဆင့်အတန်းကို ပြန်လည်ရောက်ရှိဖို့ အခွင့်အရေးက အတိုင်းအတာ တစ်ခုအထိ ရှိနေတာတော့ အမှန်ပဲ"
"သီအိုရီအရ ပြောရရင် ဒီကောင့်ရဲ့ ကျဲပါးတဲ့ သွေးမျိုးဆက် အဆင့်အတန်းနဲ့ဆို ဘိုးဘေးတွေရဲ့ သွေးမျိုးဆက်အဆင့်အတန်းကို ပြန်လည်ရောက်ရှိဖို့ အလားအလာက တစ်သောင်းပုံ တစ်ပုံတောင်မရှိဘူး.. ဒါပေမဲ့ အဲဒီ တစ်သောင်းပုံတစ်ပုံတောင် မရှိတဲ့ အခွင့်အရေးကို သူက ကံကောင်းထောက်မစွာနဲ့ ရရှိသွားခဲ့တယ်"
"အခု ဒီကောင့်ရဲ့ သွေးမျိုးဆက် အဆင့်အတန်းက ဘိုးဘေးတွေရဲ့ သွေးမျိုးဆက်အဆင့်အတန်းကို ပြန်လည်ရောက်ရှိသွားပြီ ဖြစ်တဲ့အတွက် ဒီကောင့်ရဲ့ ခန္ဓာကိုယ်ထဲက သွေးမျိုးဆက်စွမ်းအားက အဆ ၁၀၀ ကျော် တိုးတက်သွားခဲ့ပြီ.. ငါ့အထင်တော့ သူက အနည်းဆုံး အင်မော်တယ်ဘုရင် တစ်ပါး ဖြစ်လာနိုင်လိမ့်မယ်”
အင်မော်တယ်ကျောက်တိုင်ဝိညာဥ်က တအံ့တဩ ရေရွတ်လိုက်သည်။
အင်မော်တယ်ကျောက်တိုင်ဝိညာဥ်၏ စကားကို ကြားလိုက်ရလျှင် ကျန်းချန်၏ မျက်ဝန်းထဲတွင် အံ့အားသင့်သော အရိပ်အယောင်များ ယှက်သန်းသွားခဲ့သည်။
နတ်ဆိုးသားရဲများထဲတွင် အသန်မာဆုံး သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသည့် ကျိယောင်၏ ဖြစ်တည်မှုသည် အမှန်တကယ်ပင် ထူးခြားဆန်းပြား၏။
သွေးမျိုးဆက် အဆင့်အတန်းက ဘိုးဘေးအဆင့်အတန်းသို့ ပြန်လည် ရောက်ရှိသွားရုံမျှဖြင့်ပင် ကျိယောင်၏ ကျင့်ကြံခြင်းအဆင့်သည် ရွှေအင်မော်တယ် အဆင့်ကနေ တလော့အင်မော်တယ် အဆင့်သို့ တစ်ဟုန်ထိုး ချိုးဖျက်သွားခဲ့သည်။
ယင်းအပြင် ကျိယောင်၏ သွေးမျိုးဆက် အဆင့်အတန်းက ဘိုးဘေး အဆင့်အတန်းသို့ ပြန်လည် ရောက်ရှိသည့် လုပ်ငန်းစဥ်သည် မပြီးဆုံးသေးဘဲ ကျိယောင်၏ ခန္ဓာကိုယ်ပေါ်မှ အရှိန်အဝါသည် ကြောက်မက်ဖွယ်ရာကောင်းသော အရှိန်အဟုန်ဖြင့် ဆက်လက်တိုးပွားနေဆဲ ဖြစ်သည်ကို ကျန်းချန် ခံစားမိခဲ့သည်။
ဤပုံအတိုင်းသာ ဆက်သွားမည်ဆိုလျှင် ကျိယောင်၏ သွေးမျိုးဆက် အဆင့်အတန်းသည် ဘိုးဘေးအဆင့်အတန်းသို့ ပြန်လည် ရောက်ရှိသည့် လုပ်ငန်းစဥ် ပြီးဆုံးသည်နှင့် တစ်ပြိုင်နက် ကျိယောင်က ထိုက်ယီအဆင့်ကိုပင် တစ်ခါတည်း ထိုးဖောက်နိုင်လောက်မည်ဟု သူခန့်မှန်းမိသည်။
လက်ရှိအချိန်တွင် လုရှောင်ချင်းနှင့် ထာဝရရှင်သန်ခြင်းအင်မော်တယ် နန်းတော်တို့၏ အခြေအနေသည် စိတ်အေးရသော အနေအထားတွင် ရှိမနေသောကြောင့် ယခုလို ကျိယောင်၏ သွေးမျိုးဆက် စွမ်းအား တစ်ဟုန်ထိုး မြင့်တက်လာခြင်းသည် သတင်းကောင်း တစ်ခုပင်။
အကယ်၍ ကျိယောင်သာ ထိုက်ယီ အင်မော်တယ်အဆင့်ကို တစ်ဟုန်ထိုး ချိုးဖျက်သွားနိုင်မည်ဆိုလျှင် အနာဂတ်တွင် သူ့အတွက် များစွာ အထောက်အကူ ဖြစ်စေပေလိမ့်မည်။
ထို့နောက်တွင် ကျန်းချန်သည် ကျိယောင်ကို မနှောင့်ယှက်တော့ဘဲ အချိန်မျှော်စင်ထဲကနေ ချက်ချင်းဆိုသလို ထွက်ခွာလာခဲ့သည်။
ကျန်းချန်က အချိန်မျှော်စင်ထဲကနေ ထွက်ခွာလာပြီးနောက်တွင် ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်၏ အခြေအနေကို သိရှိလိုသောကြောင့် အရှင်ယွင်ကန်း ဆီသို့ ရောက်ရှိလာခဲ့သည်။
“မိတ်ဆွေလေးကျန်းချန်.. ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်ရဲ့ တိုက်ပွဲအခြေအနေကတော့ အခုအထိ အရမ်းကို တင်းမာနေဆဲပဲ.. ပြန်လည်မွေးဖွားခြင်း နန်းတော်နဲ့ ထာဝရစိမ်းလန်းသော နန်းတော်တို့က လုံးဝ အသာစီးရနေတယ်ဆိုပေမဲ့ ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်ကို အမြစ်ပြတ် ချေမှုန်းဖို့ကျတော့ ခက်ခဲနေသေးတယ်.. ဒါကြောင့် ပြန်လည်မွေးဖွားခြင်း နန်းတော်နဲ့ ထာဝရစိမ်းလန်းသော အင်မော်တယ် နန်းတော်တို့က သူတို့ရဲ့ ဗျူဟာကို ပြောင်းလဲဖို့ စတင်နေခဲ့ပြီ”
အရှင်ယွင်ကန်းက လေးနက်သောလေသံဖြင့် ပြောလိုက်သည်။
“အခု သူတို့က ထာဝရရှင်သန်ခြင်း အင်မော်တယ်နယ်မြေထဲက ထိုက်ယီအဆင့် အင်အားစု အများအပြားကို စတင်စည်းရုံးနေခဲ့ပြီ ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်နဲ့ နီးကပ်တဲ့ ဆက်ဆံရေးရှိတဲ့ အင်အားစုတွေနဲ့ ကြားနေ ထိုက်ယီအဆင့် အင်အားစုတချို့ကို သူ့တို့ဆီ အညံ့ခံဖို့ ဖိအားပေးနေကြတယ်.. ဒါက ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်ကို အထီးကျန်အောင်လုပ်ဖို့ ကြိုးစားနေတာပဲ”
ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။
“ဒီကိစ္စကို ခင်ဗျားတို့ ယွင်ရှောင်ဂိုဏ်းကရော ဘယ်လိုဆုံးဖြတ်မှာလဲ”
“ယွင်ရှောင်ဂိုဏ်းနဲ့ ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်တို့က ဘယ်တုန်းကမှ ပတ်သက်မှု မရှိခဲ့ဖူးဘူး.. ဒါကြောင့် တိုက်ပွဲမှာမပါဝင်ဘဲ ကြားနေအင်အားစု အဖြစ်ပဲ ရှိနေခဲ့တယ်.. ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ သီးသန့်ရပ်တည်ဖို့ ခက်ခဲလိမ့်မယ် ထင်တယ်”
အရှင်ယွင်ကန်းက ခါးသီးစွာ ပြုံး၍ ပြောလိုက်သည်။
“ငါရရှိထားတဲ့ သတင်းအချက်အလက်အရ ဆိုရင် ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်ရဲ့ သံတမန်က ယွင်ရှောင်ဂိုဏ်း ဆီကို လာတဲ့လမ်းမှာ ရောက်နေပြီ”
ကျန်းချန်က အရှင်ယွင်ကန်းကို တည်ငြိမ်စွာကြည့်၍ မေးလိုက်သည်။
“ဒါဆို မိတ်ဆွေကြီးယွင်ကန်း အနေနဲ့ ဘယ်လိုရွေးချယ်ဖို့ ဆုံးဖြတ်ထားလဲ”
“ပြန်လည်မွေးဖွားခြင်း အင်မော်တယ်နန်းတော်နဲ့ ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော် တို့ကို ငါတို့ ယွင်ရှောင်ဂိုဏ်း အနေနဲ့ အညံ့ခံဖို့ ဆန္ဒမရှိပါဘူး”
အရှင်ယွင်ကန်းက သက်ပြင်းတစ်ချက်ကို လေးလံစွာချလိုက်ပြီးနောက်တွင် ကျန်းချန်ကို လေးနက်သော အမူအရာဖြင့် စိုက်ကြည့်ကာ ပြောလိုက်သည်။
“ယွင်ရှောင်ဂိုဏ်းအနေနဲ့ မိတ်ဆွေလေးကျန်းချန်နဲ့ မဟာမိတ်ဖွဲ့ပြီး အတူတကွ လက်တွဲဖို့ အသင့်ရှိပါတယ်”
အရှင်ယွင်ကန်းအနေဖြင့် ထိုသတင်းကို ရရှိခဲ့သည်မှာ ရက်အနည်းငယ် ကြာပြီဖြစ်သော်လည်း ကျန်းချန်ကို သတင်းမပို့ခဲ့ပေ။
အကြောင်းရင်းမှာ ယွင်ရှောင်ဂိုဏ်း အနေဖြင့် မည်သည့်ရွေးချယ်မှုမျိုး ပြုလုပ်ရမည်ကို ဝေဝါးနေခဲ့သောကြောင့် ဖြစ်သည်။
ဤကိစ္စနှင့် ပတ်သက်၍ ယွင်ရှောင်ဂိုဏ်း၏ တစ်ဦးတည်းသော ထိုက်ယီအဆင့် ဘိုးဘေးထံ တင်ပြခဲ့သော်လည်း ဘိုးဘေးက သူ့ဘာသာသူ ဆုံးဖြတ်ရန် ခွင့်ပြုခဲ့သည်။
အချိန်အတော်ကြာ စဥ်းစားပြီးနောက်တွင်မူ အရှင်ယွင်ကန်းသည် အဆုံးသတ်တွင် ကျန်းချန်နှင့်အတူ လက်တွဲရန်သာ ဆုံးဖြတ်ခဲ့၏။
ပြန်လည်မွေးဖွားခြင်း အင်မော်တယ်နန်းတော်နဲ့ ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်တို့၏ လုပ်ရပ်သည် သူတို့ ယွင်ရှောင်ဂိုဏ်း၏ အင်အားကို အလွဲသုံးစားလုပ်ဖို့ ကြိုးစားနေသည်မှာ သံသယဖြစ်ဖွယ်ရာ မရှိပေ။
အညံ့ခံဖို့ ရွေးချယ်လိုက်သည်နှင့် သူတို့သည် ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်ကို တိုက်ခိုက်ရန်အတွက် ပြန်လည်မွေးဖွားခြင်း အင်မော်တယ်နန်းတော်နှင့် ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်တို့၏ အသေခံတပ်သားများ ဖြစ်သွားရန် အခွင့်အလမ်း အလွန်များပြားနေခဲ့၏။
အညံ့ခံရန် ငြင်းဆန်ခြင်းသည် ပြန်လည်မွေးဖွားခြင်း အင်မော်တယ်နန်းတော်နှင့် ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော် တို့ကို ရန်စသလို ဖြစ်သွားလိမ့်မည်ဖြစ်သော်လည်း အနည်းဆုံးတော့ ယွင်ရှောင်ဂိုဏ်း၏ ကံကြမ္မာသည် သူတို့လက်ထဲတွင်သာ ရှိနေဦးမည် ဖြစ်၏။
ပြန်လည်မွေးဖွားခြင်း အင်မော်တယ်နန်းတော်နှင့် ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော် တို့သည် အားကောင်းသော ဟန်ယွင်အဆင့် အင်အားစုများ ဖြစ်ကြပြီး ယွင်ရှောင်ဂိုဏ်းထက် အဆပေါင်းများစွာ သာလွန်သော်လည်း ၎င်းတို့သည် ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်ကို တိုက်ခိုက်ရန် အတွက် အဓိကအင်အားအများစုကို လူလွှတ်ထားရသောကြောင့် သူတို့ထံ အင်အား အမြောက်အများစေလွှတ်ပြီး နှိမ်နင်းရန်မှာ ဖြစ်နိုင်ခြေ သိပ်မရှိပေ။
ဆိုရလျှင် ပြန်လည်မွေးဖွားခြင်း အင်မော်တယ်နန်းတော်နှင့်ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော် အနေဖြင့် ဟန်ယွင်အဆင့် အင်မော်တယ်တစ်ပါးကို စေလွှတ်ခြင်း မပြုသရွေ့ ယွင်ရှောင်ဂိုဏ်းကို ဒုက္ခပေးရန်မှာ လွယ်ကူသောအရာ မဟုတ်ချေ။
ယင်းအပြင် လက်ရှိအချိန်တွင် ယွင်ရှောင်ဂိုဏ်း၏ နောက်ကွယ်တွင် အနှိုင်းမဲ့ ပါရမီရှင်တစ်ဦး ဖြစ်သည့် ကျန်းချန်လည်း ရှိနေခဲ့သည်။
ထိုကောင်လေးသည် ဆန်းကြယ်သော နောက်ခံ ရှိရုံသာမက ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်ကို ကူညီရန်အတွက် ရောက်ရှိလာသည်မှာ ထင်ရှား၏။
လက်ရှိအချိန်တွင် ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်သည် အားနည်းမှုများ ရှိနေသော်လည်း အဆုံးသတ်တွင် ထာဝရရှင်သန်ခြင်းအင်မော်တယ်ဘုရင် ဆီကနေ တရားဝင် ဆက်ခံထားသော အင်အားစု ဖြစ်သည်။
အကယ်၍ ယွင်ရှောင်ဂိုဏ်းသာ ကျန်းချန်နှင့် လက်တွဲလိုက်မည်ဆိုလျှင် ယင်းသည် အခွင့်အရေးကောင်း တစ်ခု ဖြစ်မလာနိုင်ဟု ဆို၍ မရနိုင်ပေ။
“ခင်ဗျားက တကယ်ကို သတ္တိရှိတာပဲ”
ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။
“စိတ်မပူပါနဲ့.. ခင်ဗျားရဲ့ ဒီနေ့ဆုံးဖြတ်ချက်အတွက် နောင်တမရစေရဘူးလို့ ကျွန်တော် အာမခံတယ်”
ယွင်ရှောင်ဂိုဏ်းသည် ထာဝရရှင်သန်ခြင်းအင်မော်တယ်နန်းတော်နှင့် မယှဥ်နိုင်သော်လည်း ထိုက်ယီအဆင့် အင်မော်တယ် ဂိုဏ်းတစ်ဂိုဏ်း ဖြစ်သည်။
ယခု သူက ထာဝရရှင်သန်ခြင်း အင်မော်တယ်နယ်မြေ ဆီကို တစ်ဦးတည်း ရောက်ရှိလာခဲ့ခြင်းဖြစ်၍ ယွင်ရှောင်ဂိုဏ်းနှင့် ပူးပေါင်း ဆောင်ရွက်ခွင့်ရခြင်းသည် ကောင်းမွန်သောကိစ္စ တစ်ရပ်ပင် မဟုတ်ပါလား။
အရှင်ယွင်ကန်းနှင့် ဆွေးနွေးပြီးနောက်တွင် ကျန်းချန်သည် သူနေထိုင်သော နေရာသို့ ပြန်လာခဲ့ပြီး ဧကရာဇ်အဆင့်နည်းစနစ်ကို ဆက်လက် လေ့လာရန် အချိန်မျှော်စင်၏ တတိယထပ် ထဲသို့ ချက်ချင်းပင် ပြန်လည် ဝင်ရောက်သွားခဲ့သည်။
ရက်အနည်းငယ် ကြာပြီးနောက်တွင် ရုတ်တရက် ဆိုသလို ထိုက်ယီအဆင့် အင်မော်တယ်စွမ်းအား တစ်ခုသည် ယွင်ရှောင်ဂိုဏ်း၏ အထက်ကောင်းကင်ယံသို့ တိုက်ရိုက်ပင် သက်ဆင်းလာခဲ့သည်။
တစ်ချိန်တည်းမှာပင် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော စကားသံသည် ယွင်ရှောင်ဂိုဏ်း၏ ကောင်းကင်ယံတွင် ထွက်ပေါ်လာခဲ့သည်။
“ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်က ရှချင်းလဲ့.. ယွင်ရှောင်ဂိုဏ်းဆီကို လာရောက် လည်ပတ်ပါတယ်”
ထိုစကားသံ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် အရှင်ယွင်ကန်း၏ ပုံရိပ်သည် ယွင်ရှောင်ဂိုဏ်းထဲကနေ ကောင်းကင်ယံထက်သို့ ချက်ချင်းဆိုသလို ပျံတက်သွားခဲ့သည်။
သူ၏ အကြည့်က မျက်နှာချင်းဆိုင်ရှိ အပြာရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး၏ ကိုယ်ပေါ်သို့ ကျရောက်သွားခဲ့၏။
အရှင်ယွင်ကန်း၏ မျက်ဝန်းထဲတွင် ချက်ချင်းဆိုသလို လေးနက်သော အရိပ်အယောင်များ ယှက်သန်းသွားခဲ့သည်။
“ထိုက်ယီအဆင့် အင်မော်တယ်ပါလား”
ဤအချိန်တွင် ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်ကနေ ယွင်ရှောင်ဂိုဏ်း ဆီသို့ စေလွှတ်လိုက်သော သံတမန်သည် ထိုက်ယီအဆင့် အင်မော်တယ်တစ်ပါး ဖြစ်သည်မှာ ထင်ရှားနေခဲ့သည်။
အရှင်ယွင်ကန်းက အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်ကာ ရှချင်းလဲ့ကို လက်သီးဆုပ်၍ ဂါဝရပြုကာ ပြောလိုက်သည်။
“အရှင့်အနေနဲ့ ယွင်ရှောင်ဂိုဏ်း ဆီကို ဘာကိစ္စကြောင့် ကြွလာခဲ့တာလဲဆိုတာ သိပါရစေ”
ရှချင်းလဲ့က လက်နှစ်ဖက်ကို ဟန်ပါပါ နောက်ပစ်ကာ ဝင့်ကြွားစွာ မတ်တတ်ရပ်နေရင်း အရှင်ယွင်ကန်းကို အထက်စီးဆန်စွာ ကြည့်၍ ပြောလိုက်သည်။
“အဘိုးကြီး.. ဒီအရှင်က မင်းနဲ့ စကားတွေ သိပ်အများကြီး မပြောချင်ဘူး.. မင်းတို့ ယွင်ရှောင်ဂိုဏ်းအနေနဲ့ ငါတို့ ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်ကို အညံ့ခံဖို့ ဆန္ဒရှိလား”
အရှင်ယွင်ကန်းက တည်ငြိမ်သော လေသံဖြင့်ပင် တုံ့ပြန်ပြောဆိုလိုက်သည်။
“အရှင့်ရဲ့စကားက ဘာကို ဆိုလိုတာလဲ.. ငါတို့ ယွင်ရှောင်ဂိုဏ်းက ဘာလို့ ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော် ဆီမှာ အညံ့ခံရမှာလဲ”
“အဘိုးကြီး.. စကားကောင်းပြောနေတုန်း နားထောင်လိုက်စမ်း”
ရှချင်းလဲ့၏ မျက်ဝန်းထဲတွင် လျှပ်စီးအလင်းတန်းများ လင်းလက်သွားခဲ့ပြီး သူ၏ မျက်နှာက ချက်ချင်းဆိုသလိုပင် အေးစက်သွားခဲ့သည်။
“ငါတို့ ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်ကို ရန်သူအဖြစ် သတ်မှတ်လိုက်ရင် ဘယ်လို အကျိုးဆက်တွေ ဖြစ်လာနိုင်မလဲဆိုတာ မင်းစဥ်းစားမိရဲ့လား”
အရှင်ယွင်ကန်းက တည်ငြိမ်စွာ ပြောလိုက်သည်။
“ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်က အားကောင်းတယ်ဆိုပေမဲ့ ငါတို့ ယွင်ရှောင်ဂိုဏ်းကလည်း ဘယ်သူမဆို စိတ်ကြိုက် အနိုင်ကျင့်လို့ရတဲ့ ခပ်ညံ့ညံ့ဂိုဏ်း မဟုတ်ဘူး.. အရှင် ကျေးဇူးပြုပြီး ယွင်ရှောင်ဂိုဏ်းကနေ အမြန်ဆုံး ထွက်သွားပေးပါ.. ကျုပ်တို့ ခင်ဗျားကို မကြိုဆိုဘူး”
“အဘိုးကြီး သေချင်နေတာပဲ”
ရှချင်းလဲ့က ဒေါသတကြီး ကြုံးဝါးလိုက်သည်။
တစ်ခဏအတွင်းမှာပင် ထိုက်ယီအဆင့် အင်မော်တယ် အရှိန်အဝါသည် ယွင်ရှောင်ဂိုဏ်း၏ အထက် ကောင်းကင်ယံ တစ်ခုလုံးကို လွှမ်းမိုးသွားခဲ့သည်။
သူက လက်တစ်ဖက်ကို အသာအယာ မြှောက်၍ ဝှေ့ယမ်းလိုက်ရာ ယွင်ရှောင်ဂိုဏ်း၏ ကောင်းကင်ယံထက်တွင် လေပြင်းများနှင့် မိုးခြိမ်းသံများ ချက်ချင်းဆိုသလို ပေါ်ပေါက်လာခဲ့ပြီး အဆုံးသတ်တွင် ကောင်းကင်နှင့် မြေကြီးကိုပင် ဖျက်ဆီးပစ်နိုင်လောက်သည့် စွမ်းအားများဖြင့် ပြည့်နှက်နေသော ကြောက်မက်ဖွယ် လျှပ်စီးလက်ဝါးကြီး တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ကာ ယွင်ရှောင်ဂိုဏ်း ဆီသို့ တန်းတန်းမတ်မတ်ပင် ဦးတည်လာခဲ့သည်။
အခန်း(၂၉၃၁)ပြီး၏။
အခန်း(၂၉၃၂)
ထိုလက်ဝါးကြီး၏ စွမ်းအားက အလွန်အမင်း ကြောက်မက်ဖွယ်ရာကောင်းပြီး အကယ်၍ ယွင်ရှောင်ဂိုဏ်းအပေါ်သို့သာ ကျရောက်ခွင့် ပြုလိုက်မည်ဆိုလျှင် တစ်ဂိုဏ်းလုံး တစ်ခဏအတွင်း ပြာပုံအတိ ဖြစ်သွားပေလိမ့်မည်။
အရှင်ယွင်ကန်း၏ မျက်နှာအမူအရာက ချက်ချင်းဆိုသလို ပြောင်းလဲသွားခဲ့သည်။
သူက ခြေလှမ်းတစ်ဝက် ထိုက်ယီအင်မော်တယ်အဆင့် ဖြစ်၍ တလော့အင်မော်တယ် အဆင့်ထက် ပိုမို သာလွန်သော်လည်း ထိုက်ယီအဆင့်၏ အင်မော်တယ်ဥပဒေသကို နားလည်သဘောပေါက်ခြင်း မရှိသေးပေ။
စစ်မှန်သော ထိုက်ယီအင်မော်တယ်တစ်ပါးနှင့် နှိုင်းယှဥ်လျှင် မိုင်ပေါင်းတစ်သိန်းရှစ်ထောင်မက ဝေးကွာနေဆဲပင်။
ထို့ကြောင့် ထိုက်ယီအဆင့် အင်မော်တယ် ရှချင်းလဲ့၏ တိုက်ကွက်ကို ချေဖျက်ရန်မှာ ဘယ်လိုမှ မဖြစ်နိုင်ပေ။
အရှင်ယွင်ကန်းက ဘာမှ တွေဝေမနေတော့ဘဲ ရှချင်းလဲ့ကို ရင်ဆိုင်ရန်အတွက် ယွင်ရှောင်ဂိုဏ်း၏ ဘိုးဘေးကို အသိပေးရန် ပြင်ဆင်လိုက်စဥ်မှာပင် ယွင်ရှောင်ဂိုဏ်း အတွင်းကနေ ပုံရိပ်တစ်ခုသည် ကောင်းကင်ယံထက်သို့ ရုတ်တရက် ပျံတက်လာခဲ့သည်။
ထိုပုံရိပ်က ကမ္ဘာလောကကြီးကိုပင် ဖျက်ဆီးပစ်နိုင်လောက်သည့် ကြောက်မက်ဖွယ် စွမ်းအားများကို သယ်ဆောင်လာခဲ့ပြီး ဧရာမ လျှပ်စီးလက်ဝါးကြီးကို ရှောင်တိမ်းခြင်းမရှိဘဲ တိုက်ရိုက်ပင် တိုးဝင်သွားခဲ့သည်။
“ဝုန်း..”
ကြောက်မက်ဖွယ် စွမ်းအားနှစ်ခုသည် ဥက္ကာပျံနှစ်စင်းနှယ် ထိပ်တိုက် ဆုံတွေ့သွားကြပြီး ဟင်းလင်းပြင်ထဲတွင် ပြင်းထန်စွာ ဆောင့်မိသွားကြသည်။
ကောင်းကင်နှင့်နေမင်းကိုပင် ဖုံးလွှမ်းထားသည့် ဧရာမလျှပ်စီးလက်ဝါးကြီးသည် ထိုပုံရိပ်၏ လက်ချက်ဖြင့် ဖြိုခွဲခံလိုက်ရပြီး လျှပ်စီး အစအနလေးများအဖြစ် ပြောင်းလဲကာ ဟင်းလင်းပြင်ထဲတွင် ပျောက်ကွယ်သွားခဲ့သည်။
“ရုပ်သေးပါလား.. ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
သူ့ရှေ့မှ ပုံရိပ်ကို စိုက်ကြည့်ရင်း ရှချင်းလဲ့၏ မျက်ဝန်းများက ရုတ်တရက် ကျဥ်းမြောင်းသွားခဲ့သည်။
“ထိုက်ယီအဆင့် အင်မော်တယ်နဲ့ နှိုင်းယှဥ်နိုင်တဲ့ ရုပ်သေးရုပ်ပါလား.. ယွင်ရှောင်ဂိုဏ်းက ဒီလောက် အစွမ်းထက်တဲ့ ရုပ်သေးရုပ်မျိုးကို ဘယ်လိုလုပ်ပြီး သန့်စင်နိုင်မှာလဲ”
ထိုက်ယီအဆင့် အင်မော်တယ်၏ တိုက်ကွက်ကိုပင် ချေဖျက်နိုင်ခဲ့သည့် ရုပ်သေးရုပ်ကို ကြည့်ပြီး အရှင်ယွင်ကန်း ကိုယ်တိုင်သည်ပင် တစ်ခဏမျှ မှင်တက်သွားခဲ့ကာ သတိပြန်မဝင်လာနိုင် ဖြစ်နေခဲ့သည်။
သတိပြန်ဝင်လာပြီးနောက်တွင် သူ့ဘေးနားတွင် မည်သည့်အချိန်ကတည်းက ရောက်နေမှန်း မသိရသည့် ကျန်းချန်ကို မြင်လိုက်ရလျှင် သူက အံ့ဩတုန်လှုပ်သော အမူအရာဖြင့် ပြောလိုက်သည်။
“မိတ်ဆွေလေးကျန်းချန် ဒါက..”
ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြန်ဖြေလိုက်သည်။
“ဒါက ကျွန်တော့်အတွက် စီနီယာ တစ်ယောက် လုပ်ပေးထားတဲ့ ရုပ်သေးရုပ်ပါ”
အရှင်ယွင်ကန်းက ချက်ချင်းဆိုသလိုပင် အံ့အားသင့်သွားခဲ့သည်။
ထိုခဏဝယ် ထိုက်ယီအဆင့် အင်မော်တယ်ကိုပင် ယှဥ်နိုင်သည့် ရုပ်သေးရုပ်ကို သွန်းလုပ်ပေးနိုင်စွမ်း ရှိသော ကျန်းချန်၏ စီနီယာက မည်မျှပင် အစွမ်းထက်နေမည်ကို သူတွေးကြည့်မိလိုက်သည်။
ဤအချိန်တွင် အရှင်ယွင်ကန်းသည် ကျန်းချန်နှင့် ပူးပေါင်းရန် ရွေးချယ်ခဲ့သည်ကို အတော်လေး ကံကောင်းသည်ဟု တွေးမိခဲ့သည်။
သူ့ရှေ့မှ ကောင်လေးတွင် ကောင်းကင်ကိုပင် ဆန့်ကျင်နေသည့် ပါရမီနှင့် စွမ်းအားများ ရှိနေရုံတင်မကပဲ ဝှက်ဖဲများစွာလည်း ရှိနေခဲ့သည်။
ကျန်းချန်က တည်ငြိမ်စွာပင် အင်မော်တယ်ဘုရင် ရုပ်အလောင်းကို သူ၏ နံဘေးသို့ ပြန်လာရန် တိုက်ရိုက်ပင် ထိန်းချုပ်လိုက်သည်။
ထို့နောက် သူက ရှချင်းလဲ့ကို စေ့စေ့ကြည့်ကာ အေးစက်စက်ပြောလိုက်သည်။
“ခင်ဗျားက ထာဝရစိမ်းလန်းသောအင်မော်တယ်နန်းတော်ကလား”
“ဟုတ်တယ်.. ငါက ထာဝရစိမ်းလန်းသောအင်မော်တယ်နန်းတော်ကပဲ”
ရှချင်းလဲ့က ကျန်းချန်ကို စူးစိုက်၍ကြည့်ကာ ပြောလိုက်သည်။
“ကောင်လေး မင်းဘယ်သူလဲ.. ဘာလို့ ငါတို့ ထာဝရစိမ်းလန်းသောအင်မော်တယ်နန်းတော်ရဲ့ ကိစ္စကို ဝင်ရောက်စွက်ဖက်ရတာလဲ”
သူ့ရှေ့မှကောင်လေးသည် ပါရမီ အလွန်တရာထူးခြားပြီး ငယ်ငယ်ရွယ်ရွယ်ဖြင့် တလော့ အင်မော်တယ်အဆင့်ကိုပင် ရောက်ရှိနေခဲ့သည်။
သူတို့ ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်မှ ထိပ်သီး ပါရမီရှင်များနှင့် နှိုင်းယှဥ်လျှင်ပင် လုံးဝမနိမ့်ကျပေ။
ထို့အပြင် ထိုက်ယီအဆင့် အင်မော်တယ်နှင့်ပင် ယှဥ်နိုင်သော ရုပ်သေးတစ်ရုပ်ကို ဘေးနားတွင် အစောင့်အရှောက် အဖြစ် ထားရှိနိုင်သည့် ပါရမီရှင်မျိုးသည် ယွင်ရှောင်ဂိုဏ်းမှ လူတစ်ယောက် ဘယ်လိုမှ မဖြစ်နိုင်ပေ။
ယွင်ရှောင်ဂိုဏ်း ကဲ့သို့ ထိုက်ယီအဆင့် အင်အားစုတစ်စုက ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်ကို အန်တုရဲသည်မှာ မဆန်းတော့ပေ။
ကြည့်ရသည်မှာ ယွင်ရှောင်ဂိုဏ်း၏ နောက်ကွယ်တွင် အထောက်အပံ့ကောင်းများ ရှိနေပုံရ၏။
ကျန်းချန်က တည်ငြိမ်စွာ ပြောလိုက်သည်။
“ကျုပ်ဘယ်သူလဲဆိုတာ ခင်ဗျားသိဖို့မလိုဘူး.. ခင်ဗျားသိထားရမှာက ယွင်ရှောင်ဂိုဏ်းက ခင်ဗျားတို့ ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်ကို အညံ့မခံဘူးဆိုတာပဲ.. ဒီလောက်ဆို လုံလောက်ပြီ မဟုတ်လား.. ယွင်ရှောင်ဂိုဏ်းကနေ အမြန်ဆုံး ထွက်သွားလိုက်တော့”
“ကောင်လေး မင်းဘာသာ ဘယ်သူပဲဖြစ်နေပါစေ.. ဒီထာဝရရှင်သန်ခြင်း အင်မော်တယ်နယ်မြေထဲမှာ ငါတို့ ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်ရဲ့ ရန်သူအဖြစ် ရွေးချယ်ရဲရင် မင်းအတွက် သေလမ်းတစ်လမ်းပဲ ရှိတယ်”
ရှချင်းလဲ့၏ မျက်နှာက အေးစက်သွားခဲ့ပြီး သူ၏ ခန္ဓာကိုယ်ထဲမှ ထိုက်ယီအင်မော်တယ် စွမ်းအားများသည် အရှိန်အဟုန်ပြင်းစွာ ပေါက်ကွဲထွက်လာခဲ့သည်။
ကြောက်မက်ဖွယ်ရာ ကောင်းသော မိုးကြိုးလျှပ်စီး စွမ်းအားများသည် မိုင်ပေါင်းထောင်ချီ ဧရိယာရှိ ဟင်းလင်းပြင်ကို ချက်ချင်းဆိုသလိုပင် တုန်ခါသွားစေခဲ့၏။
“ဝုန်း..ဝုန်း..ဝုန်း..”
ရှချင်းလဲ့၏ ထိန်းချုပ်မှုအောက်တွင် မိုင်ပေါင်းထောင်ချီသော ဧရိယာရှိ မိုးကြိုးလျှပ်စီး စွမ်းအားများသည် မိုးကြိုးနတ်ဘုရား၏ တူတစ်လက် အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ကျန်းချန်၏ ဦးခေါင်း ဆီသို့ ကျရောက်လာခဲ့သည်။
ရှချင်းလဲ့၏ တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရသော်လည်း ကျန်းချန်၏ အမူအရာကမူ အလွန်တရာပင် တည်ငြိမ်နေခဲ့သည်။
ဤတစ်ကြိမ်တွင်မူ ကျန်းချန်သည် ရှချင်းလဲ့၏ တိုက်ခိုက်မှုကို ရင်ဆိုင်ရန်အတွက် သူ၏ နံဘေးမှ အင်မော်တယ်ဘုရင် ရုပ်အလောင်းကို အသုံးမပြုခဲ့ပေ။
တိုက်ပွဲဝင် စိတ်ဓာတ်အပြည့်ဖြင့် သူ၏ ကြုံးဝါးလိုက်သော စကားသံက ပတ်ဝန်းကျင်တွင် ချက်ချင်းဆိုသလို ပဲ့တင်ထပ်သွားခဲ့သည်။
“ဟားဟား.. ဒီနေ့တော့ ထိုက်ယီအဆင့် အင်မော်တယ်တစ်ပါးရဲ့ စွမ်းအားကို လေ့လာကြည့်ရသေးတာပေါ့”
စကားဆုံးသည်နှင့် ဓားကျိုးသည် ကျန်းချန်၏ လက်ထဲတွင် ပေါ်လာခဲ့သည်။
ထို့နောက်တွင် ကျန်းချန်က ဓားကျိုးကို ကိုင်စွဲ၍ ချက်ချင်းဆိုသလို ဝှေ့ယမ်းလိုက်သည်။
ယင်းက သာမန်ဓားတစ်ချက် ဝှေ့ယမ်းလိုက်ရုံမျှသာ ထင်ရသော်လည်း လောကကြီး တစ်ခုလုံးကို ပြောင်းလဲသွားစေခဲ့ပြီး ဓားချက်တစ်ချက်က ကမ္ဘာလောက တစ်ခုကို ခွဲထုတ်လိုက်သကဲ့သို့ ဖြစ်သွားခဲ့ကာ သူ့ထံသို့ သက်ရောက်လာသည့် ရှချင်းလဲ့၏ မိုးကြိုးနတ်ဘုရားတူသည် ကျန်းချန် ဓားဖြင့် ခွဲထုတ်လိုက်သော ကမ္ဘာအတွင်းသို့ တစ်ခဏအတွင်းမှာပင် သက်ဆင်းကာ ပျောက်ကွယ်သွားခဲ့သည်။
ဤသို့ဖြင့် ကောင်းကင်နှင့်မြေကြီးကို ဖျက်ဆီးပစ်နိုင်လောက်သည့် မိုးကြိုးနတ်ဘုရားတူသည် ဟင်းလင်းပြင်ထဲတွင် အစအနပင် မကျန်ရှိသည်အထိ လုံးဝပျောက်ကွယ်သွားခဲ့သည်။
ယင်းမှာ ဧကရာဇ်အဆင့် နည်းစနစ် ဖြစ်သည့် ဓားချက်တစ်ချက်တည်းနှင့် လောကကို အပိုင်းပိုင်းပြတ်စေမည့် ဓားသိုင်း ဖြစ်သည်။
ထိုနည်းစနစ်က ဧကရာဇ်အဆင့် အင်မော်တယ်နည်းစနစ် တစ်ခုထက်စာလျှင် အလွန်အဆင့်အတန်း မြင့်မားသည့် အင်မော်တယ် ဥပဒေသ တစ်ခုနှင့်ပင် ပိုတူနေခဲ့သည်။
ကျန်းချန်က ထိုဓားကွက်ကို အပြည့်အဝ နားလည်သဘောမပေါက်သေးသော်လည်း ဓားကွက်၏ စွမ်းအားတချို့ကိုမူ အသုံးပြုနိုင်ခဲ့သည်။
အစောပိုင်းက သူ၏ ဖျက်ဆီးအားပြင်းသော တိုက်ကွက်သည် ကျန်းချန်၏ ဓားကွက်ကြောင့် အခြားကမ္ဘာတစ်ခုထဲသို့ ဆွဲသွင်းခြင်း ခံလိုက်ရသည်။
“ဒါ.. ဒါက ဘာနည်းစနစ်လဲဟ”
ဟင်းလင်းပြင်ထဲမှ ရှချင်းလဲ့သည် သူ၏ တိုက်ကွက်ကို ကျန်းချန်က အလွယ်တကူပင် ချေဖျက်ပစ်လိုက်သည်အား မြင်လိုက်ရလျှင် ချက်ချင်းဆိုသလို ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။
အစောပိုင်းက တိုက်ကွက်တွင် ရှချင်းလဲ့သည် သူ၏ စွမ်းအားများကို ထိမ်ချန်မထားဘဲ အစွမ်းကုန် အသုံးပြုခဲ့ခြင်း ဖြစ်သည်။
ဆိုရလျှင် အရှင်ယွင်ကန်း ကဲ့သို့ ခြေလှမ်းတစ်ဝက် ထိုက်ယီ အင်မော်တယ်အဆင့် ပင်လျှင် ထိုတိုက်ကွက်ကို ရင်ဆိုင်ရလျှင် သေဆုံးရန် အခွင့်အရေး အလွန်များ၏။
သို့သော်လည်း သူ့ရှေ့မှ တလော့အင်မော်တယ် အဆင့် အနက်ရောင် ဝတ်စုံဝတ် လူငယ်လေးကမူ သူ၏ တိုက်ကွက်ကို အလွယ်တကူပင် ချေဖျက်ပစ်ခဲ့သည်။
ဤသည်ကိုကြည့်လျှင် အနက်ရောင်ဝတ်စုံဝတ် လူငယ်လေးသည် ထိုက်ယီအင်မော်တယ်နှင့် ယှဥ်နိုင်သည့် စွမ်းအားများ ပိုင်ဆိုင်ထားသည် ဟူသော အဓိပ္ပာယ်ပင် မဟုတ်ပါလော။
ထိုလူငယ်လေးသည် တလော့အင်မော်တယ် အဆင့်ဖြင့်ပင် ထိုက်ယီအင်မော်တယ်အဆင့်ထက် မနိမ့်ကျသည့် စွမ်းအားများကို ပိုင်ဆိုင်ထားပြီး နံဘေးတွင်လည်း ထိုက်ယီအင်မော်တယ် အဆင့်နှင့် နှိုင်းယှဥ်နိုင်သည့် ရုပ်သေးတစ်ရုပ် ရှိနေခဲ့သည်။
“ဒီကောင်လေးက ဘယ်သူလဲ.. ထာဝရရှင်သန်ခြင်း အင်မော်တယ်နယ်မြေထဲမှာ ဒီလို အနှိုင်းမဲ့ပါရမီရှင်မျိုး ဘယ်တုန်းက ပေါ်လာခဲ့တာလဲ”
ဤအခိုက်အတန့်တွင် အရှင်ယွင်ကန်း ပင်လျှင် မှင်တက်နေခဲ့ပြီး အချိန်အတော်ကြာအောင် သတိပြန်မဝင်လာနိုင် ဖြစ်နေခဲ့သည်။
ကျန်းချန်၏ ပါရမီက ထူးခြားဆန်းကြယ်ပြီး တိုက်ခိုက်ရေးစွမ်းရည်က အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသောကြောင့် သူ့ထက် မနိမ့်ကျမှန်း သိထားသော်လည်း ကျန်းချန်က ထိုက်ယီ အင်မော်တယ်ကိုပင် တုန်လှုပ်စေနိုင်လောက်သော ကြောက်မက်ဖွယ် စွမ်းအားမျိုး ပိုင်ဆိုင်ထားလိမ့်မည်ဟု သူလုံးဝ ထင်မှတ်မထားခဲ့ပေ။
“ထိုက်ယီအင်မော်တယ်တစ်ပါးရဲ့ စွမ်းအားက ဒီလောက်ပဲလား”
ကျန်းချန်က ရှချင်းလဲ့၏ တိုက်ကွက်ကို ဓားချက် တစ်ချက်တည်းဖြင့် ချေဖျက်လိုက်ပြီးနောက်တွင် တည်ငြိမ်စွာ ပြောလိုက်သည်။
“ထွက်သွားစမ်း.. အသက်ဆယ်ရှိုက်စာ အချိန်အတွင်း မထွက်သွားရင် ခင်ဗျား ကျုပ်လက်ထဲမှာ သေရလိမ့်မယ်”
ထိုစကားကို ကြားလျှင် ရှချင်းလဲ့၏ မျက်နှာအမူအရာက အလွန်တရာပင် အကျည်းတန်သွားခဲ့သည်။
ထိုကောင်လေးသည် တိုက်ခိုက်ရေးစွမ်းရည်တွင် ထိုက်ယီအင်မော်တယ် အဆင့်နှင့်ပင် နှိုင်းယှဥ်နိုင်ပြီး နံဘေးတွင်လည်း ထိုက်ယီ အင်မော်တယ်အဆင့်နှင့် ယှဥ်နိုင်သည့် ရုပ်သေးရုပ် တစ်ရုပ် ရှိနေခဲ့သည်။
သူ၏ စွမ်းအားဖြင့်ဆိုလျှင် မည်သို့မျှ အသာစီးရနိုင်မည်မဟုတ်ချေ။
ထို့အပြင် ထိုက်ယီအဆင့် အင်မော်တယ်ဂိုဏ်းတစ်ခု အနေဖြင့် ယွင်ရှောင်ဂိုဏ်းတွင် ထိုက်ယီအဆင့် ကျင့်ကြံသူ တစ်ဦးလည်း ရှိနေသေးသည်။
အကယ်၍ ၎င်းတို့သာ လက်တွဲလိုက်မည် ဆိုလျှင် ယနေ့တွင် သူ့အနေဖြင့် အသက်ပျောက်သွားနိုင်သည့် အန္တရာယ်ပင် ရှိနေခဲ့သည် မဟုတ်ပါလား။
ရှချင်းလဲ့က တစ်ခဏမျှ စဥ်းစားလိုက်ပြီးနောက်တွင် အဆုံးသတ်တွင် ကျန်းချန်ကို အေးစက်စက် တစ်ချက်ကြည့်လိုက်ကာ လျှပ်စီးတန်း တစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး နေရာကနေ ချက်ချင်းဆိုသလို ပျောက်ကွယ်သွားခဲ့သည်။
ပတ်ဝန်းကျင်တွင် ရှချင်းလဲ့၏ အေးစက်စက် အသံတစ်သံသာ ကျန်ရစ်ခဲ့၏။
“ကောင်လေး ငါအရှင် ဒီနေ့ကိစ္စကို ကောင်းကောင်းမှတ်ထားမယ်.. မင်း ငါ လက်စားလာချေမှာကို စောင့်နေပါ”
အခန်း(၂၉၃၂)ပြီး၏။