အခန်း (၂၉၃၉-၂၉၄၀)
Vol. 234 Ch. 2939-2940
အခန်း(၂၉၃၉)
ခဏအကြာတွင် လူလတ်ပိုင်းအရွယ် အမျိုးသားသည် သတင်းတစ်စုံတစ်ရာကို ရရှိသွားပုံရပြီး လုချင်းလီကို ကြည့်ကာ ပြောလိုက်သည်။
“အကြီးအကဲချုပ်.. အကြီးအကဲရှချင်းလဲ့က ယွင်ရှောင်ဂိုဏ်းမှ ကျဆုံးသွားခဲ့တယ်လို့ သတင်းရရှိပါတယ်”
ထိုစကားကိုကြားလျှင် လုချင်းလီသည် တစ်ခဏမျှ မှင်တက်သွားခဲ့သည်။
“ယွင်ရှောင်ဂိုဏ်းလား”
လူလတ်ပိုင်းအရွယ် အမျိုးသားက ရှင်းပြလိုက်သည်။
“ယွင်ရှောင်ဂိုဏ်းက ထာဝရရှင်သန်ခြင်း အင်မော်တယ်နယ်မြေရဲ့ အနောက်မြောက်အရပ်မှာရှိတဲ့ ဒုတိယတန်းစား ထိုက်ယီအဆင့် အင်အားစုတစ်စုပါ.. သိရသလောက်တော့ အဲဒီဂိုဏ်းမှာ ထိုက်ယီအဆင့်ကို ရောက်ရှိနေတဲ့ အင်မော်တယ်တစ်ပါးပဲ ရှိပါတယ်”
ထိုစကားကို ကြားလျှင် လုချင်းလီ မျက်မှောင်မကြုတ်ဘဲ မနေနိုင်တော့ပေ။
ရှချင်းလဲ့သည် ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်မှ ထိုက်ယီအဆင့် အင်မော်တယ်တစ်ပါး ဖြစ်သည်။
သူက ထိုက်ယီအင်မော်တယ် အစောပိုင်းအဆင့်တွင်သာ ရှိသေးသော်လည်း တိုက်ခိုက်ရေးစွမ်းရည်ကမူ သာမန်ထိုက်ယီအင်မော်တယ် အစောပိုင်းအဆင့် ကျင့်ကြံသူများထက် ပို၍ မြင့်မားသည်။
ရှချင်းလဲ့၏ စွမ်းရည်ဖြင့် ဆိုလျှင် ယွင်ရှောင်ဂိုဏ်းတွင် မည်ကဲ့သို့ ကျဆုံးသွားနိုင်ပါမည်နည်း။
“ကျွန်တော် ရရှိထားတဲ့ အချက်အလက်တွေ အရတော့ အကြီးအကဲ ရှချင်းလဲ့က ယွင်ရှောင်ဂိုဏ်းကို သိမ်းသွင်းဖို့ လုပ်ဆောင်ရာမှာ ငြင်းဆန်ခြင်းကို ခံခဲ့ရတယ်.. ဒါကြောင့် သူက အနက်ရောင်မြစ်တောင်ကြားနဲ့ ထျန်းလျှန်မျိုးနွယ်စု ဆိုတဲ့ ထိုက်ယီအဆင့် အင်အားစုနှစ်စုကို သိမ်းသွင်းပြီး ယွင်ရှောင်ဂိုဏ်းဆီကို တစ်ခေါက် ပြန်သွားခဲ့တယ်.. ဒါပေမဲ့ ယွင်ရှောင်ဂိုဏ်းမှာပဲ အကြီးအကဲ ရှချင်းလဲ့တို့ ထိုက်ယီအဆင့်အင်မော်တယ် သုံးပါးလုံး ကျဆုံးသွားခဲ့ကြတယ်”
လူလတ်ပိုင်းအရွယ် အမျိုးသား၏ အနည်းငယ် လေးနက်သော လေသံက လုချင်းလီ၏ နားထဲသို့ ဝင်ရောက်လာခဲ့သည်။
လုချင်းလီ၏ မျက်နှာအမူအရာက တစ်ခဏအတွင်းမှာပင် ပိုမို၍ လေးနက်သွားခဲ့၏။
မူလက ရှချင်းလဲ့ တစ်ယောက်တည်းသာ ယွင်ရှောင်ဂိုဏ်းတွင် ကျဆုံးသွားခဲ့သည်ဟု သူထင်မှတ်ထားခဲ့သော်လည်း ရှချင်းလဲ့နှင့် အတူ နောက်ထပ် ထိုက်ယီအဆင့် အင်မော်တယ်နှစ်ပါးကပါ အတူတကွ ကျဆုံးသွားကြလိမ့်မည်ဟု မထင်ထားခဲ့ပေ။
“ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
ထိုက်ယီအဆင့် အင်မော်တယ်တစ်ပါးတည်းသာ ရှိသည့် ထိုက်ယီအင်အားစုတစ်စုသည် ရှချင်းလဲ့တို့ ထိုက်ယီအင်မော်တယ် သုံးပါးစလုံးကို ကျဆုံးအောင် လုပ်နိုင်သည့် အရည်အချင်းမျိုး မည်ကဲ့သို့ ရှိနေနိုင်ပါမည်နည်း။
သူ ကိုယ်တိုင်က ထိုက်ယီ အထွတ်အထိပ်အဆင့်ကို ရောက်ရှိနေသော်လည်း အကယ်၍ သူသာ ထိုသုံးဦးကို ရင်ဆိုင်ရလျှင် အလွယ်တကူ သတ်ဖြတ်နိုင်လိမ့်မည် မဟုတ်ပေ။
“အကြီးအကဲချုပ်.. ကျွန်တော်တို့ ယွင်ရှောင်ဂိုဏ်းနဲ့ ပတ်သက်ပြီး ဘဆက်လုပ်ကြမလဲ”
လူလတ်ပိုင်းအရွယ် အမျိုးသားက တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက်တွင် လုချင်းလီကို မေးမြန်းလိုက်သည်။
လုချင်းလီ၏ မျက်ဝန်းများက အနည်းငယ် လင်းလက်သွားခဲ့သည်။
“ယွင်ရှောင်ဂိုဏ်းရဲ့ ကိစ္စကိုတော့ လောလောဆယ် ဂရုမစိုက်နဲ့ဦး.. ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်ကို အနိုင်ယူပြီးနောက်မှာပဲ ဒီကိစ္စကို ကိုင်တွယ်ကြတာပေါ့”
ယွင်ရှောင်ဂိုဏ်းသည် ရှချင်းလဲ့တို့ ထိုက်ယီအင်မော်တယ် သုံးပါးကိုပင် သတ်ဖြတ်နိုင်သည့် စွမ်းအား ရှိနေခဲ့ရာ အကယ်၍ သူကိုယ်တိုင် ထိုနေရာသို့ သွားရောက်လျှင်ပင် ယွင်ရှောင်ဂိုဏ်းကို အလွယ်တကူ ကိုင်တွယ်နိုင်လိမ့်မည် မဟုတ်လောက်ပေ။
ယခုအချိန်အထိ ထာဝရရှင်သန်ခြင်းအင်မော်တယ်နန်းတော်နှင့် တိုက်ပွဲ ဖြစ်ပွားနေသည့် အရေးကြီးသော အချိန်အခါ ဖြစ်ရာ ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော် အနေဖြင့် ယွင်ရှောင်ဂိုဏ်းကို ကိုင်တွယ်ရန် မည်သည့်အင်အားကိုမှ ထပ်မံ စေလွှတ်နိုင်ခြင်း မရှိချေ။
ပိုမိုရှုပ်ထွေးသည့် ပြဿနာများ ဖြစ်မလာစေရန်အတွက် လုချင်းလီသည် ဤအချိန်တွင် ယွင်ရှောင်ဂိုဏ်းကို တိုက်ခိုက်ရန် ဆန္ဒမရှိခဲ့ပေ။
ယွင်ရှောင်ဂိုဏ်း၏ နောက်ကွယ်တွင် မည်မျှ အစွမ်းထက်သော ပုဂ္ဂိုလ်ရှိနေပါစေ၊ ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်ကို အနိုင်ယူပြီးနောက်တွင် ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော် အနေဖြင့် ယွင်ရှောင်ဂိုဏ်းကို ကိုင်တွယ်ရန်မှာ အလွန်တရာ လွယ်ကူသွားလိမ့်မည် မဟုတ်ပါလော။
------------------
ကျန်းချန်က အရှင်ဇူရီ၏ အကူအညီဖြင့် ရှချင်းလဲ့တို့ ထိုက်ယီအဆင့် အင်မော်တယ်သုံးပါးကို အလွယ်တကူ သတ်ဖြတ်ပြီးနောက်တွင် အချိန်မျှော်စင်ထဲသို့ ပြန်လည် ဝင်ရောက်သွားကာ ဆက်လက် ကျင့်ကြံနေခဲ့သည်။
“ဒင်.. သင်က ဧကရာဇ်အဆင့် အင်မော်တယ်ဓားသိုင်း ဖြစ်တဲ့ ဓားတစ်ချက်တည်းနဲ့ လောကကို အပိုင်းပိုင်းပြတ်စေမယ် ဓားသိုင်းကို ဆင်ခြင်နားလည်ပြီး အဆ ၁၀၀ နားလည်နိုင်စွမ်းကို လှုံ့ဆော်လိုက်ပါတယ်.. သင့်ရဲ့ ဓားတစ်ချက်တည်းနဲ့ လောကကို အပိုင်းပိုင်းပြတ်စေမယ် ဓားသိုင်းအပေါ် နားလည်မှုက တစ်သောင်းပုံတစ်ပုံ တိုးတက်လာခဲ့ပါပြီ”
“ဒင်.. သင်က ဧကရာဇ်အဆင့် အင်မော်တယ်ဓားသိုင်း ဖြစ်တဲ့ ဓားတစ်ချက်တည်းနဲ့ လောကကို အပိုင်းပိုင်းပြတ်စေမယ် ဓားသိုင်းကို ဆင်ခြင်နားလည်ပြီး အဆ ၁၀၀ နားလည်နိုင်စွမ်းကို လှုံ့ဆော်လိုက်ပါတယ်.. သင့်ရဲ့ ဓားတစ်ချက်တည်းနဲ့ လောကကို အပိုင်းပိုင်းပြတ်စေမယ် ဓားသိုင်းအပေါ် နားလည်မှုက တစ်သောင်းပုံတစ်ပုံ တိုးတက်လာခဲ့ပါပြီ”
“ဒင်..သင်က ဧကရာဇ်အဆင့် အင်မော်တယ်ဓားသိုင်း ဖြစ်တဲ့ ဓားတစ်ချက်တည်းနဲ့ လောကကို အပိုင်းပိုင်းပြတ်စေမယ် ဓားသိုင်းကို ဆင်ခြင်နားလည်ပြီး အဆ ၁၀၀ နားလည်နိုင်စွမ်းကို လှုံ့ဆော်လိုက်ပါတယ်.. သင့်ရဲ့ ဓားတစ်ချက်တည်းနဲ့ လောကကို အပိုင်းပိုင်းပြတ်စေမယ် ဓားသိုင်းအပေါ် နားလည်မှုက တစ်သောင်းပုံတစ်ပုံ တိုးတက်လာခဲ့ပါပြီ”
“...........”
“ဒင်.. သင်က ဧကရာဇ်အဆင့် အင်မော်တယ်ဓားသိုင်းကို အောင်မြင်စွာ တတ်မြောက်သွားခဲ့ပါပြီ”
ကျန်းချန်က အချိန်မျှော်စင်၏ တတိယထပ်တွင် တစ်နှစ်ခန့် နေထိုင်ခဲ့သည်။
(တတိယထပ်မှာ အချိန်စီးဆင်းမှုနှုန်း မရှိပါ)
တစ်နှစ်ကျော်ကြာအောင် စဥ်ဆက်မပြတ် နားလည်သဘောပေါက်ရန် ကြိုးပမ်းခဲ့ပြီးနောက်တွင် ကျန်းချန်သည် အဆုံးသတ်၌ ဧကရာဇ်အဆင့် အင်မော်တယ်ဓားသိုင်းကို လုံးဝ နားလည်သဘောပေါက်သွားခဲ့၏။
“တစ်နှစ်ကျော်တောင် ရှိသွားပြီပဲ.. ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်ကလည်း ယွင်ရှောင်ဂိုဏ်းဆီကို အခုအထိ လူမလွှတ်သေးဘူး.. အပြင်လောကမှ ဘာတွေဖြစ်ပျက်နေပြီလဲ မသိဘူး”
ကျန်းချန်က သူ့ဘာသာသူ တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်ပြီးနောက်တွင် ချက်ချင်းဆိုသလိုပင် အလင်းတန်း တစ်ခု အသွင် ပြောင်းလဲကာ အချိန်မျှော်စင်ထဲကနေ ထွက်ခွာလာခဲ့သည်။
လွန်ခဲ့သော တစ်နှစ်ကျော်က ဖြစ်ပွားခဲ့သည့် စစ်ပွဲနောက်ပိုင်းတွင် ယွင်ရှောင်ဂိုဏ်းသည် အနက်ရောင်မြစ်တောင်ကြား၏ အင်အားစုများကို တဖြည်းဖြည်း သိမ်းပိုက်ရယူခဲ့ရာ လွန်ခဲ့သော တစ်နှစ်ကထက် နှစ်ဆထက်မက အင်အားပိုမို တိုးတက်လာခဲ့သည်။
တစ်နှစ်ကျော်ရုံမျှ အချိန်အတွင်းမှာပင် ယွင်ရှောင်ဂိုဏ်းတွင် တလော့အင်မော်တယ် နှစ်ပါး ထပ်မံ ပေါ်ထွက်လာခဲ့ရုံသာမက ခြေလှမ်းတစ်ဝက် ထိုက်ယီအင်မော်တယ်အဆင့်သို့ ရောက်ရှိနေသည့် အရှင်ယွင်ကန်းပင်လျှင် ထိုက်ယီအင်မော်တယ် အဆင့်ကို အောင်မြင်စွာ ထိုးဖောက်နိုင်ခဲ့ပြီး ယွင်ရှောင်ဂိုဏ်း၏ ဒုတိယမြောက် ထိုက်ယီအင်မော်တယ် ဖြစ်လာခဲ့သည်။
ဆိုရလျှင် ယနေ့ခေတ် ယွင်ရှောင်ဂိုဏ်းသည် ထာဝရရှင်သန်ခြင်း အင်မော်တယ်နယ်မြေ၏ အနောက်မြောက်ဘက်အရပ် မိုင်ပေါင်းသန်းရာချီ နယ်မြေ အတွင်း၌ အင်အားအကြီးဆုံး အင်အားစု တစ်စု ဖြစ်လာခဲ့ချေပြီ။
“မိတ်ဆွေလေးကျန်းချန်.. မင်းကျင့်ကြံရာကနေ ထွက်လာပြီလား”
အရှင်ယွင်ကန်းက သူ့ရှေ့တွင် ရုတ်တရက် ပေါ်လာသည့် ကျန်းချန်ကို မြင်လျှင် ပြုံးရွှင်စွာနှုတ်ဆက်လိုက်သည်။
ကျန်းချန်က ခေါင်းညိတ်လိုက်ပြီး လိုရင်းကို တိုက်ရိုက်ပင် မေးမြန်းလိုက်သည်။
“ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်ဘက်က အခုအထိ ဘာလှုပ်ရှားမှုမှ မရှိသေးဘူးလား”
“မရှိသေးဘူး.. မိတ်ဆွေလေးကျန်းချန်က ရှချင်းလဲ့ အပါအဝင် ထိုက်ယီအဆင့် အင်မော်တယ်သုံးပါးကို သတ်ဖြတ်လိုက်ကတည်းက ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်က အတော်လေး ထိတ်လန့်ချောက်ချားသွားပုံပဲ”
အရှင်ယွင်ကန်းက ခေါင်းခါရမ်းကာ ပြုံး၍ ပြောလိုက်သည်။
“အခုအချိန်အထိတော့ ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်က ယွင်ရှောင်ဂိုဏ်းကို တိုက်ခိုက်မဲ့ အရိပ်အယောင် လုံးဝ မပြသသေးဘူး”
ရှချင်းလဲ့ အပါအဝင် ထိုက်ယီအဆင့် အင်မော်တယ်သုံးပါးစလုံးသည် ယွင်ရှောင်ဂိုဏ်းတွင် ကျဆုံးသွားခဲ့ကြသည်။
သို့ဖြစ်ရာ ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်အနေဖြင့် ယွင်ရှောင်ဂိုဏ်းတွင် ထိုက်ယီအဆင့်ထက် ကျော်လွန်သည့် အစွမ်းထက် ပုဂ္ဂိုလ်တစ်ဦး ရှိနေမည်ဟု ခန့်မှန်းမိရန် မခက်ခဲပေ။
အကယ်၍ ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်ကသာ ယွင်ရှောင်ဂိုဏ်းကို တိုက်ခိုက်လိုခဲ့လျှင် သူတို့အနေဖြင့် ဟန်ယွင်အဆင့် အင်မော်တယ် တစ်ပါးကို သေချာပေါက် စေလွှတ်ရပေလိမ့်မည်။
သို့သော်လည်း ယခုအခါတွင် ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်နှင့် ပြန်လည်မွေးဖွားခြင်း အင်မော်တယ်နန်းတော် တို့သည် ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်ကို တိုက်ခိုက်ရန်အတွက် ပူးပေါင်းနေကြချိန် ဖြစ်ရာ သူတို့အနေဖြင့် ယွင်ရှောင်ဂိုဏ်းကို ကိုင်တွယ်ရန် ဟန်ယွင်အဆင့် အင်မော်တယ်တစ်ပါးကို မည်ကဲ့သို့ စေလွှတ်နိုင်ပါမည်နည်း။
ထိုစကားကိုကြားလျှင် ကျန်းချန်က အနည်းငယ် မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
“ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်ရဲ့ အခြေအနေကရော အခုဘယ်လိုရှိလဲ”
မူလက သူ၏ အစီအစဥ်မှာ ရှချင်းလဲ့ကို သတ်ဖြတ်ခြင်းဖြင့် ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်၏ အာရုံစိုက်မှုကို ဆွဲဆောင်ရန်ဖြစ်ပြီး ထိုမှတစ်ဆင့် ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်မှ စေလွှတ်လိုက်သော ကျင့်ကြံသူများကို ရှင်းပစ်ကာ လုရှောင်ချင်းနှင့် ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော် အပေါ်တွင် ကျရောက်နေသည့် ဖိအားများကို ခွဲဝေယူရန် ဖြစ်သည်။
သို့သော်လည်း သူမျှော်လင့်ထားသကဲ့သို့ ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်သည် ယွင်ရှောင်ဂိုဏ်းကို ထပ်မံ တိုက်ခိုက်ရန် အစီအစဥ်မရှိခဲ့ပေ။
အရှင်ယွင်ကန်းက လေးနက်သော လေသံဖြင့် ပြောလိုက်သည်။
“ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်ရဲ့ ဆက်ခံသူက ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော် ဆီကို ပြန်ရောက်ပြီးတဲ့နောက်မှာ ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင် ချန်ထားရစ်ခဲ့တဲ့ ဝှက်ဖဲတွေကို အသုံးပြုပြီး ပြန်လည်မွေးဖွားခြင်း အင်မော်တယ်နန်းတော်နဲ့ ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော် တို့ကို ခုခံနိုင်ခဲ့တယ်.. ဒါပေမဲ့ သိပ်မကြာခင်ကပဲ ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်ရဲ့ ဆက်ခံသူက အကောက်ကြံခံလိုက်ရပြီး ဒဏ်ရာအပြင်းအထန် ရသွားခဲ့တယ်.. ဒါကြောင့် လက်ရှိမှာ ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်က အခြေအနေ သိပ်မကောင်းတော့ဘူး”
လုရှောင်ချင်း အကောက်ကြံ ခံလိုက်ရသည်ကို ကြားလိုက်ရလျှင် ကျန်းချန်၏ မျက်နှာအမူအရာက ရုတ်တရက် သုန်မှုန်သွားခဲ့သည်။
ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်သည် ယွင်ရှောင်ဂိုဏ်းကို ချေမှုန်းရန် လူမလွှတ်ခဲ့ခြင်းမှာ ၎င်းတို့အနေဖြင့် ပြန်လည်မွေးဖွားခြင်း အင်မော်တယ်နန်းတော်နှင့်ပူးပေါင်းကာ ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်ကို အပြတ်အသတ် အနိုင်ယူရန် ဆုံးဖြတ်ထားမှန်း ထင်ရှား၏။
ကျန်းချန်၏ မျက်ဝန်းထဲတွင် အလင်းတန်းများ ဖျတ်ခနဲ လက်သွားခဲ့သည်။
သူက ချက်ချင်းပင် အရှင်ယွင်ကန်းကို ကြည့်ကာ ပြောလိုက်သည်။
“အရှင်ယွင်ကန်း.. ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော် ကျဆုံးလို့မဖြစ်ဘူး.. တကယ်လို့ ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်သာ ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်နဲ့ ပြန်လည်မွေးဖွားခြင်း အင်မော်တယ်နန်းတော်တို့ရဲ့ ဖျက်ဆီးခြင်းကို ခံလိုက်ရမယ်ဆိုရင် ယွင်ရှောင်ဂိုဏ်း အတွက် ဘယ်လို နောက်ဆက်တွဲ အကျိုးဆက်တွေ ရှိလာမလဲဆိုတာ ခင်ဗျားလည်း သိမယ်ထင်တယ်”
ထိုစကားကိုကြားလျှင် အရှင်ယွင်ကန်းက အသက်ကို ခပ်ပြင်းပြင်း တစ်ချက် ရှူရှိုက်ကာ မေးလိုက်သည်။
“မိတ်ဆွေလေးကျန်းချန်.. မင်း ဘယ်လိုလုပ်ဖို့ ရည်ရွယ်ထားလဲ”
ကျန်းချန်က ပြတ်သားသော အမူအရာဖြင့် ပြောလိုက်သည်။
“ဝေ နိုင်ငံကို ပိတ်ဆို့ပြီး ကျောက်နိုင်ငံကို ကယ်တင်မဲ့ ဗျူဟာကို အသုံးပြုရလိမ့်မယ်.. ငါတို့အနေနဲ့ ထာဝရစိမ်းလန်းသောအင်မော်တယ်နန်းတော်ကို ဦးအောင် တိုက်ခိုက်ဖို့ပဲ ရှိတော့တယ်”
“ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်ကို တိုက်ခိုက်မလို့လား”
ကျန်းချန်၏ စကားကိုကြားလျှင် အရှင်ယွင်ကန်းသည် အသက်ရှူရန်ပင် မေ့လျော့သွားခဲ့ပြီး အံ့ဩ တုန်လှုပ်သွားခဲ့သည်။
ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော် ဆိုသည်မှာ အင်မော်တယ်ဘုရင်အဆင့် အင်အားစုဖြစ်သော ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်ကနေ ခွဲထွက်လာခဲ့သည့် ဟန်ယွင်အဆင့် အင်အားစု ဖြစ်သည်။
ဤကာလအတွင်း ယွင်ရှောင်ဂိုဏ်း၏ အင်အားက များစွာတိုးတက်လာသည်မှာ မှန်သော်လည်း ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော် ကဲ့သို့ အစွမ်းထက် ဟန်ယွင်အဆင့်အင်အားစုနှင့် နှိုင်းယှဥ်လျှင် မိုးနှင့်မြေပမာ ကွာခြားလွန်းနေသေးသည်။
ရှင်းလင်းစွာဆိုရလျှင် ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်ကို သူတို့ဘက်ကနေ စတင် တိုက်ခိုက်ရန် ဆိုသည်မှာ သံသယဖြစ်ဖွယ်ရာမရှိ အလွန်ပင် ရူးသွပ်လွန်းသော ဆုံးဖြတ်ချက်တစ်ခုပင် မဟုတ်ပါလား။
အခန်း(၂၉၃၉)ပြီး၏။
အခန်း(၂၉၄၀)
ကျန်းချန်၏ မျက်ဝန်းထဲတွင် အလင်းတန်းများ လင်းလက်သွားခဲ့သည်။
“ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်က အခုအချိန်မှာ အင်အားအလုံးအရင်းကို သုံးပြီး ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်ကို တိုက်ခိုက်နေတယ်.. ဒါကြောင့် သူတို့ရဲ့ဌာနချုပ်မှာ အတော်လေး အားနည်းနေလိမ့်မယ်.. ဒီအချိန် ငါတို့အနေနဲ့ ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်ကို ဝင်ရောက် တိုက်ခိုက်မယ်ဆိုရင် သူတို့ကို အလစ်အငိုက်ဖမ်းနိုင်ပြီး တစ်ချက်တည်းနဲ့ အပြတ်အသတ် ချေမှုန်းပစ်နိုင်မှာ သေချာတယ်”
အရှင်ယွင်ကန်းက အမြဲတစေ ပြတ်သားစွာ လုပ်ဆောင်တတ်သူဖြစ်ရာ ယခုတစ်ခါတွင်လည်း တုံ့ဆိုင်းမနေဘဲ တိုက်ရိုက်ပင် ပြောလိုက်သည်။
“ကောင်းပြီလေ.. မိတ်ဆွေလေးကျန်းချန်က ဆုံးဖြတ်ပြီးပြီ ဆိုမှတော့ ငါဘိုးဘေးချင်းယွင်ကို အကြောင်းကြားလိုက်တော့မယ်”
“ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော် ဆီကို တိုက်ရိုက် ချီတက်ကြတာပေါ့”
ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်က အစွမ်းထက်သည်မှာ မှန်သော်လည်း ကျန်းချန် ပြောသကဲ့သို့ပင် ယခုအခါတွင် ၎င်းတို့၏ အင်အားအများစုကို ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်ကို တိုက်ခိုက်ရန် စေလွှတ်ထားသဖြင့် အတော်လေး အားနည်းနေမည်မှာ သေချာ၏။
သူတို့ ယွင်ရှောင်ဂိုဏ်းတွင် သူနှင့်ဘိုးဘေးချင်းယွင် ကဲ့သို့ ထိုက်ယီအဆင့် အင်မော်တယ်နှစ်ပါး ရှိနေသည့် အပြင် ကျန်းချန်နှင့် အင်မော်တယ်ဘုရင် ရုပ်အလောင်းကိုပါ ပေါင်းလိုက်လျှင် ထိုက်ယီအဆင့် အင်မော်တယ်လေးပါးနှင့် ညီမျှနေပြီဖြစ်သည်။
ထို့အပြင် ကျန်းချန်၏ နောက်ကွယ်တွင် လျှို့ဝှက်ဆန်းကြယ်သည့် ဟန်ယွင်အဆင့် အင်မော်တယ်တစ်ပါးလည်း ရှိနေသေးသည် မဟုတ်ပါလော။
ဤကဲ့သို့ လူအင်အားဖြင့်ဆိုလျှင် ထာဝရစိမ်းလန်းသော အင်မော်တယ် နန်းတော်တွင် ကြီးကြပ်ကွပ်ကဲမည့် ဟန်ယွင်အဆင့်အင်မော်တယ် တစ်ပါး ရှိမနေသရွေ့ သူတို့အနေဖြင့် အလွယ်တကူ ချေမှုန်းနိုင်လိမ့်မည် ဖြစ်သည်။
အကယ်၍ ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်တွင် ဟန်ယွင်အဆင့် အင်မော်တယ်တစ်ပါး ကြီးကြပ်နေခဲ့လျှင်ပင် သူတို့အနေဖြင့် ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်ကနေ ပြန်လည် ဆုတ်ခွာရန်မှာ ပြဿနာ ကြီးကြီးမားမား ရှိလိမ့်မည် မဟုတ်ပေ။
အရှင်ယွင်ကန်းက ယွင်ရှောင်ဂိုဏ်း အတွက် စီစဥ်စရာ ရှိသည်များကို လျင်မြန်စွာ စီစဥ်လိုက်ပြီးနောက်တွင် ဘိုးဘေးချင်းယွင်ကို တိုက်ရိုက်ပင် ဆက်သွယ်လိုက်ကာ ကျန်းချန်နှင့် အတူ ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော် ဆီသို့ သွားရောက်ရန် အဆင်သင့် ပြင်ဆင်လိုက်သည်။
“မိတ်ဆွေလေးကျန်းချန်.. ဟန်ယွင်အဆင့် စီနီယာရော ဘယ်မှာလဲ”
အရှင်ဇူရီ ပေါ်မလာသည်ကိုမြင်လျှင် ဘိုးဘေးချင်းယွင်က အလျင်အမြန် မေးလိုက်သည်။
ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော် ဆိုသည်မှာ အင်မော်တယ်ဘုရင်အဆင့် အင်အားစု ဖြစ်သော ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်ကနေ ခွဲထွက်လာခဲ့သည့် ဟန်ယွင်အဆင့် အင်အားစု ဖြစ်ပြီး ၎င်း၏ အင်အားသည် ထာဝရရှင်သန်ခြင်း အင်မော်တယ်နယ်မြေထဲတွင် အသန်မာဆုံးများထဲမှ တစ်စု ဖြစ်သည်။
ယခုအခါတွင် ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်သည် ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်ကို တိုက်ခိုက်ရန်အတွက် ၎င်းတို့၏ အဓိက အင်အားစုများကို စေလွှတ်ထားသည်မှာ မှန်သော်လည်း လျှော့တွက်၍ မရပေ။
အကယ်၍ သူတို့ဘက်တွင် ဟန်ယွင်အဆင့်အင်မော်တယ်တစ်ပါးရှိမနေလျှင် သူတို့အနေဖြင့် ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်ကို အောင်မြင်စွာ ချေမှုန်းနိုင်ရန်မှာ လုံးဝ မဖြစ်နိုင်သလောက်ပင်။
ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။
“ဒီအတွက် မစိုးရိမ်ပါနဲ့.. သူက အရေးကြီးတဲ့ အချိန်ကျရင် ပေါ်ထွက်လာပါလိမ့်မယ်”
ထိုစကားကိုကြားလျှင် ဘိုးဘေးချင်းယွင်သည် ဘာစကားမျှ ထပ်မပြောတော့ပေ။
ဟန်ယွင်အဆင့် စီနီယာက အရေးကြီးသည့် အချိန်တွင် ပါဝင်တိုက်ခိုက်ပေးမည် ဆိုလျှင် လုံလောက်နေပြီ မဟုတ်ပါလော။
သူတို့ သုံးဦးအဖွဲ့က အချိန်ဖြုန်းမနေတော့ဘဲ ကောင်းကင်ယံသို့ တိုက်ရိုက်ပင် ခုန်တက်လိုက်ကြပြီး ထာဝရစိမ်းလန်းသော အင်မော်တယ် နန်းတော်ရှိရာ အရပ် ဆီသို့ ဦးတည်ကာ ထွက်ခွာလာခဲ့ကြသည်။
ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်သည် ထာဝရရှင်သန်ခြင်း အင်မော်တယ်နယ်မြေ၏ ဗဟိုချက်ရှိ အပြာရောင်သစ်သား အင်မော်တယ်တောင်တန်းတွင် တည်ရှိသည်။
အပြာရောင်သစ်သား အင်မော်တယ်တောင်တန်းသည် ထာဝရရှင်သန်ခြင်း အင်မော်တယ်နယ်မြေတွင် ရှေးအကျဆုံးတောင်တန်းများထဲမှ တစ်ခုလည်း ဖြစ်၏။
ဟန်ယွင်အဆင့် အင်မော်တယ်တစ်ပါးသည် ထာဝရရှင်သန်ခြင်းအင်မော်တယ်နန်းတော်မှ ခွဲထွက်လာပြီးနောက်တွင် ဤနေရာကို သိမ်းပိုက်ခဲ့ပြီး ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်ကို တည်ထောင်ခဲ့သည်။
အပြာရောင်သစ်သား အင်မော်တယ်တောင်တန်းသည် အသက်စွမ်းအား အလွန်ပင် ကြွယ်ဝသည်။
အပြာရောင်သစ်သား အင်မော်တယ်တောင်တန်း တစ်ခုလုံးတွင် မြင့်မားသော ရှေးဟောင်းသစ်ပင်ကြီးများက သိပ်သည်းစွာ ပေါက်ရောက်နေခဲ့သည်။
ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်သည် အပြာရောင်သစ်သား အင်မော်တယ်တောင်တန်းတွင် တည်ရှိသော်လည်း ၎င်းကို အပြာရောင်သစ်သား အင်မော်တယ်တောင်တန်းပေါ်တွင် တည်ဆောက်ထားခြင်း မဟုတ်ဘဲ အပြာရောင်သစ်သား အင်မော်တယ်တောင်တန်း၏ အထက်ကောင်းကင်ယံရှိ သီးခြားကမ္ဘာငယ်လေး တစ်ခုတွင် တည်ဆောက်ထားခြင်း ဖြစ်သည်။
ဟန်ယွင်အဆင့် အင်မော်တယ်သည် ဟန်ယွင်အဆင့် ဥပဒေသများကို ကျွမ်းကျင်ဖြင့် ကိုယ်ပိုင်ကမ္ဘာငယ် တစ်ခုကို ဖန်တီးနိုင်စွမ်း ရှိသည်။
ထို့ကြောင့် ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်သည် ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်မှ ခွဲထွက်လာသည့် ဟန်ယွင်အဆင့် အင်မော်တယ် ဖန်တီးထားသော သီးခြားကမ္ဘာငယ်လေးတွင် သဘာဝကျစွာ တည်ရှိနေခြင်းပင်။
ဤအချိန်တွင် ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်တည်ရှိရာ သီးခြားကမ္ဘာငယ်လေး အတွင်းရှိ ရှေးဟောင်းရင်ပြင်တစ်ခု၌ ကောင်းကင်ယံကို ထောက်ကန်ထားသည်ဟု ထင်မှတ်ရလောက်အောင် မြင့်မားလှသည့် ကျောက်တိုင်ကြီးသည် ရုတ်တရက် အဆက်မပြတ် တုန်ခါလာခဲ့ပြီး ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော် တစ်ခုလုံးကိုပင် ငလျင်လှုပ်ခတ်သွားသကဲ့သို့ တုန်ခါသွားစေခဲ့သည်။
ချက်ချင်းဆိုသလိုပင် ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော် အတွင်းမှ လုချင်းလီ ဦးဆောင်သည့် ထိုက်ယီအဆင့် အင်မော်တယ် သုံးပါးစလုံးသည် ထိုကျောက်တိုင်ကြီး၏ ရှေ့မှောက်၌ ပေါ်ထွက်လာခဲ့သည်။
“ငါတို့ ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်က ကြီးမားတဲ့ ကပ်ဘေးတစ်ခုနဲ့ ရင်ဆိုင်ရတော့မယ်လို့ ကောင်းကင်လျှို့ဝှက်ကျောက်တိုင်က သတိပေးချက် ထုတ်ပြန်နေတယ်.. ဒါက ဘယ်လိုကပ်ဘေးမျိုး ဖြစ်နိုင်လဲ.. ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်နဲ့ တိုက်ပွဲမှာ တစ်စုံတစ်ရာ အပြောင်းအလဲဖြစ်သွားပြီး ငါတို့ဘက်က ရှုံးနိမ့်သွားတာများလား”
လုချင်းလီ၏ နံဘေးတွင်ရှိသော ထိုက်ယီအဆင့် အင်မော်တယ် နှစ်ပါးသည်လည်း အံ့ဩတုန်လှုပ်နေခဲ့ကြပြီး မျက်နှာထက်တွင် အံ့ဩထိတ်လန့်သော အမူအရာများ ဖုံးဖိမရစွာ ဖြစ်ပေါ်နေခဲ့သည်။
လုချင်းလီ၏ မျက်နှာအမူအရာက အလွန်ပင် လေးနက်နေခဲ့၏။
သူ့ရှေ့တွင် ရှိနေသည့် ကျောက်တိုင်ကြီးသည် ကောင်းကင်လျှို့ဝှက်ကျောက်တိုင်ဟု ခေါ်ဆိုသည့် အင်မော်တယ် ရတနာတစ်ပါး ဖြစ်ပြီး ကောင်းကျိုး ဆိုးပြစ်ကို ကြိုတင်ခန့်မှန်းနိုင်သည့် ဆန်းကြယ်သော စွမ်းအား ရှိသည်။
ယခုအခါတွင် ကောင်းကင်လျှို့ဝှက်ကျောက်တိုင်က သတိပေးချက် ထုတ်ပြန်နေပြီ ဖြစ်ရာ ယင်းသည် သူတို့ ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်ကို ကြီးမားသော ကပ်ဘေးတစ်ခု မကြာမီ ကျရောက်လာတော့မည်ဟု အဓိပ္ပာယ်ရနေခဲ့သည်။
တစ်ချိန်တည်းမှာပင် အပြာရောင်သစ်သား အင်မော်တယ်တောင်တန်း၏ အပြင်ဘက် ဟင်းလင်းပြင်တွင် လူရိပ်သုံးခု ရုတ်တရက် ပေါ်ထွက်လာခဲ့ကြသည်။
၎င်းတို့မှာ ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော် ဆီသို့ ခရီးနှင်လာခဲ့ကြသည့် ကျန်းချန်တို့ သုံးဦးပင် ဖြစ်သည်။
ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်သည် ထာဝရရှင်သန်ခြင်း အင်မော်တယ်နယ်မြေ၏ အစွန်အဖျားတွင်ရှိသော ယွင်ရှောင်ဂိုဏ်းနှင့် မိုင်ပေါင်းသန်းရာချီ ဝေးကွာသော်လည်း ကျန်းချန်တို့၏ စွမ်းအားဖြင့် ဆိုလျှင် ထိုအကွာအဝေးလောက်သည် ဘာမှမဟုတ်ပေ။
သူတို့က အရှိန်အဟုန်အပြည့်ဖြင့် ခရီးနှင်ခဲ့ကြရာ တစ်ရက်မပြည့်မီ အချိန်အတွင်းမှာပင် အပြာရောင်သစ်သား အင်မော်တယ်တောင်တန်း၏ အပြင်ဘက်သို့ ရောက်ရှိလာခဲ့ကြသည်။
“ဒီနေရာက ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော် တည်ရှိတဲ့နေရာလား”
သူ့ရှေ့တွင် ရှိနေသည့် နှစ်ပေါင်းများစွာ လူအရောက်အပေါက်ရှိပုံ မရသည့် အင်မော်တယ် တောင်တန်းကို ကြည့်ကာ ကျန်းချန်၏ မျက်ဝန်းထဲတွင် အံ့အားသင့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
ဘိုးဘေးချင်းယွင်က ကျန်းချန်ကို ရှင်းပြလိုက်သည်။
“ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်က အခြားဟန်ယွင်အဆင့် အင်အားစုတွေလိုပဲ သူတို့ရဲ့ဌာနချုပ်ကို သီးခြားကမ္ဘာငယ်လေး တစ်ခုတည်းမှာ ဝှက်ထားဖို့များတယ်.. ဟန်ယွင်အဆင့် ကျင့်ကြံသူက လွဲလို့ ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်မှာ ဟန်ယွင်အဆင့် ကျင့်ကြံသူ ရှိမနေရင်တောင် ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်ကို ဘယ်သူမှ လွယ်လွယ်နဲ့ ဒုက္ခပေးနိုင်မှာ မဟုတ်ဘူး”
ကျန်းချန်က ခေါင်းညိတ်လိုက်သည်။
ဘိုးဘေးချင်းယွင်က ခရီးမထွက်မီတွင် အရှင်ဇူရီနှင့်ပတ်သက်၍ မေးမြန်းခဲ့သည်မှာ မဆန်းတော့ပေ။
အကယ်၍ အရှင်ဇူရီသာ ပါဝင်ခြင်းမရှိလျှင် သူတို့အနေဖြင့် ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်ကို လုံးဝတိုက်ခိုက်နိုင်မည် မဟုတ်ချေ။
ကျန်းချန်က အပိုစကားများ ပြောမနေတော့ဘဲ ချက်ချင်းဆိုသလိုပင် အော်ပြောလိုက်သည်။
သူ၏ စကားသံက တစ်ခဏအတွင်း ကမ္ဘာမြေ တစ်ခုလုံးသို့ ပျံ့လွင့်သွားခဲ့သည်။
“ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်က လူတွေ နားထောင်စမ်း.. ငါကျန်းချန်က မင်းတို့ ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်ကို ဖျက်ဆီးဖို့ ယွင်ရှောင်ဂိုဏ်းနဲ့ အတူ ရောက်လာခဲ့ပြီ.. မင်းတို့တွေ အပြင်ထွက်ပြီး အသေလာခံကြစမ်း”
ကျန်းချန်က အရှင်ဇူရီကို ပါဝင်တိုက်ခိုက်ရန် မဆင့်ခေါ်သေးပေ။
ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်သည် ဟန်ယွင်အဆင့်ဥပဒေသဖြင့် ဖန်တီးထားသော သီးခြား ကမ္ဘာငယ်လေးတစ်ခုတွင် ရှိနေသဖြင့် ကျန်းချန်သည် ထိုကမ္ဘာငယ်လေးထဲသို့ အလွယ်တကူ ဝင်ရောက်သွားရန် ဆန္ဒမရှိပေ။
ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်မှ လူများကို အပြင်သို့ မျှားခေါ်ပြီး အပြင်လောကတွင် ရင်ဆိုင်သည်က အကောင်းဆုံးပင် မဟုတ်ပါလော။
ကျန်းချန်၏ ကြုံးဝါးသံက အပြာရောင်သစ်သား အင်မော်တယ်တောင်တန်း၏ အထက် ကောင်းကင်ယံတွင် ပဲ့တင်ထပ်သွားခဲ့ပြီး ဟင်းလင်းပြင်ကို ဖြတ်သန်းကာ ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော် တည်ရှိရာ ကမ္ဘာငယ်လေးအတွင်းသို့ တိုက်ရိုက်ပင် ရိုက်ခတ်သွားခဲ့ပြီး ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော် တစ်ခုလုံး၏ ပတ်ဝန်းကျင်လေထုသည် တစ်ခဏအတွင်း အေးခဲသွားခဲ့သည်။
ချက်ချင်းဆိုသလိုပင် ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်အတွင်းမှ တပည့်အားလုံးသည် လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့ကြပြီး မယုံကြည်နိုင်လောက်အောင် ဖြစ်သွားခဲ့ကြကာ ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော် အပြင်ဘက်ရှိ အပြာရောင်သစ်သား အင်မော်တယ်တောင်တန်း ဆီသို့ လှမ်းမျှော်ကြည့်လိုက်ကြသည်။
သူတို့ ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်သည် ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်ကနေ ခွဲထွက်လာခဲ့ခြင်း ဖြစ်သည်။
ထာဝရစိမ်းလန်းသော အင်မော်တယ် နန်းတော်ကို တည်ထောင်ခဲ့သည့် အချိန်မှစ၍ ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်သည် ထာဝရရှင်သန်ခြင်း အင်မော်တယ်နယ်မြေ၏ အင်အား အကောင်းဆုံး ဟန်ယွင်အဆင့် အင်အားစုများထဲမှ တစ်စု ဖြစ်ခဲ့သည်။
ထာဝရရှင်သန်ခြင်း အင်မော်တယ်နယ်မြေ တစ်ခုလုံးတွင် သူတို့ ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်ကို လျှော့တွက်ရဲသည့် မည်သည့် အင်အားစုမျှ မရှိခဲ့ပေ။
လွန်ခဲ့သော နှစ်ပေါင်းများစွာ အတွင်း သူတို့ ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်၏ နယ်မြေအတွင်းသို့ လာရောက်ရမ်းကားရဲသူ လုံးဝ မရှိခဲ့ဖူးပေ။
သို့သော် ယနေ့တွင်မူ တစ်စုံတစ်ယောက်သည် အပြာရောင်သစ်သား အင်မော်တယ်တောင်တန်း၏ အပြင်ဘက်ကို ရောက်ရှိလာခဲ့ပြီး ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်ကို ဖျက်ဆီးပစ်မည်ဟုပင် ကြွေးကြော်နေခဲ့သည်။
ယင်းမှာ အမှန်တကယ်ပင် မယုံကြည်နိုင်စရာ ကောင်းလွန်းနေခဲ့သည်။
ယခုအခါတွင် သူတို့ ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်သည် အင်အားအများစုသည် ထာဝရရှင်သန်ခြင်းအင်မော်တယ်နန်းတော်ကို တိုက်ခိုက်ရန် စေလွှတ်ထား၍ ဌာနချုပ်တွင် ကျန်ရှိနေသည့် ခွန်အားသည် အားနည်းနေခဲ့သည်။
သို့သော်လည်း ထိုသို့ဖြစ်နေသည့်တိုင် ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်သည် မည်သူမဆို လာရောက်ရမ်းကားနိုင်သည့် နေရာမျိုးတော့ မဟုတ်ပေ။
“ယွင်ရှောင်ဂိုဏ်းကိုး.. သူတို့ ဖြစ်နေလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး”
အပြာရောင်သစ်သား အင်မော်တယ်တောင်တန်းကနေ ပျံ့လွင့်လာသည့် ကျန်းချန်၏စကားသံကို ကြားလိုက်ရလျှင် လုချင်းလီ၏ မျက်ဝန်းထဲ၌ ရက်စက်လိုသော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
အခန်း(၂၉၄၀)ပြီး၏။