အခန်း (၂၉၃၇-၂၉၃၈)
Vol. 234 Ch. 2937-2938
အခန်း(၂၉၃၇)
“မင်း ဘယ်သူလဲ”
အရှင်ထျန်းလျှန်က လေးနက်သောအမူအရာဖြင့် အရှင်ဇူရီကို စိုက်ကြည့်ကာ မေးလိုက်သည်။
သူ့ရှေ့တွင် ရုတ်တရက်ပေါ်လာသည့် အနက်ရောင်သံချပ်ဝတ်စုံဝတ်ပုံရိပ်၏ အရှိန်အဝါသည် အတိုင်းအဆမရှိ နက်ရှိင်းပြီး သူကိုယ်တိုင် ပင်လျှင် ထွင်းဖောက်မြင်နိုင်ရန် ခက်ခဲနေခဲ့ကာ ထိုသူ၏ ခန္ဓာကိုယ်ကနေ အလွန်အန္တရာယ်များသည့် အရှိန်အဝါ တစ်ခုကိုပင် ခံစားနေခဲ့ရသည်။
ဤအနက်ရောင်သံချပ်ဝတ်စုံဝတ် လူ၏ ကျင့်ကြံခြင်းအဆင့်သည် အနည်းဆုံး ထိုက်ယီ အထွတ်အထိပ် အဆင့်သို့ ရောက်ရှိနေရန် ဖြစ်နိုင်ခြေ အလွန်များသည်ဟု အရှင်ထျန်းလျှန် ခန့်မှန်းမိသည်။
“ငါက အရှင်ဇူရီပဲ”
အရှင်ဇူရီက လက်နှစ်ဖက်ကို ဟန်ပါပါ နောက်ပစ်ကာ ဝင့်ကြွားစွာ ရပ်နေရင်း အရှင်ထျန်းလျှန်ကို စေ့စေ့ကြည့်၍ ပြောလိုက်သည်။
“ဝံပုလွေငယ်လေး.. မင်းအေးအေးဆေးဆေးပဲ အညံ့ခံမလား ဒါမှမဟုတ် ငါကိုယ်တိုင် လက်ပါတာကို လိုချင်လား”
“ဟမ့် လေလုံးထွားလှချည်လား”
အရှင်ထျန်းလျှန်က ဒေါသတကြီး ရေရွတ်လိုက်သည်။
သူ၏ ကျင့်ကြံခြင်းအဆင့်သည် ထိုက်ယီအင်မော်တယ် အစောပိုင်းအဆင့်သာ ဖြစ်သော်လည်း သူက ကောင်းကင်ဝံပုလွေ၏ သွေးမျိုးဆက်ရှိသည့် ထျန်းလျှန် မျိုးနွယ်စုဝင် တစ်ဦး ဖြစ်၍ တိုက်ခိုက်ရေးစွမ်းရည်ကမူ သာမန် ထိုက်ယီအင်မော်တယ် အစောပိုင်းအဆင့် ကျင့်ကြံသူများထက် ပိုမို မြင့်မားသည်။
သူ့ရှေ့မှ လူ၏ စွမ်းအားက သူ့ထက် ပိုမို မြင့်မားနေလျှင်ပင် သူ့အနေဖြင့် အလွယ်တကူ အညံ့ခံရန်မှာ ဘယ်လိုမှ မဖြစ်နိုင်ပေ။
စကားဆုံးသည်နှင့် အရှင်ထျန်းလျှန်သည် လက်ဦးမှုယူပြီး အရှင်ဇူရီကို လက်သီး တစ်လုံး ပစ်သွင်းလိုက်သည်။
အရှင်ထျန်းလျှန်က ကောင်းကင်ဝံပုလွေ၏ သွေးမျိုးဆက်စွမ်းအားကို လှုံ့ဆော်ကာ သူ၏ လက်သီးချက်တွင် ထည့်သွင်းလိုက်သည်။
ကြောက်မက်ဖွယ် လက်သီးအလင်းသည် ကောင်းကင်ယံကို ဖြတ်သန်းသွားခဲ့ပြီး သွေးရောင်အလင်းတန်း တစ်ခုလို ဖြစ်နေခဲ့ကာ အရှင်ဇူရီ ဆီသို့ တန်းတန်းမတ်မတ် ဦးတည်လာခဲ့သည်။
သို့ရာတွင် အရှင်ထျန်းလျှန်၏ တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရသော်လည်း အရှင်ဇူရီသည် အေးအေးဆေးဆေးပင် တည်ငြိမ်နေခဲ့သည်။
သူက လက်သီးတစ်ချက်ကို အသာအယာ ထုတ်ဖော်လိုက်ကာ အရှင်ထျန်းလျှန်၏ လက်သီးချက်ကို အလွယ်တကူပင် ဖြိုခွင်းပစ်လိုက်သည်။
ထို့နောက်တွင် ချက်ချင်းဆိုသလိုပင် အရှင်ဇူရီသည် လက်ဟန်များကို လျင်မြန်စွာ ပြုလုပ်လိုက်ရာ အနက်ရောင်မီးလျှံများဖြင့် ဖွဲ့စည်းထားသည့် ဧရာမ လက်ဖဝါး တစ်ဖက်သည် ကောင်းကင်ယံတွင် ဖြစ်ပေါ်လာခဲ့ပြီး အရှင်ထျန်းလျှန်ကို လွှမ်းခြုံသွားခဲ့ကာ အရှင်ထျန်းလျှန်၏ ဦးခေါင်းအထက်ရှိ ကျယ်ပြောသော ဟင်းလင်းပြင်ကို တစ်ခဏအတွင်း ဘာမှမကျန်ရှိသည့် အခြေအနေအထိ ရောက်ရှိသွားစေခဲ့သည်။
ဤအခိုက်အတန့်တွင် အရှင်ထျန်းလျှန်၏ ဦးခေါင်းအထက်ရှိ ကောင်းကင်ယံ တစ်ခုလုံးတွင် အနက်ရောင်မီးလျှံများဖြင့် ပြည့်နှက်နေခဲ့ပြီး ယင်းအနက်ရောင်မီးလျှံက အလွန်ပင် အန္တရာယ်များသည်ဟု အရှင်ထျန်းလျှန် ခံစားခဲ့ရသည်။
“ဒီလူရဲ့ စွမ်းအားက ဘာလို့ ဒီလောက်တောင် ကြောက်ဖို့ ကောင်းနေရတာလဲ”
အရှင်ထျန်းလျှန်က အလွန်အမင်း ထိတ်လန့် တုန်လှုပ်သွားခဲ့ပြီး ဟင်းလင်းပြင်ထဲတွင် ပုံရိပ်ယောင် အများအပြားကို ထုတ်ဖော်ကာ ဟင်းလင်းပြင်ကနေ ကျဆင်းလာသည့် အနက်ရောင်မီးလျှံများကို အသည်းအသန် ခုခံလိုက်သည်။
“ဝုန်း..”
ယင်းအချိန်မှာပင် အရှင်ဇူရီ၏ လက်ဖဝါးက ကောင်းကင်ယံကနေ ကျဆင်းလာခဲ့သည်။
ထိုလက်ဝါးရိုက်ချက်သည် အရှင်ထျန်းလျှန်၏ ပုံရိပ်ယောင် အမြောက်အများကို တိုက်ရိုက်ပင် ချေမှုန်းပစ်လိုက်ပြီး အရှင်ထျန်းလျှန်၏ ခန္ဓာကိုယ် ပေါ်သို့ ပြင်းထန်စွာ ထိမှန်သွားခဲ့ရာ အရှင်ထျန်းလျှန်သည် ကြိုးပြတ်သွားသော စွန်တစ်ကောင်နှယ် ဟင်းလင်းပြင်ထဲတွင် ရုတ်တရက် နောက်ပြန် လွင့်စင်သွားခဲ့သည်။
“ဝေ့ါ..”
အရှင်ထျန်းလျှန်က ပေပေါင်းထောင်ချီ အကွာအဝေးအထိ လွင့်စင်သွားခဲ့ပြီး သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရသည်။
“ဒီလူက အတော် အစွမ်းထက်လှချည်လား”
သူ့ရှေ့မှ အနက်ရောင် သံချပ်ဝတ်စုံဝတ်လူ၏ စွမ်းအားသည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ရာ ကောင်းနေခဲ့၏။
သူ၏ ကျင့်ကြံခြင်းအဆင့်က ထိုက်ယီအဆင့်ကို ရောက်ရှိနေခဲ့သည့်တိုင် ပြိုင်ဘက်၏ ပြင်းထန်သော တိုက်ခိုက်မှုကို ခံလိုက်ရပြီး ပြန်လည် ခုခံနိုင်စွမ်းပင် လုံးဝမရှိခဲ့ပေ။
“ထွက်ပြေးမှဖြစ်မယ်”
ဤအခိုက်အတန့်တွင် အရှင်ထျန်းလျှန်၏ စိတ်နှလုံးတစ်ခုလုံးတွင် ထိတ်လန့် ချောက်ချားမှုများဖြင့် ပြည့်နှက်သွားခဲ့သည်။
ယခုအချိန်တွင် သူက တိုက်ခိုက်လိုစိတ် အနည်းငယ်မျှပင် မရှိတော့ဘဲ ခြောက်လှန့်ခံရသော ငှက်တစ်ကောင် ကဲ့သို့ ထိတ်လန့်တုန်လှုပ်စွာဖြင့် အဝေးသို့ အလျင်အမြန် ထွက်ပြေးသွားခဲ့သည်။
“ထိုက်ယီအင်မော်တယ် အစောပိုင်းအဆင့်လေးနဲ့များ ငါ့ရဲ့မျက်စိအောက်ကနေ ထွက်ပြေးချင်နေသေးတယ်.. မင်း ပြေးလို့ လွတ်နိုင်မယ်များ ထင်နေလား”
အရှင်ဇူရီက ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် အေးစက်စက် ရေရွတ်လိုက်သည်။
ထို့နောက်တွင်မူ ကြောက်မက်ဖွယ် ပူပြင်းသော အရှိန်အဝါတစ်ခုသည် အရှင်ဇူရီကို ဗဟိုပြု၍ တစ်ခဏအတွင်း ဟင်းလင်းပြင်ထဲကို လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။
“ဟန်ယွင်အဆင့်ဥပဒေသ.. တောက်ပသော နေမင်းကမ္ဘာ”
ပတ်ဝန်းကျင် ဟင်းလင်းပြင်တစ်ခုလုံးသည် တစ်ခဏအတွင်းမှာပင် တောက်ပသော နေမင်းတစ်စင်း ရှိနေသည့် ရွှေရောင်ကမ္ဘာတစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ဤကမ္ဘာထဲတွင် အပူချိန်သည် အလွန်တရာ ကြောက်မက်ဖွယ်ရာကောင်းသော အဆင့်သို့ ရောက်ရှိနေခဲ့ပြီး ကမ္ဘာပေါ်ရှိ အရာအားလုံးကို ပြာအဖြစ်သို့ လောင်ကျွမ်းစေနိုင်စွမ်း ရှိနေခဲ့သည်။
ထိုက်ယီအဆင့် အင်မော်တယ်တစ်ပါး ဖြစ်သည့် အရှင်ထျန်းလျှန်ပင်လျှင် ဤကမ္ဘာထဲတွင် သူ့ကိုယ်သူ မနည်း ထိန်းထားခဲ့ရသည်။
“ဟန်ယွင်အဆင့်ဥပဒေသ.. မင်း မင်းက ဟန်ယွင်အဆင့် ကျင့်ကြံသူလား”
အရှင်ထျန်းလျှန်က ပတ်ဝန်းကျင်မှ အရာအားလုံးကို အရည်ပျော်စေနိုင်သည့် စွမ်းအားများကို ကြည့်ကာ တစ်ခဏအတွင်း ထိတ်လန့် တုန်လှုပ်သွားခဲ့သည်။
သူက အစောပိုင်းတွင် သူ့ရှေ့မှ အနက်ရောင် သံချပ်ဝတ်စုံဝတ်ကျင့်ကြံသူကို အလွန်ဆုံးရှိမှ ထိုက်ယီအဆင့် အထွတ်အထိပ်သာ ဖြစ်လိမ့်မည်ဟု ထင်မှတ်ထားခဲ့သော်လည်း ထိုသူက ဟန်ယွင် ဥပဒေသကိုပင် ထုတ်ဖော်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
အင်မော်တယ်လောကတွင် တလော့အဆင့်ကို ရောက်ရှိပြီးနောက်မှသာ အင်မော်တယ် ဥပဒေသကို နားလည် သဘောပေါက်နိုင်သည်။
တလော့အင်မော်တယ် အဆင့်က နားလည်သဘောပေါက်သည့် အင်မော်တယ်ဥပဒေသ ဆိုသည်မှာ ကောင်းကင်နှင့်မြေပြင်၏ စွမ်းအားကို ထိန်းချုပ်ရန် အတွက် အင်မော်တယ်စွမ်းအားကို အသုံးပြုခြင်း ဖြစ်သည်။
ထိုက်ယီအဆင့်တွင်မူ အင်မော်တယ်စွမ်းအားဖြင့် ကောင်းကင်နှင့်မြေပြင်ကို ပိတ်ပင်တားဆီးနိုင်သည့် ဥပဒေသများကို ကျွမ်းကျင်ပိုင်နိုင်ရန် လိုအပ်၏။
ဟန်ယွင်အဆင့်သို့ ရောက်ရှိပြီးနောက်တွင်မူ အင်မော်တယ်ဥပဒေသဖြင့် ကိုယ်ပိုင်ကမ္ဘာ တစ်ခုကိုပင် ဖန်တီးနိုင်သည်။
အင်မော်တယ်ဥပဒေသဖြင့် ဖန်တီးထားသော ကမ္ဘာသည် ဟန်ယွင် အဆင့်အောက်မှ ကျင့်ကြံသူများ နှင့် ရင်ဆိုင်ရသည့်အခါတွင် လုံးဝ ပြိုင်ဘက်ကင်းသည့် တည်ရှိမှု တစ်ခု ဖြစ်လာပေလိမ့်မည်။
အရှင်ထျန်းလျှန်သည် သူ့ရှေ့မှလူက ဟန်ယွင်ဥပဒေသကို ထုတ်ဖော်လာလိမ့်မည်ဟု တစ်ခါမှ တွေးမထားခဲ့ပေ။
အဆုံးသတ်တွင် အနက်ရောင် သံချပ်ဝတ်စုံဝတ်လူသည် ဟန်ယွင်အဆင့်အင်မော်တယ်တစ်ပါး ဖြစ်နေခဲ့သည်။
“ငါ့ရဲ့ကမ္ဘာထဲမှာ ကျဆုံးဖို့ ပြင်ထားလိုက်တော့”
အရှင်ဇူရီက အေးစက်စက် အမူအရာဖြင့် သူ၏ လက်ဖဝါးကိုဝှေ့ယမ်းလိုက်ရာ တောက်လောင်နေသော နေမင်းထံမှ ကြောက်မက်ဖွယ်ရာကောင်းသော အလင်းတန်းများသည် ကောင်းကင်နှင့်မြေပြင် ကြားကနေ ပေါ်ထွက်လာခဲ့ပြီး အရပ်မျက်နှာ အနှံ့ကနေ အရှင်ထျန်းလျှန်ကို ဝိုင်းရံ ပိတ်ဆို့လိုက်သည်။
အရှင်ထျန်းလျှန်က ထိတ်လန့် တုန်လှုပ်သွားခဲ့ပြီး ကျယ်လောင်သော ဝံပုလွေအူသံ တစ်သံကို ထုတ်ဖော်လိုက်ရာ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ဧရာမ ဝံပုလွေတစ်ကောင် အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး အရပ်မျက်နှာအနှံ့ကို လွှမ်းခြုံကာ တောက်လောင်နေသည့် အလင်းတန်းများကို ထိုးဖောက်ရန် ကြိုးစားလိုက်သည်။
သို့သော်လည်း ဟန်ယွင်အဆင့် ဥပဒေသ ဆိုသည်မှာ အရှင်ထျန်းလျှန် အနေဖြင့် ယှဥ်ပြိုင်နိုင်မည့်အရာ မဟုတ်ပေ။
ထို့ကြောင့် ဟန်ယွင်ဥပဒေသ၏ စွမ်းအားအောက်တွင် အရှင်ထျန်းလျှန်၏ ခုခံမှုများသည် အချည်းနှီးသာ ဖြစ်သွားခဲ့သည်။
အရှင်ထျန်းလျှန်၏ ပေပေါင်းထောင်ချီရှိသော ခန္ဓာကိုယ်သည် တောက်လောင်နေသော အလင်းတန်းများ၏ အောက်တွင် သာမန်မျက်စိဖြင့် မြင်နိုင်သော အရှိန်အဟုန်ဖြင့် ဆက်တိုက် ဆိုသလို အရည်ပျော်သွားခဲ့သည်။
တစ်ခဏအတွင်းမှာပင် အရှင်ထျန်းလျှန်၏ ခန္ဓာကိုယ်သည် ဘာမှမကျန်ရှိတော့ဘဲ လေထဲတွင် အငွေ့ပျံ ပျောက်ကွယ်သွားခဲ့၏။
“အရှင်ထျန်းလျှန်က ဒီလိုပဲ သေဆုံးသွားခဲ့ပြီလား”
လေထဲတွင် အငွေ့ပျံ ပျောက်ကွယ်သွားသည့် အရှင်ထျန်းလျှန်ကို ကြည့်ရင်း ကျန်းချန် မှင်တက်သွားခဲ့သည်။
ထိုနေ့က ကျိရီအင်မော်တယ် တောင်တန်းတွင် အရှင်ဇူရီ၏ ကြောက်မက်ဖွယ်ရာကောင်းသော တိုက်ခိုက်ရေးစွမ်းရည်ကို သူ မြင်တွေ့ဖူးသော်လည်း အရှင်ဇူရီက ဤမျှလောက် အထိ ကြောက်မက်ဖွယ် အစွမ်းထက်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
အရှင်ဇူရီသည် အရှင်ထျန်းလျှန် ကဲ့သို့ ထိုက်ယီအဆင့်အင်မော်တယ် တစ်ပါးကိုပင် အလွယ်တကူ သတ်ဖြတ်နိုင်ခဲ့သည် မဟုတ်ပါလား။
“ဒါက ဟန်ယွင်အဆင့်ရဲ့ စွမ်းအားလား.. ဟန်ယွင်ဥပဒေသက တကယ်ကို ကြောက်စရာပဲ”
ကျန်းချန်က ခပ်တိုးတိုး ရေရွတ်လိုက်သည်။
အရှင်ဇူရီ၏ လက်ရှိ အခြေအနေသည် ကျိရီအင်မော်တယ်တောင်တန်းတွင် ရှိစဥ်ကထက် သိသိသာသာပင် ပို၍ တိုးတက်လာခဲ့ပြီး ဟန်ယွင် ဥပဒေသကိုပင် ထုတ်ဖော်နိုင်စွမ်းရှိနေခဲ့ပြီ ဖြစ်သည်မှာ ထင်ရှား၏။
သို့ဖြစ်၍ ထိုက်ယီအင်မော်တယ် တစ်ပါးကို သတ်ဖြတ်ရန်မှာ အရှင်ဇူရီ အတွက် အပန်းမကြီးသော ကိစ္စတစ်ခုပင်။
အကယ်၍သာ ထိုစဥ်က အရှင်ဇူရီ ထံတွင် ဤကဲ့သို့ စွမ်းအားမျိုး ရှိနေခဲ့မည် ဆိုလျှင် သူတို့အားလုံးသည် ကျိရီအင်မော်တယ်တောင်တန်းတွင်ပင် အရှင်ဇူရီ၏ လက်ချက်ဖြင့် အသတ်ခံလိုက်ရမည်မှာ သေချာ၏။
အရှင်ဇူရီ၏ ရုတ်တရက် ကျဆုံးမှုသည် ဟင်းလင်းပြင် ထဲတွင် တိုက်ခိုက်နေကြသည့်သူများ၏ အာရုံကို လျင်မြန်စွာပင် ဆွဲဆောင်သွားခဲ့သည်။
ဤအချိန်တွင် ရှချင်းလဲ့သည် အင်မော်တယ်ဘုရင် ရုပ်အလောင်း၏ ဖိနှိပ်ခြင်းကို လုံးဝနီးပါး ခံထားရသည်။
အရှင်ကွေ့မင်ကမူ ယွင်ရှောင်ဂိုဏ်းမှ ချင်းယွင်ဘိုးဘေးထက် အနည်းငယ် သာလွန်သော်လည်း ချင်းယွင်ဘိုးဘေးကို အနိုင်ယူဖို့ ဆိုသည်မှာ မလွယ်ကူပေ။
မည်သို့ပင် ဖြစ်စေကာမူ သူတို့နှစ်ဦးက ယွင်ရှောင်ဂိုဏ်းမှ ထိုက်ယီအဆင့် အင်မော်တယ် နှစ်ပါးကို ထိန်းထားနိုင်သရွေ့ အရှင်ထျန်းလျှန်သည် တလော့အဆင့် ပါရမီရှင်ကို အောင်မြင်စွာ အနိုင်ယူနိုင်ခဲ့မည် ဆိုလျှင် ယွင်ရှောင်ဂိုဏ်းကို ချေမှုန်းနိုင်ရန်အတွက် တားဆီးနိုင်မည့်သူ ရှိတော့မည် မဟုတ်ပေ။
ထို့ကြောင့် နှစ်ဦးလုံးက သူတို့၏ မျှော်လင့်ချက်များကို အရှင်ထျန်းလျှန် ဆီတွင် ပုံအောထားခဲ့ကြသည်။
တကယ့် လက်တွေ့တွင်လည်း သူတို့မျှော်လင့်ထားသည့်အတိုင်းပင် ဖြစ်လာခဲ့သည်။
ထိုတလော့အဆင့် ပါရမီရှင်သည် ထူးခြားသော တိုက်ခိုက်ရေးစွမ်းရည် ရှိနေသော်လည်း ထိုက်ယီအဆင့် အင်မော်တယ်တစ်ပါး ဖြစ်သည့် အရှင်ထျန်းလျှန်ကိုမူ ယှဥ်ပြိုင်နိုင်စွမ်း မရှိခဲ့ပေ။
တိုက်ကွက် အနည်းငယ်ဖြင့်ပင် အရှင်ထျန်းလျှန်သည် ထိုတလော့ပါရမီရှင်ကို အနိုင်ယူနိုင်ခဲ့၏။
အခန်း(၂၉၃၇)ပြီး၏။
အခန်း(၂၉၃၈)
သို့သော်လည်း ရှချင်းလဲ့တို့က အရှင်ထျန်းလျှန်၏ ဖိနှိပ်ခြင်းကို ကျန်းချန် ခံရတော့မည်ဟု ထင်မှတ်နေကြစဥ်မှာပင် ကျန်းချန်သည် အနက်ရောင်သံချပ်ဝတ်စုံဝတ် ကျင့်ကြံသူ တစ်ဦးကို ရုတ်တရက် ဆင့်ခေါ်လိုက်ပြီး အရှင်ထျန်းလျှန်၏ တိုက်ခိုက်မှုကို အလွယ်တကူပင် ပိတ်ဆို့တားဆီးခဲ့သည်။
ထိုထက် ပို၍ သူတို့ မထင်ထားသည့်အရာမှာ အနက်ရောင်သံချပ်ဝတ်စုံဝတ် ကျင့်ကြံသူသည် ဟန်ယွင်အဆင့်အင်မော်တယ်တစ်ပါး ဖြစ်နေခဲ့ပြီး ဟန်ယွင်ဥပဒေသကို ထုတ်ဖော်ကာ တိုက်ကွက် တစ်ကွက်တည်းဖြင့် အရှင်ထျန်းလျှန်ကို သတ်ဖြတ်လိုက်ခြင်းပင်။
“ဒီကောင့်နံဘေးမှာ တကယ်ပဲ ဟန်ယွင်အဆင့်အင်မော်တယ်တစ်ပါး ရှိနေတယ်လား”
မှင်တက်ရာကနေ သတိပြန်ဝင်လာပြီးနောက်တွင် ရှချင်းလဲ့နှင့် အရှင်ကွေ့မင် တို့သည် တစ်ခဏအတွင်း ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။
တလော့အဆင့်၊ ထိုက်ယီအဆင့်နှင့် ဟန်ယွင်အဆင့် ဟူသည့် အဆင့်သုံးဆင့်တွင် အဆင့်တစ်ဆင့်ချင်းစီ အလိုက် အင်မော်တယ် ဥပဒေသများကို နားလည်သဘောပေါက်ရန် လိုအပ်ပြီး အဆင့် တစ်ဆင့်ချင်းစီ၏ အင်မော်တယ် ဥပဒေသများသည် အရည်အသွေးပိုင်း အရ မိုးနှင့်မြေပမာ ကွာခြား၏။
ဆိုရလျှင် ဟန်ယွင်အဆင့် အင်မော်တယ်တစ်ပါးကို သူတို့အနေဖြင့် မည်သို့မျှ ယှဥ်ပြိုင် တိုက်ခိုက်နိုင်စွမ်း ရှိမည်မဟုတ်ပေ။
“ထွက်ပြေးမှဖြစ်မယ်”
ရှချင်းလဲ့နှင့် အရှင်ကွေ့မင်တို့က ဤနေရာတွင် ဆက်လက်မနေရဲတော့ဘဲ ခန္ဓာကိုယ်မှ စွမ်းအားများကို အစွမ်းကုန်ထုတ်ဖော်ကာ သူတို့ ရှေ့မှ ပြိုင်ဘက်များကို စွန့်လွှတ်၍ အသည်းအသန် ထွက်ပြေးလိုက်ကြသည်။
သို့သော်လည်း ကျန်းချန်နှင့် ချင်းယွင်ဘိုးဘေးတို့က သူတို့ကို အလွယ်တကူ ထွက်ပြေးခွင့် မည်ကဲ့သို့ ပေးနိုင်ပါမည်နည်း။
ကျန်းချန်က အင်မော်တယ်ဘုရင် ရုပ်အလောင်းနှင့်အတူ ရှချင်းလဲ့ကို တိုက်ခိုက်လိုက်သည်။
အခြားတစ်ဖက်တွင်လည်း ချင်းယွင်ဘိုးဘေးသည် သူ၏ အစွမ်းထက် ဝှက်ဖဲများကို အစွမ်းကုန် ထုတ်ဖော်ကာ အရှင်ကွေ့မင်ကို ပိတ်ဆို့ထားခဲ့သည်။
ဤအခိုက်အတန့်တွင် အရှင်ဇူရီသည် သူ၏ လက်ဖဝါးကို လှုပ်ရှားလိုက်ပြီး ဟန်ယွင်ဥပဒေသကို ထပ်မံ ထုတ်ဖော်လိုက်သည်။
“မသတ်ပါနဲ့”
ရှချင်းလဲ့နှင့် အရှင်ကွေ့မင် တို့၏ မျက်နှာများသည် တစ်ခဏအတွင်း ဖြူဖျော့သွားခဲ့ပြီး နှစ်ဦးလုံးသည် ရူးသွပ်သွားကြသည့်နှယ် အကြောက်အကန် ဖြစ်နေခဲ့သည်။
သူတို့နှစ်ဦးစလုံးက ထိုက်ယီအဆင့် အင်မော်တယ်များ ဖြစ်သော်လည်း အရှင်ဇူရီ၏ ဟန်ယွင်အဆင့် ဥပဒေသကို အနည်းငယ်မျှပင် ထိခိုက်အောင် မလုပ်ဆောင်နိုင်ခဲ့ပေ။
တစ်ခဏမျှ ရုန်းကန်ပြီးနောက်တွင် နှစ်ဦးစလုံးသည် အရှင်ဇူရီ၏ ဟန်ယွင် ဥပဒေသကနေ ထုတ်ဖော်ထားသော ကြောက်မက်ဖွယ် စွမ်းအားအောက်တွင် တိုက်ရိုက်ဆိုသလို လောင်ကျွမ်းပြာကျသွားခဲ့သည်။
ဤသို့ဖြင့်ပင် ထိုက်ယီအဆင့် အင်မော်တယ် သုံးပါးစလုံးသည် အရှင်ဇူရီ၏ လက်ချက်ဖြင့် အားလုံး အသတ်ခံလိုက်ရသည်။
“မိတ်ဆွေလေးကျန်းချန်.. ယွင်ရှောင်ဂိုဏ်းရဲ့ကိုယ်စား ကျုပ်တကယ်ကို ကျေးဇူးတင်ပါတယ်”
ချင်းယွင်ဘိုးဘေးက မှင်တက်ရာကနေ သတိပြန်ဝင်လာခဲ့ပြီးနောက်တွင် ကျန်းချန်ကို ယဥ်ကျေးစွာ ဂါဝရပြု၍ ပြောလိုက်သည်။
ယနေ့တွင် ရှချင်းလဲ့သည် အရှင်ကွေ့မင်နှင့် အရှင်ထျန်းလျှန်တို့ကို ခေါ်ဆောင်ကာ သူတို့ ယွင်ရှောင်ဂိုဏ်းကို ချေမှုန်းရန် ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
ကျန်းချန်၏ အကူအညီ ရှိနေသည့်တိုင် ချင်းယွင်ဘိုးဘေးသည် တကယ်တမ်းတွင် စိုးရိမ်ပူပန်နေခဲ့၏။
ဆိုရလျှင် ရှချင်းလဲ့တို့ ဘက်တွင် ထိုက်ယီအဆင့် အင်မော်တယ် သုံးပါးပင် ရှိနေခဲ့သည်။
သို့သော်လည်း ကျန်းချန် ထံတွင် ယခုကဲ့သို့ အစွမ်းထက်သည့် ဝှက်ဖဲတစ်ခု ရှိနေလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မထင်ထားမိပေ။
တိုက်ပွဲအတွင်း ကျန်းချန်သည် ဟန်ယွင်အဆင့် အင်မော်တယ်တစ်ပါးကို တိုက်ရိုက်ဆိုသလို ဆင့်ခေါ်ခဲ့ပြီး ရှချင်းလဲ့တို့ ထိုက်ယီ အင်မော်တယ်သုံးပါးကို အလွယ်တကူပင် သတ်ဖြတ်ပစ်နိုင်ခဲ့သည်။
ယခုအခါ အရှင်ကွေ့မင်နှင့် အရှင်ထျန်းလျှန်တို့ ကျဆုံးသွားခဲ့ပြီဖြစ်ရာ ယွင်ရှောင်ဂိုဏ်း အနေဖြင့် ဤအခြေအနေကို အခွင့်ကောင်းယူ၍ အနက်ရောင်မြစ်တောင်ကြားနှင့် ထျန်းလျှန်မျိုးနွယ်စုကို ချေမှုန်းနိုင်လိမ့်မည် ဖြစ်သည်။
အကယ်၍ ထိုထိုက်ယီအဆင့် အင်အားစုနှစ်စုကိုသာ သိမ်းသွင်းနိုင်ခဲ့မည် ဆိုလျှင် ယွင်ရှောင်ဂိုဏ်း၏ အင်အားသည် ယခုထက် အဆများစွာ တိုးတက်လာပေလိမ့်မည်။
မူလက အရှင်ယွင်ကန်းသည် ကျန်းချန်နှင့်ပူးပေါင်းရန် ဆုံးဖြတ်ခဲ့စဥ်တွင် ချင်းယွင်ဘိုးဘေးသည် အနည်းငယ် တွန့်ဆုတ်နေခဲ့သေးသည်။
ယခုအချိန်တွင်မူ ချင်းယွင်ဘိုးဘေးသည် အရှင်ယွင်ကန်း၏ ရွေးချယ်မှုက မှန်ကန်သည့် လောင်းကြေးထပ်မှု တစ်ခု ဖြစ်ခဲ့သည်ကို ဝန်ခံရပေတော့မည်။
ယွင်ရှောင်ဂိုဏ်းနှင့် အနက်ရောင်မြစ်တောင်ကြား တို့သည် နှစ်ပေါင်းများစွာကြာအောင် ပြိုင်ဆိုင်လာခဲ့ကြသော်လည်း မည်သည့်ဘက်ကမှ အသာစီးမရရှိပေ။
ယခု ကျန်းချန်နှင့် ပူးပေါင်းလိုက်သည့် အခါမှသာ သူတို့ ယွင်ရှောင်ဂိုဏ်းသည် အနက်ရောင်မြစ်တောင်ကြားကို သိမ်းပိုက်နိုင်မည့် အလားအလာများ ရှိလာခဲ့သည်။
အတိတ်က အခြေအနေဖြင့် ဆိုလျှင် ဤကိစ္စသည် လုံးဝကို စိတ်ကူးမယဥ်ရဲစရာ ကိစ္စမျိုး ဆိုလည်းမမှားပေ။
ထိုထက်ပို၍ အရေးကြီးသည်မှာ သူတို့အနေဖြင့် ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်နှင့် ပတ်သက်၍ အလွန်အမင်း စိုးရိမ်ပူပန်နေစရာ မလိုတော့ပေ။
ကျန်းချန်၏ နံဘေးတွင် ဟန်ယွင်အဆင့် အင်မော်တယ်တစ်ပါး ရှိနေသရွေ့ ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်သည် ယွင်ရှောင်ဂိုဏ်းကို တစ်စုံတစ်ရာ လုပ်ဆောင်ချင်လျှင်ပင် သေချာပေါက် အလေးအနက်ထား စဥ်းစားရပေလိမ့်မည် မဟုတ်ပါလော။
“အားနာနေစရာမလိုပါဘူး.. အခု ကျွန်တော်တို့က မဟာမိတ်တွေ ဖြစ်နေပြီဆိုတော့ အကူအညီပေးရမဲ့ တာဝန် ရှိပါတယ်”
ကျန်းချန်က သူ၏ လက်ကို ဝှေ့ယမ်းကာ ပြောလိုက်သည်။
“ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်ရဲ့ လှုပ်ရှားမှုတွေကို အနီးကပ် စောင့်ကြည့်ထားပြီး သတင်းတစ်ခုခု ထူးတာနဲ့ ကျွန်တော့်ကို အမြန်ဆုံး အကြောင်းကြားပေးပါ”
ဤတိုက်ပွဲတွင် ထိုက်ယီအဆင့် အင်မော်တယ် သုံးပါးစလုံး အသတ်ခံလိုက်ရသဖြင့် ယွင်ရှောင်ဂိုဏ်းသည် ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်၏ အာရုံစိုက်မှုကို ဆွဲဆောင်မိသွားတော့မည် ဖြစ်သည်။
ယင်းမှာ ကျန်းချန် သေချာပေါက် လိုချင်သော အရာတစ်ခုဆိုလည်း မမှားပေ။
သူက အရှင်ဇူရီကို အသုံးပြု၍ ရှချင်းလဲ့တို့ သုံးဦးကိုသတ်ဖြတ်ခဲ့ခြင်းမှာ ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်၏ အာရုံစိုက်မှုကို ဆွဲဆောင်ရန်အတွက် ဖြစ်သည်။
ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော် အနေဖြင့် ယွင်ရှောင်ဂိုဏ်း ဆီသို့ အာရုံစိုက်မှု လွှဲအပ်လိုက်သည်နှင့်တစ်ပြိုင်နက် ယင်းသည် လုရှောင်ချင်းနှင့် ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်တို့ အတွက် ဖိအားတချို့ကို လျှော့ချပေးနိုင်လိမ့်မည် မဟုတ်ပါလား။
ယခုအခါတွင် ကျန်းချန်သည် ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်၏ ခြေလှမ်းများကို စောင့်ကြည့်ကာ ထို့နောက်တွင်မှ အစီအစဥ်များ ချမှတ်ရန် ဆုံးဖြတ်ထားခဲ့သည်။
သူအမျှော်လင့်ဆုံးအရာမှာ ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်က ယွင်ရှောင်ဂိုဏ်း ဆီသို့ အင်အားများ ထပ်မံစေလွှတ်ရန် ဖြစ်ပြီး ထိုမှသာ သူက ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်၏ အင်အားကို တိုက်စားပစ်နိုင်ပေလိမ့်မည်။
သူက ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်ကို အင်အားချည့်နဲ့အောင် လုပ်ဆောင်ပြီးသည်နှင့် လုရှောင်ချင်းတို့နှင့် ပူးပေါင်းကာ ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်နှင့် ပြန်လည်မွေးဖွားခြင်း အင်မော်တယ်နန်းတော်တို့ကို တစ်ခါတည်း ဖြေရှင်းရန် ဆုံးဖြတ်ထားခဲ့သည်။
ချင်းယွင်ဘိုးဘေးက ခေါင်းညိတ်လိုက်ပြီး လေးနက်စွာ ပြောလိုက်သည်။
“စိတ်မပူပါနဲ့ မိတ်ဆွေလေးကျန်းချန်.. ဒီကိစ္စကို ငါတို့ယွင်ရှောင်ဂိုဏ်းဆီကိုပဲ လွှဲထားလိုက်ပါ”
ယခုအခါတွင် ယွင်ရှောင်ဂိုဏ်းသည် ကျန်းချန်နှင့် တစ်လှေတည်းစီးများ ဖြစ်သွားခဲ့ကြချေပြီ။
ယနေ့တိုက်ပွဲတွင် သူတို့သည် အောင်ပွဲကြီး ရရှိခဲ့သော်လည်း အကယ်၍ ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်သာ တစ်ကျော့ပြန် ရောက်ရှိလာမည်ဆိုလျှင် ယွင်ရှောင်ဂိုဏ်း တစ်ဂိုဏ်းတည်း အနေဖြင့် ခုခံရန် ခက်ခဲပေလိမ့်မည်။
ဆိုရလျှင် ယွင်ရှောင်ဂိုဏ်း အနေဖြင့် ထာဝရရှင်သန်ခြင်း အင်မော်တယ်နယ်မြေတွင် ဆက်လက် ရှင်သန်လိုလျှင် တစ်ခုတည်းသော ရွေးချယ်မှုမှာ ကျန်းချန်၏ ခြေလှမ်းများနောက်သို့ လိုက်ရန်သာ ဖြစ်သည်။
-----------------------
ကျန်းချန်က အရှင်ဇူရီကို ဆင့်ခေါ်ပြီး ရှချင်းလဲ့တို့ သုံးဦးကို သတ်ဖြတ်လိုက်သည့် တစ်ချိန်တည်းမှာပင် မိုင်ပေါင်းသန်းရာချီ ဝေးကွာသော နေရာရှိ ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်သည် ထိုသတင်းကို လျင်မြန်စွာ ရရှိသွားခဲ့သည်။
ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်၏ ဗဟိုခန်းမဆောင်ထဲတွင် နက်ရှိုင်းသော အရှိန်အဝါများရှိသည့် အပြာရောင်ဝတ်စုံဝတ် အဘိုးအိုတစ်ဦးသည် လက်နှစ်ဖက်ကို နောက်ပစ်ကာ ခန်းမအလယ်တွင် မတ်တတ်ရပ်နေခဲ့သည်။
ထိုအဘိုးအိုမှာ တခြားသူ မဟုတ်ဘဲ ထာဝရစိမ်းလန်းသောအင်မော်တယ်နန်းတော်၏ အကြီးအကဲချုပ် လုချင်းလီ ဖြစ်ပြီး နာမည်ကျော်ကြားသော အစွမ်းထက် ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်သည်။
သူ၏ ကျင့်ကြံခြင်းအဆင့်သည် ထိုက်ယီ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ကာ ဟန်ယွင်အဆင့်ကို ရောက်ရန် ခြေတစ်လှမ်းမျှသာ လိုအပ်တော့၏။
ယခုအခါတွင် ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်နှင့် ပြန်လည်မွေးဖွားခြင်း အင်မော်တယ်နန်းတော် တို့သည် ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်ကို တိုက်ခိုက်ရန် ပူးပေါင်းထားကြပြီဖြစ်ရာ ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်၏ နန်းတော်သခင်သည် အင်အားအများစုကို ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်ကို တိုက်ခုက်ရန် ခေါ်ဆောင်သွားခဲ့ပြီး အကြီးအကဲချုပ် ဖြစ်သည့် လုချင်းလီကို ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်အား စောင့်ရှောက်ရန် ချန်ထားရစ်ခဲ့သည်။
ထိုအချိန်တွင် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် လုချင်းလီကို သတင်းပို့ခဲ့သည်။
“အကြီးအကဲချုပ်.. အခုလေးတင်ပဲ အကြီးအကဲရှချင်းလဲ့ ကျဆုံးသွားပြီလို့ သတင်းရတယ်”
ထိုစကားကိုကြားလျှင် လုချင်းလီက အနည်းငယ်မျက်မှောင်ကြုတ်သွားခဲ့သည်။
“ဘာတွေဖြစ်နေတာလဲ ဆိုတာ ငါ့ကို သေချာပြောပြစမ်း”
ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်နှင့် ပြန်လည်မွေးဖွားခြင်းအင်မော်တယ်နန်းတော်တို့၏ ပူးပေါင်းတိုက်ခိုက်မှုသည် မအောင်မြင်သေးသဖြင့် ဗျူဟာ ပြောင်းလဲကာ ထာဝရရှင်သန်ခြင်း အင်မော်တယ်နယ်မြေ အတွင်းရှိ ထိုက်ယီအဆင့် အင်အားစုများကို သိမ်းသွင်းရန် စီစဥ်ထားခဲ့သည်။
ထိုအတွက် သူက ထိုက်ယီအဆင့် အင်အားစုများကို သိမ်းသွင်းရန် ရှချင်းလီကို တမန်တော် အဖြစ် စေလွှတ်ခဲ့သည်။
ရှချင်းလဲ့၏ ကျင့်ကြံခြင်းအဆင့်ဖြင့် ဆိုလျှင် ထိုကြားနေအင်အားစုများကို မသိမ်းသွင်းနိုင်ခဲ့လျှင်ပင် သေချာပေါက်အန္တရာယ်ကင်းစွာ ဆုတ်ခွာနိုင်မည် ဖြစ်ရာ အဘယ်ကြောင့် ရုတ်တရက် ကျဆုံးသွားရပါသနည်း။
လူလတ်ပိုင်းအရွယ် အမျိုးသားက မချိပြုံးပြုံးကာ ပြောလိုက်သည်။
“အခြေအနေကိုတော့ အတိအကျ မသိရသေးဘူး.. ကျွန်တော်လူလွှတ်ပြီး စုံစမ်းခိုင်းထားပါတယ် အကြီးအကဲချုပ်”
ထိုစကားကို ကြားလိုက်ရလျှင် လုချင်းလီသည် မျက်မှောင် ခပ်တင်းတင်း ကြုတ်သွားခဲ့သည်။
ထိုက်ယီအဆင့် အင်မော်တယ်ဆိုသည်မှာ သူတို့ ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်တွင်ပင် အရေးပါသောအဆင့် ဖြစ်သည်။
ယခု ရှချင်းလဲ့ ကျဆုံးသွားခဲ့ပြီဖြစ်ရာ ယင်းသည် သူတို့ ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော် အတွက် ကြီးမားသော ထိုးနှက်ချက် တစ်ခုဆိုလည်း မမှားပေ။
လုချင်းလီ အလေးအနက် အထားဆုံး အရာမှာ ရှချင်းလဲ့ မည်ကဲ့သို့ ကျဆုံးသွားခဲ့ရသလဲ ဆိုသည်ကိုပင်။
ကြားနေ ထိုက်ယီ အင်အားစုများသည် ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်၏ လှုပ်ရှားမှုများကို ကြိုတင်သိရှိထားကြပြီး ကြိုတင် ပူးပေါင်းထားကြခြင်းများ ဖြစ်နိုင်ပါသလော။
အကယ်၍ ထိုအတိုင်းသာ ဖြစ်နေခဲ့မည် ဆိုလျှင် ယင်းသည် ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်၏ အစီအစဥ်အတွက် အခက်အခဲများစွာ ဖြစ်လာပေတော့မည်။
အခန်း(၂၉၃၈)ပြီး၏။