← Chapters

အခန်း (၂၉၃၅-၂၉၃၆)

Vol. 234 Ch. 2935-2936

အခန်း (၂၉၃၅-၂၉၃၆)

Vol. 234 Ch. 2935-2936

အခန်း(၂၉၃၅)

ခဏမျှ စဥ်းစားပြီးနောက်တွင် အရှင်ဇူရီသည် တွေဝေမနေတော့ဘဲ ချက်ချင်းပင် သဘောတူရန် ရွေးချယ်လိုက်သည်။

တစ်ချိန်က သူ၏ ကျင့်ကြံခြင်းအဆင့်သည် ဟန်ယွင်အထွတ်အထိပ် အဆင့်တွင် နှစ်ပေါင်းများစွာ ပိတ်မိနေခဲ့ခြင်းဖြစ်၏။

အင်မော်တယ်ဘုရင်အဆင့်ကို ထိုးဖောက်နိုင်ရန် အတွက် မရေမတွက်နိုင်သော အချိန်များစွာ ကုန်ဆုံးခဲ့ရသည်ဟုပင် ဆိုနိုင်သည်။

အဆုံးသတ်တွင် အရှင်ဇူရီသည် ထူးခြားသည့် လျှို့ဝှက်နည်းစနစ် တစ်ခုကို ရရှိခဲ့ပြီး ထိုလျှို့ဝှက်နည်းစနစ်ကို အသုံးပြုကာ အင်မော်တယ်ဘုရင်အဆင့်ကို အတင်းအကျပ်ထိုးဖောက်ရန် ကြိုးပမ်းခဲ့သည်။

သို့ရာတွင် မရေမတွက်နိုင်သော နှစ်ပေါင်းများစွာ အကွက်ချစီစဥ်ပြီး အဆုံးသတ်၌ ကျန်းချန်၏ လက်ချက်ဖြင့် ကျရှုံးသွားခဲ့ရသည်။

တကယ်တမ်းတွင် အရှင်ဇူရီသည် ထိုနေ့က ကျန်းချန် ပေါ်မလာခဲ့ဘဲ သူ၏ စီစဥ်မှုအားလုံး ချောမွေ့စွာ လည်ပတ်နိုင်ခဲ့လျှင်ပင် အင်မော်တယ်ဘုရင် အဆင့်ကို အောင်မြင်စွာ ထိုးဖောက်ရန် အခွင့်အရေးက ဆယ်ပုံတစ်ပုံအောက်သာ ရှိမှန်း ကောင်းစွာ သိထားခဲ့သည်။

ထို့ကြောင့် ကျန်းချန်က အင်မော်တယ်ဘုရင် အဆင့်ကို ထိုးဖောက်နိုင်မည့် နည်းလမ်းဖြင့် မြူဆွယ်လိုက်သောအခါတွင် အရှင်ဇူရီ စိတ်လှုပ်ရှားသွားခဲ့ခြင်းသာ။

ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်သည် ခရမ်းရောင်မီးလျှံ ကောင်းကင်နယ်မြေထဲမှ အင်မော်တယ်ဘုရင် အဆင့်အင်အားစုတစ်စု ဖြစ်ပြီး အတိတ်ကာလက ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင် အုပ်ချုပ်ခဲ့သည့် နေရာဖြစ်ရာ အင်မော်တယ် လောကတစ်ခုလုံးဖြင့် ကြည့်လျှင်ပင် လက်ချိုးရေတွက်၍ ရသည့် အင်မော်တယ်ဘုရင်အဆင့် အင်အားစုများထဲမှ တစ်စု ဖြစ်သည်။

အကယ်၍ သူ့အနေဖြင့် ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်ဆီ သွားခွင့်ရမည် ဆိုလျှင် ယင်းမှာ သူ့ကို အင်‌မော်တယ်ဘုရင် အဆင့်ကို ထိုးဖောက်နိုင်မည့် အခွင့်အလမ်း အမှန်တကယ် ပေးစွမ်းနိုင်ပေလိမ့်မည် မဟုတ်ပါလော။

သူ့လို နှစ်ပေါင်း မရေမတွက်နိုင်အောင် အသက်ရှင်သန်လာသော လူတစ်ယောက် အတွက်မူ နှစ်တစ်ရာ ဆိုသည်မှာ လက်ဖျောက် တစ်ချက်တီးစာ အချိန်လေးမျှသာ ဖြစ်သည်။

သူ့ရှေ့မှ ကျန်းချန်သည် ပြိုင်ဘက်ကင်း ပါရမီရှင်ဖြစ်ပြီး အင်မော်တယ်ဘုရင် အဆင့် လက်နက်ကိုပါ ပိုင်ဆိုင်ထားခဲ့သည်။

ဤကဲ့သို့ ပါရမီရှင်ကို နှစ်တစ်ရာ ခစားရန်မှာ အရှင်ဇူရီ အတွက် လက်မခံနိုင်စရာ အကြောင်း မဟုတ်ပေ။

အရှင်ဇူရီထံမှ သဘောတူညီမှုကို ရလျှင် ကျန်းချန်သည် အပိုစကားများ ပြောမနေတော့ဘဲ အင်မော်တယ်ကျောက်တိုင်ဝိညာဥ်ကို အရှင်ဇူရီ အပေါ်တွင် ချုပ်နှောင်ထားသည်များအား ဖယ်ရှားခိုင်းလိုက်ပြီး ပြုံး၍ ပြောလိုက်သည်။

“အရှင်ဇူရီ.. ခင်ဗျား အခု ကျုပ်နဲ့အတူ အပြင်ကို လိုက်ခဲ့လို့ရပြီ”

ကျန်းချန်က သူ့အပေါ် ချုပ်နှောင်မှုများအား ဖယ်ရှားလိုက်သည်အား မြင်လျှင် အရှင်ဇူရီက ပြုံး၍ တည်ငြိမ်စွာ ပြောလိုက်သည်။

“မင်း ငါ့ကို ဒီအတိုင်းလွှတ်ပေးလိုက်တာ ငါ ကတိဖျက်ပြီး ထွက်ပြေးသွားမှာ မကြောက်ဘူးလား”

ထိုစကားကိုကြားလျှင် ကျန်းချန်က ယုံကြည်မှုအပြည့်ဖြင့် ပြုံးကာ ပြောလိုက်သည်။

“ခင်ဗျား ဘာကိုလိုချင်လဲဆိုတာ ကျုပ်သိတယ်.. ခင်ဗျား အခု ကျုပ်ကို တိုက်ခိုက်လို့လည်း ဘာအကျိုးအမြတ်မှ ရမှာမဟုတ်ဘူးလေ”

“ဒီနေရာက ကျင့်ကြံဖို့ နေရာကောင်းတစ်ခုပဲ.. ငါလောလောဆယ်တော့ ဒီမှာပဲ နေဦးမယ်.. မင်းလိုအပ်တဲ့အချိန်ကျမှ ငါ့ကို ခေါ်လိုက်ပါ”

ထိုစကားကို ပြောပြီးနောက်တွင် အရှင်ဇူရီသည် ကျန်းချန်ကို ဂရုမစိုက်တော့ဘဲ မျက်လုံးမှိတ်ကာ ဆက်လက် ကျင့်ကြံနေလိုက်သည်။

ထိုစဥ်က အရှင်ဇူရီသည် သူ၏ ကျင့်ကြံခြင်းအဆင့်ကို သူ၏ အစီအစဥ်အတွက် ကြီးမားစွာ ပေးဆပ်ခဲ့ရခြင်း ဖြစ်၍ ယခုအခါ သူ၏ ကျင့်ကြံခြင်းအဆင့်သည် ဟန်ယွင်အဆင့်ကိုပင် ပြန်လည် မရောက်ရှိသေးပေ။

အရှင်ဇူရီသည် လက်ရှိတွင် သူက အထွတ်အထိပ် အင်မော်တယ် လက်နက်တစ်ခု ထဲတွင် ရောက်ရှိနေမှန်း ကောင်းစွာသိထားခဲ့သည်။

ထိုအင်မော်တယ်လက်နက်သည် အနည်းဆုံး အင်မော်တယ်ဘုရင်အဆင့် ဖြစ်နိုင်သည့် အလွန်တရာအစွမ်းထက်သော လက်နက် ဖြစ်၏။

ဤအင်မော်တယ်လက်နက်၏ ဝိညာဥ်သည် အလွန်ရှည်လျားသော အချိန်ကာလကတည်းက တည်ရှိခဲ့ခြင်း ဖြစ်၍ ဗဟုသုတ အရာတွင် အရှင်ဇူရီထက် ဆယ်ဆမက ပိုမိုကြွယ်ဝသည်။

ချုပ်နှောင်ခံထားရသည့် အတောအတွင်း အရှင်ဇူရီသည် လက်နက်ဝိညာဥ်နှင့် တစ်ခါတစ်ရံ စကားစမြည် ပြောဆိုဖြစ်ခဲ့ပြီး ထိုမှတစ်ဆင့် အကျိုးကျေးဇူး များစွာကို ရရှိခဲ့သည်။

ယခုအခါ ထိုကောင်လေး၏ နောက်ကို နှစ်တစ်ရာ လိုက်ရန် ဆုံးဖြတ်ခဲ့ပြီ ဖြစ်ရာ ဤနေရာမှာပင် ဆက်လက် ကျင့်ကြံနေလိုက်သည်က အကောင်းဆုံးပင် မဟုတ်ပါလော။

“ဒါဆိုရင်လည်း နောက်မှပဲ လာနှောင့်ယှက်တော့မယ်”

ကျန်းချန်က အရှင်ဇူရီကို လက်သီးဆုပ်၍ ဂါဝရပြုလိုက်ပြီးနောက်တွင် အရှင်ဇူရီ၏ ရှေ့ကနေ တိုက်ရိုက်ဆိုသလို ပျောက်ကွယ်သွားခဲ့သည်။

အရှင်ဇူရီကို သူ့အား ကူညီပေးရန် နားချနိုင်ခဲ့ပြီးနောက်တွင် ကျန်းချန်၏ စိတ်ထဲ၌ စိုးရိမ်ပူပန်မှု မရှိတော့ပေ။

တစ်ချိန်က အရှင်ဇူရီသည် ဟန်ယွင် အထွတ်အထိပ်အဆင့်တွင် ရှိခဲ့သည့် ပြိုင်ဘက်ကင်း အင်မော်တယ်တစ်ပါး ဖြစ်သည်။

သူက အင်မော်တယ်ဘုရင်အဆင့်ကို အတင်းအကျပ် ထိုးဖောက်ချင်သောကြောင့် ကြီးမားသော ပေးဆပ်မှုများ ပြုလုပ်ခဲ့ရ၍ ယခုအခါတွင် သူ၏ အထွတ်အထိပ်ကာလက စွမ်းရည်မျိုး ရှိမနေသည်ကတော့ အမှန်ပင်။

သို့တိုင် အရှင်ဇူရီသည် အင်မော်တယ်ဝိညာဥ် အပိုင်းအစလေးတစ်ခုမျှသာ ကျန်ရှိတော့သည့် အရှင်နှင်းမှုန်ထက် စာလျှင် အဆပေါင်းများစွာ ပိုမို အစွမ်းထက်နေဆဲ ဖြစ်၏။

ကျိရီ အင်မော်တယ် တောင်တန်းတွင် အရှင်ဇူရီသည် အလွန်အမင်း ကြောက်မက်ဖွယ်ရာကောင်းသော တိုက်ခိုက်ရေးစွမ်းရည်ကို ပြသခဲ့သည်။

အရှင်နှင်းမှုန်နှင့် အရှင်ထိုက်ယွမ်တို့ ပူးပေါင်းခဲ့သည့်တိုင် အရှင်ဇူရီ၏ ပြိုင်ဘက် မဖြစ်နိုင်ခဲ့ပေ။

ရှင်းလင်းစွာဆိုရလျှင် အရှင်ဇူရီသည် ယခုအခါတွင် ဟန်ယွင်အဆင့်ကျင့်ကြံသူ မဟုတ်သော်လည်း ဟန်ယွင်အဆင့်အောက်တွင် ပြိုင်ဘက်ကင်းလုနီးပါး ဖြစ်သည်။

အရှင်ဇူရီ ရှိနေသရွေ့ ရှချင်းလဲ့ နောက်တစ်ခေါက် ပြန်လာခဲ့မည်ဆိုလျှင်ပင် စိတ်ပူစရာအကြောင်း လုံးဝ မရှိတော့ပေ။

ကျန်ရှိနေသည့် အချိန်အတွင်း ကျန်းချန်သည် အချိန်မျှော်စင်၏ တတိယထပ်တွင် ဓားသိုင်းကို ဆက်လက်ဆင်ခြင်သုံးသပ်ကာ ကျင့်ကြံနေခဲ့သည်။

မကြာမီမှာပင် လဝက်ခန့်အချိန်သည် ကုန်လွန်သွားခဲ့သည်။

ယနေ့တွင်မူ အမြဲတစေ တည်ငြိမ်အေးချမ်းနေခဲ့သည့် ယွင်ရှောင်ဂိုဏ်း၏ အထက် ကောင်းကင်ယံတွင် ရုတ်တရက် ပြင်းထန်သော ဟင်းလင်းပြင်လှိုင်းဂယက် တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ချက်ချင်းဆိုသလိုပင် ထိုက်ယီအဆင့် ကြောက်မက်ဖွယ်ရာကောင်းသော အရှိန်အဝါသုံးခုသည် ကောင်းကင်ယံကနေ ထွက်ပေါ်လာခဲ့ပြီး ယွင်ရှောင်ဂိုဏ်း၏ အထက် ကောင်းကင်ယံတစ်ခုလုံးကို တစ်ခဏအတွင်း လွှမ်းခြုံသွားခဲ့သည်။

“နောက်ဆုံးတော့ ရောက်လာကြပြီပေါ့”

ယွင်ရှောင်ဂိုဏ်းထဲမှ အရှင်ယွင်ကန်းသည် ကောင်းကင်ယံကို လွှမ်းခြုံထားသည့် ကြောက်မက်ဖွယ် အရှိန်အဝါကို ခံစားမိလိုက်ပြီးနောက်တွင် သက်ပြင်းတစ်ချက်ကို အသာအယာချလိုက်သည်။

ထို့နောက်တွင် သူ၏ ပုံရိပ်သည် ယွင်ရှောင်ဂိုဏ်း၏ အထက်ကောင်းကင်ယံတွင် တိုက်ရိုက်ဆိုသလို ပေါ်ထွက်လာခဲ့၏။

သူ၏ အကြည့်က ဟင်းလင်းပြင်တွင် ဝင့်ကြွားစွာ ရပ်နေကြသည့် ပုံရိပ်သုံးခု အပေါ်သို့ တန်းတန်းမတ်မတ် ကျရောက်သွားခဲ့သည်။

ခေါင်းဆောင်လာသည့်သူမှာ မကြာသေးမီကမှ ယွင်ရှောင်ဂိုဏ်းဆီကနေ ဆုတ်ခွာသွားခဲ့သည့် ရှချင်းလဲ့ ဖြစ်သည်။

ရှချင်းလဲ့၏ နံဘေးတွင်မူ ထိုက်ယီအဆင့် အင်မော်တယ်နှစ်ပါး ရှိနေခဲ့၏။

ထိုနှစ်ယောက်မှာ အနက်ရောင်မြစ်တောင်ကြားမှ အရှင်ကွေ့မင်နှင့် ထျန်းလျှန်မျိုးနွယ်စုမှ အရှင်ထျန်းလျှန်တို့ ဖြစ်ကြသည်။

“ထိုက်ယီ အဆင့် အင်မော်တယ် သုံးပါးတောင်ပါလား”

အရှင်ယွင်ကန်း၏ မျက်နှာအမူအရာက တစ်ခဏအတွင်းမှာပင် ပိုမို လေးနက်သွားခဲ့သည်။

သူတို့ ယွင်ရှောင်ဂိုဏ်းကို ကိုင်တွယ်ရန်အတွက် ဤတစ်ခေါက်တွင် ရှချင်းလဲ့သည် အတော်လေး ရင်းနှီးထားပုံရသည်။

အရှင်ယွင်ကန်းက သက်ပြင်းတစ်ချက် ချလိုက်ပြီး တံခါးပိတ်ကျင့်ကြံနေသည့် ယွင်ရှောင်ဂိုဏ်း၏ ထိုက်ယီအဆင့် ဘိုးဘေးကို ဆင့်‌ခေါ်လိုက်သည်။

ယွင်ရှောင်ဂိုဏ်းထဲကနေ အပြာရောင် တာအိုဝတ်စုံကို ဝတ်ဆင်ထားပြီး ကလေးငယ်တစ်ယောက် ကဲ့သို့ မျက်နှာအသွင်အပြင်ရှိသော အဘိုးအိုတစ်ဦးသည် ရုတ်တရက် ဟင်းလင်းပြင်ကို နင်းလျှောက်လာခဲ့ပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် အရှင်ယွင်ကန်း၏ ရှေ့၌ ပေါ်လာခဲ့သည်။

ထိုအပြာရောင် တာအိုဝတ်စုံဝတ် အဘိုးအိုမှာ တခြားသူမဟုတ်ဘဲ ယွင်ရှောင်ဂိုဏ်း၏ ထိုက်ယီအဆင့်ဘိုးဘေး ဖြစ်သည့် အရှင်ချင်းယွင် ဖြစ်သည်။

ရှချင်းလဲ့က အရှင်ချင်းယွင်ကို မြင်လျှင် အေးစက်စက်ပြုံးကာ ပြောလိုက်သည်။

“အရှင်ချင်းယွင် ခင်ဗျား နောက်ဆုံးတော့ ထွက်လာပြီပေါ့”

အရှင်ချင်းယွင်က ရှချင်းလဲ့ကို ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။

“ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်က မိတ်ဆွေ.. ငါတို့ ယွင်ရှောင်ဂိုဏ်းက မင်းတို့ ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်နဲ့ ဘာပတ်သက်မှုမှ မရှိဖူးဘူး.. မိတ်ဆွေက ဘာလို့ ငါတို့ ယွင်ရှောင်ဂိုဏ်းကို ဇွတ်အတင်း တိုက်ခိုက်ချင်နေရတာလဲ”

“အရှင်ချင်းယွင်.. ငါ မင်းတို့ ယွင်ရှောင်ဂိုဏ်းကို အခွင့်အရေးပေးခဲ့ပြီးပြီ.. ဒါပေမဲ့ မင်းတို့ ကိုယ်တိုင်က အခွင့်အရေးကို တန်ဖိုးမထားခဲ့တာပဲ”

ရှချင်းလဲ့၏ ကိုယ်ပေါ်တွင် လူသတ်ငွေ့များ ပြည့်နှက်နေခဲ့သည်။

“မင်းတို့က ကိုယ့်သေတွင်းကိုယ် တူးချင်နေမှတော့ ငါ ဒီနေ့ မင်းတို့ ဆန္ဒကို ဖြည့်ဆည်းပေးမယ်”

အရှင်ချင်းယွင်က ရှချင်းလဲ့ ဆီကနေ သူ၏အကြည့်ကို ခွာလိုက်ပြီး အရှင်ကွေ့မင်နှင့် အရှင်ထျန်းလျှန်တို့ ဆီသို့ အကြည့်လွှဲလိုက်သည်။

“အရှင်ကွေ့မင်နဲ့ အရှင်ထျန်းလျှန်.. မင်းတို့တွေ ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်နဲ့ ပူးပေါင်းတာက ကျားဆီကနေ သားရေသွားတောင်းတာနဲ့ အတူတူပဲ.. ဒီနေ့ ငါတို့ ယွင်ရှောင်ဂိုဏ်း ပျက်စီးသွားခဲ့ရင်တောင်မှ မင်းတို့အတွက်လည်း ဘာကောင်းကျိုးမှ ခံစားရမှာ မဟုတ်ဘူး”

ထိုစကားကိုကြားလျှင် အရှင်ကွေ့မင်က နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။

“အဘိုးကြီးချင်းယွင်.. ငါတို့ အနက်ရောင်မြစ်တောင်ကြားနဲ့ပတ်သက်ပြီး မင်း ဘာမှ စိုးရိမ်ပေးနေစရာမလိုဘူး.. ဘယ်လိုပဲဖြစ်ဖြစ် ဒီနေ့ မင်းတို့ ယွင်ရှောင်ဂိုဏ်းကတော့ မဖြစ်မနေ ပျက်စီးရမှာပဲ”

“သေချာလို့လား.. မင်းတို့ ယွင်ရှောင်ဂိုဏ်းကို ဖျက်ဆီးချင်တယ်ဆိုရင် ငါ သဘောတူ မတူ အရင်မေးရလိမ့်မယ်”

အရှင်ကွေ့မင်၏ စကားအဆုံးသတ်သည်နှင့် တစ်ပြိုင်နက် ကျန်းချန်ကလည်း အင်မော်တယ်ဘုရင် ရုပ်အလောင်းကို ခေါ်ဆောင်ကာ ဟင်းလင်းပြင် ဆီကို လှမ်းတက်လာခဲ့သည်။

သူ၏ အေးစက်စက် စကားသံသည် ပတ်ဝန်းကျင်တွင် တစ်ခဏအတွင်း ပဲ့တင်ထပ်သွားခဲ့၏။

ဟင်းလင်းပြင်ထဲကို တက်လှမ်းလာသည့် အနက်ရောင်ဝတ်စုံဝတ် လူငယ်လေးကို မြင်လျှင် အရှင်ကွေ့မင်၏ မျက်ဝန်းများသည် အလိုအလျောက် ကျဥ်းမြောင်းသွားခဲ့သည်။

သံသယဝင်စရာ မလိုလောက်အောင်ပင် သူ့ရှေ့မှ အနက်ရောင်ဝတ်စုံဝတ်လူငယ်သည် ရှချင်းလဲ့ သူ့ကို ပြောပြခဲ့သည့် တလော့အဆင့် ပါရမီရှင်ဖြစ်ပြီး ထိုကောင်လေး၏ နံဘေးမှ ရုပ်သေးရုပ်ကလည်း တိုက်ခိုက်ရေးစွမ်းရည်အရ ထိုက်ယီအဆင့် အင်မော်တယ်ထက်ပင် မနိမ့်ကျသည့် အစွမ်းထက် ရုပ်သေးရုပ် ဆိုသည်မှာ သေချာသလောက်ပင်။

အခန်း(၂၉၃၅)ပြီး၏။

အခန်း(၂၉၃၆)

“မိတ်ဆွေလေးကျန်းချန် မင်းရောက်လာပြီပဲ”

သူ၏ နံဘေးတွင်ပေါ်လာသည့် ကျန်းချန်ကို မြင်လျှင် အရှင်ယွင်ကန်းသည် အနည်းငယ် စိတ်သက်သာရာရသွားခဲ့သည်။

ယနေ့တွင် ရှချင်းလဲ့သည် အခြား ထိုက်ယီအဆင့် အင်မော်တယ် နှစ်ပါးနှင့်အတူ ရောက်ရှိလာခြင်းဖြစ်၍ ယွင်ရှောင်ဂိုဏ်း၏ အင်အားဖြင့် သူတို့ကို ယှဥ်ပြိုင်ရန် ဆိုသည်မှာ အလွန်တရာ ခက်ခဲသည်။

ယင်းအပြင် ကျန်းချန်သည် ပြိုင်ဘက်ကင်း တိုက်ခိုက်ရေးစွမ်းရည် ရှိရုံတင်မကဘဲ ထိုက်ယီ အင်မော်တယ်ကိုပင် တုန်လှုပ်စေနိုင်သော ကြောက်မက်ဖွယ် စွမ်းအားလည်း ရှိနေခဲ့ပြီး နံဘေးတွင်လည်း ထိုက်ယီအင်မော်တယ် အဆင့်နှင့် ယှဥ်နိုင်သည့် ရုပ်သေးရုပ် တစ်ရုပ် ရှိနေခဲ့၏။

ဆိုရလျှင် ကျန်းချန်၏ အကူအညီကို ရရှိမှသာ သူတို့ ယွင်ရှောင်ဂိုဏ်းအနေဖြင့် ရှချင်းလဲ့တို့ကို ယှဥ်ပြိုင်ရန် အရည်အချင်းရှိလာပေလိမ့်မည်။

“မင်းတို့နှစ်ယောက် ဘယ်လိုပဲဖြစ်ဖြစ် လက်ဦးမှုယူပြီး အမြန်ဆုံး အဆုံးသတ်ဖို့ ပြင်ဆင်ထားကြ”

သူ၏ မြင်ကွင်းထဲတွင် ပေါ်လာသည့် ကျန်းချန်ကို မြင်လျှင် ရှချင်းလဲ့၏ မျက်ဝန်းထဲတွင် အေးစက်သော အလင်းတန်းတစ်ခု ယှက်သန်းသွားခဲ့သည်။

“ငါ အဲဒီကောင်လေးနဲ့ သူ့ဘေးက ရုပ်သေးရုပ်ကို ထိန်းထားမယ်.. ကွေ့မင် မင်းက အရှင်ချင်းယွင်ကို ကိုင်တွယ်လိုက်.. ကျန်တဲ့လူတွေကိုတော့ အရှင်ထျန်းလျှန် ဆီကိုပဲ လွှဲထားလိုက်တော့မယ်”

စကားဆုံးသည်နှင့် ရှချင်းလဲ့၏ ပုံရိပ်သည် မျက်တောင်တစ်ခတ်အတွင်းမှာပင် ကျန်းချန် ရှေ့၌ ပေါ်လာခဲ့သည်။

“ကောင်လေး.. မင်းရဲ့နောက်ခံအင်အားက သာမန်မဟုတ်ဘူးဆိုတာ ငါသိတယ်.. ဒါပေမဲ့ ယွင်ရှောင်ဂိုဏ်းလို သာမန်ထိုက်ယီအဆင့် ဂိုဏ်းငယ်လေး တစ်ခုအတွက်နဲ့ ငါတို့ ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်ရဲ ရန်သူဖြစ်ဖို့ ရွေးချယ်တာက ဥာဏ်ရှိရာမကျဘူး.. မင်းအခုနေ ထွက်သွားမယ်ဆိုရင် အချိန်မီပါသေးတယ်”

ကျန်းချန်က တည်ငြိမ်စွာသာ ပြုံးလိုက်ပြီး လက်ဖဝါးထဲတွင် ဓားကျိုးတစ်လက် ပေါ်လာခဲ့သည်။

“အပိုစကားတွေ ပြောမနေနဲ့တော့.. ခင်ဗျား ယွင်ရှောင်ဂိုဏ်းကို ဖျက်ဆီးချင်တယ် ဆိုရင် ခင်ဗျားမှာ အဲဒီလို အရည်အချင်းရှိ မရှိ အရင်ကြည့်ရတာပေါ့”

“မင်းက ငါ မင်းကို ကြောက်နေတယ်လို့ ထင်နေတာလား”

စကားဆုံးသည်နှင့် ရှချင်းလဲ့၏ ခန္ဓာကိုယ်ကနေ ထိုက်ယီအဆင့် အင်မော်တယ်စွမ်းအားများ ထွက်ပေါ်လာခဲ့ပြီး ဟင်းလင်းပြင် မိုင်ပေါင်းထောင်ချီ ဧရိယာကို လွှမ်းခြုံသွားခဲ့သည်။

“ဝုန်း..”

ကျယ်လောင်သော ပေါက်ကွဲသံတစ်သံနှင့် အတူ မိုးကြိုးမုန်တိုင်းတစ်ခုသည် ကောင်းကင်ယံကနေ ကျဆင်းလာခဲ့ကာ ကျန်းချန်၏ ဦးခေါင်းအထက်တွင် တစ်ခဏအတွင်း မိုးကြိုးငရဲဘုံ အဖြစ် ပြောင်းလဲသွားခဲ့သည်။

ကျန်းချန်က ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် အင်မော်တယ်ဘုရင် ရုပ်အလောင်းကောင်ကို တိုက်ရိုက်ဆိုသလို ထိန်းချုပ်လိုက်ပြီး သူ၏ ဦးခေါင်းအထက်က မိုးကြိုးငရဲဘုံကို လက်သီးချက်ဖြင့် ရိုက်ခွဲပစ်လိုက်သည်။

အင်မော်တယ်ဘုရင်ရုပ်အ‌လောင်းသည် မိုးကြိုးငရဲဘုံကို လက်သီးတစ်ချက်တည်းဖြင့် ရိုက်ခွဲပစ်လိုက်ပြီးနောက်တွင် တုံ့ဆိုင်းနေခြင်းမရှိဘဲ ကြောက်မက်ဖွယ် လက်သီးချက်ဖြင့် ရှချင်းလဲ့ကို ထိုးနှက်လိုက်သည်။

ရှချင်းလဲ့က လက်ဟန်များကို ပြုလုပ်လိုက်ရာ အပြာရောင်မိုးကြိုးဒိုင်း တစ်ခုသည် သူ၏ ရှေ့တွင် ပေါ်ပေါက်လာခဲ့ပြီး အင်မော်တယ်ဘုရင် ရုပ်အလောင်းကောင်၏ လက်သီးချက်ကို တားဆီးလိုက်သည်။

“ဝုန်း..”

တုန်လှုပ်ချောက်ချားဖွယ် ပေါက်ကွဲသံက ကမ္ဘာမြေပြင်အနှံ့ တစ်ခဏအတွင်း ပျံ့နှံ့သွားခဲ့သည်။

ရှချင်းလဲ့၏ မိုးကြိုးဒိုင်းသည် အင်‌မော်တယ်ဘုရင် ရုပ်အလောင်း၏ လက်သီးချက်ကို တားဆီးနိုင်ခဲ့သော်လည်း ရှချင်းလဲ့၏ ခန္ဓာကိုယ် တစ်ခုလုံးကမူ ထိုကြောက်မက်ဖွယ်စွမ်းအားကြောင့် ပေပေါင်း ရာဂဏန်းခန့် အကွာအဝေးအထိ လွင့်စင်သွားခဲ့သည်။

သူက ခန္ဓာကိုယ်ဟန်ချက်ကို တည်ငြိမ်အောင် ထိန်းချုပ်လိုက်ရုံ ရှိနေသေးသည့် အချိန်မှာပင် အင်‌မော်တယ်ဘုရင် ရုပ်အလောင်းသည် သူ့နောက်သို့ အရိပ်ပမာ ထက်ကြပ်မကွာ လိုက်ပါလာခဲ့ပြီး နောက်ထပ် လက်သီးချက် တစ်ချက်ကို ထပ်မံ ထိုးနှက်လိုက်သည်။

တစ်ခဏအတွင်း ရှချင်းလဲ့သည် အင်‌မော်တယ်ဘုရင်ရုပ်အလောင်း၏ ပြင်းထန်သော တိုက်ခိုက်မှုအောက်တွင် လုံးဝနီးပါး ဖိနှိပ်ခြင်း ခံလိုက်ရသည်။

ဤမြင်ကွင်းကိုမြင်လျှင် ကျန်းချန်သည် အင်‌မော်တယ်ဘုရင် ရုပ်အလောင်းနှင့် ရှချင်းလဲ့တို့ ကြားမှ တိုက်ပွဲကို လျစ်လျူရှုလိုက်ကာ အရှင်ထျန်းလျှန် ရှေ့သို့ မျက်တောင်တစ်ခတ်အတွင်း ပေါ်လာခဲ့သည်။

အရှင်ထျန်းလျှန်၏ နီရဲနေသော မျက်ဝန်းများက အနည်းငယ်ကျဥ်းမြောင်းသွားခဲ့သည်။

“ကောင်လေး မင်း ငါ့ကို တားချင်တာလား”

“တားဖို့မဟုတ်ဘူး.. ခင်ဗျားကို သတ်ဖို့”

ကျန်းချန်က အရှင်ထျန်းလျှန်ကို တည်ငြိမ်စွာ စိုက်ကြည့်၍ ပြောလိုက်သည်။

“ခင်ဗျား အခုနေ ထွက်သွားမယ်ဆိုရင် အချိန်မီသေးတယ်.. မဟုတ်ရင်တော့ ယွင်ရှောင်ဂိုဏ်းက ခင်ဗျား ခေါင်းချတဲ့ နေရာ ဖြစ်လာလိမ့်မယ်”

“ဟမ့် မင်းက လေလုံးထွားလှချည်လား.. မင်းငါ့ကို ဘယ်လိုသတ်မလဲဆိုတာ ငါကြည့်ချင်သေးတယ်”

အရှင်ထျန်းလျှန်က နှာ‌ခေါင်းရှုံ့ကာ လှောင်ပြုံး ပြုံးလိုက်ပြီး ချက်ချင်းဆိုသလို ကြောက်မက်ဖွယ်ရာကောင်းသော ထိုက်ယီအင်မော်တယ် အရှိန်အဝါဖြင့် ကျန်းချန်ကို ဖိနှိပ်လိုက်သည်။

အရှင်ထျန်းလျှန်၏ အရှိန်အဝါ ဖိအားနှင့် ရင်ဆိုင်ရသော်လည်း ကျန်းချန်၏ အမူအရာက အလွန်တရာ တည်ငြိမ်နေခဲ့သည်။

ထိုခဏဝယ် ဓားကျိုးထံကနေ ကြောက်မက်ဖွယ်အရှိန်အဝါသည် ကောင်းကင်နှင့်မြေပြင်အနှံ့ တစ်ခဏအတွင်း ပြည့်နှက်သွားခဲ့ပြီး အရှင်ထျန်းလျှန်၏ ထိုက်ယီအင်မော်တယ်အရှိန်အဝါကို ချေမှုန်းပစ်လိုက်သည်။

“မင်းက အစွမ်းအစ အနည်းငယ်တော့ရှိသားပဲ.. ဒါပေမဲ့ င့ါရှေ့မှာ မရိုမသေ လာလုပ်ချင်တယ်ဆိုရင်တော့ မင်းမှာ အဲလိုအရည်အချင်း မရှိသေးဘူး”

အရှင်ထျန်းလျှန်က အေးစက်စက် ပြုံးလိုက်ပြီး ချက်ချင်းဆိုသလိုပင် သူ၏ လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ရာ ဟင်းလင်းပြင်ထဲတွင် ဧရာမ ရွှေရောင်လက်ဖဝါးတစ်ဖက် ထွက်ပေါ်လာခဲ့ပြီး ကျန်းချန်ဆီသို့ တန်းတန်းမတ်မတ် ဦးတည်လာခဲ့သည်။

ကျန်းချန်က တည်ငြိမ်စွာပင် အင်‌မော်တယ်ဖျက်ဆီးခြင်းဓားသိုင်းကို တစ်ကွက်ပြီးတစ်ကွက် ထုတ်သုံးကာ ဧရာမရွှေရောင်လက်ဖဝါးကို ခုတ်ပိုင်းလိုက်သည်။

“ဝုန်း..ဝုန်း..”

သို့သော်လည်း ကျန်းချန်၏ အင်‌မော်တယ်ဖျက်ဆီးခြင်းဓားကွက်များသည် ရွှေရောင်လက်ဖဝါးကြီးကို မချေမှုန်းနိုင်ခဲ့ဘဲ အဟောသိကံ ဖြစ်သွားခဲ့ရသည်။

အဆုံးသတ်တွင် ကျန်းချန်သည် ရွှေရောင်လက်ဖဝါး၏ ရိုက်ချက်ကို ခံလိုက်ရပြီး ပေပေါင်းရာဂဏန်းခန့် အထိ နောက်သို့ လွင့်စင်သွားခဲ့သည်။

ကျန်းချန်က သူ၏ ခန္ဓာကိုယ် ဟန်ချက်ကို ထိန်းချုပ်လိုက်ပြီးနောက်တွင် ဆန့်ကျင်ဘက်မှ ဝင့်ကြွားစွာရပ်နေသည့် အရှင်ထျန်းလျှန်ကို ကြည့်လိုက်သည်။

သူ၏ မျက်နှာက ယခင်ထက် ပို၍ လေးနက်သွားခဲ့၏။

တလော့အဆင့်တွင် အဆင့်ငယ်တစ်ဆင့် ကွာခြားလျှင်ပင် စွမ်းအား ကွာခြားချက်သည် မိုးနှင့်မြေလို ကွာခြားသည်။

ကျန်းချန်က ကောင်းကင်ကိုပင် ဆန့်ကျင်နေသော ပါရမီရှိနေလျှင်ပင် တလော့အဆင့်ဖြင့် ထိုက်ယီအင်မော်တယ် တစ်ပါးကို ယှဥ်ပြိုင်ရန် ဆိုသည်မှာ ဘယ်လိုမှ လွယ်ကူသောကိစ္စ တစ်ခုမဟုတ်ပေ။

“ကောင်လေး မင်းက တလော့အင်မော်တယ် အစောပိုင်းအဆင့်နဲ့ ငါ့ရဲ့တိုက်ခိုက်မှုကို ဒီအခြေအနေအထိ ခုခံနိုင်တယ်ဆိုတော့ အံ့ဩစရာပဲ.. ဒါပေမဲ့ မင်းရဲ့လုပ်နိုင်စွမ်းက ဒီလောက်ပါပဲ”

အရှင်ထျန်းလျှန်က အေးစက်စက် ရေရွတ်လိုက်သည်။

ထို့နောက်တွင် သူက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ရာ အရပ်မျက်နှာအနှံ့မှ အင်မော်တယ်စွမ်းအင် အဆီအနှစ်များသည် သူ၏ရှေ့တွင် ငွေရောင်ဝံပုလွေကြီး တစ်ကောင်အဖြစ် တစ်ခဏအတွင်း ပြောင်းလဲသွားခဲ့သည်။

အရှင်ထျန်းလျှန်က လက်သီးချက် တစ်ချက်ကို ထိုးနှက်လိုက်ရာ ထိုငွေရောင် ဝံပုလွေကြီးသည် ဥက္ကာခဲ တစ်ခုနှယ် ဟင်းလင်းပြင်ကို ဖြတ်သန်းသွားခဲ့ပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် ကျန်းချန်၏ ရှေ့၌ ပေါ်လာခဲ့သည်။

“ဓားတစ်ချက်တည်းနဲ့ လောကကို အပိုင်းပိုင်း ပြတ်စေမယ်”

ကျန်းချန်က သူ၏ ခန္ဓာကိုယ်ထဲမှ စွမ်းအားများကို အစွမ်းကုန်လှုံ့ဆော်လိုက်ပြီး ဧကရာဇ်အဆင့် ဓားကွက်ကို ထုတ်ဖော်လိုက်သည်။

တုန်လှုပ်ချောက်ချားဖွယ် ဓားချက်သည် ဟင်းလင်းပြင်ကို ပိုင်းဖြတ်သွားခဲ့ပြီး ကမ္ဘာလောကသစ် တစ်ခုကို ပေါ်ထွက်စေခဲ့ကာ ပြေးဝင်လာသည့် ငွေရောင်ဝံပုလွေကို ထိုကမ္ဘာလောကထဲသို့ ပျောက်ကွယ်သွားစေခဲ့သည်။

“ဘယ်လောက်တောင် အစွမ်းထက်လိုက်တဲ့ အချိန်နဲ့ဟင်းလင်းပြင်သိုင်းကွက်လဲ.. ဒါပေမဲ့ မင်းဒီလို အဆင့်မြင့်သိုင်းကွက်မျိုးကို ဘယ်နှစ်ကြိမ်လောက်ဆက်ပြီး ထုတ်သုံးနိုင်ဦးမလဲဆိုတာ ဒီအရှင် ကြည့်ချင်သေးတယ်”

အရှင်ထျန်းလျှန်က ရုတ်တရက် မျက်မှောင်ကြုတ်ကာ ရေရွတ်လိုက်သည်။

ထို့နောက်တွင် သူ၏ ခန္ဓာကိုယ်က နှစ်ဆမျှ ကြီးမားလာခဲ့၏။

သူ၏ ကျောဘက်တွင် ကောင်းကင်ဝံပုလွေ ပုံရိပ်ယောင်ပေါ်ထွက်လာခဲ့ပြီး သူ၏ ခန္ဓာကိုယ်ကနေ ပိုမိုအစွမ်းထက်သည့် အရှိန်အဝါတစ်ခုသည် တစ်ခဏအတွင်း ထွက်ပေါ်လာခဲ့၏။

“ဝံပုလွေမျိုးနွယ်ရဲ့ သွေးမျိုးဆက်လား”

တစ်ခဏအတွင်း အရှိန်အဝါ ပိုမို အစွမ်းထက်လာသည့် အရှင်ထျန်းလျှန်ကို ကြည့်ကာ ကျန်းချန် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။

ထျန်းလျှန်မျိုးနွယ်စု၏ ဘိုးဘေးသည် အင်မော်တယ်ဘုရင်အဆင့် စွမ်းအားရှိသည့် သားရဲတစ်ကောင် ဖြစ်သည်။

ယင်းကြောင့် သူ့ရှေ့မှ အရှင်ထျန်းလျှန်တွင် ဆန်းကြယ်သောသွေးမျိုးဆက် ရှိနေပုံ ရသည်။

ယခုအခါတွင် အရှင်ထျန်းလျှန်သည် သူ၏ စွမ်းအားများကို အစွမ်းကုန် ထုတ်သုံးလိုက်ပြီ ဖြစ်ရာ ထိုက်ယီ အင်မော်တယ် အစောပိုင်းအဆင့်တွင် ရှိသည့် သာမန် ထိုက်ယီ အင်မော်တယ်များပင်လျှင် ကိုင်တွယ်ရ လွယ်ကူတော့မည် မဟုတ်ပေ။

“ခင်ဗျားပြောတာမှန်တယ်.. ကျုပ် ဒီလို အစွမ်းထက်သိုင်းကွက်ကို အကြိမ်အများကြီး ထုတ်မသုံးနိုင်ဘူး.. ဒါ့အပြင် ဒီသိုင်းကွက်ကို ဆက်လက် ထုတ်သုံးဖို့လည်း ကျုပ်မှာ အစီအစဥ် မရှိဘူး”

ကျန်းချန်က အရှင်ထျန်းလျှန်ကို ကြည့်လိုက်သည်။

သူ၏ နှုတ်ခမ်းထောင့်တွင် ခပ်ယဲ့ယဲ့ အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့၏။

“ကျုပ် ခင်ဗျားနဲ့ဆက်ပြီး ကစားဖို့ ဆန္ဒမရှိတော့ဘူး”

ထိုစကားကို ပြောပြီးသည်နှင့် ကျန်းချန်သည် အတွေးတစ်ချက်ဖြင့်ပင် အင်မော်တယ်ကျောက်တိုင်ကို သူ၏ လက်ဖဝါးထဲတွင် ပေါ်ထွက်လာစေခဲ့သည်။

နောက်ထပ် တစ်ခဏတွင် အင်မော်တယ်ကျောက်တိုင်အထက်၌ ဟင်းလင်းပြင် လှိုင်းဂယက်တစ်ခု ရုတ်တရက် ဖြစ်ပေါ်လာခဲ့၏။

ချက်ချင်းဆိုသလိုပင် ပူလောင်သော အရှိန်အဝါများကို ထုတ်လွှတ်နေသည့် အနက်ရောင်အလင်းတန်းတစ်ခုသည် အင်မော်တယ်ကျောက်တိုင်ထဲကနေ ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး ကျန်းချန်၏ ရှေ့တွင် အနက်ရောင်မီးလျှံများ လွှမ်းခြုံနေသည့် အနက်ရောင်သံချပ်ဝတ် ပုံရိပ်တစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ထိုအနက်ရောင်သံချပ်ဝတ် ပုံရိပ် ပေါ်လာသည်နှင့် တစ်ပြိုင်နက် ကမ္ဘာပေါ်ရှိ သက်ရှိအားလုံးကို အသက်ရှူရကြပ်သွားစေနိုင်သည့် အရှိန်အဝါတစ်ခုသည် ပတ်ဝန်းကျင်တွင် တစ်ခဏအတွင်း ပြည့်နှက်သွားခဲ့သည်။

တစ်ချိန်တည်းမှာပင် ထိုက်ယီ အင်မော်တယ် တစ်ပါး ဖြစ်သည့် အရှင်ထျန်းလျှန်၏ မျက်နှာအမူအရာက လုံးဝ ပြောင်းလဲသွားခဲ့သည်။

အခန်း(၂၉၃၆)ပြီး၏။

All Chapters