အခန်း (၂၉၃၃-၂၉၃၄)
Vol. 234 Ch. 2933-2934
အခန်း(၂၉၃၃)
ကျန်းချန်က ထွက်ခွာသွားသည့် ရှချင်းလဲ့ကို ကြည့်နေခဲ့သော်လည်း နောက်သို့ လိုက်လံဖမ်းဆီးခြင်း မပြုခဲ့ပေ။
မည်သို့ပင်ဖြစ်စေကာမူ ရှချင်းလဲ့သည် စစ်မှန်သော ထိုက်ယီအဆင့် အင်မော်တယ်တစ်ပါး ဖြစ်သည်။
သူ၏ လက်ရှိခွန်အားနှင့် အင်မော်တယ်ဘုရင် ရုပ်အလောင်းသည် ရှချင်းလဲ့ကို အနိုင်ယူရန် လုံလောက်သော်လည်း သတ်ပစ်ရန်ကမူ ဘယ်လိုမှ လွယ်ကူသောကိစ္စ မဟုတ်ပေ။
“မိတ်ဆွေလေးကျန်းချန်.. ရှချင်းလဲ့က ဒီတစ်ခေါက် ကိစ္စကို ဒီအတိုင်း ထားလိုက်မှာမဟုတ်ဘူး.. ငါတို့ ကြိုတင်ပြင်ဆင်ထားဖို့ လိုမယ်ထင်တယ်”
ရှချင်းလဲ့ ပျောက်ကွယ်သွားသည့် နေရာကို ကြည့်ရင်း အရှင်ယွင်ကန်းက လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။
ကျန်းချန်က တည်ငြိမ် အေးဆေးစွာပင် ပြောဆိုလိုက်သည်။
“စိတ်မပူပါနဲ့.. သူတို့လာတော့လည်း ခံတိုက်လိုက်ရုံပေါ့”
ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်သည် ဤကိစ္စကို ဒီအတိုင်း ကျော်သွားလိမ့်မည်မဟုတ်ဘဲ ယွင်ရှောင်ဂိုဏ်းဆီသို့ အာရုံစိုက်လာလိမ့်မည် ဖြစ်သည်။
ယင်းမှာ ကျန်းချန် လိုချင်သောအရာလည်း ဖြစ်၏။
ဤနည်းလမ်းဖြင့်သာ လုရှောင်ချင်းနှင့် ထာဝရရှင်သန်ခြင်းအင်မော်တယ်နန်းတော်တို့ အပေါ်တွင် ကျရောက်နေသည့် ဖိအားတချို့ကို လျှော့ချပေးနိုင်လိမ့်မည် မဟုတ်ပါလော။
ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော် အနေဖြင့် ဤကိစ္စကို ကျော်သွားလိမ့်မည် မဟုတ်သော်လည်း ယွင်ရှောင်ဂိုဏ်းကို ရင်ဆိုင်ရန် အတွက် ဟန်ယွင်အဆင့် အင်မော်တယ်တစ်ပါးကို စေလွှတ်ရန်မှာ မဖြစ်နိုင်သလောက်ပင်။
ဟန်ယွင်အဆင့် အင်မော်တယ် လာရောက်တိုက်ခိုက်ခြင်း မရှိသရွေ့ သူ၏ စွမ်းအားနှင့် ယွင်ရှောင်ဂိုဏ်း၏ စွမ်းအားတို့ဖြင့်ဆိုလျှင် ကြောက်စရာ သိပ်မရှိချေ။
ရှချင်းလဲ့ ထွက်ခွာသွားပြီးနောက်တွင် ကျန်းချန်သည် အချိန်မျှော်စင် ထဲသို့ ကျင့်ကြံရန်အတွက် ချက်ချင်းဆိုသလို ပြန်လည် ဝင်ရောက်သွားခဲ့သည်။
---------------------
တိမ်ကင်းစင်နေသော ကောင်းကင်ယံထက်တွင် အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး လျင်မြန်စွာ ပျံသန်းသွားခဲ့သည်။
ထိုသူမှာ ယွင်ရှောင်ဂိုဏ်းကနေ ဆုတ်ခွာလာခဲ့သည့် ရှချင်းလဲ့ပင် ဖြစ်သည်။
ရှချင်းလဲ့သည် ယွင်ရှောင်ဂိုဏ်းကနေ ထွက်ခွာလာပြီးနောက်တွင် စစ်ကူတောင်းရန်အတွက် ထာဝရစိမ်းလန်းသောအင်မော်တယ်နန်းတော်ဆီသို့ ပြန်ရန် မရွေးချယ်ခဲ့ပေ။
လက်ရှိအချိန်တွင် ထာဝရစိမ်းလန်းသောအင်မော်တယ်နန်းတော်နှင့် ပြန်လည် မွေးဖွားခြင်း အင်မော်တယ်နန်းတော်တို့သည် အတူတကွ လက်တွဲပြီး ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်ကို တိုက်ခိုက်နေကြသော်လည်း ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်၏ အားကောင်းသော ခုခံမှုကြောင့် အခက်အခဲ တွေ့နေရပြီး အဆင်မပြေ ဖြစ်နေခဲ့သည်။
ထိုအကြောင်းကြောင့်ပင် ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်နှင့် ပြန်လည်မွေးဖွားခြင်း အင်မော်တယ်နန်းတော်တို့သည် သူတို့၏ ဗျူဟာကို ပြောင်းလဲရန် ဆုံးဖြတ်ခဲ့သည်။
ပထမဦးဆုံးအနေဖြင့် သူတို့က ထာဝရရှင်သန်ခြင်းအင်မော်တယ်နန်းတော်နှင့် နီးကပ်စွာ ဆက်နွှယ်ပတ်သက်နေသည့် အင်အားစု တချို့ကို ရှင်းလင်းပစ်ကာ ထာဝရရှင်သန်ခြင်းအင်မော်တယ်နယ်မြေ အတွင်းရှိ ထာဝရရှင်သန်ခြင်းအင်မော်တယ်နန်းတော်၏ ဩဇာလွှမ်းမိုးမှုကို အားနည်းအောင်လုပ်ရန် ရည်ရွယ်ထားခဲ့သည်။
ကြားနေ အင်အားစုတချို့ကိုမူ ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်နှင့် ပြန်လည်မွေးဖွားခြင်း အင်မော်တယ်နန်းတော်တို့က သိမ်းသွင်းရန် ဆုံးဖြတ်ခဲ့ပြီး ထိုအင်အားစုများ၏ စွမ်းအားကို အသုံးပြုကာ ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်ကို တိုက်ခိုက်ရန် စီစဥ်ထားခဲ့သည်။
ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်၏ တမန်တော်တစ်ဦး အနေဖြင့် ရှချင်းလဲ့၏ ယခုတစ်ခေါက် တာဝန်သည် ထာဝရရှင်သန်ခြင်း အင်မော်တယ်နယ်မြေ၏ အနောက်မြောက်ဘက် အရပ်တွင်ရှိသည့် ကြားနေ ထိုက်ယီအဆင့် အင်အားစုတချို့ကို လာရောက် သိမ်းသွင်းရန်နှင့် ထိုအင်အားစုများကို သူတို့ ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော် အတွက် အသုံးချရန် ဖြစ်သည်။
မူလက ရှချင်းလဲ့သည် ဤတာဝန်နှင့် ပတ်သက်၍ အလွန်အမင်း ယုံကြည်ချက် ရှိနေခဲ့ပြီး မထွက်ခွာမီတွင် သူ၏ ရင်ဘတ်ကို ပုတ်ကာ ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်မှ အဆင့်မြင့် အကြီးအကဲများကို ကတိရဲရဲ ပေးခဲ့သည်။
သို့သော် ပထမဦးဆုံး လာရောက်ခဲ့သည့် ယွင်ရှောင်ဂိုဏ်းမှာပင် သူက အလူးအလဲခံခဲ့ရပြီး ကမန်းကတန်း ပြန်လည်ဆုတ်ခွာရလိမ့်မည်ဟု မည်သူ သိနိုင်ပါမည်နည်း။
ယွင်ရှောင်ဂိုဏ်းသည် ဤတစ်ခေါက်ခရီးစဥ်တွင် သူသိမ်းသွင်းရမည့် အင်အားစုများထဲ၌ အားအနည်းဆုံး အင်အားစု တစ်ခုမျှသာ ဖြစ်၏။
အကယ်၍ သူ့အနေဖြင့် ယွင်ရှောင်ဂိုဏ်း ကဲ့သို့ ထိုက်ယီအဆင့်ဂိုဏ်းတစ်ဂိုဏ်းကို သိမ်းသွင်းရန်အတွက်ပင် ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော် ဆီကနေ အကူအညီတောင်းခံရမည် ဆိုလျှင် သူ့အနေဖြင့် ထာဝရစိမ်းလန်းသောအင်မော်တယ်နန်းတော် ဆီသို့ မည်သည့် မျက်နှာနှင့် ပြန်သွားရပါမည်နည်း။
ထို့ကြောင့် ရှချင်းလဲ့သည် နောက်ထပ် သိမ်းသွင်းမည့်အင်အားစုတစ်စု ဖြစ်သော အနက်ရောင်မြစ်တောင်ကြား ဆီသို့ သွားရန် ဆုံးဖြတ်လိုက်သည်။
အနက်ရောင်မြစ်တောင်ကြားသည် ယွင်ရှောင်ဂိုဏ်းနှင့် ကပ်လျက် တည်ရှိသည့် ထိုက်ယီအဆင့် အင်အားစုတစ်စု ဖြစ်သည်။
ထိုဂိုဏ်း၏ အင်အားသည် ယွင်ရှောင်ဂိုဏ်းနှင့် အတူတူနီးပါးဖြစ်ပြီး အနည်းငယ်ပင် ပို၍ သန်မာသေးသည်။
ယင်းအင်အားစု နှစ်စုကြားမှ ဆက်ဆံရေးသည် တစ်ခါမှ ပြေလည်မှု မရခဲ့ဘဲ အချင်းချင်း မကြာခဏ ပွတ်တိုက်မှုများ ဖြစ်ခဲ့ကြသည်။
ရှချင်းလဲ့ အနေဖြင့် အနက်ရောင်မြစ်တောင်ကြား ဆီသို့ အရင်သွားရန် ဆုံးဖြတ်လိုက်သည်မှာ အနက်ရောင်မြစ်တောင်ကြား၏ အင်အားကို အသုံးပြုကာ ယွင်ရှောင်ဂိုဏ်းကို ကိုင်တွယ်ရန်ပင် ဖြစ်၏။
ယွင်ရှောင်ဂိုဏ်းနှင့် အနက်ရောင်မြစ်တောင်ကြားတို့ အကြား အကွာအဝေးသည် အလွန်အမင်း ဝေးကွာသော်လည်း ရှချင်းလဲ့၏ ထိုက်ယီအဆင့် အင်မော်တယ်စွမ်းအားဖြင့် ဆိုလျှင် သိပ်မဝေးပေ။
နာရီဝက် အတွင်းမှာပင် အုံ့မှိုင်းသော အငွေ့အသက်များရှိရာ ကြီးမားသော တောင်ကြားတစ်ခု ဆီသို့ ရောက်ရှိလာခဲ့သည်။
ရှချင်းလဲ့က တောင်ကြား၏ အထက် ကောင်းကင်ယံတွင် ဝင့်ကြွားစွာ ရပ်တန့်လိုက်သည်။
သူ၏ ကျယ်လောင်သော စကားသံသည် တစ်ခဏအတွင်းမှာပင် ပတ်ဝန်းကျင်၌ ပဲ့တင်ထပ်သွားခဲ့၏။
“ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်က ရှချင်းလဲ့.. အနက်ရောင်မြစ်တောင်ကြား ဆီကို လာရောက် လည်ပတ်ပါတယ်”
ရှချင်းလဲ့၏ စကားဆုံးသည်နှင့် တောင်ကြားထဲကနေ ထိုက်ယီအဆင့် အင်မော်တယ်စွမ်းအားများ ထွက်ပေါ်နေသည့် အနက်ရောင် အလင်းတန်းတစ်ခုသည် ကောင်းကင်ယံထက်သို့ ပျံတက်လာခဲ့ပြီး မျက်စိတစ်မှိတ် အတွင်းမှာပင်အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုတစ်ဦး အဖြစ်သို့ ပြောင်းလဲသွားခဲ့ကာ ရှချင်းလဲ့၏ ရှေ့တွင် ပေါ်လာခဲ့သည်။
အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုသည် အနက်ရောင်အလင်းတန်းများဖြင့် ဖုံးလွှမ်းနေခဲ့ပြီး ငရဲပြည်ကနေ တက်လာသည့် သေမင်း တစ်ပါးနှင့်ပင် ဆင်တူနေခဲ့သည်။
ထိုအဘိုးအိုမှာ အနက်ရောင်မြစ်တောင်ကြား၏ ထိုက်ယီအဆင့်ဘိုးဘေး ဖြစ်သည့် အရှင်ကွေ့မင် ဖြစ်သည်။
အရှင်ကွေ့မင်က သူ့ရှေ့မှ ရှချင်းလဲ့ကို ကြည့်ကာ အက်ကွဲကွဲလေသံဖြင့် ပြောလိုက်သည်။
“မိတ်ဆွေရှ.. မင်း ငါ့တို့ အနက်ရောင်မြစ်တောင်ကြား ဆီကို ဘာကိစ္စနဲ့ ရောက်လာရတာလဲ”
ရှချင်းလဲ့က တည်ငြိမ်စွာပင် ပြောလိုက်သည်။
“အရှင်ကွေ့မင်.. ဒီတစ်ကြိမ် ငါမင်းတို့ဆီ လာရတာက မင်းတို့ အနက်ရောင်မြစ်တောင်ကြားကို အခွင့်အရေးတစ်ခု ပေးမလို့ပဲ”
“ဘယ်လိုအခွင့်အရေးမျိုးလဲ”
အရှင်ကွေ့မင်က တည်ငြိမ်သော အမူအရာဖြင့်ပင် မေးလိုက်သည်။
ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်သည် အင်မော်တယ်ဘုရင်အဆင့် အင်အားစုအောက်ကနေ ခွဲထွက်သွားသည့် ဟန်ယွင်အဆင့် အင်အားစု ဖြစ်ပြီး ယနေ့ခေတ် ထာဝရရှင်သန်ခြင်း အင်မော်တယ်နယ်မြေထဲရှိ ထိပ်သီးအင်အားစုများ ထဲမှ တစ်စုလည်း ဖြစ်သည်။
ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်၏ မျက်စိထဲတွင် အနက်ရောင်မြစ်တောင်ကြား ကဲ့သို့ ထိုက်ယီအဆင့်အင်အားစုများသည် မြေပြင်ပေါ်မှ ပုရွက်ဆိတ်များနှင့် ဘာမှ မခြားနားပေ။
ဆိုရလျှင် ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်သည် သူတို့ အနက်ရောင်မြစ်တောင်ကြား ဆီကို အကြောင်းအရင်းမရှိဘဲ အခွင့်အရေးများ မည်ကဲ့သို့ ယူဆောင်လာပေးပါမည်နည်း။
လက်ရှိအချိန်တွင် ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်သည် ပြန်လည်မွေးဖွားခြင်း အင်မော်တယ်နန်းတော်နှင့် ပူးပေါင်းကာ ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်ကို တိုက်ခိုက်နေခြင်း ဖြစ်၍ သူတို့ အနက်ရောင်မြစ်တောင်ကြားကို ဂရုစိုက်ရန် အချိန်မရှိပေ။
သို့ဖြစ်ရာ ယခုကဲ့သို့ ထိုက်ယီအဆင့် အင်မော်တယ် တစ်ပါးကို စေလွှတ်လိုက်သည်မှာ နောက်ကွယ်တွင် လှည့်ကွက် တစ်စုံတစ်ရာ ရှိသည်မှာ သေချာသလောက်ပင်။
“ငါက မင်းတို့ အနက်ရောင်မြစ်တောင်ကြားနဲ့ အပေးအယူတစ်ခု လုပ်ချင်လို့ပါ”
ရှချင်းလဲ့က အေးစက်စက် ပြောလိုက်သည်။
“ငါ မင်းတို့ အနက်ရောင်မြစ်တောင်ကြားကို ယွင်ရှောင်ဂိုဏ်းကို ဝါးမျိုပစ်ဖို့ အကူအညီပေးမယ်.. ဒါပေမဲ့ ဒီကိစ္စ ပြီးသွားရင်တော့ မင်းတို့ အနက်ရောင်မြစ်တောင်ကြား အနေနဲ့ ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်ရဲ့ လက်အောက်ကို ဝင်ပြီး ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်ကို တိုက်ခိုက်ရာမှာ အကူအညီပေးရလိမ့်မယ်”
ထိုစကားကို ကြားလျှင် အရှင်ကွေ့မင်၏ မျက်ဝန်းများက အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။
“တကယ်လို့ ငါက သဘောမတူရင်ကော”
ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်နှင့် ပြန်လည်မွေးဖွားခြင်း အင်မော်တယ်နန်းတော် တို့သည် အင်မော်တယ်ဘုရင်အဆင့်အင်အားစုဖြစ်သည့် ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်ကနေ ခွဲထွက်သွားခဲ့သည့် အင်အားစုများဖြစ်ကြသည်။
ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင် ပျောက်ကွယ်သွားပြီးနောက်တွင် ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်သည် ဟန်ယွင်အဆင့် အင်အားစုသုံးစု အဖြစ် ကွဲပြားသွားခဲ့သော်လည်း အင်အားစုတစ်စုချင်းသည် ထာဝရရှင်သန်ခြင်းအင်မော်တယ်နယ်မြေ၏ ထိပ်သီး အင်အားစုများ ဖြစ်နေကြဆဲပင်။
ရှင်းလင်းစွာဆိုရလျှင် သူတို့ အနက်ရောင်မြစ်တောင်ကြားသည် သာမန် ထိုက်ယီအဆင့် အင်အားစုလေး တစ်ခုမျှသာ ဖြစ်၍ အရှင်ကွေ့မင်သည် ဟန်ယွင်အဆင့် အင်အားစုသုံးစု၏ တိုက်ပွဲကြားတွင် မပါဝင်ချင်ပေ။
“ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်က ငါ့ကို ဒီနေရာဆီ စေလွှတ်လိုက်ပြီ ဆိုမှတော့ မင်းတို့မှာ ရွေးချယ်စရာမရှိတော့ဘူး”
ရှချင်းလဲ့က တည်ငြိမ်စွာပင် ပြောလိုက်သည်။
“မင်းတို့ သဘောတူမယ် ဆိုရင်တော့ အနက်ရောင်မြစ်တောင်ကြားက ယွင်ရှောင်ဂိုဏ်းကို ဝါးမျိုနိုင်ရုံတင်မကဘဲ ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော် ဆီက အကျိုးအမြတ်တွေကိုလည်း ရရှိနိုင်လိမ့်မယ်.. မဟုတ်ရင်တော့ မင်းတို့အနေနဲ့ ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်ကို စော်ကားမိတဲ့ အကျိုးဆက်နဲ့ ရင်ဆိုင်ရလိမ့်မယ်”
ယွင်ရှောင်ဂိုဏ်းဆီသို့ သွားရောက်ခဲ့သည့် ခရီးစဥ်အပြီးတွင် ရှချင်းလဲ့သည် ထာဝရရှင်သန်ခြင်း အင်မော်တယ်နယ်မြေ ထဲမှ ထိုက်ယီအဆင့် အင်အားစုများက အခြားသူများ စိတ်ကြိုက် ခြယ်လှယ်နိုင်သည့် ပေါ့သေးသေး အင်အားစုများ မဟုတ်မှန်း နားလည်သွားခဲ့သည်။
ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်မှ ဟန်ယွင်အဆင့် အင်မော်တယ်တစ်ပါးကို တိုက်ရိုက် စေလွှတ်ခြင်း မပြုသရွေ့ ဤထိုက်ယီအဆင့် အင်အားစုများသည် ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်ကို အလွယ်တကူ အညံ့ခံရန် လိုလားကြလိမ့်မည် မဟုတ်ပေ။
ထို့ကြောင့် ရှချင်းလဲ့က သူ၏ နည်းလမ်းကို ပြောင်းလဲလိုက်သည်။
သူ၏ နူးညံ့သိမ်မွေ့သော နည်းလမ်းနှင့် ပြတ်သားသောခြိမ်းခြောက်မှုများ အောက်တွင် အရှင်ကွေ့မင် အနေဖြင့် မှန်ကန်သော ရွေးချယ်မှုကို ပြုလုပ်နိုင်လိမ့်မည်ဟု သူ ယုံကြည်ခဲ့၏။
အရှင်ကွေ့မင်က တစ်ခဏမျှ စဥ်းစားလိုက်ပြီးနောက်တွင် အဆုံးသတ်၌ ရှချင်းလဲ့ကို ကြည့်၍ ပြောလိုက်သည်။
“ကောင်းပြီလေ.. မိတ်ဆွေရှအနေနဲ့ ယွင်ရှောင်ဂိုဏ်းကို ဝါးမျိုနိုင်ဖို့ ကူညီပေးသရွေ့တော့ ငါတို့ အနက်ရောင်မြစ်တောင်ကြားက ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်ကို အကူအညီပေးဖို့ ဆန္ဒရှိပါတယ်”
အရှင်ကွေ့မင်က ရှချင်းလဲ့၏ အဆိုကို သဘောတူလိုက်သည်။
ယနေ့တွင် ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်သည် ရှချင်းလဲ့ကို ဤနေရာသို့ စေလွှတ်လိုက်ပြီ ဖြစ်ရာ သူတို့ အနက်ရောင်မြစ်တောင်ကြားက သဘောမတူခဲ့လျှင် ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်ကို စော်ကားမိသလို ဖြစ်သွားမည်မှာ သေချာပြီး ယင်းသည် အနက်ရောင်မြစ်တောင်ကြား အတွက် ကောင်းမွန်သောအရာ မဟုတ်ပေ။
အကယ်၍ သူတို့သာ ဤအပေးအယူကို သဘောတူလိုက်မည်ဆိုလျှင် သူတို့ အနက်ရောင်မြစ်တောင်ကြားသည် သူတို့ကို အမြဲတစေ ဝါးမျိုချင်နေခဲ့သည့် ယွင်ရှောင်ဂိုဏ်းကို ဝါးမျိုနိုင်လိမ့်မည် ဖြစ်သည်။
ယင်းသို့ ဝါးမျိုနိုင်လျှင် သူတို့၏ အင်အားသည် ပို၍ပင် တောင့်တင်းလာလိမ့်မည် မဟုတ်ပါလော။
ဤအပေးအယူကြောင့် အနက်ရောင်မြစ်တောင်ကြားအနေဖြင့် ဟန်ယွင်အဆင့် အင်အားစုသုံးစု၏ တိုက်ပွဲကြားတွင် ပါဝင်ပတ်သက်ရမည် ဖြစ်ပြီး စွန့်စားမှု ကြီးကြီးမားမား ပြုလုပ်ရလိမ့်မည် ဆိုသော်လည်း အခွင့်အရေးနှင့် စွန့်စားမှုဆိုသည်မှာ အမြဲတစေ ဒွန်တွဲနေသော အရာဖြစ်၍ အရှင်ကွေ့မင်သည် အဆုံးသတ်တွင် လောင်းကြေးထပ်ရန် ဆုံးဖြတ်လိုက်တော့သည်။
အခန်း(၂၉၃၃)ပြီး၏။
အခန်း(၂၉၃၄)
“အခြေအနေကို နားလည်တဲ့သူက လူစွမ်းကောင်းပဲ”
အရှင်ကွေ့မင်က သူနှင့် ပူးပေါင်းရန် သဘောတူလိုက်သည်ကိုမြင်လျှင် ရှချင်းလဲ့က ပြုံး၍ ပြောလိုက်သည်။
“မိတ်ဆွေကွေ့မင် အနေနဲ့ ဒီနေ့ ဆုံးဖြတ်ချက်အတွက် ဘယ်တော့မှ နောင်တမရစေရဘူး”
အရှင်ကွေ့မင်သည် အလွန် ပြတ်သားသော လူတစ်ယောက်ဖြစ်သည်။
ယခု သူက ဆုံးဖြတ်ချက် ချလိုက်ပြီဖြစ်ရာ တုံ့ဆိုင်းမနေတော့ဘဲ လိုရင်းကိုသာ တဲ့တိုးမေးလိုက်သည်။
“မိတ်ဆွေရှ.. ယွင်ရှောင်ဂိုဏ်းကို ဘယ်အချိန်လောက် တိုက်ခိုက်ဖို့ ပြင်ဆင်ထားလဲ”
ယွင်ရှောင်ဂိုဏ်း၏ အင်အားသည် အနက်ရောင်မြစ်တောင်ကြားနှင့် သိပ်မကွာဘဲ တာဝန်ခံ အုပ်ချုပ်သူ ဟူ၍ ထိုက်ယီအဆင့် အင်မော်တယ်တစ်ပါးသာ ရှိသည်။
ခြုံငုံ၍ ပြောရလျှင် သူတို့ အနက်ရောင်မြစ်တောင်ကြားထက်ပင် ပို၍ အားနည်းနေသေး၏။
သို့သော်လည်း အနက်ရောင်မြစ်တောင်ကြား၏ အင်အားတစ်ခုတည်းဖြင့် ယွင်ရှောင်ဂိုဏ်းကို ဝါးမျိုပစ်ဖို့ ဆိုသည်မှာ လွယ်ကူသော အလုပ်တစ်ခု မဟုတ်ပေ။
အောင်မြင်ခဲ့လျှင်ပင် ကြီးမားစွာ ထိခိုက်ပျက်စီးမည် ဖြစ်၍ ရရှိသည့် အကျိုးအမြတ်ထက် ဆုံးရှုံးမှုက ပိုများနိုင်၏။
ထို့ကြောင့်လည်း အနက်ရောင်မြစ်တောင်ကြားနှင့် ယွင်ရှောင်ဂိုဏ်းတို့သည် အမြဲတစေ ပြဿနာများ ရှိခဲ့ကြသော်လည်း တကယ့် တိုက်ပွဲကြီးကိုမူ တစ်ခါမျှ မဆင်နွှဲခဲ့ကြပေ။
သို့သော် ဤတစ်ခေါက်တွင်မူ ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်မှ ထိုက်ယီအဆင့် အင်မော်တယ်တစ်ပါး ဖြစ်သည့် ရှချင်းလဲ့၏ အကူအညီ ရှိနေသောကြောင့် အခြေအနေက လုံးဝ ကွဲပြားသွားခဲ့ချေပြီ။
သူက ရှချင်းလဲ့နှင့် ပူးပေါင်းလိုက်မည်ဆိုလျှင် ယွင်ရှောင်ဂိုဏ်းသည် ထိုက်ယီအဆင့် ဘိုးဘေးကို အမှီပြုပြီး သူတို့ကို တားဆီးဖို့ ဆိုသည်မှာ ဘယ်လိုမှ မဖြစ်နိုင်တော့ပေ။
“မလောပါနဲ့ဦး.. ငါတို့နှစ်ယောက်တည်းနဲ့တော့ ယွင်ရှောင်ဂိုဏ်းကို ကိုင်တွယ်ဖို့က မလွယ်ကူသေးဘူး.. ငါတို့ နောက်ထပ် စစ်ကူတချို့ ရှာဖို့ လိုအပ်သေးတယ်”
ရှချင်းလဲ့က တည်ငြိမ်စွာ ပြောလိုက်သည်။
“ငါ ထျန်းလျှန်တောင်ကုန်းကို သွားပြီး ထျန်းလျှန်မျိုးနွယ်စုကို စစ်ကူတောင်းဖို့ စီစဥ်ထားတယ်”
“အဲဒီလောက်အထိ လိုအပ်လို့လား”
အရှင်ကွေ့မင်က အနည်းငယ် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
“ယွင်ရှောင်ဂိုဏ်းမှာက ထိုက်ယီအဆင့် ဘိုးဘေးတစ်ယောက်ပဲ ရှိတာလေ.. ဒ့ါအပြင် သူ့ရဲ့စွမ်းအားက ငါ့ထက်တောင် အနည်းငယ် နိမ့်ကျသေးတယ်.. ငါတို့က ဘာလို့ ထျန်းလျှန်မျိုးနွယ်စုရဲ့ အကူအညီကို ယူဖို့ လိုအပ်ရတာလဲ”
သူ၏ အမြင်အရ ယွင်ရှောင်ဂိုဏ်းတွင် ထိုက်ယီအဆင့် အင်မော်တယ် တစ်ပါးတည်းသာ ရှိသည်။
သူတို့နှစ်ယောက်တည်းမှ တစ်ယောက်က ထိုထိုက်ယီအင်မော်တယ်ကို ထိန်းထားနိုင်သရွေ့ ကျန်တစ်ယောက်သည် ယွင်ရှောင်ဂိုဏ်းကို အလွယ်တကူ နှိမ်နင်းနိုင်လိမ့်မည် မဟုတ်ပါလား။
ထျန်းလျှန်မျိုးနွယ်စုသည် အနက်ရောင်မြစ်တောင်ကြား၏ စီရင်ပိုင်ခွင့်နယ်မြေ အတွင်းတွင် ရှိသည့် အင်အားစုတစ်စု ဖြစ်ပြီး ထျန်းလျှန်တောင်ကုန်းတွင် အခြေစိုက်ထားသော အင်အားစု ဖြစ်သည်။
ထျန်းလျှန်မျိုးနွယ်စု၏ အင်အားသည် အနက်ရောင်မြစ်တောင်ကြားထက် ပို၍ အားနည်းသော်လည်း စစ်မှန်သော ထိုက်ယီအဆင့် အင်အားစုတစ်စု ဖြစ်၏။
ဆိုရလျှင် ထျန်းလျှန်မျိုးနွယ်စုသည် အနက်ရောင်မြစ်တောင်ကြား၏ စီရင်ပိုင်ခွင့်နယ်မြေ အတွင်း တည်ရှိသော်လည်း သူတို့က ထျန်းလျှန်တောင်ကုန်းတွင်သာ အမြဲတစေ အခြေစိုက် နေထိုင်ခဲ့ကြပြီး အနက်ရောင်မြစ်တောင်ကြားနှင့်လည်း တစ်ဖက်နှင့်တစ်ဖက် မကျူးကျော်ဘဲ သီးခြားစီ နေထိုင်ခဲ့ကြသည်။
အကယ်၍ ဤကိစ္စတွင် ထျန်းလျှန် မျိုးနွယ်စုသာ ပါဝင်လာခဲ့လျှင် အနက်ရောင်မြစ်တောင်ကြား အနေဖြင့် ယွင်ရှောင်ဂိုဏ်းပိုင်ဆိုင်သမျှ အရာအားလုံးကို တစ်ယောက်တည်း ဝါးမျိုပစ်ရန် ဆိုသည်မှာ မဖြစ်နိုင်တော့ပေ။
“ငါယွင်ရှောင်ဂိုဏ်းဆီကို ရောက်ခဲ့ပြီးပြီ.. ယွင်ရှောင်ဂိုဏ်းက မင်းထင်သလောက် မရိုးရှင်းဘူး”
ရှချင်းလဲ့က အရှင်ကွေ့မင်ကို လေးနက်စွာ ကြည့်၍ ပြောလိုက်သည်။
“မင်းနဲ့ငါ နှစ်ယောက်တည်းနဲ့ ဆိုရင် ယွင်ရှောင်ဂိုဏ်းကို အသာစီးရဖို့ ခက်ခဲလိမ့်မယ် ဆိုတာ ငါ ရဲရဲကြီး ပြောရဲတယ်”
ထိုစကားကိုကြားလျှင် အရှင်ကွေ့မင် အံ့အားသင့်သွားခဲ့သည်။
ရှချင်းလဲ့၏ လေသံကို နားထောင်ရသည်မှာ ယွင်ရှောင်ဂိုဏ်းတွင် ထိုက်ယီအဆင့် အင်မော်တယ် တစ်ပါးထက်မက ရှိနေပုံမျိုး ဖြစ်နေခဲ့သည်။
“ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
အနက်ရောင်မြစ်တောင်ကြားနှင့် ယွင်ရှောင်ဂိုဏ်းသည် အမြဲတစေ ပြိုင်ဘက်များ ဖြစ်ကြ၍ အချင်းချင်း အလွန်ကောင်းမွန်စွာ သိရှိထားကြသည်။
ယွင်ရှောင်ဂိုဏ်းတွင် ထိုက်ယီအဆင့် အင်မော်တယ် တစ်ပါး ရုတ်တရက် မည်ကဲ့သို့ ပေါ်လာရပါသနည်း။
သို့သော်လည်း အရှင်ကွေ့မင်သည် ဤကိစ္စနှင့် ပတ်သက်၍ ရှချင်းလဲ့က သူ့ကို လိမ်ပြောရန် မလိုအပ်မှန်း ကောင်းစွာ သိနေခဲ့သည်။
သို့ဆိုလျှင် ယွင်ရှောင်ဂိုဏ်းတွင် နောက်ထပ် ထိုက်ယီအဆင့်အင်မော်တယ် တစ်ပါး မည်သည့်အချိန်က ပေါ်လာပါသနည်း။
ယင်းသို့ တွေးမိလိုက်လျှင် အရှင်ကွေ့မင်၏ မျက်နှာအမူအရာသည် ပို၍ပင် လေးနက်သွားခဲ့သည်။
ကြည့်ရသည်မှာ ခြေလှမ်းတစ်ဝက် ထိုက်ယီအဆင့် အင်မော်တယ်ဖြစ်သည့် အရှင်ယွင်ကန်းက ထိုက်ယီအင်မော်တယ်အဆင့်ကို ထိုးဖောက်နိုင်ခဲ့ခြင်း ဖြစ်နိုင်ပါသလော။
ဤအတိုင်းသာ အမှန်တကယ် ဆိုလျှင် ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်နှင့် ပူးပေါင်းရန် ရွေးချယ်ခဲ့သည်မှာ သံသယဝင်စရာမလိုလောက်အောင်ပင် အလွန်မှန်ကန်သော ဆုံးဖြတ်ချက် တစ်ခု ဖြစ်နေခဲ့သည်။
သို့မဟုတ်လျှင် အနက်ရောင်မြစ်တောင်ကြားနှင့် ယွင်ရှောင်ဂိုဏ်းတို့ကြားမှ ရန်ငြိုးရန်စများကြောင့် ထိုက်ယီအဆင့် အင်မော်တယ်နှစ်ပါးကို ပိုင်ဆိုင်ထားပြီ ဖြစ်သည့် ယွင်ရှောင်ဂိုဏ်းသည် အနက်ရောင်မြစ်တောင်ကြားကို အလွယ်တကူ အလွှတ်ပေးမည် မဟုတ်ချေ။
ထိုအချိန်သို့ရောက်လျှင် သူတို့ အနက်ရောင်မြစ်တောင်ကြားသည် အန္တရာယ် ထဲသို့ ကျရောက်သွားလိမ့်မည် မဟုတ်ပါလား။
“မိတ်ဆွေကွေ့မင်.. ငါ အခုချက်ချင်း ထျန်းလျှန်တောင်ကုန်းဆီကို သွားမယ်.. မင်း အဆင်သင့်ပြင်ထားလိုက်ပါ.. ငါထျန်းလျှန်တောင်ကုန်းကနေ ပြန်လာတဲ့နေ့က ယွင်ရှောင်ဂိုဏ်း ပျက်စီးမဲ့အချိန်ပဲ”
ရှချင်းလဲ့က အရှင်ကွေ့မင်ကို တစ်ချက် ကြည့်လိုက်ပြီးနောက်တွင် လျှပ်စီး အလင်းတန်း တစ်ခု အဖြစ်သို့ ပြောင်းလဲကာ ကောင်းကင်ယံ ထဲသို့ တိုးဝင်၍ ပျောက်ကွယ်သွားခဲ့သည်။
အနက်ရောင်မြစ်တောင်ကြား၏ အထက် ကောင်းကင်ယံတွင် ရှချင်းလဲ့၏ စကားသံသာ ပဲ့တင်ထပ်၍ ကျန်ရစ်ခဲ့တော့သည်။
ကျန်းချန်က ရှချင်းလဲ့ကို မောင်းထုတ်ပြီးနောက်တွင် သူ၏ စွမ်းအားများကို ဆက်လက် မြှင့်တင်ရန် အတွက် အချိန်မျှော်စင်ထဲသို့ ဝင်ရောက်ရန် ပြင်ဆင်လိုက်သည်။
အချိန်မျှော်စင်၏ ဒုတိယထပ်တွင်မူ ကျိယောင်သည် ဘိုးဘေးအဆင့်အတန်းသို့ သွေးမျိုးဆက် အသွင်ပြောင်းလဲခြင်း ဖြစ်စဥ်ထဲတွင် ရှိနေဆဲ ဖြစ်ပြီး အခြေအနေကို ကြည့်ရသည်မှာ ခဏတဖြုတ်နှင့် ပြီးဆုံးနိုင်မည့်ပုံ မပေါ်ပေ။
သို့သော်လည်း ကျိယောင်သာ ဘိုးဘေး အဆင့်အတန်းသို့ သွေးမျိုးဆက် အသွင်ပြောင်းလဲခြင်း ပြီးဆုံးသွားခဲ့လျှင် ကျိယောင်၏ ကျင့်ကြံခြင်း အဆင့်သည် ထပ်မံ မြင့်တက်လာလိမ့်မည် ဖြစ်ပြီး အနည်းဆုံး ထိုက်ယီအင်မော်တယ် အဆင့်ကို ထိုးဖောက်နိုင်လိမ့်မည်ဟု ကျန်းချန် သေချာပေါက် သိနေခဲ့သည်။
သို့သော်လည်း ဘိုးဘေး အဆင့်အတန်းသို့ သွေးမျိုးဆက်အသွင်ပြောင်းလဲခြင်း ဖြစ်စဥ် ပြီးဆုံးရန်အတွက် ကျိယောင်အနေဖြင့် အချိန်မျှော်စင်၏ ဒုတိယထပ်မှ အဆ ၁၀၀ အချိန်စီးဆင်းမှုနှုန်း ရှိနေခဲ့လျှင်ပင် အချိန်အတိုင်းအတာ တစ်ခု ယူရလိမ့်ဦးမည် ဖြစ်၏။
“ရှချင်းလဲ့က ဆုတ်ခွာသွားပေမဲ့ လွယ်လွယ်နဲ့ လက်လျှော့မှာမဟုတ်တာ သေချာတယ်.. ဒီထက် ပိုအားကောင်းတဲ့ ပြင်ဆင်မှုတွေနဲ့ သူမကြာခင် ပြန်လာဖို့များတယ်”
ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ် တဖျပ်ဖျပ်လက်သွားခဲ့သည်။
သူနှင့် အင်မော်တယ်ဘုရင် ရုပ်အလောင်းတို့ ထွက်ပေါ်ခဲ့ပြီဖြစ်၍ ယွင်ရှောင်ဂိုဏ်းတွင် ထိုက်ယီအဆင့် အင်မော်တယ်နှင့်ယှဥ်နိုင်သည့် ပုဂ္ဂိုလ် တစ်ပါးထက်မက ရှိနေမှန်း သိသွားကြပြီ ဖြစ်သည်။
ထို့ကြောင့် ရှချင်းလဲ့သာ ပြန်လာခဲ့မည် ဆိုလျှင် အနည်းဆုံး ထိုက်ယီအဆင့် အင်မော်တယ်နှစ်ပါးကို ခေါ်ဆောင်လာလိမ့်မည်ဟု သူ ခန့်မှန်းမိသည်။
သို့ရာတွင် ကျိယောင် အနေဖြင့် ရှချင်းလဲ့ ပြန်ရောက်မလာခင် ဘိုးဘေး အဆင့်အတန်းသို့ သွေးမျိုးဆက် အသွင်ပြောင်းလဲခြင်းကို ပြီးဆုံးအောင် လုပ်နိုင်ခဲ့မည် ဆိုလျှင် ယင်းအတွက် စိတ်ပူစရာ မရှိတော့ပေ။
ကျန်းချန်သည် သူ၏ မျှော်လင့်ချက်အားလုံးကို ကျိယောင်တစ်ယောက်တည်းအပေါ်တွင် ပုံအောမထားနိုင်ချေ။
သူက ရုတ်တရက် တစ်စုံတစ်ရာကို သတိရမိသွားပြီး အင်မော်တယ်ကျောက်တိုင်ကို ချက်ချင်း ထုတ်ယူလိုက်ကာ သူ၏ စိတ်အာရုံကို အင်မော်တယ်ကျောက်တိုင်ထဲမှ သီးခြားကမ္ဘာငယ်လေးထဲသို့ ပို့လွှတ်လိုက်သည်။
ထိုကမ္ဘာလေး၏ ဗဟိုချက်တွင် လျှို့ဝှက်ဆန်းကြယ်သော သံကြိုး နှစ်ချောင်းဖြင့် မြဲမြံစွာ ချည်နှောင်ခံထားရသည့် အနက်ရောင် ချပ်ဝတ်တန်ဆာဝတ် လူတစ်ယောက် ရှိနေခဲ့သည်။
“ကောင်လေး.. မင်းနောက်ဆုံးတော့ ရောက်လာပြီပေါ့”
ထိုသူမှာ အင်မော်တယ်ကျောက်တိုင်ဝိညာဥ်က သူ့ကို အကူအညီပေးကာ နှိမ်နင်းပေးခဲ့သည့် အရှင်ဇူရီ ဖြစ်သည်။
ကျန်းချန် ပေါ်လာသည်နှင့် တစ်ပြိုင်နက် မျက်လုံးမှိတ်ကာ တင်ပျဥ်ခွေထိုင်နေသော အရှင်ဇူရီသည် အဆုံးသတ်တွင် သူ၏ မျက်လုံးကို ဖြည်းညင်းစွာ ဖွင့်လိုက်သည်။
ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံး၍ ပြောလိုက်သည်။
“ခင်ဗျားရဲ့ အခြေအနေက ကျုပ်ထင်ထားတာထက် ပိုပြီးကောင်းမွန်နေပုံပဲ”
“ကောင်လေး ငါမင်းကို စောင့်နေတာ အတော်ကြာပြီ.. မင်းက ငါ့ကို ဒီနေရာမှာ ဖိနှိပ်ဖို့ အထွတ်အထိပ် မှော်လက်နက်ကို အသုံးပြုထားပေမဲ့လည်း မင်းငါ့ကို ဘာမှလုပ်လို့ မရပါဘူး”
အရှင်ဇူရီက တည်ငြိမ်စွာ ပြောလိုက်သည်။
“ပြောစမ်းပါ.. ငါ ဘယ်လိုလုပ်ပေးရင် မင်းငါ့ကို လွှတ်ပေးမှာလဲ”
ကျန်းချန်က အပိုစကားများ ပြောမနေတော့ဘဲ လက်ညှိုးတစ်ချောင်းကို ထောင်ပြလိုက်သည်။
“အပြင်ထွက်ချင်ရင် အရမ်းလွယ်ကူပါတယ်.. ငါ့အနားမှာနေပြီး ငါ့ကို နှစ်တစ်ရာ ခစားပေးရုံပါပဲ”
“ဒါက မဖြစ်နိုင်တာပဲ”
အရှင်ဇူရီက နှာခေါင်းရှုံ့ကာ အေးစက်စက် ပြောလိုက်သည်။
“တခြားတစ်ခုကို တောင်းဆိုစမ်းပါ”
“ဒါဆိုရင်လည်း ဒီနေရာမှာပဲ ဆက်ပြီး နေထိုင်သွားလိုက်ပေါ့”
ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။
သူ့ရှေ့မှ ကောင်လေးက ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ဦး ဖြစ်သော်လည်း သူကိုယ်တိုင်က ဟန်ယွင်အဆင့် အထွတ်အထိပ်တွင် ရှိခဲ့ဖူးသည့် ပြိုင်ဘက်ကင်း ကျင့်ကြံသူတစ်ဦး ဖြစ်ခဲ့ပြီး အင်မော်တယ်ဘုရင် အဆင့်ကို ရောက်ရန် ခြေတစ်လှမ်းမျှသာ လိုအပ်တော့သူ ဖြစ်ရာ ကျန်းချန်၏ တောင်းဆိုမှုကို မည်ကဲ့သို့ အလွယ်တကူ သဘောတူနိုင်ပါမည်နည်း။
“ခင်ဗျားအတွက်တော့ နှစ်တစ်ရာဆိုတာ လက်ဖျောက်တစ်ချက်တီးစာ အချိန်လေးပါပဲ.. ဒါ့အပြင် ခင်ဗျားအတွက် အရေးကြီးဆုံးက အင်မော်တယ်ဘုရင်အဆင့်ကို ထိုးဖောက်ဖို့ပဲ မဟုတ်လား”
ထိုစကားကိုကြားလျှင် အရှင်ဇူရီ၏ မျက်ဝန်းထဲတွင် တောက်ပသော အလင်းတန်းတစ်ခု ယှက်သန်းသွားခဲ့သည်။
“ကျုပ် ခင်ဗျားကို အင်မော်တယ်ဘုရင်အဆင့်ကို ထိုးဖောက်နိုင်မဲ့နည်လမ်း ရှာဖွေရာမှာ အကူအညီပေးမယ်”
“မင်းတကယ်ပြောတာလား”
“ကျုပ်က နာမည်ကျော် အကြွင်းမဲ့ဓားအင်မော်တယ်ဘုရင်နဲ့ ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်တို့နဲ့ ခွဲခြားလို့ မရတဲ့ ပတ်သက် ဆက်နွှယ်မှုရှိတယ်.. ခင်ဗျား ကျုပ်တောင်းဆိုတဲ့အခြေအနေကို သဘောတူသရွေ့တော့ ကျုပ်ခင်ဗျားကို ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်ဆီကို ခေါ်သွားပြီး အင်မော်တယ်ဘုရင် အဆင့်ကို ထိုးဖောက်နိုင်မဲ့ နည်းလမ်း ရှာဖွေပေးမယ်”
ကျန်းချန်က အရှင်ဇူရီကို စေ့စေ့ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။
အရှင်ဇူရီ၏ မျက်ဝန်းများက အနည်းငယ် ပြောင်းလဲသွားခဲ့ပြီး ရုတ်တရက် ခေါင်းမော့ကာ ပြောလိုက်သည်။
“ကောင်းပြီလေ ဒီအရှင်က မင်းတောင်းဆိုတဲ့ အခြေအနေတွေကို သဘောတူတယ်.. ဒီနေ့ကစပြီး ငါ မင်းဆီမှာ နှစ်တစ်ရာ အစေခံမယ်”
အခန်း(၂၉၃၄)ပြီး၏။